← Chapters

အခန်း (၁၄၄)

Vol. 15 Ch. 144

အခန်း (၁၄၄)

Vol. 15 Ch. 144

ကျုံးရှန်၏ တစ်ခုပြီးတစ်ခုထုတ်ဖော်လာသော အထွတ်အထိပ်ဟင်းချက်ပါဝင်ပစ္စည်းများကြောင့် တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ အားလုံး၏ အကြည့်များသည် ကျုံးရှန်တို့၏စင်မြင့်ဆီသို့ ရောက်ရှိလာ၏။

"ဒီပုဂ္ဂိုလ်က... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ ဘယ်အစွမ်းထက် ပုဂ္ဂိုလ်ကြီးလဲ...'

"ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ"

"သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဝါက သူတော်စင်လောင်းအဆင့်ပဲ ရှိတာလား"

ဝမ်ရှန့်နတ်ဘုရားကုန်းမြေနှင့် အခြားသော ကမ္ဘာငယ်လေးများမှ ထွက်ပေါ်လာကြသော ကျင့်ကြံသူ အချို့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးရေရွတ်နေကြလေသည်။

ယခုတစ်ကြိမ် စားဖိုမှူးကမ္ဘာငယ်သို့ ဝင်ရောက်ရာတွင် လူတိုင်းက ပြင်ဆင်မှု အများအပြား ပြုလုပ်ခဲ့ကြသည်။ သို့သော် ကျုံးရှန်ကို သိသူ မည်သူမျှ မရှိကြပေ။ ကျုံးရှန်၏ ပြင်ပကျင့်ကြံခြင်းမှာ နိယာမနယ်ပယ် အဆင့်၂၈သာ ရှိပြီး နှစ်ပေါင်း တစ်သိန်းကျော် လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ နေထိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်၏။

ယခုအချိန်တွင်မူ ဤနေရာရှိ လူများမှာ ကျုံးရှန်ထုတ်ပြလာသော ဟင်းချက်ပါဝင်ပစ္စည်းများကြောင့် အံ့အားသင့်နေကြရပြီ ဖြစ်သည်။ သူထုတ်ပြလိုက်သော အရာတိုင်းမှာ သူတော်စင်အဆင့်နှင့် အထက် ပါဝင်ပစ္စည်းများသာ ဖြစ်ကြရာ သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို စုပေါင်းလိုက်လျှင်ပင် တစ်ဖက်လူ၏ ကြက်သွန်မြိတ် တစ်ပင်ကိုပင် မှီနိုင်မည် မဟုတ်ချေ။ ဤမျှအထိ ကြွယ်ဝသော ပိုင်ဆိုင်မှုများ ရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် မည်သို့လျှင် အမည်မသိ ထင်ရှားခြင်း မရှိဘဲ နေနိုင်မည်နည်း။

ကွင်းအတွင်း ဆူညံနေမှုများနှင့် နှိုင်းယှဉ်လျှင် ကျုံးရှန်ကိုယ်တိုင်မှာမူ အလွန်ပင် တည်ငြိမ်အေးဆေးနေသည်။ သူသည် ထိုလူများ၏ ပြောဆိုငြင်းခုံမှုများကို လုံးဝ ဂရုမစိုက်ချေ။ သူ့အတွက်မူ ဤသည်မှာ ခက်ခဲမှုမရှိသော ဂိမ်းအဆင့်တစ်ခုကို ကစားနေရသကဲ့သို့ပင် ဖြစ်ပြီး စိတ်လှုပ်ရှားရန်ပင် မထိုက်တန်လှပေ။

"အဓိက ဟင်းချက်ပစ္စည်းတွေ ပြင်ဆင်ပေးပြီးပြီ... ကျန်တာကတော့....မင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တယ်"

"နောက်ဆုံး ဟင်းလျာကိုတော့... ငါကိုယ်တိုင်လုပ်မယ်"

ကျုံးရှန်က နောက်ဆုံးအနေဖြင့် မှာကြားလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းခုကာ အေးအေးလူလူပင် မျက်စိမှိတ်၍ အနားယူလိုက်သည်။ ဤကဲ့သို့သော အမူအရာနှင့် တည်ငြိမ်လှသော စိတ်နေစိတ်ထားမှာ လူတိုင်းကို အံ့အားသင့်သွားစေသည်။ ဂျင်ချူရှောင်သည် လေးနက်စွာ ခေါင်းညိတ်လိုက်၏။ သူ့အတွက် ကောင်းကင်ဘုံကပေးသော ကြီးမားသည့်ကံကောင်းခြင်းရောက်လာပြီဖြစ်သည်။

အခြားသော ပြိုင်ပွဲဝင်များမှာ ဤပြိုင်ပွဲအပေါ် ယုံကြည်မှုများ လုံးဝပျောက်ဆုံးသွားပြီဖြစ်၏။ ဂျင်ချူရှောင်သည် မူလကပင် စားဖိုမှူးကမ္ဘာငယ်၌ အကျော်ကြားဆုံးပါရမီရှင်စားဖိုမှူး ဖြစ်ပြီး ယခုကဲ့သို့အထွတ်အထိပ် ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်မည်ဆိုပါက အခြားသူများထက် အဆင့်များစွာ သာလွန်သွားပေလိမ့်မည်။ အနည်းငယ်မျှ ချက်ပြုတ်လိုက်ရုံနှင့်ပင် ယခင် စားဖိုမှူးသူတော်စင် ချက်ပြုတ်ခဲ့သော ရတနာဟင်းလျာများနှင့် တန်းတူယှဥ်နိုင်သော အဆင့်သို့ ရောက်ရှိသွားနိုင်လေသည်။

လူတိုင်း အံ့အားသင့်နေကြစဉ်မှာပင် ပြိုင်ပွဲစတင်ကြောင်း ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ပြိုင်ပွဲဝင် တစ်ဦးစီ၏ ရှေ့တွင် မီးမထွန်းရသေးသော မီးအိမ် သုံးလုံးစီ ပေါ်လာ၏။ ဟင်းလျာတစ်ခု ချက်ပြုတ်ပြီးသွားတိုင်း စားဖိုမှူးသူတော်စင်၏ အသိအမှတ်ပြုမှုကို ရရှိပါက မီးအိမ်တစ်လုံးစီ လင်းထိန်လာမည် ဖြစ်သည်။ လင်းထိန်လာသော မီးအိမ်အရေအတွက်ပေါ် မူတည်၍ အနိုင်အရှုံးကို ဆုံးဖြတ်မည် ဖြစ်ကာ နောက်ဆုံးတွင် အောင်နိုင်သူ၏ ရှေ့မှောက်၌ စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒ ပေါ်ထွက်လာပြီး ရတနာဟင်းလျာ တစ်ပွဲနှင့် စားဖိုမှူးဘုရင် ဟူသော ဘွဲ့ထူးကို ကိုယ်တိုင် အပ်နှင်းမည် ဖြစ်သည်။

ပြိုင်ပွဲ စတင်သည်နှင့် ဂျင်ချူရှောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းပင် ချက်ပြုတ်ခြင်းအပေါ် အာရုံစိုက်လိုက်သည်။ သူသည် ယီယာစားဖိုမှူး၏မီးဖို ချောင်သုံးရတနာများထဲမှ ဓားငယ်ကို ထုတ်ယူကာ သူတော်စင်အဆင့် ရွှယ်လုံငါးကို စတင် လှီးဖြတ်လိုက်သည်။ နှစ်ပေါင်း သန်းချီ သက်တမ်းရှိသော မိစ္ဆာသူတော်စင် တစ်ဦး၏ ခန္ဓာကိုယ်သည် အလွန်ပင် မာကျောလှ၏။ ထို့ပြင် ကျုံးရှန်၏ အစွမ်းဖြင့် တစ်မီတာခန့်အထိ ဖိသိပ်ထားခြင်း ဖြစ်ရာ ယခုအခါ၌ ဖန်ဆင်းခြင်းဆိုင်ရာ နတ်ဘုရားလက်နက်တစ်ခုပင်လျှင် ဤငါး၏ ခန္ဓာကိုယ်ပေါ်တွင် အစွန်းအထင်း ထင်ကျန်အောင် ပြုလုပ်ရန် ခဲယဉ်းလွန်းလှသည်။

ကံကောင်းစွာပင် ယီယာ၏ ရတနာများသည် အလွန် ဆန်းကြယ်လှသည်။အဆင့်သတ်မှတ်ချက် မရှိသော်လည်း ဂျင်ချူရှောင်၏ အချက်အပြုတ် စွမ်းရည်အပေါ် မူတည်ပြီး စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သောကြောင့်ဖြစ်သည်။ ဂျင်ချူရှောင်မှာ စားဖိုမှူးကမ္ဘာငယ်မှ မွေးဖွားလာသော အမွေအနှစ်ဆက်ခံသူ ဖြစ်သည့်အတွက် သူ၏ ပါရမီမှာ ယခင် စားဖိုမှူးသူတော်စင်ထက် မနိမ့်ကျချေ။ ယခုအချိန်တွင် ယီယာ၏ ရတနာများသည် သူ၏ လက်ထဲ၌ မဟာတာအိုအဆင့် တစ်ပိုင်းအထိ စွမ်းအား ထွက်ပေါ်လာတော့သည်။

ဂျင်ချူရှောင်သည် သူတော်စင်အဆင့် ရွှယ်လုံငါးကို လွယ်ကူစွာလှီးဖြတ်လိုက်၏။ ငါးပေါ်မှ မာကျောသော ငါးကြေးခွံများကို ကျွမ်းကျင်စွာပင် ခွာထုတ်လိုက်သည်။ ဤငါးကြေးခွံများသည် စားသုံး၍ မရသော်လည်း အကောင်းဆုံးသော ချပ်ဝတ်တန်ဆာများ ပြုလုပ်ရန်အတွက် တန်ဖိုးရှိလှသည်။ ထို့နောက် ငါး၏ ဝမ်းဗိုက်ကို ခွဲကာ ရွှေရောင်တောက်ပနေသော ကလီစာများကို ထုတ်ယူလိုက်ပြီး ပါးဟက်များကိုလည်း ဖယ်ရှားလိုက်သည်။

သူတော်စင်အဆင့် ရွှယ်လုံငါးကို ပြင်ဆင်ပြီးနောက် ဂျင်ချူရှောင်သည် သူတော်စင် ကြက်သွန်မြိတ်ကို နှစ်ပိုင်း ပိုင်းလိုက်ပြန်သည်။ ကြက်သွန်မြိတ်ပေါ်တွင် ကပ်နေသော နှင်းစက်များကိုလည်း ကျောက်စိမ်းပုလင်းငယ်တစ်ခုဖြင့် ဂရုတစိုက် သိမ်းဆည်းလိုက်၏။ ဤနှင်းစက်များသည်လည်း အလွန်ပင်ရှားပါးသော ရတနာများ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့နောက် ကြက်သွန်မြိတ်တစ်ဝက်ကို ပါးပါးလှီးလိုက်လျှင် သူတော်စင်အလင်းတန်းများဖြာထွက်လာပြီး အလွန်ပင်ဆွဲဆောင်မှုရှိသွားသည်။

ထို့နောက် ဂျင်ချူရှောင်သည် ယီယာစားဖိုမှူး၏ရတနာများထဲမှမြေပန်းကန်ပြားကို ထုတ်ယူလိုက်သည်။ ထိုပန်းကန်ပြားသည်အသက်ဝင်လာပြီး သူတော်စင်အဆင့် ရွှယ်လုံငါး ဆံ့သွားသည်အထိ ကြီးမားသွားသည်။ ထို့နောက်ဂျင်ချူရှောင်သည် နတ်ဘုရားအလင်းများတောက်ပနေသော ပုလင်းငယ်များကို ထုတ်ယူလိုက်သည်။ ထိုပုလင်းများထဲတွင် သူ အထူးစီမံထားသော ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်၏။ပန်းကန်ပြားထဲသို့ ဟင်းခတ်အမွှေးအကြိုင်များကို ဂရုတစိုက် ထည့်လိုက်ပြီးနောက်တွင် ရွှယ်လုံကိုပါ ပန်းကန်ပြားထဲသို့ ညင်သာစွာ ထည့်လိုက်သည်။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်များကို ငါးပေါ်တွင် ဖြန့်ခင်းလိုက်ပြန်၏။

ထို့နောက်မြေအိုးကြီးတစ်လုံးကိုထုတ်လိုက်ပြီး မီးဖိုပေါ် တင်လိုက်ရာ ရွှယ်လုံငါး၏ အရွယ်အစားနှင့် အညီ ပြောင်းလဲသွားသည်။ ရွှယ်လုံငါးထည့်ထားသော မြေပန်းကန်ပြားကို မြေအိုးထဲသို့ ထည့်လိုက်ပြီး ဝိညာဉ်စွမ်းအား ပြည့်ဝနေသော စမ်းရေများထည့်ကာ အဖုံးဖုံးလိုက်သည်။ မီးဖိုမှ မီးတောက်များ ထွက်ပေါ်လာပြီး အိုးအောက်ခြေကို စတင် အပူပေးလိုက်တော့သည်။

သူတော်စင် ကြက်သွန်မြိတ် ရွှယ်လုံငါးပေါင်း။

ပထမ ဟင်းပွဲကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ ထို့နောက် အသက်တစ်ရှိုက်ရှူထုတ်လိုက်ပြီး နွားစိမ်းအမဲသားတုံးကို ယူလိုက်သည်။ ဤအသားတုံးမှာ အလွန်ပင် လတ်ဆတ်လှပြီး နတ်ဘုရား နွားစိမ်း၏ ကိုယ်ပေါ်မှ အခုလေးတင် လှီးဖြတ်ယူလာသည့်အလား ဖြစ်နေပြီး ပြင်းထန်သော သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ဂျင်ချူရှောင်သည် ဤအသားတုံးကို ကိုင်ထားစဉ်မှာပင် ကမ္ဘာငယ်တစ်ခုလုံးကို လက်ဖြင့် ဆုပ်ကိုင်ထားရသကဲ့သို့ ခံစားချက်မျိုးကို ရရှိနေလေသည်။ အကယ်၍

သူသာ သူတော်စင်အဆင့်သို့ မရောက်ရှိခဲ့ပါက ဤအသားတုံးကိုပင် ကိုင်နိုင်မည်မဟုတ်ပေ။

'ဘယ်လောက်တောင် ပြည့်ဝတဲ့ သက်စောင့်စွမ်းအားတွေလဲ'

'ဒီနွားစိမ်းသားက နတ်ဘုရားအဆင့် အသားဖြစ်ထိုက်ပါပေတယ်'

'ဒါကို ကင်လိုက်ရင် ဘယ်လို အရသာမျိုး ထွက်လာမလဲ တွေးတောင် မတွေးရဲဘူး...'

သူသည် တုန်လှုပ်နေသော စိတ်ကို အတင်းအကြပ် ဖိနှိပ်ကာ ချက်ပြုတ်ခြင်းအပေါ်သို့ ပြန်လည် အာရုံစိုက်လိုက်၏။

အသားကင်ခြင်းသည် အသား၏ မူလအရသာကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်သော နည်းလမ်း ဖြစ်သည်။ ကြွပ်ရွသောအပေါ်ယံအသားလွှာ၏ မွှေးပျံ့မှု၊ မီးသွေး၏ရနံ့များနှင့် ပေါင်းစပ်လိုက်လျှင် ရိုးရှင်းသော ဟင်းခတ်အမွှေးအကြိုင်များဖြင့်ပင် အရသာရှိသော ဟင်းပွဲတစ်ပွဲ ဖြစ်လာနိုင်သည်။

ဂျင်ချူရှောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် နွားစိမ်းသားကို မည်သို့ ချက်ပြုတ်ရမည်ကို ဆုံးဖြတ်လိုက်သည်။ သူသည် အမဲသားပေါ်ရှိ နွားသားရေကို ခွာလိုက်ပြီး အသားကို စဉ်းတီတုံးပေါ်တင်ကာ သူတော်စင်အဆင့်စွမ်းအားများဖြင့် ထုရိုက်လိုက်သည်။

ထို့နောက် သူ၏ လှုပ်ရှားမှုများမှာ ပိုမိုမြန်ဆန်လာပြီး အချိန်တိုအတွင်းမှာပင် အကြိမ်ပေါင်း များစွာကို ထုရိုက်နိုင်လိုက်၏။ ထိုသို့ ထုနှက်ခြင်းအားဖြင့် နိယာမများနှင့် ဝိညာဉ်စွမ်းအင်များကို အသားထဲသို့ စိမ့်ဝင်သွားစေကာ အသားထဲရှိ နတ်ဘုရားစွမ်းအား ၊ သက်စောင့်စွမ်းအားများနှင့် ပေါင်းစပ်သွားလေသည်။ ထို့နောက် သူသည်အနီရောင် တောက်ပနေသော ဆီများကို အသားပေါ်သို့ ဂရုတစိုက် သုတ်လိမ်းလိုက်၏။ ဤသည်မှာ မီးလျှံသားရဲ၏အဆီဖြစ်ပြီး အလွန်ရှားပါးကာမီးဓာတ် သဘာဝ ပါဝင်သဖြင့် အသားကင်ရန် အသင့်တော်ဆုံး ဖြစ်သည်။

ဂျင်ချူရှောင်သည် နွားစိမ်းသားကို ယီယာစားဖိုမှူးရတနာထဲမှ ကြေးချိတ်ဖြင့် ထိုးစိုက်လိုက်ပြီး မီးဖိုဘေးရှိမီးရှိန်ဖြင့် စတင် ကင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်စလုံးကို အသုံးပြုနေကာ တစ်ဖက်မှာ ငါးပေါင်းနေသော မြေအိုးဆီသို့ ညွှန်ပြထားပြီး ကျန်လက်တစ်ဖက်မှာ နွားသားကင်ဆီသို့ ဦးတည်ထားလေသည်။ အချက်အပြုတ် တာအို ကျင့်စဉ်ကို လည်ပတ်စေပြီး ဆန်းကြယ်သော စွမ်းအင်များကို ဟင်းပွဲနှစ်ပွဲထဲသို့ ဖြည်းညှင်းစွာ ထည့်သွင်းပေးနေခြင်းဖြစ်၏။

သူ၏ လှုပ်ရှားမှုများသည် တိမ်တိုက်များ၊ ရေစီးကြောင်းများကဲ့သို့ သဘာဝကျပြီး ကြည့်ကောင်းလှကာ ပါရမီရှင်စားဖိုမှူးတစ်‌ ယောက်၏လက်ရာမှ မည်သို့သောဟင်းပွဲမျိုးထွက်ပေါ်လာမည်လည်းဆိုသည်မှာလည်း ရင်ခုန်ဖွယ်ရာပင်ဖြစ်၏။ ချက်ပြုတ်ခြင်းသည် အနုပညာ တစ်ရပ်ပင် ဖြစ်ချေတော့သည်။

All Chapters