← Chapters

အခန်း (၁၉၉)

Vol. 19 Ch. 199

အခန်း (၁၉၉)

Vol. 19 Ch. 199

အပိုင်း - ၁၉၉

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီသည် မြေပုံပေါ်ရှိ ပထဝီဝင်အနေအထားကို ကြည့်လိုက်သည်။

မင်ပြည်နယ် သည် ယန်ပြည်နယ်နှင့် ထိစပ်နေပြီး မြစ်ချောင်း နှင့်တောင်တန်းများထူထပ်လှသော ပြည်နယ်ကြီးတစ်ခု ဖြစ်သည်။ ထိုပြည်နယ်၏ အနောက်ဘက်တွင်မူ အနောက်ချီနိုင်ငံ တည်ရှိသည်။

မဟာရှန်မင်းဆက်၏ အရပ်လေးမျက်နှာတွင် မြောက်ဘက်၌ မြက်ခင်းပြင်ဒေသ(လူရိုင်း)၊ တောင်ဘက်၌ နန်ရွှီ၊ အရှေ့ဘက်၌ တုန်ချင်းနှင့် အနောက်ဘက်၌ အနောက်ချီတို့ တည်ရှိကြသည်။

ထိုရန်သူများထဲတွင် အင်အားအကြီးဆုံးမှာ လူရိုင်းမျိုးနွယ်စုများဖြစ်ပြီး၊ ဒုတိယမှာ တုန်ချင်း ဖြစ်ကာ၊ အနောက်ချီနှင့် နန်ရွှီတို့ကတော့ အင်အားချင်း မတိမ်းမယိမ်း ဖြစ်ကြသည်။ သူတို့အားလုံးသည် မဟာရှန်မင်းဆက်၏ ကြွယ်ဝလှသော မြေယာများကို မျက်စိကျနေကြသူများ ဖြစ်သည်။

မဟာရှန်မင်းဆက်သည် အရင်းအမြစ်ကြွယ်ဝလွန်းလှသဖြင့် ပြည်နယ်

တစ်ခုစီတိုင်းတွင် အနည်းဆုံး နက်နဲပုံရိပ်အဆင့် ရှိသည့်သိုင်းပညာရှင်တစ်ဦးစီ ရှိတတ်ကြသည်။ ၎င်းမှာ တခြားနိုင်ငံများ မလုပ်နိုင်သည့်အရာ ဖြစ်သော်လည်း စစ်နတ်ဘုရားအဆင့်မှာမူ အလွန်ရှားပါးလှသည်။

"မင်ပြည်နယ်တင် မဟုတ်ဘူး၊ ယို့ပြည်နယ်၊ ယန်ပြည်နယ်နဲ့ လျန်ကျိုးမှာတောင် သူပုန်တွေ ရှိခဲ့ဖူးတယ်။ ယွမ်ကျိုးမှာ နေခဲ့တဲ့ ဆယ်ရက်အတွင်းမှာလည်း ဓားပြတွေ၊ ဂိုဏ်းတွေနဲ့ သောင်းကျန်းသူတွေက မြောက်ပိုင်းသားတွေနဲ့ တိတ်တဆိတ် ပူးပေါင်းဖို့ ကြိုးစားခဲ့ကြသေးတယ်"

သခင်ကြီးဟောက်က အေးဆေးတည်ငြိမ်စွာပင် ဆက်ပြောသည်"ဒါပေမဲ့ ဘုရင်ခံဆွန်က သူတို့ကို ချက်ချင်း နှိမ်နင်းလိုက်နိုင်လို့သာ အခု အနောက်မြောက် ပြည်နယ်သုံးခုက ပြန်လည် တည်ငြိမ်သွားတာ။ အခုတော့ မင်ပြည်နယ် တစ်ခုတည်းကပဲ ရန်သူနှစ်ဖက် ညှပ်နေတာ။ သူပုန်တွေက စုပေါင်းပြီး နန်းတော်ကို တန်ပြန်တိုက်ခိုက်ဖို့ ပြင်နေကြတယ်။ အခုဆို သူတို့က မြို့ ခြောက်မြို့ကို သိမ်းထားပြီး ရိက္ခာနဲ့ အထောက်အပံ့တွေလည်း အပြည့်အစုံ ရထားကြပြီ"

"ကျွန်တော် ဗိုလ်ချုပ်ချန်ကို ကြိုပြောထားပါ့မယ်။ တကယ်လို့ နောက်ရက်ပိုင်းအတွင်း ဒါကို မဖြေရှင်းနိုင်ရင် လျန်ကျိုးကနေ စစ်ကူလွှတ်ရလိမ့်မယ်။ အဲဒီအခါ ခင်ဗျားတို့ရဲ့ အရံတပ်စခန်းကလည်း သေချာပေါက် ပါသွားလိမ့်မယ်"

"သခင်ကြီးဟောက်"

ချန်ဆန်းရှီက နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်"မင်ပြည်နယ်က ဒီသူပုန်တွေက ဘယ်လိုလူမျိုးတွေမို့လို့ ဒီလောက်အထိ အင်အားကြီးနေရတာလဲ"

"ပြောရရင်တော့ တော်တော်လေးကို ထူးဆန်းတယ်"

သခင်ကြီးဟောက်က လေသံကို လျှော့ကာ"မေရှန်းတောင်က သူပုန်တွေက သူတို့ကိုယ်သူတို့ 'မျက်ခုံးနီတပ်မတော်' လို့ ခေါ်ကြတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူတို့ခေါင်းဆောင်က သိုင်းသမား မဟုတ်ဘဲ စာမေးပွဲကျရှုံးထားတဲ့ စာပေပညာရှင်တစ်ယောက် ဖြစ်နေတာပဲ"

"စာပေပညာရှင်တစ်ယောက် ဟုတ်လား" ချန်ဆန်းရှီ ပို၍ စိတ်ဝင်စားသွားသည်။

"ဟုတ်တယ်"

သခင်ကြီးဟောက်က အသေးစိတ် ရှင်းပြသည်"အဲဒီလူက အသက် ၁၆ နှစ်ကတည်းက အစိုးရစာမေးပွဲတွေ ဝင်ဖြေခဲ့တာ၊ အသက်ကြီးတဲ့အထိ ဘာရာထူးမှ မရခဲ့ဘူး။ မြို့တော်ကို သွားဖြေတိုင်း ရှုံးနိမ့်ခဲ့ရတော့ ဒေသခံတွေရဲ့ ကဲ့ရဲ့မှုကို ခံခဲ့ရတယ်။ သူချစ်တဲ့ မိန်းကလေးကတောင် တခြားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်"

"ဒါနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ မေရှန်းတောင်က ဓားပြတွေဆီ ထွက်ပြေးသွားတယ်။ သူက သူ့လူတွေနဲ့ မင်္ဂလာဆောင်ကို ဝင်စီးပြီးသတို့သမီးရဲ့ မိသားစုဝင်အားလုံးကို သတ်ပစ်လိုက်တယ်။ ပြီးတော့ အဲဒီမိန်းကလေးကို တောင်ပေါ်ခေါ်သွားပြီး ဓားပြလုပ်တော့တာပဲ"

"မကြာခင်မှာပဲ သူက မေရှန်းတောင်ရဲ့ ခေါင်းဆောင်သစ် ဖြစ်လာတယ်။ နောက်တော့ လူရိုင်းတွေ ပုန်ကန်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး သူလည်း ပုန်ကန်တော့တာပဲ။ ဒေသခံ သူဌေးကြီးတွေရဲ့ အထောက်အပံ့ကို ရလိုက်တော့ သူက အင်အားကြီးတဲ့အဖွဲ့အစည်း ဖြစ်လာခဲ့တယ်"

"သူ့ကို ဘာလို့ ဝိုင်းပြီး ထောက်ပံ့ကြသလဲဆိုရင်၊ သူက 'ကောင်းကင်ဘုံစာအုပ်' လို့ ခေါ်တဲ့ စစ်ဗျူဟာကျမ်းစာတစ်စောင်ကို ရထားလို့တဲ့။ အဲဒီထဲမှာ တကယ့် ချီမန်စစ်ဗျူဟာ တွေ ပါဝင်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် သူက စစ်ဗျူဟာပါရမီရှင် ဖြစ်လာခဲ့တာ။ သူကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ စစ်

ဗျူဟာတွေက စစ်သည်တွေရဲ့ သိုင်းအဆင့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်တယ်။ ဒါကြောင့်လည်း သူ့ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ကြတာ"

"ဒါပေမဲ့ သူတို့ဆီမှာ စစ်နတ်ဘုရားအဆင့်တော့ မရှိပါဘူး။ အမြင့်ဆုံးက နက်နဲပုံရိပ်အဆင့် ရှိတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ။ တကယ်တော့ သူတို့ကို နှိမ်နင်းဖို့က သိပ်မခက်ပါဘူး။ ဒါပေမဲ့ မင်ပြည်နယ်က ဗိုလ်ချုပ်ကြီး တုန်အန်းက အနောက်ချီနိုင်ငံကိုပဲ အဓိက အာရုံစိုက်ပြီး ကာကွယ်နေရတော့ ဒီဘက်ကို လှည့်မကြည့်နိုင်ဖြစ်နေတာ။ ဒါကြောင့် နောက်ရက်ပိုင်းမှာ သူပုန်တွေကို နှိမ်နင်းဖို့ လျန်ကျိုးကနေ စစ်သည် သုံးသောင်းလောက် လွှတ်ရလိမ့်မယ်"

'စစ်ဗျူဟာကျမ်းစာ'

'ကောင်းကင်ဘုံစာအုပ်'

ဒါကတော့ တကယ့်ကို ထူးခြားတဲ့ ကံကြမ္မာပဲ မဟုတ်လား။ စာပေပညာရှင်တစ်ယောက်က ဒီလို အဖိုးတန်ပစ္စည်းကို အလုမခံရအောင် ထိန်းသိမ်းထားနိုင်ရုံတင်မကဘဲ ခေါင်းဆောင်ပါ ဖြစ်လာတယ်ဆိုတာ... နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမှာ သေချာသည်။

"သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးဟောက်"

"အခုတလော ဗိုလ်ချုပ်ချန်အနေနဲ့ စစ်သည်တွေကို သေချာလေ့ကျင့်ထားပါ။ မင်ပြည်နယ်မှာ နောက်ထပ် စစ်မှုထမ်းကောင်းတွေ ပြသပြီး ရာထူးတိုးဖို့ ကြိုးစားရမယ်" သခင်ကြီးဟောက်က သူ၏ လက်ချောင်းလေးတွေကို လှုပ်ယမ်းရင်း ပြောသည်"ငါ့ကို ကျေးဇူးတင်မနေပါနဲ့၊ ငါက ဧကရာဇ်မင်းမြတ်ရဲ့ ခွေးတစ်ကောင်ပါပဲ။ မင်းကျေးဇူးတင်ရမှာက ဧကရာဇ်မင်းမြတ်ကိုပါ။ တကယ်လို့ တစ်နေ့မှာ ဘုရင်ခံဆွန်က သူ့ရဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းပေးခဲ့ရင် မင်းအနေနဲ့...

"နန်းတော်ကို ဆက်သပါ့မယ်" ချန်ဆန်းရှီက စကားဖြတ်ပြောလိုက်သည် "စိတ်မပူပါနဲ့ သခင်ကြီးဟောက်"

"ကောင်းတယ်... အရမ်းကောင်းတယ်"သခင်ကြီးဟောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

စကားပြောနေစဉ်မှာပင် နီရောက်လက်မျှော်စင်မှ စားဖိုမှူးများကို ငွေကုန်ကြေးကျခံပြီးခေါ်ယူချက်ပြုတ်ထားသော ဟင်းပွဲများ ရောက်လာသည်။ မိန်းမစိုးချုပ် ဟောက်ပေါင်သည် အစားအသောက်များကို အလွန်ကျေနပ်သွားပြီး၊ စားသောက်ပြီးနောက် ချန်ဆန်းရှီကို ပြည့်တန်ဆာအိမ်သို့ သွားရန်ပင် ဖိတ်ခေါ်သေးသည်။ ချန်ဆန်းရှီက ယဉ်ကျေးစွာ ငြင်းဆိုလိုက်သော်လည်း လာဘ်ထိုးသည့်အနေဖြင့် ငွေစင်လက်မှတ် တစ်ထောင်ကို ပေးလိုက်သည်။

"ဒါကို ကျုပ်ဘယ်လိုလုပ် ယူနိုင်ပါ့မလဲ ဗိုလ်ချန်ရယ်။ ခင်ဗျားညီကိုလည်း ကျွန်တော် မရှာပေးနိုင်သေးတာကို" ဟောက်ပေါင်က ထိုသို့ ပြောနေသော်လည်း လက်ကမူ ငွေစင်လက်မှတ်ကို သိမ်းဆည်းပြီးသား ဖြစ်နေသည် "ဒါဆိုရင် ခင်ဗျားကို အနှောင့်အယှက် မပေးတော့ပါဘူး"

"စီချင်... ဧည့်သည်ကို လိုက်ပို့လိုက်ဦး"

မိန်းမစိုးကို ပြန်လည်ပို့ဆောင်ပြီးနောက် အိမ်တော်မှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားသည်။ ချန်ဆန်းရှီသည် ဓားချီမန္တန်ကို ဆက်လက် ကျင့်ကြံနေတော့သည်။

ရက်စွဲများက ပုံမှန်အတိုင်းပင် ကုန်ဆုံးသွားခဲ့သည်။ နီရောက်လက်မျှော်

စင်သို့ သွားခဲ့သည်မှာ တစ်လနီးပါး ရှိခဲ့ပြီဖြစ်သဖြင့် အစ်မလန်၏ ကိုယ်ဝန်မှာ နှစ်လကျော်နေပြီ ဖြစ်သည်။ သူမ၏ ဝမ်းဗိုက်မှာ သိသာထင်ရှားသော အပြောင်းအလဲ မရှိသေးသော်လည်း မနက်ခင်း ပျို့အန်ခြင်းနှင့် အိပ်ချင်ငိုက်မြည်းခြင်းများမှာ ပိုမို ပြင်းထန်လာသည်။

မနက် ၅ နာရီ မတိုင်မီမှာပင် ချန်ဆန်းရှီသည် အားရှိစေမည့် စွပ်ပြုတ်ကို ကြိုတင် ပြင်ဆင်ပေးထားခဲ့သည်။ သူ တပ်စခန်းသို့ လူစာရင်းစစ်ရန် မသွားမီ စီချင်နှင့် မိုဟွာတို့ကို သခင်မကို သေချာတိုက်ကျွေးရန် မှာကြားခဲ့သည်။ သခင်ကြီးဟောက်ပြောပြခဲ့သော သတင်းကြောင့် သူ၏ စစ်သည်တော်များကိုလည်း ပိုမို ပြင်းထန်စွာ လေ့ကျင့်ပေးခဲ့သည်။

အချိန်အတော်ကြာ ညှိနှိုင်းဆောင်ရွက်ပြီးနောက် သူ၏ နောက်လိုက်များဖြစ်စေ၊ တပ်ရင်းအသီးသီးမှ စစ်သည်များဖြစ်စေ အားလုံးမှာ သူ့စကားကို တစ်သွေမတိမ်း နာခံလာကြသည်။ သူ၏ စစ်သည်ကွပ်ကဲမှု စွမ်းရည်မှာလည်း တိုးတက်လာခဲ့သည်။

[စွမ်းရည် - စစ်သည်ကွပ်ကဲခြင်း (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၃၅၅/၂၀၀၀]

သူ့စစ်သည်တွေရဲ့ တစ်ခုတည်းသော အားနည်းချက်မှာ သိုင်းအဆင့် နိမ့်ပါးနေခြင်း ဖြစ်သည်။ အတွင်းအားသန့်စင်မှုအဆင့်ရှိသည့် သိုင်းသမား အလုံအလောက် မရှိပေ။ တပ်စခန်းရှစ်ခုလုံးမှာ အားဖြည့်ဆေးဝါးတွေ လုံလောက်စွာ ရှိသော်လည်း၊ ကြံ့ခိုင်မှု မပြည့်ဝသူများအတွက် ထိုဆေးဝါးများမှ အဆိပ်အတောက်များကို မချေဖျက်နိုင်ပါက ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေပြီး အခြေခံကျင့်စဉ်ကို ပျက်စီးစေနိုင်သည်။

ဆေးဝါးများတွင် ကျန်ရှိနေသော အဆိပ်အတောက်များကို ဖယ်ရှားနိုင်မှုမှာ ဆေးဆရာ၏ စွမ်းဆောင်ရည်ပေါ်တွင် မူတည်သည်။ သာမန် ဆေးဆရာဖော်စပ်ထားသော ဆေးများတွင် အဆိပ်အတောက် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်တတ်သည်။ သို့သော် ဆေးဆရာကျန်းကဲ့သို့ မဟာသွေးကြောရောက်ရှိနေသော ကျွမ်းကျင်သူများကမူ အဆိပ်အတောက် ၂၀ ရာခိုင်နှုန်းခန့်သာ ပါဝင်သည့် ဆေးဝါးများကို ထုတ်လုပ်နိုင်စွမ်း ရှိကြသည်။

All Chapters