အခန်း (၆၇)
Vol. 5 Ch. 67
အနီးနားရှိချုံပုတ်များကို လောင်ကျွမ်းသွားစေသော မီးတောက်ကိုကြည့်ရင်း စစ်သားတွေရဲ့ မျက်လုံးများက ပြူးကျယ်သွားတယ်။ ရှန်းကျင်းဇီပင် အံ့အားသင့်သွားသည်။ သူ့ညီအစ်ကိုတွေကို ကြည့်ပြီး “ငါမသိဘူး” လို့ပြောလိုက်တယ်။
သူစကားပြောနေစဉ်တွင်ပင် သူ့ပါးစပ်နှင့် နှာခေါင်းများမှ မီးခိုးများထွက်နေသေးတယ်။ ဒါကိုမြင်တော့ စစ်သားတွေဟာ သူ့ဆီကနေ အဝေးကိုပြေးသွားလိုက်ပြီး သူတို့ထဲက တစ်ယောက်က "ရှန်းကျင်းဇီ စကားပြောတာရပ်လိုက်၊ မင်းစကားပြောချင်ရင် ငါတို့နဲ့ဝေးဝေးကို ကြည့်ပြီးပြော" လို့ပြောလာတယ်။
မတရားခံရသလို ခံစားရတာကြောင့် ရှန်းကျင်းဇီက သူ့ခန္ဓာကိုယ်ကို လှည့်ပြီး "အစ်ကို၊ ကျွန်တော် ဘယ်သူ့ဆံပင်ကိုမှ မီးရှို့ဖို့ တကယ်မရည်ရွယ်ပါဘူး။ ကျွန်တော့် ဗိုက်ကပူလောင်နေသလို ခံစားရပြီး လေချဉ်တက်ချင်စိတ်လည်း ဖြစ်လာခဲ့တယ်" လို့ ရှင်းပြလိုက်တယ်။
ဒါကိုကြားတော့ စစ်သားတွေက တယောက်ကိုတယောက် ဇဝေဇဝါနဲ့ ကြည့်နေကြတယ်။ သူတို့လည်းဘာဖြစ်နေမှန်းလည်းမသိကြဘူး။
သိပ်မကြာခင်မှာပဲ ရှောင်ချီက လမ်းလျှောက်လာပြီးနောက်တွင် ဒီအခြေအနေကိုတွေ့လိုက်တယ်။ အဖြစ်အပျက်ကို သိပြီးနောက်တွင် သူကရယ်မောလိုက်သည်။ ပြင်းထန်စွာ ရယ်မောလိုက်တာကြောင့် လဲကျပြီး ဆီးထွက်ကျမတတ်ဖြစ်သွားတယ်။
သူ့ရဲ့ရယ်မောမှုကြောင့် ညီအကိုတွေရဲ့ မျက်နှာတွေကမည်းမှောင်လာတယ်။ နောက်ဆုံး သူ စိတ်ငြိမ်သက်သွားတဲ့အခါကြမှ သူ့ကိုယ်သူအတွက် သိပ်ကြီးတဲ့ တွင်းတစ်ခု တူးမိသွားပြီဆိုတာကို သဘောပေါက်လာခဲ့သည်။
" ရှောင်ချီ ရယ်လို့ပြီးပြီလား" ကုန်းပိုင်က စိတ်မချမ်းသာစွာဖြင့် မေးလိုက်တယ်။
ဒါကိုကြားတော့ ရှောင်ချီ က ခေါင်းငုံ့ကာ ချောင်းဆိုးလိုက်ပြီး "အစ်ကိုကုန်း၊ ငါပြီးပြီ" ဟု ပြန်ဖြေသည်။
သူ့အဖြေကိုကြားသောအခါ ခြောက်ယောက်စလုံးက အံကြိတ်ကာ တစ်ချိန်တည်းတွင် သူ့ကို စိုက်ကြည့်နေကြတယ်။
သူတို့ရဲ့ ဒေါသကို သတိပြုမိတဲ့အခါကြမှ ရှောင်ချီက သူ့လက်နှစ်ဖက်ကို လျင်မြန်စွာမြှောက်လိုက်ပြီး "ညီအစ်ကိုတို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ လူကြီးလူကောင်းတွေက လက်သီးနဲ့ မထိုးဘဲ ပါးစပ်နဲ့ ပြောကြတယ်"
သူတို့ ငြိမ်သက်သွားပြီးနောက်တော့ ရှောင်ချီက ဆက်ပြောတယ် “တကယ်တော့ မီးတောက်က အစ်ကိုရှန်းရဲ့စွမ်းရည်ပါပဲ။ ကျွန်တော့်ရဲ့ စွမ်းရည်—သိုလှောင်မှုနေရာနဲ့တူတယ်။
"စွမ်းရည် ၊အဲဒါကဘာလဲ" ကုန်းပိုင်က မေးသည်။
"ကောင်းပြီ၊ အဲဒါက စူပါပါဝါကြီးလိုပါပဲ။ အဲဒါကို ဘယ်လိုရှင်းပြရမှန်းတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကိုခံစားရမှာပဲ့။ အဲဒီစွမ်းအင်ကို မင်းထိန်းချုပ်လိုက်တာနဲ့ တိုက်ခိုက်ဖို့ ဒါမှမဟုတ် ခုခံဖို့သုံးနိုင်တယ်။ စွမ်းရည်တချို့ကိုတော့ တိုက်ခိုက်ဖို့အတွက် အသုံးမချနိုင်ပေမယ့် တခြားလုပ်ဆောင်ချက်တွေတော့ ရှိပါတယ်" လို့ ရှောင်ချီက သူ့ခေါင်းကို ကုတ်ရင်း ရှင်းပြတယ်။
ရေသန့်ဘူးတွေကို မြင်တော့ ရှောင်ချီရဲ့မျက်လုံးတွေက တောက်ပလာတယ်။ ဘူးတွေအပေါ်မှာ လက်ကိုတင်လိုက်ပြီး "သိမ်းလိုက်" လို့ပြောလိုက်တယ်။
နောက်အခိုက်အတန့်မှာပဲ့ ရေသန့်ဘူးများက ပျောက်သွားသည်။ ဒါကိုမြင်တော့ စစ်သားတွေက အံ့သြသွားကြတယ်။
ထို့နောက် ရေဗူးများကို ပြန်ထုတ်ယူပြကာ "ဒါက ကျွန်တော်ရဲ့ အာကာသသိုလှောင်မှုစွမ်းရည်ပဲ၊ ကျွန်တော်ရဲ့နေရာမှာ သက်ရှိတွေကလွဲလို့ ဘာကိုမဆို သိမ်းဆည်းထားနိုင်တယ်၊ နောက်မှ ပြန်ယူလိုက်လို့လည်းရတယ်။ ကျွန်တော်နေရာက မကြီးပေမယ့် အတွင်းထဲမှာစီးဆင်းနေတဲ့အချိန်က ပိုနှေးတယ်။ ဒါကြောင့် အထဲမှာသိုလှောင်ထားတဲ့ ပစ္စည်းတွေက သက်တမ်း ပိုကြာလိမ့်မယ်"
သူ့ရှင်းပြချက်ကိုကြားပြီးနောက်တွင် ရှန်းကျင်းဇီက သူ့မျက်လုံးများကိုမှိတ်ထားပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ခံစားသိရှိရန် ကြိုးစားသည်။ သိပ်မကြာခင်မှာပဲ့ သူ့သွေးပြန်ကြောတွေတစ်လျှောက်မှာ လောင်ကျွမ်းနေတဲ့ ပူလောင်တဲ့စွမ်းအင်တစ်ခုကို သူတွေ့လိုက်ရတယ်။ သူ့စိတ်ကိုသုံးပြီး စွမ်းအင်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။
သူ့လည်ချောင်းမှစွမ်းအင်ကို သူ့လက်ချောင်းထိပ်များဆီသို့ မရွေ့နိုင်မီတွင် မိနစ်အနည်းငယ်ကြာသွားသည်။ နောက်အခိုက်အတန့်မှာတော့ သူ့လက်ချောင်းထိပ်များတွင် အပြာရောင်မီးတောက်ငါးခုကပေါ်လာသည်။
"ဝိုးးး အစ်ကိုရှန်း မင်းကတကယ်ကို မီးအမျိုးအစား စွမ်းရည်အသုံးပြုသူပဲ့။ အဲဒါက ကျွန်တော်တို့ဗိုလ်ကြီးရဲ့ စွမ်းရည်နဲ့ ဆင်တူတယ်" ရှောင်ချီက အံ့ဩတကြီးနဲ့ ချီးကျူးစကားဆိုသည်။
သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့လက်ချောင်းထိပ်တွေက မီးတောက်ကိုမြင်လိုက်ရတယ်။ သူ့စိတ်ကို အာရုံစူးစိုက်ပြီး သူ့စွမ်းအင်ကို ပြန်သိမ်းလိုက်တယ်။ တစ်စက္ကန့်အတွင်းမှာပဲ့ အပြာရောင်မီးတောက်က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သူက ကျေနပ်စွာပြုံးပြီး "မဆိုးပါဘူး၊ ဒါပေမယ့် ငါ့ရဲ့ စွမ်းအင်က သိပ်မများဘူး- ခဏလောက်သုံးပြီးရင် ပင်ပန်းတယ်လို့ ခံစားရတယ်" လို့ ပြောလိုက်တယ်။
ရှောင်ချီက ခေါင်းညိတ်ပြီးပြောတယ် "အစ်ကိုရှန်း မင်းရဲ့ စွမ်းရည်က အခုမှနိုးထလာတဲ့အခါမှာတော့ ဒါကပုံမှန်ပါပဲ့။ မင်းပိုသုံးလေ စွမ်းအင်တွေပိုရလေပဲ့။ တစ်ခုတည်းသော အားနည်းချက်ကတော့ ကျွန်တော်တို့က စွမ်းအင်ကိုသုံးလိုက်တာနဲ့ ကျွန်တော်တို့ မြန်မြန်ဗိုက်ဆာတာပဲ"
"ဒါပေမယ့် ဗိုလ်ကြီးက ပိုသန်မာလာဖို့အတွက် ကျွန်တော်တို့ရဲ့ စွမ်းအင်တွေကို အဆက်မပြတ် သုံးစွဲပြီး အားပြန်ဖြည့်ဖို့ လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအင်သိုလောင်မှုက ပိတ်ဆို့သွားတဲ့အခါမှာတော့ ကျွန်တော်တို့က အဆင့်ဖြတ်ကျော်ပြီး နောက်တစ်ဆင့်ကို တက်နိုင်မှာတဲ့"
ဒါကိုကြားတော့ သူတို့ကခေါင်းတညိတ်ညိတ်နဲ့ ပြောတယ် “ဒါဆို ဒီလိုပေါ့”
"အခုလောလောဆယ်မှာတော့ ကျွန်တော်တို့က ပိုပြီးမြန်မြန်ဆန်ဆန် အားကောင်းလာဖို့အတွက် ဖုတ်ကောင်တွေကို များများသတ်ပြီး လေ့ကျင့်နိုင်တယ်" လို့ ရှောင်ချီက ပြောကာ သက်ပြင်းချလိုက်တယ်။
ယခုအချိန်တွင်တွေ ရှန်းကျင်းဇီရဲ့မီးအမျိုးအစားစွမ်းရည်က အခြားသူများနှင့် မတူတာကို မည်သူမျှ သတိမထားမိကြပေ။
စွမ်းရည်ပါဝါလို့ခေါ်တဲ့အရာရဲ့အကြောင်းကို လေ့လာပြီးနောက်တွင် သူတို့ခြောက်ယောက်က သူတို့ရဲ့စွမ်းအင်ကို ထိန်းချုပ်ဖို့ ဆက်လက်လေ့ကျင့်ခဲ့ပါတယ်။ သူတို့ရဲ့ဗိုလ်ကြီးက သူတို့ရဲ့အရည်အချင်းတွေကို ကိုယ်တိုင်ကိုယ်ကျရင်းနှီး အောင်လုပ်ဖို့ကို ပြောထားတာကြောင့် တတ်နိုင်သမျှအမြန်ဆုံး ကျွမ်းကျင်အောင်လုပ်ဖို့လိုတယ်။
တစ်ချိန်တည်းမှာပင် ကျိူးလီဇီ ၊ ပိုင်ရီကျီးရဲ့အဖွဲ့နှင့် စစ်သားမျာတို့ဟာ နောက်ဆုံးတော့ စက်ရုံရဲ့အဝင်ပေါက်သို့ ရောက်လာကြတယ်။ သူတို့နီးကပ်သွားတာနဲ့ မြင့်မားတဲ့ ဘိလပ်မြေနံရံရဲ့ နောက်ကွယ်မှာ ပိတ်မိနေတဲ့ ဖုတ်ကောင်တွေဟာ ပိုမိုပြင်းထန်စွာဟိန်းဟောက်ပြီး နံရံကိုခုန်ကျော်ဖို့ကြိုးစားကြတယ်။
ဖုတ်ကောင်များက တံခါးပေါက်မှတဆင့် ပုပ်ပွနေသော လက်များကိုလှမ်းပြီး လတ်ဆတ်သော အသားများကို ဖမ်းဆုပ်ရန် ကြိုးစားကြသည်။ ဖုတ်ကောင်များရဲ့ဟိန်းဟောက်သံများက နားစည်ကွဲလုနီးပါးကို ကျယ်လောင်နေပြီး၊ ၎င်းတို့ရဲ့အရေအတွက်က ထောင်နှင့်ချီသော်လည်း ပိုလျှင် ပိုနိုင်တယ်။
တံခါးဝနှင့် ဆယ်မီတာအကွာတွင်ရပ်နေသော ပိုင်ရီကျီးက ကျင်းရွှီယန်းဘက်ကိုလှည့်ပြီး "ဗိုလ်ကြီးကျင်း၊ မင်းမှာ အစီအစဉ်ရှိလား ဒါမှမဟုတ် မင်းတစ်ယောက်တည်းလုပ်ချင်တာလား"
သူ့တို့ရဲ့ ဗိုလ်ကြီးအပေါ် ပိုင်ရီကျီးရဲ့ လေသံထဲက မဖုံးကွယ်ထားသော ရန်လိုမှုကို သတိပြုမိကာ ကျန်းယွမ်ကမျက်မှောင်ကြုတ်လိုက်တယ်။ ဒီသခင်ငယ်လေးရဲ့ ဦးနှောက်မှာ ဘာမှားနေလဲဆိုတာ သူနားမလည်နိုင်ခဲ့ပါဘူး။
လင်အန်းတက္ကသိုလ်မှ မကယ်တင်ခဲ့ရသော်လည်း၊ သူတို့က သူ့(ပိုင်ရီကျီး)ကိုကောက်ယူပြီး သူ့အဖွဲ့သားများကိုလည်း ထောက်ပံ့မှုများရရှိရန် ကူညီပေးခဲ့ကြသေးသည်။ ကျေးဇူးမတင်ရင်တောင် သူတို့အပေါ် ရန်ငြိုးဖွဲ့မထားသင့်ပါဘူး။
ဗိုလ်ကြီးကသာ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်သွားလျှင် စွန့်ပစ်သွားမည်ကို သူစိုးရိမ်သင့်တာမဟုတ်ဘူးလား။
ကျန်းယွမ်ကတောင် ရန်ငြိုးထားမှုကို ခံစားနိုင်လျှင်
ကျင်းရွှီယန်းက မည်ကဲ့သို့ မသိဘဲနေမည်နည်း။
ဒါပေမယ့် သူက ဂရုမစိုက်ဘူး။ သူက ကျိူးလီဇီကိုရှာဖွေရန်အတွက် အကြောင်းပြချက်တစ်ခုအနေဖြင့်သာ ပိုင်ရီကျီးကို အသုံးပြုခဲ့သည်။ အနာဂတ်မှာ ဘာဆက်လုပ်မလဲ ဆိုတာကတော့ သူ့ရဲ့စိတ်နေစိတ်ထားပေါ်မှာပဲ့ မူတည်တယ်။ တကယ်တော့ ဒီသခင်ငယ်လေးရဲ့ ကလေးထိန်းလုပ်ဖို့ကိုသူ့မှာ ရည်ရွယ်ချက်မရှိပါဘူး။
ကျင်းရွှီယန်းက သူ(ပိုင်ရီကျီး)ရဲ့ဒေါသကို ဂရုမစိုက်သော်လည်း ကျိူးလီဇီကတော့စိတ်မချမ်းသာပေ။ သူမက လှည့်ပြီးတော့ "စီနီယာပိုင် ရှင်ကကျောင်းသားသမဂ္ဂမှာ ဗျူဟာမှူးလို့ လူသိများတယ်လေ၊ ရှင့်မှာ အစီအစဉ်မရှိဘူးလား"မေးလိုက်တယ်။