ငန်းရေကန် (၁)
Vol. 4 Ch. 218
“လှလိုက်တာ....”
အမြန်နှုန်းမြင့်မြင့်နဲ့သွားနေတဲ့ ကားရထားဟောင်းကြီး ပေါ်ကနေပြီးတော့ ကျွန်မ အပြင်ဘက်ကိုကြည့်လိုက်တယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းဖြစ်လို့ နှင်းအနည်းငယ်ကျနေဆဲ ဖြစ်ပြီးတော့ ကောင်းကင်ကြီးတစ်ခုလုံးမှာ ထူထပ်တဲ့ တိမ်စိုင်တိမ်လိပ်တွေနဲ့ ပြည့်နှက်လို့နေတယ်။
သစ်ပင်အများစုမှာ သစ်ရွက်တွေရှိမနေတော့ပေမဲ့ အဲဒီမြင်ကွင်းကိုက တစ်မျိုးလှနေပြန်ပါတယ်။ နေရာအနှံ မြင်ရတဲ့ကွင်းပြင်မှန်သမျှက အဖြူရောင်။ ကျေးလက် ဒေသဘက်ကိုရောက်လာပြီဖြစ်တာကြောင့် အဆောက်အဦး အများအပြားရှိမနေတော့ဘဲ လယ်ကွင်းကျယ်ကြီးတွေနဲ့ ဟိုဟိုဒီဒီတောအုပ်လေးတွေကိုသာ တွေ့ရပါတော့တယ်။
အပြင်ဘက်က နှင်းတွေကို ထိချင်လာတဲ့အတွက်ကြောင့် ပြတင်းပေါက်ကို နည်းနည်းလေးဟလိုက်တော့ လေအေး တွေအများကြီးစိမ့်ဝင်လာပြီး ခိုက်ခိုက်ကို တုန်နေတော့တာပဲ။
“ဆယ်ဗီ၊ အအေးသိပ်မခံနဲ့လေ။ မင်းဖျားနေရင် အလကားနေရင်း ကိုယ်စိတ်ပူနေရလိမ့်မယ်။”
ကျွန်မအရိပ်ထဲမှာပုန်းနေတဲ့ ပါစီဗယ်က ပြောလိုက်တယ်။ ဖြူရီရဲ့အဆိပ်မိပြီးတဲ့နောက်မှာ ကျွန်မရဲ့မှော်စွမ်းအင်က အပြင်ကိုမထုတ်လွှင့်နိုင်တော့ဘူး။ ဒါကြောင့်ပါစီဗယ်က ကျွန်မမှော်အစွမ်းကိုသုံးပြီး အပြင်မှာရပ်တည်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ သူကိုယ်တိုင်စုစည်းထားတဲ့ စွမ်းအင်တချို့ ရှိနေပေမဲ့ အရေးပေါ်အတွက် ချန်ထားရမယ်မဟုတ်လား။
မကြာခင်မှာပဲ ကျွန်မတို့စီးလာတဲ့ ကားရထားက အရှိန်လျော့ ကျသွားပြီးတော့ နယ်မြို့ဘူတာရုံလေးတစ်ရုံမှာ ဆိုက်တယ်။ ကျွန်မလည်း အထုပ်အပိုးတွေသယ်ပြီး ရထားပေါ်ကနေ ဆင်းဖြစ်တာပေါ့။
ကျွန်မတို့စီးလာတဲ့ရထားကို ကားရထားလို့ခေါ်တာက အကြောင်းရှိတယ်။ ရထားတွဲတွေက အနားပေးလိုက်တဲ့ ဘက်စ်ကားအဟောင်းတွေက ကိုယ်ထည်တွေကိုသုံးတာ။ အင်ဂျင်ကလည်း ဒီဇယ်ကားအင်ဂျင်ဖြစ်ပြီးတော့ တွဲက သုံးတွဲလောက်ပဲပါတာပါ။ ကုန်ကျစရိတ်သက်သာပြီး အဆင်သင့်တဲ့အတွက်ကြောင့် ဆိုဗီယက်တွေက အဓိကသုံးခဲ့ပြီး အခုထိလည်းဒါကြောင့်ပဲ ဆက်သုံးနေတာနေမှာလို့တော့ ပါစီဗယ်ပြောတာပဲ။ သူက အဲဒီခေတ်ကကိုး။
“ရထားဘူတာလေးကလည်း ချစ်စရာလေး။” အပြင်မှာ အေးနေတဲ့အတွက်ကြောင့် ရထားဘူတာထဲကို ကျွန်မ လျှောက်ဝင်လိုက်တယ်။ ဆိုဗီယက်ခေတ်စတိုင် အုတ်ကြွပ်မိုး ခပ်ရိုးရိုးနဲ့ ပုံစံတူအုတ်နီနီတွေနဲ့ဆောက်ထားပြီး အင်္ဂတေနဲ့ အချောကိုင်မထားပေမဲ့ အတွင်းထဲမှာနွေးထွေးနေပါတယ်။ အရွယ်အစားကတော့ အိမ်ကြီးကြီးတစ်လုံးစာပဲရှိတယ်။
ရထားဘူတာစောင့်အနေနဲ့ ခါးကိုင်းနေပြီဖြစ်တဲ့ မျက်လုံး ပြာပြာနဲ့အဖိုးအိုတစ်ဦးသာရှိတယ်။ အခုတော့အဖိုးက ဘူတာကိုအနွေးဓာတ်ပေးနေတဲ့ မီးခိုးခေါင်းတိုင်ထဲကို ထင်းချောင်းတွေထည့်လို့ပေါ့။
ကျွန်မကတော့ သူ့ကိုမနှောင့်ယှက်ဘဲ ဖုန်တက်နေပြီဖြစ်တဲ့ သစ်သားခုံတန်းရှည်ကြီးတစ်ခုမှာ ဝင်ထိုင်လိုက်ပါတယ်။ နေ့လယ်ပိုင်း နေကောင်းကောင်းထွက်မှ မြို့ငယ်လေးထဲကို ဝင်ပြီးလေ့လာဖို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်မလို့ ဘာလင်မှာတုန်းက ကျွန်မဝယ်ခဲ့တဲ့ ပုံပြင်စာအုပ်ကို ထုတ်ဖတ်လိုက်တယ်။
“ငန်းဖြူနတ်သမီးရေကန်ဆိုတော့ ငန်းရေကန်ပုံပြင်နဲ့ ပတ်သတ်နေမယ်ထင်တာပဲ။”
ကျွန်မ မာတိကာကိုကြည့်ပြီး ငန်းရေကန်ပုံပြင်ပါတဲ့ စာမျက်နှာကိုလှန်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ နူးညံ့ညင်သာပေမဲ့ ကြောက်စရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ကို ဖတ်မိလိုက်တော့တာပေါ့။
....
ဟိုးရှေးရှေးတုန်းက ရုသန်နီယာပြည်ကြီးမှာ ဆာဂီဖစ်ဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ မင်းသားလေး အသက် ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူ အလက်ဇန်းဒါးက မွေးနေ့ပွဲတစ်ခုကို ကျင်းပပေးသတဲ့။ မင်းသားလေးနဲ့သူငယ်ချင်းဖြစ်သူတို့ဟာ ကြင်နာတတ်သူ တွေဖြစ်တဲ့အတွက်ကြောင့် သာမန်ပြည်သူတွေကိုပါ ဖိတ်ခဲ့ကြတာပေါ့။
ဒါကို မင်းသားလေးရဲ့ဆရာဖြစ်တဲ့ဘွန် ရက်ဖိုဆန် ဆိုသူကြီးက ရွာသူရွာသားအပေအတေတွေနဲ့ တရင်းတနှီးနေတယ်ဆိုပြီး မကျေနပ်ရှာဘူး။ မင်းသားလေးရဲ့မယ်တော် မိဖုရားကြီးကို တိုင်လေတော့ မိဖုရားကြီးက ပွဲတော်ကိုရောက်လာပြီး မင်းသားလေးကို လက်စွပ်တစ်ကွင်း လက်ဆောင်ပေးပါတယ်။
“သားတော်၊ အခုဆိုရင် သားတော်ဟာ အရွယ်ရောက်ပြီ။ ပြည့်ရှင်မင်းဖြစ်မယ့်သူဖြစ်တာကြောင့် ကြင်ယာတော် မရှိဘဲမသင့်ချေဘူး။” လို့လည်းမိန့်ပါတယ်။
မင်းသားလေးကလည်း လူငယ်ဘဝအပြီးသတ်သွားတဲ့ အတွက်ကြောင့်မလို့ ဝမ်းနည်းတော့တာပေါ့။ ဒါကြောင့် စိတ်ပြေလက်ပျောက်အလို့ငှာ ငယ်သူငယ်ချင်းချင်းဖြစ်သူ အလက်ဇန်းဒါးကိုခေါ်ကာ အနီးအနားက တောအုပ်ထဲ တောလိုက်ထွက်လေတော့တယ်။
ဒါပေမဲ့ မင်းဆရာကြီးရဲ့ပြုစားမှုကြောင့် မင်းသားလေးတို့ တောအုပ်ထဲမှာလမ်းပျောက်ပြီး ညသန်းခေါင်ယံအချိန်မှာမှ ရေကန်ကြီးတစ်ကန်နားကို ချဥ်းကပ်မိကြသတဲ့။
ရေကန်ကြီးနားကို သူတို့နှစ်ယောက်ရောက်ရှိချိန်မှာ ငွေငန်းဖြူအုပ်က ရေကန်ထဲကို ရေသောက်ဆင်းတဲ့ အချိန်နဲ့ကြုံကြိုက်သတဲ့။ အဲဒီထဲကမှ ငန်းဖြူဘုရင်မဟာ လူသားမိန်းကလေးအဖြစ်ကိုပြောင်းလဲသွားပြီး လှပစွာကခုန်လေသတဲ့။
မင်းသားလေးလည်း အဲဒီအိုဒဲတာဆိုတဲ့ ငန်းဖြူဘုရင်မ လေးကို ကြိုက်နှစ်သက်သွားတော့တာပေါ့။ ငန်းဖြူမလေး အိုဒဲတာဟာ မင်းဆရာကြီးပြုစားတာ ခံခဲ့ရတဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ငန်းဖြူအဖြစ်ကို ပြောင်းလဲသွားခဲ့ရတာပါ။ ညသန်းခေါင်ယံအချိန်မှ မိန်းကလေးအသွင်ကို ပြန်ဖန်ဆင်းနိုင်သတဲ့။
အချစ်စစ်ဖြစ်သူနဲ့ပေါင်းစည်းခွင့်ရမှ ကျိန်စာကနေ လွတ်မြောက်မယ်တဲ့။ ဒါကြောင့် မင်းသားလေးကလည်း အိုဒဲတာကို နန်းမြို့တော်ကိုလာခဲ့ဖို့ အချိန်းအချက် လုပ်ပြောခဲ့တာပေါ့။
နန်းမြို့တော်ကို ပြန်ရောက်တဲ့အခါ မိဖုရားခေါင်ကြီးက ကပွဲတစ်ခုကိုကျင်းပပြီး မင်းသားလေးကို သူကောင်းမျိုးမိန်းကလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပေမဲ့ စိတ်မဝင်စားဘူးတဲ့။ ငန်းဖြူမလေး အိုဒဲတာကိုပဲ မျှော်နေတော့တာ။
မကြာခင်မှာပဲ မင်းဆရာကြီးရက်ဖိုဆန်က အိုဒဲတာနဲ့ ဆင်တူတဲ့မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်။ အိုဒဲတာဝတ်တတ်တဲ့ ငန်းဖြူဂါဝန်နဲ့ပြောင်းပြန် ငန်းမည်းဂါဝန်ကိုဝတ်ဆင်ထားခဲ့ပေမဲ့ မင်းသားလေးဟာ အိုဒဲတာလို့ပဲ ထင်မှတ်ပြီး လက်ထပ်လက်စွပ်ကို အဲဒီမိန်းကလေးလက်မှာ စွပ်ပေးခဲ့တယ်။
ငန်းဖြူမလေးအိုဒဲတာအစစ် ရောက်ရှိလာချိန်မှာတော့ အားလုံးနောက်ကျသွားခဲ့ပါပြီ။ ငန်းမည်းမိန်းကလေးဟာ မင်းဆရာကြီးရဲ့သမီးအိုဒါလီဖြစ်နေခဲ့ပြီး မင်းဆရာကြီးက မင်းသားလေးတို့ရဲ့အကြံအစည်ကို ငှက်ဆိုးကြီးအဖြစ် အသွင်ပြောင်းပြီး နားထောင်နေခဲ့တာတဲ့။
မင်းသားလေးက တခြားတစ်ယောက်နဲ့ဆုံစည်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ငန်းဖြူမလေးလည်း လူပြန်ပြီး မဖြစ်နိုင်တော့ပါဘူး။ ချစ်ရသူနဲ့ကွေကွင်းရတဲ့စိတ်နဲ့ ရေကန်ကိုပြန်လာခဲ့ပေမဲ့ မင်းသားလေးဆာဂီဖစ်ကလည်း လိုက်လာခဲ့တယ်လေ။
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ချစ်ရသူနဲ့ရှင်ကွဲ ကွဲရတော့မယ့် ဒီကံကြမ္မာဆိုးကြီးကနေ လွတ်မြောက်နိုင်ဖို့ နှစ်ယောက်လက်အတူတွဲကာ ရေကန်နက်ထဲကို တိုးဝင်သွားပါတော့တယ်။
မင်းသားလေးရဲ့မိတ်ဆွေဖြစ်သူ အလက်ဇန်းဒါး ရောက်ရှိလာချိန်မှာတော့ အချစ်ကြီးလှတဲ့စုံတွဲရဲ့ အသက်မဲ့ခန္ဓာကိုယ်တွေကိုသာ ရေကန်ထဲမှာတွေ့ရ လေတော့တယ်။
....
“အီးဟီးဟီးဟီး..... အဟင့်....”
ပုံပြင်ကို ဖတ်ပြီးတဲ့အချိန်မှာတော့ ကျွန်မဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ ငိုချမိတော့တာပဲ။ စာအုပ်ပေါ်ကို မျက်နှာမှောက်ပြီး မျက်ရည်တွေဘူးသီးလုံးလောက် ကျလာတော့တာ။
အရင်ကလည်း ရုပ်ရှင်တွေအများကြီးကြည့်ဖူးပေမဲ့လို့ အခုလောက်ဝမ်းနည်းစရာကောင်းတဲ့ဇာတ်ကြောင်းမျိုး မကြုံဖူးဘူးရယ်။ မိုနီကာပြောတဲ့အတိုင်းဆိုရင် ဒီပုံပြင်စာအုပ်က မူရင်းထက်ဖော့ပြီးရေးထားတာတဲ့။ တကယ့်အပြင်က မင်းသားလေးဆာဂီဖစ်နဲ့ငန်းဖြူမလေး အိုဒဲတာတို့ ဘယ်လောက်တောင်ခံစားရလိုက်မလဲဟင်။
“ပါစီဗယ်....”
“ဘာဖြစ်လို့လဲ မဒမ်မူဆဲဆယ်ဗီ....”
“နင်ပြောတော့ ငန်းဖြူမလေးက အချစ်ရေးကံကောင်းအောင် ဆောင်မပေးနိုင်တယ်ဆို။ သူကိုယ်တိုင်ကျ ဘာလို့ဒီလိုခံစားခဲ့ရတာလဲ။”
ကျွန်မက ကျွန်မအရိပ်ထဲမှာရှိနေတဲ့ ပါစီဗယ်ကို မေးလိုက်တယ်။ ပါစီဗယ်ဆီကနေပြီး အချိန်အတော်လင့်တဲ့အထိ ပြန်ဖြေသံမကြားရဘူး။ ပြီးမှမသေချာမရေရာသလိုပုံစံနဲ့ အခုလိုပြန်ဖြေရော။
“ကိုယ်ကြားတာတော့ ငန်းဖြူမလေးက သေပြီးတဲ့နောက်မှာ မကျွတ်မလွတ်ဘဲ ရေကန်စောင့်ဝိညာဥ်ဖြစ်လာခဲ့တယ်တဲ့။ အဲဒီကတည်းက တကယ်ချစ်တဲ့သူတွေပေါင်းဖက်နိုင်ဖို့ ကူညီပေးနေတာ။ သူတို့ကတော့ မဆုံစည်းနိုင်ခဲ့ပေမဲ့ပေါ့။”
ပါစီဗယ်ရှင်းပြတာက အကျိုးအကြောင်းသင့်တယ်... သဘာဝကျတယ်ဆိုပေမဲ့....
ကျွန်မရင်ထဲမှာရှိနေတဲ့ ဝမ်းနည်းမှုတွေကပိုများလာတယ်။ အဲဒီနောက်တော့ နောက်ထပ်တစ်ခါထပ်ပြီး အသံကျယ်ကြီးနဲ့ ငိုမိတော့တာပဲ။
“ချီးထုပ်မင်းဆရာကြီး... ဘာမင်းဆရာကြီးလဲ... အကျင့်ပုပ်ကြီး... ယောက်ျားကြီးတန်မဲ့ သူများကို မကောင်းကြံရတယ်လို့။ စနိုးဝှိုက်ထဲက စုန်းမကြီးတောင် ရှင့်လောက်မမိုက်ရိုင်းဘူး။”
“အိုဒါလီစနှိုက်ကျော်မ... နင့်အဖေက မကောင်းရင်တောင် နင်ကမင်းသားလေးရဲ့ချစ်သူမဟုတ်မှန်း ပြောလိုက်သင့်တာ မဟုတ်ဘူးလား။ အား... မခံစားနိုင်တော့ဘူး။”
တဖြည်းဖြည်းနဲ့ကျွန်မရဲ့ဝမ်းနည်းမှုတွေက ဒေါသအဖြစ် ပြောင်းလဲသွားပြီးတော့ ပုံပြင်စာအုပ်ထဲက ငန်းရေကန်ပါတဲ့ စာရွက်တွေကို တစ်စစီဆွဲဖြုတ်မိတော့တာပဲ။ အငွေ့ တထောင်းထောင်းထနေတဲ့ ဟင်းချိုတစ်ပန်းကန် ကျွန်မရှေ့ကိုရောက်လာမှ ကျွန်မစိတ်နည်းနည်း တည်ငြိမ်သွားတယ်။
“ရှင်က....” ကျွန်မကို ဟင်းပွဲလာပေးတဲ့သူကို မော့ကြည့်လိုက်တော့ ဘူတာစောင့်အဖိုးဖြစ်နေတယ်။ အဖိုးက ကျွန်မကိုမျက်လုံးမှေးပြီးပြုံးပြနေသေးတာ။ သူက ကျွန်မကို ပိုလန်စကားနဲ့နှုတ်ဆက်ပေမဲ့ ကျွန်မက နားမလည်လို့ ခေါင်းခါပြလိုက်တော့ အဖိုးက ခြေဟန်လက်ဟန်နဲ့ မငိုနဲ့ ဟင်းရည်သောက်ဆိုပြီး လုပ်ပြတယ်။ ဒီတော့မှ ကျွန်မလည်း ငိုတာရပ်သွားတော့တာ။
“ဟုတ်၊ ကျေးဇူးပါ ဖိုးဖိုး။”
အသားဖက်နည်းနည်းနဲ့အာလူး၊ မုန်လာဥနီတို့ပါတဲ့ တောဟင်းချိုကိုသောက်ပြီးတဲ့နောက်မှာတော့ နေ့လယ်ပိုင်း ရောက်လာပြီဖြစ်လို့ ရေကန်နားက တောမြို့လေးထဲကိုဝင်ပြီး တည်းခိုစရာရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
....
ဝေါ... ဝေါ... ဝေါ....
နှင်းတချို့ဖုံးလွှမ်းနေတဲ့ ကျောက်လမ်းလေးအတိုင်း မြို့ထဲကို ကျွန်မဝင်လာခဲ့တယ်။ ခရီးဆောင်အိတ်က ဘီးလုံးတွေရဲ့အသံကတော့ ကျွန်မကိုအဖော်ပြုလို့ပေါ့။
ကျွန်မရောက်လာတဲ့မြို့လေးက ပိုလန်ပြည် မြောက်ပိုင်းမှာမလို့ မနိမ့်လွန်းမမြင့်လွန်းတဲ့ တောင်ကုန်းတွေကြားထဲမှာရှိတဲ့ မြို့ကလေးပါ။ ရထားဘူတာက တောင်ကုန်းအမြင့်ပိုင်းမှာဖြစ်ပြီး မြို့လေးကတော့ ရေကန်ရှိရာချိုင့်ဝှမ်းထဲ တည်ဆောက်ထားတာဖြစ်လို့ အားလုံးကိုအပေါ်စီးက မြင်နေရတယ်။
“အလယ်ခေတ်ကို ပြန်ရောက်သွားသလိုပဲ။” ကျွန်မရှေ့မှာ မြင်နေရတဲ့မြင်ကွင်းကို တကယ်ပဲမယုံနိုင်ဘူး။ အရင်လည်း မြို့ဟောင်းတွေအများကြီးကိုရောက်ဖူးပေမဲ့ အခုလောက် လှပတဲ့နေရာမျိုးမမြင်ဖူးသေးဘူး။
နှင်းတွေဖုံးလွှမ်းနေတဲ့ အုပ်ကြွပ်မိုးတွေ၊ တောက်ပြောင် ညီညာနေတဲ့ကျောက်ခင်းလမ်းမကြီး၊ နှင်းတွေကိုဂေါ်ပြားနဲ့ ဖယ်ရှားသန့်ရှင်းရေးလုပ်နေတဲ့ ဒေသခံတွေ။ လူငယ်တွေ ရှားတယ်ဆိုပေမဲ့ မြို့ငယ်လေးက သူ့ဟာနဲ့သူတော့ သက်ဝင်လှုပ်ရှားနေဆဲပါ။
မြို့စွန်တစ်နေရာမှာ ခမ်းနားတဲ့ တြိဂံပုံအုတ်ကြွပ်အမိုးနဲ့ ဘုရားကျောင်းကြီးတစ်ခု မြင်နိုင်ပြီးတော့ သားနားတဲ့ ရှေးပုံစံ အုတ်တိုက်အိမ်ကြီးအိမ်ကောင်းတွေများတယ်။ ဂျာမဏီနဲ့ယှဥ်ရင် ပိုပြီးအရောင်အသွေးစုံလင်တဲ့ အိမ်တွေရှိနေတာ။
အိမ်ကြီးအိမ်ကောင်းမဟုတ်တဲ့အိမ်တွေကတော့ သစ်လုံးကြီးတွေကိုနံရံအဖြစ်ကာရံထားပြီးတော့ အပြင်ကနေဆေးဖြူသုတ်ထားတာဖြစ်လို့ သူတို့ကိုကြည့်ရတာလည်း မျက်စိပဒေသာဖြစ်တယ်။
မြို့ရဲ့အလွန်မှာတော့ ရေကန်ကြီးတစ်ကန်ရှိနေပြီးတော့ အလွန်အေးချမ်းတဲ့ကာလဖြစ်ပေမဲ့ ရေတွေခဲမသွားဘူး။ ငန်းဖြူတစ်အုပ် ငွေရောင်လှိုင်းတွေထနေတဲ့ ကန်ရေထဲမှာ ကူးခတ်သွားလာနေတာကိုတောင် မြင်ရတယ်။
....
“တည်းခိုခန်းဖြစ်မယ်ထင်တယ်....”
သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ အခန်းငယ်လေးတွေ အများကြီးပါတဲ့ အိမ်ကြီးတစ်ခုရှေ့ကိုရောက်တော့ ကျွန်မရပ်လိုက်တယ်။ ဆေးဖြူသုတ်ထားတဲ့နံရံတွေမှာ နှင်းဆီးပန်းခြုံပုံတွေ ခြယ်သထားပြီးတော့ ငန်းဖြူပုံကို လည်း အိမ်အဝင်ဝမှာ ရေးဆွဲထားပါသေးတယ်။
အိမ်အတွင်းထဲမှာ စားသောက်ဆိုင်အသေးစားလေးလို နေရာမျိုးရှိနေပြီးတော့ သက်ကြီးဒေသခံအများအပြားက ပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောလိုက် သောက်လိုက်စားလိုက်နဲ့ သူတို့စကားသံတွေကိုတောင် အပြင်ကနေကြားနေရတယ်။
“ ပျော်ဖို့ကောင်းမယ့်ပုံပဲနော်။” ကျွန်မ ကိုယ့်ဘာသာ ပြောလိုက်ပြီးတော့ တည်းခိုခန်းနဲ့စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ တည်းခိုအိမ်လေးထဲကို ဝင်လိုက်တယ်။
ကလင်... ကလင်....
“ကြိုဆိုပါတယ်....”
ကျွန်မဝင်လိုက်တာနဲ့ တံခါးနဲ့တွဲထားတဲ့ခေါင်းလောင်းက မြည်လာပြီး ဆိုင်ရှင်ဖြစ်ပုံရတဲ့ ဆံပင်နီနီနဲ့ဒေါ်ကြီးဝဝကြီးက နှုတ်ဆက်လိုက်တယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ အတော်ကို အလုပ်ရှုပ်နေပုံရပြီး လက်ထဲမှာ သစ်သားဘီယာခွက်ကြီး ခြောက်ခွက်ကို ကျွမ်းကျင်စွာကိုင်ရင်း စားပွဲတွေကြားထဲ ပြေးလွှားချပေးနေတယ်။ လေထုထဲမှာတော့ သဘာဝ ပျားအရက်နံသင်းသင်းက ကျန်နေရစ်တယ်။
“မြို့ကြီးတွေထက်စာရင် ဒီလိုမြို့လေးတွေက အများကြီး နေလို့ကောင်းတာပဲ။”