အခန်း (၁၄၃)
Vol. 15 Ch. 143
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်အတွင်း၌ စုဆောင်းထားသော ရတနာများမှာ များပြားလှပေသည်။ ထိုအထဲတွင် ထိပ်တန်း မှော်ရတနာများနှင့် ဟင်းချက်ပစ္စည်းများ၊ ပျောက်ဆုံးနေသော ကျင့်စဉ်များနှင့် အထွတ်အထိပ် နတ်ဘုရားကျင့်စဥ်ကျမ်းများ၊ ရေတွက်၍မရနိုင်သော ဝိညာဉ်ဆေးလုံးများနှင့် နတ်ဆေးပင်များစွာလည်း ရှိနေ၏။ ထို့အပြင် နတ်ဘုရားတစ်သောင်း ကုန်းမြေတိုက်ကြီးမှ မဟုတ်သော ထူးဆန်းသည့် ပစ္စည်းများလည်း ပါဝင်နေသေးသည်။ ထိုအထဲမှ ကျပန်းရွေးထုတ်လိုက်သည့် တစ်ခုခုသည်ပင် ပြင်ပလောကရှိ လူအများကို ရူးသွပ်သွားစေနိုင်လေသည်။ ထိုအရာများမှာ နှစ်ပေါင်းများစွာကြာအောင် စနစ်မှ လက်ဆောင်ရရှိခဲ့ခြင်း၊ ကံကောင်းခြင်းများနှင့် တိုက်ဆိုင်မှုများကြောင့် စုဆောင်းမိခဲ့သော အရင်းအမြစ်များပင် ဖြစ်တော့သည်။
"အင်း... ငါးပေါ့"
"ဒီ နှစ်သန်းချီ သက်တမ်းရှိတဲ့ သူတော်စင်အဆင့်ရွှယ်လုံငါးက အတော်ပဲ"
ကျူံးရှန်သည် ရေခဲရုပ်တုအဖြစ် အေးခဲနေသော ကြီးမားလွန်းလှသည့် ရွှယ်လုံငါးကြီးတစ်ကောင်ကို ရှာတွေ့သွားသည်။ ကိုယ်ထည်တစ်ခုတည်းပင် မိုင်ပေါင်းသန်းချီ၍ ကြီးမားလှပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ ဟင်းလင်းပြင်မှာ ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဆံ့နိုင်လောက်အောင် ဆန်းကြယ်လွန်းနေ၍သာမဟုတ်လျှင် သိမ်းယူရန်ခက်ခဲမည် ဖြစ်၏။ သာမန် ဝိညာဉ်အိတ် သို့မဟုတ် သိုလှောင်အိတ်များဖြင့် ဤကဲ့သို့သော အရာမျိုးကို လုံးဝ ထည့်သွင်းထားနိုင်မည် မဟုတ်ပေ။
ဤရွှယ်လုံငါးသည် တန်ခိုးကျင့်စဉ် အောင်မြင်ပြီး သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ကာ နှစ်ပေါင်း သန်းချီ သက်ရှင်ခဲ့သော မိစ္ဆာသူတော်စင် တစ်ဦး၏ ခန္ဓာကိုယ် ဖြစ်ပြီးသူ၏မူလခန္ဓာကိုယ်မှာ တာအိုတရား ရရှိထားသော ရွှယ်လုံငါး (နှင်းနဂါးငါး) ပင် ဖြစ်၏။ ကျုံးရှန်သည် သူ့ကို အနှိုင်းမဲ့ သိုင်းကွက်ဖြင့် သတ်ဖြတ်ကာ ခန္ဓာကိုယ်ကို အေးခဲပြီး သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ငါးဟင်းချက်ရန်ပါဝင်ပစ္စည်းအဖြစ် အလွန် သင့်လျော်သွားလေသည်။ သို့သော်လည်း ရွှယ်လုံငါး၏ အရွယ်အစားမှာ ကြီးမားလွန်းရာ ကျုံးရှန်သည် ခန္ဓာကိုယ်တွင်းရှိ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်အတွင်းရှိ ရွှေရောင်လူသားလေးနှင့် ဆက်သွယ်လိုက်သည်။
ထို့နောက် သူသည် ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ထိုသူတော်စင် ခန္ဓာကိုယ်ကြီးကို အဆက်မပြတ် ဖိသိပ်လိုက်ရာ နောက်ဆုံးတွင် မိုင်ပေါင်းသန်းချီရှိသော ငါးကြီးသည် တစ်မီတာခန့်သာ ရှိသော အရွယ်အစားသို့ သေးငယ်သွားပြီး ချက်ပြုတ်ရန်အတွက်သင့်လျော်သော အရွယ်အစားဖြစ်သွားသည်။
ကျုံးရှန်လက်ကို ဝှေ့ယမ်းလိုက်လျှင် ရွှယ်လုံငါးသည် စားပွဲခုံပေါ်တွင်ပေါ်လာခဲ့ပြီးသူတော်စင်အဆင့် စွမ်းအားအငွေ့အသက်များ လွင့်ပျံ့လာ၏။ ရှီဝေထျန်းနှင့် သူ၏ဘေးတွင် ရပ်နေသော ထျန်းချူပေါင်ကျွင်းတို့မှာ ထိုအငွေ့အသက်ကို ခံစားမိသည်နှင့် မျက်နှာပျက်သွားကြတော့သည်။
'ဒါ... ဒီလောက်တောင် ပြင်းထန်တဲ့ မိစ္ဆာစွမ်းအားနဲ့ သူတော်စင် စွမ်းအားတွေ...'
'ဒီအရှိန်အဝါအရ ဆိုရင်... ဒါဟာ ကျင့်ကြံခြင်း အဆင့် ၆ ထက်မနိမ့်တဲ့ မိစ္ဆာသူတော်စင်တစ်ကောင်ပဲ ဖြစ်ရမယ်'
'ဒါပေမဲ့ အခုတော့... ချက်ပြုတ်မယ့် ပါဝင်ပစ္စည်း ဖြစ်နေပါ့လား'
ထျန်းချူပေါင်ကျွင်း အလွန်အမင်း ထိတ်လန့်သွားရ၏။
ယနေ့ ကြုံတွေ့ရသော အံ့အားသင့်စရာများမှာ များပြားလွန်းလှပေသည်။ မိစ္ဆာသူတော်စင် တစ်ဦး၏ ခန္ဓာကိုယ်ကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခြင်းမှာ ရှေးယခင်ကတည်းက တစ်ခါမျှ မကြားဖူးခဲ့သော ကိစ္စဖြစ်ပြီး စားဖိုမှူးသူတော်စင် ကိုယ်တိုင်ပင်လျှင် ဤမျှအထိ ရက်ရက်ရောရောနှင့် မောက်မာစွာ မပြုလုပ်ခဲ့ဖူးချေ။ ဤကဲ့သို့သော ပါဝင်ပစ္စည်းဖြင့် နောက်ဆုံးတွင် မည်သို့သော ဟင်းလျာမျိုး ထွက်ပေါ်လာမည်နည်းဟု တွေးတောရန်ပင် ခက်ခဲလှသည်။
ရှီဝေထျန်း၏ မျက်နှာထားသည်လည်း မကောင်းလှ။ သူ ယခင်က ထုတ်ပြခဲ့သော ပါဝင်ပစ္စည်းများမှာ နှစ်ပေါင်း သောင်းချီ သက်တမ်းရှိသည့် အကောင်းဆုံး ပစ္စည်းများ ဖြစ်ကြသော်လည်း ကျုံးရှန် ထုတ်လိုက်သော မိစ္ဆာသူတော်စင် ခန္ဓာကိုယ်နှင့် ယှဉ်လျှင်မူ အမှိုက်သဖွယ် ဖြစ်သွားရတော့သည်။
သို့သော် ဤမျှနှင့် မပြီးသေးဘဲ ကျုံးရှန်သည် တီးတိုးရေရွတ်လိုက်ပြီးတစ်ခုပြီးတစ်ခုထုတ်ယူလိုက်သည်။
"ဟင်းချက်မယ်ဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေ မပါလို့ မဖြစ်ဘူးလေ..."
"ကြက်သွန်မြိတ် အကြီးစားဆိုရင် အဆင်ပြေလောက်တယ်..."
စိမ်းလန်းစိုပြည်နေသော ကြက်သွန်မြိတ်ကြီး တစ်ပင် ပေါ်လာပြန်သည်။ ထိုကြက်သွန်မြိတ်ပေါ်တွင် တောက်ပနေသော နှင်းစက်လေးများပင် ရှိနေသေးပြီး နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည် မထွက်ပေါ်မီ မြေကြီးထဲမှ လတ်လတ်ဆတ်ဆတ် နုတ်ယူလာသကဲ့သို့ဖြစ်သည်။
သူတော်စင် နိယာမ အငွေ့အသက်များမှာ ထိုကြက်သွန်မြိတ်ပေါ်မှ ဝေဝေဝါးဝါး ထွက်ပေါ်နေရာ ကြည့်မိလိုက်သည့်သူတိုင်းကိုသူတော်စင်တစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေ၏။ အချိန်အနည်းငယ် ကြာအောင် စိုက်ကြည့်နေမိပါလျှင် ဉာဏ်အလင်းပွင့်ခြင်း အဆင့်သို့ပင် ရောက်ရှိသွားနိုင်လောက်သည်။
"သူတော်စင် ကြက်သွန်မြိတ်"
"ဒါ ဒဏ္ဍာရီထဲက သူတော်စင်အဆင့် ကြက်သွန်မြိတ်ပဲ"
ဤတစ်ကြိမ်တွင်မူ ပြိုင်ပွဲကွင်းပြင်အတွင်းရှိ ထိုကြက်သွန်မြိတ်ကို သိသော ကျင့်ကြံသူတစ်ဦးက မအောင့်နိုင်ဘဲ အော်ဟစ်လိုက်တော့သည်။
သူတော်စင် ကြက်သွန်မြိတ် ဆိုသည်မှာ လောကတွင် တွေ့ရခဲလှသော ရတနာတစ်မျိုး ဖြစ်သည်။ ရှေးဟောင်း သူတော်စင်များ တရားကျင့်ကြံသောနေရာအနီးရှိ မြေဆီလွှာတွင်သာ တွေ့ရတတ်ပြီး ပေါက်ရောက်လာပြီးသည်နှင့် ပတ်ဝန်းကျင်ရှိ သူတော်စင် နိယာမများကို အလိုအလျောက် စုပ်ယူလေ့ရှိသည်။ ထို့နောက် ဝိညာဉ်စွမ်းအား ပြည့်ဝသော မြေတွင် နှစ်ပေါင်း သန်းချီကြာအောင် ပြုစုပျိုးထောင်မှသာ ရင့်မှည့်လာနိုင်၏။ ထိုကာလအတွင်း နှစ်ပေါင်း တစ်သိန်းပြည့်တိုင်း ထူးဆန်းသော အငွေ့အသက်များကို ထုတ်လွှတ်တတ်ရာ မိုင်ပေါင်းသန်းချီအတွင်းရှိ မိစ္ဆာသားရဲ အားလုံးကို လုယူစားသောက်ရန် ဆွဲဆောင်တတ်လေသည်။ ထိုသို့သော သားရဲများ၏ ရန်ကို ဆယ်ကြိမ်ထက်မနည်း ကျော်ဖြတ်နိုင်မှသာ နောက်ဆုံးတွင် ရင့်မှည့်ကြီးထွားလာနိုင်ခြင်း ဖြစ်သဖြင့် အလွန်ပင် ရရှိရန် ခဲယဉ်းလှပေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတွင်ပင် ဤကဲ့သို့အရာမျိုး မပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်း သန်းချီ ကြာမြင့်နေပြီ ဖြစ်၏။ သူတော်စင်ကြက်သွန်မြိတ်သည် ရှေးဟောင်း ကျမ်းစာများထဲ၌သာ မှတ်တမ်းတင်ထားသော ဆန်းကြယ်သည့် ပါဝင်ပစ္စည်းတစ်ခု ဖြစ်နေလေသည်။
"ကဲ... နောက်ထပ် အသားကင်အတွက် ပစ္စည်း ပြင်ဆင်ရမယ်..."
"အသားကတော့ အများကြီး ရှိတယ်..."
"အမဲသားမစားရတာ တော်တော်ကြာပြီပဲ"
"အဲ့ဒါကိုပဲ သုံးလိုက်တော့မယ်"
ကျုံးရှန်သည် ဘေးပတ်ဝန်းကျင်မှ ထိတ်လန့်နေသော အကြည့်များကို လုံးဝ ဂရုမစိုက်ပေ။ သူသည် စားသောက်ဆိုင်တွင် ဘာစားရမလဲဟု တွေးတောနေသော ဧည့်သည်တစ်ဦးကဲ့သို့ပင် အေးအေးလူလူ ရှိလှ၏။
လက်ဖဝါးကိုဖြန့်လိုက်လျှင် လက်ဝါးခန့် အရွယ်အစားရှိသော အစိမ်းရောင်အမွေးအမှင်များကပ်နေသေးသည့် လတ်လတ်ဆတ်ဆတ် အသားတုံးတစ်တုံး သူ၏ လက်ထဲ၌ ပေါ်လာ၏။ ထိုအသားတုံးမှာ အလွန် ဆန်းကြယ်လှပြီး မကုန်ခန်းနိုင်သော သက်စောင့်အားအင်များ ထွက်ပေါ်နေပြီး သေခြင်းတရား ကင်းမဲ့သော ထာဝရအသက်ရှင်ခြင်းမျိုးကို ခံစားရစေသည်။ကြောက်စရာ အကောင်းဆုံးမှာ ထိုအသားတုံးမှ ထွက်ပေါ်နေသော အရှိန်အဝါသည် နတ်ဘုရားအဆင့် ဖြစ်နေခြင်းဖြစ်သည်။
"ဘုရားရေ... စားဖိုမှူးဘိုးဘေး ကယ်တော်မူပါ... စားဖိုမှူးကမ္ဘာငယ်ကို ဘယ်လိုလူတွေ ရောက်လာတာလဲ..."
ထျန်းချူပေါင်ကျွင်းမှာ ဒူးထောက်ကျသွားသည်။ ယနေ့ ဖြစ်ပျက်သမျှ အရာအားလုံးသည် သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
မလှမ်းမကမ်းရှိ ကောင်းကင်ယံတွင် ဧရာမ နွားစိမ်းကြီးတစ်ကောင်၏ ပုံရိပ်ယောင်မှာ ရုတ်တရက် ပေါ်ထွက်လာပြီး စားဖိုမှူးကမ္ဘာငယ်၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားလေသည်။ နွားစိမ်းကြီး၏ ပုံရိပ်ယောင်မှာ ပြင်းထန်စွာ အသက်ရှူနေပြီး ရှေ့ခြေကို မြှောက်လိုက်ပြီး စကြဝဠာတစ်ခုလုံးကို နင်းချေပစ်တော့မည့်ဟန် ရှိနေ၏။
"ဒီ အသားကို အသားကင်အတွက် သုံးလိုက်... မဖြုန်းတီးစေနဲ့ဦး... ဒီနွားက တော်တော်လေး ကြမ်းတာ"
"အဲ့ဒီတုန်းက သူ့ရဲ့ ရင်ဘတ်က အသည်းနှလုံးကို ကာကွယ်ထားတဲ့ အသားတစ်တုံးကို ရဖို့ ငါ တော်တော်လေး အားထုတ်လိုက်ရသေးတယ်"
ကျုံးရှန်သည် ခေါင်းလှည့်ကာ အစိမ်းရောင်အမွှေးများကပ်နေသည့် အမဲသားကို ညွှန်ပြလျက် ဂျင်ချူရှောင်ကို လေးနက်စွာ မှာကြားလိုက်သည်။
"နွားစိမ်း"
ဂျင်ချူရှောင်သည် ကျုံးရှန်၏ စကားကို ကြားပြီးနောက် မအောင့်နိုင်ဘဲ အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။ နွားစိမ်း ဆိုသည်မှာ ရှေးဟောင်း နတ်ဘုရား သားရဲ ဖြစ်သလို ဒဏ္ဍာရီ ပုံပြင်များထဲရှိ လောင်ကျွင်း နတ်မင်းကြီး၏ စီးတော်ယာဉ်လည်း ဖြစ်ပြီး အလွန်အစွမ်းထက်လှသော မိစ္ဆာနတ်ဘုရား တစ်ပါး ဖြစ်သည်။ ဤကဲ့သို့သော ဖြစ်တည်မှုများကို သူတို့က ပုံပြင်များအဖြစ်သာ ကြားဖူးခဲ့ကြခြင်း ဖြစ်သည်။ ယခုမူ ကိုယ်တိုင် မျက်မြင်တွေ့ခွင့်ရနေပြီး မိမိကိုယ်တိုင် ချက်ပြုတ်ခွင့် ရတော့မည်ဖြစ်ရာ ဂျင်ချူရှောင်မှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေတော့၏။ ကျုံးရှန်၏ နောက်ခံမှာ ဂျင်ချူရှောင် ထင်ထားသည်ထက် ပို၍ ကြီးမားနေပုံ ရသည်။
ရှီဝေထျန်းနှင့် ထျန်းချူပေါင်ကျွင်းတို့လည်း အလွန်အမင်း တုန်လှုပ်နေကြ၏။
"သူတော်စင်ကို ချက်ပြီး နတ်ဘုရားကို ကင်မယ်တဲ့လား..."
"ဒီလူက ဘယ်က ရောက်လာတာလဲ..."
"စားဖိုမှူးဘိုးဘေးတုန်းက ဝက်ဘိုးဘေး ထျန်းဖုန်းရဲ့ နားရွက်တစ်ဖက်ကို ဟင်းလင်းပြင်ထဲမှာ ဖြတ်ယူခဲ့တာကို ဒဏ္ဍာရီလို့ သတ်မှတ်ခဲ့ကြတာ... ဒီလူရဲ့ လုပ်ရပ်က ပိုတောင် ကြမ်းနေပါလား..."
ထျန်းချူပေါင်ကျွင်းသည် ကြောင်အမ်းအမ်းဖြင့် ရေရွတ်နေမိသည်။ မသိစိတ်အတွင်း၌ ကျုံးရှန်ကို စားဖိုမှူးသူတော်စင်နှင့် နှိုင်းယှဉ်နေမိခြင်း ဖြစ်၏။ အကြောင်းမှာ စားဖိုမှူးသူတော်စင်မှလွဲ၍ ကျုံးရှန်နှင့် နှိုင်းယှဉ်နိုင်သော သူကို ရှာမတွေ့တော့သောကြောင့် ဖြစ်သည်။
ရှီဝေထျန်း၏ မျက်နှာမှာမူ အိုးဖင်ကဲ့သို့ မည်းမှောင်နေ၏။ မူလက ရှိခဲ့သော ယုံကြည်မှုများမှာ ပျောက်ကွယ်သွားပြီး လေးနက်မှုများက အစားထိုးဝင်ရောက်လာသည်။ အကယ်၍ တစ်ဖက်လူ၏ စွမ်းဆောင်ရည်မှာ နတ်ဘုရားများနှင့် တန်းတူနေပါက ကိစ္စမှာ အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။
ဤတစ်ကြိမ် စားဖိုမှူးကမ္ဘာငယ်၏ အမွေအနှစ် ဆက်ခံခြင်းတွင် ကိန်းရှင်များစွာ တိုးလာပြီ ဖြစ်သည်။ ကံမကောင်းလျှင် ဒီနေရာမှာပင် သေဆုံးပြီး သူများအတွက် လမ်းခင်းပေးသလို ဖြစ်သွားနိုင်သည်။ ထိုသို့ တွေးတောမိသည်နှင့် ရှီဝေထျန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲရှိ အမွေအနှစ် မူလရင်းမြစ်ကို တိတ်တဆိတ် ဆက်သွယ်လိုက်လေသည်။