← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

''သေချာပေါက် ဒီလူပဲ... အချိန်ကျပြီဆိုတော့ ပွဲကောင်းလေးတစ်ပွဲလောက် ကပြလိုက်ရအောင်...''

ကျုံးရှန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် အပြင်သို့ ဖြန့်ကျက်ထားသော သူ၏ ဝိညာဉ်အာရုံများကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ ဝိညာဉ်အာရုံများ ပြန်လည်စုစည်းသွားသည်နှင့် သူ၏ မျက်ဝန်းအစုံတွင် အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ရုတ်ခြည်း မတ်တပ်ရပ်လိုက်၏။

ထို့နောက် လက်နှစ်ဖက်ဖြင့် သူ့ဘေးရှိနှစ်ယောက်ကို ဆွဲကိုင်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ နောက်တစ်ခဏ၌ ကျုံးရှန်သည် ဂျင်ချူရှောင်နှင့် ဝမ်ရှောင်ယွီတို့ကို ခေါ်ဆောင်လျက် စင်မြင့်ထပ်၌ ပေါ်လာလေသည်။

ရုတ်တရက် ပေါ်ထွက်လာသော လူသုံးယောက်သည် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်နိုင်၏။ အထူးသဖြင့် ထျန်းချူပေါင်ကျွင်းပင် ဖြစ်သည်။ သူသည် ဂျင်ချူရှောင်ကို မြင်လိုက်ရသည်နှင့် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဂျင်ချူရှောင်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသော်လည်း နောက်ဆုံး၌ ပြန်လည်ထိန်းချုပ်လိုက်သည်။

စားဖိုမှူးဘိုးဘေးကြီး ချမှတ်ခဲ့သော စည်းမျဉ်းများ ရှိပေသည်။ စားဖိုမှူးဘုရင် အမိန့်တော်တံဆိပ်ပြားကို ကိုင်ဆောင်ထားသူ မည်သူမဆို နောက်ကြောင်းရာဇဝင်ကို မေးမြန်းခြင်း မရှိစေရဘဲ ပြိုင်ပွဲဝင်ခွင့် ပြုရမည် ဟူ၍ ဖြစ်သည်။ စားဖိုမှူးဘုရင် ဘွဲ့ထူးကို လုယူရန်အတွက် မည်သည့်နည်းလမ်း၊ မည်သည့်အကြောင်းပြချက်နှင့်မျှ ပြိုင်ပွဲဝင်ခြင်းကို တားဆီးခွင့် မရှိပေ။ ဤသည်မှာ လူတိုင်းသိသော စည်းမျဉ်းတစ်ခု ဖြစ်သည်။

စားဖိုမှူးဘုရင် ပြိုင်ပွဲသည် အရေးအကြီးဆုံး ဖြစ်ပြီး ကျန်သည့်ကိစ္စများမှာ သာမညသာ ဖြစ်သည်။ ဂျင်ချူရှောင်သာ ကိုယ့်အခြေအနေကို သိပြီး တိတ်တဆိတ် လာရောက်ယှဉ်ပြိုင်ခဲ့လျှင် ထျန်းချူပေါင်ကျွင်းအနေဖြင့် မျက်ကွယ်ပြုထားပေးကောင်း ပြုထားပေးနိုင်သည်။ သို့သော် ယခုမူ သူတော်စင်သားတော် အပြောင်းအလဲကို ဂုဏ်ယူစွာ ကြေညာနေခိုက် ဤလူသုံးယောက်သည် စင်မြင့်ပေါ်သို့ ရုတ်တရက် ရောက်ရှိလာခြင်းမှာ ပြဿနာရှာရန် လာခြင်းဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ထိုလူသုံးယောက် ပေါ်လာကတည်းက သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးပြီး ဖြစ်လေသည်။

'နိယာမနယ်ပယ် ဒုတိယအဆင့် တစ်ယောက်ရယ်... နိယာမနယ်ပယ် ၂၈ ဆင့်ရှိတဲ့ သူတော်စင်လောင်း တစ်ယောက်ရယ်ပါလား'

'ဟမ့်... ပုရွက်ဆိတ်လေးတွေ'

ဝမ်ရှောင်ယွီနှင့် ကျုံးရှန်တို့ကို စစ်ဆေးပြီးနောက် သူ၏ စိတ်ထဲတွင် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။ သို့သော် ဂျင်ချူရှောင်ကို စစ်ဆေးလိုက်သောအခါတွင်မူ သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားရ၏။

'ဟမ်... ဂျင်ချူရှောင်က နိယာမနယ်ပယ်ကို ကျော်ဖြတ်ပြီး သူတော်စင်အဆင့်ကို ရောက်သွားပါလား'

'ဒီကောင့် ပါရမီကတော့ တကယ်ကို အံ့မခန်းပါပဲ...'

'ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီး အချက်အပြုတ်တာအို ဆက်ခံသူ ရှီဝေထျန်းကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ...'

ထိုသို့ တွေးတောရင်း သူသည် အလွန်အားကောင်းသော ဖိအားတစ်ကိုထုတ်လွှတ်လိုက်ပြီး ကျုံးရှန်တို့ လူစုကို လွှမ်းခြုံလိုက်လေသည်။ သူတို့ကို ကြောက်လန့်တုန်လှုပ်သွားစေရန်နှင့် လူအများရှေ့တွင် ဒူးထောက် အသနားခံလာစေရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ထျန်းချူပေါင်ကျွင်း မြင်ယောင်ထားသော ပုံရိပ်များ ပေါ်ပေါက်မလာခဲ့ပေ။ ထိုလူသုံးယောက်သည် သူ၏ ဖိအားကို အာရုံပင် မရသကဲ့သို့ မူလနေရာတွင်ပင် သက်တောင့်သက်သာ ရပ်နေကြဆဲ ဖြစ်သည်။ ဤအခြေအနေက ထျန်းချူပေါင်ကျွင်းကို ဇဝေဇဝါ ဖြစ်သွားစေသော်လည်း သူက တည်ကြည်ခန့်ညားသော လေသံဖြင့် ပြောလိုက်၏။

''ဂိုဏ်းကို သစ္စာဖောက်တဲ့ကောင်က ဒီလောက်ထိ မာန်တက်ရဲသေးတာလား''

''ဒီနေ့က စားဖိုမှူးဘုရင် ပြိုင်ပွဲ စတင်မယ့်ရက် ဖြစ်သလို... ငါတို့ ကောင်းကင်စားဖိုမှူးဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ရက်လည်း ဖြစ်တယ်''

''မင်း ကိုယ့်အခြေအနေကို သတိထားရင် ကောင်းမယ်..."

''အခုချက်ချင်း အောက်ဆင်းသွားစမ်း... မင်းကို ပြိုင်ပွဲ ပြီးဆုံးအောင် ပြိုင်ခွင့်ပေးမယ်... ပြီးမှ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ရဲ့ အပြစ်ပေးမှုကို ခံယူရမယ်''

''ဒါမှမဟုတ်ရင်တော့... ငါ အခုပဲ မင်းတို့သုံးယောက်လုံးကို သတ်ပြီး စားဖိုမှူးဘိုးဘေးကို ပူဇော်ပစ်လိုက်မယ်''

ထျန်းချူပေါင်ကျွင်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် ပြောဆိုလိုက်ပြီး စကားလုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။

သို့သော် ဂျင်ချူရှောင်ဘက်မှ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။ သူ၏ ရှေ့တွင် ရပ်နေသော သူတော်စင်လောင်း အဆင့်မျှသာ ရှိသည့် လူငယ်လေးက ရုတ်တရက် မထီမဲ့မြင် လေသံဖြင့် ဝင်ရောက်ပြောဆိုလိုက်လေသည်။

''ကောင်းကင်စားဖိုမှူးဂိုဏ်းက ဘာကောင်မို့လို့လဲ''

''ဒီစင်မြင့်က ခင်ဗျားနဲ့ မတန်ပါဘူး... ခင်ဗျားပဲ အောက်ဆင်းသွားလိုက်..."

ကျုံးရှန်သည် မျက်ခုံးကို ပင့်လိုက်ပြီး ခြေထောက်ကို ပေါ့ပါးစွာ မြှောက်ကာ လေထဲသို့ ကန်လိုက်လျှင် ထျန်းချူပေါင်ကျွင်း၏ ရှေ့ရှိ လေဟာနယ်သည် ရုတ်တရက် ပွင့်ဟသွားပြီး ကြီးမားသော ခြေထောက်တစ်ဖက် ပေါ်ထွက်လာလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများနှင့် ကာကွယ်ရေး ရတနာများမှာ အသုံးမဝင်တော့ဘဲ ထိုခြေထောက်ကို တားဆီးနိုင်ခြင်း မရှိပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေဖဝါးဖြင့် မျက်နှာတည့်တည့်သို့ တိုက်ရိုက် ကန်ထုတ်ခံလိုက်ရတော့သည်။ ပြင်းထန်လှသော အရှိန်ကြောင့် ထျန်းချူပေါင်ကျွင်းသည် စင်မြင့်ထက်မှ လွင့်ထွက်သွားပြီး သူတော်စင်စားဖိုမှူးမြို့တော်၏ နယ်နိမိတ် စည်းကိုပင် ကျော်လွန်ကာ မိုင်ပေါင်းသိန်းချီ လွင့်စင်သွားရလေသည်။

ထျန်းချူပေါင်ကျွင်းသည် ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများကို ပြန်လည်စုစည်းပြီး အရှိန်သတ်လိုက်နိုင်ချိန်တွင် သူ၏ စိတ်ထဲ၌ ထိတ်လန့်ခြင်းနှင့် ဒေါသတို့ ရောထွေးနေတော့၏။

'သေစမ်း... ဒါ ဘာခြေထောက်ကြီးလဲဟ'

''ရွှစ်''

ထျန်းချူပေါင်ကျွင်းသည် အချိန်ဆွဲမနေဘဲ သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ နောက်တစ်ခဏ၌ စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် မည်းနက်နေသော ဖိနပ်ရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့ပြီး မြက်ပင်တစ်ပင် ကပ်ငြိနေလေသည်။

အောက်ဘက်ရှိ ပြိုင်ပွဲဝင်များနှင့် ကောင်းကင်စားဖိုမှူးဂိုဏ်းမှ အကြီးအကဲများအားလုံး ကြောင်အသွားကြသည်။

ဒါ ဘာဖြစ်သွားတာလဲ။

နိယာမနယ်ပယ် ၂၈ ဆင့်သာ ရှိသော သူတော်စင်လောင်းတစ်ယောက်က သူတော်စင်အဆင့် ၉ အထွတ်အထိပ် ရောက်နေသူ တစ်ယောက်ကို ကန်ထုတ်လိုက်ခြင်းလော။

ဘုရားရေ ဒီလောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။

မူလနေရာတွင်ရှိသော ကျုံးရှန်ကမူ လက်သည်းများကို ခပ်ဖွဖွ ပွတ်သပ်နေပြီး သူ၏ မျက်နှာထားမှာ အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲ ဖြစ်သည်။

"ရောမရောက်ရင်ရောမလိုကျင့်တဲ့ဆိုထားတယ်မလား... ငါတို့ကပြိုင်ပွဲ လာပြိုင်တာဆိုတော့... ပြိုင်ပွဲမစခင် ခင်ဗျားကို လွှတ်ပေးလိုက်မယ်''

''ပြိုင်ပွဲပြီးမှ... ခင်ဗျားတို့ ကောင်းကင်စားဖိုမှူးဂိုဏ်းက... လူတွေနဲ့ ကောင်းကောင်း စကားပြောကြတာပေါ့''

ပြောပြီးသည်နှင့် ထျန်းချူပေါင်ကျွင်း၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ကျုံးရှန်သည် နောက်လှည့်လိုက်သည်။ ထို့နောက် မြေကြောကျုံ့နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ ဂျင်ချူရှောင်နှင့် ဝမ်ရှောင်ယွီတို့ကို ခေါ်ဆောင်လျက် လူလွတ်နေသော ပြိုင်ပွဲဝင်နေရာတစ်ခုတွင် ဝင်ရောက် နေရာယူလိုက်လေသည်။ သူသည် ထိုင်ခုံတစ်ခုတွင် သက်တောင့်သက်သာ ဝင်ထိုင်လိုက်ပြီး ပြင်ဆင်ရန် အလျင်လိုပုံ မရပေ။

ထျန်းချူပေါင်ကျွင်း၏ မျက်နှာထားမှာ အကြိမ်ကြိမ် ပြောင်းလဲနေပြီး မုန်တိုင်းမလာခင် မည်းမှောင်နေသော တိမ်တိုက်များကဲ့သို့ ဖြစ်နေ၏။ သူ၏ ဘေးတွင် ရပ်နေသော ရှီဝေထျန်း၏ မျက်နှာထားသည်လည်း ပြောင်းလဲသွားကာ ယခင်ကဲ့သို့ မောက်မာသော အပြုံးများ ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်လာ၏။ ပါးစပ်ထဲတွင် ကိုက်ထားသော ဂျုံရိုးကိုလည်း ဝါးချေကာ ထွေးထုတ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောတော့ပေ။

ထျန်းချူပေါင်ကျွင်းသည် ဒေါသကို ကြိတ်မှိတ်သည်းခံကာ ရှီဝေထျန်းကို ခေါ်ဆောင်လျက် ထွက်ခွာသွားသည်။ သူတို့သည် အလယ်ဗဟိုရှိ အကောင်းဆုံးသော ပြိုင်ပွဲဝင်နေရာတွင် ဝင်ရောက်နေရာယူလိုက်ကြ၏။ ထျန်းချူပေါင်ကျွင်းသည် ဘေးမှ ရပ်စောင့်နေပြီး ရှီဝေထျန်းက ထိပ်တန်း ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်ကို ကြည့်ရှုနေလိုက်သည်။

ထိုအထဲတွင် စားဖိုမှူးကမ္ဘာငယ်၌ မရှိသော ထူးဆန်းအံ့ဖွယ် ပစ္စည်းများလည်း ပါဝင်လေသည်။ သူ ထုတ်ယူလိုက်သော ပစ္စည်းများသည်ပင်လျှင် အခြားပြိုင်ပွဲဝင်များ အားလုံးထက် သာလွန်နေပြီ ဖြစ်သည်။ မကြာမီတွင် အလင်းရောင် တလက်လက် တောက်ပနေသော ပါဝင်ပစ္စည်းများသည် စားပွဲပေါ်၌ ပြည့်နှက်သွားပြီး ဝိညာဉ်စွမ်းအားများ ပြည့်ဝနေကာ တစ်ခုချင်းစီတိုင်းသည် ရှားပါးလှသော ကောင်းကင်နှင့်မြေကြီး ရတနာများ ဖြစ်ကြသည်။ အများစုမှာ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသော သူတော်စင်အဆင့် ပါဝင်ပစ္စည်းများ ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတွင်ပင် တန်ဖိုးကြီးမားလှပေသည်။ ကျုံးရှန်၏ အထွတ်အထိပ်ပါဝင်ပစ္စည်းများကို မြင်ဖူးထားသော ဂျင်ချူရှောင်မှာမူ ထိုရတနာများကို မြင်သည့်တိုင် တည်ငြိမ်နေဆဲ ဖြစ်သည်။

ယခုအချိန်တွင် ရှီဝေထျန်း၏ စိတ်ထဲ၌ တွက်ချက်မှုများ ပြုလုပ်နေမိ၏။ သူသည် မထိတ်လန့်သော်လည်း သတိထားနေပြီ ဖြစ်သည်။

'ဒီကောင်းကင်စားဖိုမှူးဂိုဏ်းက သောက်သုံးမကျပါလား'

'သူတော်စင်အဆင့် ၉ ရှိတဲ့သူက ခြေတစ်ချက်တည်းနဲ့ ကန်ထုတ်ခံလိုက်ရတယ်'

'ဒါပေမဲ့ ကန်လိုက်တဲ့သူကလည်း သာမန်မဟုတ်ဘူး... ဂျင်ချူရှောင်ရဲ့ လျှို့ဝှက် အစောင့်အရှောက် ဖြစ်လောက်တယ်'

ဂျင်ချူရှောင် မလာလျှင်ပင် ရှီဝေထျန်းသည်သူ့ကို ရှာဖွေပြီး အနိုင်ယူကာ ဂျင်ချူရှောင်၏ ခန္ဓာကိုယ်တွင်းရှိ အမွေအနှစ် မူလရင်းမြစ်ကို လုယူရန် ကြံရွယ်ထားပြီးဖြစ်သည်။ သို့မှသာ သူ၏ မူလရင်းမြစ်သည် နှစ်ဆတိုးလာမည် ဖြစ်ပြီး စားဖိုမှူးကမ္ဘာငယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်၏။ ထိုအချိန်ရောက်လျှင် ဤကမ္ဘာငယ်အတွင်း၌ ဒုတိယအဆင့် အသွင်ပြောင်း နတ်ဘုရားများပင် သူ့ကို ဖိနှိပ်နိုင်မည် မဟုတ်တော့ပေ။ သူသည် ကမ္ဘာငယ်၏ နိယာမစွမ်းအားကို

ရယူအသုံးပြုနိုင်မည် ဖြစ်ရာ ဂျင်ချူရှောင်၏ အစောင့်အရှောက်ကို ကြောက်စရာ မလိုတော့ပေ။

သို့ဖြစ်ရာ အခုလောလောဆယ်တွင် စားဖိုမှူးဘုရင် ပြိုင်ပွဲကို အာရုံစိုက်ရမည် ဖြစ်၏။ စားဖိုမှူးဘုရင် ဘွဲ့ထူးသည် အမွေအနှစ် ဆက်ခံခြင်းအတွက် အလွန် အရေးပါလှသည်။ စားဖိုမှူးဘုရင် ပြိုင်ပွဲ၏ ဗိုလ်လုပွဲ ရောက်မှသာ စားဖိုမှူးသူတော်စင် ချန်ထားခဲ့သော စိတ်ဆန္ဒပုံရိပ်ယောင်နှင့် တွေ့ဆုံရမည် ဖြစ်ပြီး ထိုစိတ်ဆန္ဒနှင့် ပေါင်းစည်းရန်အတွက် အချက်သုံးချက် လိုအပ်ကာ တစ်ချက်မျှ လစ်ဟင်း၍ မရပေ။ သုံးချက်လုံး ပြည့်စုံမှသာ အမွေအနှစ်ကို ရရှိမည် ဖြစ်ကာ ဤကမ္ဘာငယ်အတွင်းရှိ ရတနာ အခွင့်အရေး အားလုံးကို သိမ်းပိုက်ရယူနိုင်မည် ဖြစ်သည်။

ထို့ကြောင့် စားဖိုမှူးဘုရင် ပြိုင်ပွဲကို မဖြစ်မနေ အနိုင်ယူရမည်ပင် ဖြစ်သည်။ ထိုသို့ တွေးတောရင်း သူသည် စားပွဲခုံကို လက်ဖြင့် ခပ်ဖွဖွ ရိုက်လိုက်ရာ အလင်းရောင်များ တောက်ပနေသော မီးဖိုချောင်သုံး ပစ္စည်းအစုံအလင် ပေါ်ထွက်လာလေသည်။ ထိုပစ္စည်းများမှာ ဖန်ဆင်းခြင်းအဆင့်ရှိသော မီးဖိုချောင်သုံးရတနာများ ဖြစ်တော့သည်။

All Chapters