အခန်း (၁၄၂)
Vol. 15 Ch. 142
စားဖိုမှူးသူတော်စင်၏ ရတနာလက်နက်များသည် တစ်ခုချင်းစီကပင် ဖန်ဆင်းရှင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း သိထားရမည်ဖြစ်ပြီး ထိုရတနာ ခြောက်မျိုးလုံး ပေါင်းစပ်လိုက်ပါက မဟာတာအိုအဆင့် လက်နက်များနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ရရှိနိုင်၏။
ရှီဝေထျန်း ယခုထုတ်ယူလိုက်သော မီးဖိုချောင်သုံး ပစ္စည်းများသည် ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် မဟုတ်သော်လည်း နတ်ဘုရားအဆင့်သို့ ခြေလှမ်းစတင်နေပြီ ဖြစ်၏။ ထိုပစ္စည်းများ ပေါင်းစပ်လိုက်လျှင် ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် ရတနာများထက် သာလွန်ကာ မဟာတာအိုအဆင့် တစ်ပိုင်းနှင့်ပင် ယှဉ်နိုင်ပေသည်။
ဂျင်ချူရှောင် ကိုင်ဆောင်ထားသော သူတော်စင်အဆင့် လက်နက်များနှင့် ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်နေလေသည်။ ဤလူငယ်သည် စားဖိုမှူးသူတော်စင်၏ အမွေအနှစ်ကို ရရှိထားသည်ဖြစ်ရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတွင် ကံကောင်းမှုများစွာ ကြုံတွေ့ခဲ့ရမည်မှာ သေချာလှသည်။ သူသည် စားဖိုမှူးသူတော်စင် ချန်ထားရစ်ခဲ့သော အခြား အမွေအနှစ်နေရာများကိုပါ ရရှိထားပြီး ဖြစ်နိုင်သည်။ ထို့ကြောင့် အင်အား အတိုင်းအတာတစ်ခုအထိ စုဆောင်းမိလာပြီးမှ စားဖိုမှူးကမ္ဘာငယ်သည် ယခုအချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
အတိတ်ကာလတစ်ခုက ဝမ်တာအိုဧကရာဇ်၏ သမီးတော် ချန်ချန်သာ ကျုံးထျန်းယွဲ့နှင့် ပြဿနာ မဖြစ်ခဲ့လျှင် နှစ်ထောင်ချီအတွင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၌ အမျိုးသမီး ဧကရာဇ်တစ်ပါး ပေါ်ထွက်လာနိုင်ပေသည်။ သို့သော် ကံဆိုးစွာဖြင့် သူတို့သည် ကျုံးရှန်နှင့် တွေ့ဆုံခဲ့ရသည်။ ကျုံးရှန်သည် ဤလောကကြီးတစ်ခုလုံး၏ အကြီးမားဆုံးသော ကိန်းရှင် ဖြစ်ပေသည်။
ရှီဝေထျန်း ထုတ်ယူလိုက်သော မီးဖိုချောင်သုံး ရတနာ လေးမျိုးမှာ ဒယ်အိုး၊ ယောက်မ၊ မီးဖိုနှင့် တူတစ်စုံ တို့ ဖြစ်ကြသည်။ ရတနာလေးပါး ထွက်ပေါ်လာသည်နှင့် နတ်ဘုရားလက်နက်များ၏ အလင်းရောင်နှင့် ပါဝင်ပစ္စည်းများ၏ အလင်းရောင်တို့ ပေါင်းစပ်သွားကာ သူ၏ ပြိုင်ပွဲဝင်နေရာသည် တောက်ပသွားပြီး ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးတွင် အထင်ရှားဆုံး ဖြစ်လာလေသည်။
အားလုံး အသင့်ပြင်ဆင်ပြီးချိန်တွင် ထျန်းချူပေါင်ကျွင်းပင်လျှင် စားပွဲပေါ်ရှိ ဆန်းကြယ်သော ပါဝင်ပစ္စည်းများနှင့် နတ်ဘုရားအဆင့် မီးဖိုချောင်သုံး ပစ္စည်းများကို ကြည့်ပြီး မနာလို ဖြစ်မိရသည်။ သို့သော် ရှီဝေထျန်းသည် စားဖိုမှူးကမ္ဘာငယ်၏ အမွေဆက်ခံသူ ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်၏။ စားဖိုမှူးသူတော်စင်သည် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အားလျော်စွာ သူ၏ အမွေဆက်ခံသူအတွက် နောက်ဆုံးလက်နက် တစ်ခုခုကို ချန်ထားပေးခဲ့မည်မှာ သေချာပေသည်။
ထို့ကြောင့် ဤကမ္ဘာငယ်အတွင်း၌ ထျန်းချူပေါင်ကျွင်း မည်မျှပင် လောဘတက်နေပါစေ ရှီဝေထျန်းကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။ ပြင်ပမှ ရောက်လာသောကျင့်ကြံသူများသည် တစ်ယောက်ထက်တစ်ယောက် စွမ်းရည်မြင့်မားကြလေသည်။ ရှီဝေထျန်းသည် ပထမတစ်ယောက် ဖြစ်ပြီး သူ့ကို ခြေတစ်ချက်တည်းဖြင့် ကန်ထုတ်ခဲ့သော သူတော်စင်လောင်း လူငယ်လေးသည် ဒုတိယမြောက် ဖြစ်သည်။
ထျန်းချူပေါင်ကျွင်း၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး အစီအစဉ်အမျိုးမျိုးကို စဉ်းစားတွက်ချက်နေမိ၏။ စားဖိုမှူးကမ္ဘာငယ်၏ လက်ရှိ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိထားသူ ဖြစ်ရာ သူသည် သူများ လှီးဖြတ်သမျှ ခံမည့် သားကောင်အဖြစ် အသက်ရှင်မည့်သူ မဟုတ်ပေ။ စားဖိုမှူးဘိုးဘေးကြီး ချန်ထားခဲ့သော လျှို့ဝှက်လက်နက် ရှိနေလျှင်ပင် သူ ကြိုးစားပြီး စွန့်စားရပေမည်။
ကွင်းပြင်ရှိ အခြားသော ပြိုင်ပွဲဝင် အသင်းများမှာ ရှီထျန်းဝေရှိရာပြိုင်ပွဲဝင်စင်မြင့်ကိုကြည့်ပြီး ပြောမဆုံးအောင် ဖြစ်နေကြသည်။ ရှီဝေထျန်း၏ ရှေ့တွင် သူတို့ အပင်ပန်းခံ ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများသည် ကလေးကစားစရာများသဖွယ် ဖြစ်သွားရပြီး ယှဉ်ကြည့်ရန်ပင် မထိုက်တန်တော့ချေ။ ကွာခြားချက် ကြီးမားလွန်းလှသဖြင့် သူတို့မှာ ပြိုင်ပွဲဝင်ချင်စိတ်ပင် ကုန်သွားရပြီ ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေမှ အင်အားစုများမှာမူ မူလကတည်းက ပြိုင်ပွဲဝင်ရန် ရည်ရွယ်ချက် မရှိကြပေ။ သူတို့သည် ရှီဝေထျန်းထံမှ အကျိုးအမြတ် မည်သို့ရယူမည်ကိုသာ တွက်ချက်နေကြသည်။ သူတို့အတွက် ရှီဝေထျန်းကို ကြောက်ရွံ့ခြင်း မရှိသော်လည်း သူတော်စင်အဆင့် ၉ ရှိသည့် ထျန်းချူပေါင်ကျွင်းကိုတော့ အနည်းငယ် စိုးရိမ်နေကြသည်။ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးတွင် ကိုယ်စီ အကြံအစည်များဖြင့် ပြည့်နှက်နေပြီး အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာလေသည်။
ကျုံးရှန်တို့ကို ကြည့်လိုက်လျှင်မူ သူ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး မျက်လုံးများပင် မှိတ်ထားကာ ပျင်းရိနေပုံ ရ၏။ သူ့ကို လာရောက် စောင့်ကြည့်နေသော ဝိညာဉ်အာရုံများကို လုံးဝ လစ်လျူရှုထားလိုက်သည်။ နဂါးတစ်ကောင်သည် ပုရွက်ဆိတ်များ၏ ချောင်းမြောင်းကြည့်ရှုမှုကို ဂရုစိုက်နေမည် မဟုတ်ပေ။ ဂျင်ချူရှောင်နှင့် ဝမ်ရှောင်ယွီတို့သည်သာ စိတ်ကို ထိန်းရင်း ဘေးတွင် မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေရသည်။
ထိုအချိန်တွင် ပြိုင်ပွဲစတင်ရန် နာရီဝက်မျှသာ လိုတော့သည်။ ကွင်းပြင်ရှိ ပြိုင်ပွဲဝင်များ အားလုံးလိုလို အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။ ထိုစဉ် ကျုံးရှန် မျက်လုံးဖွင့်လိုက်သည်။
"ကဲ... ငါတို့လည်း စပြီး ပြင်ဆင်ရအောင်..."
"ပထမ ဟင်းပွဲနှစ်ပွဲကို ဂျင်ချူရှောင်က တာဝန်ယူ... နောက်ဆုံးပွဲကို ငါကိုယ်တိုင် ချက်မယ်..."
"မင်းကတော့ ဘေးကနေ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်..."
ကျုံးရှန်က အကြောဆန့်လိုက်ရင်း ဝမ်ရှောင်ယွီကို မှာကြားလိုက်သည်။ ထို့နောက် ဂျင်ချူရှောင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဂျင်ချူရှောင်သည် သူတော်စင်အဆင့် ယောက်မကို ရတနာသဖွယ် တယုတယ ကိုင်ထားသည်ကို တွေ့လိုက်ရ၏။
"မင်း ချက်ချင်တဲ့ ဟင်းပွဲနှစ်ပွဲကို ရွေးလိုက်... ဘာပစ္စည်း လိုသလဲဆိုတာ ငါ့ကို ပြော..."
"ဒါနဲ့... မင်းလက်ထဲက ယောက်မကို သိမ်းလိုက်တော့..."
"ငါ့ဆီမှာ နတ်ဘုရားအဆင့် မီးဖိုချောင်သုံးပစ္စည်း တစ်စုံ ရှိတယ်... အဲဒါကို ခဏ ငှားမယ်..."
ကျုံးရှန်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် ရှေးဟောင်းပုံစံရှိသောမီးဖိုချောင်သုံး ပစ္စည်း ခြောက်မျိုး ပေါ်ထွက်လာသည်။ ထိုပစ္စည်းများပေါ်တွင် ရတနာအလင်းရောင်များ တောက်ပနေခြင်း မရှိသလို မည်သည့် အငွေ့အသက်မျှလည်း ထွက်ပေါ်နေခြင်း မရှိဘဲ ဖုန်များပင် တက်နေသေး၏။ ပုံစံမှာလည်း အလွန် ရှေးကျပြီး လူသားမျိုးနွယ်၏ကမ္ဘာဦးခေတ်က ပုံစံများ ဖြစ်နေသည်။
ထိုပုံစံမျိုးသည် စားဖိုမှူးသူတော်စင် နာမည်မကြီးခင် ခေတ်ကတည်းက ရှိခဲ့သော ပုံစံများ ဖြစ်ကာ ရှေးဟောင်း ရွာပျက်ကြီးတစ်ခုမှ တူးဖော်ရရှိလာသော ပစ္စည်းများနှင့်တူနေလေသည်။ ထိုပစ္စည်းများသည်ရှေးဟောင်းပစ္စည်းအစစ်အမှန်များပင်ဖြစ်သည်။
''ကျွန်တော်ရဲ့အားနည်းတဲ့အမြင်ကိုခွင့်လွှတ်ပါ... ဒီ မီးဖိုချောင်သုံး ပစ္စည်းတွေက ဘယ်လိုအချက်အပြုတ်ရတနာတွေများလဲ''
ဂျင်ချူရှောင်သည် ထိုပစ္စည်းများကို သူ၏ ဝိညာဉ်အာရုံဖြင့် အခါခါ စစ်ဆေးကြည့်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့ပေ။ ကျုံးရှန်သည် ချက်ချင်း ပြန်မဖြေဘဲ ထိုပစ္စည်းများပေါ်သို့ လေတစ်ချက် မှုတ်လိုက်လျှင် ပစ္စည်းများပေါ်တွင် တင်နေသော ဖုန်မှုန့်များ လွင့်စင်သွား၏။ ထို့နောက်မှ ဂျင်ချူရှောင်ဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်သည်။
''အဆင့်မဲ့ မီးဖိုချောင်သုံး ပစ္စည်း... ယီယာ မီးဖိုချောင်သုံး ရတနာတွေပဲ''
ဂျင်ချူရှောင် ကြောင်အသွားသည်။ အချက်အပြုတ် တာအိုလမ်းစဉ်သည် လူနည်းစုသာ လျှောက်လှမ်းကြသော်လည်း တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်သော လမ်းစဉ် မဟုတ်ခဲ့ပေ။ စားဖိုမှူးကမ္ဘာငယ်သည် စားဖိုမှူးသူတော်စင်၏ ခန္ဓာကိုယ်အတွင်းမှ မွေးဖွားလာသော သူတော်စင်တိုင်းပြည် တစ်ခု ဖြစ်သော်လည်း အချက်အပြုတ် တာအိုနှင့် ပတ်သက်သော ရှေးဟောင်းဒဏ္ဍာရီများစွာကို မှတ်တမ်းတင်ထားလေသည်။ထိုအထဲတွင် ယီယာ သည် အထင်ရှားဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
စားဖိုမှူးသူတော်စင် နာမည်မကြီးမီ ကမ္ဘာဦးခေတ်၌ လူသားမျိုးနွယ်တွင် အချက်အပြုတ် တာအိုဖြင့် ကျော်ကြားခဲ့သော ဆရာသခင်ကြီးတစ်ပါး ရှိခဲ့ဖူးသည်။ ထိုအချိန်က လောကနိယာမများ မပြည့်စုံသေးပေ။ အချက်အပြုတ် တာအိုသည် လူနည်းစုသာ စိတ်ဝင်စားသော ဘာသာရပ် ဖြစ်သဖြင့် ခေတ်နောက်ကျ ကျန်ရစ်ခဲ့သည်။ ယီယာသည် ထိုခေတ်အခါက အချက်အပြုတ် တာအိုတွင် ထိပ်တန်း အဆင့်ရှိသူ တစ်ဦး ဖြစ်ကာ အချက်အပြုတ်ဖြင့် သူတော်စင် ဖြစ်ရန် ကြိုးပမ်းခဲ့သော ရှေ့ဆောင်လမ်းပြ တစ်ဦးလည်း ဖြစ်သည်။ နောက်ပိုင်းတွင် စားဖိုမှူးသူတော်စင်သည် ယီယာ၏ နေရာကို အစားထိုး ဝင်ရောက်လာခဲ့သော်လည်း ယီယာ လျှောက်လှမ်းခဲ့သော လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ယီယာကို ဒီယာ ဟုလည်း ခေါ်ဆိုကြပြီး ကမ္ဘာဦးခေတ်၏ နာမည်ကျော် နတ်ဆရာတစ်ပါး ဖြစ်ကာ ကြော်ခြင်း၊ ပြုတ်ခြင်း၊ ကင်ခြင်း၊ ဖုတ်ခြင်းတို့တွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ ယခု စားပွဲပေါ်ရှိ မီးဖိုချောင်သုံး ပစ္စည်းများသည် သူ ချန်ထားခဲ့သော ပစ္စည်းများ ဖြစ်၏။ အဆင့်သတ်မှတ်ချက် မရှိသော်လည်း ကိုယ်ပိုင် ထူးခြားဆန်းကြယ်မှုများ ရှိလေသည်။
ထိုပစ္စည်းများကို အသုံးပြု၍ အသေအချာချက်ပြုတ်ပါက မိမိ၏ အချက်အပြုတ် စွမ်းရည်နှင့် လိုက်ဖက်သော အကောင်းဆုံးရလာဒ်ကို ဖော်ဆောင်ပေးနိုင်သည်။ ပါဝင်ပစ္စည်းများ၏ မူလအရသာကို နိုးထစေပြီး အကန့်အသတ်မရှိသော အရသာများကို ဖန်တီးပေးနိုင်သည်။ အဆင့်မဲ့ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အကန့်အသတ်မဲ့သော စွမ်းရည်ကိုဆိုလိုခြင်းဖြစ်ကာ ကြီးမားသော ကံတရားနှင့် အခွင့်အလမ်းများ ကိန်းအောင်းနေ၏။ ဤပစ္စည်းများသည် အချက်အပြုတ် တာအို ကျင့်ကြံသူများအတွက် အဆင့်အတန်းနှင့် ကျင့်ကြံခြင်း ကွာဟချက်များကို ကျော်လွှားစေပြီး အချက်အပြုတ် သက်သက်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်နိုင်စေသည်။
ဂျင်ချူရှောင်သည် တံတွေးတစ်ချက် မျိုချလိုက်မိသည်။
"တကယ်သာ ယီယာရဲ့ ရတနာတွေဆိုရင်... ကျွန်တော်မျိုး ရှီဝေထျန်းကို အချက်အပြုတ် ပညာနဲ့ အပြတ်အသတ် အနိုင်ယူနိုင်ဖို့ ယုံကြည်ချက် ရှိပါတယ်..."
ကျုံးရှန်က ခေါင်းညိတ်လိုက်သည်။
"မင်း ဘာဟင်းချက်မလဲ... ဘာပစ္စည်းတွေ လိုမလဲ စဉ်းစားထား..."
"ငါ ရှာပေးမယ်..."
ဂျင်ချူရှောင်က ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
"ပထမ ဟင်းပွဲအတွက် ငါးဟင်းတစ်ပွဲ ချက်ပါမယ်..ပါဝင်ပစ္စည်းကိုတော့.. စီနီယာ အဆင်ပြေမယ်ထင်တဲ့ဟာပေးပါ"
''ဒုတိယ ဟင်းပွဲကတော့...ယီယာက အကင် ကျွမ်းကျင်သူမို့... အသားကင် တစ်ပွဲ လုပ်ပါမယ်..."
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂျင်ချူရှောင်က ဆုံးဖြတ်ချက်ချပြီး ကျုံးရှန်ကို တလေးတစား တင်ပြလိုက်သည်။ ကျုံးရှန် ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်အာရုံတစ်ခုကို ခွဲထုတ်ကာ ခန္ဓာကိုယ်တွင်းရှိ ဟင်းလင်းပြင်ထဲသို့ ပို့ဆောင်လိုက်ပြီး သင့်လျော်သော ပါဝင်ပစ္စည်းများကို ရှာဖွေလေတော့သည်။