← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

ကျုံးရှန်သည် သူ၏ ဖြူဖွေးသန့်စင်သော လက်နှစ်ဖက်ဖြင့် ဂျုံနယ်ခြင်းကို ကျွမ်းကျင်စွာ စတင်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် မည်သည့် ဝိညာဉ်စွမ်းအား အငွေ့အသက်မျှ ထွက်ပေါ်နေခြင်း မရှိချေ။

"သူ ဘာလုပ်မလို့လဲ"

""သာမန်ဟင်းပွဲနဲ့ ပြိုင်ပွဲဝင်မလို့လား..."

"ဘာလို့ ဂျင်ချူရှောင်ကိုပဲ သုံးမျိုးစလုံး မချက်ခိုင်းတာလဲ"

"ဒါက ကလေးကစားစရာ မဟုတ်ဘူးလေ... ဒီတိုင်းသာဆို..တတိယမြောက်မီးအိမ်တော့ လင်းမှာ မဟုတ်တော့ဘူး..."

ပတ်ဝန်းကျင်ရှိ လူအများသည် တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြသည်။

ဤနေရာသို့ ပြိုင်ပွဲဝင်ရန် ရောက်ရှိလာကြသူများမှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေမှ အခွင့်အလမ်း ရှာဖွေလိုသူများသာမက စားဖိုမှူးကမ္ဘာငယ်အတွင်းရှိ အဖွဲ့များလည်း ပါဝင်ပေသည်။ ထိုသူများမှာ အချက်အပြုတ်လမ်းစဉ်ကို လိုက်စားကြသူများ ဖြစ်သဖြင့် ကျုံးရှန်သည် သာမန် လူသားတို့၏ ဟင်းလျာကို ချက်ပြုတ်နေခြင်း ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိရှိလေသည်။

ကျုံးရှန်မှာမူ ထိုသူတို့၏ ပြောဆိုသံများကို မကြားချေ။ သူသည် ဂျုံသားကို စိတ်အေးလက်အေးပင် နယ်ဖတ်နေပြီး ဂျုံသားအား ကျစ်လျစ်လာစေရန် ပြုလုပ်နေ၏။ ဂျုံသားသည် ကျစ်လျစ်ပြီး လက်တွင် မကပ်တော့သည့် အခြေအနေသို့ ရောက်ရှိလာသောအခါ ကျုံးရှန်သည် ဂျုံသားကို ကိုင်မြှောက်ကာ ဆွဲဆန့်လိုက်၊ ခေါက်လိုက်ဖြင့် အကြိမ်ကြိမ် ပြုလုပ်လိုက်သည်။

နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု၊ ရှစ်ခုမှ ဆယ့်ခြောက်ခု၊ ဆယ့်ခြောက်ခုမှ သုံးဆယ့်နှစ်ခု...

ခေါက်ဆွဲသားများမှာ ပို၍ များပြားလာပြီး နောက်ဆုံးတွင် သူ၏ လက်ထဲ၌ အနေတော် အရွယ်အစားနှင့် အချိုးအစားရှိသော ခေါက်ဆွဲသားများ ရရှိသွားလေ၏။ ထို့နောက် မုန်ညင်းစိမ်းများကို တစ်ရွက်ချင်း ခွာ၍ ရေဆေးလိုက်ပြီး ကြက်သွန်မြိတ်များကို ပါးပါးလှီးလိုက်သည်။

အရာအားလုံးမှာ သာမန်ထက်ပင် ပို၍ ရိုးရှင်းလွန်းနေပြီး ယီယာစားဖိုမှူးရတနာများကိုပင် အသုံးမပြုချေ။ ရေဆူလာသောအခါတွင် ပြုလုပ်ပြီးသားဂျုံခေါက်ဆွဲများကို ထည့်လိုက်သည်။ ထို့နောက် သူဝိုင်သောက်ရာတွင် အသုံးပြုခဲ့သည့် ကြွေပန်းကန်လုံးကြီးကို ထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်ပြီး ကောင်းကင်စားဖိုမှူးဂိုဏ်းမှ ပြိုင်ပွဲအတွက် ပြင်ဆင်ထားသော သာမန် ပဲငံပြာရည်နှင့် ဆားအနည်းငယ်ကို ပန်းကန်လုံးထဲသို့ ထည့်လိုက်လေသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်တွင်း ဟင်းလင်းပြင်နေရာလွတ်ထဲမှ မီးခိုးရောင် မြေအိုးငယ်လေး တစ်လုံးကို ထုတ်ယူလိုက်ကာ အိုးအဖုံးကို ဖွင့်လိုက်လျှင် အတွင်း၌ နှင်းကဲ့သို့ ဖြူဖွေးနေသော အခဲတစ်ခုကို တွေ့လိုက်ရသည်။

"အဲဒါ ဘာကြီးလဲ..."

"အဆီခဲနဲ့ တူတယ်နော်..."

"ဟုတ်လောက်တယ်... ကြည့်ရတာ အဆီခဲပုံစံပဲ..."

စားဖိုမှူးကမ္ဘာငယ်တွင် အချက်အပြုတ်ပညာ ထွန်းကားသော်လည်း ထိုအရာကို မည်သူမျှ မသိကြပေ။

ဂျင်ချူရှောင်က အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဒါ... ဒါက ဝက်ဆီလား..."

သူ မရေမရာဖြင့် မေးလိုက်သည်။

စားဖိုမှူးကမ္ဘာငယ်နှင့် နတ်ဘုရားတစ်သောင်း ကုန်းမြေတိုက်ကြီးတို့တွင် ဝက်ဆီစားသုံးသည့် အလေ့အထ မရှိကြပေ။

ဤ နေရာရှိပွဲကြည့်ကျင့်ကြံသူများမှာ ပို၍ပင် မစားကြသလို ငတ်မွတ်နေသော သာမန်လူများပင်လျှင် ဝက်သားအဆီကို ရရှိပါက အမြန်ဆုံး ချက်ပြုတ်စားသောက်ရန်သာ သိကြပြီး ဤကဲ့သို့ အဆီထုတ်၍ အခဲပြုလုပ်ရန် မသိကြချေ။ ဝက်ဆီကို အခဲပြုလုပ်၍ အသုံးပြုသော ဤနည်းလမ်းမှာ ကျုံးရှန်၏ ယခင်ဘဝမှ မှတ်ဉာဏ်များပင် ဖြစ်တော့သည်။

ကျုံးရှန်သည် လက်မအရွယ်အစားခန့်ရှိသော ဝက်ဆီအနည်းငယ်ကို ဖဲ့ယူကာ ကြွေပန်းကန်လုံးကြီးထဲသို့ ထည့်လိုက်၏။ ထိုအချိန်တွင် ခေါက်ဆွဲမှာ ခုနစ်ပုံခန့် ကျက်သွားပြီ ဖြစ်သည်။ သူသည် ဝါးတံဖြင့် ခေါက်ဆွဲများကို ဆယ်ယူလိုက်ပြီး ရေစစ်ထားလိုက်ပြီး ကျန်ရှိနေသော ခေါက်ဆွဲပြုတ်ရည်ထဲတွင် မုန်ညင်းစိမ်းများကို ခေတ္တပြုတ်ကာ ဘေးတွင် ထားလိုက်သည်။

ထို့နောက် မီးဖိုအသစ်တွင် ရေသန့်တစ်အိုးကို ထပ်မံ ဆူပွက်အောင် တည်လိုက်ပြန်သည်။ ဆူပွက်နေသော ရေနွေးများကို ကြွေပန်းကန်လုံးကြီးထဲသို့ လောင်းထည့်လိုက်သောအခါ ရေနွေးငွေ့များနှင့်အတူ မွှေးပျံ့လှသော ရနံ့များ ချက်ချင်း ထွက်ပေါ်လာသည်။ ဝက်ဆီ၏ မွှေးပျံ့မှုသည် နှိုးဆွခြင်း ခံလိုက်ရပြီ ဖြစ်၏။

ဤကဲ့သို့သော ရနံ့မျိုးကို စားဖိုမှူးကမ္ဘာငယ်မှ ကျွမ်းကျင်သူများမှာ တစ်ခါမျှ မရရှိဖူးကြချေ။ ဆန်းကြယ်စွာပင် ထိုရနံ့သည် လူတိုင်း၏ စိတ်အတွင်း၌ လွမ်းဆွတ်တမ်းတမှု အချို့ကို ဖြစ်ပေါ်စေလေသည်။

ထို့နောက် ကျုံးရှန်သည် ရေစစ်ထားသော ခေါက်ဆွဲများကို ပန်းကန်ထဲသို့ ထည့်လိုက်လျှင် ခေါက်ဆွဲများမှာ ဟင်းရည်အတွင်း၌ နစ်ဝင်သွား၏။ သူသည် ပြုတ်ထားသော မုန်ညင်းစိမ်းများကို ပန်းကန်ဘေးတွင် သေသေသပ်သပ် စီထည့်လိုက်ပြန်သည်။ ဖြူဖွေးသော ခေါက်ဆွဲနှင့် စိမ်းလန်းသော မုန်ညင်းရွက်တို့သည် ခေါက်ဆွဲပန်းကန်လုံးကို အလွန် ဆွဲဆောင်မှု ရှိသွားစေသည်။ ကျုံးရှန်သည် သန့်ရှင်းသော တူတစ်စုံကို ပန်းကန်ဘေးတွင် တင်လိုက်၏။

လူတိုင်းမှာ တိတ်ဆိတ်သွားကြပြီး မည်သူမျှ ဝေဖန်ပြောဆိုရဲခြင်း မရှိတော့ပေ။ ဤသာမန် ခေါက်ဆွဲမှာ ထူးခြားသော်လည်း အလွန်ပင် ရိုးရှင်းလွန်းနေသည်။ ဤအရာသည် တတိယမြောက် မီးအိမ်ကို လင်းထိန်စေနိုင်မည်ဟု သူတို့ လုံးဝ မယုံကြည်ကြပေ။ သို့သော်လည်း ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ အတွေးများ မှားယွင်းသွားကြောင်း သိလိုက်ရသည်။

တတိယမြောက် မီးအိမ် လင်းထိန်လာသည်။ယခင် ဂျင်ချူရှောင် ထွန်းညှိခဲ့သော မီးအိမ်နှစ်လုံးထက်ပင် ပိုမို တောက်ပနေပြီး နေမင်းကြီးကဲ့သို့ ထိန်လင်းနေ၏။

"ဘာ... ဒီလို သာမန် ခေါက်ဆွဲတစ်ပန်းကန်က စားဖိုမှူးသူတော်စင်ရဲ့ အသိအမှတ်ပြုမှုကို ရတယ်လား"

"စားဖိုမှူးသူတော်စင်က ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ"

"ကောင်းကင်နဲ့ မြေကြီး အချက်အပြုတ် တာအိုရဲ့ ကိုယ်စားပြုသူ... ကမ္ဘာဦးခေတ်ကနေ ရှေးဟောင်းခေတ်အထိ အချက်အပြုတ် တာအိုကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့သူလေ..."

"အဲဒီလို ပုဂ္ဂိုလ်ကြီးက ဒီလို သာမန်ခေါက်ဆွဲလေးတစ်ပွဲကို သဘောကျတယ်တဲ့လား..."

"မီးအိမ်ရဲ့ တောက်ပမှုကို ကြည့်ရရင် စားဖိုမှူးသူတော်စင်ရဲ့ စိတ်ဆန္ဒဟာ ဒီခေါက်ဆွဲကို ဂျင်ချူရှောင်ရဲ့ ဟင်းလျာရတနာတွေထက်တောင် ပိုပြီး အထင်ကြီးနေပုံပဲ"

ပတ်ဝန်းကျင်ရှိ အဆင့်မြင့် ကျင့်ကြံသူအချို့မှာ စတင် ဝေဖန်သုံးသပ်နေကြပြီ ဖြစ်သည်။

ထိုအချိန်မှာပင် သန်မာထွားကျိုင်းလှသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးကျုံးရှန်၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်ထွက်လာသည်။ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ချက်ချင်းပင် ဦးညွှတ်လိုက်ကြ၏။

"စားဖိုမှူးဘိုးဘေးကို ဂါရဝပြုပါတယ်"

လာရောက်သူမှာ စားဖိုမှူးသူတော်စင် ချန်ထားခဲ့သော စိတ်ဆန္ဒကိုယ်ပွားပင် ဖြစ်သည်။

စားဖိုမှူးကမ္ဘာငယ်ရှိ သက်ရှိများက သူ့ကို စားဖိုမှူးဘိုးဘေး ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်၏။ သို့သော်လည်း သူ၏ ပုံပန်းသဏ္ဌာန်မှာ ဒဏ္ဍာရီထဲကကဲ့သို့ ချောမောလှပနေခြင်း မဟုတ်ပေ။ စားဖိုမှူး ဆယ်ယောက်လျှင် ကိုးယောက်မှာ သန်မာထွားကျိုင်းသည် ဟူသော စကားအတိုင်းပင် စားဖိုမှူးသူတော်စင်မှာလည်း ချွင်းချက် မရှိခဲ့ချေ။

သူသည် ဘာမှမပြောဘဲ စားပွဲပေါ်ရှိ ဟင်းပွဲသုံးပွဲကို ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ပထမ ဟင်းလျာရတနာ နှစ်ခုကို ခေတ္တမျှသာ ကြည့်ပြီးနောက် ကျုံးရှန် ကိုယ်တိုင် ပြင်ဆင်ထားသော ခေါက်ဆွဲပန်းကန်လုံးအပေါ်တွင် အကြည့် ရပ်တန့်သွားသည်။ သူသည် ထိုပန်းကန်ကို လှမ်းကိုင်ကာ ရနံ့ကို အရင် ခံစားလိုက်၏။ တစ်ချိန်တည်းမှာပင် လွမ်းဆွတ်ဖွယ်ရာ မှတ်ဉာဏ်များမှာ သူ၏ စိတ်အတွင်း၌ တိုးဝင်လာလေသည်။

ကျင့်ကြံခြင်း မပြုလုပ်ရသေးမီ ငယ်စဉ်ဘဝက နေထိုင်မှုမှာ ခက်ခဲကြမ်းတမ်းခဲ့သည်။သို့သော်လည်း မိဘများ ဘေးနားတွင် ရှိနေပြီး ပူပင်ကြောင့်ကြမှု ကင်းဝေးခဲ့သော အချိန်ကာလများသည်ဖြစ်ခဲ့ကာ သူ၏ ဘဝတွင် အပျော်ရွှင်ရဆုံး အချိန်များပင် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်များမှာ ပြန်မရနိုင်တော့။

ခေတ်ကာလများ ပြောင်းလဲသွားခဲ့ကာ သူ နေထိုင်ခဲ့သော နေရာမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို မိဘဆွေမျိုးများမှာလည်း မြေကြီးထဲသို့ ရောက်ရှိသွားကြပြီဖြစ်သည်။ အရာအားလုံးအတိတ်တွင်ကျန်ရစ်ခဲ့ပြီ ဖြစ်ပြီး ပြန်လည် တမ်းတ၍သာ ရနိုင်တော့၏။

အတိတ်၏လွမ်းဆွတ်မှုကြောင့် မသိလိုက်ပါဘဲနှင့် မျက်ရည်တစ်စက်အလိုလို စီးကျသွားသည်။ ထို့နောက်စားဖိုမှူးသူတော်စင်သည် တုန်ရင်နေသော လက်များဖြင့်တူကိုကိုင်လိုက်ကာ ခေါက်ဆွဲတစ်ဖက်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ လွမ်းဆွတ်မှုများမှာ ပေါက်ကွဲထွက်လာ၏။ ဤခေါက်ဆွဲမှာ အမှန်တကယ်ပင် ရိုးရှင်းလှပြီး ကျင့်ကြံခြင်းအတွက် မည်သည့် အထောက်အပံ့မျှ မပေးနိုင်သော်လည်း သူ၏ အမိမြေကို လွမ်းဆွတ်သော စိတ်ကိုမူ အပြည့်အဝ နှိုးဆွပေးလိုက်လေသည်။

သူသည် မျက်ရည်များကြားမှပင် ပြုံးလိုက်မိ၏။ အမှန်စင်စစ် ဘဝတွင် နောင်တမရှိခြင်း ဆိုသည်မှာ ဤသည်ကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ ထင်ရှားလှသော စားဖိုမှူးသူတော်စင်ကြီးသည် ခေါက်ဆွဲတစ်ပန်းကန်ကြောင့် မျက်ရည်ခခဲ့ရလေသည်။ ပတ်ဝန်းကျင်မှ လူများမှာလည်း သူတို့မျက်စိရှေ့မှမြင်ကွင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွားသည် မျက်ရည်များကြားမှ ခေါက်ဆွဲကို ကုန်စင်အောင် စားလိုက်ပြီး ဟင်းရည်ပါ မကျန် အကုန်သောက်ချလိုက်သည်။ ထို့နောက် ကြွေပန်းကန်လုံးကြီးကို ပြန်ချလိုက်ပြီး ကျုံးရှန်ကို ကြည့်ကာ ကိုယ်ကိုကိုင်း၍ အရိုအသေ ပြုလိုက်သည်။

"လူကြီးမင်းရဲ့ ခေါက်ဆွဲတစ်ပန်းကန်က ကျွန်တော့်ရဲ့ နောင်တတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်..."

"ဒီခေါက်ဆွဲရဲ့ နာမည်ကို သိခွင့်ရှိမလား..."

စားဖိုမှူးသူတော်စင်၏ အသံမှာ ကျယ်လောင်လှပြီး ပွင့်လင်းရိုးသားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

ထိုစကားကြားသောအခါ ကျုံးရှန်အနည်းငယ် ပြုံးလိုက်၏။

"ဒီခေါက်ဆွဲရဲ့ နာမည်က လွမ်းဆွတ်တမ်းတဖွယ် ယန်ချွန်းခေါက်ဆွဲလို့ ခေါ်တယ်... ငါ့ရဲ့ ဇာတိမြေက သာမန် ခေါက်ဆွဲတစ်မျိုးပါပဲ"

စားဖိုမှူးသူတော်စင်သည် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

"လွမ်းဆွတ်တမ်းတဖွယ် ယန်ချွန်းခေါက်ဆွဲ... ထိုက်တန်တဲ့နာမည်တစ်ခုပါပဲ"

"ဒီတစ်ခေါက် စားဖိုမှူးဘုရင် ပြိုင်ပွဲမှာ ခင်ဗျားတို့ အနိုင်ရသွားပါပြီ..."

"ကျွန်တော့်လက်ထဲမှာ မူလခန္ဓာကိုယ်က ဖန်တီးခဲ့တဲ့ နောက်ဆုံး ရတနာဟင်းပွဲ ၁၀၈ ပွဲ ရှိတယ်... ဟင်းပွဲတစ်ပွဲစီမှာ မတူညီတဲ့အာနိသင်တွေရှိပါတယ်...လူကြီးမင်းတို့ကြိုက်တဲ့ တစ်ပွဲကို ရွေးနိုင်ပါတယ်..."

သူသည် ဂျင်ချူရှောင်ကို ကျေနပ်အားရစွာ ကြည့်လိုက်ပြီးနောက် ရှီဝေထျန်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျုံးရှန်ဘက်သို့ ပြန်လှည့်လာသော အခါ၌ သူ၏ မျက်ဝန်းများတွင် ဉာဏ်ပညာ အလင်းတန်းများ တောက်ပနေ၏။ သူသည် တစ်စုံတစ်ခုကို ကြိုတင် သိမြင်နေသကဲ့သို့ ရှိနေသည်။

ကျုံးရှန်လည်း အားနာမနေတော့ပေ။

"ကျိန်စာကို ဖြေရှင်းနိုင်တဲ့ ရတနာဟင်းပွဲ လိုချင်တယ်... အာနိသင်ကတော့ ပိုကောင်းလေ ကြိုက်လေပဲ..."

"အို... ကျိန်စာလား"

ကျုံးရှန်၏ တောင်းဆိုချက်ကို ကြားသောအခါ စားဖိုမှူးသူတော်စင်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

သူသည် သူ၏ အာရုံခံစားမှုကို အသုံးပြု၍ ကျုံးရှန်ကို စစ်ဆေးကြည့်လိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူသည် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်လေသည်။

All Chapters