မူလနတ်ဘုရားရဲ့စီမံကိန်းကသာ ဖန်ထုန်လောကအတွက်မျှော်လင့်ချက်ပဲ
Vol. 19 Ch. 224
မဟာမိတ်အဖွဲ့ခေါင်းဆောင်ကြီးသည် ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းနှင့် ဟော်လျန်တို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိသောအခါ အလွန်ထိတ်လန့်သွားလေသည်။
ထိုနှစ်ယောက်ထဲမှ မည်သူ့ကိုမဆို သူမယှဥ်နိုင်ကြောင်းကိုလည်း ချက်ချင်းသိလိုက်ရ၏။
ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှလိုက်ပါလာသော မဟာအုပ်စိုးရှင်သုံးပါးကတော့ အိမ်မက်ဆိုးတစ်ခုကို မြင်မက်နေရသကဲ့သို့ အလွန်တုန်လှုပ်ခြောက်ခြားသွားကြသည်။ ကျန်သော ရှေးဟောင်းနတ်ဘုရားများသည်လည်း ရှေ့တွင်မြင်တွေ့နေရသော မြင်ကွင်းကြောင့် ဆွံ့အလျက်ရှိကြ၏။
"သတ်လိုက်"
ကျိယွမ်က သာမန်ကိစ္စလေးတစ်ခုအလား တိုးညှင်းစွာ အမိန့်ချလိုက်သည်။
ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းနှင့် မီးကြာပန်းသခင်မဟော်လျန်တို့ကလည်း အညှာတာမဲ့စွာ လှုပ်ရှားကြ၏။ သူတို့၏ ခေါင်းဆောင်ဟောင်းကို ပြန်လည်ရင်ဆိုင်ရသော်လည်း တွေဝေမနေဘဲ နတ်ဘုရားနယ်ပယ်စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ပြီး ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ မဟာအုပ်စိုးရှင်သုံးပါး၏ နတ်ဘုရားနယ်ပယ်များကို ချက်ချင်းပင် ဖိနှိပ်ခြေမှုန်းပစ်လေသည်။
ပြင်းထန်သောဖိအားကြောင့် မဟာမိတ်ခေါင်းဆောင်ကြီး၏ မျက်နှာမှာ အလွန်ဖြူလျော်သွားခဲ့သည်။
"အဆင့်..အဆင့် ၅ တောင်ရောက်နေတာလား "
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အခြားအုပ်စိုးရှင်တစ်ပါးကလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
"ငါတို့အားလုံးက တစ်ဖက်တည်းသားတွေပဲ၊ ဒီလောက်ထိ အကြမ်းဖက်စရာမလိုပါဘူး"
ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ အုပ်စိုးရှင်တစ်ပါးက အကူအညီမဲ့စွာ တောင်းပန်တိုးလျှိုးလိုက်သည်။
သို့သော် ကံဆိုးစွာပင် ဟွမ်ဟွန်းနှင့် ဟော်လျန်တို့သည် ကျိယွမ်ထံမှ လက်ရှောင်ရန် အမိန့်တစ်စုံတစ်ရာ မရရှိထားသောကြောင့် အဆက်မပြတ်တိုက်ခိုက်ကြ၏။
၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ရေနှင့်မီး နတ်ဘုရားနယ်ပယ်နှစ်ခုသည် မဟာအုပ်စိုးရှင်သုံးပါး၏ နတ်ဘုရားနယ်ပယ်များကို ဘာမျှမဟုတ်သည့်အလား ဖျက်ဆီးပစ်သည်။
ဆည်းဆာနတိဘုရားဟွမ်ဟွန်းသည် ကမ္ဘာပေါ်ရှိ ရေထုအားလုံးကို အုပ်စိုးသော ကပ်ဘေးရေနတ်ဘုရားကို စိတ်ကူးပုံဖော်ထားသူဖြစ်၏ ။ သာမန်အုပ်စိုးရှင်းသုံးပါးက မည်သို့ယှဉ်ပြိုင်နိုင်ပါမည်နည်း။
နတ်ဘုရားအရှိန်အဝါ ကင်းမဲ့နေသော ၎င်းတို့၏ နတ်ဘုရားနယ်ပယ်များသည် သူတော်စင်အဆင့်များ၏ ရှေ့မှောက်တွင် အားနည်းချက်များစွာရှိသော ကြွေရုပ်ကလေးများကဲ့သို့ပင် ။ အလွယ်တကူ ကျိုးလွယ် ကြေလွယ် ပျက်စီးလွယ်လွန်းနေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာအုပ်စိုးရှင်သုံးပါး၏ နတ်ဘုရားနယ်ပယ်များ ပျက်စီးသွားပြီး လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိဖြစ်သွား၏။
၎င်းမှာ တိုက်ပွဲတစ်ခုမဟုတ်ဘဲ တစ်ဖက်သတ် သတ်ဖြတ်မှုသာဖြစ်သည်။
ကျင့်စဉ်အဆင့်ချင်း ကွာခြားရုံသာမက နတ်ဘုရားနယ်ပယ်၏ အနှစ်သာရချင်းကလည်း ကွာချင်တိုင်းကို ကွာခြားနေတော့သည်။
မဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းသည် နတ်ဘုရားနယ်ပယ်ပေါ်တွင် တည်ရှိ၏။ နတ်ဘုရားအရှိန်အဝါပါရှိသော နတ်ဘုရားနယ်ပယ်နှင့် မပါရှိသောနတ်ဘုရားနယ်ပယ်တို့မှာ လုံးဝကို ကွဲပြားခြားနားလှသည်။
နှိုင်းယှဉ်ရလျှင် သင်္ချာပုံသေနည်းများကို အလွတ်ကျက်၍ အသုံးပြုနေသော ကျောင်းသားတစ်ဦးနှင့် ထိုပုံသေနည်းများကို ကိုယ်တိုင်ဖန်တီးထားသော သင်္ချာပညာရှင်တစ်ဦးကဲ့သို့ ကွာဟချက်က အလွန့်အလွန်ကို ကြီးမားခြင်းမျိုးဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ အုပ်စိုးရှင်သုံးပါး၏ နတ်ဘုရားနယ်ပယ်များ ပျက်စီးသွားပြီးနောက် နတ်ဘုရားစွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ၎င်းတို့ သုံးပါးစလုံးမှာ နေရာမှာပင် ကြက်ကလေးငှက်ကလေးများလို အသက်ပျောက်သွားကြတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းစသည့် ခံစားချက်ပေါင်းစုံသည် ခန်မးထဲရှိရှေးဟောင်းနတ်ဘုရားများ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။
ကျိယွမ်သည် အုပ်စိုးရှင်သုံးပါး၏ အလောင်းများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မိုင်ပေါင်းထောင်ချီကနေ နတ်ဘုရားစွမ်းအားတွေကို လာရောက်ပေးပို့တာက တကယ့်ကို အလိုက်သိတဲ့ လုပ်ရပ်ပါပဲ။ ဒီကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒီနေ့ ငါ ထမင်းသုံးပန်းကန် ပိုစားမယ်လို့ ဆုံးဖြတ်လိုက်ပြီ"
မဟာအုပ်စိုးရှင်သုံးပါး သေဆုံးသွားခြင်းမှာကြီးမားသောကိစ္စကြီးတစ်ခုဖြစ်သင့်သော်လည်း ကျိယွမ်ကတော့သာမန်အရာလေးတစ်ခုအလားရှိနေပြီး အစားကောင်းကောင်း စားနိုင်ရန်သာ ပြင်ဆင်နေ၏။
အခြားသော ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်ကို ကြည့်ကာ ၎င်းတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ကျိယွမ်နှင့် ရင်းနှီသော ယဲ့လျိုယွမ်ပင် တိတ်ဆိတ်နေ၏။ ကျိယွမ်၏ လုပ်ရပ်များသည် သူ၏ ကမ္ဘာ့အမြင်ကို အမြဲတစေ ရိုက်ချိုးဖျက်ဆီးနေသည် မဟုတ်ပါလား။
ယခုလည်း ဖန်ထုန်နယ်မြေ၏ ထိပ်ဆုံးအဆင့်များဖြစ်သော မဟာအုပ်စိုးရှင်သုံးပါးကို ကြက်ကလေးငှက်ကလေးများအလား လွယ်ကူစွာသတ်ပြနေသည်။
ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ လာသူများတွင် မကောင်းသောရည်ရွယ်ချက် ရှိသော်လည်း တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုရသေးပေ။ သို့သော် ကျိယွမ်ကတော့ စကားအပိုမပြောဘဲ တိုက်ရိုက်သတ်ဖြတ်ပစ်၏။
ယဲ့လျိုယွမ်၏အကြည့်များက ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းဆီသို့ ကျရောက်သွားသည်။
ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းကိုပန်းပွဲတော်တွင် သူကောင်းစွာ မြင်ဖူးခဲ့ပါသည် ၊ ထိုစဥ်က အဆင့်နှစ်ရှိသော စစ်မှန်နတ်ဘုရားသာဖြစ်သည်။
ဟခုတော့ ထိုအဘိုးအိုသည် မဟာအုပ်စိုးရှင်တစ်ပါးဖြစ်နေလေပြီ ၊ ပို၍ထိတ်လန့်စရာမှာ အဆင့်ငါးသို့ ရောက်ရှိနေခြင်းပင်။
ငါတို့မတွေ့တာမှ ဘယ်နှစ်ရက်ပဲကြာသေးလို့လဲ ၊သူက ဒီအဆင့်ကို ဘယ်လိုများရောက်သွားပါလိမ့်။
သူလုံးဝကို အဖြေရှာမရပါ။
ကျိယွမ်သည် ကြောက်လန့်နေသော ရှေးဟောင်းနတ်ဘုရားများကို ကြည့်ကာရှင်းပြသည်။
"မကြောက်ကြပါနဲ့ ၊ ကျုပ်က သွေးဆာနေတဲ့လူ မဟုတ်ဘူး။ ဒီလူတွေက အလင်းနန်းတော်ရဲ့ ဗားရှင်းအသစ်တွေဖြစ်ပြီး ကျုပ်နဲ့ ရန်ငြိုးကြီးကြီးမားမား ရှိခဲ့လို့ပါ။ ကျုပ် အခြေတည်အဆင့်မှာရှိနေတုန်းက သူတို့က ကျုပ်ကို နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်အစွမ်းထက်လာတဲ့တစ်နေ့မှာတော့ ဖိနှိပ်သူတွေကို ပြန်တိုက်ပြီး အဲဒီအလင်းနန်းတော်ကို အမြစ်ပြတ်အောင် လုပ်နိုင်ခဲ့တယ်။ "
"သူတို့ဂိုဏ်းက ဒီမှာလည်း ဗားရှင်းတစိမျိုးနဲ့ လာဖွင့်ထားမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါကြောင့် ကျုပ်အနေနဲ့ သတ်ပစ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ စိတ်ချပါ ကျုပ် လူကောင်း ။ အပြစ်မဲ့တဲ့သူတွေကို ဘယ်တော့မှ မထိခိုက်စေသလို တစ်မိသားစုလုံးကို သုတ်သင်တဲ့အကျင့်လည်း မရှိပါဘူး"
သူ၏အသံက အမှန်တကယ်ကို ချိုသာနေ၏။
ခန်းမထဲမှလူများမှာ သူ၏စကားများကို နားလည်သလိုလို ၊ နားမလည်သလိုလိုဖြစ်နေသော်လည်း စိတ်မကွက်ရဲကြသဖြင့် မသက်မသာစွာ ဟန်ဆောင်ပြုံးလိုက်ကြရသည်။
ယဲ့လျိုယွမ်ကတော့ ကျိယွမ်အား မသက်မသာကြည့်ပြီး "ညီအစ်ကိုကျိ ၊ မင်းပြောတဲ့စကားတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာ မသိဘူးလား။ အလင်းနန်းတော်ကို အမြစ်ပြတ်သုတ်သင်ခဲ့တယ်လို့ ပြောပြီးတော့မှ တစ်မိသားစုလုံးကို သုတ်သင်တာမျိုးမလုပ်ဘူးလို့ ပြောတာကြီးကို ဘယ်သူကယုံမှာလဲ" ဟု မေးချင်စိတ်များ တဖွားဖွား ပေါ်နေ၏။
ရှေးဟောင်းမျောက်မျိုးနွယ်စု၏ ခေါင်းဆောင် ယွမ်ကွန်းမှာမူ ချွေးများပင် စိမ့်နေပြီး ကျောပြင်တစ်ခုလုံး ရွှဲရွှဲစိုးနေသည်။
"ကျွန်တော့်ရဲ့ မြေးဖြစ်သူက မူလနတ်ဘုရားကို စော်ကားခဲ့တာမို့ သတ်ပစ်တာ မှန်ကန်ပါတယ်။ ကျွန်တော် ယွမ်ကွန်းကလည်း မူလနတ်ဘုရားကို တောင်းပန်ဖို့ရောက်လာတာပါ"
ကျိယွမ်၏ အကြည့်က အေးစက်သွားပြီး အေးစက်သော အရှိန်အဝါတစ်ခုသည် ယွမ်ကွန်းကို လွှမ်းခြုံသွားလေသည်။
"ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ခင်ဗျားရဲ့မြေးလား။ ဒါဆို ခင်ဗျားက တကယ့်အစွမ်းကို ဖုံးကွယ်ထားတဲ့ ကျင့်ကြံသူပေါ့ ၊ ဟုတ်လား"
"မဟုတ်ရပါဘူး"
ယွမ်ကွန်းမှာ ကြောက်လွန်း၍ တုန်ယင်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျွန်..ကျွန်တော်က ရှေးဟောင်းမျောက်မျိုးနွယ်ကပါ "
ထိုအခါမှ ကျိယွမ်ကပြေလျော့သွား၏။
"ဩော်... ခင်ဗျားက ရှေးဟောင်းမျောက်မျိုးနွယ်စုကကိုး။ ကျုပ်ကို လန့်အောင်လုပ်နေတာပဲ။ အဲ့ဒီရွှေရောင်မျောက်အတွက် လက်စားချေဖို့ အခွင့်အရေးစောင့်နေတာလားလို့တောင် ထင်မိတယ်။ ကျုပ်က မဟာအုပ်စိုးရှင်တွေနဲ့ နတ်ဘုရားတွေကိုခေါ်ပြီး မခင်ဗျားတို့မျိုးနွယ်စုဆီ အလည်လာဖို့တောင် စဉ်းစားနေတာ။ "
"ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ကျုပ်က မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ အဲ့ဒီရွှေရောင်မျောက်အတွက် ပန်းခွေသွားချပြီး နာရေးထမင်းစားပွဲ တက်ချင်ရုံတင်ပါ"
သူက ပြုံးရွှင်စွာရှင်းပြလိုက်သေးသည်။
ကျိယွမ်ပြုံး၍သာ လိုက်ပြုံးပြနေရသော်လည်း ယွမ်ကွန်း၏အပြုံးမှာ ငိုချင်နေသဖြင့် မဲ့ပြုံးကြီးဖြစ်နေ၏ ။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်အောင် တုန်ရီနေလေသည်။
ကျိယွမ်က မကောင်းသော ရည်ရွယ်ချက်မရှိဟုပြောနေသော်လည်း သူက လူအ' မဟုတ်ပါ ။မဟာအုပ်စိုးရှင်များကိုပါခေါ်ပြီး ပန်းခွေလာချမည်၊ နာရေးထမင်းစားပွဲ တက်မည်ဆိုသည်မှာ တစ်မျိုးနွယ်လုံးကို သုတ်သင်ပစ်မည်ဟု ဆိုလိုခြင်းသာဖြစ်ကြောင်း သူကောင်းစွာသဘောပေါက်လေသည်။
သူက ရန်ငြိုးရန်စကိုချန်မထားချင်လို့ တစ်ခါတည်းအမြစ်ဖြတ်မလိုကြံထားတာပဲ..ဘုရား ..ဘုရား ။
ယွမ်ကွန်းသည် ယနေ့ ဤနေရာသို့ လာခဲ့မိသည်မှာ ကံကောင်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။
ဘုရား ဘုရား အချိန်မီရုံလေးပဲ။
"မူလနတ်ဘုရားအရှင် ၊ ကျွန်တော့်ရဲ့ ရှေးဟောင်းမျောက်မျိုးနွယ်စုက အရှင်မြတ်ဆီမှာ အပြည့်အဝခစားချင်ပါတယ်၊ အရှင်မြတ်ရဲ့ လက်အောက်ခံတွေ ဖြစ်ပါရစေ"
ယွမ်ကွန်းကတုန်ယင်နေသည့်ကြားမှ အံကြိတ်၍ ပြောလိုက်သည်။
သူသည် ကျိယွမ်က စိတ်ပြောင်းသွားပြီး သူ၏မျိုးနွယ်ကို သုတ်သင်လိုက်မည်ကို အလွန်စိုးရိမ်နေ၏ ။ မဟာမိတ်အဖွဲ့လို ထိပိတန်းအဖွဲ့ကြီး၏ ခေါင်ဆောင်များဖြစ်သော မဟာအုပ်စိုးရှင်ကြီးများက်ုပင် မပြောမဆိုထသတ်ပစ်သောသူက သူတို့လိုမျိုးနွယ်စုလေးအား အလွယ်လေးသတ်ပစ်နိုင်သည် မဟုတ်ပါလား။
"ဟေ.."
ကျိယွမ်က သူ၏စကားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
ဒီနေ့က ဘာနေ့လဲ ၊ ငါ့နောက်လိုက်ဖြစ်ချင်ပါတယ်ဆိုပြီး သူ့သဘောနဲ့သူ တကူးတကကြီးလာကမ်းလှမ်းတဲ့သူ ပေါ်လာတယ်ပေါ့။
ပုံမှန်ဆိုလျှင် နတ်ဘုရားများကို လက်အောက်ခံအဖြစ် ရရှိရန် အလွန်ခက်ခဲသော်လည်း ယခုမူ တစ်မျိုးနွယ်လုံးက လက်အောက်ခံပါရစေဟု လာရောက်ကမ်းလှမ်းနေခြင်း ဖြစ်သည်။
ယနေ့ ငါ့ရဲ့ကံဇာတာ အရမ်းကောင်းနေတာလား။
ကျိယွမ်က ဝမ်းသာအားရဖြင့် အခြားရှေးဟောင်းနတ်ဘုရားများကို ကြည့်လိုက်သည်။
"မင်းတို့ကော ဘယ်လိုလဲ"
၄င်းတို့မှာ ဘာလုပ်ရမလိုလိုဖြစ်သွားပြီးမှ။
"ကျွန်တော်တို့လည်း အရှင်မြတ်ရဲ့ လက်အောက်ခံအဖြစ် ခစားပါရစေ"
ထိုရှေးဟောင်းနတ်ဘုရားများကလည်း မငြင်းဆန်ရဲသည့်အဆုံး ရောယောင်ကာသစ္စာခံလိုက်ရတော့သည်။
ကျိယွမ်မှာ အလွန်ကျေနပ်သွားလေ၏။
"ဒီနေ့ ငါ့ရဲ့ကံက တကယ့်ကို ကောင်းနေတာပဲ။ ထီဆိုင်သာရှိရင် ထီလက်မှတ်တချို့တောင် ဝယ်လိုက်ချင်ပါရဲ့"
"ရှောင်ချီ"
ကျိယွမ်က ချီချီအားခေါ်လိုက်သည်။
စိမ်းဖန့်ဖန့် ဝတ်စုံကို ဝတ်ဆင်ထားသော ချီချီက ခန်းမထဲသို့ချက်ချင်းရောက်လာ၏။
သူမသည် မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို တစ်ချက်သာကြည့်ပြီး ကျိယွမ်အနီးသို့သွားလိုက်သည်။
"မှတ်ပုံတင်စာရွက်တွေ ဘယ်မှာလဲ။ ဒီလူတွေက ငါ့ရဲ့လက်အောက်ခံ ဖြစ်ချင်ကြတယ်တဲ့၊ သူတို့ရဲ့ အချက်အလက်တွေကို သေချာမှတ်ပုံတင်လိုက်ပါ"
ချီချီက အနည်းငယ်အံ့အားသင့်သွားသော်လည်း တုံ့ဆိုင်းမနေပါ။
"နားလည်ပါပြီ"
သူမက ခဏအတွင်း မှတ်ပုံတင်စာရွက်များ ဝေငှလိုက်၏။
ကျိယွမ်က နောက်လိုက်အသစ်များကို သေချာမှာကြားသည်။
"ဒီမှာမရှိတဲ့ မင်းတို့မျိုးနွယ်စုထဲက စစ်မှန်နတ်ဘုရားတွေရဲ့ အချက်အလက်တွေကိုလည်း မှတ်ပုံတင်ဖို့ မမေ့နဲ့၊ သူတို့အတွက်ပါဖြည့်"
မှတ်ပုံတင်ခြင်းများ ပြီးစီးသွားသောအခါ သက်ကြီးရွယ်အိုတစ်ဦးက ရှေ့ထွက်လာ၏။
"အရှင်မြတ်၊ ချင်းဟန်တိုက်ကြီးမှာ စစ်ပွဲစတော့မယ်ဆိုတော့ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ"
သူက ထိုကိစ္စကိုအလွန်စိုးရိမ်တကြီးဖြစ်နေပုံရလေသည်။
ကျိယွမ်က ခေါင်းယမ်းလိုက်သည်။
" နတ်ဘုရားမျက်စိမှာ သွားပုန်းနေဖို့လာမပြောနဲ့ ၊ အဲဒါက ကျုပ်ရဲ့ ပုံစံမဟုတ်ဘူး"
"အရှင်မြတ်မှာ တခြားစီမံကိန်းတစ်ခုခုများ ရှိပါသလား"
အခြား ရှေးဟောင်းနတ်ဘုရားများက သိချင်စိတ်ဖြင့် မေးကြသည်။
"ဒါပေါ့၊ ငါ့မှာ အသေးစိတ် ပြင်ဆင်ထားတဲ့ စီမံကိန်းတစ်ခု ရှိပါတယ်။ ငါ့ရဲ့ စစ်တပ်က ခဏနားနေတာ၊ နာရီဝက်လောက်ကြာရင် ချင်ဟန်တိုက်ကြီးမှာရှိတဲ့ မိစ္ဆာနတ်ဘုရားတပ်တွေရဲ့ အခြေစိုက်စခန်းကို အလစ် သွားတိုက်ခိုက်ပြီး အမြစ်ပြတ် သုတ်သင်ပစ်မယ်။ အကောင်းဆုံး ကာကွယ်ရေးဆိုတာ အကြမ်းဆုံး တိုက်စစ်ဆင်တာပဲ။အခုလိုအချိန်မှာ တစ်ရွာလုံးကို စုစည်းပြီး မိစ္ဆာတွေကို သွားသတ်မယ်လို့ သူတို့ ဘယ်တော့မှ ထင်ထားမှာမဟုတ်ဘူး"
ကျိယွမ်က တက်ကြွစွာ ပြောလိုက်သည်။
အထာမသိသေးသော ရှေးဟောင်းနတ်ဘုရားများမှာ ရှေ့ကလူများအတိုင်း ဆွံ့အသွားကြပြန်သည်။
သာမန်ရွာသားများကိုစုပြီး မိစ္ဆာနတ်ဘုရားတပ်စခန်းကြီးများကို သွားရောက်တိုက်ခိုက်မည်ဆိုသည့်စီမံကိန်းမှာ သူတို့အတွက်တော့ ရူးသွပ်မှုကြီး ဖြစ်နေသည်။ပုံမှန်အသိရှိသူများ ကြံစည်အပ်သောအရာမျိုး မဟုတ်ပါတကား ။
သို့သော် ကျိယွမ်ကို ကြောက်လန့်နေသဖြင့် မည်သူမျှ ကန့်ကွက်စကားမပြောရဲကြပေ။
"ငါ့ရဲ့စီမံကိန်းက မကောင်းဘူးလား၊ ဘာလို့ မင်းတို့က လက်ခုပ်မတီးကြတာလဲ"
ကျိယွမ်၏ ဘောက်ဆက်ဆက်အသံကြောင့် သူတို့အဖွဲ့မှာ ဟုတ်တာမဟုတ်တာအသာထား ခေါင်းများတွင်တွင်ညိတ်ကာ
ထောက်ခံလိုက်ရတော့သည်။
ယဲ့လျိုယွမ်ကပင် ငါတော့လိုက်လာမိတာ မှားပြီဟု နာကျင်စွာတွေးနေမိလေပြီ။
ကျိယွမ်က မပြီးသေးပါ၊ ထပ်၍မိန့်ခွန်းချွေနေပြန်၏။
"ဒါတင်မကသေးဘူး၊ နောက်ပိုင်းမှာ ထျန်းကျူ(ကောင်းကင်တိုင်လုံး) ကိုပါ ပြန်ပြီးတိုက်စစ်ဆင်မယ်။ အဲ့ဒီကျရင်တော့ မင်းတို့လည်း ပါဝင်နိုင်ပြီ။ အခုကစပြီး ဖန်ထုန်လောကသားတွေဟာ ဖန်ထုန်လောကရဲ့ သခင်တွေ ပြန်ဖြစ်ရမယ်။ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ဖန်ထုန်လောကကို တစ်ကျော့ပြန် ကြီးကျယ်ခမ်းနားအောင် ငါတို့ လုပ်ကြမယ်"
သူက ခန့်ညားစွာ ကြွေးကြော် မိန့်ကြားလိုက်သည်။
အားလုံးမှာ ယောင်နနဖြင့် လက်ခုပ်များတဖြောင်းဖြောင်း ထတီးရတော့သည်။ သို့သော် သူတို့၏မျက်နှာများကတော့ လက်ခုပ်သံများလို တတ်ကြွမနေခဲ့ကြပါ။
ထိုအချိန်မှာပင် ကျိယွမ်သည် ရုတ်တရက် ဆိုသလို မပြောမဆိုနှင့် ပျောက်ကွယ်သွားလေသည်။
ထိုအခါမှသာ ရှေးဟောင်းနတ်ဘုရားများ သက်ပြင်းချနိုင်ကြတော့သည်။
ခန်းမထဲတွင်နေခဲ့သူများကို မီးကြာပန်းသခင်မက နားလည်စွာပြုံးပြ၏။
"အရှင်မြတ်ရဲ့ စွမ်းအားကို ရှင်တို့ နားမလည်နိုင်သေးတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အရှင်မြတ်ရဲ့ လုပ်ရပ်တိုင်းဟာ သေချာတွက်ချက်ထားတဲ့ စီမံကိန်းတွေပဲ။ ထျန်းကျူပေါ်က (ကောင်းကင်တိုင်လုံးပေါ်က ) နတ်ဘုရားကိုတောင် သူက ယှဉ်ပြိုင်ဖို့ အသင့်ရှိနေတယ်။ ဒီနေ့ ကြွေကျသွားတဲ့ နေမင်းကြီးကို မြင်လိုက်လား၊ အဲ့ဒါ အရှင်မြတ်ရဲ့ အမြုတေပဲ "
"ဗျာ..."
ယခုမှ အကြောက်ပြေကာစရှိနေသော ရှေးဟောင်းနတ်ဘုရားများမှာ တဖန်ပြန်၍ တုန်လှုပ်သွားကြကုန်၏။
မိုးကောင်ကင်ပေါ်က နေမင်းကြီးသည် အရှင်မြတ်၏ အမြုတေတဲ့...။
ငါ ဘာကြားလိုက်ရတာလဲ။
အိပ်ယာဝင်ပုံပြင်တွေလား ။
"မယုံမရှိကြနဲ့ ၊ ငါတို့ရဲ့ဖန်ထုန်လောကအတွက် မျှော်လင့်ချက် ကင်းမဲ့နေတာ ကြာခဲ့ပြီ။ ဒါပေမဲ့ အခုတော့ အရှင်မြတ်ရဲ့ စီမံကိန်းဟာ ဖန်ထုန်လောကအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ "
-------------