အခန်း (၇၀)
Vol. 5 Ch. 70
ကျိူးလီဇီရဲ့မေးခွန်းကြောင့် ဖုန်းယွင်အံ့သြသွားတယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက်က ကောင်းကောင်းမသိကြဘူး။ လင်အန်းတက္ကသိုလ်ကို ပထမဆုံးရောက်တဲ့အချိန်က သူမကို ခရီးဆောင်အိတ်သယ်ကူပြီး အိပ်ဆောင်ကိုလိုက်ပို့ပေးတာကလွဲလို့ သူတို့နှစ်ယောက်လုံးမှာ အပြန်အလှန် ဆက်ဆံရေးမရှိခဲ့ကြပါဘူး။
သူက ဤဂျူနီယာညီမကို လျစ်လျူရှုပြီး တွက်ချက်တတ်သူအဖြစ် အမြဲတွေးခဲ့တယ်။ သူမကကြင်နာတတ်ဖို့ကို တကယ်လည်းသူဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
သူလည်းတကယ်ရေငတ်နေတော့ ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်"
ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ဆီသွားပြီး ရေတစ်ပုလင်းကို ထုတ်ယူလိုက်တယ်။ သူမရဲ့နေရာက ရေကန်ရေပါ။
အကျိုးကျေးဇူးအတိအကျကို သူမသေချာမသိသော်လည်း ရေတွင်စွမ်းအင်အနည်းငယ်ပါရှိတယ်။ ထိုသေးငယ်သော စွမ်းအင်က ဤအကျပ်အတည်းကို ချောမွေ့စွာနဲ့ လွတ်မြောက်သွားအောင် ကူညီပေးနိုင်သည်။
သူမက ပြန်လာပြီးနောက်တွင် ရေကို သူ့ထံလွှဲသိို့ပေးကာ
"စီနီယာဖုန်း နောက်ထပ်လိုရင် ကျွန်မကိုပြောပြပါ" လို့ ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်" ဖုန်းယွင်က ခေါင်းညိတ်သည်။
အဲဒီနောက်မှာတော့ သူမလည်း နောက်ထပ် ကန်ရေတစ်ပုလင်းကို ထုတ်ယူပြီးသောက်ခဲ့ပါတယ်။ တံခါးကို လှမ်းကြည့်လိုက်တော့လည်း အခြေအနေကိုထိန်းထားနိုင်တာကိုတွေ့လိုက်ရတယ်။ ထို့ကြောင့် သူမက အနားယူရန် မြေပြင်ပေါ်တွင် ထိုင်လိုက်တယ်။
ဂိတ်ပေါက်က စစ်သားများလည်း နောက်ဆုံးဖုတ်ကောင်ကို သတ်ဖြတ်ခြင်းပြီးဆုံးသွားလေပြီ။ လူသေအလောင်းများက မြင့်မားစွာ စုပုံနေသဖြင့် ဂိတ်ဝကိုကျော်ဖြတ်ရန် ခက်ခဲလှတယ်။
ကျန်းယွမ်က သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး "အားလုံးပဲ့အဆင်ပြေရဲ့လား ၊တစ်ယောက်ယောက် ဒဏ်ရာရသွားသေးလား" လို့ မေးလိုက်တယ်။
စစ်သားတွေက တစ်ယောက်နဲ့တစ်ယောက် စစ်ဆေးကြည့်ကာ ဘယ်သူမှမထိခိုက်ကြောင်းကို အတည်ပြုပြီးမှ “ဘယ်သူမှ မဒဏ်ရာရပါဘူး ဒုဗိုလ်ကြီး” ဆိုပြီး ပြန်သတင်းပို့တယ်။
ဒါကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ဆယ်မိနစ်လောက် အနားယူပြီးရင် အလောင်းတွေကို ဖယ်ရှားကြမယ်"
သူပြောပြီးတာနဲ့ ကျင်းရွှီယန်းက လှမ်းပြောတယ် "ဖယ်စရာ မလိုပါဘူး"
နောက်တစ်စက္ကန့်တွင် သူလက်ကိုမြှောက်လိုက်ရာ အနက်ရောင်မီးတောက်များက အလောင်းများကို လွှမ်းခြုံသွားသည်။ ဖုံးကွယ်ထားသော အန္တရာယ်များကို ဖယ်ရှားပစ်ရန်အတွက် သူက ၎င်းတို့ကို ချန်ထားခဲ့ရန်အစီအစဉ်မရှိပေ။
သူက မီးတောက်များရဲ့ အပူချိန်ကို တိုးမြင့်စေပြီး ဆယ်မိနစ်မပြည့်မီတွင်ပဲ့ မြေပြင်ပေါ်တွင် အနက်ရောင်ပြာများသာကျန်နေခဲ့တယ်။ လေတိုက်လိုက်တာနှင့် ပြာများလည်း ပြန့်ကျဲသွားသည်။ ကြည်လင်သော အမြုတေများသည် နေရောင်အောက်တွင် လှပစွာလင်းလက်နေတယ်။
သူ့တပ်သားတွေဘက်လှည့်ပြီး “အမြုတေတွေကို သွားယူ” လို့ပြောလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
ကျင်းရွှီယန်းရဲ့ စွမ်းအားကိုမြင်လိုက်ရသောအခါသူတို့နှင့် မနီးမဝေးတွင်ရှိသော ပိုင်ရီကျီးရဲ့ မျက်လုံးများက တောက်ပလာတယ်။ သူ့ကို ဒီလောက်ထိ သန်မာမယ်လို့ သူမမျှော်လင့်ထားဘူး။ သူတို့နှစ်ယောက်သာ တိုက်ခိုက်လျှင် သူနိုင်မှာမဟုတ်ဘူး။
သူ့အကြည့်ကိုခံစားရလို့ ကျင်းရွှီယန်းက သူ့ကိုကြည့်လာကာ ပြုံးလိုက်တယ်။ သူ့အပြုံးက ချောမောပေမယ့် ရန်လိုမှုတွေလည်း ပြည့်နှက်နေတယ်။ သွားတွေကို တင်းတင်းကြိတ်ပြီး ပိုင်ယိကျီးက သူ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်မှုကို ထိန်းချုပ်ပြီး သူ့ကို လျစ်လျူရှုဖို့ အကောင်းဆုံးကြိုးစားလိုက်တယ်။
သူ့ပတ်ဝန်းကျင်က သူ့အသင်းဖော်တွေကတော့ အထူးသဖြင့် ချူကျိမြောင်က အသက်ရှုကြပ်နေတယ်။ မြေပြင်ပေါ်တွင် ထိုင်နေရင်းနဲ့ နောက်ဆုံးတွင်မှ ဖုန်းယွင်က အနားတွင် မရှိတာကို သူမ သတိပြုမိလိုက်တယ်။ အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်မှ နောက်ဆုံးတွင် သူ့ကို တစ်ဖက်တွင် တွေ့လိုက်ရတယ်။
" စီနီယာဖုန်းက ဘာလို့ သူတို့နဲ့ရှိနေတာလဲ " သံသယစိတ်နဲ့ သူမက မေးလိုက်တယ်။
သူမရဲ့စကားကြားတော့ အားလုံးလည်း ခေါင်းကိုလှည့်ပြီးကြည့်လိုက်တာ ဖုန်းယွင်က မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။ ဟန့်ဂျီယင်းက မျက်မှောင်ကြုတ်ပြီးပြောတယ် "သူတို့နဲ့ပူးပေါင်းဖို့အတွက် ငါတို့အဖွဲ့ကနေ ထွက်သွားမှာလား"
" ဖုန်းယွင်က သစ္စာမဲ့သူမဟုတ်ပါဘူး" လော့်ကျင်းက ပြန်ဖြေတယ်။
"မင်းတို့အားလုံး အနားယူလိုက်ကြ။ ငါသွားကြည့်မယ်" လို့ ပိုင်ရီကျီးက ပြောလိုက်တယ်။
"ကောင်းပြီ"
ကျိူးလီဇီက ပေါင်မုန့်စားနေပြီး စတော်ဘယ်ရီနို့သောက်နေတာကို သူလမ်းလျှောက်လာရင်းနဲ့တွေ့လိုက်တယ်။ သူမရဲ့ ပါးပြင်များက ဖောင်းကားလာသည်ကို မြင်လိုက်ရတာနှင့် သူ့နှုတ်ခမ်းထောင့်က အနည်းငယ်ကြွလာတယ်။ သူမက ဟမ်းစတာတစ်ကောင်လိုပါပဲ စားနေရင်းနဲ့တောင်ချစ်စရာကောင်းတယ်။
သူလမ်းလျှောက်လာတာကိုမြင်တော့ ကျိူးလီဇီကမေးလိုက်တယ် "စီနီယာပိုင် တစ်ခုခုလိုလို့လား"
"ငါ ဖုန်းယွင်ကို စစ်ဆေးဖို့ လာခဲ့တာ"
ဒါကိုကြားတော့ ကျိူးလီဇီက "အိုး" လို့ တုံ့ပြန်ပြီး ဆက်စား နေတယ်။
ဖုန်းယွင်ဆီကို လျှောက်မသွားခင်မှာ ပိုင်ရီကျီးက သူမကို ခဏလောက်ကြည့်လိုက်သေးတယ်။ သူ့ဆီရောက်သွားတော့ ဖြူဖျော့နေတဲ့ မျက်နှာကို သတိထားမိလိုက်တယ်။ ငုတ်တုတ်ထိုင်ပြီး မေးလိုက်တယ် "ဖုန်းယွင် မင်းဘာဖြစ်နေတာလဲ"
ထိုအချိန်တွင် ဖုန်းယွင်က တစ်ဝက်တစ်ပျက် သတိလစ်နေခဲ့တယ်။ သန်းပေါင်းများစွာသော ပုရွက်ဆိတ်များက သူ့အသားနှင့်အရိုးများကို ကိုက်စားနေသကဲ့သို့ သူ့တစ်ကိုယ်လုံး မှာနာကျင်ကိုက်ခဲနေလေတယ်။ နာကျင်မှုကို ကျော်လွန်ပြီး သူခံစားရသမျှကတော့ အအေးဓာတ်—အရိုးထဲထိဝင်နေတဲ့-အအေးဓာတ်။
အနွေးထည်ဝတ်ထားခြင်းဖြင့် သက်သာရာရနိုင်သော သာမန်အအေးမိခြင်းနှင့်မတူဘဲ၊ ဤအအေးက သူရဲ့ရိုးတွင်းခြင်ဆီအတွင်းထိ နက်ရှိုင်းစွာရောက်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသည်။
နာကျင်ခြင်းနှင့် အအေးဓာတ်က သူ့သည်းမခံနိုင်တော့ဘဲ စိတ်ကိုရူးသွပ်သွားလောက်အောင်တွန်းပို့နေတယ်။ ဒီအချိန်မှာတော့ တစ်စုံတစ်ယောက်က သူ့ကို သတ်ပစ်ပြီး
သက်သာရာရအောင်လုပ်ပေးနိုင်ဖို့ကိုပဲ့ သူဆန္ဒရှိနေတယ်။
ထိုနေရာတွင် မလှုပ်မယှက်လဲလျောင်းနေသော ဖုန်းယွင်ကိုမြင်လိုက်ရတော့ ပိုင်ရီကျီးရဲ့ မျက်လုံးများကမှိန်သွားတယ်။ အရင်ကလည်း အလားတူအခြေအနေမျိုး သူမြင်ဖူးတယ်။ သူ့အခန်းဖော်ကလည်း တစ်ချိန်က ထိုကဲ့သို့အလားတူလက္ခဏာများ ပြသခဲ့ဖူးသည်။
အဲဒီအချိန်မှာတော့ သူတို့က အအေးမိတယ်လို့ ထင်ကြလို့ ဆေးရုံကိုပို့လိုက်တယ်။ ဒါပေမယ့် ရက်အတော်ကြာပြီးနောက်တွေတောင် သူ့အခြေအနေက မကောင်းမွန်လာဘဲ ပိုဆိုးသွားပါတယ်။ သူသေဆုံးသွားတဲ့နေ့မှာ ပိုင်ရီကျီးက သူ့သူငယ်ချင်းတွေနဲ့ အလည်သွားခဲ့ပါ သေးတယ်။
သူ့အခန်းဖော်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ အပြာရောင်အစက်အပြောက်တွေနဲ့ အသားတွေ ပုပ်စပြုလာတာကို သူ့မျက်လုံးနဲ့ မြင်ခဲ့ရတယ်။ အနံ့အသက်က နံစော်နေတော့ သူတို့သူငယ်ချင်းတချို့က ချက်ချင်းပဲ့ အန်ကြတယ်။
အခုစဉ်းစားကြည့်တော့ အအေးဓာတ်က ကမ္ဘာပျက်ခြင်းရဲ့အစပဲ့။
ဖုတ်ကောင်များအကြောင်း သူသိထားသမျှကို ပြန်သတိရသွားကာ ဖုန်းယွင်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တယ်။ လက်ဖဝါးပေါ်က ဒဏ်ရာကို မြင်လိုက်ရတာနဲ့ သုအံ့ဩသွားတယ်။
ဒဏ်ရာတဝိုက်က အသားတွေကပုပ်စပြုလာပြီး ပြည်တွေဖုံးနေတယ်။ ဒါကိုမြင်တော့ သူ့ရဲ့ကိုင်ထားတဲ့လက်ကိုအမြန်လွှတ်လိုက်ကာ မတ်တပ်ရပ်ပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားတယ်။
သူ ဖုန်းယွင်ကို စိုက်ကြည့်နေစဉ်တွင် ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ကို ကိုင်ဆောင်ကာ လျှောက်လာပြီးပြောလိုက်တယ် " စီနီယာပိုင် မင်းကြောက်ရင် မင်းထွက်သွားလို့ရပြီ။ ရောဂါပိုးရှိတဲ့ ခန္ဓာကိုယ်ရဲ့အရည်တွေနဲ့ တိုက်ရိုက်မထိတွေ့မိရင် မင်းအဆင်ပြေမှာပါ "
ဒါကိုကြားတော့ ပိုင်ရီကျီးက အလိုလိုနောက်ပြန်ဆုတ်သွားခဲ့တယ်။ သူ မော့ကြည့်လိုက်တော့ ကျိူးလီဇီက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။
သူမရဲ့တည်ငြိမ်သော အကြည့်အောက်တွင် သူကရှက်ရွံ့သွားပြီး ရှင်းပြလိုက်ချင်သည်။ "ငါ-"
"စီနီယာပိုင် စိတ်မပူပါနဲ့။ အစ်ကိုယန်း နဲ့ ကျွန်မက စီနီယာ ဖုန်းကို စောင့်ရှောက်လိုက်မယ်။ သူ့ကို ဖုတ်တစ်ကောင်လိုမျိူး မသေသွားစေပါဘူး" ကျိူးလီဇီက သူ့ကိုဖြတ်ပြောလိုက်တယ်။
ပြောပြီးဒါနဲ့ သူမက ကျောပိုးအိတ်ကိုဇစ်ဖွင့်ပြီး ရေသန့်ဘူးနဲ့ အဖျားကျဆေးအချို့ကို ထုတ်ယူလိုက်တယ်။ သူမက ဖုန်းယွင်ရဲ့ကိုယ်ကို ဆွဲတင်လိုက်ပြီး သူမကို မှီထားစေလိုက်တယ်။