အခန်း (၂၀၆)
Vol. 19 Ch. 206
📝အပိုင်း - ၂၀၆
ဘာသာပြန် - Na Gar🐉
"ဗိုလ်ချုပ်... ကျွန်တော် ကြားဖူးတာကတော့..."
ခွင့်ပြုချက်ရရှိပြီးနောက် ကျောက်ကန်က ဆိုသည် "ဒီလျန်ကျိနျန်ဆိုတဲ့လူမှာ နတ်ဘုရားလက်နက်တစ်ခု ရှိတယ်တဲ့၊ နာမည်က ဘာတဲ့..."
"ကောင်းကင်ဘုံကျမ်းစာ"
ဖန်းယုံက ဖြည့်စွက်ပြောသည် "သူက မသေမျိုးတစ်ဦးနဲ့ တွေ့ဆုံခဲ့ရတဲ့ ကောင်းကင်ဘုံက ရွေးချယ်ခံရသူဖြစ်ပြီး အံ့ဖွယ်စစ်သည်တော် ကောင်းကင်ဘုံကျမ်းစာ ကို ပိုင်ဆိုင်ထားတယ်လို့ နေရာအနှံ့မှာ သတင်းတွေ ပြန့်နေပါတယ်။ အဲဒီကျမ်းစာက အလွန်စွမ်းအားကြီးသလို၊ အဓိကဂိုဏ်းကြီးအချို့ရဲ့ အပြည့်အဝထောက်ခံမှုကိုလည်း ရထားတာကြောင့် သူတို့တွေ အခုလောက်အထိ တိုက်နိုင်တာက ဖြစ်နိုင်ခြေရှိပါတယ်"
"မင်းပြောတာ မှန်တယ်"
ရွှီဝမ်ချိုင်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဆိုသည်"သူ့မှာ ကောင်းကင်ဘုံကျမ်းစာ ရှိတယ်ဆိုပါစို့။ ဒါပေမဲ့ အဲဒီကျမ်းစာက တကယ်ပဲ အစွမ်းထက်တယ်ဆိုရင် ဘာလို့ ရွှေစမ်းရေမြို့မှာ သူတို့ ရပ်တန့်သွားရတာလဲရွှေစမ်းရေမြို့ရဲ့ မြို့စောင့်တပ်က အင်အားငါးထောင်ပဲ ရှိတာလေ။ ဗိုလ်ချုပ်တုန်ရဲ့ စစ်ကူသုံးသောင်းလည်း အခုထိ မရောက်သေးဘူး"
"ပထဝီဝင်အနေအထား အသာစီးရလို့ ဖြစ်မှာပါ" ကျောက်ကန်က ဆိုသည်။ "ရွှေစမ်းရေမြို့က ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက်တဲ့နေရာ၊ ယွမ်ကျိုးက ဟိန်လုံနယ်မြေနဲ့တူတယ်။ အတွင်းထဲမှာ မရှုပ်ထွေးသရွေ့တော့ သိမ်းပိုက်ဖို့ အလွန်ခက်ခဲတယ်"
သူတို့ လျန်ကျိုးသို့ ရောက်ရှိလာပြီးနောက် ကျင့်ကြံခြင်းအပြင် စစ်ရေးကျမ်းစာများကိုလည်း နေ့စဉ်လေ့လာခဲ့ကြသည်။ ၎င်းမှာ သူတို့၏အထက်လူကြီး ချန်ဆန်းရှီ၏ နောက်ခြေကို မဆွဲမိစေရန်ပင် ဖြစ်သည်။
"ကောင်းပြီ... မင်းတို့ပြောတာတွေ အားလုံးမှန်တယ်။ ဒါဆိုရင် အကြီးမားဆုံး သံသယတစ်ခုက အခုမှလာတာ"
ရွှီဝမ်ချိုင်က မျက်လုံးကို အနည်းငယ်မှေးကာ ဆိုသည်"မင်ပြည်နယ်မှာ အခုလို ရှုပ်ထွေးနေတာကို အနောက်ချီနိုင်ငံက ဘာလို့ အခုထိ အလုံးအရင်းနဲ့ စစ်မချီသေးတာလဲသူတို့က ဘာလို့ အကဲစမ်းတိုက်ခိုက်နေရုံပဲ လုပ်နေတာလဲဝမ်လီ... မင်း ဘယ်လိုထင်လဲ"
"ဒါကတော့..."
ဝမ်လီက ဓားလက်ကိုင်ကို ပွတ်ရင်း အလေးအနက် စဉ်းစားကာ ဆိုသည်။ "သူတို့က ယုံကြည်မှု မရှိသေးတာဖြစ်ဖြစ်၊ အခွင့်အရေးကောင်းကို စောင့်နေတာဖြစ်ဖြစ် ဖြစ်မှာပါ"
"ဘာကို စောင့်နေတာလဲ"
ရွှီဘင်က ရေရွတ်သည် "တကယ်ပဲ ထူးဆန်းတယ်။ ငါတို့ စစ်ကူတွေ ရောက်သွားရင် အနောက်ချီနိုင်ငံက အခွင့်အရေး လက်လွတ်သွားမှာ မဟုတ်ဘူးလား"
ထိုကဲ့သို့ ခွဲခြမ်းစိတ်ဖြာကြည့်ကြသောအခါ အဖွဲ့သားအားလုံး တစ်ခုခု မှားယွင်းနေသည်ဟု စတင်ခံစားလာရသည်။
"ဗိုလ်ချုပ်..." ရွှီဝမ်ချိုင်က စူးစူးစမ်းစမ်း မေးသည်။ "ကျွန်တော်တို့ လျန်ကျိုးတပ်ဖွဲ့တွေ မင်ပြည်နယ်ထဲ ရောက်သွားရင် ဘယ်လိုတပ်ဖြန့်မလဲရန်သူကို ဘယ်လိုမျိုး အမြစ်ပြတ်သတ်မလဲရိက္ခာတွေကိုကော ဘယ်ကနေ သယ်မှာလဲဒေသတွင်း ရိက္ခာကိုပဲ အားကိုးမှာလား ဒါမှမဟုတ် သယ်ယူပို့ဆောင်မှာလား"
ချန်ဆန်းရှီက ပြန်မဖြေခဲ့ပေ။
ဤကိစ္စရပ်များသည် လက်အောက်ငယ်သားများ သိရန်မလိုအပ်ပေ။ စစ်ရေးဗျူဟာမှာ လျှို့ဝှက်ချက်ဖြစ်သည်။ အဆင့် ၅ နှင့်အထက်ရှိသော ဗိုလ်ချုပ်များပင်လျှင် အခြေအနေအားလုံးကို မသိနိုင်ဘဲ၊ သူသည်လည်း အဆင့် ၃ ဘွဲ့ထူးရှိခြင်းကြောင့်သာ ကြားသိခွင့်ရခြင်း ဖြစ်သည်။ ရွှီဝမ်ချိုင်ကို အလွန်ယုံကြည်သော်လည်း ထိုကဲ့သို့သော သတင်းအချက်အလက်များကို ထုတ်ဖော်ပြောပြ၍ မရပေ။
စီမံကိန်းအရ လျန်ကျိုးတပ်ဖွဲ့များသည် ပေါ့ပေါ့ပါးပါး ခရီးနှင်ကာ ယန်ပြည်နယ်ကို ဖြတ်ပြီး မင်ပြည်နယ်၏ အချက်အချာဒေသသို့ တိုက်ရိုက်ဝင်ရောက်မည် ဖြစ်သည်။ ရိက္ခာနှင့် လေးလံသော စစ်လက်နက်ပစ္စည်းများကို မင်ပြည်နယ်ဘက်က ထောက်ပံ့ပေးမည် ဖြစ်သည်။ "စစ်ပွဲတွင် မြန်ဆန်ခြင်းသည် အဓိက" ဖြစ်သောကြောင့် ဤအတွေးအခေါ်မှာ ပြဿနာမရှိပေ။
သို့သော်လည်း မင်ပြည်နယ်ဘက်မှ အချိန်မီ မထောက်ပံ့နိုင်သည့် မမျှော်လင့်ထားသော ဖြစ်ရပ်မျိုး ကြုံတွေ့ရပါက လျန်ကျိုးတပ်ဖွဲ့မှာ အထီးကျန်တပ်ဖွဲ့ ဖြစ်သွားမည်ဖြစ်ပြီး နားခိုရန် သို့မဟုတ် အားပြန်ဖြည့်ရန် မြို့တစ်မြို့ပင် ရှိတော့မည်မဟုတ်ပေ။
အကယ်၍ ချန်ဆန်းရှီသာ ကွပ်ကဲရမည်ဆိုပါက ပိုမိုသတိကြီးသော ချဉ်းကပ်မှုကို ရွေးချယ်မည်ဖြစ်သည်။ များစွာစဉ်းစားပြီးနောက် နောက်ဆုံးတွင် သူသည် ဗိုလ်ချုပ်ကျောက်၏ စခန်းသို့သွားကာ အကြံပြုချက်ပေးရန် ပြင်ဆင်လိုက်သည်။
"ဟော... ဗိုလ်ချုပ်ချန် ရောက်လာတာပဲ"
ကျောက်ဝူကျိီ သည်လည်း သဲမြေပုံကို လေ့လာနေရင်း သူ့ကို နွေးထွေးစွာ နှုတ်ဆက်သည်။ "ဗိုလ်ချုပ်ချန်... မင်းရဲ့ လူတွေ ဘယ်လောက်အထိ လေ့ကျင့်ပြီးပြီလဲဒါက မင်းအတွက် နာမည်ကျော်ကြားဖို့ အခွင့်အရေးကောင်းပဲ"
"ဗိုလ်ချုပ်ကျောက်"
ချန်ဆန်းရှီက လိုရင်းကို တိုက်ရိုက်ပြောလိုက်သည် "ပုန်ကန်မှုနှိမ်နင်းဖို့ စစ်ချီတဲ့နေရာမှာ ကျွန်တော့်ဘက်က အကြံပြုချက်လေးတစ်ခု ရှိပါတယ်။ အခု ပြောလို့ သင့်တော်မလားခင်ဗျာ"
"ပြောပါ... သေချာတာပေါ့" ဗိုလ်ချုပ်ကျောက်က စနောက်ကာ ဆိုသည်။ "စစ်ရေးစွမ်းဆောင်မှုမှာဆိုရင် မင်းက ငါ့ထက် မနိမ့်ပါဘူး"
"ဗိုလ်ချုပ်..." ချန်ဆန်းရှီက မင်ပြည်နယ် သဲမြေပုံကို ထောက်ပြရင်း ဆိုသည်။ "လက်ရှိ စစ်ချီမယ့် အစီအစဉ်က နည်းနည်းတော့ မလုံခြုံဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမျိုး လုပ်ရင် ပိုမကောင်းဘူးလား။ ကျွန်တော်တို့ တပ်တွေ မင်ပြည်နယ်ထဲ ရောက်ရင် တောင်ဘက်ကို တိုက်ရိုက် အလျင်စလို မဆင်းဘဲ၊ ခံစစ်အလွန်ကောင်းတဲ့ ဂူယွီခရိုင်မှာ အရင် စခန်းချပြီး ပြန်လည်စုဖွဲ့သင့်ပါတယ်။ အဲဒီမှာ မင်ကျိုးတပ်မတော် အနောက်ဘက်ကို စစ်ချီလာတာကို စောင့်ပြီးမှ တပ်ပေါင်းစုံနဲ့ စနစ်တကျ ရှေ့တိုးမယ်ဆိုရင် ရန်သူကို တဖြည်းဖြည်းချင်း ဝါးမြိုသွားလို့ ရပါတယ်"
"ထပ်ပြီး အကြံပြုချင်တာကတော့ ရိက္ခာကို မင်ပြည်နယ်ကိုပဲ အပြည့်အဝ အားမကိုးဘဲ ယန်ပြည်နယ်နဲ့ လျန်ပြည်နယ်ကနေပါ သယ်ယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မမျှော်လင့်ဘဲ ရိက္ခာပြတ်တောက်သွားရင် စစ်တပ်အတွင်းမှာ အကြီးအကျယ် ရှုပ်ထွေးသွားပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ပါ"
"အင်း... အဲဒါက တော်တော်လေး သတိကြီးတဲ့ အစီအစဉ်ပဲ။ ဒါပေမဲ့..."
ကျောက်ဝူကျိီက သဲမြေပုံကို ခေါက်ရင်း ဆိုသည်။ "ဗိုလ်ချုပ်ချန်... မင်း အရင်က စစ်သည် တစ်သောင်းထက်ပိုတဲ့ စစ်တပ်ကို မကွပ်ကဲဖူးသေးဘူး မဟုတ်လားတပ်မတော်ကြီးတစ်ခု စစ်ချီတဲ့အခါ လူနဲ့ မြင်းတွေအတွက် တစ်ရက်ကို ရိက္ခာ ဘယ်လောက်ကုန်လဲဆိုတာ မင်း သိလားလျန်ပြည်နယ်ကနေ မင်ပြည်နယ်အထိ ရိက္ခာသယ်ဖို့ဆိုတာ ဆုံးရှုံးမှုက အလွန်များတယ်။ ရှေ့တန်းကို ရိက္ခာ ၁၀ တင်း ပို့ရင် ၁ တင်း ဒါမှမဟုတ် ၂ တင်းပဲ ကျန်တော့မယ်။ မင်ကျိုးတပ်မတော်မှာ ရိက္ခာတွေ အလုံအလောက် ရှိနေတဲ့အချိန်မှာ ဘာလို့ အပိုအလုပ်တွေ လုပ်နေရမှာလဲ"
"တပ်ပေါင်းစုံ ပေါင်းစည်းမယ့် ကိစ္စကတော့ အခြေအနေ တည်ငြိမ်ပေမဲ့ ဆုံးရှုံးမှုကတော့ အများဆုံး ဖြစ်သွားလိမ့်မယ်။ မျက်ခုံးနီတပ်မတော်ကလည်း လူမိုက်တွေ မဟုတ်ဘူး။ မင်းက အင်အားစုစည်းနေတဲ့အချိန်မှာ သူတို့ကလည်း ပြင်ဆင်နေမှာပဲ။ သူတို့က မြို့ထဲကို ဆုတ်ခွာပြီး ခံစစ်ပြင်လိုက်ရင် မြို့သိမ်းတိုက်ပွဲက ဘယ်လောက် ရက်စက်သလဲဆိုတာ မင်း သိသင့်ပါတယ်။"
"ဒါမှမဟုတ် တခြား စိုးရိမ်တာရှိသေးလားပွင့်ပွင့်လင်းလင်း ပြောပါ"
"ကျွန်တော်လည်း တိတိကျကျတော့ မဖော်ပြတတ်ဘူး" ချန်ဆန်းရှီက ခေါင်းငြိမ့်ပြသည်။ "အနောက်ချီနိုင်ငံက အခုထိ အရေးယူဆောင်ရွက်မှု နောက်ကျနေတာဟာ တခြား ပရိယာယ်တစ်ခုခု ရှိနေလို့လားလို့ ကျွန်တော် ခံစားမိရုံပါ"
"သူတို့က တိုက်ဖို့ ကြောက်နေတာပါ" ကျောက်ဝူကျိီက တည်ငြိမ်စွာ ဆိုသည်။ "ဗိုလ်ချုပ်တုန်ဆိုတာ ဗိုလ်ချုပ်ဖန်ချင်းယွမ်နဲ့တောင် လက်ဝှေ့ယှဉ်ထိုးနိုင်တဲ့သူ။ သူက အောင်နိုင်သူ မဖြစ်ခဲ့ပေမဲ့ စစ်ရေးဗျူဟာမှာတော့ ဆရာကြီးတစ်ယောက်ပဲ။ သူ ရှိနေသရွေ့ အနောက်ချီနိုင်ငံက သတိထားနေမှာပဲ၊ မျက်ခုံးနီတပ်မတော် ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကို သူတို့ စောင့်ကြည့်နေတာ"
"နောက်ဆုံးတော့ သူတို့က စစ်နတ်ဘုရားအဆင့်တောင် မရှိတဲ့ စည်းကမ်းမဲ့ အုပ်စုတစ်စုပါပဲ။ သူတို့မှာ အသုံးမကျတဲ့ ကောင်းကင်ဘုံကျမ်းစာ ရှိနေရင်တောင် ဘာဖြစ်လဲ အဲဒီကျမ်းစာက တကယ်သာ အစွမ်းထက်ရင် သူတို့ အခုလို ရပ်တန့်နေမှာ မဟုတ်ဘူး"
"ဗိုလ်ချုပ်ကျောက် ပြောတာတွေ အားလုံး မှန်ပါတယ်" ချန်ဆန်းရှီက ဆိုသည်။ "ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီလို ခံစားချက်မျိုး ရှိနေတုန်းပဲ..."
"တိုက်ပွဲဆိုတာ ခံစားချက်နဲ့ တိုက်ရတာ မဟုတ်ဘူး၊ ဗိုလ်ချုပ်ချန်"
ကျောက်ဝူကျိီက သူ့ပုခုံးကို ပုတ်ရင်း ဆိုသည်။ "မင်းဟာ အနာဂတ်မှာ ထူးချွန်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်၊ ဖြစ်နိုင်ရင် မသေမျိုးတစ်ယောက်တောင် ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမဲ့ အခုတော့ မင်းက ငယ်သေးတယ်၊ သင်ယူဖို့ လိုသေးတယ်။ ပုန်ကန်မှု့နှိမ်နင်းရေး အစီအစဉ်ကို ဗိုလ်ချုပ်လူ၊ သခင်ကြီးဟောက်နဲ့ ငါတို့ ရေးဆွဲခဲ့တာ။ ဒါကို ပြောင်းဖို့ဆိုတာ နောက်ကျသွားပြီ၊ ပြောင်းဖို့လည်း မဖြစ်နိုင်တော့ဘူး"
"ဒီတစ်ခါ စစ်ချီတာက မင်းအတွက် အကြီးစား စစ်ဆင်ရေးတွေကို လေ့လာဖို့ အဖိုးတန်တဲ့ အခွင့်အရေးပဲ။ အများကြီး စိုးရိမ်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် မင်ပြည်နယ်က စစ်သည်သုံးသောင်းကျော်နဲ့ လျန်ပြည်နယ်က လေးသောင်း၊ စုစုပေါင်း ခုနစ်သောင်းက ပုန်ကန်သူ သုံးသောင်းကို တိုက်မှာဆိုတော့ အသာစီးက ငါတို့ဘက်မှာပဲ ရှိပါတယ်"
"..."
ချန်ဆန်းရှီမှာ တခြားသူ၏ အကြောင်းပြချက်များကို ပြန်လည်ချေပရန် စကားလုံး မရှိတော့ပေ။