ကြယ်တာရာသခင်ဆိုတာ ဘာဟုတ်သေးလို့လဲ
Vol. 19 Ch. 222
"မူလနတ်ဘုရား"
"အရှင်မြတ် ပြန်လာပြီဟေ့"
ရှေးဟောင်းနတ်ဘုရားများစွာနှင့် ထောင်ပေါင်းများစွာသော ရွာသားများသည် ကျိယွမ်ထံသို့ တစ်ပြိုင်နက် လှည့်ကြည့်ကြသည်။
ဆည်းဆာနတ်ဘုရားကြီးဟွမ်ဟွန်း၏ အသက်ရှူသံမှာ အနည်းငယ် မြန်ဆန်လာသကဲ့သို့ အဘိုးကြီးရှန်လဲ့ကလည်း အဓိပ္ပါယ်ပါသောမျက်ဝန်းများဖြင့် ကျိယွမ်ကို ကြည့်နေမိသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် မကျေနပ်ဖြစ်နေသော်လည်း ဝူးရှုးဝါးစကားများ မပြောမိစေရန် သတိထားနေရ၏။
ကျိယွမ်က အားလုံးကို ခြုံကြည့်လိုက်သည်။
"ဒီတစ်ခေါက် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ် တော်တော်များများကို တစ်ထိုင်တည်းနဲ့ ဖန်တီးခဲ့တယ်"
အစားရှောင်မယ်တော် အစားများစွာစားပြီးနောက် ကောင်းကင်တိုင်လုံးကြီးလည်းပြန်လည်နိုးလာပြီး ပုံရိပ်ဖော်တောင်၏ စွမ်းအင်များသည် ပုံမှန်မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ကျိယွမ်သည် သူထံ၌ ရှိသမျှသော မိစ္ဆာနတ်ဘုရားစွမ်းအင်များကို အကုန် အသုံးပြု၍ အစွမ်းထက်သော နတ်ဘုရားနည်းစနစ်များစွာကို စိတ်ကြိုက်ဖန်တီးခဲ့သည်။ သာမန်ရွာသား တစ်ယောက်ချင်းစီတိုင်းပင်လျှင် နည်းစနစ် တစ်ခုစီကို ရရှိကြပေတော့မည်။
ဝေ့ဟယ်သည် လူအုပ်ထဲ၌ မတ်တပ်ရပ်နေ၏။ သူမ၏ နုနယ်သောမျက်နှာထက်တွင် ပြတ်သားသော သန္နိဋ္ဌာန်များ ရှိနေသည်။ သူမ၏အစ်ကို ဝေ့ထင်းမှာ ဧရာမနတ်ဘီလူးကြီး၏နည်းစနစ်ကို ရရှိခဲ့သောကြောင့် အလွန်အင်မတန်မှအစွမ်းထက်လာခဲ့၏ ။ သူမသည်လည်း အစွမ်းထက်သော နတ်ဘုရားတစ်ပါးကို ပုံဖော်ကာ ခွန်အားများရယူပြီး မူလနတ်ဘုရား၏ ကျေးဇူးကို ဆပ်ချင်နေမိသည်။
"မင်းတို့ ခြောက်ဆယ်... ရှေ့ထွက်ခဲ့"
ကျိယွမ်က လက်ဝှေ့ယမ်း၍ ရွာသားများကိုခေါ်ထုတ်လိုက်သည်။ ဝေ့ဟယ် အပါအဝင် ရွာသားခြောက်ဆယ်သည် လူအုပ်ထဲမှ ခွဲထွက်လာကြ၏။ ကျင့်ကြံဆင့်နိမ့်သော သာမန်ရွာသားများက မည်မျှအဆင့်ရှိသော နည်းစနစ်များကို ရရှိမည်နည်းဟု ရှေးဟောင်းနတ်ဘုရားများက စူးစမ်းသလိုကြည့်နေသည်။
"မင်းတို့ရရှိမယ့် နည်းစနစ်တွေဟာ ကျားကျီနတ်ဘုရား အပါး ၆၀ရဲ့နည်းစနစ်တွေပဲ "
ကျိယွမ်၏ လက်ဝှေ့ယမ်းလိုက်သောအခါ နတ်ဘုရားနည်းစနစ် အခုခြောက်ဆယ်သည် လေထဲတွင် ဝဲပျံသွား၏။ မျှော်လင့်တကြီး စောင့်ကြည့်နေသော ရှေးဟောင်းနတ်ဘုရားများအားလုံး ကြောင်အသွားကြသည်။
အကြောင်းမှာ ထိုနည်းစနစ်များသည်...
"ဒဏ္ဍာရီအဆင့်တွေ"
"ဒဏ္ဍာရီအဆင့်နည်းစနစ် အခု ခြောက်ဆယ်တောင်မှလား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါလည်း ဒဏ္ဍာရီအဆင့် တစ်ခုလောက် လိုချင်တယ်"
ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဝမ်းနည်းစွာအော်ဟစ်လိုက်သည်။
သူတို့အတွက်တော့ ရှားပါးအဆင့်ကပင် အလွန်တန်ဖိုးရှိလှသည်။ ရှားပါးအဆင့်အထက်တွင် ထူးခြားအဆင့်ရှိပြီး၊ ထူးခြားအထက်တွင်မှ ဒဏ္ဍာရီအဆင့်ရှိခြင်း ဖြစ်သည်။
သူတို့သည် သူတော်စင်အဆင့်ကိုရရန် စိတ်မကူးရဲသော်လည်း ဒဏ္ဍာရီအဆင့်ကိုတော့ ရများရလေမလားဟု မသိမသာ မျှော်လင့်နေခဲ့မိသည်။ ယခုအချိန်မှာတော့ မူလနတ်ဘုရားသည် ထိုအဆင့်အတန်းမျိုးကို အန်းပေါင်းများပေးသကဲ့သို့ လွယ်လင့်တကူ ဝေငှပစ်နေ၏။
အဘိုးကြီးရှန်လဲ့၏ နှာခေါင်းမှာ မနာလိုမှုကြောင့် တွန့်ချိုးမတတ် ဖြစ်နေသည်။ သူသည် သူ၏ မနာလိုတိုရှည်စိတ်ကို မနည်းထိန်းထားရ၏။
" ကျားကျီနတ်ဘုရားအပါး ၆၀ ကို ထိုက်ဆွေလို့လည်း ခေါ်တယ်။ သူတို့ဟာ နှစ်တစ်နှစ်ရဲ့ အရှင်သခင်တွေဖြစ်ပြီး တစ်ပါးချင်းစီက နှစ်တစ်နှစ်စီကို စိုးမိုးအုပ်ချုပ်ကြတယ်"
ကျိယွမ်က ရှင်းပြသည်။
ရွာသားခြောက်ဆယ်သည် မိမ်တို့လက်ထဲသို့ကျရောက်လာသော နည်းစနစ်များကို မယုံနိုင်သလိုကြည့်နေရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများက တောက်ပလာသည်။
ထို့နောက် ကျိယွမ်သည် ကျန်နေသေးသော ရွာသားများဘက်သို့ လှည့်ကာ လက်ကို တစ်ဖန်ယမ်းလိုက်ပြန်သည်။ ရုတ်တရက်ဆိုသလို လေထဲတွင် နတ်ဘုရားနည်းစနစ်ပေါင်းတစ်ထောင်ကျော် ထွက်ပေါ်လာ၏။
ရှေးဟောင်းနတ်ဘုရားများမှာ လုံးဝကို ဆွံ့အသွားကြတော့သည်။ အကြောင်းမှာ ထိုနည်းစနစ်များထဲတွင် ထူးခြားအဆင့်အောက် တစ်ခုမျှမပါဝင်ဘဲ အများစုမှာ ဒဏ္ဍာရီအဆင့်များ ဖြစ်နေသောကြောင့်ပင်။
သူက ဒါတွေကိုဘယ်လိုများ ဖန်တီးခဲ့တာလဲ။
တစ်လောကလုံးကလူတွေအကုန်ပေါင်းတောင် သူတစ်ရက်ဖန်တီးတာကို မမှီနိုင်ဘူး။
"ကောင်းကင်ဘုံဝိညာဉ် ၃၆ ပါး၊ မြေကမ္ဘာနတ်ဆိုး ၇၂ ပါး"
"မိုးကြိုးဌာနရဲ့ ကောင်းကင်ဘုံအရှင် ၂၄ ပါး"
"ကောင်းကင်စစ်သည်တော်တွေနဲ့ စစ်သူကြီးတွေ"
"နတ်နားနဲ့ နတ်နှာခေါင်း"
"ဘူးသီးညီအစ်ကိုများ"
နည်စနစ်တစ်ထောင်ထဲတွင် နယ်ပယ်အမျိုးစုံပါဝင်ပြီး သူတော်စင်အဆင့်အချို့ပင် ပါဝင်နေ၏။
"ဒီထဲက ဒဏ္ဍာရီအဆင့်တစ်ခုက ငါ့ရဲ့ ကျင့်စဉ်နဲ့ ကိုက်ညီနေတာကို ငါခံစားမိတယ်"
"ဘယ်လိုလုပ်ပြီး အစွမ်းထက်တဲ့ နတ်ဘုရားတွေက ဒီလောက်တောင် များနေရတာလဲ"
ရှေးဟောင်းနတ်ဘုရားအချို့မှာ ကြောက်မက်ဖွယ်ကောင်းသော အတွေးများပင် ဝင်လာကြသည်။ မီးကြာပန်းအရှင်မအရှင်ဟော်လျန်ကမူ ကောင်းကင်တွင် နေမင်းကြီးပြုတ်ကျလာခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်သတိရကာ စိတ်လှုပ်ရှားနေသည်။
မူလနတ်ဘုရားသည် ဧကန်မုချ ကြယ်တာရာအရှင်သခင် တစ်ပါး ဖြစ်ရပေမည်။
"အမြန်ဆုံး စိတ်ကူးပုံဖော်ပြီး စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းကြ။ တစ်နေ့မှာ မင်းတို့ဟာ ကောင်းကင်စစ်သည်တော် တစ်သိန်းကို ဦးဆောင်ပြီး ဒီမြေပြင်ကို သိမ်းပိုက်တာကို ငါမြင်ချင်တယ်"
ကျိယွမ်က အားရစရာစကားကို ပြောလိုက်သည်။
မြောက်ပင်လယ်တွင် သူသတ်ခဲ့သော မျောက်ပေါက်စအကြောင်းကို သူမမေ့ပါ။ ရှေးဟောင်းမျောက်မျိုးနွယ်စုမှာ ယခုအချိန်ထိ တိတ်ဆိတ်နေခြင်းက တစ်ခုခုကို ကြံစည်နေသလားဟု သူသံသယရှိထား၏။
အကယ်၍ ထိုသို့သာဆိုလျှင် သူသည် စွန်းဝူခုန်းကို တိုက်ခိုက်ခဲ့သော ကောင်းကင်စစ်သူကြီး 'လီကျင်း' ကဲ့သို့ စစ်သည်တော် တစ်သိန်းကို ဦးဆောင်ကာ ၎င်းတို့၏ တံခါးဝသို့ ချီတက်သွားမည် ဖြစ်သည်။
ရွာသားများသည် အလွန်အမင်း စိတ်လှုပ်ရှားလျက် နည်းစနစ်များကို ယူဆောင်ကာ ကျင့်ကြံရန် ပြင်ကြသည်။
ယခုအချိန်ထိ ဘာမှမရသေးသော မဟာမိတ်အဖွဲ့မှရှေးဟောင်းနတ်ဘုရား သုံးဆယ်မှာမူ မနာလိုလွန်းသဖြင့် မျက်လုံးများ နီမြန်းနေကြသည်။
"ဒါဟာ... အလွန်အမင်း ဖြုန်းတီးရာ ရောက်လွန်းတယ်"
ရှေးဟောင်းနတ်ဘုရားတစ်ပါးက တုန်ရင်စွာ ဆိုသည်။
"ဘယ်လိုလုပ် ဖြုန်းတီးတာ ဖြစ်မှာလဲ ၊ သူတို့ဟာ ငါ့နောက်ကို လိုက်လာတာ ကြာပြီပဲ။ အောင်မြင်မှုကြီးကြီးမားမား မရှိရင်တောင် သူတို့ကြိုးစားအားထုတ်ခဲ့ကြတယ်။ ဆုလာဘ်နည်းနည်းပေးတာ ဘာမှမမှားဘူး"
ကျိယွမ်က ပေါ့ပေါ့ပါးပါးပင် ပြန်ရှင်းပြသည်။
ထိုအခါ အဘိုးကြီးရှန်းလဲက မနေနိုင်တော့ဘဲစကားဆိုလာသည်။
"တကယ်တော့... အဲဒီထဲက ဒဏ္ဍာရီအဆင့် မိုးကြိုးနည်းစနစ်တွေက ငါ့အတွက် အတော်လေး သင့်တော်မယ်လို့ ထင်နေတယ်"
ကျိယွမ်က ထိုအဘိုးကြီးသည် မည်သည်ကိုဆိုလိုချင်နေသည်ကို သဘောပေါက်သောကြောင့် မထိတထိပြုံး၏။
"ဒီတစ်ခေါက် ခင်ဗျားတွက် အထူးအစွမ်းထက်တဲ့နည်းစနစ်တစ်ခုကို ကျုပ်ရွေးချယ်ထားတယ်"
သူသည် အဘိုးကြီးရှန်လဲ့အတွက် 'ကောင်းကင်နန်းတော် မိုးကြိုးဌာန၏ နတ်မင်းကြီးနည်းစနစ်ကို ပေးရန် ရည်ရွယ်ထားလေသည်။
"ခင်ဗျားတို့ သုံးဆယ်လုံးအတွက်လည်း တစ်ခုစီ ရှိတယ်"
ကျိယွမ်သည် ရှေးဟောင်းနတ်ဘုရား သုံးဆယ်အတွက် သူတော်စင်အဆင့် နည်းစနစ် သုံးဆယ်ကို ထုတ်ပေးလိုက်၏။
လူအုပ်ကြီးမှာ လုံးဝ ငြိမ်ကျသွားတော့သည်။ သူတို့သည် အစွမ်းထက်သော နတ်ဘုရားများ၏ အမည်နာမများကို ကြားလိုက်ရသောအခါ အသက်ရှူပင် မှားကုန်၏။
"ဝမ်စုန်းမင်းရမှာက ရှေးဟောင်းနတ်မင်းကြီး ချီစုန်းကျီ ရဲ့နည်းစနစ်ပဲ ။"
"ဆည်းဆာနတ်ဘုရားဟွမ်ဟွန်း ၊ ခင်ဗျားအတွက်က ကပ်ဘေးဒုက္ခတွေကို ဖြေရှင်းပေးတဲ့ ရေနတ်မင်း ပဲ။"
"အဘိုးကြီးရှန်လဲ့... ခင်ဗျားအတွက်ကတော့ကောင်းကင်ဘုံကိုးပါးလုံးရဲ့ မိုးကြိုးဗိုလ်ချုပ်ကြီးပဲ"
ကျိယွမ်သည် တန်ဖိုးဖြတ်မရအောင် ရတနာထိုက်သောနည်းစနစ်များကို ဂေါ်ဖီထုပ်များ ဝေပေးသကဲ့သို့ ခဏချင်းအတွင်း ဝေငှပစ်လိုက်သည်။ နည်းစနစ်များကို လက်ခံရရှိသော ရှေးဟောင်းနတ်ဘုရားများသည် နတ်ဘုရားအသိဖြင့် နည်းစနစ်များကို တစ်ချက်ကြည့်ရှုကြပြီးနောက် အံ့အားသင့်မှု၊ ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်သွားကြသည်။
"ကျေးဇူးတင်ပါတယ် မူလနတ်ဘုရား"
"ကျေးဇူးတင်ပါတယ် "
"မင်းတို့အားလုံး မဟာအုပ်စိုးရှင်ကြီးတွေ ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်တယ်"
ကျိယွမ်က ထိုသို့ပြောကာ ပျောက်ကွယ်သွားလေသည်။
ကျိယွမ်မရှိတော့သည်နှင့် ကျန်ခဲ့သော ရှေးဟောင်းနတ်ဘုရားများကြားတွင် ငြင်းခုံမှုများ စတင်လာသည်။
အရှင်ကျန့်ဟုန်က သူရရှိသော 'မြေကမ္ဘာကြယ်တာရာအရှင်' နည်းစနစ်ကသာ အစွမ်းအထက်ဆုံးဟု ထင်နေ၏ ။ သို့သော် အခြားသူများကလည်း သူတို့၏ နည်းစနစ်များမှာ 'ကြယ်တာရာအရှင်သခင်' ထက်ပင် သာလွန်ကြောင်း ပြောဆိုလာကြသည်။
ကျူးကော့ယန်က ထိုသူများကို မဲ့ကာ ဟိန်းဟောက်လိုက်၏။
"မင်းတို့ပြောနေတဲ့ ကြယ်တာရာအရှင်သခင်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ငါရထားတဲ့ 'တောင်ပိုင်းစစ်မှန်ဧကရာဇ်ဆိုတာ ဧကရာဇ်ဆယ်ပါးထဲက တစ်ပါးပဲ။ သာမန် ကြယ်တာရာအရှင်တွေဆိုတာ ငါ့ရဲ့ နယ်မြေထဲကို ခြေချဖို့တောင် အခွင့်အရေးမရှိဘူးကွ..ဟားဟား ဟားဟားဟား ၊ ငါက အကြမ်းဆုံးပဲ "
သူ၏စကားကြောင့် အားလုံး ဆွံ့အသွားကြသည်။
အဘိုးကြီးရှန်လဲ့ကတော့ မည်သည်စကားမှမဆိုသေးဘဲ မျက်လုံးများကို မှိတ်ထားပြီး သူရရှိထားသော မိုးကြိုးဗိုလ်ချုပ်ကြီး၏ စွမ်းအားကို အာရုံခံနေသည်။
အတန်ကြာမှ မျက်လုံးများကိုဖွင့်ပြီး ရှေးဟောင်းနတ်ဘုရားများကို သနားသလိုကြည့်လိုက်၏။
"ဒီနေ့မှာတော့ တစ်ရက်တည်းနဲ့ ဒဏ္ဍာရီနယ်ပယ်ကို ဘယ်လိုတက်လှမ်းရမလဲဆိုတာ မင်းတို့ကို ငါကစေတနာနဲ့ ပြသပေးလိုက်မယ် ဟားဟား ဟားဟားဟား "
သူက ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လိုက်တော့သည်။
........
တောင်တစ်လုံးပမာကြီးမားသောကောင်းကင်တိုင်ကြီး၏ထိပ်ပေါ်မှ ဝါးအိမ်ကလေးအတွင်း၌ဖြစ်သည်။
အနီရောင်ဝတ်စုံနှင့်အစားရှောင်မယ်တော်သည် ငါးပန်းကန်များကို ပွေ့ပိုက်ကာ ထိုင်နေသည်။
"ကျိယွမ်၊ ငါဗိုက်အရမ်းဆာတယ်"
သူမက အလွန်တိုးညှင်းစွာ ဆို၏။
ကျိယွမ်သည် အလွန်အားနည်းနေသော အစားရှောင်မယ်တော်ကို ကြည့်ကာ အပြစ်မကင်းသလို ခံစားလိုက်ရသည်။
"တောင်းပန်ပါတယ် ၊ ငါ နည်းစနစ်တွေ အများကြီး ဖန်တီးလိုက်မိတယ်"
သူက စိတ်မကောင်းစွာဖြင့် သူ့ကိုယ်သူအပြစ်တင်ရင်းမှ သူ၏ လက်ချောင်းမှ သန့်စင်သော သွေးစက်များကို ငါးများပေါ်သို့ ညှစ်ချပေးလိုက်သည်။ ထိုသွေးစက်များ ထုတ်ပေးလိုက်ပြီးနောက် ကျိယွမ်၏ မျက်နှာမှာလည်း ပို၍ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။
အစားရှောင်မယ်တော်သည် ငါးများကို အငမ်းမရ စားသုံးခြင်းမပြုဘဲ ကျိယွမ်ကို စိုက်ကြည့်ကာ မသင်္ကာသလိုမေး၏။
" ရှင်ဘယ်လိုလုပ်တာလဲ"
"ဒါ လျှို့ဝှက်ချက်ပဲ"
ကျိယွမ်က မဖြေဘဲ သူမကိုသာတိုက်တွန်း၏။
"ဖြည်းဖြည်းချင်းစားပါ။ ငါ ဒီကနေ မထွက်ခွာခင် မင်းရဲ့ ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာဖို့ မျှော်လင့်ပါတယ်"
အစားရှောင်မယ်တော်သည် ဘာမျှမပြောဘဲ ငါးများကို ဖြည်းညှင်းစွာ စားနေ၏။ ခေတ္တကြာပြီးနောက် သူမက ခေါင်းငုံ့လျက် တိုးတိုးလေး ဆိုသည်။
"ကျွန်မတို့ဟာ ရေစက်ရှိလို့ဆုံခဲ့ကြတာပဲ။ ရှင်ထွက်ခွာသွားတဲ့အခါ ကျွန်မကို အသိပေးပါ။ ကျွန်မ...ရှင့်ကို လိုက်ပို့ပေးပါ့မယ်။"
-----------------