← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

ပတ်ဝန်းကျင်ရှိ ပြိုင်ပွဲဝင် အသင်းအဖွဲ့ အများအပြားမှာ ချက်ချင်းပင် လက်လျှော့လိုက်ကြပြီး ဂျင်ချူရှောင်၏ ချက်ပြုတ်ပုံကိုသာ စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။ ရှီဝေထျန်းသည် သွားကို တင်းတင်းကြိတ်ကာ သူ၏ စိတ်အာရုံကို တည်ငြိမ်အောင် အစွမ်းကုန် ထိန်းချုပ်နေရသည်။ သူသည် ဂျင်ချူရှောင်၏ လွှမ်းမိုးမှုကို မခံရစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းပင် ဖြစ်၏။ သူသည်လည်း အချက်အပြုတ် တာအို၏ ပါရမီရှင်တစ်ဦး ဖြစ်ရာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။

'သေစမ်း... ငါ့ကိုသာ အဲဒီလို ဟင်းချက်ပစ္စည်းတွေ ပေးရင် ငါလည်း သူ့ထက်ကောင်းအောင် ချက်ပြနိုင်တယ်...'

'ထားလိုက်တော့... အနိုင်အရှုံးက အရေးမကြီးတော့ဘူး... စားဖိုမှူးသူတော်စင်ရဲ့ စိတ်ဆန္ဒကိုယ်ပွား ပေါ်လာတာနဲ့ ချက်ချင်း ပေါင်းစည်းပစ်မယ်...'

ရှီဝေထျန်း၏ စိတ်အခြေအနေမှာ မသိလိုက်မသိဘာသာဖြင့် ဂနာမငြိမ် ဖြစ်လာပြီ ဖြစ်သည်။ သူသည် ကောင်းကင်၏ မျက်နှာသာပေးမှုကို ခံရသော ပါရမီရှင်တစ်ဦး ဖြစ်သည့်အလျောက် မည်သည့် အခြေအနေမျိုးတွင်မဆို အမြဲတမ်း အောင်နိုင်သူအဖြစ် ရှိနေခဲ့သူ ဖြစ်၏။ မည်သည့် အခြေအနေတွင်မဆို ကံတရားက သူ့ဘက်တွင်သာ ရှိနေတတ်သည်။ သူ့အတွက် အကျိုးရှိမည့် အခြေအနေများသည် အလိုအလို ပေါ်ပေါက်လာစမြဲ ဖြစ်သည်။

သို့သော် ယနေ့တွင်မူ အခြေအနေများ ပြောင်းလဲသွားပုံရသည်။ သူ အပြည့်အဝ ပြင်ဆင်ထားသော်လည်း မမျှော်လင့်ထားသော အပြောင်းအလဲများစွာ ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ သူ၏ ပါရမီရှင် အောင်နိုင်သူ ဆိုသော မိမိကိုယ်ကိုယ် ယုံကြည်မှုအပေါ် ပထမဆုံးအကြိမ် သံသယဝင်လာခြင်းပင် ဖြစ်တော့သည်။

အခြားတစ်ဖက်တွင် ဂျင်ချူရှောင်၏ အချက်အပြုတ်ကျင့်စဉ် လည်ပတ်မှုနှင့်အတူ မြေအိုးအတွင်းမှ သူတော်စင် ကြက်သွန်မြိတ် ရွှယ်လုံငါးပေါင်း နှင့် နတ်ဘုရားအဆင့်အမဲသားကင် တို့ဆီမှ အလွန်မွှေးကြိုင်လှသော ရနံ့များ ထွက်ပေါ်လာလေသည်။ ထိုရနံ့များမှာ လူတိုင်း၏ စိတ်အတွင်းမှ အစားအသောက်အပေါ် မက်မောမှုကို နှိုးဆွပေးနေသကဲ့သို့ ရှိနေသဖြင့် လူတိုင်းမှာ တံတွေးများကို မသိမသာ မျိုချနေကြရ၏။

"ဂလု"

ပြိုင်ပွဲကွင်းအတွင်း၌ တံတွေးမျိုချသံများမှာ တစ်နေရာပြီးတစ်နေရာ ထွက်ပေါ်နေတော့သည်။ လူတိုင်းမှာ ဂျင်ချူရှောင်ရှိရာသို့သာ အာရုံစိုက်ကာ ငြိမ်သက်စွာဖြင့် စိတ်ရှည်လက်ရှည် စောင့်ကြည့်နေကြလေသည်။ မကြာခဏ ထွက်ပေါ်လာသော တံတွေးမျိုချသံများမှလွဲ၍ မီးဖိုပေါ်မှ အသားကင်၏တဖျစ်ဖျစ် မြည်သံများ နှင့် မြေအိုးထဲမှ ရေနွေးငွေ့များ ထွက်ပေါ်လာသော အသံတို့သာ ရှိနေလေသည်။

လူတိုင်းမှာ ကျင့်ကြံခြင်း မပြုလုပ်ရသေးမီ ငယ်ရွယ်စဉ်ကလေးဘဝက မိခင်ဖြစ်သူ ချက်ပြုတ်ပေးသော ဟင်းလျာများကို မျှော်လင့်နေခဲ့ရသည့် အချိန်များသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားနေရ၏။ ကျုံးရှန်သည် ခြေထောက်ချိတ်ကာ လက်နှစ်ဖက်ကို ခေါင်းခုရင်း အေးအေးလူလူ ရှိနေလေသည်။ သူသည် ဟင်းလျာရနံ့ကို ရရှိလိုက်သောအခါ နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်မိပြီး မျက်လုံးကို ဖွင့်ကာ ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မဆိုးဘူး... မင်းရဲ့ စားဖိုမှူးအတတ်ပညာက တကယ်ကို မဆိုးဘူးပဲ"

"သေသေချာချာသာ ဆက်ပြီး လေ့လာမယ်ဆိုရင် အနာဂတ်မှာ မင်းအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိလာလိမ့်မယ်"

သူသည် ဂျင်ချူရှောင်ကို ကြည့်ရင်း မအောင့်နိုင်ဘဲ ချီးကျူးလိုက်မိ၏။

သူ၏ စိတ်ထဲတွင်လည်း ပါရမီရှင်တစ်ယောက်ကို နှစ်သက်သဘောကျသောစိတ် ဖြစ်ပေါ်လာ၏။ ဂျင်ချူရှောင်၏ အချက်အပြုတ် ပါရမီမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်သည်။ အချိန်တစ်ခု ပေးလိုက်လျှင် စားဖိုမှူးသူတော်စင်အဆင့်နှင့်မတိမ်းမယိမ်း ဖြစ်လာနိုင်ပေသည်။ ဘေးနားရှိ ဝမ်ရှောင်အာမှာလည်း အားကျသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး သူ၏ စိတ်ထဲ၌ အချက်အပြုတ်ကျင့်စဉ်ကို လေ့ကျင့်ရန် ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာလာ၏။

သို့သော်လည်း ဂျင်ချူရှောင်မှာမူ ပြင်ပမှ အရာအားလုံးကို လုံးဝ မကြားတော့ချေ။ သူသည် အချက်အပြုတ် တာအို ကမ္ဘာထဲသို့ ဈာန်ဝင်စားနေပြီ ဖြစ်သည်။ အချက်အပြုတ်ကျင့်စဉ် လည်ပတ်မှုနှင့်အတူ သူနှင့် ကျင့်စဉ် ၊ ဟင်းချက်ပါဝင်ပစ္စည်းများအကြား တုံ့ပြန်မှုများ ဖြစ်ပေါ်လာလေသည်။ အချက်အပြုတ်ဆိုင်ရာ ဉာဏ်အလင်းပွင့်ခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာပြီး သူ၏ ဝိညာဉ်ထဲသို့ စီးဝင်လာသည်။

ထိုအခြေအနေသည် အလွန် ဆန်းကြယ်လှပြီး ကျင့်ကြံသူများ တာအိုတရား ဉာဏ်အလင်းပွင့်ခြင်းနှင့် ဆင်တူလှ၏။ ဂျင်ချူရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သူတော်စင်အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်နှင့် မြေပြင်အကြား ထူးဆန်းသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။ အချက်အပြုတ်လမ်းစဉ်နှင့် ပတ်သက်သော နိယာမတရားများစွာမှာ ဆွဲဆောင်ခြင်း ခံလိုက်ရသကဲ့သို့ စုပြုံရောက်ရှိလာကာ ကောင်းကင်နှင့်မြေကြီး ထူးခြားဖြစ်စဉ်များ စတင် ပေါ်ထွက်လာ၏။

သူ၏ ခေါင်းပေါ်တွင်လည်း ရွှေရောင် ဒယ်အိုးကြီးတစ်လုံး ပေါ်ထွက်လာပြီး အဆက်မပြတ် ချက်ပြုတ်နေသည့်ပုံစံ ဖြစ်ပေါ်နေသည်။ကောင်းကင်ကို ဒယ်အိုးအဖြစ်၊ မြေကြီးကို မီးဖိုအဖြစ် အသုံးပြုကာ ဤလောကြီး၌လွတ်လပ်စွာကခုန်ချက်ပြုတ်နေသကဲ့ပင်ဖြစ်‌သည်။ ဂျင်ချူရှောင်သည် စားဖိုမှူးကမ္ဘာငယ်၏ ဆက်ခံခြင်းမူလဇစ်မြစ်နှင့် ချိတ်ဆက်မိသွားပြီဖြစ်သည်။

ထို့နောက် ရှီဝေထျန်း၏ ခန္ဓာကိုယ်အတွင်းရှိ အမွေအနှစ်အနှစ်သာရများနှင့်ပင် ဆန်းကြယ်သော ဆက်နွှယ်မှုများ ဖြစ်ပေါ်လာရာ ဤခံစားချက်ကြောင့် ရှီဝေထျန်းမှာ အလွန်ပင် ထိတ်လန့်သွားရ၏။ဘေးနားရှိ ထျန်းချူပေါင်ကျွင်းမှာလည်း အလွန်အမင်း အံ့အားသင့်နေလေသည်။

"ထပ်ပြီး အဆင့်တက်သွားတာလား..."

"ဒီလောက် မြန်မြန်ဆန်ဆန် အဆင့်တက်တာမျိုး တစ်ခါမှ မကြားဖူးဘူး..."

သူ အံ့အားသင့်နေခြင်းမှာလည်း မဆန်းပေ။

ဂျင်ချူရှောင်သည် စီချွမ်ဒေသသို့ သွားရောက် လေ့ကျင့်ခဲ့သည်မှာ မကြာသေးချေ။ အကယ်၍ သူသည် သူတော်စင်တစ်ပိုင်းအဆင့်မှ သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ခြင်းသာ ဖြစ်ပါက ထျန်းချူပေါင်ကျွင်းမှာ ဤမျှအထိ အံ့သြမည် မဟုတ်ချေ။ သို့သော်လည်း သူတော်စင်အဆင့် ၁ မှ အဆင့် ၂ သို့ ဤမျှ လျင်မြန်စွာ ရောက်ရှိသွားခြင်းမှာမူ ထျန်းချူပေါင်ကျွင်းကို အလွန်ပင် အံ့အားသင့်စေသည်။ ရှေးယခင်ကတည်းက ဤကဲ့သို့သော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးပေ။

ပါရမီထူးချွန်လှသော ကျင့်ကြံသူများပင်လျှင် သူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တစ်ခုစီ တိုးရန်အတွက် အနည်းဆုံး နှစ်ပေါင်း ရာချီ၊ ထောင်ချီ သို့မဟုတ် သောင်းချီ၍ ကြာမြင့်တတ်ကြပေသည်။ ယခုမူ ဂျင်ချူရှောင်မှာ ရက်ပိုင်းအတွင်းမှာပင် သူတော်စင်တစ်ပိုင်းအဆင့်မှ သူတော်စင်အဆင့် ၂ သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ဤကဲ့သို့သော အဆင့်တက်နှုန်းမှာ ရေသောက်ရသကဲ့သို့ပင် လွယ်ကူလွန်းနေ၏။

စားဖိုမှူးသူတော်စင်ကိုယ်တိုင်ပင်လျှင် ဤမျှအထိ ကြောက်စရာကောင်းသော အဆင့်တက်နှုန်းမျိုး ရှိခဲ့သည် မဟုတ်ပေ။ အဆင့်တက်ခြင်း ပြီးဆုံးသွားသည်နှင့် ဂျင်ချူရှောင်၏ အရှိန်အဝါသည် အမြင့်ဆုံးသို့ ရောက်ရှိသွားကာ သူ ချက်ပြုတ်နေသော ဟင်းပွဲနှစ်ပွဲသည်လည်း ပြီးဆုံးသွား သည်။

ဟင်းပွဲနှစ်ပွဲမှ များပြားလှသော သူတော်စင်အလင်းတန်းများနှင့် နတ်ဘုရားအလင်းတန်းများထွက်ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်တစ်ခုလုံးဝင်ရိုးစွန်းအလင်းတန်းများ ဖြာကျနေသကဲ့သို့ လှပနေပြီး မွေးပျံ့‌သောအနံ့များထွက်ပေါ်လာ‌သည်။

ထိုဟင်းလျာအနံ့များသည် ကောင်းကင်သို့ ထိုးတက်သွားပြီး အသက်ဝင်လှုပ်ရှားနေသော ပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ သက်ဝင်လှုပ်ရှားနေသော ရွှယ်လုံ (နှင်းနဂါး) ငါးတစ်ကောင် နှင့် သန်မာထွားကြိုင်းသော နွားစိမ်းကြီးတစ်ကောင်။ထိုပုံရိပ်ယောင်နှစ်ခုမှာ ကောင်းကင်ယံ၌ လွတ်လပ်စွာ ကူးခတ်သွားလာနေကြပြီး ကိုယ်ထင်ပြနေသော သူတော်စင်များကဲ့သို့ ရှိနေသည်။ စားဖိုမှူးကမ္ဘာငယ် တစ်ခုလုံးမှ ဤဆန်းကြယ်သော မြင်ကွင်းကို တွေ့မြင်နေကြရ၏။

ထိုမျှမကဘဲ ပုံရိပ်ယောင်နှစ်ခုသည် ပြင်ပလောကအထိပင် သက်ရောက်မှု ရှိသွားပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၌ပင် ထူးခြားသော နိမိတ်များ ဖြစ်ပေါ်သွားသည်။ ဂျင်ချူရှောင်သည် လက်နှစ်ဖက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ကာ ဟင်းလင်းပြင်တွင် ဆန်းကြယ်သော သင်္ကေတများကို ရေးဆွဲပြီး ဟင်းပွဲနှစ်ပွဲထဲသို့ ရိုက်ထည့်လိုက်သည်။

ကောင်းကင်နှင့် မြေပြင်၏ တာအိုနိယာမများကို ဆွဲငင်ပြီး ဟင်းပွဲများတွင် ကိန်းအောင်းစေခြင်း။

ဤသည်မှာ စားဖိုမှူးသူတော်စင်၏ ရတနာဟင်းလျာများ ပြုလုပ်ရာတွင် အရေးကြီးဆုံးသော အဆင့်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးနေခဲ့သော နည်းလမ်းပင် ဖြစ်တော့သည်။ ဂျင်ချူရှောင်သည် ထိုနည်းလမ်းကို သိမြင်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ ဤကဲ့သို့သော အစွမ်းကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ စားဖိုမှူးသူတော်စင်၏ ရတနာဟင်းလျာများကို ပြန်လည် ဖန်တီးနိုင်ရန်မှာ အလှမ်းမဝေးတော့ပေ။

ဂျင်ချူရှောင်၏ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်လျှင် ရှီဝေထျန်းမှာ များစွာ ကွာခြားသွားရလေသည်။ သူတို့နှစ်ဦး၏ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်နေတော့သည်။ မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ ဂျင်ချူရှောင်မှာ အမှန်တကယ်ပင် အမွေအနှစ် ဆက်ခံသူအစစ် ဖြစ်နေသည်။

အတွေ့အကြုံ ဗဟုသုတ များပြားလှသော ကျုံးရှန်ပင်လျှင် ဂျင်ချူရှောင်၏ ပါရမီမှာ အမှန်တကယ်ပင် အစွမ်းထက်လှကြောင်း ဝန်ခံလိုက်ရ၏။ စားဖိုမှူးသူတော်စင်၏ ဝိညာဉ်သည် နတ်ဘုရားနှင့် မိစ္ဆာ စစ်မြေပြင်တွင် ပျက်စီးသွားခဲ့ကြောင်း မှတ်တမ်းရှိနေခဲ့၍သာမဟုတ်လျှင် ဂျင်ချူရှောင်ကို စားဖိုမှူးသူတော်စင် ဝင်စားသည်ဟုပင် လူအများ ယုံကြည်ကြပေလိမ့်မည်။

သို့သော် ကျုံးရှန်က ထိပ်တန်း ဟင်းချက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ခြင်း မရှိလျှင် ဂျင်ချူရှောင် မည်မျှပင် ပါရမီပါစေကာမူ ဤမျှ ထူးခြားသော ရလဒ်မျိုး ထွက်ပေါ်လာမည် မဟုတ်ပေ။

နှစ်ဦးနှစ်ဖက်မှာ တစ်ဦးကို တစ်ဦး အထောက်အပံ့ပေးနေခြင်းပင် ဖြစ်တော့သည်။ အချက်အပြုတ်ကျင့်စဉ် လည်ပတ်မှု ပြီးဆုံးသွားသောအခါ ဂျင်ချူရှောင်၏ ကျင့်ကြံခြင်းမှာလည်း တည်ငြိမ်သွားလေသည်။ ရုတ်တရက် ဟင်းပွဲနှစ်ပွဲမှ နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်လာပြီး သန်းပေါင်းများစွာသော ရောင်ခြည်တန်းများကောင်းကင်သို့ ထိုးဖောက်တက်သွားလေ၏။

"ဟမ်..."

ပြိုင်ပွဲကွင်းအတွင်း၌ အံ့သြတုန်လှုပ်စွာရေရွတ်သံများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်။

"ဒါ...ဒါက ဒဏ္ဍာရီထဲက ရတနာဟင်းလျာ‌ တွေလား..."

"ဒီ ထူးခြားဖြစ်စဉ်က စားဖိုမှူးဘိုးဘေး ရတနာဟင်းလျာတွေ ဖန်တီးတုန်းကနဲ့ တစ်ပုံစံတည်းပဲ..."

"စားဖိုမှူးသူတော်စင်ကလွဲလို့ ဒီလောကမှာ ရတနာဟင်းလျာဖြစ်‌အောင်..ချက်နိုင်တဲ့သူ ရှိသေးတာလား..."

"ပါဝင်ပစ္စည်းတွေရဲ့ အထောက်အပံ့ကြောင့် ဆိုပေမဲ့လည်း... တကယ်ကြီး ရတနာဟင်းလျာတွေကိုဖန်တီးလိုက်နိုင်တာလား"

လူတိုင်းမှာ ကြီးမားလှသော သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသကဲ့သို့ ရေရွတ်နေကြလေသည်။

စားဖိုမှူးသူတော်စင်သည် ယခင်က သာမန်ပါဝင်ပစ္စည်းများဖြင့်ပင် ရတနာဟင်းလျာများကို ချက်ပြုတ်နိုင်ခဲ့ခြင်း ဖြစ်ရာ ဂျင်ချူရှောင်နှင့် စားဖိုမှူးသူ‌တော်စင်အကြား အချက်အပြုတ်လမ်းစဉ်အပေါ် သိမြင်မှုမှာ ကွာခြားချက် ရှိနေသေးသည်မှာ ထင်ရှားလှသည်။ သို့သော် ဂျင်ချူရှောင်သာ သေသေချာချာ ဆက်လက် လေ့ကျင့်သွားမည်ဆိုပါက အနာဂတ်တွင် စားဖိုမှူးသူတော်စင်နှင့် တန်းတူနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

All Chapters