အခန်း (၂၀၂)
Vol. 19 Ch. 202
📝အပိုင်း - ၂၀၂
ဘာသာပြန် - Na Gar🐉
ဟွာကျင်းအဆင့်သာ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က မဟာသွေးကြောအဆင့်ရောက်နေတဲ့သူကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။
ယင်ဟန်ဝမ်၏ မျက်နှာအမူအရာမှာ သရဲသပက်ကို မြင်လိုက်ရသလိုပင် ဖြစ်နေသည်။ ၎င်းမှာ လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။
အစအဆုံးတွင် ချန်ဆန်းရှီမှာ နေရာမှပင် မရွေ့ခဲ့ပေ။ သူ လုပ်လိုက်တာကတော့ အလွန်ရိုးရှင်းပြီး သာမန်ကာလျှံကာ လက်ညှိုးလေးဖြင့် တစ်ချက် တို့လိုက်ခြင်းသာ ဖြစ်သည်။
သို့သော်လည်း... အကြီးအကဲဝေမှာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ပြီ
သူ ဘယ်လိုလုပ်လိုက်တာလဲ..
မသေမျိုးမန္တန်..
မသေမျိုးမန္တန်ပဲ ဖြစ်ရမယ်..
ယင်ဟန်ဝမ်သည် ရုတ်တရက် သဘောပေါက်သွားသည်။ ဆွန်ဒူရှန်မှာ မသေမျိုးပညာရပ်တွေ ရှိတယ်ဆိုတဲ့ ကောလာဟလတွေက အမှန်ပဲ ဖြစ်ရမည်။ အခုတော့ သူက ချန်ဆန်းရှီကိုတောင် လက်ဆင့်ကမ်းပေးခဲ့ပြီပေါ့..
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲသူ ပညာသင်တာ ရက်ပိုင်းပဲ ရှိသေးတာ မဟုတ်လား..
ယင်ဟန်ဝမ်သည် ခုခံလိုစိတ် တစ်စက်ကလေးမျှ မရှိတော့ဘဲ အလန့်တကြား ထွက်ပြေးရန် ကြိုးစားတော့သည်။ ချန်ဆန်းရှီသည် ကျန်းယွဲ့ဓားကို ဆွဲထုတ်ကာ နောက်ကနေ လိုက်လံတိုက်ခိုက်လိုက်ရာ ထိုတိုက်ပွဲမှာ တိုက်ပွဲဟုပင် မဆိုနိုင်တော့ဘဲ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်သွားတော့သည်။
သူ့ဆရာဆီက ရခဲ့တဲ့ ဒီမန္တန်က တကယ့်ကို ကြောက်စရာကောင်းလှသည်။ သူကိုယ်တိုင်ပင် အံ့သြတုန်လှုပ်မိသည်။
နင်ရှန်က ဟွာကျင်းအဆင့်ကို မကျော်ဖြတ်နိုင်ပေမဲ့ မဟာသွေးကြောအဆင့်ရှိတဲ့လူကို အလွယ်တကူ သတ်နိုင်တယ်လို့ ပြောခဲ့တာဟာ အခုလို နည်းလမ်းမျိုးကြောင့် ဖြစ်ရမည်။
မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခြင်းနှင့် သိုင်းပညာကို လေ့ကျင့်ခြင်း...
ဒါဟာ လုံးဝ ယှဉ်လို့ရတဲ့အရာ မဟုတ်ပေ..
ဒါဟာ ဝိညာဉ်စွမ်းအင်နဲ့ ဝိညာဉ်အမြစ် ရှိသူတိုင်း ကျင့်ကြံနိုင်တဲ့ အနိမ့်ဆုံးအဆင့် မန္တန်မျှသာ ဖြစ်သည်။ တကယ်လို့ နက်နဲပုံရိပ်အဆင့်ထဲကို ဝင်
ရောက်သွားပြီး စွမ်းအင်အကာအကွယ် ရရှိသွားရင်ရော ဒီတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိဦးမလားဆိုတာကတော့ မသိရသေးပေ။
"အရင်ဆုံး နေရာကို အစဖျောက်ရမယ်"
ချန်ဆန်းရှီသည် အလောင်းတစ်ခုချင်းစီမှ မြားများကို ဆွဲနှုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်မှ ဝရဇိန်လက်နက်ကို ကောက်ယူကာ နှလုံးသားပေါ်ရှိ မြားဒဏ်ရာများကို ထိုလက်နက်ဖြင့်ပင် ရိုက်နှက်ဖုံးကွယ်လိုက်သည်။ ဝရဇိန်လက်နက်ကဲ့သို့သော လက်နက်မျိုး၏ ဒဏ်ရာမှာ အလွန်ကျယ်ပြန့်လှသဖြင့် တစ်ခါအရိုက်ခံရရုံဖြင့် မူလက ဘာဒဏ်ရာလဲဆိုတာ ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
မူလက အလောင်းတွေကို တစ်ခုချင်းစီ ဖျောက်ဖို့ စဉ်းစားထားသော်လည်း ဒီဝရဇိန်လက်နက်ကြောင့် ကိစ္စက ပိုလွယ်သွားသည်။ မြားဒဏ်ရာ အလွန်များနေသည့် ရထားမောင်းသမား အဘိုးကျန်း၏ အလောင်းကိုသာ သီးသန့် စီရင်လိုက်ရသည်။ အကြီးအကဲဝေ၏ နဖူးပေါ်မှ ဒဏ်ရာကိုလည်း အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်သည်။
အရာအားလုံး ပြီးစီးသွားသောအခါ ချန်ဆန်းရှီသည် လှံရှည်ကို ကောက်
ကိုင်ကာ လော့ထျန်းတောင်တန်း၏ အတွင်းပိုင်းဆီသို့ အမြန် ပြန်လာခဲ့သည်။
မကြာခင်မှာ လမ်းသွားလမ်းလာတွေက အလောင်းတွေကို တွေ့သွားမှာဖြစ်ပြီး ဒါကို ဒေသခံ လျန်ကျိုးစစ်တပ်ကပဲ ကိုင်တွယ်ဖြေရှင်းပါလိမ့်မည်။ ချန်ဆန်းရှီအနေဖြင့် သူ့ဆီကို အမှုပတ်လာမှာကို မစိုးရိမ်ပေ။ အကြောင်းမှာ သူက ဟွာကျင်းအဆင့်ကို ရောက်နေပြီဆိုတာကို လူအများက မသိကြသလို၊ သိခဲ့လျှင်တောင်မှ သာမန်သိုင်းသမားတစ်ယောက်က မဟာသွေးကြောအဆင့်ကို သတ်နိုင်တယ်ဆိုတာ ဒဏ္ဍာရီထဲမှာတောင် မရှိတဲ့အရာ ဖြစ်သည်။
မန္တန်အကြောင်းကိုတော့ ပိုလို့ပင် မစဉ်းစားမိနိုင်ကြပေ။ သူ့ဆရာကိုယ်တိုင်ပင် ဒီပညာရပ်ကို မသိနိုင်ဘဲ အစ်ကိုကြီးဖန်ကသာ လျှို့ဝှက်သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
"စွမ်းအင်တွေ အကုန် ခန်းခြောက်သွားပြီ"
ချန်ဆန်းရှီသည် သူ၏ စွမ်းအင်လမ်းကြောင်းများထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေတွေကို တစ်ထိုင်တည်းမှာ အကုန်သုံးပစ်လိုက်သလိုမျိုး ခံစားချက်ပင်။ လက်ကျန် ဝိညာဉ်သဲတွေက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့လောက်သာ လုံလောက်တော့သည်။
လောကကြီးထဲမှာ ဝိညာဉ်စွမ်းအင်တွေ အလုံအလောက် မရှိဘဲနဲ့တော့ "သူရဲကောင်း" တစ်ယောက်အတွက် စွမ်းအားပြဖို့ နေရာမရှိသလိုပါပဲ။ နတ်ဘုရားမီးဖိုထဲက အမွှေးတိုင်တွေက ဝိညာဉ်စွမ်းအင်ကို အစားထိုးနိုင်မှာ ဖြစ်သော်လည်း ၎င်းကို ရရှိဖို့ကတော့ ထို 'အမွှေးတိုင်အိုး'ကို ပိုင်ဆိုင်ဖို့ လိုအပ်ပေသည်။
ဂူထဲသို့ ပြန်ရောက်သောအခါ...
ချန်ဆန်းရှီသည် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သခင်ကြီးဟောက်ပြောသလိုသာဆိုလျှင် မကြာခင်မှာ စစ်ထွက်ရတော့မည် ဖြစ်ရာ သူ၏ ကျင့်စဉ်ကို အနည်းငယ်ဖြစ်စေ တိုးတက်အောင် လုပ်ထားဖို့က အလွန်အရေးကြီးသည်။ ထို့ပြင် ခရီးဝေးသွားရမည်ဖြစ်ရာ ဝိညဥ်စပါးနှင့် အဖိုးတန်ဆေးဝါးများကိုလည်း အလုံအလောက် ပြင်ဆင်ထားရမည်။
စစ်ဗျူဟာကျမ်းစာ...
ကောင်းကင်ဘုံစာအုပ်...
ဒါဟာ နားထောင်လို့တော့ ကောင်းပေမယ့် ချန်ဆန်းရှီကိုယ်တိုင် မန္တန်ကို အသုံးပြုခဲ့ပြီးပြီဖြစ်ရာ အရာအားလုံးက မဖြစ်နိုင်ဘူးလို့တော့ မဆိုနိုင်တော့ပေ။
မသိလိုက်ဘဲ နောက်ထပ်တစ်ရက် ကုန်ဆုံးသွားသည်။ မနက်မိုးလင်းသောအခါ သူ ကျင့်စဉ်မကျင့်တော့ဘဲ ဆေးယိုဖော်စပ်ရန်အတွက် ထင်းများကို အမြောက်အမြား ခုတ်လိုက်သည်။
ပြင်းထန်သော မီးတောက်များအောက်တွင် နက်နဲသောသံအိုးမှာ ပုံပျက်သွားတော့သည်။ မကြာခင်မှာပင် အိုးအောက်ခြေ၌ မည်းနက်သော ထူးဆန်းသည့် အရာဝတ္ထုများ ထွက်ပေါ်လာသည်။ ချန်ဆန်းရှီသည် ၎င်းတို့ကို ဂရုတစိုက် စုဆောင်းကာ ဆေးလုံးများအဖြစ် လုံးကြည့်သော်လည်း ပျစ်ခဲမှု မရှိသဖြင့် ကြွေပုလင်းများထဲသို့သာ ထည့်လိုက်ရသည်။
အထုတ်အပိုးများကို အမြန်ပြင်ဆင်ပြီးနောက် သူသည် လေးနှင့်မြားကို ကိုင်ကာ ဂူထဲမှ ထွက်လာပြီး အဆုံးအစမရှိသော တောအုပ်ကြီးထဲသို့ ခြေချလိုက်သည်။ ဒီနေ့ည သူ အိမ်ပြန်ရမည် ဖြစ်သော်လည်း အမဲလိုက်သား နှစ်ကောင်လောက်တော့ သယ်သွားရမည်။
ထူးခြားသားရဲ တစ်ကောင်ရလျှင်တော့ အကောင်းဆုံးပင်။ လူကျီ ပေးထားသော မှာ သိမဏိအူတိုင်လေးမှာလေးကြိုး မရှိသေးပေ။ သူသည် သင့်တော်သော သားရဲတစ်ကောင်၏ အကြောကို လေးကြိုးအဖြစ် သုံးရန် ရှာဖွေနေခြင်း ဖြစ်သည်။
ချန်ဆန်းရှီ၏ အာရုံခံစားမှုများမှာ အထွတ်အထိပ်သို့ ရောက်နေသလို၊ အော်ရာကြည့်ရှု့ခြင်းကြောင့် သားကောင်ရှာရသည်မှာ အရင်ကလို မခက်ခဲတော့ပေ။
သူ လမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် မည်းနက်သော အရှိန်အဝါများ ထွက်ပေါ်နေသော အဆိပ်သားရဲ တစ်ကောင်ကို တွေ့လိုက်ရသည်။
အမှောင်စွမ်းအင် ..(မိစ္စာစွမ်းအင်)
နင်ရှန့် ပြောခဲ့ဖူးသည့် ထိုမည်းနက်သော စွမ်းအင်မှာ အမှောင်စွမ်းအင် ဖြစ်သည်။ ဤငှက်များနှင့် သားရဲများသည် ထိုစွမ်းအင်၏ လွှမ်းမိုးမှုကြောင့် အဆိပ်သင့်သားရဲများ ဖြစ်ကုန်ကြခြင်းဖြစ်သည်။
လျော့ထျန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှာတော့ မသေမျိုးတွေရဲ့ အစအနတွေ သေချာပေါက် ရှိနေမှာပဲ..
"ငါ့ရဲ့ အခုရှိနေတဲ့ အင်အားနဲ့ဆိုရင် ဘယ်လောက်အထိ သွားနိုင်မလဲ"
ချန်ဆန်းရှီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ အဆိပ်သားရဲများကို အမဲလိုက်ခြင်းသည် သူ၏ လှံသိုင်းကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်သည့် ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ မိမိကိုယ်ကိုယ် ဘေးကင်းအောင် ထိန်းသိမ်းနိုင်သရွေ့ ဒါဟာ အကောင်းဆုံး စမ်းသပ်မှုတစ်ခုပင်။
သူ့မှာ အော်ရာကြည့်ရှု့ခြင်း ရှိနေသဖြင့် အန္တရာယ်ရှိတဲ့ သားရဲတွေနဲ့ တွေ့ရင်လည်း ချက်ချင်း ဆုတ်ခွာနိုင်ပေသည်။ မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေ ပြောတာအရဆိုရင် အဆင့်မြင့်သိုင်းသမားတွေက အနက်ရှိုင်းဆုံးနေရာအထိ ရောက်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုပဲ။
သူ ဘာလို့ ကိုယ်တိုင် မကြည့်ရမှာလဲ..
သူသည် ရှေ့တွင်ရှိနေသော သားကောင်များကို လျစ်လျူရှုကာ အတွင်းပိုင်းသို့သာ ဆက်လက် တိုးဝင်သွားခဲ့သည်။ လော့ထျန်းတောင်တန်းကို အလွှာ ၁၄ လွှာ ခွဲခြားထားမည်ဆိုလျှင် သူသည် ယခု အလွှာ ၄ မှာ ရောက်နေပြီး၊အမှောင်စွမ်းအင်တွေ စတင်ပေါက်ကွဲတဲ့ နေရာကတော့ နောက်ဆုံးအလွှာမှာ ဖြစ်သည်။
သူ၏ သွေးစွမ်းအင်များကို လှုံ့ဆော်ကာ တောအုပ်ထဲတွင် တစ္ဆေတစ်ကောင်အလား လျင်မြန်စွာ ဖြတ်သန်းသွားသည်။ အတွင်းပိုင်းသို့ ရောက်လေလေ ထူးဆန်းသော အဆိပ်သားရဲများကို ပိုမို တွေ့ရှိလာရလေ ဖြစ်သည်။ ဝံပုလွေများ၊ ကျားများ၊ သစ်ကျားများနှင့် ထူးဆန်းသော သတ္တဝါပေါင်းစုံကို တွေ့နေရတော့သည်။