ကြားဖြတ် အဖြစ်အပျက်များ
Vol. 4 Ch. 219
ညပိုင်း...
ဘုန်း...
ကွန်စတန်တီနိုပယ်မြို့တစ်ခုလုံး ရုတ်တရက်တုန်ခါသွားတယ်။ မြို့လယ်ခေါင်မှာ ဧရာမတွင်းနက်ကြီးတစ်ခုရှိနေပြီးတော့ အဲဒီတွင်းနက်ထဲကနေ ဧရာမကြွက်ကြီးတစ်ကောင်ထွက်လာ ခဲ့ပါပြီ။
“ကျွိ... ကျွိ....”
ကြွက်ကြီးက လူသားတွေကိုမြင်ချိန်မှာ စားဖွယ်စုံတွေကို မြင်သလိုမျိုး အသံပြုလိုက်ပြီး နောက်ကနေ လိုက်ပါတော့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကောင်းကင်ပေါ်ကနေ အလင်းတန်းတစ်ခု ကျဆင်းလာပြီးတော့ လှံကိုင်ထားတဲ့ တောင်ပံခြောက်ခုပါလူငယ်က ကြွက်ကိုလူတွေကို အန္တရာယ်မပြုနိုင်အောင်တားလိုက်တယ်။
“မြေအောက်အနက်ပိုင်းမှာပဲ ကျက်စားတတ်တဲ့ မိစ္ဆာကြွက်မျိုးက မြင့်မြတ်တဲ့မြို့တော်မှာ ဘာလာလုပ်နေတာလဲ။ ဒါပေမဲ့ အရေးမကြီးတော့ဘူး။ မင်းကိုငါနှိမ်နင်းမယ်။”
လှံသူတော်စင်နီကိုလက်က အစစ်အမှန်လှံကိုဝေ့ယမ်းလိုက်ရင်း မိစ္ဆာကြွက်ကြီးကို စတင်တိုက်ခိုက်တယ်။ ကြွက်ကြီးကလည်းပဲ နည်းနည်းလေးမှကြောက်ရွံပုံမရဘဲ နီကိုလက်ကိုပြန်ပြီးတော့ ရင်ဆိုင်ပါတယ်။
ဒီမြင်ကွင်းကို သဘောတကျကြည့်နေတဲ့သူတွေလည်းရှိနေပြီး သူတို့တွေက ကွန်စတန်တီနိုပယ်ရဲ့မှောင်ရိပ်တွေကနေပြီးတော့ တိုက်ပွဲကိုကြည့်နေခဲ့ကြတာပါ။ တကယ်လို့ အမှောင်ကျောင်းက တစ်စုံတစ်ယောက်သာရှိမယ်ဆိုရင် သူတို့တွေဟာ ပူးတွဲပဒေသရာဇ် အဖွဲ့ဝင်တွေဖြစ်မှန်း သိနိုင်ပါတယ်။
....
ပေါက်... ပေါက်....
နာတာရှာက ရေတွေခေါင်မိုးကနေ စိမ့်ကျနေတဲ့ ရေနုတ်မြောင်း အဟောင်းထဲမှာ သွားလာနေတယ်။ ဒီနေရာက ဘုရားကျောင်း အောက်ခြေတည့်တည့်မှာရှိတဲ့နေရာဖြစ်ပြီး အရင်ကလည်းပဲ နက်ဆန်နဲ့အတူခိုးဝင်ဖူးတယ်။ တစ်ခါခံရပြီးဖြစ်တဲ့အတွက် ဘုရားကျောင်းက ဂယ်ပေါက်တွေကိုပိုပြီးသတိရှိရှိနဲ့ အတားအဆီးတွေချထားတာတော့အမှန်ပါ။
ဒါပေမဲ့ ဒီနေရာကို ခိုးဝင်လာတဲ့သူက စပိုင်မာစတာဖြစ်တဲ့ နာတာရှာဖြစ်နေခဲ့တယ်။ တစ်နေရာအရောက်မှာတော့ နာတာရှာက ပြေးနေတာကိုရပ်လိုက်ပြီး သူ့ရှေ့မှာရှိနေတဲ့ ပုံစံတူရေမြောင်း လမ်းခွဲသုံးခုကိုကြည့်ပြီး ပြုံးလိုက်ပါပြီ။
“ဒီနေရာကနေစပြီး ပိုခက်ခဲလာတော့မယ်။ ပြင်ဆင်ရမယ့်အချိန်ပဲ။”
နောက်တော့ နာတာရှာက သယ်လာတဲ့လွယ်အိတ်ထဲကနေပြီး မှော်ဆရာသေတ္တာကိုထုတ်လိုက်တယ်။ သူနဲ့အတူတူ လှောင်ချိုင့်ထဲက ခိုလေးတစ်ကောင်လည်းပါလာပြီးတော့ ရက်စက်စွာနဲ့ပဲ ငွေဓားနဲ့ခိုရဲ့ခေါင်းကို ဖြတ်ချလိုက်တော့တယ်။
“သခင်သာဆိုရင်တော့ ဒီလိုမှော်အစီအရင်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သခင့််အကျိုးအတွက် ငါကတော့ လက်ညစ်ပတ်ခံရလိမ့်မယ်။”
နာတာရှာက ခိုသွေးကိုသုံးပြီး သိုးရေစက္ကူပေါ်မှာ ဟီဘရူးစာတွေ စရေးတယ်။ စာတွေက သွေးနီရောင်လင်းလဲ့လာပြီးတဲ့နောက်မှာ အဲဒီသိုးရေစက္ကူကို နာတာရှာက မီးရှို့ပြာချပြီး အဲဒီပြာတွေကို ပါးစပ်ထဲထိုးထည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကဝေဝါးသွားပြီး မြင်နိုင်ဖို့ခက်ခဲသွားတယ်။ သူ့လှုပ်ရှားမှုတွေကလည်းပဲ သိပ်ပြီးအသံမထွက်တော့ဘူး။
“လေကျောင်းတော်ရဲ့ကိုယ်ပျောက်မှော်အတတ်တော့ စီရင်ပြီးပြီ။ ရှေ့ဆက်သွားရဦးမယ်။ ပူးတွဲပဒေသရာဇ်တွေ ရိုမြူလက် ဘုရားကျောင်းရဲ့အာရုံကို ကြာကြာဆွဲဆောင်ထားနိုင်ပါစေ မျှော်လင့်ရတာပဲ။”
အဲဒီနောက်တော့ နာတာရှာက လက်နှစ်ဖက်ကို ဝတ်ပြုဆုတောင်းသလို ပူးကပ်ဆုပ်ကိုင်လိုက်တယ်။ သူ့ကျောနောက်ကနေ လေနတ်ဘုရားခန္ဓာကိုယ်ရဲ့သင်္ကေတဖြစ်တဲ့ အတောင်ပံလေးခုနဲ့နတ်မိမယ်လေးတစ်ယောက်ပေါ်လာတယ်။ မကြာခင်မှာပဲနတ်မိမယ်လေးက အတောင်ပံတစ်စုံစီသာရှိတဲ့ နတ်မိမယ်နှစ်ယောက်အဖြစ်ကိုပြောင်းလဲသွားပြီး နာတာရှာက အမိန့်ပေးလိုက်တယ်။
“ငါ့အတွက် ကင်းထောက်ပေး။”
ရှီး... ရှီး....
နတ်မိမယ်လေးတွေက လမ်းကြောင်းတစ်ခုစီကိုရွေးပြီးတော့ ဝင်သွားတယ်။ မိနစ်ပိုင်းလောက်စောင့်ပြီးတဲ့နောက်မှာတော့ နာတာရှာရဲ့ခန္ဓာကိုယ်က နာကျင်မှုကြောင့်တုန်ယင်သွားပြီး ဒူးထောက်ကျသွားတယ်။ နာကျင်လွန်းလို့ မျက်ရည်တွေကျလာတဲ့အထိပဲ။ သက်ရှိလူသားတစ်ယောက်သာ ဖြစ်ခဲ့ရင် သေနေလောက်ပါပြီ။ ဒါပေမဲ့ သူကဖုတ်ကောင်လေ။
နည်းနည်းထပ်စောင့်ပြီးတဲ့နောက်မှာတော့ နတ်ဘုရားခန္ဓာကိုယ် နှစ်ခုပြန်ရောက်လာတယ်။ တော်တော်လေးထိခိုက်သွားပြီးတော့ သူတို့ဆီကနေ ရွှေရောင်သွေးစက်တွေစီးကျနေပါတယ်။
“ သူတို့ကို အရင်လွှတ်လိုက်တာမှန်သွားတယ်။” နတ်ဘုရား ခန္ဓာကိုယ်တွေက နာတာရှာနဲ့ပြန်ပေါင်းစပ်သွားတယ်။ အပြည့်အဝပြန်ကောင်းလာဖို့ဆိုရင် လနဲ့ချီပြီးကြာလိမ့်မယ် ဆိုပေမဲ့လို့ သူ့မှာတခြားရွေးချယ်စရာရှိမနေဘူး။
ဒါကြောင့်ပဲ တတိယမြောက်ဂူလမ်းကြောင်းကိုရွေးပြီး လျှောက်ဝင်သွားလိုက်တယ်။
“ သေချာပေါက် ဒီလမ်းမှာလည်း အန္တရာယ်တွေရှိနေဦးမှာပဲ။ အနည်းဆုံးတော့ တခြားနှစ်ခုလိုမျိုး အသေပိတ်ထားတာမဟုတ်ဖို့ မျှော်လင့်ရတာပဲ။”
နာတာရှာဟာ လမ်းတစ်လျှောက်မှာ ရှင်းပြရခက်ခဲတဲ့ထောင်နဲ့ချီတဲ့ ထောင်ချောက်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။ သက်ဝင် ရုပ်သေးတွေ၊ အရိုးတွေကိုတောင် အရည်ပျော်သွားနိုင်စေတဲ့ အဆိပ်ရည်တွေ၊ ပေါက်ကွဲစေတတ်တဲ့ မှော်အစီအရင်တွေ၊ ထိတ်လန့်စရာကောင်းတဲ့အလင်းမှော် စတာတွေကိုကျော်ဖြတ် ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ရေနုတ်မြောင်းအဖုံးတစ်ခုကနေ ဘုရားကျောင်းဝင်းထဲကိုရောက်သွားခဲ့တယ်။ ထွက်လာချိန်မှာ စကားပြောရင်းလမ်းလျှောက်လာတဲ့ သီလရှင်နှစ်ယောက်နဲ့တွေ့ပြီး သူတို့က နာတာရှာကိုမမြင်ရပေမဲ့ အဖုံးအကြောင်းမရှိဘဲပွင့်လာတာ မြင်ခဲ့ကြတဲ့အတွက် သတိမေ့စေတဲ့ကျိန်စာကိုသုံးပြီး မြေအောက် မြောင်းထဲပစ်ထည့်ဝှက်ထားလိုက်တယ်။
“မြေပုံအရဆိုရင် ညာဘက်အစွန်ဆုံးက မှတ်တမ်းရုံးပဲ။” နာတာရှာက ပြောလိုက်ရင်းနဲ့ မှတ်တမ်းရုံးဆီကို ခြေသံလုံစွာနဲ့ သွားပါတယ်။ ပြတင်းပေါက်တစ်ခုကိုအပြင်ကနေဖွင့်ပြီး အတွင်းထဲမှာ လူရှိမရှိကြည့်ပြီးတဲ့နောက် တိတ်တဆိတ် အတွင်းထဲကိုဝင်တယ်။
အထဲရောက်ချိန်မှာတော့ ဘုရားကျောင်းက မွေးစားခဲ့တဲ့ ကလေးတွေရဲ့စာရင်းကို စတင်ပြီးတော့တိုက်ဆိုင် စစ်ဆေးပါတယ်။ နာရီဝက်လောက်ဖတ်ရှုပြီးတဲ့နောက် နာတာရှာရဲ့စိတ်ထဲ မသက်မသာဖြစ်လာတယ်။
“ရူဘီ၊ ဆားဗီးရပ်နဲ့ နီကိုလပ်တို့ရဲ့မွေးစာရင်းတွေအားလုံးက ဒီမှာသာမန်အတိုင်းရှိတယ်။ သီယာတစ်ယောက်တည်းကိုပဲ မင်မည်းတားပြီးဖြတ်ထားတာ။ တစ်နည်းအားဖြင့် အလင်းကြယ်ဆိုတဲ့သဘောပဲ။”
နာတာရှာက စာအုပ်ကိုပိတ်လိုက်တယ်။ အဲဒီနောက် အခုနေရာက ထွက်ခွာသွားဖို့အတွက်ပြင်လိုက်ပါပြီ။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ ကျက်သီးထဖွယ်ကောင်းလှတဲ့သွေးနံက လှိုင်ထလာပါတော့တယ်။
“ကောင်မလေး၊ ဝင်တုန်းက မပြောမဆိုနဲ့ဝင်လာပြီး ဒီအတိုင်း ထွက်သွားနိုင်မယ်ထင်နေတာလား။”
အပေါ်တည့်တည့်ကနေ စကားသံထွက်ပေါ်လာတဲ့အတွက် မော့ကြည့်လိုက်တဲ့အခါမှာ သွေးနီရောင်ဘုရားကျောင်း ဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်ကို မျက်နှာကျက်မှာ ဇောက်ထိုးရပ်လျက်သား တွေ့လိုက်ရတယ်။ သူ့မျက်လုံးတွေကတော့ သေလူတစ်ယောက်ကိုကြည့်နေသလိုမျိုး။ သူ့လက်ထဲမှာကတော့ လုပ်ကြံသတ်ဖြတ်သူတွေကိုင်တတ်တဲ့ ခရုပတ်အသွားဓားမြှောင်တစ်ချောင်း။
“ သွေးစွန်းဘုန်းတော်ကြီး...” အခုအချိန်မှာ နာတာရှာမတွေ့ချင်ဆုံး လူကဒီလူပါ။ အယ်ဒါတစ်ယောက်ဖြစ်ပြီး ရိုမြူလက်ဘုရားကျောင်း အတွင်းမှာရှိတဲ့ ဒုတိယအသန်မာဆုံးလူဖြစ်နိုင်တယ်။
....
ဝေါ....
မျက်လုံးတစ်လုံးတည်းသာရှိတဲ့ ဧရာမလူကြီးတွေက မိန်းကလေးနှစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်ရဲ့ရှေ့မှာ ဒူးထောက်ချလိုက်ကြတယ်။ သူတို့ရှေ့မှာတော့ အလွန့်အလွန်ကို သန်မာပုံရတဲ့ ဆိုင်ကလော့စစ်သည်ကြီးတစ်ယောက်ရဲ့ခန္ဓာက အသက်မဲ့စွာလဲလျောင်းလျက်ရှိတယ်။
“ဆိုင်ကလော့တွေက ကတိတည်ကြသားပဲ။” လက်မောင်းကနေ သွေးတွေစီးကျနေတဲ့ ဆားဗီးရပ်က အလင်းဓားကို ဖျောက်ရင်း ပြောလိုက်တယ်။
ပင်ပန်းနေပုံရတဲ့ ရူဘီနဲ့လီချင်းချင်းတို့လည်း သက်ပြင်းချလိုက် ကြပါတယ်။ ဒီတိုက်ပွဲက လွယ်ကူတဲ့တိုက်ပွဲတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အပြင်းအထန်လေ့ကျင့်ပြီးတဲ့နောက်မှာ လီချင်းချင်းကိုယ်တိုင်က အယ်ဒါအဆင့်ရောက်လုနီးနီး ဖြစ်နေပြီဖြစ်ပြီးတော့ အဆောင်တွေကိုသုံးကာ ကြောက်စရာကောင်းတဲ့မိစ္ဆာသတ္တဝါတွေကို ဆင့်ခေါ်လာနိုင်ခဲ့တယ်။
ရူဘီကလည်းပဲ ပိုမိုအင်အားကြီးတဲ့အကာအကွယ်နဲ့စွမ်းအင်ကို သူ့မိတ်ဖက်တွေအတွက် ထောက်ပံနိုင်ခဲ့ပါတယ်။ ဓားမရှိပေမဲ့ ဆားဗီးရပ်ကလည်း အားနည်းသူမဟုတ်ပါ။
သူတို့သုံးယောက်ပေါင်းမှ ဆိုင်ကလော့တွေရဲ့အသန်မာဆုံး စစ်သည်တော်ကြီးကို သုံးရက်သုံးညကြိုးစားပြီးသတ်နိုင်ခဲ့တာ။ အခုတော့အပေးအယူအတိုင်း ဆိုင်ကလော့တွေက ဆားဗီးရပ်ရဲ့ အထွတ်အမြတ်ဓားကို ပြင်ပေးရတော့မယ်။
“ရှင့်ဓားကိုပြင်ဖို့က တော်တော်လေးကြာမယ့်ပုံပဲ။ ကျွန်မနဲ့ လိုက်ပြီး အပြန်ကျမှဝင်ယူမလား။”
ရူဘီက ကောင်းကင်ယံမှာရှိနေတဲ့ အာရုံဦးနေရောင်ခြည်နဲ့ ထွက်လုဆဲဆဲနေမင်းကြီးကိုငေးကြည့်ရင်း မေးလိုက်တယ်။ ဆားဗီးရပ်ကတော့ ခေါင်းခါလိုက်ပြီး သူထိုင်နေတဲ့ ကျောက်ဆောင်ကြီးပေါ်ကနေ ဆင်းလိုက်လေရဲ့။
“ငါမလိုက်တော့ဘူး။ ဘာပဲပြောပြော ငါတို့ရဲ့အပေးအယူက ဒီနေရာမှာအဆုံးသတ်သွားပြီ။ ရှေးဒိုင်းသူရဲကောင်းရဲ့စာအုပ်ကို ရတာမရတာက မင်းအပိုင်းပဲ။”
ရူဘီကလည်း ခေါင်းညိတ်လိုက်တယ်။ သူတို့နှစ်ယောက်က မိတ်ဆွေဆွေမဟုတ်ပါဘူး။ စင်စစ် ရိုမြူလက်ဘုရားကျောင်း သူတော်စင်လေးယောက်ဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ကြရမယ့် ပြိုင်ဘက်တွေပါ။
“ဒါဆိုရင်လည်း ကျွန်မတို့ဒီမှာပဲ လမ်းခွဲကြတာပေါ့။”
ရူဘီက လီချင်းချင်းကိုအချက်ပြလိုက်တယ်။ ချွေးတွေစိုရွဲနေတဲ့ ချီပေါင်အင်္ကျီကိုဝတ်လျက်သားဖြစ်နေတဲ့ လီချင်းချင်းကလည်း မောပန်းနေပေမဲ့ နားနေရာကနေထရပ်လိုက်တာပေါ့။
သူတို့နှစ်ယောက်က ပခုံးချင်းယှဥ်လျှောက်ပြီး နေရာကနေ ထွက်သွားဖို့လုပ်တော့ ဆားဗီးရပ်ကသူတို့နှစ်ယောက်ကို လှမ်းအော်ပြောလိုက်တယ်။
“ဟေး... တကယ်လို့ ငါဘုရားကျောင်းကိုဝင်တိုက်ပြီး ကျရှုံးသွားတယ်ဆိုရင် ဘုရားကျောင်းကိုပြန်မလာနဲ့တော့။”
ပြိုင်ဘက်ဖြစ်သူရဲ့စကားကြောင့် ရူဘီက ပြုံးလိုက်မိပါတယ်။ ဆားဗီးရပ်က တကယ့်လူထူးဆန်းတစ်ယောက်ပါ။ တိုက်ပွဲတစ်ခုကို အတူတူဖြတ်ကျော်ပြီးတဲ့နောက် ရူဘီကို ဆားဗီးရပ်က ထိုက်တန်တဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ဆားဗီးရပ်က ရူဘီကို လိုက်ပြိုင်ဖို့မစဥ်းစားခဲ့ပါဘူး။ သူ့မှာအရေးကြီးလုပ်စရာတစ်ခု ရှိနေခဲ့ပြီး ရူဘီက ဓားမပါတဲ့ဆားဗီးရပ်နဲ့အဆင့်အတူတူပဲ ရှိနေရုံပါ။
ဒါကြောင့် ဆားဗီးရပ်ရဲ့ရင်ထဲမှာ ရူဘီက နက်ဆန်လောက် နေရာယူမထားဘူး။ တစ်ဖက်မှာလည်း သူ့ပြိုင်ဘက်ကို သူမဟုတ်တဲ့သူကြောင့် ဒုက္ခရောက်သွားမှာမျိုး မဖြစ်စေချင်ပြန်ဘူး။
“ရှင်က နိုင်မယ့်မျှော်လင့်ချက်ရှိဘဲနဲ့တောင် အဲဒီကိုသွားဖို့ ဆုံးဖြတ်ထားတာပဲ။” ရူဘီက သက်ပြင်းချလိုက်ပါတယ်။ ရဟန်းမင်းကြီးပီးယပ်က မျိုးဆက်ပေါင်းများစွာကြာပြီးမှ ပေါ်ထွန်းလာခဲ့တဲ့ အသန်မာဆုံးရဟန်းမင်းပါ။ ရှေးအယ်ဒါလည်းဖြစ်တယ်။
လက်တစ်ဆုပ်စာတောင်မရှိတဲ့ ရှေးအယ်ဒါတွေထဲမှာတောင်မှ အင်အားအကြီးဆုံးပါ။ ဒီလိုမှမဟုတ်ရင် တစ်ကမ္ဘာလုံးက နတ်ကိုးကွယ်သူတွေက ရိုမြူလက်ဘုရားကျောင်းကို အငြိုးတကြီးနဲ့ တိုက်ခိုက်ဖျက်ဆီးနေလောက်ပြီပေါ့။
ဆားဗီးရပ်အနေနဲ့ ဆိုင်ကလော့တွေနဲ့နေ့တိုင်းလေ့ကျင့်ရင်း သူ့ဓားကိုပြန်ရလာရင် ရှေးအယ်ဒါဖြစ်လာနိုင်ချေရှိပေမဲ့ နိုင်ဖို့ကတော့ မသေချာပါ။ အမှောင်ကျောင်းတော်က ရှေးအယ်ဒါရော့ဝဲလ်တောင်မှ သေပွဲဝင်ခဲ့ရတယ်မဟုတ်လား။
“ရူဘီ၊ ငါတို့လည်း ငါတို့လုပ်သင့်တာကိုပဲ အာရုံစိုက်ရအောင်။ အဲဒီဒိုင်းသူတော်စင်ရဲ့မှတ်တမ်းကိုရရင် ငါတို့တွေလည်းပဲ ရှေးအယ်ဒါတစ်ယောက်ကို ပူးပေါင်းပြီးယှဥ်နိုင်စွမ်း ရှိရင်ရှိလာမှာ။ ဒီလိုဆိုရင် ဖြစ်လာတော့မယ့် ကပ်ဘေးမှာ အသက်ရှင်နိုင်လိမ့်မယ်။”
လီချင်းချင်းစကားကို ရူဘီက ထောက်ခံတဲ့အနေနဲ့လက်မ ထောင်ပြလိုက်တယ်။ ဆားဗီးရပ်က ရဟန်းမင်းပီးယပ်ကို သတ်နိုင်သွားရင် သူတော်စင်တိုက်ပွဲ စတင်တော့မှာဖြစ်ပြီး ရဟန်းမင်းပီးယပ်က ဆားဗီးရပ်ကိုသတ်လိုက်မယ်ဆိုရင်တော့ သူတော်စင်သုံးယောက်ပဲ ကျန်တော့မှာ။
အဲဒီသုံးယောက်ထဲကနှစ်ယောက်က ပီးယပ်ရဲ့တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာရှိနေပြီး သူ့အစီအစဥ်ရှေ့တိုးဖို့အတွက် အဟန့်အတားဖြစ်နိုင်တဲ့ ရူဘီတို့ကိုပါသတ်ဖို့ ကြိုးစားလိမ့်မယ်။
“ဒါပေမဲ့ အဲဒီအဖိုးကြီးက တကယ်ပဲ ဘာတွေကြံနေပါလိမ့်။” ရူဘီနားမလည်နိုင်ဘူး။ မကောင်းတဲ့အရာတစ်ခု ဖြစ်မယ်ဆိုတာတော့ သိနေပေမဲ့ပေါ့။ သူနားလည်တဲ့အချိန်ရောက်တဲ့အခါ အရာအားလုံးအတွက် နောက်ကျသွားတာလည်းဖြစ်နိုင်တယ်။
....
နက်ဆန်နဲ့မိုနီကာက လူပြတ်တဲ့ နယ်ရထားဘူတာတစ်ခုမှာ ရပ်နေကြတယ်။ နက်ဆန်က အတော်လေးဒေါသထွက်နေပုံရပြီး သူ့ရှေ့မှာတော့ အမှောင်ကျောင်းတော်ရဲ့အဆင့်နိမ့်အဖွဲ့ဝင်တွေက ဒူးထောက်ခစားလို့။
“တောင်းပန်ပါတယ် ညအရှင်၊ ပိုလန်က လေကျောင်းတော် ပိုင်နက်ပါ။ ကျွန်တော်တို့ညီအစ်ကိုတွေ အကန့်အသတ်နဲ့ပဲ လှုပ်ရှားနိုင်ပါတယ်။”
ဒါက အမှန်ပဲဖြစ်ပေမဲ့ နက်ဆန်ဟာ ဆယ်ဗီကိုရှာမတွေ့သေးတဲ့ အတွက်ကြောင့်မလို့ သူ့အဖွဲ့သားတွေကို တွန်းအားပေးခဲ့တာ။ မိုနီကာကတော့ နက်ဆန်ရဲ့ပခုံးကိုမှီရင်းပြောလိုက်ပါတယ်။
“ဒါလင်... အဲဒီအရူးမ သွားချင်ရာသွားပါစေ။ ကျွန်မတို့နှစ်ယောက်တည်းရှိနေတာ ပိုမကောင်းဘူးလား။”
နက်ဆန်ကတော့ ခါးသီးစွာနဲ့ခေါင်းခါလိုက်ပါတယ်။ “မိုနီကာ၊ ငါသူ့ကိုကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်။ ပါစီဗယ်က သူ့ကိုကာကွယ်ပေးမယ့်အစား အန္တရာယ်ရှိတာတွေ လျှောက်လုပ်နေတာ။ သူ့ကို ငါဘယ်လိုလုပ် စိတ်ချထားနိုင်မှာလဲ။”
မိုနီကာလည်း သက်ပြင်းချလိုက်တယ်။ နက်ဆန်က သူ့ရဲ့ကတိတွေကို ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာ မိုနီကာအသိဆုံးပဲလေ။
“သခင်၊ တခြားသူတွေ ကျွန်မတို့ဆီကိုလာနေတယ်။”
ရုတ်တရက် ဒေါ်ရသီက သတိပေးလိုက်တယ်။ မကြာခင်မှာပဲ လေစွမ်းအားတောင်ပံတွေရှိတဲ့ မှော်ဆရာရှစ်ယောက်က ကောင်းကင်ပေါ်ကနေဆင်းသက်လာပြီး နက်ဆန်နဲ့သူ့လူတွေကို ဝိုင်းထားလိုက်တယ်။
“ညအရှင်၊ ကျွန်မရဲ့နယ်ထဲမှာ ရှင့်လူတွေကို လှုပ်ရှားခိုင်းနေတာ နောက်ထပ်လေနတ်ဘုရားခန္ဓာတစ်ခု လိုချင်လို့လား။”
နက်ဆန်က အသံကြားရာနေရာကိုကြည့်လိုက်တယ်။ အခြေခံအားဖြင့် နာတာရှာနဲ့ရုပ်ချင်းဆင်တူပြီးတော့ အဖြူရောင်ဆံပင်တွေရှိတဲ့ မိန်းမတစ်ယောက်ကိုမြင်ရတယ်။ သူတို့ကိုဝန်းရံထားတဲ့သူတိုင်းက စွမ်းအားကြီးဆီနိတ်တာတွေ ဖြစ်ပြီးတော့ သူ့ရှေ့ကမိန်းမကလည်း အတော်သန်မာတယ်။ လုံးဝဖြူဖွေးနေတဲ့ဆံပင်တွေအပြင် အတောင်ပံသုံးစုံပါတဲ့ အသန့်စင်ဆုံးလေနတ်ဘုရားခန္ဓာကိုယ်တောင်မှ ရှိနေသေးတယ်။
“လေပြင်းမုန်တိုင်းသခင်မ ရှားလော့ခ်”