အစားရှောင်မယ်တော်နှင့် ပြန်လည်ဆုံတွေ့ခြင်း
Vol. 19 Ch. 218
"မဖြစ်နိုင်တာ "
ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းသည် သူမ၏စကားကြောင့် အနည်းငယ် ကြောင်အမ်းသွား၏။
"နတ်ဘုရားနယ်ပယ်ဖွင့်ဆေးလုံးတွေရှိရုံနဲ့ ငါတို့က မိစ္ဆာနတ်ဘုရားတွေကို အနိုင်ယူနိုင်တော့မယ်လို့ နင်တကယ်ကြီး ထင်နေတာလား။ နင်က ငါတို့ကို အထင်ကြီးလွန်းနေပြီ"
ဆည်းဆာနတ်ဘုရားက ဟာသတစ်ခုလို ရယ်မောရင်း သူ့ကိုယ်သူလှောင်လိုက်သည်။
မီးကြာပန်းအရှင်မက ဟွမ်ဟွန်းကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့၏။
"ဒါက ရှင်တို့ကြောင့်လို့ ဘယ်သူကပြောနေလို့လဲ"
ဤနေရာတွင်ရှိနေသော ရှေးဟောင်းနတ်ဘုရား အပါးနှစ်ဆယ်ကျော်လုံးက မဟာအုပ်စိုးရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် ဖန်ထုန်လောက၏ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပါ ။
"ဒါဆို နင်က ဘာကိုအားကိုးပြီးပြောနေတာလဲ ၊ ကောင်းကင်ပေါ်က နေနတ်မင်းလား ၊သူက သူ့အရေးနဲ့သူပဲ ၊ ငါတို့လောကလေးက်ု ဘာလို့ကူညီမှာလဲ "
ဆည်းဆာနတ်ဘုရားက မီးကြာပန်းအရှင်မကို နားမလည်သလိုကြည့်လိုက်သော်လည်း သူမကတော့ သူ့အားပြန်မပြောတော့ပါ ။
ထိုအချိန်မှာပင် ကျိယွမ်၏အသံက လူအုပ်ကိုဖုံးလွှမ်းသွား၏။
"ဒီတစ်ခါတော့ ငါ မင်းတို့အားလုံးကို နေရာတစ်ခုဆီ ခေါ်သွားမယ်။ ဟိုရောက်တဲ့အခါ အလျင်စလို မလုပ်ကြနဲ့။ ငါ့ညွှန်ကြားချက်အတိုင်းပဲ လုပ်ပါ"
ကျိယွမ်က စုဝေးနေသော ရှေးဟောင်းနတ်ဘုရားများနှင့် ရွာသားများကို မိန့်ကြားလိုက်သည်။
မိစ္ဆာနတ်ဘုရားစခန်းလေးခုနှင့် နေဝင်ချိန်တောင်စောင်းမှ မိစ္ဆာနတ်ဘုရားများကို နှိမ်နင်းပြီးနောက် သူသည် မိစ္ဆာနတ်ဘုရား စွမ်းအင် အမြောက်အမြားကို ရရှိထားလေပြီ။
အဘိုးကြီးရှန်လဲ့က သူတော်စင်စီမံကိန်းအတွက် နေရာအချို့ ချန်ထားရန် အကြံပြုထားသဖြင့် ကျိယွမ်သည် ယခုခေတ်တွင်ပုံရိပ်မဖော်တော့ဘဲ ပျောက်ဆုံးနေသော အလင်းချောင်းကို အသုံးပြုကာ အတိတ်ကာလသို့ ပြန်သွားပြီး ပုံရိပ်ဖော်ရန် ဆုံးဖြတ်လိုက်ရ၏။
ထိုခေတ်တွင် ကောင်းကင်တိုင်လုံးကြီးက ကျိုးပျက်ခြင်း မရှိသေးသဖြင့် ပုံရိပ်ဖော်ရာတွင် ကန့်သတ်ချက် ရှိလိမ့်မည်မဟုတ်ပေ။
သူ၏စကားကို ကြားသောအခါ ရှေးဟောင်းနတ်ဘုရားများမှာ အံ့အားသင့်သွားကြ၏။သူတို့က အနည်းငယ်ကသိကအောင့် ခံစားလိုက်ရသည်။
နတ်ဘုရားနယ်ပယ်ဖွင့်ဆေးရည်ကို ခွဲဝေပေးမှာ မဟုတ်ဘူးလား။
သူတို့၏ မျက်ဝန်းများထဲမှ မျှော်လင့်ချက်အရိပ်အယောင်များမှာ သိသိသာသာ မှေးမှိန်သွားခဲ့သည်။ သို့သော်လည်း မည်သူမျှ ကျိယွမ်ကို မေးခွန်းထုတ်ရဲခြင်း မရှိကြပေ။
အဘိုးကြီးရှန်လဲ့က မျက်နှာအိုကြီးများဖြစ်သွားသော ရှေးဟောင်းနတ်ဘုရားများကို ကြည့်ကာ စိတ်ပျက်သလို ညည်းညူး၏။
"ရည်မှန်းချက်မရှိတဲ့ လူတစ်စုပဲ၊ နတ်ဘုရားနယ်ပယ်ဖွင့်ဆေးရည်က ဘာတန်ဖိုးရှိလို့လဲ ၊ မင်းတို့ မျက်နှာတွေက... "
ဟွမ်ဟွန်းက ထိုစကားကိုကြာသောအခါ ရှန်လဲ့လို မဟာအုပ်စိုးရှင်တစ်ပါးက ထိုဆေးရည်ကိုမလိုသော်လည်း မိမိတို့ကဲ့သို့ သာမန်နတ်ဘုရားများအတွက် အသည်းအသန် လိုအပ်သည်ဟု ပြန်ပြောချင်သော်လည်း ရှန်လဲ့၏ အစွမ်းကို ကြောက်ရွံ့သဖြင့် နှုတ်ဆိတ်နေလိုက်သည်။
"စိတ်မပူကြပါနဲ့၊ ဒီတစ်ခါ ရမယ့်ဆုလာဘ်က နတ်ဘုရားနယ်ပယ်ဖွင့်ဆေးရည်ထက် မလျော့စေရဘူး"
ကျိယွမ်က သူတို့ကို စိတ်ချစေရန် ပြောလိုက်သည်။
လူအများက ထိုစကားကြောင့် တဖန်ပြန်၍အားတက်လာကြ၏။ သူတို့၏ စူးစမ်းသော အကြည့်များအောက်တွင် ကျိယွမ်သည် ပျောက်ဆုံးနေသော အလင်းချောင်းကို ထုတ်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားများနှင့် ရွာသားများသည် ထိုအလင်းချောင်းကို ဘာပါလိမ့်ဟုတွေးကာ အံ့သြတကြီး ကြည့်ရှုနေကြသည်။
ထိုအချိန််မှာပင် အလင်းချောင်းမှ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာပြီး လူတိုင်းကို လွှမ်းခြုံသွားကာ အချိန်နှင့် အာကာသမှာ စတင် ပြောင်းလဲသွား၏။
သူတို့ရှေ့ရှိ မြင်ကွင်းမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။
"ဒါက ဘယ်နေရာလဲ"
"ထူးဆန်းလိုက်တာ၊ ငါ ဘာလို့ ဒီက ပန်းတွေ၊ သစ်ပင်တွေကို ထိလို့မရတာလဲ"
"နေဦး... ဟိုဟာက... ကောင်းကင်တိုင်လုံးကြီး မဟုတ်လား"
ရှေးဟောင်းနတ်ဘုရားများနှင့် ရွာသားများသည် သူတို့ရှေ့မှ မြင့်မားလှသော တောင်ကြီးကို ကြည့်ကာ အံ့အားသင့်နေကြသည်။ ထိုတောင်ကြီးမှာ ကောင်းကင်တိုင်ကြီးပင် မဟုတ်ပါလား။
" ကောင်းကင်တိုင်လုံးကြီးက ကျိုးပျက်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ပြန်ပေါ်လာတာလဲ"
"ဘာတွေဖြစ်နေတာလဲ ပြောကြပါဦး "
မြင်တွေ့နေရသမျှမှာ သူတို့၏အသိတရားများထက် ကျော်လွန်နေသည်။
ကျိယွမ်က တုန်လှုပ်နေသောရွာသားများနှင့် နတ်ဘုရားများကို စိတ်အေးစေရန် ပြောလိုက်သည်။
"စိတ်မပူကြနဲ့၊ ငါတို့ အတိတ်ကာလကို ပြန်ရောက်နေတာ"
အချိန်ခရီးသွားခြင်းမှာ ကျိယွမ်အတွက် ရိုးအီနေပြီဖြစ်သော်လည်း ရွာသားများနှင့် ရှေးဟောင်းနတ်ဘုရားများမှာမူ ကမ္ဘာပျက်လောက်သော ကိစ္စကြီးဖြစ်နေပုံရသည်။
"အတိတ်ကို ပြန်သွားတာတဲ့လား..."
"မယုံနိုင်စရာပဲ..."
လူတို့သည် ပို၍အစွမ်းထက်လာလေလေ၊ မိမိတို့၏အားနည်းမှုကို ပို၍ သိမြင်လာလေ ဖြစ်သည်။ လောကပေါင်းစုံတွင် အရိပ်နတ်ဘုရားများပင်လျှင် မြူမှုန်မျှသာ ရှိ၏။ သာမန်လူသားများအတွက် စစ်မှန်နတ်ဘုရားများမှာ တန်ခိုးကြီးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် သူတို့ မလုပ်နိုင်သော အရာများစွာ ကျန်ရှိနေသေးသည်။
ယခုလို အချိန်ကို ဖြတ်သန်းသွားလာခြင်းမှာ အရိပ်နတ်ဘုရားများပင် မတတ်စွမ်းနိုင်သော မြင့်မြတ်သည့် စွမ်းရည်ဖြစ်ပြီး ယန်နတ်ဘုရားများပင်လျှင် ခက်ခဲစွာ ပြုလုပ်ရမည်ဟု ယူဆထားကြသည်။
သို့သော် ကျိယွမ်က သူတို့အား အတိတ်ကာလဆီသို့ လက်လေးတစ်ချက်ဝှေ့ကာ ခေါ်ဆောင်လာခဲ့၏။
မည်သူက မအံ့သြဘဲနေနိုင်မည်နည်း။
"ငါ ဒီရတနာကို ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဘိုးဘွားနယ်မြေကနေ ရခဲ့တာ၊ ဒါက ငါတို့ကို အတိတ်ဆီ ပြန်ပို့ပေးနိုင်တယ်။ ဒါပေမဲ့ ငါတို့က ကြည့်ရုံပဲ ရမယ်၊ အတိတ်က အရာတွေကို ထိတွေ့တာ ဒါမှမဟုတ် အပြန်အလှန် သက်ရောက်မှုရှိတာမျိုး လုပ်လို့ မရဘူး"
ကျိယွမ်က ပါးစပ်အဟောင်းသားဖြစ်နေသူများကို လိုရင်းတိုရှင်းရှင်းပြလိုက်၏။ရွာသားများက သူ၏အစွမ်းကြောင့် အတိတ်သို့ပြန်ရောက်လာကြသည်ဟု ထင်နေကြသဖြင့် သူကအဖြစ်မှန်ကို ရှင်းပြလိုက်သည်။
ကျိယွမ်က ကြွားဝါတတ်ပါသည် ။ သို့သော် သူ၏ခွန်အားအစစ်ကိုသာ ဂုဏ်ယူသူဖြစ်၏။ သူ့တွင်မရှိသောအရာကိုတော့ ရှိနေသလိုဟန်မဆောင်တတ်ပေ။
ငါက ရိုးသားတဲ့ ပလေယာတစ်ယောက်ပဲ။
ရွာသားများနှင့် နတ်ဘုရားများသည် အလင်းချောင်းကို ရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားများ၏ ဘိုးဘွားနယ်မြေမှာ အလွန် အန္တရာယ်များကြောင်း သူတို့ ကြားဖူးသော်လည်း ဤမျှ အစွမ်းထက်သော ပစ္စည်းရှိမည်ဟုတော့ မထင်ထားခဲ့ကြပေ။
"ကောင်းကင်တိုင်လုံးကြီး မကျိုးသေးခင် ဒီအခွင့်အရေးကို သုံးပြီး မင်းတို့အားလုံးကောင်းကောင်း ကျင့်ကြံကြပါ။ ဒါက မင်းတို့ရဲ့ အစွမ်းကို အများကြီး တိုးတက်စေလိမ့်မယ်"
ကျိယွမ်၏ စကားကြောင့် သူ၏နောက်လိုက်များက အချင်းချင်းမသိမသာကြည့်မိလေသည်။
အတိတ်ကာလမှာ ကျင့်ကြံရမယ်တဲ့လား။
ဒါက သူပြောတဲ့ဆုလာဘ်ထင်တယ်။
လူအများမှာ ရယ်ရမလို ငိုရမလို ဖြစ်သွား၏။အများစုကတော့ အတိတ်တွင်ကျင့်ကြံခွင့်အစား နတ်ဘုရားနယ်ပယ်ဖွင့်ဆေးရည်ကမှ ပို၍တန်ဖိုးရှိလိမ့်ဦးမည်ဟု စိတ်ထဲမှညည်းတွားနေကြသည်။
အဘိုးကြီးရှန်လဲ့တစ်ဦးတည်းကသာ အရေးကြီးသောတစ်စုံတစ်ခုကို ရိပ်မိပုံရသည်။
သူက လူများကိုတစ်ချက်ဝေ့ကြည့်ပြီးနောက် ကျိယွမ်ကို စိတ်ချင်းဆက်သွယ်လိုက်သည်။
"မင်းက မင်းရဲ့ တရုတ်နဂါးအဖွဲ့က နတ်ဘုရားတွေကို ပုံဖော်ဖို့ ကြံနေတာ မဟုတ်လား"
"မှန်တာပေါ့"
ကျိယွမ်က ရှန်လဲ့အား ချီးကျူးသလို ကြည့်သည်။
ဒီအဘိုးကြီး ပါးနပ်တာတော့အမှန်ပဲ။
"တကယ်ကြီးလား"
ရှန်လဲ့က အံ့အားသင့်သွားပြီးနောက် အားရပါးရပြုံး၏။
"အရင်တစ်ခါ ငါ လွဲသွားတယ်၊ ဒီတစ်ခါတော့... ငါ ကိုယ်တိုင် မြင်ချင်တယ်ဟေ့"
ကျိယွမ်က စကားထပ်မပြောတော့ဘဲ ပုံရိပ်ဖော်နယ်ပယ်ထဲသို့ ဝင်ရောက်သွားသည်။
ဤတစ်ကြိမ်တွင် မည်သည့် အနှောင့်အယှက်မျှ မရှိပေ။ အားလုံးက စစ်ပွဲကြီးအတွက် ပူပန်နေကြရသဖြင့် လိုင်းပေါ်တက်ကာ အာချောင်ရန်အချိန်မရှိတော့ပုံပင်။
ကျိယွမ်သည် သူ၏ရှေ့မှ မြင့်မားလှသော ပုံရိပ်ဖော်တောင်ကြီးကို ကြည့်နေမိသည်။
"ကောင်းကင်တိုင်လုံးကြီးနဲ့ ပုံရိပ်ဖော်နယ်ပယ်က ဘိုးဘွားနယ်မြေနဲ့ ဆက်စပ်နေပုံပဲ။ မဟုတ်ရင် ဒီလိုမယုံနိုင်စရာတွေကို ရှင်းပြဖို့ မဖြစ်နိုင်ဘူး"
ထို့နောက် ကျိယွမ်သည် အချိန်မဖြုန်းတော့ဘဲ ပုံရိပ်ဖော်ခြင်းကို စတင်သည်။ ဤတစ်ကြိမ်တွင် သူသည် ရွာသားထောင်ပေါင်းများစွာနှင့် ရှေးဟောင်းနတ်ဘုရား သုံးဆယ်ကို ခေါ်ဆောင်လာခဲ့၏။
သူနှင့် ရင်းနှီးသော ရွာသားအချို့အတွက်ကိုတော့ သီးသန့်ပုံဖော်ပေးမည်ဖြစ်ပြီး ကျန်သူများကိုမူ ကောင်းကင်စစ်သည်များ၊ ကောင်းကင်စစ်သူကြီး (၃၆) ပါး၊ မြေနတ်ဆိုး (၇၂) ပါး၊ ကျားကျီ နတ်ဘုရား (၆၀)၊ မိုးတိမ်စောင့်နတ် (၂၄) ပါးနှင့် မိုးကြိုးစစ်သူကြီး (၃၆) ပါး အစရှိသဖြင့် ပုံဖော်ပေးရန် ရည်ရွယ်ထား၏။
ကျိယွမ်၏ မှတ်ဉာဏ်ထဲတွင် နတ်ဘုရားပေါင်း များစွာ ရှိနေသောကြောင့်အကြောင်းအရာများအတွက် မည်သည့်အခက်အခဲမှ မရှိနိုင်ပေ။
"အဘိုးကြီးရှန်လဲ့အတွက် အစွမ်းထက်တဲ့ တစ်ခုကို အရင်လုပ်ပေးရမယ်။ သူက အသက်ငင်နေပြီ ၊ ဘယ်အချိန် ထသေသွားမလဲ မသိနိုင်ဘူး"
ကျိယွမ်က ထိုသို့တွေးတောကာ ရှန်လဲ့အတွက် မည်သည့် နတ်ဘုရားကို ပုံဖော်ပေးရမည်ကို စဉ်းစားလိုက်သည်။
မိုးကြိုးနှင့် ပတ်သက်သော နတ်ဘုရားများထဲတွင် လေကျန့်ကျီ နှင့် ကျိုထျန်းရင်းယွမ် လဲ့ရှန်းဖူဟွာထျန်းကျွင်းတို့မှာ အထင်ရှားဆုံး ဖြစ်၏။ နောက်ဆုံးတစ်ပါးမှာ မိုးကြိုးဌာန၏ အမြင့်ဆုံး အုပ်ချုပ်သူ 'လေ့ကျူ' အဖြစ် လူသိများပြီး နန်ကျီချန်ရှန်းသာ့တီ၏ ကိုယ်ပွားတစ်ပါးလည်း ဖြစ်သည်။
သူ၏ အဆင့်အတန်းမှာ အလွန်ပင်မြင့်မားလှလေသည်။
"ကျိုထျန်း ရင်းယွမ် လေ့ရှန်း ဖူဟွာ ထျန်းကျွင်းပဲ ဖြစ်ရမယ်"
ကျိယွမ်က ဆုံးဖြတ်လိုက်၏။ထို နတ်ဘုရားမှာ အဘိုးကြီးရှန်းလဲ့၏ လမ်းစဉ်နှင့် လည်း အကိုက်ညီဆုံး ဖြစ်၏။
ကျိယွမ်သည် မျက်စိမှိတ်ကာ ထိုကြောက်မက်ဖွယ်နတ်မင်းကို ပုံဖော်လိုက်သည်။ သူ၏ အသိစိတ်ထဲတွင် ထိုနတ်ဘုရားမှာ နေနတ်ဘုရားများထက် အဆပေါင်းများစွာ သာလွန်ပြီး ဒဏ္ဍာရီသူတော်စင်ဟုပင် ဖော်ပြ၍ မရနိုင်ပေ။
ကျိယွမ်က နတ်ဘုရား၏အစွမ်းများကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်နှင့် ပုံရိပ်ဖော်နယ်ပယ်ထဲမှ ကောင်းကင်ယံတွင် ကြောက်မက်ဖွယ် ကောင်းသော တိမ်မည်းများ အုပ်ဆိုင်းလာပြီး ကမ္ဘာပျက်စေလောက်သည့် မိုးကြိုးမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့မည့်အတိုင်း ရှိနေ၏။
လေထုမှာလည်း အေးစက်ကာ သေလုမတတ်ငြိမ်သက်သွားပြီး ပုံရိပ်ဖော်နယ်ပယ် တစ်ခုလုံး သုဿာန်တစပြင်အလား တိတ်ဆိတ်သွားသည်။
ကျိယွမ် ကြည့်နေစဉ်မှာပင် ပုံရိပ်ဖော်တောင်ကြီးမှာ မိုးကြိုးများအဖြစ် ပြောင်းလဲသွားလေ၏။
"စုစည်းစေ"
ရုတ်တရက် ခန့်ညားထည်ဝါသော အသံကြီးတစ်ခုက ကျိယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ဘာဖြစ်တာလဲ။
ကျိယွမ်မှာ ကြောင်သွား၏။
ပုံရိပ်ဖော်တောင်က ဘာလို့ မေးခွန်းနှစ်ခုကို မမေးတော့တာလဲ။
ဘာမှမစစ်ဆေးဘဲ တိုက်ရိုက်ကြီးပုံဖော်ပေးလိုက်တာလား။
မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် ချီယွမ် အံ့အားသင့်သွားသည်။ သူက မေးခွန်းနှစ်ခုကို ဖြေဆိုရန် ပြင်ဆင်ထားသော်လည်း ပုံရိပ်ဖော်တောင်ကြီးမှာ တိုက်ရိုက်ပင် အရှုံးပေးလိုက်ပုံရသည်။
ပုံဖော်ခြင်းနယ်ပယ်ထဲသို့ရောက်နေသော အဘိုးကြီးရှန်လဲ့မှာလည်း ဇဝေဇဝါ ဖြစ်နေ၏။
ကျိယွမ်က သူ့ကို နတ်ဘုရားတစ်ပါး ပုံဖော်ပေးမည်ဟု ပြောခဲ့စဉ်က ဂရုမစိုက်သလို ဟန်ဆောင်ခဲ့သော်လည်း အမှန်စင်စစ်တွင် အလွန် မျှော်လင့်နေခဲ့သည်။
သို့သော် ယခုအချိန်အထိ ပုံရိပ်ဖော်တောင်ကြီးဆီမှ မည်သည့်ရွှေရောင်အလင်းမျှ ထွက်မလာသဖြင့် သူစိတ်ပျက်သွားလေသည်။
"ဒီကောင်လေး ငါ့ကို နောက်နေတာလား"
သူ့ရွာသားတွေအလှည့်တုန်းကတော့ မိုးတွေခြိမ်းပြီး နဂါးနဲ့ဖီးနစ်တွေတောင် ထွက်ပေါ်တယ်တဲ့ ။
ငါ့အလှည့်ကျတော့ ရွှေရောင်လေးတောင် မလင်းဘူးပေါ့ ။
ရှန်လဲ့တစ်ယောက် စိတ်ဓာတ်ကျသွားတော့သည်။
"ငါ့အလှည့်မှ ဒီတောင်ကြီးက ရွှေရောင်အလင်းလေးတောင် မထုတ်...."
"ဟင်.."
ရုတ်တရက် ရှန်လေ့၏ မျက်လုံးများ ပြူးကျယ်သွား၏။ အကြောင်းမှာ သူ၏ရှေ့မှ ပုံရိပ်ဖော်တောင်ကြီးမှာ ရုတ်တရက် အက်ကွဲသွားသောကြောင့် ဖြစ်သည်။
"ပုံရိပ်ဖော်တောင်ကြီး... အက်ကွဲသွားတယ်လား"
ရှန်လဲ့မှာ တောင်ကြီးကိုကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
ဘာတွေဖြစ်ကုန်တာလဲ ၊ ထွက်ပြေးရမှာလား ။
တစ်ချိန်တည်းမှာပင် ကျိယွမ်မှာလည်း အံ့သြနေသည်။
"ဒီတောင်ကြီးက သိပ်မခိုင်ပါလား။ နတ်ဘုရားတစ်ပါးရဲ့ကိုယ်ပွားကို ပုံဖော်တာနဲ့တင် အက်သွားတယ်တဲ့"
သူ တော်တော်လေးစိတ်ပျက်သွားလေသည် ။
ငါ့အကြံတွေတော့ ရေစုန်မျောတော့မှာပဲ ။
..............
ထိုအချိန်တွင် ကောင်းကင်တိုင်ကြီးပေါ်၌ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော လှပသည့်မိန်းမပျိုတစ်ဦးသည် အေးစက်သော မျက်နှာထားဖြင့် ရပ်နေ၏။
သူမမှာ အစားရှောင်မယ်တော်ဖြစ်သည်။
ထိုအခိုက် လင်ကျုန်းမဟာအုပ်စိုးရှင်က သူမအနီးတွင် ပေါ်လာပြီးဝမ်နည်းတကြီး ဖျောင်းဖျ၏။
"အစားရှောင်မယ်တော်... ကောင်းကင်တိုင်ကြီးကနေ ထွက်သွားပါတော့။ ဒါက မင်းရဲ့ နတ်ဘုရားနယ်ပယ်ကို ကုန်ဆုံးစေလိမ့်မယ်"
"ဟင့်အင်း...ငါ သူ့ကို ကတိပေးထားတယ်၊ ဒီတိုင်လုံးကြီးကို စောင့်ရှောက်မယ်လို့။ ငါမသေမချင်း တိုင်ကြီးမပျက်စီးစေရဘူး ၊၊ ဒီတိုင်ကျိုးပျက်တဲ့နေ့ဟာ ငါ ကျဆုံးတဲ့နေ့ပဲ"
အစားရှောင်မယ်တော်က ခိုင်မာစွာ ငြင်းပယ်လိုက်သည်။ သူမက နတ်ဘုရားစွမ်းအားများကို ထပ်မံထုတ်သုံးပြီး ကောင်းကင်တိုင်လုံးကြီးထဲသို့ ပို့လွှတ်လိုက်၏။
ပြင်းထန်သောစွမ်းအင်ကုန်ဆုံးမှုကြောင့်သူမ၏နုထွေးသောမျက်နှာလေးပင် တစ်ချက်မျှ မဲ့သွားခဲ့သည် ။ သို့သော်လည်း ခဏမျှသာဖြစ်ပြီး ချက်ချင်းပြန်လည်အေးစက်သွားပြန်သည်။
လင်ကျုန်းက သူမအားကြည့်ကာ စိတ်မချမ်းမြေ့စွာ သက်ပြင်းချ၏။
"မင်းက ဘာလို့ မရှိနိုင်တော့တဲ့ လူတစ်ယောက်အတွက်နဲ့ အသက်ကို ရင်းနေတာလဲ။ မင်းက ကမ္ဘာကြီးရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူပဲ။ တစ်နေ့မှာ မင်း စစ်မှန်နတ်ဘုရားထက် ကျော်လွန်တဲ့ အဆင့်ကို ရောက်နိုင်တာကို"
အစားရှောင်မယ်တော်က သူ၏စကားကြောင့် အနည်းငယ်ဝမ်းနည်းသလိုခံစားလိုက်ရသော်လည်း ခေါင်းခါပြသည်။
"ဘယ်သူပဲ လာတားတား ငါ့ကတိကို ငါ တည်ရမယ်"
သူမက နောက်ဆုတ်မည့်ပုံ မရှိပါ။
ထိုအခိုက်မှာပင် ရုတ်တရက် ကောင်းကင်တိုင်လုံးကြီးက ပြင်းထန်စွာ တုန်ခါသွားသဖြင့် သူမ၏မျက်နှာလေးမှာ ဖြူလျော့သွား၏။
သို့သော်လည်း သူမသည် အားတင်းကာ ပြုံးလိုက်သည်။
"ငါ သိသားပဲ၊ ဒါက ငါ့ရဲ့ စိတ်ကူးယဥ်မဟုတ်ဘူး ၊ တကယ်အစစ်အမှန်ပဲ "
ပုံရိပ်ဖော်နယ်ပယ်ထဲတွင် ကျိယွမ်သည် တောင်ကြီးငြိမ်သက်သွားသောကြောင့် နောက်ထပ် နတ်ဘုရားတစ်ပါးကို ပုံဖော်ရန် ပြင်နေ၏။
ထိုစဥ်မှာပင် ရင်းနှီးသောအမျိုးသမီးသံတစ်ခုကို သူကြားလိုက်ရသည်။
"ရှင် ဆက်ပြီး ပုံဖော်နေရင် ကောင်းကင်တိုင်ကြီး ကျိုးသွားလိမ့်မယ်"
ကျိယွမ်၏ ခေါင်းကချာချာလည်သွား၏။
"အစားရှောင်မယ်တော်လား"
သူက အနည်ငယ်လည်းထိတ်လန့်နေသည် ။ ထင်မှတ်မထားဘဲ သူမ၏အသံကို ပြန်ကြားရသောအခါ သူ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာသည်။
သူသည် အစားရှောင်မယ်တော်၏ ဝမ်းနည်းဖွယ်သေဆုံးမှုကို မြင်တွေ့ခဲ့ရသူ မဟုတ်ပါလား။
"ကျွန်မ ကောင်းကင်တိုင်ကြီးမှာ ရှိတယ်၊ ကျွန်မ ဆီလာခဲ့ပါ"
သူမ၏ အသံမှာ အနည်းငယ်တုန်ယင်နေ၏။
ကျိယွမ်သည် ကောင်းကင်တိုင်ကြီး ကျိုးပျက်သွားမည်ကို စိုးရိမ်သဖြင့် ပုံရိပ်ဖော်နယ်ပယ်မှ ထွက်ကာ အစားရှောင်မယ်တော်ဆီသို့ ပျံသန်းသွားလေသည်။
"မင်းက ဒီပေါ်မှာအမြဲနေတာလား "
ရင်းနှီးသောအသံကို ကြားလိုက်ရသဖြင့် အစာရှောင်မယ်တော်၏ ဖြူဖျော့နေသောမျက်နှာတွင် လှပသော အပြုံးတစ်ခု ပေါ်လာ၏။
ကျိယွမ်ကတော့ အနည်းငယ်ထူးဆန်းနေသလိုခံစားနေရသည်။
"ဒီတစ်ခေါက်မှာ ငါကဘယ်သူလဲဆိုတာကို မပြောမိသေးဘူးလေ ၊ မင်းက ဘာလို့သိသလိုမျိုး ဖြစ်နေတာလဲ"
သူမ၏တုန့်ပြန်မှုက သူပထမအခေါက်လာစဥ်ကထက်ပင် ရင်းနှီးနေသလိုရှိနေသည် မဟုတ်ပါလား ။
သို့သော် အချိန်ကာလကိုပြန်တွက်လျှင် ယခုသူရောက်လာသောအချိန်သည် ယခင်အခေါက်ထက် ပို၍စောသောကာလကိုရောက်လာခြင်းဖြစ်၏။
ဟုန်ထန်စစ်ပွဲကြီးမဖြစ်သေးသလို မည်သည့်ပြင်ပအနှောင့်အယှက်မှလည်းမရှိသေးပုံရ၏။ ထို့ကြောင့် ယခုအခေါက်သည် သေချာပေါက် ပထမအခေါက်ထက်စောသော အချိန်သို့ရောက်လာခြင်းပင်။
ကျိယွမ်က သူမကိုကြည့်ကာ မျက်မှောင်ကျုံ့လျှင် လေးနက်စွာ တွေးတောနေမိသည်။
အကယ်၍ စစ်ပွဲမဖြစ်ခင်က သူမနှင့် တွေ့ဆုံခဲ့သည်ဆိုလျင် စစ်ပွဲကာလတွင် သူတို့ပြန်တွေ့စဉ်က သူမသည် အဘယ့်ကြောင့် သူ့ကို မမှတ်မိရသနည်း။
သို့မဟုတ် အချိန်လိုင်းများက အပြိုင်ဖြစ်နေခြင်းများလား။
"ဘာကို ပြောတာလဲ"
သူမက နားမလည်သလို ပြန်မေးလိုက်သည်။
ကျိယွမ်က သူမကို ထပ်မံအကဲခတ်ကြည့်ရာ ပထမဆုံး တွေ့ဆုံစဉ်ကထက် ပို၍ ငယ်ရွယ်ပုံရသော်လည်း အစွမ်းမှာမူ အမြင့်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်၏။
"ငါ ဆိုလိုတာက ငါတို့ အနာဂတ်မှာ တွေ့ခဲ့ဖူးတယ်လို့ ပြောရင် မင်း ယုံမလား"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဘေးဘီသို့ ကြည့်လိုက်၏။
"ဒါနဲ့... ငါ့ရဲ့ နောက်မှီကုလားထိုင်ကော၊ တစ်လုံးလောက် ယူပေးပါဦး"
-------------------