← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

ကွင်းပြင်တစ်ခုလုံးရှိ လူတိုင်း၏ အကြည့်များမှာ ဂျင်ချူရှောင်ဆီသို့ ရောက်ရှိနေကြ၏။ လူတိုင်းသည် ရတနာဟင်းပွဲ ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ ဤကဲ့သို့သော ခမ်းနားသည့် မြင်ကွင်းကို လွဲချော်သွားခဲ့ပါလျှင် နောက်တစ်ကြိမ် မည်သည့်အချိန်တွင်မှ ပြန်လည်မြင်တွေ့နိုင်မည်ကို မသိနိုင်ချေ။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ထူးခြားဖြစ်စဥ်အားလုံး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ စားဖိုမှူးကမ္ဘာငယ် တစ်ခုလုံးပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေ၏။ ထိုစားဖိုမှူးသူတော်စင် ပြန်လည်ရှင်သန်လာသကဲ့သို့ ခမ်းနားလှသော မြင်ကွင်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။

ကောင်းကင်နှင့် မြေပြင်၏ ထူးခြားဖြစ်စဉ်များအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ ထို့‌နောက် မတူညီသော အရောင်နှစ်မျိုးရှိသည့် စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ ဟင်းပွဲနှစ်ပွဲအတွင်း စီးဝင်သွားလေသည်။ ရတနာဟင်းလျာများ ပြီးမြောက်သွားပြီ ဖြစ်၏။

ကျုံးရှန်က လက်ကို ဝှေ့ယမ်းလိုက်လျှင် ဝိညာဉ်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ဟင်းပွဲများကို ယာယီ ချိတ်ပိတ်လိုက်သည်။ ဤသည်မှာ ဝိညာဉ်စွမ်းအားများ ယိုစိမ့်မသွားစေရန် ဖြစ်၏။ ရတနာဟင်းလျာ ဆိုသည်မှာ နာမည်တွင် ရတနာ ဟု ပါဝင်သော်လည်း ချိပ်ပိတ်သိမ်းဆည်းသော နည်းလမ်းများကို အသုံးမပြုပါက ကြာရှည်စွာ သိမ်းဆည်းထားရန် ခဲယဉ်းလှပေသည်။

ရတနာဟင်းလျာနှစ်ပွဲ ချက်ပြုတ်ပြီးသွားသည်နှင့် ဂျင်ချူရှောင်၏ ရှေ့မှ မီးအိမ်သုံးလုံးထဲမှ နှစ်လုံးမှာ လပြည့်ဝန်းကဲ့သို့ ဝင်းလက်တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် ရှီဝေထျန်း၏ ပြိုင်ပွဲဝင် ဟင်းလျာနှစ်ပွဲမှာလည်း ပြီးဆုံးသွားပြီ ဖြစ်၏။ သူ၏ ရှေ့မှ မီးအိမ်နှစ်လုံးမှာ လင်းထိန်လာသော်လည်း ဂျင်ချူရှောင်၏ မီးအိမ်နှင့် နှိုင်းယှဉ်လျှင်မူ ပိုးစုန်းကြူးနှင့် လမင်းကဲ့သို့ ကွာခြားလှပေသည်။ ဤသည်မှာကဲ့ရဲ့လှောင်ပြောင်ဖွယ်ရာဖြစ်နေခဲ့ပြီး လုံးဝမလင်းလာခြင်းကပင် ပို၍ ကောင်းဦးမည် ဖြစ်၏။

ရှီဝေထျန်းသည် စိတ်ထဲမှ ကျိန်ဆဲနေမိပြီး ထိုမီးအိမ်များကို တိုက်ရိုက် ဖျက်ဆီးပစ်ချင်စိတ် ပေါက်နေလေသည်။ သို့သော်လည်း တစ်စုံတစ်ရာ ပြောင်းလဲသွားမည်ကို သူ စိုးရိမ်နေ၏။ ဤမျှအထိ သည်းခံလာခဲ့ပြီးမှ အရာအားလုံး ပျက်စီးသွားမည်ဆိုလျှင် အလွန်ပင် နှမြောစရာ ကောင်းလှပေသည်။ မည်သို့ပင်ဖြစ်စေ စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွား ပေါ်လာသည်အထိ သူ စောင့်ဆိုင်းရမည် ဖြစ်၏။

ထို့နောက် အခွင့်အရေး ရသည်နှင့် ထိုစိတ်ဆန္ဒကိုယ်ပွားကို ဝါးမြိုပစ်မည်ဖြစ်ကာ စားဖိုမှူးကမ္ဘာငယ်၏ အနှစ်သာရကို အသုံးချပြီး ဂျင်ချူရှောင်နှင့် သူ့ဘေးနားရှိ ဆန်းကြယ်သော သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုပါရှင်းလင်းပစ်မည် ဖြစ်သည်။ သို့မှသာ စားဖိုမှူးသူတော်စင်၏ အမွေအနှစ်အားလုံးကို သူတစ်ယောက်တည်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ရှီဝေထျန်းကိုယ်တိုင်မှာ အဆင့်၃ သူတော်စင်ဖြစ်ပြီး စားဖိုမှူးသူတော်စင်၏စိတ်ဆန္ဒကိုယ်ပွားနှင့် ပေါင်းစပ်ခြင်း ပြီးမြောက်သွားပါက အနည်းဆုံး အဆင့်၆ သူတော်စင်အဖြစ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားမည် ဖြစ်သည်။

ထို့နောက် စားဖိုမှူးသူတော်စင်၏ မူလဇစ်မြစ်ကို ရှာဖွေကာ ကောင်းကင်ဘုံမှ အသိအမှတ်ပြုခြင်းခံရသော သူတော်စင်စစ်စစ် ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ရောက်မှသာလျှင် အချုပ်အနှောင်ကင်းသော ဘဝဖြင့် လောကကြီးတွင် လွတ်လပ်စွာ ကျင်လည်နိုင်ပေမည်။

ထို့ပြင် ပြင်ပလောကတွင်လည်း အမွေအနှစ်၏ လမ်းညွှန်မှုအရ ဝမ်ရှန့်နတ်ဘုရားကုန်းမြေနှင့် ဟင်းလင်းပြင် စကြဝဠာအတွင်း၌ စားဖိုမှူးသူတော်စင် ချန်ထားခဲ့သော အမွေအနှစ်နေရာ အချို့ကို သူ ရှာဖွေတွေ့ရှိထားသေးသည်။ အကယ်၍ သူ၏ အစွမ်းများထက်လာပါက ထိုနေရာများရှိ ရတနာများကို တစ်ဆင့်ချင်း ရယူကာ ဤစားဖိုမှူးကမ္ဘာငယ်တစ်ခုလုံး၏ စွမ်းအားဖြင့် ပေါင်းစပ်လိုက်ပါက အမြင့်ဆုံးသူတော်စင်အဆင့်အထိ အေးဆေးတည်ငြိမ်စွာ ကျင့်ကြံသွားနိုင်ပြီး နောက်ဆုံး၌ နတ်ဘုရားနယ်ပယ်ကိုပါ ထိုးဖောက် ဝင်ရောက်နိုင်ပေလိမ့်မည်။

အစီအစဉ်မှာ လှပနေသော်လည်း ယခုအခါ ရှီဝေထျန်းမှာ အရာအားလုံး အဆင်ပြေစေရန်သာ ဆုတောင်းနေရလေသည်။ ရှုံးနိမ့်တော့မည်ကို သိနေသော်လည်း တတိယမြောက် ဟင်းပွဲအတွက် ဆက်လက် ပြင်ဆင်ရဦးမည်ဖြစ်သည်။ ဤဟင်းလျာအတွက် သူသည် အထူးပြင်ဆင်ထားသော သူတော်စင်အဆင့် ရှန်းရှန့်ကျွင်းမှိုတစ်ပွင့်ကို အသုံးပြုမည် ဖြစ်သည်။

ဒဏ္ဍာရီများအရ နတ်ဘုရားများပင် ဤမှိုကို မြင်လျှင် တံတွေးယိုရသည်ဟု ဆိုကြ၏။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဤမှိုကို စားသုံးလိုက်ပါက အချိန်တိုအတွင်း၌ ကျင့်ကြံခြင်း အဆင့်နှစ်ဆင့်အထိ တိုးတက်လာနိုင်ကာ တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပစ်နိုင်သည့် အလွန်ပင် ရှားပါးလှသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်၏။

သို့သော်လည်း ကျုံးရှန် ယခင်က ထုတ်ပြခဲ့သည့် နှစ်ပေါင်း သန်းချီ သက်တမ်းရှိသောရွှယ်လုံငါးနှင့် နွားစိမ်းသားတို့နှင့် ယှဉ်လျှင်ဤမှိုမှာ အံ့သြဖွယ် မကောင်းတော့ချေ။ ရှီဝေထျန်းသည် ဘာမှမပြောဘဲ စတင်ချက်ပြုတ်လိုက်သည်။ သူတော်စင်အဆင့် ပါဝင်ပစ္စည်းများမှာ အလွန်ပင် တန်ဖိုးရှိလှ၏။ အဆင့်မမီသော အခြားအရာများကိုရောနှောထည့်လိုက်ပါကပြင်းထန်သောသူတော်စင်

စွမ်းအားများကိုသာ ညစ်ညမ်းသွားစေမည် ဖြစ်သဖြင့် ဝိညာဉ်စမ်းရေကိုသာ အသုံးပြု၍ ရိုးရှင်းစွာပင် ပြုတ်လိုက်သည်။

အခြားတစ်ဖက်တွင် ဂျင်ချူရှောင်သည် ရတနာဟင်းလျာနှစ်ပွဲကို ပြီးမြောက်အောင် ချက်ပြုတ်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းမှာလည်း သူတော်စင်အဆင့် ၂သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤသည်မှာ သူ၏ စားဖိုမှူးပါရမီကြောင့်လည်း ဖြစ်သလို ကျုံးရှန် ပံ့ပိုးပေးသော အဖိုးတန် ပါဝင်ပစ္စည်းများကြောင့်လည်း ဖြစ်၏။ ဂျင်ချူရှောင်သည် ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သည်။

သူသည် မာနကြီးသော်လည်း လူမိုက်တစ်ယောက် မဟုတ်ချေ။ ချက်ပြုတ်ပြီးသည်နှင့် ကျုံးရှန်၏ ရှေ့သို့သွားကာ လူတိုင်း၏ ရှေ့မှာပင် ဒူးထောက်လိုက်သည်။

"ကျွန်တော့်ကို... အခုလို ရတနာဟင်းပွဲတွေ ဖန်တီးခွင့်ရအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...စီနီယာ..."

"ကျွန်တော် ဂျင်ချူချောင်...စီနီယာကို သခင်အဖြစ်ခစားဖို့ ဆန္ဒရှိပါတယ်..."

သူ၏ လေသံမှာ အလွန်ပင် ရိုးသားလှပြီးအရာအားလုံးကို နားလည်သွားပုံရ၏။

သူ၏ရှေ့မှလူငယ်လေးသည် လောကကြီးကို ကျော်လွန်နေသော နတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်သည့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်မှာ သေချာသည်။ ကျုံးရှန်သည် ဒူးထောက်နေသော ဂျင်ချူရှောင်ကို ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။

"ကောင်းပြီ... အခုကစပြီး မင်းက ငါ့ရဲ့ ချင်းထျန်းတောင်ထွတ်နဲ့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ စားဖိုမှူးခေါင်းဆောင်ပဲ..."

"အနာဂတ်မှာ အခွင့်အရေးရလာရင် မင်းကို ကောင်းကင်နဲ့ မြေပြင်ရဲ့ အချက်အပြုတ် တာအိုကို စီမံခန့်ခွဲခွင့် ပေးမယ်..."

"ရှောင်ယွီ... မင်းလည်း နောက်ပိုင်းမှာ ဂျင်ချူရှောင်နောက်ကို လိုက်ပြီး သေသေချာချာ သင်ယူပါ...မပျင်းရိနဲ့...အနာဂတ်မှာ မင်းအတွက်လည်း အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်"

ကျုံးရှန်သည် တည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း ဂျင်ချူရှောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

လောကကြီး၏ အချက်အပြုတ်တာအိုလမ်းစဉ်ကို အုပ်ချုပ်ရမည် ဟူသည်မှာ ကောင်းကင်ဘုံကိုယ်စား နတ်ဘုရားဘွဲ့များ အပ်နှင်းရခြင်း မဟုတ်ပါလော။

ဤသည်မှာ ရှေးဟောင်းနတ်ဘုရားဘုရင်များ၊ ရှေးဦးဧကရာဇ်များနှင့် အနှိုင်းမဲ့ ကောင်းကင်သားတော်များပင် မလုပ်ဆောင်နိုင်ခဲ့သော ခမ်းနားသည့် အလုပ်မျိုး ဖြစ်သည်။ သူ့သခင်၏ ရည်မှန်းချက်မှာ သူ ထင်ထားသည်ထက်ပင် ပို၍ ကြီးမားနေလေသည်။ အကယ်၍ အမှန်တကယ်သာ ကောင်းကင်ဘုံကိုယ်စား နတ်ဘုရားဘွဲ့များ အပ်နှင်းနိုင်မည်ဆိုလျှင် သူသည် မှန်ကန်သော ပုဂ္ဂိုလ်ကို ရွေးချယ်မိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် သခင်"

"ကျွန်တော်မျိုး အချက်အပြုတ် တာအိုကို ကြိုးစားကျင့်ကြံပြီး သခင် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်အောင် ကြိုးစားပါ့မယ်"

ဂျင်ချူရှောင်၏ နှိမ့်ချလှသော အမူအရာကြောင့် ဘေးပတ်ဝန်းကျင်မှ လူများမှာ အလွန်ပင် အံ့အားသင့်သွားကြသည်။

ရှီဝေထျန်း၏ အာရုံစိုက်မှုမှာလည်း ထိုနေရာသို့ ရောက်ရှိလာ၏။

'ဒါဆို ဒီလူက ဂျင်ချူရှောင်ရဲ့အစောင့်အရှောက် မဟုတ်ဘူးပေါ့'

'ဂျင်ချူရှောင်လို ပါရမီရှင်တစ်ယောက်ကိုတောင် ဒူးထောက်စေနိုင်တယ်ဆိုရင် ဒီသူတော်စင်တစ်ပိုင်းအဆင့် လူငယ်ရဲ့ နောက်ခံက ငါ ထင်ထားတာထက် ပိုပြီး ကြီးမားနိုင်တယ်'

ကျုံးရှန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်၍ အညောင်းအညာ ဖြေလိုက်သည်။

"ကဲ... ထတော့... တတိယမြောက် ဟင်းပွဲကို ငါကိုယ်တိုင် ချက်မယ်..."

"ဟုတ်ကဲ့ပါ သခင်..."

ဂျင်ချူရှောင်က ထရပ်လိုက်ပြီး ကျုံးရှန်၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။သို့သော်လည်း သူ၏ စိတ်ထဲ၌မူ အနည်းငယ် စိုးရိမ်နေမိ၏။

သူ၏ သခင်မှာ အစွမ်းထက်လှသော်လည်း အချက်အပြုတ်လမ်းစဉ် ဆိုသည်မှာ သတ်ဖြတ်ခြင်းကဲ့သို့ ရိုးရှင်းသည် မဟုတ်ချေ။ ကျွမ်းကျင်လှသော နည်းစနစ်များနှင့် လမ်းစဉ်အပေါ် သိမြင်နားလည်မှုများ လိုအပ်သည့်အပြင် ကျင့်စဉ်များနှင့် ပေါင်းစပ်ကာ လောက၏ ဆန်းကြယ်မှုများကို ဟင်းလျာအတွင်းသို့ ထည့်သွင်းနိုင်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အကောင်းဆုံး ပါဝင်ပစ္စည်းများ ရှိနေသော်လည်း အဆင့်မြင့် ဟင်းလျာတစ်ပွဲ ဖြစ်လာမည် မဟုတ်ချေ။ အကယ်၍ တတိယမြောက် မီးအိမ်သာ လင်းမလာခဲ့လျှင် အလွန်ပင် ရှက်စရာ ကောင်းပေလိမ့်မည်။

သို့သော်လည်း ကျုံးရှန်မှာမူ အလွန်ပင် တည်ငြိမ်နေလေသည်။ သူသည် ဂျင်ချူရှောင်ကို လှည့်၍ မှာကြားလိုက်၏။

"ငါ့အတွက် သာမန် ဂျုံမှုန့်တချို့ရယ်... မုန်ညင်းစိမ်းအနည်းငယ်နဲ့ ကြက်သွန်မြိတ် တစ်ဆုပ်စာလောက် ရှာပေး..."

"ဗျာ..."

"ဂျုံမှုန့်နဲ့ မုန်ညင်းစိမ်း ဟုတ်လား"

"သခင်... ဒါက..."

ဂျင်ချူရှောင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

သူသည် ကျုံးရှန်ထံမှ မည်မျှအထိ ဆန်းကြယ်သော ပါဝင်ပစ္စည်းများ ထွက်ပေါ်လာမည်နည်းဟု စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ သာမန် ဂျုံမှုန့်၊ မုန်ညင်းစိမ်းနှင့် ကြက်သွန်မြိတ်တို့ကိုသာ တောင်းဆိုနေလေသည်။ ဤပါဝင်ပစ္စည်းများမှာ သာမန် လူသားများအကြား၌ပင် အလွန်ရိုးရှင်းလှသော အရာများ ဖြစ်ကြပြီးထိုပါဝင်ပစ္စည်းများဖြင့် အဆင့်မြင့် ဟင်းလျာတစ်ပွဲကို မည်သို့မျှ မဖန်တီးနိုင်ပေ။

သို့သော် ဂျင်ချူရှောင်သည် ကျုံးရှန်ကို သခင်အဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည်။ကျုံးရှန်၏ တည်ငြိမ်သော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ကောင်းကင်ယံသို့ ပျံတက်သွားကာ မြို့ထဲတွင် သွားရောက် ရှာဖွေရန် ထွက်သွားလိုက်သည်။

ဤကဲ့သို့သော သာမန်ပစ္စည်းများကို သူ သိမ်းဆည်းထားခြင်း မရှိပေ။ သို့သော်လည်း မြို့ထဲတွင် သာမန်လူသားများ များပြားသဖြင့် သာမန် စားသောက်ဆိုင်များလည်း ရှိကြသည်။ တစ်မိနစ်ပင် မကြာလိုက်ဘဲ ဂျင်ချူရှောင်သည် ကောင်းကင်ယံမှ ပြန်လည် ဆင်းသက်လာခဲ့၏။ သူ၏ လက်ထဲတွင် ဂျုံမှုန့်အိတ်တစ်အိတ်၊ ကြက်သွန်မြိတ် တစ်ဆုပ်နှင့် လတ်ဆတ်သော မုန်ညင်းစိမ်း အနည်းငယ် ပါလာလေသည်။

ကျုံးရှန်သည် ဂျင်ချူရှောင်ဆီမှ ပါဝင်ပစ္စည်းများကို ယူလိုက်ပြီးစားပွဲပေါ်တွင်တင်လိုက်၏။ ထို့နောက် အင်္ကျီလက်စကို လိပ်တင်လိုက်ကာ သန့်ရှင်းသော စဉ်းတီတုံးပေါ်သို့ ဂျုံမှုန့်များကို လောင်းချလိုက်ပြီး သာမန် ရေတစ်ခွက်ထည့်လိုက်သည်။ ဤသို့ဖြင့် ဂျုံနှယ်ခြင်းစတင်လိုက်လေသည်။

All Chapters