← Chapters

အများအကျိုးအတွက် ကျေးဇူးပြု၍ သေပေးကြပါ

Vol. 19 Ch. 223

အများအကျိုးအတွက် ကျေးဇူးပြု၍ သေပေးကြပါ

Vol. 19 Ch. 223

"လိုက်ပို့တာကို ခဏထားပါ ၊ ငါးများများစားပေး ၊ ဒါမှ ကောင်းကင်တိုင်ကြီးက ပိုခိုင်မာလာမှာ။"

သူမ၏အနီးတွင်ရပ်နေရင်း ကျိယွမ်ကအရေးကြီးသည့်အရာကို တိုက်တွန်းရန်မမေ့ခဲ့ပါ။ယခုအခေါက်ပြုလုပ်ခဲ့သော ပုံရိပ်ဖော်ခြင်းက သူ၏လက်အောက်ငယ်သားများသာမက သူကိုယ်တိုင်၏ ခွန်အားကိုပါ များစွာ တိုးတက်စေခဲ့သည်။

ယခုအချိန်တွင် သူ၏အဆင့်သုံးဆင့်ပါသော အစီအစဉ်မှ ပထမအဆင့်မှာ ပြည့်စုံစွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

ဒုတိယအဆင့်မှာ သူ၏စစ်တပ်ကို ဦးဆောင်၍ ချင်းဟန်တိုက်ကြီးရှိ မိစ္ဆာအင်အားစုများကို လျှပ်စီးလက်သည့်အလား အလျင်အမြန် ချေမှုန်းတော့မည်ဖြစ်၏။

ထိုမှတစ်ဆင့် မိစ္ဆာနတ်ဘုရားစွမ်းအားများစွာရရှိလာသောအခါ သူသည်ပျောက်ဆုံးနေသောအလင်းချောင်းကို တစ်ဖန်ပြန်လည် အသုံးပြုမည်ဖြစ်ပြီး ၊ အတိတ်သို့ ပြန်လာကာ နောက်ဆုံးတစ်ကြိမ် အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဟု စီစဥ်ထား၏။

ထိုနောက်ဆုံး အတိတ်ခရီးသည် သူ့ကို မည်သည့်အချိန်သို့ ခေါ်ဆောင်သွားမည်ကိုတော့ ကျိယွမ်လည်း သေသေချာချာမသိသေးပါ။ ယခုလက်ရှိနှင့် ဟုန်ထန်စစ်ပွဲကြား အချိန်တစ်ခုခု သို့မဟုတ် ထိုထက်မက ရှေးကျသော အချိန်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ အခုကတည်းက အစားရှောင်မယ်တော်ကို အစာများများ ကျွေးထားပြီး ကောင်းကင်တိုင်လုံးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ထားခြင်းမှာ ကောင်းမွန်သော အကြံဉာဏ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်တစ်ကြိမ် ပုံရိပ်ဖော်မှုသည် ယခုအကြိမ်ထက် ပိုမိုပြင်းထန်ဖို့ရှိနေသောကြောင့်ပင် ။

ရောက်တက်ရာရာများတွေးတောရင်း ကျိယွမ်က သူမအားမေးလိုက်မိသည်။

"ရှေးဟောင်းမျိုးနွယ်စုရဲ့ ဘိုးဘေးနယ်မြေအကြောင်း မင်း ဘာများ သိထားတာရှိလဲ"

သူသည် ရှေးဟောင်းမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေအကြောင်းကို အမြဲတစေသိချင်နေခဲ့သော်လည်း အခြားသူများထံမှ သတင်းအချက်အလက် များများစားစား မရရှိခဲ့ပါ။

အေးစက်နေသော အစားရှောင်မယ်တော်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး ကျိယွမ်အား သတိပေး၏။

"အဲ့ဒီနေရာက အရမ်းကို အန္တရာယ်များတယ်။ မြင့်မြတ်တဲ့ သူတော်စင်တစ်ပါးတောင် အဲ့ဒီမှာ သေဆုံးသွားနိုင်တယ်"

"မှန်တယ်၊ အထူးနည်းလမ်းမရှိဘဲ အဲ့ဒီထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မဆင်မခြင် ဝင်သွားရင် သူတော်စင်တစ်ပါးအတွက်တောင် သေခြင်းတရားက စောင့်ကြိုနေမှာပဲ"

ကျိယွမ်က သဘောတူလိုက်သော်လည်း အားမလိုအားမရတော့ဖြစ်မိသည်။

အစားရှောင်မယ်တော်သည်လည်း ဘိုးဘေးနယ်မြေအကြောင်းကို သူသိထားသည်ထက် ပိုမိုသိရှိပုံ မရပေ။ သူမသည် ခေါင်းငုံ့၍ ငါးကိုသာ ဆက်စားနေပြီး ဘာမှထပ်မပြောတော့ပါ။

ကျိယွမ်သည် ကြယ်တာရာများကို မော့ကြည့်လိုက်၏။ယခုအချိန်တွင် အစားရှောင်မယ်တော်ကသာ သူ၏မျက်နှာမှာက်ုမြင်နိုင်လျှင် အလွန်ဖြူဖျော့နေသည်ကို တွေ့ရပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် မကြာသေးမီက နောက်လိုက်များ၏အဆင့်တက်မှုများကြောင့် ကျိယွမ်၏စွမ်းအားကလည်း တိုးတက်လာသဖြင့် အပြစ်ကင်းသောဖန်သားခန္ဓာ၏သွေးအဆီအနှစ် ဆုံးရှုံးမှုဒဏ်မှာ ပြင်းထန်လွန်းခြင်း မရှိပေ။

"ငါ မထွက်သွားခင်မှာ ငါးစပ်ဟင်း၊ ငါးကင်နဲ့ ငါးချဉ်ဟင်းတွေ အများကြီး လုပ်ထားနော်"

ကျိယွမ်က ဖြူလျော်နေသောမျက်နှာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။ သူ၏မျက်နှာက ပို၍ဖြူဖျော့သွားဦးမှာ သေချာ၏။

"အင်း"

ထိုနေ့၏ ကျန်ရှိသော အချိန်များကိုတော့ အစားရှောင်မယ်တော်သည် ကန်ဘေးတွင် ငါးဖမ်းရင်း ကုန်ဆုံးစေခဲ့သည်။ ဝတ်စုံနီကို ဆင်မြန်းထားပြီး ခါးအထိ ရှည်လျားသော ဆံနွယ်နက်များကဝဲဖြာနေကာ သူမ၏ မျက်ဝန်းများတွင် ဖယ်ရှား၍မရနိုင်သော အေးစက်မှုများကတော့ အချိန်ပြည့်ထင်ဟပ်နေ၏။

အေးစက်မှုကပင်သူမ၏ ပြယုတ်တစ်ခုအလားရှိနေ၏။

ကျိယွမ်ကတော့ အစားရှောင်မယ်တော် ရှာဖွေပေးထားသော ကုလားထိုင်ပေါ်တွင် လဲလျောင်းနေ၏။ သို့သော် သူက အမှန်တကယ် အနားယူနေခြင်း မဟုတ်ပေ။ သူသည် ကန်အတွင်းရှိ ငါးများကို ကြည့်နေရင်း စိတ်အစဉ်မှာ ထူးခြားစွာ ကြည်လင်နေခဲ့သည်။

ရုတ်တရက် သူကအတွေးတစ်ခု ရလာသဖြင့် သူနှင့် မနီးမဝေးရှိ လှပသောပုံရိပ်ကို ​လှမ်းမေးလိုက်မိသည်။

"တကယ်လို့ မင်းသာ အတိတ်ကို ပြန်သွားလို့ရပြီး ငါ့လိုပဲ ဘာကိုမှ ပြောင်းလဲလို့မရဘူးဆိုရင် မင်း ဘာလုပ်မလဲ"

အတိတ်ကို ပြောင်းလဲရန် သူ့တွင် ကောင်းမွန်သော နည်းလမ်း မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ စွမ်းအားကြီးသော နတ်ဘုရားနည်းစနစ်များရှိသော်လည် အတိတ်မှ လူများထံ လက်ဆင့်ကမ်း၍လည်း မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်များသည် စိတ်ကူးပုံဖော်ရခြင်းသာ ဖြစ်ပြီး သင်ကြားပေး၍ မရသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် ဖန်ထုန်နယ်မြေ၏ အင်အားစုများကို အဆင့် မြှင့်တင်ပေးနိုင်ခြင်း မရှိပါ။

သူ့အနေဖြင့် ဘာလုပ်ရမည်နည်း ။

အစားရှောင်မယ်တော်ကို ကွန်တမ်သီအိုရီများ သို့မဟုတ် နျူကလီးယား ဖြတ်တောက်ခြင်းအတတ်ပညာများကို သိသမျှ သင်ပေးရမည်လော။

ထိုအတွေးမှာ ရယ်စရာကောင်းလှသည်။ အကယ်၍ သင်ပေးခဲ့လျှင်ပင် စစ်မှန်နတ်ဘုရားတစ်ပါးအတွက်မူ ထိုအရာမှာ ငါးဖမ်းရန် အသုံးပြုသည့် ဗုံးအဆင့်သာ ရှိလိမ့်မည်။

အကယ်၍ သူကသာ အတိတ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားနိုင်ခဲ့ပါက သမိုင်းကို ပြောင်းလဲနိုင်မည်ဟုတော့ ကျိယွမ် ယုံကြည်ချက် ရှိသည်။ သို့သော် ယခုလို ထိမရကိုင်မရအခြေအနေတွင်မူ သူလုပ်နိုင်သည့်အရာ တစ်ခုမှမရှိပါ။

အစားရှောင်မယ်တော်က ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ၊

"ကျွန်မကတော့ ခရီးသွားတစ်ယောက်လိုပဲ တောင်တွေနဲ့ မြစ်တွေကို ငေးကြည့်နေမိမှာပါ။ အဲ့ဒါနဲ့တင် လုံလောက်ပါတယ်"

သူမက ဖြည်းညင်းစွာ ပြန်ဖြေခဲ့သည်။

"မင်းက ဖန်ထုန်နယ်မြေမှာ နံပါတ်တစ် ဖြစ်နေတာ မဆန်းပါဘူး။ မင်း တကယ်ကို လွတ်လပ်ပေါ့ပါးတဲ့ ဘဝကို ပိုင်ဆိုင်ထားတာပဲ"

ဟုန်ထန်စစ်ပွဲအတွင်း မယ်တော်က သူ့ကို တောင်နှင့် မြစ်များဆီသို့ ခေါ်ဆောင်သွားခဲ့သည်ကို ပြန်လည်အမှတ်ရရင်း ကျိယွမ်က မှတ်ချက်ချလိုက်၏။

ဤသို့ဖြင့် အချိန်များစွာကုန်လွန်ပြီးနောက် စားပွဲပေါ်တွင် ငါးဟင်းအမျိုးမျိုး ပြည့်နှက်နေပြီ ဖြစ်သည်။ အစားရှောင်မယ်တော်သည် လောဘမကြီးဘဲ စားပွဲတွင် ဆံ့ရုံမျှသာ ပြင်ဆင်ထားခဲ့သည်။ ဟင်းနံ့များမှာ မွှေးပျံ့နေသော်လည်း ကျိယွမ်ကတော့ မခံစားနိုင်ပေ။

ငါးများကိုကြည့်ရင်း ကျိယွမ်သည် ရင်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်နေမိသော်လည်း သူ၏ အပြစ်ကင်းသောဖန်သားခန္ဓာသွေးစက်များကို ငါးများပေါ်သို့ ချပေးလိုက်၏။ ငါးများ၏ အညစ်အကြေးများ စင်ကြယ်သွား​သော်လည်း ကျိယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်နဲ့သွားကာ ကျင့်ကြံခြင်းလောက၏ သွေးအားနည်းရောဂါ ခံစားလိုက်ရသလို ဖြစ်သွားသည်။

"ငါ သွားမှရတော့မယ်"

အစားရှောင်မယ်တော်သည် ကျိယွမ် ရပ်နေခဲ့သော နေရာကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲပေါ်ရှိ ငါးများအပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

"ရပါတယ်၊ တစ်ယောက်ကိုတစ်ယောက် ကူညီတာဟာ ရိုးရာဓလေ့ ကောင်းတစ်ခုပဲလေ"

ကျိယွမ်က ပြုံး၍ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ "ဒီဂိမ်းကတော့ သွေးတောင် မချန်ဘဲ အကုန်ယူတာပဲ" ဟု ညည်းညူနေမိသည်။

ထို့နောက် ကျိယွမ်၏ ပုံရိပ်မှာ ကွယ်ပျောက်သွားခဲ့သည်။ ဝါးအိမ်ကလေးမှာ ဗလာကျင်းကျန်ရစ်ခဲ့ပြီး ဝတ်စုံနီနှင့်အမျိုးသမီးမှာ အမှန်တရားတစ်ခုကို သိရှိသွားသည့်အလား တောင့်တင်းသွားခဲ့သည်။ သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"သူ့ကို ဝါးမြိုလိုက်... အရာအားလုံးကို ဝါးမြိုလိုက်စမ်း..."

အမျိုးသမီး၏ မျက်ဝန်းထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီး ရှေ့ရှိငါးများကို ကြည့်နေသောသူမ၏အကြည့်မှာ ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

သူမက မျက်စိမှိတ်ကာ အသက်ပြင်းပြင်းရှုလိုက်၏။

ထို့နောက်သူမသည် ငါးတစ်ဝက်ကို ကုန်သည်အထိ နေ့တစ်ဝက်ခန့် အချိန်ယူကာ ဖြည်းညင်းစွာ ဝါးစားနေခဲ့သည်။

..........

ဖေးဝူမြို့၏ကွင်းပြင်တစ်ခု၌ ရုတ်တရက် လူပေါင်းများစွာ လှစ်ခနဲပေါ်လာကြသည်။

ထိုသူများ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ထိတ်လန့်ဖွယ် ကောင်းလှပြီး သူတို့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာကြည်နူးမှုများ ပြည့်နှက်နေ၏။

ဝမ်စုန်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်ပြီး "ငါ ဝမ်စုန်း တစ်ယောက်၊ အဆင့်ငါးနတ်ဘုရားဘဝကို တက်လှမ်းခွင့် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး" ဟု ရေရွတ်လိုက်သည်။

အဆင့်ငါးနတ်ဘုရားမှာ မဟာအုပ်စိုးရှင်များ၏ နယ်ပယ် ဖြစ်သည်။ယခုဆိုလျှင် သူသည် ငါးဆင့်မြောက်ကို ပြည့်စုံအောင် လုပ်ဆောင်ပြီးပြီ ဖြစ်သဖြင့် နောက်ထပ် တစ်ဆင့်တက်ရုံနှင့် ခြောက်ဆင့်မြောက်သို့ ရောက်ရှိသွားပေတော့မည်။

ဆည်းဆာနတ်ဘုရားကြီးကလည်း သူ့၏ခန္ဓာကိုယ်ကို မယုံနိုင်စွာငုံ့ကြည့်မိနေရင်းမှ သက်ပြင်း သုံးကြိမ်ဆင့်၍ ချလိုက်၏။

အဘိုးကြီး ရှန်လဲ့ကတော့ မြင့်မြတ်သော ဒဏ္ဍာရီနယ်ပယ်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ ဟုန်ထန်စစ်ပွဲကြီးပြီးကတည်းက ဖန်ထုန်နယ်မြေတွင် မြင့်မြတ်သောဒဏ္ဍာရီတစ်ပါးမျှ မရှိခဲ့ဖူးပေ။

ထို့ကြောင့် ကျန်ရှိသော နတ်ဘုရားများက သူ့ကို မနာလို ဖြစ်နေကြကုန်၏။

ကျိယွမ်က နတ်ဘုရားများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ညွှန်ကြားလိုက်သည်။

"မင်းတို့ရဲ့ ခွန်အားတွေကို တည်ငြိမ်အောင် တစ်ရက် အချိန်ယူလိုက်ကြ။ အဲ့ဒီနောက်မှာ ငါတို့ လုပ်စရာ အလုပ်ကြီးတစ်ခုရှိတယ်"

ထိုသူများသည် အသစ်ရရှိထားသော ခွန်အားများကို ထိန်းချုပ်နိုင်ရန် အချိန်လိုအပ်ပေသည်။

"ဟုတ်ကဲ့ပါ အရှင်မြတ်"

စစ်မှန် နတ်ဘုရား တစ်ထောင်ကျော်က ညီညာစွာ ပြန်ထူးလိုက်ကြသည်။

"ဒီမှာ နတ်ဘုရားပေါက်ဖွင့်ဆေးတွေ ရှိတယ်၊ တစ်ယောက်ကို ဆယ်လုံးစီ ယူကြ။ အပေါက်သစ်တွေ ဖွင့်နိုင်မလားဆိုတာကတော့ မင်းတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်"

ကျိယွမ်က ပေါ့ပေါ့ပါးပါးပြောရင်း လက်ကို ဝေ့ယမ်းလိုက်ရာ နတ်ဘုရားတစ်ပါးစီတိုင်း ဆေးဆယ်လုံးစီ ရရှိသွားကြသည်။ ကျိယွမ်သည် အလွန်ကျေနပ်အားရစွာဖြင့် သူကိုယ်သူ ကောင်းကင်ကိုးထပ်မှ သိကြားမင်းကြီးကဲ့သို့ပင် ခံစားနေရသည်။

"ငါလည်းအနားယူတော့မယ် မင်းတို့ဘာသာဆက်ပြီးကျင့်ကြံကြပေါ့"

ကျိယွမ်သည် ထိုနေရာမှပျောက်ကွယ်သွားပြီး မြို့စားအိမ်တွင် ပြန်လည်ပေါ်လာခဲ့သည်။ ထိုနေရာတွင် ချီချီမှာ စဉ်းစားခန်း ဝင်နေပြီး ကျိယွမ်ကို မြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်လိုက်၏။ ချီချီသည် ချင်းရွှေရွာ၏နယ်မြေအတွင်းရှိ နေရာတိုင်းကိုသာမက အခြားတိုင်းပြည်များမှ သတင်းအချက်အလက်နှင့် သံတမန်ရေးရာ ကိစ္စများကို သေချာစွာ စီမံခန့်ခွဲပေးနေသူ ဖြစ်သည်။

"အဖေ... ဧည့်ခန်းမမှာ ဧည့်သည်အချို့ ရောက်နေပါတယ်"

ချီချီက ကျိယွမ်ကို မြန်မြန်ပြောလိုက်သည်။ ထိုသူများမှာ ရှေးဟောင်းမျောက်မျိုးနွယ်၊ ဝေနဂါးမျိုးနွယ်နှင့် ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့တို့မှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ရှေးဟောင်းမျောက်မျိုးနွယ်နှင့် ဝေနဂါးမျိုးနွယ်တို့က ရန်သူကို တိုက်ထုတ်ရန် ပူးပေါင်းချင်ကြသော်လည်း ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်ကတော့ မရှင်းလင်းလှပေ။

"ပြီးတော့... ဖီးနစ်မျိုးနွယ်စုကလည်း ဖေဖေကို ကူညီဖို့ လူစေလွှတ်ထားပါတယ်"

ချီချီက ထပ်မံသတိပေးလိုက်သည်။

"ကောင်းပြီ၊ ငါ သွားကြည့်လိုက်ဦးမယ်"

ကျိယွမ်မှာ အနားယူချိန်မရတော့ဘဲ ထိုနေရာမှပျောက်ကွယ်သွားရပြန်သည်။

ဧည့်ခန်းမအတွင်း၌ ရှေးဟောင်းနတ်ဘုရား အပါးတစ်ဆယ်ကျော်မှာ ကိုယ်စီထိုင်နေကြရင်းမှ တီးတိုးဆွေးနွေးနေကြသည်။

ရှေးဟောင်းမျောက်မျိုးနွယ်စုခေါင်းဆောင် ယွမ်ကွန်းက နေဝင်ချိန်တောင်စောင်းမှ ဖြစ်ရပ်ကို အံ့သြတုန်လှုပ်စွာ ပြောဆိုနေသော်လည်း ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ တစ်ဦးက ရန်စ စကား ပြောလာသည်။

"လောကကြီး အကျိုးအတွက် မြောက်ပင်လယ်နတ်ဘုရားမျက်စိကို ငါတို့ မဟာမိတ်အဖွဲ့ကပဲ ထိန်းချုပ်သင့်တယ်။ မူလနတ်ဘုရားရဲ့ လက်အောက်မှာ မဟာအုပ်စိုးရှင် ချုံးဟွာ တစ်ယောက်ပဲ ရှိတာဆိုတော့ ငါတို့ စိတ်မချဘူး"

မဟာမိတ်အဖွဲ့ခေါင်းဆောင်က သူပိုင်ထားပြီးသားကိစ္စတစ်ခုလို အေးဆေးစွာ ပြောလိုက်၏။ သူတို့သည် လာရောက် ပူးပေါင်းခြင်း မဟုတ်ဘဲ နယ်မြေလုယူရန် ကြံစည်နေခြင်းပင်။

ထိုစဉ် ဝတ်စုံစိမ်းဝတ်ထားသောကျိယွမ်သည် ခန်းမထဲတွင် လက်ခနဲပေါ်လာ၏။

"ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ"

ယဲ့လျိုယွမ်က ကျိယွမ်ကို သတိထားရန် လှမ်း၍ သတိပေးလိုက်သော်လည်း ကျိယွမ်ကတော့ အရေးမစိုက်ပေ။

(ယဲ့လျိုယွမ်ဆိုတာက ကျိယွမ်ပန်းပွဲတော်ကိုသွားတုန်းက လမ်းမှာတွေ့ခဲ့တဲ့ သီးခြားနဂါးမျိုးနွယ်မင်းသားတစ်ပါးပါ)

မဟာမိတ် ခေါင်းဆောင်က ကျိယွမ်ရောက်လာသည်ကိုမြင်သည်နှင့် ချက်ချင်းအရေးဆို၏။

"မင်း မြောက်ပင်လယ်ကို ငါတို့ဆီ လွှဲပေးရင် ငါတို့က ထိုက်တန်တဲ့လျော်ကြေးပေးမှာပါ"

ကျိယွမ်၏ အကြည့်များမှာ အေးစက်သွားပြီး မဟာမိတ်ခေါင်းဆောင်ကို စူးရဲစွာကြည့်လိုက်သည်။

"ငါအော်ပြီးဝင်လာတာကို မင်း နားမကြားဘူးလား"

"မင်းတို့က အလင်းနန်းတော်ထက်တောင် ဆိုးနေပါလား ၊ ဒီပုံဆိုရင်တော့ မင်းတို့က မြောက်ဘက်ကိုမရောက်ဘဲ ​အနောက်ဘက်(သေမင်းနိုင်ငံ) ကို ရောက်သွားလိမ့်မယ်"

ကျိယွမ်၏ ဒေါသသံကြောင့် ရှေးဟောင်းမျိုးနွယ်ခေါင်းဆောင်များအားလုံး ထိတ်လန့်သွားကြသည်။

မဟာမိတ်ခေါင်းဆောင်ကလည်း သူ့အားပြန်အော်လိုက်သောကြောင့် တင်းမာသွားလေသည် ။ သို့သော် သူက ဒေါသကို ထိန်းကာ သတိပေးလိုက်သည်။

"မင်း အခုလိုမလေးမစား​ ပြောတာကို ပြန်ရုပ်သိမ်းရင် အချိန်မီသေးတယ်"

သူ၏စကားက မပြင်းထန်သော်လည်း သေချာပေါကိခြိမ်းခြောက်နေခြင်းဖြစ်၏။

သူ၏မဟာမိတ်အဖွဲ့လိုအင်အားကြီးမားသောအဖွဲ့ကြီးအနေဖြင့် ကျေးရွာလေးတစ်ခုကိုအခြေခံထားသော သာမန်အုပ်စုလေးတစ်ခုကို အရေးစိုက်နေစရာ မလိုပေ။

ကျိယွမ်က ထိုစကားကိုကြားသောအခါ တဟားဟားဟား အော်ရယ်လိုက်သည်။

"ဟုတ်တယ်၊ ငါ အဲ့ဒီစကားကို ပြန်ရုပ်သိမ်းရမယ်။ ဘာလို့လဲဆိုတော့ အလင်းနန်းတော်ဆိုတာက အားနည်းလွန်းတဲ့ ခရမ်းရောင် နန်းတော်အဆင့်အုပ်စုလေးပဲလေ။ မင်းတို့က အဲ့ဒီထက် ပိုဆိုးတယ်။ ပြီးတော့ မင်းတို့က အနောက်ဘက်ကို သွားနေတာ မဟုတ်ဘူး၊ ရောက်တောင် ရောက်နေကြပြီ"

သူက မဟာမိတ်ခေါင်းဆောင်ကို ထပ်မံ လှောင်ပြောင်လိုက်သည်။

မဟာမိတ်ခေါင်းဆောင်၏ မျက်ဝန်းတွင် သတ်ဖြတ်လိုသောအရှိန်အဝါများ ပေါ်လာပြီး အေးစက်သွားသော်လည်း အံကြိတ်ကာ အသိပေးလိုက်၏။

"အများအကျိုးအတွက် မင်းရဲ့ စကားတွေကို ငါ ခွင့်လွှတ်ပေးလိုက်မယ်"

သူက လုံးဝကို အများအကျိုးကိုရှေးရှုသော အကြီးအကဲတစ်ယောက်ပုံစံဖြင့် တည်ရှိနေလိုက်၏။

သို့သော် ကျိယွမ်က သူ့အား ပျင်းရိစွာကြည့်သည်။

"အများအကျိုးအတွက် ကျေးဇူးပြုပြီး သေပေးကြပါလား"

သူက စကားဆုံးသည်နှင့် စိတ်မပါလက်မပါဖြင့် တစ်စုံတစ်ယောက်ကို လက်ခုပ်တီးကာခေါ်လ်ုက်သည်။

"ဟွမ်ဟွန်း နဲ့ ဟော်လျန်... ဒီ မဟာမိတ်အဖွဲ့က သုံးယောက်ကို လမ်းခရီး ပို့ဆောင်ပေးလိုက်ကြစမ်း"

မဟာမိတ်အဖွဲ့​သားများက တဟားဟားဟား အော်ရယ်လိုက်ကြသည်။

"ဆည်းဆာနတ်ဘုရားနဲ့ ​မီးကြာပန်းလား ၊ သူတို့က ငါတို့ကိုမြင်ရင် ဒူးတုန်သွားမှာပေါ့ "

"မြန်မြန်ခေါ်လိုက်စမ်းပါ ၊ ငါတို့ကလည်း အဲဒီသစ္စာဖောက်တွေကို ဆုံးမချင်နေတာ "

ထို့အချိန်မှာပင် ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများနှင့်အတူ မဟာအုပ်စိုးရှင်အဆင့်သို့ ရောက်ရှိနေသည့် ဟွမ်ဟွန်းနှင့် ဟော်လျန်တို့ က ခန်းမထဲတွင် ဝင်းခနဲပေါ်လာကြသည်။

သူတို့၏ပြင်းထန်လွန်းသောအရှိန်အဝါများကြောင့် ခန်းမထဲရှိနတ်ဘုရားများပင် ကြီးမားသော ဖိအားများကို ရုတ်တရက် ခံစားလိုက်ရ၏။

"ဒါ...ဒါက ဟွမ်ဟွန်း နဲ့ ဟော့လျန်တို့ရော ဟုတ်ရဲ့လား .."

------------------

All Chapters