← Chapters

တိုက်ပွဲစတင်ခြင်း

Vol. 19 Ch. 225

တိုက်ပွဲစတင်ခြင်း

Vol. 19 Ch. 225

မီးကြာပန်းအရှင်မ၏ မျက်နှာထက်ရှိ ကြည်ညိုလေးစားမှုကို မြင်တွေ့ရသောအခါ ခန်းမထဲရှိ ရှေးဟောင်းနတ်ဘုရားများအားလုံးမှာ ယုံရခက်ခက် မယုံရခက်ခက်ဖြစ်နေကြသည်။

မီးကြာပန်းအရှင်မက သူတို့ကို လှည့်စားနေသည်ဟု ဆိုစေဦးတော့ သူမ၏ကျင့်စဉ်အဆင့်အတန်းကိုမူ လိမ်ညာ၍ မရနိုင်ပေ။

ဒုတိယအဆင့်မှပဉ္စမအဆင့်သို့ တက်လှမ်းခြင်းသည် အဆင့်သုံးဆင့်စာကို ခုန်ပျံကျော်လွှားခြင်းဖြစ်ပြီး ပုံမှန်ဆိုလျှင် စစ်မှန်နတ်ဘုရားတစ်ပါးအတွက် နှစ်ပေါင်းသောင်းချီ၍ အချိန်ယူရမည်ဖြစ်၏။ ထို့ပြင် ကောင်းကင်နှင့်မြေကြီး၏ အပြောင်းအလဲများဖြစ်ပေါ်ပြီးနောက်တွင် တိုးတက်ရန် ပိုမိုခက်ခဲလာပြီး စစ်မှန်နတ်ဘုရားဟူခေါ်သော အုပ်စိုးရှင်အဆင့်မှ မဟာအုပ်စိုးရှင်အဆင့်သို့ တက်လှမ်းရန်မှာ လူတိုင်းအတွက် မလွယ်ကူတော့ပေ ။ နှစ်ပေါင်းသောင်းချီကျင့်လျှင်ပင် လူတိုင်းအဆင့်မတတ်နိုင်တော့ဘဲ ပါရမီရှင်များသာ တတ်နိုင်သောကာလဖြစ်သည်။

သို့သော် ရက်အနည်းငယ်အတွင်းလေးမှာပင် မီးကြာပန်းအရှင်မ၏ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲသွားမှုကတော့ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ရာဖြစ်နေ၏။

အကယ်၍ သူမတစ်ဦးတည်းသာ ဤသို့ပြောင်းလဲခဲ့လျှင် မူလနတ်ဘုရား သည် အမျိုးသမီးအပေါ် သာယာတတ်ကာ မျက်နှာသာပေးသောကြောင့်ဟု ထင်မှတ်နိုင်သော်လည်း ဆည်းဆာနတ်ဘုရားကြီးဟွမ်ဟွန်းပါ ထပ်တူပြောင်းလဲသွားခြင်းမှာ မည်သို့ပင်တွေးပါစေ ယုတ္တိ၏အပြင်ဘက်သို့ ကျော်လွန်နေပြီး ရှင်းပြ၍ပင် မရနိုင်တော့ပါ။

တိတ်ဆိတ်နေသော ယဲ့လျိုယွမ်၏ အသက်ရှူသံများ မြန်ဆန်လာ၏။

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်...

ထိုသူများ၏ ခွန်အားများ ရုတ်တရက် မြင့်တက်လာခြင်းမှာ ဤအကြောင်းပြချက်တစ်ခုသာ ရှိနိုင်ပေသည်။

ရုတ်တရက် ယဲ့လျိုယွမ်သည် ကျိယွမ်ပြောပြဖူးသည့် အစွမ်းထက်သောနဂါးမျိုးနွယ်စုများအကြောင်းကို သတိရမိပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ယင်လာ၏။ အကယ်၍ ထိုအရာများသာ အစစ်အမှန်ဖြစ်ပြီး သူသာရရှိခဲ့လျှင် မည်မျှကြီးမားသော အခွင့်အရေးကြီးဖြစ်လာမည်နည်း။

ယခုတော့ သူအလွန်နောင်တရမိ၏။ ပန်းတစ်ရာပွဲတော်အပြီးတွင် ကျိယွမ်၏နောက်သို့ လိုက်ကာ ချင်းရွှေကျေးရွာသို့ သွားခဲ့သင့်သည်။ ထိုသို့သာ စောစောစီးစီး သွားခဲ့ပါက သူလည်း ယခုအချိန်တွင် မဟာအုပ်စိုးရှင်ကြီးတစ်ပါး ဖြစ်နေမှာသေချာသည်။

ယဲ့လျိုယွမ်မှာ တွေးလေတွေးလေ သူ၏ စိတ်ထဲတွင် နောင်တရလေပင်။

တစ်ပြိုင်နင်တည်းမှာပင် အခြားသော ရှေးဟောင်းနတ်ဘုရားများ၏ စိတ်ထဲတွင်လည်း အတွေးမျိုးစုံ ပေါ်ပေါက်နေကြ၏။

"ဒီညတိုက်ပွဲစတော့မယ်။ သတင်းတွေ ပေါက်ကြားမသွားအောင် အားလုံးပဲ ဒီမှာ တစ်ရက်လောက် နားနေကြပါ"

မီးကြာပန်းအရှင်မ၏ နူးညံ့သောအသံဖြင့်အားလုံးကို ညွှန်ကြားလိုက်သည်။

"တစ်ရက်က အရမ်းမတိုလွန်းဘူးလား၊ တိုက်ပွဲပြီးအနီးအထိ စောင့်ရင်ရော ဘယ်လိုလဲ"

ယွမ်ကွမ်းက တည်ငြိမ်စွာဆို၏။ သူတို့အားလုံးသည် ကျိယွမ်၏စီမံကိန်းအတွက် ရှေ့တန်းတင် စဉ်းစားပေးရန်စတင်တွေးတောလာကြခြင်းပင်။

ဟွမ်ဟွန်းနှင့် ဟော်လျန်တို့သည် ထပ်မံရှင်းပြခြင်း မပြုတော့ဘဲ ညွှန်ကြားချက်အချို့ ပေးပြီးနောက် ခန်းမထဲမှ ပျောက်ကွယ်သွားကြ၏။

ဤသို့ဖြင့် ညချမ်းအချိန်သို့ ရောက်ရှိလာသောအခါ ခန်းမဆောင်အတွင်း၌ ထိတ်လန့်ဖွယ် ကောင်းသော ပုံရိပ်အချို့ ပြန်လည်စုဝေးလာကြပြန်၏။

ကျိယွမ်၏ရှေ့တွင် ရှေးဟောင်းနတ်ဘုရားများစွာရှိနေသည်။ ထိုနတ်ဘုရားများမှာ အလွန်အစွမ်းထက်သော မဟာအုပ်စိုးရှင်များဖြစ်သည်။ သူတို့သည် ချင်းဟန်တိုက်ကြီးရှိ မိစ္ဆာနတ်ဘုရားများ၏ အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ဆွေးနွေးနေကြ၏။

အဘိုးကြီးရှန်လဲ့ကလည်း တက်ကြွနေပြီး ဆွေးနွေးရာ၌ သူ၏အသံကညံနေလေသည်။

"ချင်းဟန်တိုက်ကြီးမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ် နှစ်ယောက်ရှိတယ်။ တစ်ယောက်က ဗိုလ်ချုပ်လီယန်ဖြစ်ပြီး နောက်တစ်ယောက်က ဒုဗိုလ်ချုပ် ထိုက်ကျုံးပဲ။ အဲဒီနှစ်ယောက်ကို ငါ့လက်တစ်ဖက်တည်းနဲ့ နှိမ်နင်းပြမယ် ၊ မင်းတို့ကြည့်ထားလိုက် "

သူက အားရပါးရကြီးကြုံးဝါးလိုက်သည်။

"ကျွန်မတို့ နတ်မင်းကိုးပါးကလည်း ပဉ္စမအဆင့်ကိုပဲ ရောက်သေးပေမဲ့ ကျွန်မတို့ရဲ့ နတ်ဘုရားနယ်ပယ်တွေကို ပေါင်းစပ်ပြီးတော့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ကို ယှဉ်တိုက်နိုင်ပါတယ်နော်"

အမြွှာညီအစ်မနှစ်ဖော်ထဲမှ အစ်မဖြစ်သူက လည်း အားကျမခံတုန့်ပြန်၏။

အုပ်စုထဲတွင် ရှိနေသော ကျန်းဟွန်းကလည်း ရှေးဟောင်းနတ်ဘုရား ရှစ်ပါး၏ အားကိုးဖြင့် အဘိုးကြီးရှန်လဲ့ကိုပင် မကြောက်တော့ဘဲ ရဲတင်းလာသည်။

"ငါက ဆဋ္ဌမအဆင့်ကိုပဲ ရောက်သေးပေမဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ကို ခဏလောက်တော့တားဆီးထားနိုင်တယ်"

တောင်ပိုင်းမှ ဝမ်ဖူထျန်းကျွင်း၏ ပုံရိပ်ကို ရရှိထားသော အဖိုးအိုတစ်ဦးကလည်း သူ၏အစွမ်းကို တည်ငြိမ်စွာထုတ်ဖော်ပြန်သည်။

ကျိယွမ်က သူတို့အားလုံး၏စကားများကို လက်ခံသလိုခေါင်းညိတ်၏။ လောလောဆယ်တွင် သူ၏အဖွဲ့၌ ဒဏ္ဍာရီလာအဆင့်ခွန်အားကို ထုတ်ဖော်နိုင်သူသုံးဦး ရှိနေပြီ ဖြစ်သည်။

"ငါတို့ရဲ့ လက်ရှိခွန်အားက မိစ္ဆာနတ်ဘုရားတွေ အားလုံးထက်မသာသေးပေမဲ့ ဗိုလ်ချုပ်လီယန်ထက်တော့ အများကြီး ပိုသာတယ်"

ကျိယွမ်က လုပ်ဆောင်ရမည့်အစီအစဥ်ကိုပြောကြားရန်ပြင်လိုက်စဥ်မှာပင် သူ၏နားထဲသို့ သတင်းတစ်ခုရောက်လာ၏။

မဟာအုပ်စိုးရှင်လီရှန်းရောက်လာတာလား။

ထိုသတင်းကြောင့် ကျိယွမ် အံ့အားသင့်သွား၏။ လီရှန်းသည် တောင်ပိုင်းဒေသမှ မြောက်ပိုင်းဒေသအထိ တကူးတကရောက်လာခဲ့ခြင်းပင်။

သို့သော်အဖွဲ့သားများကတော့ မဟာအုပ်စိုးရှန်လီရှန်းရောက်လာသည်ကို မသိကြပါ ။ တိုက်ပွဲအကြောင်းကို ဆက်လက်ဆွေးနွေးနေကြ၏။

ထို့ကြောင့် ခန်းမထဲသို့ မဟာအုပ်စိုးရှင်လီရှန်းဝင်လိုက်ချိန်၌ အဘ်ုးကြီးရှန်လဲ့က "ချင်းဟန်တိုက်ကြီးကို အခုပဲ သွားတိုက်ပြီး သွေးချောင်းစီးအောင် သတ်ကြစို့" ဟု ပြောနေသည်ကို ကြားလိုက်ရသဖြင့် အလွန်ဒေါသထွက်သွားလေသည်။

ဒီကောင်ရှန်လဲ့က အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်တယ် ၊ အခုလည်း မူလနတ်ဘုရားကိုပါ လမ်းမှားအောင် ဆွဲခေါ်နေပြီ ။

သူက ဒေါသထွက်သွားပြီး ရှန်လဲ့အား ​ချက်ချင်းဟောက်လိုက်၏။

"တော်စမ်း ..ရှန်လဲ့ ၊ မင်းကအခုထိ မိုက်မဲနေတုန်းပဲ ၊ ကျိယွမ်ကိုပါ မင်းနဲ့အတူ ဆွဲခေါ်သွားမလို့လား "

သို့သော် အဘိုးကြီးရှန်လဲ့က လီရှန်းအား ယခင်လိုပြန်မအော်ဘဲ မိန့်မိန့်ကြီးပြုံးလိုက်ပြီးမှ၊

"လီရှန်း၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို မင်းမျက်လုံးဖွင့်ပြီး ပြူးနေအောင်ကြည့်လိုက်စမ်း"

စကားနှင့်အတူ သူ၏ နတ်ဘုရားနယ်ပယ်ကို ထုတ်ဖော်လိုက်ရာ တစ်ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံး လျှပ်စီးလျှပ်နွယ်များဖြင့် ပြည့်နှက်သွားပြီး လျှပ်စစ်ပင်လယ်ပြင်ကြီးအလား ဖြစ်သွားတော့သည်။

"ဟေ..."

ဝိဇ္ဇာလီရှန်း အလွန်တုန်လှုပ်သွားပြီး အမှန်တကယ်ပင် မျက်လုံးများပြူးကျယ်သွား၏။

"ဒဏ္ဍာရီလာအဆင့်... မင်း ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်သွားတာလဲ"

သူက အံ့ဩလွန်း၍ မနေနိုင်စွာမေးမြန်းမိ၏။ ရက်အနည်းငယ်အတွင်း သူ၏မိုက်မဲသောမိတ်ဆွေဟောင်းမှာ နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်ကြီး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒဏ္ဍာရီလာအဆင့်ရှိတဲ့ ငါက တခြားဒဏ္ဍာရီလာအဆင့် နှစ်ယောက်ကို နှိမ်နင်းတာဟာ ရင့်ကျက်တည်ငြိမ်တဲ့ လုပ်ရပ်မဟုတ်ဘူးလား"

အဘိုးကြီးရှန်းလဲ မဖြေဘဲ သူ့ကိုယ်သူ ဂုဏ်ယူစွာ ကြွားဝါလိုက်သည်။

"မင်းလည်း အားမငယ်ပါနဲ့ ၊ ငါတိုက်ခိုက်တဲ့အချိန် နောက်ကနေ နှဲမှုတ်ပေးပေါ့ ၊ မင်းအနေအထားက အဲလောက်တော့ အသုံးဝင်ပါသေးတယ် ၊ ဟားဟား ဟားဟားဟား "

မဟာအုပ်စိုးရှင်လီရှန်းမှာ အံ့သြလွန်း၍ဒေါသထွက်ရန်ပင် မေ့လျော့နေခဲ့သည်။

ထိုအချိန်တွင် ကျိယွမ်၏ အမိန့်ပေးသံထွက်ပေါ်လာ၏။

"အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆိုရင် ချင်းဟန်တိုက်ကြီးကို ချီတက်ပြီး မိစ္ဆာတွေကို သုတ်သင်ကြစို့"

"အမိန့်အတိုင်းပါ အရှင်မြတ်.."

ရှေးဟောင်းနတ်ဘုရားများအားလုံးသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသည့် ဒေါသများကို ပေါက်ကွဲစေရန် စိတ်ဓာတ်များ တက်ကြွနေကြတော့သည်။

"မိစ္ဆာတွေ မင်းတို့သေပြီသာမှတ်"

------------------------

ချင်းဟန်တိုက်ကြီး၊ မိစ္ဆာနတ်ဘုရား အခြေစိုက်စခန်းတွင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးလီယန်နှင့် ဒုဗိုလ်ချုပ် ထိုက်ကျုံးတို့သည် သူတို့၏ သခင်ဖြစ်သူ 'သွေးနတ်ဘုရားသူတော်စင်အကြောင်း ဆွေးနွေးနေကြ၏။ လီယန်သည် ရန်သူဘက်တွင် ဒဏ္ဍာရီလာအဆင့် မရှိသရွေ့ သူတို့ကို မည်သူမျှ မယှဉ်နိုင်ဟု ယုံကြည်နေသဖြင့် အလွန်အေးဆေးတည်ငြိမ်နေသည်။

"နတ်ဘုရားအရှင်ရဲ့ အကူအညီမပါရင်တောင် ဒီလူသားလောကက ကောင်တွေဟာ ငါတို့အတွက် ကြက်ကလေး၊ ငှက်ကလေးတွေလိုပါပဲ"

"ဟုတ်တယ် ဗိုလ်ချုပ်ကြီး ၊ ဒီအမှိုက်တွေအတွက် အချိနိကုန်ရတာ တန်တောင်မတန်ဘူး ၊ နောက်ကိုခေါင်းမထောင်ရဲအောင် အကုန်သတ်ပစ်မယ် "

"မှန်တာပေါ့ ဟားဟား ဟားဟားဟား "

လီယန်ကသဘောကျစွာ အော်ရယ်လိုက်သည်။

သို့သော် ရုတ်တရက်ဆိုသလို ကောင်းကင်ယံထက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။

"ငါက သတ္တဝါအားလုံးရဲ့ အသက်နဲ့သေခြင်းကို စီရင်တဲ့သူ၊ ကောင်းမှုဆိုးမှုကို အပြစ်ပေးတဲ့သူပဲ။"

"ငါက မိုးကြိုးငါးသွယ်ကို အုပ်စိုးပြီး လောကသုံးပါးကို ကွပ်ကဲတယ်။"

"အခု ငါဟာ မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ပြီးတော့ မိစ္ဆာတွေကို နှိမ်နင်းပြီး ကောင်းကင်ယံကို သန့်စင်စေအံ့"

ချက်ချင်းဆိုသလိုပင် မိစ္ဆာနတ်ဘုရားအခြေစိုက်စခန်းအပေါ်၌ မည်းမှောင်သော တိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားပြီး လျှပ်စီးလက်သံ မိုးခြိမ်းသံကြီးများဖြင့် ပြည့်နှက်သွား၏။ ကောင်းကင်ယံတွင် မိုးကြိုးနတ်စစ်ဘုရားသူကြီးများနှင့် နတ်စစ်သည်ပေါင်းများစွာ၏ ပုံရိပ်များ ပေါ်ပေါက်လာပြီး "သတ်ကြ သတ်ကြ" ဟူသော အော်ဟစ်သံများမှာ ဒီရေအလား ပဲ့တင်ထပ်သွားတော့သည်။

ဗိုလ်ချုပ်ကြီး လီယန်၏ရယ်မောနေသောမျက်နှာ ပျက်သွား၏။

"ဒဏ္ဍာရီလာအဆင့် နတ်ဘုရားနယ်ပယ်လား"

သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် မိမိ၏ နတ်ဘုရားနယ်ပယ်ကိုထုတ်ဖော်၍ သွေးနီရောင်အလင်းတန်းများဖြင့်ခုခံသော်လည်း အဘိုးကြီးရှန်လဲ့၏ ထိတ်လန့်ဖွယ် မိုးကြိုးစွမ်းအင်များအောက်တွင် တုန်လှုပ်နေလေ၏။

ရှန်လဲ့၏ ခန့်ညားထည်ဝါသော အသံကြီးက ကောင်းကင်ယံမှ ထပ်မံထွက်ပေါ်လာ၏။

"ကောင်းကင်ဘုံကိုးပါး နတ်မိုးကြိုး၊ ငါ့အမိန့်ကို နာခံလော့... သတ်စေ"

ရှန်လဲ့၏ အမိန့်ပေးသံနှင့်အတူ မရေမတွက်နိုင်သော လျှပ်စီးနွယ်များမှာ နတ်စစ်သည်များအဖြစ် ပြောင်းလဲကာ သွေးပင်လယ်ပြင်ကြီးထဲသို့ ထိုးဆင်းတိုက်ခိုက်ကြပြီး စစ်ပွဲကြီးကို ဘီးလူးဆိုင်းတီးကာ စတင်လေတော့သည်။

"ရှေးဟောင်းနတ်ဘုရားညီအစ်ကိုတို့ ...ဒီမိစ္ဆာစုတ်တွေကို သတ် .."

-----------------

All Chapters