← Chapters

အခန်း (၂၀၁)

Vol. 19 Ch. 201

အခန်း (၂၀၁)

Vol. 19 Ch. 201

📝အပိုင်း - ၂၀၁

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီသည် သူ၏ စွမ်းအင်လမ်းကြောင်းများတစ်လျှောက် ချီများကို လှည့်ပတ်စီးဆင်းစေပြီး အထူးရှောင်ကွင်းနည်းစနစ်တစ်ခုကို အသုံးပြုကာ ဝိညာဉ်စွမ်းအင်များကို သူ၏ ညာဘက်လက်မောင်း၊ လက်ဖဝါးမှတစ်ဆင့် နောက်ဆုံးတွင် လက်ချောင်းထိပ်ဖျားရှိ လေဟာနယ်ထဲသို့ စုစည်းလိုက်သည်။ ထိုနေရာတွင် အပ်တစ်ချောင်းထက်မပိုသော အလွန်သေးငယ်ပြီး ဖျတ်လတ်လှသည့် ဓားပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။

"အောင်မြင်ပြီ"

ချန်ဆန်းရှီသည် ထိုဓားပုံရိပ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

သူ၏ ဝရဇိန်ခန္ဓာပင်လျှင် ဤဓားချက်တစ်ချက်တည်းဖြင့် အဖောက်ခံရမည်ကို သူ ခံစားသိရှိနေသည်။ ဤမန္တန်၏ စွမ်းအားကို ထပ်မံစမ်းသပ်နေစရာ မလိုတော့ပေ။ အနိမ့်ဆုံးအဆင့်ရှိသော မသေမျိုးမန္တန်ပင်လျှင် မဟာသွေးကြောအဆင့်ရှိသော သိုင်းပညာရှင်တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

သို့သော် သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်မှာ အကန့်အသတ်ရှိသည်။ ချန်ဆန်းရှီ ခန့်မှန်းချက်အရ အင်အားအပြည့်ဖြင့် တစ်ချက်တိုက်ခိုက်ပြီးလျှင် သူ ခက်ခက်ခဲခဲ စုဆောင်းထားသော ချင်းရွှမ်းစွမ်းအင်များ အကုန်ခန်းခြောက်သွားမည်ဖြစ်ရာ ၎င်းကို အလဟဿ အသုံးမပြုသင့်ပေ။

ကျင့်စဉ်အောင်မြင်သွားပြီဖြစ်၍ အချိန်ကို ကြည့်ကာ သူသည် တောင်ပေါ်မှ အမြန်ဆုံးဆင်းလာပြီး တောင်ခြေတွင် ရှောင်ရှင်း နှင့် ဆုံတွေ့လိုက်သည်။

...

"မင်းသားလေး... ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်"

ယင်ဟန်ဝမ်သည် ဂါရဝပြုပြီးနောက် မြင်းရထားပေါ်သို့ တက်လိုက်သည်။ သူ၏နောက်တွင် အခြံအရံ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် လိုက်ပါလာကြပြီး တဖြည်းဖြည်းနှင့် မြို့ပြင်သို့ ထွက်ခွာလာခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူက စကားစလိုက်သည် "အကြီးအကဲဝေ... အချိန်ရောက်ပြီ။ အခု ပြန်လှည့်သွားလိုက်တော့။ မှောင်တဲ့အထိ ပုန်းနေပြီးမှ သတ်ဖြတ်မှုတွေကို စတင်လိုက်ပါ။ မှတ်ထား... အိမ်သားတစ်ယောက်မှ မချန်ထားနဲ့အားလုံး အသင့်ဖြစ်ပြီလား"

"ဒီမှာပါ"

အကြီးအကဲဝေက ဝရဇိန်လက်နက် ကို ထုတ်ပြလိုက်သည်"လူသတ်ပြီးရင် မိစ္စာဂိုဏ်းက ဒါကို သုံးပြီး နှလုံးသွေးကို ထုတ်ယူလေ့ရှိတယ်... ဒါပေမဲ့ သခင်လေး၊ သူက ဘုရင်ခံဆွန်ရဲ့ တပည့်ပဲလေ။ တကယ်ကြီး ဘာမှပြန်

ပြင်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာကို မစိုးရိမ်ဘူးလား"

"တွေဝေနေရင် ရှုံးနိမ့်လိမ့်မယ်"

ယင်ဟန်ဝမ်က ပြင်းထန်စွာ ပြောလိုက်သည်"အကြီးအကဲဝေ... သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကျွန်တော့်ထက်တောင် သာသေးတယ်။ ဘုရင်ခံကိုယ်တိုင်ကလည်း လမ်းပြပေးနေတာ။ တကယ်လို့ သူ့ရဲ့ အရင်းအမြစ်တွေကို ကျွန်တော်တို့ မလုယူနိုင်ရင် သူက စစ်နတ်ဘုရားအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အဆင့်ကို ရောက်သွားနိုင်တယ်။

"ပြီးတော့ သူ ဝမ်ချိုးရှီ ကို ဘယ်လောက်ရက်ရက်စက်စက် သတ်ခဲ့သလဲဆိုတာ ကြည့်ဦး။ သူက ကျွန်တော့်ကိုရော နောင်ကျရင် လွှတ်ပေးမယ် ထင်လို့လား"

"အခု မသတ်ရင် ဘယ်တော့ သတ်မှာလဲ"

"ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စတင် မဟုတ်ဘူး။ သူ့ကို သတ်လိုက်တာကမင်းသားလေးအတွက် မြောက်ပိုင်းနယ်မြေမှာ အဟန့်အတားတွေကို ဖယ်ရှားလိုက်တာပဲ။ ဒါက နောင်ကျရင် စစ်တပ်ကို ထိန်းချုပ်တဲ့အခါ နန်းတော်အတွက် အကျိုးအများကြီး ရှိစေလိမ့်မယ်"

"နားလည်ပါပြီ"

အကြီးအကဲဝေက သက်ပြင်းချရင်း"သခင်လေး... တကယ်လို့ ကျွန်တော် ညမမှောင်ခင် ပြန်မလာခဲ့ရင် ရထားပေါ်မှာ ဆက်မနေပါနဲ့တော့။ မြင်းစီးပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးပါ"

"အကြီးအကဲဝေ... ဆိုလိုတာက..."

ယင်ဟန်ဝမ်က စိုးရိမ်တကြီး ပြောသည် "ဒါပေမဲ့ အတွင်းအားသန့်စင်မှု့ ပြီးပြည့်စုံခြင်းအဆင့်ကလူတစ်ယောက်ကို သတ်ဖို့က ဘာမှ အန္တရာယ်မရှိနိုင်ဘူး မဟုတ်လား"

"စိတ်မပူပါနဲ့ သခင်လေး အန္တရာယ်ရှိခဲ့ရင်တောင် ကျွန်တော် တစ်ယောက်တည်း ရင်ဆိုင်ပါ့မယ်။ သခင်လေးနဲ့ သခင်ကြီးဆီကို အမှုမပတ်စေရပါဘူး"

အကြီးအကဲဝေသည် စကားတစ်ခွန်းမှ ထပ်မပြောဘဲ မြင်းပေါ်တက်ကာ လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်သွားတော့သည်။ သူ၏ နောက်ကျောပုံရိပ်မှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။ လူသတ်ရန်မှာ လွယ်ကူသော်လည်း မြို့ထဲကနေ ပြန်ထွက်ရန်မှာ ခက်ခဲလှသည်။ တကယ်လို့ မြို့စောင့်တပ်ကို အချက်ပေးမိပြီး ထွက်မပြေးနိုင်တော့လျှင် သူသည် ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးပြီး သတ်သေရန်အထိ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူက ယင်မိသားစု၏ ကျေးဇူးကို သေရဲသည့်အထိ ဆပ်လိုသူ ဖြစ်သည်။

ယင်ဟန်ဝမ်သည် အကြီးအကဲဝေကို မမြင်ရတော့သည်အထိ စောင့်ကြည့်နေပြီးမှ စိတ်လျှော့ကာ ရထားလိုက်ကာကို ပိတ်လိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ်တွင် မှီရင်း အိပ်ပျော်သွားခဲ့သည်။

မည်မျှကြာသွားသည်မသိ၊ ရုတ်တရက် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရထားကြီးမှာလည်း ရပ်တန့်သွားပြီး လမ်းဘေးဝဲယာမှ ငှက်အော်သံများကိုသာ ကြားနေရတော့သည်။

"အဘိုးကျန်း... ဘာလို့ ပုံပြင်ပြောတာ ရပ်လိုက်တာလဲ"

တိတ်ဆိတ်နေဆဲ။

"ငါတို့ ဘယ်ကို ရောက်နေပြီလဲ အကြီးအကဲဝေ ပြန်ရောက်ပြီလား"

ဘယ်သူမှ ပြန်မဖြေပေ။

"ငါ မေးနေတယ်လေ"

"သခင်လေး... ပြေးတော့—"

အက်ကွဲနေသော သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။ ယင်ဟန်ဝမ်သည် လျှပ်စီးအလား လန့်နိုးသွားပြီး ဘေးနားရှိ သံဓား ကို ဆွဲကာ ရထားပေါ်မှ ခုန်ချလိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဆိတ်သုဉ်းနေသော တောင်ကုန်းများနှင့် တောရိုင်းများကြားတွင် အလောင်းများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏ အစောင့် ရှစ်ယောက်စလုံးမှာ နှလုံးကို မြားအမှန်ခံရပြီး တိတ်တဆိတ် သေဆုံးနေကြပြီ ဖြစ်သည်။ ရထားလုံးမောင်းသမား အဘိုးကျန်းသည်လည်း မြားချက်အများအပြားကို သူ့ကိုယ်စား ခံယူရင်း နောက်ဆုံးမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

"ဘယ်သူလဲ"

ယင်ဟန်ဝမ်သည် အလွန်အမင်း ထိတ်လန့်နေသော်လည်း လက်ထဲမှ အဖိုးတန်ဓားကို မြဲမြဲဆုပ်ကိုင်ထားသည်။

ဝှစ် ..

လေကိုခွဲလာသော လက်နက်သံကို ကြားလိုက်ရသဖြင့် သူသည် ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်ထွက်သွားကာ လက်ထဲမှ ဓားမှာလည်း လွင့်ထွက်သွားတော့သည်။

သူ့အတွက်တော့ ဒီရန်သူက ယှဉ်လို့ရမည့်သူ မဟုတ်ပေ..

"မင်းပဲ"

မြေပြင်ပေါ်သို့ လဲကျသွားသည့် အခိုက်အတန့်တွင် ယင်ဟန်ဝမ်သည် တိုက်ခိုက်သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လှံရှည်ကို ကိုင်ထားပြီး ကျောမှာ လေးတစ်စင်း လွယ်ထားသည့် ထိုလူမှာ ချန်ဆန်းရှီမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ..

"မင်း... မင်း ဟွာကျင်းအဆင့်ကို ရောက်နေပြီလား"

ယင်ဟန်ဝမ်သည် မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း ကြောက်ရွံ့မှုကိုပင် ခေတ္တမေ့သွားသည်။

ချန်ဆန်းရှီသည် စကားတစ်ခွန်းမှ မပြောဘဲ သူ၏အသက်ကို ယူရန် ပြင်လိုက်စဉ်မှာပင် ဧရာမ ကျောက်တုံးကြီးတစ်တုံးက သူ့ဆီသို့ ဝဲပျံလာသည်။

ဒိုင်း..

လှံချက်တစ်ချက်တည်းဖြင့် ထိုကျောက်တုံးမှာ အပိုင်းပိုင်း ကွဲထွက်သွားသည်။ ထိုအချိန်မှာပင် အရိပ်တစ်ခုက ဖြတ်ပြေးသွားပြီး ယင်ဟန်ဝမ်ကို ဆွဲယူသွားသည်။

"အကြီးအကဲဝေ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"ယင်ဟန်ဝမ်က အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သည်။

"ဒီကောင်က ငါတို့ သူ့ကို သတ်တော့မယ်ဆိုတာ ကြိုသိနေတာပဲ။ ဒါကြောင့် သူက ရုံယန်ချိုးကို အိမ်မှာ ကြိုဖိတ်ထားခဲ့တာ"

အကြီးအကဲဝေက လေးလံစွာ ပြောလိုက်သည်"ငါက သူ့ကို မတွေ့လို့ လိုက်ရှာနေတာ၊ သူက ဒီကိုလာပြီး အရင် လက်ဦးမှုယူလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို ပါးနပ်တဲ့ကောင်ပဲ။ ဒါပေမဲ့ မင်း ငါ့ကို သိပ်အထင်သေးသွားပြီ"

"ချန်ဆန်းရှီ... ကောင်းကင်ဘုံက လမ်းကို မရွေးဘဲ ငရဲတံခါးကိုမှ မင်းက အတင်းတိုးဝင်လာတာပဲ"

ယင်ဟန်ဝမ်က ရက်ရက်စက်စက် ပြုံးလိုက်သည်"မြို့ထဲမှာတော့ ငါတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတာ။ ဒါပေမဲ့ ဒီမှာတော့ မင်းက မြေမြှုပ်ဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး။ အကြီးအကဲဝေ..သူ့ကို သတ်လိုက်စမ်းအကြီးအကဲဝေ..ဝေ..."

ထိုစဉ်မှာပင် ငွေရောင်အလင်းတစ်တန်းက ဖြတ်ခနဲ ပေါ်လာသည်။ ဘာဖြစ်သွားသည်ကို သူ မမြင်လိုက်ရမီမှာပင် မဟာသွေးကြောအဆင့်ရှိသော အကြီးအကဲဝေသည် မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားတော့သည်။ သူ၏ နဖူးအလယ်တွင် အနီရောင် အစက်ကလေးတစ်ခု ပေါ်လာပြီး သွေးစအချို့မှာ ပင့်ကူအိမ်ကဲ့သို့ မျက်နှာတစ်ပြင်လုံးသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေတော့သည်...

All Chapters