အခန်း (၈၈)
Vol. 6 Ch. 88
ရှန်းကျင်းဇီရဲ့စကားကြောင့် ဒေါသထွက်ကာ ရှက်ရွံ့စိတ်ဖြင့် စစ်တူဘာနီက လျင်မြန်စွာပဲ့ထရပ်ကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။
ဒါကိုမြင်တော့ ကျန်တဲ့နှစ်ယောက်က နောက်ကလိုက်ဖို့ မဆုံးဖြတ်ခင်မှာ ခဏလောက် တုံ့ဆိုင်းသွားတယ်။ စစ်သားတွေက သူမတို့ကို အဖွဲ့ထဲဝင်ခွင့်ပြုဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မြင်ပေမယ့် သူမတို့မှာ ရွေးချယ်စရာ မရှိပါဘူး။
နောက်ဆုံးတော့ စစ်သားများနှင့် တွေ့ပေမယ့်လည်း သူမတို့ရဲ့ မျက်နှာများကဖြူဖျော့လာပြီး အရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း မလှမ်းဝံ့တော့ပေ။ ဖုတ်ကောင်အုပ်စုကြီးက သူတို့ရှေ့ကစားသောက်ခန်းထဲမှ ပြေးထွက်လာကြကာ သူတို့ဆီကို ဦးတည်လို့ အပြေးအလွှား လာနေကြသည်။
ချင်လူဇီက သူမတို့ဘက်ကို လှည့်ကြည့်ပြီးပြောလာတယ် "မင်းတို့ မသေချင်ရင် စက်ရုံက ထွက်သွားကြ။ အပြင်က ဖုတ်ကောင်တွေကိုတော့ ငါတို့ ရှင်းပြီးပြီ။ မင်းတို့က သွားချင်တဲ့ နေရာကိုသွားလို့ရတယ်။ မင်းတို့သာ ငါတို့နောက်ကို ဆက်လိုက်နေမယ်ဆိုရင်တော့ သေဆုံးမှုအတွက် ငါတို့က တာဝန်ယူမှာ မဟုတ်ဘူး"
"ဒါပေမယ့် ငါတို့က ဘီလူးတွေကို မတိုက်နိုင်ဘူးလေ။ ငါတို့ထွက်သွားရင် ငါတို့သေလိမ့်မယ်" ဟု အမျိုးသမီးတစ်ဦးက ငိုယိုသည်။
"မင်းဆက်နေရင်လည်း မင်းမြန်မြန်သေလိမ့်မယ်" လို့ ရှန်းကျင်းဇီက ပေါ့ပေါ့ပါးပါးပဲ့ အော်ပြောလာတယ်။
သူ့စကားကိုကြားတော့ မျက်နှာတွေက ဖြူဖျော့လာပြီး ခြေထောက်တွေ တုန်သွားကြတယ်။
"ရားးး"
ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံကိုကြားတော့မှ အမျိုးသမီးတွေက နောက်ဆုံးတော့လှည့်ထွက်သွားပြီး ထွက်ပေါက်ဆီကို ပြေးသွားကြပါတယ်။ စစ်တူဘာနီ ကတော့ ထွက်ခွာရန် ဆန္ဒမရှိခဲ့ပေ။ သူမရဲ့အကြည့်တွေက ကျင်းရွှီယန်းရဲ့နောက်ကျောမှာသာ ရပ်တန့်နေတယ်။
ရှန်းကျင်းဇီက သူမရဲ့ ရည်ရွယ်ချက်ကို သတိထားမိတာကြောင့် "မင်းရဲ့ အချိန်တွေကို မဖြုန်းတီးလိုက်နဲ့။ သူက အိမ်ထောင်ကျပြီးပြီ။ အဲဒီမိန်းကလေးက သူ့မိန်းမပဲ" လို့ ပြောလိုက်တယ်။
"မဟုတ်ဘူး-"
စစ်တူဘာနီက မရှင်းပြနိုင်မီတွင်ပဲ ချင်လူဇီက သူမကို အနှောင့်အယှက်ပေးလိုက်တယ်။ "မင်းရဲ့ စွမ်းအင်က နိုးထလာပြီးပြီး။ မင်းရဲ့ ရှင်သန်နိုင်ခြေက မင်းသူငယ်ချင်းတွေထက် ပိုများတယ်။ အသက်ရှင်ကျန်ရစ်သူ စခန်းသွားရှာပါ။ အရပ်သားတွေကိုတော့ ငါတို့နဲ့အတူ ခေါ်သွားမှာ မဟုတ်ဘူး"
ဒါကို သူမကြားလိုက်ရတော့ စစ်တူဘာနီက အံ့သြသွားတယ်။ သူမက အဖျားကြီးပြီးနောက်တွင် စူပါပါဝါ ရရှိလာခဲ့သော်လည်း ယင်းအကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။
အစကတော့ သူမက ထူးခြားတယ်လို့ ထင်ခဲ့ပေမယ့် စစ်သားတွေက စင်္ကြံမှာ ဖုတ်ကောင်တွေကို ဘယ်လိုသတ်လဲဆိုတာကို သူမမြင်တော့မှ နောက်ဆုံးတော့ သူမက အားနည်းနေပြီး သူမရဲ့ စွမ်းအင်က ဒီငရဲကနေလွတ်မြောက်အောင် မကူညီနိုင်ဘူးဆိုတာကို သိလိုက်ရပါတယ်။
ထွက်သွားရန် ငြင်းဆိုသည်ကို မြင်သောအခါ ချင်လူဇီ နှင့် ရှန်းကျင်းဇီ တို့လည်း သူမနှင့် စကားပြောတာကိုရပ်လိုက်ကြပြီး စစ်သားများနှင့် ပူးပေါင်းရန် လမ်းလျှောက်ကာသွားလိုက်ကြသည်။
သူတို့နှင့် မနီးမဝေးတွင် ရပ်နေသော ကျင်းရွှီယန်းက " ဝိန့်မို ၊ဝိန့်ခိုင် ဖုတ်ကောင်တွေကို တားဆီးဖို့ သတ္တုတံတိုင်းတစ်ခု ဆောက်ပြီး ကျန်တဲ့သူတွေ အဝေးကနေ တိုက်ခိုက်ပါ"
"ဟုတ်ကဲ့ ဗိုလ်ကြီး"
ဝိန့် ညီအစ်ကိုများက သူ့အမိန့်အတိုင်း သုံးမီတာအမြင့်ရှိကာ တစ်မီတာခွဲခန့် အထူရှိသော တံတိုင်းတစ်ခုကို တည်ဆောက်ခဲ့သည်။
"ရားးးး"
"ဘန်းးး"
နံရံက ဖုတ်ကောင်များကို ပိတ်ဆို့ထားသဖြင့် ဖုတ်ကောင်များက ဟိန်းဟောက်နေရင်းဖြင့် နံရံကို ဆက်၍တွန်းတိုက်နေကြသည်။ စစ်သားတွေက ခုန်တက်ပြီး သတ္တုနံရံအပေါ်မှာရပ်လိုက်တယ်။ ဖုတ်ကောင်အရေအတွက်က ဒီတခေါက်မှာအရမ်းများနေတာကြောင့် အဝေးကနေပဲ့ သူတို့ရဲ့ စွမ်းအင်တွေနဲ့ တိုက်ခိုက်နိုင်တယ်။
ချန်ချန်းဖုန်းကတော့ သူရဲ့ကျွမ်းကျင်မှုအသစ်ကြောင့် စိတ်လှုပ်ရှားနေပြီး ရေကျည်ဆန်တစ်ခုကို အမြန်ဖန်တီးလိုက်တယ်။ သူ့လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်သည်နှင့် ရေကျည်ဆန်က အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားပြီး ဖုတ်ကောင်များရဲ့ ဦးခေါင်းခွံအများအပြားကို ထိုးဖောက်သွားခဲ့သည်။
"အက် အက် အက်"
ဒါကို စစ်သားတွေက မြင်တဲ့အခါမှာဘဲ အရှုံးမပေးလိုတာကြောင့် စတင်တိုက်ခိုက်ကြတယ်။ တစ်မိနစ်မပြည့်မီတွင် စွမ်းအင်ရဲ့ အလင်းများက ဧရိယာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
ချန်ချန်းဖုန်းက ဟန်ရေးပြတာနေတာကို ရှောင်ချီက နှာရှုပ်ကာ ပြောလိုက်တယ် "အစ်ကိုချန်းဖုန်း ၊ မင်းရဲ့ စွမ်းရည်းက ကြည့်ရကောင်းရင်တောင်မှ ကျွန်တော်က သတ်ရတာ ပိုကောင်းတယ်"
သူပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်းလိုက်တာ လေထုထဲက ကြီးမားသော ကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
" ဘုန်းးး"
ကျောက်တုံးကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသည့်အခိုက်တွင်ပဲ့ ဖုတ်ကောင်အုပ်စုတစ်စုက ကျောက်တုံးအောက်၌ ကြေမွသွားခဲ့သည်။ အနက်ရောင်သွေးနှင့် အသားပုပ်များက နေရာအနှံ့ကို ပြန့်ကျဲသွားတယ်။
သူ့ရဲ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံနဲ့ ကျောက်တုံးကြီးက ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတယ်။ လက်ကိုအကြိမ်အနည်းငယ်ဝှေ့ယမ်းရုံနဲ့ သူက ဖုတ်ကောင်ငါးဆယ်ကျော်ကို အသေသတ်ပစ်ခဲ့ပြီးဖြစ်သည်။
ဖုတ်ကောင်တွေကို သတ်ရာမှာ ရှောင်ချီရဲ့ စွမ်းဆောင်ရည်က သူ့ထက်ပိုပြီး မြင့်မားနေတာကို တွေ့လိုက်ရလို့ ချန်ချန်းဖုန်း က ပြောလိုက်တယ်"ရှောင်ချီ မင်းရဲ့နည်းလမ်းက ထိရောက်တယ်ဆိုရင်တောင် ရွံရှာစရာကောင်းလွန်းတယ်။ ဒီနည်းလမ်းကိုသာ မိန်းကလေးတွေရှေ့မှာ သုံးလိုက်ရင် သူတို့က မင်းကို စက်ဆုပ်သွားမှာ သေချာတယ်"
ရှောင်ချီက သူ့ကို မျက်လုံးလိမ့်ပြပြီး "ရည်းစားရဖို့က ငါ့ရဲ့ မျက်နှာကတ်ကိုပဲ သုံးမှာ "လို့ ပြန်ပြောလာတယ်။
ချန်ချန်းဖုန်းက ရယ်ပြီး ဘာမှမပြောတော့ဘူး။ ကမ္ဘာပျက်ကပ်တွင် အသက်ရှင်ဖို့ကတောင် သူတို့မှာကံကောင်းခြင်း ရှိမရှိကို မည်သူမျှ မသိခဲ့ကြပေ။ ဘယ်သူက ရည်းစားရှာဖို့ စိတ်ကူးရှိမှာလဲ။
ဒီအချိန်မှာတော့ သူ့ရဲ့တစ်ခုတည်းသော စိုးရိမ်မှုက ပိုမြင့်လာတယ်။
သူက ရေကျည်ဆံများကို ပိုမိုဖန်တီးချင်သော်လည်း သူရဲ့စွမ်းအင်သုံးစွဲမှုက အလွန်မြင့်မားပြီး ကျည်ဆန်များကို ကြာရှည်စွာ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ တိုက်ပွဲရှည်တစ်ခုအတွက် သူ့စွမ်းအင်ကို ထိန်းထားရန်က တစ်ကြိမ်လျှင် ရေကျည်ဆံတစ်တောင့်သာ အသုံးပြုနိုင်သည်။
ရေကျည်ဆံတွေကို များများသုံးချင်ရင်တော့ သူ့စွမ်းအင်ရဲ့အရင်းအမြစ်ကို ပိုကောင်းအောင် လေ့ကျင့်ဖို့လိုတယ်။
သူနှင့်မဝေးတဲ့နေရာမှာရပ်နေတဲ့ ကျိူးလီဇီသည် သူ့ရဲ့ရေကျည်ဆန်ကိုမြင်ပြီး ခဏမျှစဉ်းစားလိုက်တယ်။
သူမရဲ့ စွမ်းအင်အရင်းမြစ်က အခြားသူများထက် ကြီးမားသော်လည်း၊ သူမသာ ရေဓါးများကို အသုံးပြု၍ အချိန်အကြာကြီး တိုက်ခိုက်ပါက ကုန်သွားမည်ဖြစ်သည်။ သူမရဲ့ ရေဓါးများက ဖုတ်ကောင်များရဲ့လည်ပင်းကို အလွယ်တကူဖြတ်တောက်နိုင်သော်လည်း စွမ်းအင်သုံးစွဲမှုက အမှန်တကယ်ပင် မြင့်မားနေတယ်။
ချန်ချန်းဖုန်း နဲ့ ဆင်တူတဲ့ စွမ်းရည်ကိုသာ အသုံးချနိုင်ရင် သတ်ဖြတ်ခြင်းမှာ သူမရဲ့ စွမ်းဆောင်ရည်က ပိုမြင့်လာမှာပဲ့။ ဖုတ်ကောင်တစ်ကောင်ကိုသတ်ရန်အတွက်က ဦးနှောက်ကိုဖျက်ဆီးရန်သာ လိုအပ်သည်။ အဲတာကြောင့် သူမက ဓါးအစား ရေအပ်တွေကို အသုံးပြုနိုင်တယ်။
ဒီအတွေးက သူ့မရဲ့စိတ်ထဲမှာ ပေါ်လာတာနဲ့ တပြိုင်နက် သူမရဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားပြီး ရေဓားတွေဆီက စွမ်းအင်တွေကို ထုတ်ယူလိုက်တယ်။ ထို့နောက် လက်ဖဝါးကိုဖြန့်လိုက်တာ ရေအပ်ငါးချောင်း ပေါ်လာတယ်။
ရေဓားများနှင့် နှိုင်းယှဉ်ပါက သူမရဲ့ ရေအပ်များက သိပ်သည်းဆ နည်းပါးသည်။ ထို့ကြောင့် ဖုတ်ကောင်ရဲ့ ဦးခေါင်းခွံကို ထိုးဖောက်ရန်အတွက်က ခက်ခဲပေလိမ့်မည်။ ဒါပေမယ့် သူမရဲ့ ရေအပ်တွေက မာကျောသွားရင်ရော။
ရေကိုသိပ်သည်းဆပိုမိုမြင့်မားစေရန်ချုံ့ပေးသော ချန်ချန်းဖုန်း နှင့်မတူဘဲ ကျိူးလီဇီကတော့ သူမရဲ့ရေအပ်များ၏အပူချိန်ကို လျှော့ချပေးခဲ့သည်။ အပူချိန်က နိမ့်ဆင်းသွားသည်နှင့်အမျှ တဖြည်းဖြည်းခိုင်မာလာပြီး ရေခဲအဖြစ်သို့ ပြောင်းလဲသွားကြသည်။
နှစ်မိနစ်လောက်အကြာတွင် သူမရဲ့လက်ဖဝါးပေါ်မှ ရေခဲအပ်ငါးချောင်း လွင့်မျှောသွားပြီး အေးစက်သောလေကို ထုတ်လွှတ်လိုက်တယ်။
ရေခဲအပ်များက ဖုတ်ကောင်ရဲ့ဦးခေါင်းခွံကို ထိုးဖောက်နိုင်ရန် မာကျောမှု ရှိမရှိဆိုတာကို သူမ မသိခဲ့သဖြင့် ၎င်းတို့ကို စမ်းသပ်ကြည့်ရုံသာဖြစ်သည်။ မအောင်မြင်ပါက၊ သူမသည် ရေဓါးများကိုသာ ထပ်မံအသုံးပြုရဦးမည်ဖြစ်သည်။
သူမစိတ်ဆုံးဖြတ်ပြီးတာနှင့် လက်ကိုဝှေ့ယမ်းကာ ဖုတ်ကောင်များဆီသို့ ရေခဲအပ်များကို ပစ်လွှတ်လိုက်တယ်။