အခန်း (၈၆)
Vol. 6 Ch. 86
ထိုစကားကိုကြားသည်နှင့် ရှောင်ချီက မြေပြင်ပေါ်ရှိ အမြုတေများကို လျင်မြန်စွာကောက်ယူလိုက်တယ်။ အရင်ကနဲ့မတူဘဲ သူက အမြုတေတွေကို စုဆောင်းရန်အတွက် ထိဖို့ မလိုအပ်တော့ဘဲ နှစ်မီတာအကွာအဝေးကနေ သိမ်းနိုင်ခဲ့တယ်။
သူက အမြုတေတွေကို စုဆောင်းပြီးတဲ့အခါမှာ ချင်လူဇီ က အရေးပေါ်တံခါးကနေ ထွက်သွားပြီး "ဒီအလွှာက ရှင်းပါတယ်။ နောက်အလွှာကတော့ ဖုတ်ကောင်အရေအတွက်က နည်းတယ်၊ ဒီအလွှာရဲ့ တစ်ဝက်ပဲရှိတယ်" လို့ ပြောပါတယ်။
ကျင်းရွှီယန်းက သူ့နာရီကို စစ်ဆေးကြည့်လိုက်တော့ ဖုတ်ကောင်များကို ရှင်းလင်းရန်အတွက် မိနစ် ၂၀ ခန့်သာ အချိန်ယူခဲ့ရတာကို သတိပြုမိလိုက်တယ်။
သူ့ အဖွဲ့ရဲ့လက်ရှိ စွမ်းဆောင်ရည်က ယခင်ဘဝက သူရဲ့အသင်းနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသော်လည်း၊ အခုအဖွဲ့မှာက သူရဲ့ ညီအစ်ကိုများသာဖြစ်ပြီး ကမ္ဘာပျက်ကပ်ကလည်း အခုမှ အစသာရှိသေးတယ်။
လေ့ကျင့်မှုတွေသာပိုလုပ်ရင် အရင်ဘဝကအသင်းထက် သူတို့ကပိုသန်မာလာမှာပါ။ သူက သူ့အဖွဲ့ကို ကြည့်ပြီး "နောက်အလွှာကို ရွှေ့ရအောင်" လို့ ပြောလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
၅လွှာရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက်တွင် သူတို့ရဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုများမှာ တိုးတက်ကောင်းမွန်လာကာ ၆လွှာ ၊ ၇လွှာ နှင့် ၈လွှာ တို့တွင်တော့ ဖုတ်ကောင်များကို လွယ်ကူစွာပဲ့ သတ်ပစ်လိုက်နိုင်ကြတယ်။
တစ်နာရီမပြည့်မီတွင်ပဲ့ ညာဘက်အဆောက်အအုံရှိ ဖုတ်ကောင်အားလုံးကို ရှင်းထုတ်နိုင်ခဲ့သည်။ အဆောက်အဦးမှ ထွက်လာသောအခါတွင် ချင်လူဇီက ပိတ်ထားသော တံခါးများကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
သူတို့ထွက်လာပြီး သိပ်မကြာခင်မှာပဲ ခေါင်းကိုမော့ပြီးကြည့်လိုက်တော့ ညာဘက်အဆောက်အဦးက ပြတင်းပေါက်တွေကို တွန်းဖွင့်နေကြတာကို တွေ့လိုက်ရတယ်။ ထိုလူများကို သူ သတိပြုမိသော်လည်း သူ့ဗိုလ်ကြီးကို အကြောင်းမကြားရန် ဆုံးဖြတ်ခဲ့သည်။
တပ်မတော်သားများအနေဖြင့် တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်ရမည်က တာဝန်ဖြစ်သည်။ ဒါပေမဲ့ အဲဒီလူတွေကို ကယ်တင်ဖို့အတွက် သူ့ညီအစ်ကိုတွေကို စွန့်လွှတ်အနစ်နာခံခိုင်းဖို့တော့ ဆန္ဒမရှိဘူး။
အဆောက်အအုံကို ရှင်းလင်းပြီးသွားပြီမို့ ထွက်လာကြပါက အနီးနားရှိ စက်ရုံမှ ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်မည်ဖြစ်သည်။ ဒါပေမယ့် အဆောက်အဦးကို သူတို့က ရှင်းလင်းပြီးလို့ ထွက်လာပြီးတဲ့နောက်မှာတောင် အဲဒီလူတွေဟာ သူတို့ရဲ့ အခန်းထဲမှာပဲ ပုန်းနေဖို့ကို ရွေးချယ်ခဲ့တယ်။
ပိုဆိုးတာက သူတို့ထဲမှာ စွမ်းအင်နိုးထလာသူတွေ အများအပြားရှိပေမယ့် အခန်းထဲမှာပဲ ပုန်းအောင်းပြီး အသက်အတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒမရှိကြသေးတာ ဖြစ်ပါတယ်။
ဒီလို သူရဲဘောကြောင်တဲ့လူမျိုးတွေဟာ သူတို့အတွက် သေချာပေါက် ဒုက္ခတွေ ဖန်တီးပေးမှာဖြစ်ပြီး သူတို့အဖွဲ့ထဲကို ဝင်ခွင့်ပြုလိုက်ရင် သူတို့ကိုအသက်အန္တရာယ်တောင်ပေးလာပြီး ဆုံးရှုံးသွားစေနိုင်ပါတယ်။ ထို့ကြောင့်၊ သူတို့ရဲ့ တည်ရှိမှုကို သူ့ဘာသာ သူ ထိန်းသိမ်းထားရန်ဆုံးဖြတ်ခဲ့သည်။
အခန်းတွင်းမှ အမျိုးသမီးငယ်တစ်ဦးသည် စစ်သားများ ထွက်သွားတာကို ပြတင်းပေါက်မှချောင်းကြည့်ရင်း တွေ့လိုက်ရသည်။ အခန်းဖော်တွေကို ကြည့်ပြီး "အစ်မ၊ သူတို့က ထွက်သွားတော့မယ်။ အခုမသွားရင် ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး" လို့ ပြောလိုက်တယ်။
သူမအပြင် အခန်းထဲမှာ နောက်ထပ်လူနှစ်ယောက်ရှိနေသေးတယ်။ သူတို့နှစ်ယောက်က သူမကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လာပြီး ခေါင်းကို ခါယမ်းလိုက်ကြသည်။
သူတို့ကို ဆွဲဆောင်ဖို့က မဖြစ်နိုင်တာကိုမြင်တော့ အမျိုးသမီးငယ်က ခေါင်းခါပြီး ပစ္စည်းတွေထုပ်ပိုးဖို့ကို သွားလိုက်တယ်။ အဝတ်အစားအချို့အပြင် ဆေးဝါး၊ အစားအစာ၊ ရေ အားလုံးကို ယူဆောင်သွားခဲ့သည်။ အများကြီးမဟုတ်ပေမယ့် ဒီအရာတွေက သူမကို ရှင်သန်စေနိုင်ပါတယ်။
" စစ်တူဘာနီ မင်းဘယ်သွားမလို့လဲ" သူတို့ထဲက တစ်ယောက်က မေးတယ်။
"မင်းတကယ်ထွက်သွားဖို့ စီစဉ် နေတာလား"လို့ နောက်တစ်ယောက်ကလည်းထပ်မေးတယ်။
သူမ အိတ်ကို ထုပ်ပိုးပြီးနောက်တွင် စစ်တူဘာနီက သူတို့ကို ကြည့်ကာ "အခု စစ်သားတွေက အဲဒီဘီလူးတွေကို သတ်လ်ိုက်ပြီးပြီ၊ ငါတို့ ဒီနေရာကထွက်သွားလို့ရပြီ၊ ငါတို့သာ ရှင်သန်ချင်ရင် သူတို့နောက်ကို လိုက်ရမယ်" လို့ ပြောလိုက်တယ်။
“သူတို့က စကားပြောရလွယ်တဲ့လူတွေနဲ့ မတူဘူး” လို့ သူတို့ထဲက တစ်ယောက်က ပြန်ဖြေတယ်။
"သူတို့က ငါတို့ကို မကူချင်ဘူးဆိုရင်တောင်မှ လုပ်ရမှာပဲ့။ ငါတို့နိုင်ငံသားတွေကိုကာကွယ်ဖို့က သူတို့ရဲ့ တာဝန်ပဲ။ မင်းသွားချင်ရင် ထုပ်ပိုးလိုက်။ မဟုတ်ရင်တော့ ငါတစ်ယောက်တည်းပဲ သွားလိုက်မယ်" ဟု စစ်တူဘာနီ က စိတ်မရှည်စွာပြောလိုက်သည်။
ကျန်နေတဲ့ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး လွယ်အိတ်ကို အမြန်ထုပ်ပိုးလိုက်သည်။ အဆင်သင့်ဖြစ်ပြီးနောက်မှ စစ်တူဘာနီက တံခါးကိုဖွင့်လိုက် တော့ စင်္ကြံက လွတ်နေတာကိုတွေ့လိုက်ရသည်။
မြေပြင်ပေါ်တွင် မီးလောင်ထားသော အစက်အပြောက်များနှင့် အနက်ရောင်သွေးများအပြင် အခြားဘာမျှမရှိပေ။ အရင်တုန်းကတွေ့ခဲ့ရတဲ့ ပုပ်နေတဲ့ အသားနှင့် ဦးနှောက်အစ တွေကိုလည်း ဘယ်မှာမှ မတွေ့ရတော့ပါ။
သူမက အရေးပေါ်လှေကားဆီသို့ အလျင်အမြန်လျှောက်သွားကာ ဆင်းသွားခဲ့သည်။ သူမရဲ့အခန်းက ပဉ္စမထပ်တွင်ရှိ နေပြီး လှေကားမှဆင်းရန် အချိန်အတော်ကြာသည်။
အဆောက်အဦးထဲက ထွက်လာတော့ ဘယ်ဘက် အဆောက်အဦးကနေ ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို ကြားလိုက်ရတယ်။ ပြတင်းပေါက်တွေကနေလည်း ရောင်စုံမီးတွေ တခါတရံ တောက်ပနေတာကို မြင်နေရတယ်။
"သူတို့ဒီမှာရှိနေတုန်းပဲ။ သူတို့ကိုစောင့်နေမယ်" ဟု စစ်တူဘာနီ ကသူမ၏အသက်ရှူသံကိုငြိမ်သက်စေပြီးနောက်ပြောကြားခဲ့သည်။
"ကောင်းပြီ” သူမရဲ့ အခန်းဖော်များကလည်း ခေါင်းညိတ်ကာ မြေပြင်ပေါ်တွင် ထိုင်နေလိုက်တယ်။
သူတို့က ဘီစကွတ်တစ်ချပ်နှင့် ရေကို နေ့စဉ်စားကြသည်။ ဒီအချိန်မှာတော့ ကြယ်တွေလတွေကို မြင်နိုင်လောက်အောင်ပဲ့ ဆာလောင်နေခဲ့တယ်။
တစ်ချိန်တည်းမှာပင် ဘယ်ဘက်အဆောက်အုံတွင်ရှိနေသော ချင်လူဇီကတော့ ဖုတ်ကောင်များပိတ်မိနေသည့်အခန်းများကို စစ်ဆေးနေတယ်။ သူရဲ့ဦးဆောင်မှုအောက်တွင် စစ်သားများက ဖုတ်ကောင်များကို လွယ်ကူစွာပဲချေမှုန်းနိုင်ခဲ့ပြီး နောက်တစ်ထပ်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။
သူတို့ ဖုတ်ကောင်များကိုသတ်နေရင်း ကျန်းယွမ်က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်။ အဆောင်များမှလူများက အဆောက်အဦးအပြင်သို့ ပြေးထွက်ကာ ဖုတ်ကောင်များဖြစ်လာကြသော်လည်း၊ အဆောက်အအုံထဲတွင် ပုန်းအောင်းနေသည့် အသက်ရှင်ကျန်ရစ်သူအချို့ ရှိသင့်သည်။
သူက ချင်လူဇီဆီကို လျှောက်သွားပြီး "လူအိုချင်၊ ဒီအဆောက်အဦးမှာ အသက်ရှင်ကျန်ရစ်သူ ရှိလား" လို့ မေးလိုက်တယ်။
သူ့မေးခွန်းကိုကြားတော့ ချင်လူဇီက ခေါင်းတညိတ်ညိတ်နဲ့ "ရှိပါတယ်" လို့ မပြောခင် ခဏလောက် တုံ့ဆိုင်းသွားသေးတယ်။
"ဘာလို့ ငါတို့ကို အကြောင်းမကြားတာလဲ"လို့ ကျန်းယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာလို့လုပ်ရမှာလဲ" ချင်လူဇီက သူ့ကို ပြန်မေးတယ်။
ဒု-ကပ္ပတိန်ရဲ့ မေးခွန်းကို ပြန်မဖြေခင်မှာပဲ သူက "ဒု-ကပ္ပတိန်၊ ငါတို့က အထူးတပ်ဖွဲ့ စစ်သားတွေဖြစ်ပြီး ငါတို့မှာတာဝန်ရှိတယ်။ အရပ်သားတွေကို ကယ်တင်ဖို့က ငါတို့တာဝန်မဟုတ်ဘူး။ ငါတို့ရဲ့ဦးစားပေးက မစ်ရှင်ပစ်မှတ်ကို ကျန်းနင်မြို့ကို ခေါ်ထုတ်ပြီး ပြန်သတင်းပို့ဖို့ပဲ"
"ဒါပေမယ့် ဒီလူတွေ.."
"ကျွန်တော်တို့က ဖုတ်ကောင်တွေကို ရှင်းထုတ်ဖို့ သူတို့ကိုကူညီပေးပြီးသားပါ။ သူတို့ဘာသာသူတို့ ထွက်လာပြီး ရိက္ခာတွေကို ရှာလို့ရတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအင်နဲ့ အချိန်က အကန့်အသတ်ရှိတယ်။ လူတိုင်းကို ကယ်တင်ပြီး မစ်ရှင်ကို တစ်ချိန်တည်းမှာ ပြီးအောင်မလုပ်နိုင်ပါဘူး" ဟု ချင်လူဇီ ပြောလိုက်တယ်။
"ကျွန်တော်တို့က တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ဖို့ ကတိကဝတ်ပြုထားတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ စစ်သားအနေနဲ့ကတော့ ကျွန်တော်တို့က ဦးစားပေးလုပ်ရမယ့် အမိန့်တွေကို လိုက်နာပါတယ်။ ဗိုလ်ကြီးက ဒီလူတွေကို ကယ်တင်ဖို့အမိန့်မပေးရင် ဒါက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး"