← Chapters

အခန်း (၂၀၃)

Vol. 19 Ch. 203

အခန်း (၂၀၃)

Vol. 19 Ch. 203

📝အပိုင်း - ၂၀၃

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီသည် လမ်းတစ်လျှောက် သတ်ဖြတ်ရင်း ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီလျက် အလွှာ၈နယ်မြေသို့ မသိမသာ ရောက်ရှိလာခဲ့သည်။ ထိုနေရာရှိ တောအုပ်ရှေ့တွင် ပိုမိုသိပ်သည်းသော အမှောင်စွမ်းအင်(မိစ္စာစွမ်းအင်) များ လွင့်ပျံ့နေသည်ကို သူမြင်လိုက်ရသည်။

သူသည် အသက်ရှုသံဖုံးကွယ်ခြင်းအတတ်ကို အသုံးပြုကာ ခြေလှမ်းနှေး၍ အသာအယာ ချဉ်းကပ်သွားခဲ့သည်။

ထိုနေရာတွင် ထူးဆန်းသော ရုပ်သွင်ရှိသည့် သားရဲတစ်ကောင် ရှိနေသည်

ရုပ်ချင်းဆင်တူမှုကို ပြောရလျှင် ကိုယ်လုံးနီရဲနေသော ကျားသစ်နှင့် တူသော်လည်း အလျားမှာ ဆယ်ပေကျော် ရှည်လျားသည်။ ကျောကုန်းတွင် အမြီးငါးချောင်း ပေါက်နေပြီး ဦးခေါင်းပေါ်တွင် ဦးချိုတစ်ချောင်း ပါရှိကာ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေသည်။ ၎င်းသည် သေဆုံးနေသော အဆိပ်သားရဲအလောင်းကို သေးငယ်ပြီး ထက်မြက်သော သွားများဖြင့် ကိုက်ဖြတ်စားသောက်နေသည်။ သားရဲမျက်နှာတစ်ခုလုံး သွေးများပေကျံနေပြီး နှုတ်ခမ်းမွှေးများတွင်လည်း အမျိုးအမည်မသိသော အရာများ ကပ်ညှိနေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသားရဲကို ကျန့် ဟု ခေါ်သည်။

ချန်ဆန်းရှီသည် "ခရီးသွားမှတ်တမ်း" စာအုပ်ထဲတွင် ၎င်းအကြောင်းကို ဖတ်ဖူးသည်။ ရက်စက်ကြမ်းကြုတ်သော မျက်နှာဟူသည့် အသုံးအနှုန်းမှာ ဤသားရဲထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ မူလကမူ ၎င်းသည် ထူးခြားသားရဲ တစ်ကောင် ဖြစ်သင့်သည်။

သို့သော် ယခုအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ မိစ္ဆာစွမ်းအင်များ စီးဆင်းနေသည်ကို သူ ရှင်းလင်းစွာ မြင်နေရသဖြင့် ဤသားရဲသည်လည်း အဆိပ်သားရဲအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လမ်းတစ်လျှောက်တွင် ထူးခြားသားရဲများစွာသည် မိစ္ဆာစွမ်းအင်ကြောင့် အဆိပ်သားရဲများအဖြစ် ပြောင်းလဲသွားရသည်မှာ အရင်းအမြစ်များစွာ ဖြုန်းတီးလိုက်သလိုပင်။

အကြောင်းမှာ အချို့သော ထူးခြားသားရဲများကို စားသုံးခြင်းသည် ရတနာဆေးဝါးများထက်ပင် အာနိသင် ပိုထက်မြက်သောကြောင့်ဖြစ်သည်။ ကံကောင်းသည်မှာ အဆိပ်သားရဲများကို စား၍မရသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို လက်နက်နှင့် သံချပ်ကာများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သေးသည်။

"ဒီ ကျန့် သားရဲကတော့..."

ချန်ဆန်းရှီသည် သားရဲအတွင်းရှိ သိပ်သည်းလှသော မိစ္ဆာစွမ်းအင်ကို ကြည့်ပြီး ၎င်းကို သတ်နိုင်ပါ့မလားဟု ခဏတာ သံသယဝင်သွားမိသည်။

"အရင်ဆုံး စမ်းကြည့်မယ်"

"မရရင် ပြေးတာပေါ့ တကယ်လို့ လုံးဝ ပြေးမလွတ်ဘူးဆိုရင်တော့..."

သူ့ထံတွင် မသေမျိုးရတနာ ထူးဆန်းမီးတောက်ရှိသေးသည်။ ဤကဲ့သို့ နက်ရှိုင်းလှသော တောအုပ်အိုကြီးထဲတွင် မည်သူမှ သတိထားမိမှာကို စိုးရိမ်စရာမလိုပေ။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူ ချက်ချင်းပင် အကောင်အထည်ဖော်

တော့သည်။ ချန်ဆန်းရှီက လေးကို လပြည့်ဝန်းအလား တင်းနေအောင် ဆွဲလိုက်ပြီး လေကို ခွင်းသွားသည့် အသံနှင့်အတူ သံချပ်ကာဖောက်မြားတစ်စင်းကို အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။

ထိုကြမ်းကြုတ်သော သားရဲသည် နားရွက်များကို လှုပ်ခတ်ကာ လေတိုးသံကို ကြားရုံနှင့် တုံ့ပြန်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ထက်မြက်သော ခြေသည်းဖြင့် ရိုက်ချလိုက်ရာ မြားမှာ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားတော့သည်။

"ဘုန်း—"

ကျောက်တုံးချင်း တိုက်မိသံကဲ့သို့ ထူးဆန်းသော ဟိန်းသံကို လွှတ်လိုက်ပြီး သားရဲသည် ခြေလက်များကို နောက်သို့ အနည်းငယ် ကွေးလိုက်ကာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်မှာ မြားတစ်စင်းအလား သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ရှေ့သို့ ခုန်ဝင်လာသည်။ ထိုတစ်ဟုန်ထိုး ခုန်အုပ်မှုသည် ခြေလှမ်းတစ်ရာအကွာအဝေးကို ဖုံးလွှမ်းသွားသည်။

"ရွှတ်—"

ချန်ဆန်းရှီသည် ခြေလှမ်းသုံးရာအကွာမှ နေသော်လည်း ခဏချင်းအတွင်း သားရဲ၏ အနီးကပ်မှုကို ခံလိုက်ရသည်။ သူသည် လေးကို ချက်ချင်းချကာ လှံကို ပြောင်းကိုင်လိုက်ပြီး ဝိညာဉ်ဖျက်လှံကို ပင်လယ်ထဲမှ နဂါးတစ်ကောင် ခုန်ထွက်လာသကဲ့သို့ ထိုးနှက်လိုက်သည်။

ထိုသားရဲက လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ထက်မြက်သော ခြေသည်းများဖြင့် ကုတ်ခြစ်တိုက်ခိုက်လာသည်။ ချန်ဆန်းရှီက လှံဖျားကို လှည့်ကာ ပြန်လည်ခုခံလိုက်ရာ သံချင်းရိုက်မိသည့် အသံများ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော အင်အားကြောင့် သူသည် သွေးပေါက်ကွဲမှု အခြေအနေကို အသက်သွင်းပြီး အားကုန်သုံးကာ တောင့်ခံထားရသည်။

ဤသားရဲသည် ဟွာကျင်းအဆင့်အကြီးစားအောင်မြင်မှု့ သို့မဟုတ် ပြီးပြည့်စုံခြင်းအဆင့်၏ ခွန်အားမျိုး ရှိနေသည်။

ထို့ပြင် ၎င်းတွင် အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည်ရှိပြီး ရမ်းသန်းတိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ သိုင်းပညာရှင်တစ်ယောက်ကဲ့သို့ ရှောင်တိမ်းခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းကို ကျွမ်းကျင်သည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်ခွန်အားမှာမူ သိုင်းပညာရှင်တစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်သည်။

ချန်ဆန်းရှီက အစမ်းတိုက်ခိုက်ကြည့်ခြင်းသာ ဖြစ်ပြီး ခက်ခဲမှန်းသိသွားသည်နှင့် တိုက်ကွက်တစ်ခုအပြီးတွင် ချက်ချင်း ဆုတ်ခွာလိုက်သည်။ သားရဲသည် လျင်မြန်သော်လည်း သိပ်သည်းသော တောအုပ်ထဲတွင် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်မှာ အဟန့်အတား ဖြစ်နေသည်။ ၎င်းသည် ဒေါသတကြီး လိုက်လံတိုက်ခိုက်ရင်း သစ်ပင်ကြီးများကို တိုက်ဖြတ်ပစ်သဖြင့် ငှက်များ ပျံတက်ကုန်ကာ တောကောင်များ လန့်ဖျန့်ကုန်ကြသည်။

ချန်ဆန်းရှီကနောက်သို့ လှည့်မကြည့်ဘဲ လမ်းလွှဲကာ ပြေးရင်း မသေမျိုးရတနာ သုတ်လိမ်းထားသော မြားများကို ကြိုတင်ပြင်ဆင်ထားလိုက်သည်။ သို့သော် အတန်ကြာ ပြေးပြီးနောက် နောက်က လိုက်လာသည့် အသံများ တိတ်ဆိတ်သွားသည်။ ထိုသားရဲသည် ၎င်း၏ နယ်မြေအပြင်ဘက်အထိ ဆက်မလိုက်လာတော့ခြင်း ဖြစ်နိုင်သည်။

"ထားလိုက်ပါတော့လေ"

ချန်ဆန်းရှီသည် ပြန်လှည့်ပြီး တိုက်ခိုက်ရန် စိတ်မကူးတော့ပေ။ တကယ်လို့ ထူးဆန်းသောမီးတောက်ကို သုံးပြီး မီးရှို့လိုက်လျှင် ပြာသာကျန်ခဲ့မည်ဖြစ်ပြီး ဘာမှ ရရှိမှာ မဟုတ်ပေ။ ထိုသားရဲ၏ လျင်မြန်မှုနှင့် ခုန်နိုင်စွမ်းကို ကြည့်လျှင် ၎င်းကို သတ်ပြီး သားရဲ အကြောကို ရရှိခဲ့ပါက သံမဏိအူတိုင်လေးအတွက် အလွန်ကောင်းမွန်သော အရင်းအမြစ် ဖြစ်ပေလိမ့်မည်။

အလွှာ၈ ဤနေရာသည် ချန်ဆန်းရှီပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ရှေ့သို့ ဆက်တိုးရန်အတွက် သူသည် ဟွာကျင်း အဆင့် အသေးစားအောင်မြင်မှု့ကို ရရှိရန် လိုအပ်သည်။ အသက်ရှုသံဖုံးကွယ်ခြင်းအတတ်သည် ကိုယ်ပျောက်အတတ် မဟုတ်ပေ။ အထူးသဖြင့် မိစ္ဆာစွမ်းအင် လွှမ်းမိုးနေသော နေရာတွင် အဆိပ်သားရဲများ၌ မည်သည့် ထူးခြားသော စွမ်းရည်များ ရှိနေမည်ကို မည်သူမှ မသိနိုင်ပေ။ မမျှော်လင့်ထားသည်များ ဖြစ်လာပါက သူ ဘေးကင်းကင်း ဆုတ်ခွာနိုင်ရန် သေချာစေရမည်။

သူသည် စွန့်စားမှုများ ထပ်မလုပ်တော့ဘဲ လမ်းတစ်လျှောက် သားကောင်ရှာရင်း ပြန်လှည့်လာခဲ့သည်။ အလွှာ၆ အနီးသို့ ရောက်သောအခါ ချုံပုတ်တစ်ခုအတွင်း၌ မှိန်ပျပျ အပြာရောင် စွမ်းအင်တစ်ခုကို သူ တွေ့ရှိလိုက်သည်။

ထူးခြားသားရဲ မိစ္ဆာစွမ်းအင် အလွှမ်းမိုးမခံရသေးသော သားရဲတစ်ကောင်ပင်။

သူ အသာအယာ ချဉ်းကပ်ကြည့်လိုက်ရာ အလွန်ပင် ချစ်စရာကောင်းသော နားကြွက်တစ်ကောင်ကို တွေ့လိုက်ရသည်။ အမည်က "ကြွက်" ဖြစ်သော်လည်း အရွယ်အစားမှာ ကြီးမားပြီး အမွှေးမှာ ကြွက်နှင့်တူကာ ခေါင်းမှာ ယုန်နှင့်တူသည်၊ ကိုယ်ထည်မှာ သမင်နှင့်တူပြီး ဟောင်သံမှာ ခွေးဟောင်သံနှင့် တူသည်။

ချန်ဆန်းရှီသည် ၎င်း၏ခေါင်းကို မြားဖြင့်ပစ်ကာ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့သည်။ သားရဲတိုင်းက တိုက်ခိုက်ရေးစွမ်းရည် မရှိကြပေ။ ဤ နားကြွက် သည် ထိုသို့သော ဥပမာတစ်ခု ဖြစ်သည်။ ၎င်းသည် လူနှင့် တိရစ္ဆာန်များကို အန္တရာယ်မပြုသည့်အပြင် အဆိပ်အားလုံးကို ပြေစေနိုင်ရုံသာမက အာဟာရဓာတ် အလွန်မြင့်မားသော သတ္တဝါဖြစ်သည်။ ထိုသားရဲတစ်ကောင်သည် ရတနာဆေးဝါးများစွာနှင့် ညီမျှသည်။

ထို့ကြောင့် ယခုအခါ သူ၏လက်ထဲတွင် ဆေးယို၊ ရတနာဆေးဝါးနှင့် ထူးခြားသားရဲတို့ ပေါင်းစပ်သွားပြီ ဖြစ်သဖြင့် လာမည့်ကာလအတွင်း သူ၏ ကျင့်ကြံခြင်းမှာ သိသိသာသာ တိုးတက်လာတော့မည် ဖြစ်သည်။

ထိုမှိန်ပျပျ အပြာရောင်စွမ်းအင်... သူ အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်လည်း မဟုတ်၊ မိစ္ဆာစွမ်းအင်လည်း မဟုတ်သဖြင့် မည်သည့် စွမ်းအင်အမျိုးအစား ဖြစ်မည်နည်း။ အခွင့်အရေးရလျှင် မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေကို မေးကြည့်ရမည်၊ သူတို့ သေချာပေါက် သိလိမ့်မည်။

"နောက်ထပ် ရှိသေးလား"

ချန်ဆန်းရှီသည် နားကြွက်ကို ယူပြီး ထွက်ခွာတော့မည့်အချိန်တွင် မြက်တောထဲ၌ ထူးခြားသော ပန်းတစ်ပွင့်ကို သတိထားမိလိုက်သည်။

"ခရမ်းရောင် အအေးပန်း"

၎င်းသည် ဗီဇပြောင်း မြက်ပင်အမျိုးအစားဖြစ်သည်။ ထူးခြားသားရဲများသည် သာမန်သားရဲများနှင့် ကွဲပြားသကဲ့သို့ ဗီဇပြောင်း မြက်ပင်များသည်လည်း သာမန်အပင်များနှင့် ဆေးဘက်ဝင် အပင်များထဲတွင် ထူးခြားနေပြီး ရတနာဆေးဝါးများ၏ ကုန်ကြမ်းဖြစ်သည်။ ဤပန်းသည် ပွင့်မလာမချင်း သာမန်မြက်ပင်နှင့် ခွဲမရပေ။ အနှစ်နှစ်ဆယ်မှ တစ်ကြိမ်သာ ပွင့်တတ်ပြီး ပွင့်သည့်အချိန်မှာလည်း တစ်ရက်သာ ကြာမြင့်သည်။ ၎င်းကို တွေ့ရှိရန်မှာ ကံတရား အလွန်လိုအပ်သည်။ ကံမကောင်းသည်မှာ ၎င်းသည် ကျင့်ကြံခြင်းကို မမြှင့်တင်နိုင်သော်လည်း အပြင်ဒဏ်ရာများကို ကုသရာတွင် အထူးဆေးအဖြစ် အသုံးပြုနိုင်သည်။ ဒဏ်ရာမရှိလျှင်ပင် အသားအရေကို ကောင်းမွန်စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည်ဟု ဆိုကြသည်။

All Chapters