← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

စားဖိုမှူးသူတော်စင် သက်ပြင်းတစ်ချက်ချ လိုက်သည်။

"အင်း... မင်းရဲ့ ကိုယ်ပေါ်မှာ သယ်ဆောင်ထားတာက ကံတရားကျိန်စာ ဖြစ်နေတာကိုး..."

"ကျိုးကြောင်း ဆက်နွယ်မှုတွေက အရမ်းများလွန်းတယ်... ပါဝင်ပတ်သက်နေတာတွေကလည်း ကြီးမားလွန်းတော့ ဖယ်ရှားပစ်ဖို့ ခက်တယ်..."

"မင်းရဲ့ ကျိန်စာကြောင့် အခွင့်အရေး ဆုံးရှုံးသွားရတဲ့ သက်ရှိတွေ မရေမတွက်နိုင်အောင် ရှိပြီး... ဒီ ကံကြမ္မာ အကျိုးဆက်တွေအားလုံးက မင်းခေါင်းပေါ် ရောက်နေတာပဲ..."

စားဖိုမှူးသူတော်စင်၏ စကားကို ကြားရသော်လည်း ကျုံးရှန် သိပ်ပြီး အံ့သြမသွားပေ။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၏ နှစ်ပေါင်း တစ်သန်းစာ ကံကြမ္မာများကို ဝါးမြိုခဲ့သော ကျိန်စာဖြစ်ရာ သက်ရောက်မှု ကြီးမားမည်မှာ ပုံမှန်သာဖြစ်သည်။ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသော ပါရမီရှင် မည်မျှပင် လောက၏ ကံကြမ္မာ ယုတ်လျော့လာမှုကြောင့် အခွင့်အလမ်းများ ဆုံးရှုံးကွယ်ပျောက်သွားခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။

"ငါ သိတယ်..ဒါကြောင့် ကျိန်စာဖြေတဲ့နေရာမှာ အစွမ်းထက်ဆုံး ရတနာဟင်းပွဲကို ပေးပါ..."

"အခုလောကကြီးမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီ..."

" မင်းရဲ့ မူလခန္ဓာကိုယ် ချန်ထားခဲ့တဲ့ ရတနာဟင်းပွဲက... ငါ့ရဲ့ ကျိန်စာကို လုံးဝ မဖြေရှင်းနိုင်ရင်တောင် အာနိသင် တစ်စိတ်တစ်ပိုင်းကိုတော့ လျှော့ချပေးနိုင်မှာပါ"

ကျုံးရှန်သည် သူ၏ အတွေးကို တိုက်ရိုက်ပင် ပြောလိုက်၏။

သူတို့နှစ်ဦး၏ စကားပြောသံကို မမြင်ရသော အတားအဆီးတစ်ခုက ကာကွယ်ထားပြီး ဒုတိယအဆင့် နတ်ဘုရားများပင်လျှင် ကြားနိုင်မည် မဟုတ်ပေ။ စားဖိုမှူးသူတော်စင်သည်လည်း ဆက်လက်၍ မဝေဖန်တော့ဘဲ ခေါင်းညိတ်လိုက်သည်။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် လိုအပ်ချက်နှင့် ကိုက်ညီသော ဟင်းတစ်ပွဲကို ရှာတွေ့သွား၏။

သူ၏ လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီးဖြည်းညင်းစွာ ပြန်ခွာလိုက်လျှင် လက်နှစ်ဖက်ကြား၌ လက်ရာမြောက်လှသော ဟင်းပွဲတစ်ပွဲ ပေါ်ထွက်လာလေသည်။ မီးဖိုပေါ်မှ အခုလေးတင် ချလိုက်သည့်အလား ပူပူနွေးနွေး ရှိနေသေး၏။

"ဒီ ကျိန်စာပြယ်ဝိုင်နဲ့ ချက်ထားတဲ့ လုရှူသားဟင်းက... မင်းအတွက် အသင့်တော်ဆုံးပဲ"

"ဒါကို နတ်ဆိုးနှင်တဲ့တာအို လမ်းစဉ်က ချန်ထားခဲ့တဲ့ ကျိန်စာပြယ်ဝိုင်ကိုသုံးပြီး ဆန်းကြယ်သားရဲ လုရှူရဲ့ အသွေးအသားတွေနဲ့ ၄၉ ရက်တိုင်တိုင် ချက်ပြုတ်ထားတာ..."

"ကျိန်စာဖြိုခွင်းနိုင်တဲ့ သူတော်စင်တာအိုနိယာမတွေ အများကြီး ပေါင်းစပ်ထားပြီး...နတ်ဘုရားအဆင့် ကျိန်စာတွေကိုတောင် အလွယ်တကူ ဖြေရှင်းပေးနိုင်တယ်..."

"မြည်းကြည့်ပါဦး.."

မိမိကိုယ်တိုင် ဖန်တီးထားသော ရတနာဟင်းပွဲအကြောင်း ပြောသောအခါ စားဖိုမှူးသူတော်စင်၏ လေသံတွင် ဂုဏ်ယူမှုများ ပါဝင်နေသည်။

သူသည် စိတ်ဆန္ဒကိုယ်ပွား တစ်ခုသာ ဖြစ်သော်လည်း မူလခန္ဓာကိုယ်၏ အကျင့်စရိုက်၊ မှတ်ဉာဏ်များနှင့် တူညီနေသည်။ ကိုယ့်လက်ရာအကြောင်း ပြောရလျှင် ချီးကျူးစရာ ကုန်နိုင်မည် မဟုတ်ပေ။

ကျုံးရှန်က ပြုံးလိုက်သည်။

"ဒီနေ့တော့ စားဖိုမှူးသူတော်စင်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ရတာပေါ့..."

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်းလောကတွင် ပြောစမှတ်ပြုကြသော စကားတစ်ခွန်း ရှိ၏။

ကျင့်ကြံခြင်း၏ အထွတ်အထိပ်မှာ အဘယ်နည်း။

စားဖိုမှူးသူတော်စင် ချက်သော ဟင်းကို စားရခြင်း၊ ကုချင်းသူတော်စင် တီးသော ဂီတတေးသံကို နားထောင်ရခြင်းနှင့် မြေခွေးမျိုးနွယ် မင်းသမီးတို့၏ ကပြမှုကို ကြည့်ရခြင်းပင် ဖြစ်တော့သည်။

ယခု ကျုံးရှန်သည် ထိုအထဲမှ တစ်ခုကို ရရှိခဲ့ပြီ ဖြစ်၏။ သူသည် လုရှုသားဟင်းပွဲကို လှမ်းယူလိုက်သည်။ ဝိုင်ဖြင့် ချက်ထားသဖြင့် ရနံ့မှာ အလွန်ပင် ပြင်းထန်လှပြီး လုရှူသား၏ မွှေးပျံ့မှုကို အထွတ်အထိပ်သို့ ရောက်ရှိစေသည်။ ဆန်းကြယ်သော ချိပ်ပိတ်ထားမှုသာ မရှိပါက ဤလောကတွင် ထူးခြားသော နိမိတ်များ ချက်ချင်း ပေါ်ထွက်လာပေလိမ့်မည်။ ထို့နောက် ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းကာ ဟင်းပွဲပေါ်မှ ချိပ်ပိတ်မှုကို ဖယ်ရှားလိုက်၏။

ချိပ်ပိတ်မှု ပျက်ပြယ်သွားသည်နှင့် ရတနာဟင်းပွဲထံမှ နတ်ဘုရားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးကောင်းကင်သို့ ထိုးတက်သွားကာ မိုင်ပေါင်း တစ်သိန်းအတွင်းရှိ တိမ်တိုက်များကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။ ကျုံးရှန်သည် တူကို ယူကာ စတင်၍ မြည်းစမ်းကြည့်လိုက်သည်။ လုရှူသားမှာ အလွန်ပင် နူးညံ့နေပြီး အသားအပေါ်တွင်ဆော့စ်များဖြင့် ဖုံးလွှမ်းနေ၏။ အစောပိုင်းက ထွက်ပေါ်ခဲ့သော အလင်းတန်းနှင့် နှိုင်းယှဉ်လျှင် ဟင်းပွဲကိုယ်တိုင်မှ ထွက်ပေါ်နေသော အလင်းရောင်မှာ မှေးမှိန်နေသယောင် ရှိသည်။

သူသည် အသားတစ်ဖတ်ကို ယူကာ ပါးစပ်ထဲသို့ထည့်လိုက်ပြီး ဖြည်းညင်းစွာ ဝါးလိုက်၏။ လောက၏ အကြောင်းအကျိုး ကံကြမ္မာများကို မြင်နိုင်သော အထွတ်အထိပ် သူတော်စင်တစ်ဦးသာ ဤနေရာ၌ ရှိနေပါလျှင် ကျုံးရှန် ဝါးလိုက်တိုင်း သူ၏ ကိုယ်မှ မည်းနက်သော အငွေ့အသက်များ ထွက်ပေါ်လာကာ ပျောက်ကွယ်သွားပြီး ရွှေရောင်ကံကြမ္မာ အလင်းတန်းများ အစားထိုး ဝင်ရောက်လာသည်ကို မြင်တွေ့ရပေလိမ့်မည်။

"အရသာ တကယ်ကောင်းတာပဲ...စားဖိုမှူးသူတော်စင် ဆိုတဲ့ ဂုဏ်သတင်းနဲ့ထိုက်တန်ပါပေတယ်"

ကျုံးရှန်သည် ဟင်းကို မျိုချလိုက်ပြီးနောက် ချီးကျူးလိုက်မိသည်။ တစ်လုပ် စားလိုက်ရုံဖြင့် သူ၏ မူလအနှစ်သာရတွင် ရစ်ပတ်နေသော အမည်းရောင်ကျိန်စာ အစုအဝေးကြီးမှာ အနည်းငယ် လျော့ပါးသွားသည်ကို ခံစားလိုက်ရ၏။

ဤသည်မှာ လက္ခဏာကောင်း တစ်ခုဖြစ်ပြီး လောကကြီးတွင် အမှန်တကယ်ပင် ဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း သက်သေပြနေသည်။

ထို့အပြင် စားဖိုမှူးသူတော်စင်၏ အချက်အပြုတ်ကျွမ်းကျင်မှုနှင့်လည်း သက်ဆိုင်ကာ ရတနာဟင်းပွဲ၏ အဆင့်အတန်းမှာ နတ်ဘုရားအဆင့် ဖြစ်ပြီး ယခုအချိန်တွင် အာနိသင် ပြသလာခြင်းပင်ဖြစ်၏။

ကျုံးရှန်သည် တူကို ပြန်ချလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ မြို့ထဲရှိ တစ်နေရာမှ ထမင်းဖြူတစ်ပန်းကန်သည် သူ၏လက်ထဲ ရောက်ရှိလာသည်။

"ဒီလောက်ကောင်းတဲ့ ဟင်းပွဲကို ထမင်းဖြူနဲ့ မစားရင် ဟာတာတာကြီး ဖြစ်နေမှာ..."

"ထမင်း... ထမင်း..."

တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ကျုံးရှန်သည် ထမင်းပန်းကန်ကို ကိုင်ကာ အားပါးတရပင် စားလေတော့သည်။

ဘိုးဘေးတစ်ယောက်၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ပေ။ အရသာရှိသော အစားအသောက်ကို စားသောက်ရခြင်းမှာ ဖုံးကွယ်ထားရန် မလိုအပ်သော ပျော်ရွှင်မှု တစ်ခု ဖြစ်သည်။ လူတိုင်းမှာ ကျုံးရှန် ရတနာဟင်းပွဲကို စားသောက်နေသည်ကို ကြည့်ရင်း အလွန်ပင် အားကျကာ တံတွေးများကို မျိုချနေကြရသည်။

မကြာမီမှာပင် ကျုံးရှန်သည် ရတနာဟင်းပွဲကို ကုန်စင်အောင် စားသောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကံတရားကျိန်စာမှာ ၁၀ပုံ ၁ ပုံခန့် လျော့ပါးသွားပြီး အချိန်ကြာမြင့်စွာ ပိတ်ဆို့နေခဲ့သည့် သူ၏ ကျင့်ကြံခြင်းပင် အဆင့်တက်တော့မည့်လက္ခဏာများပြလာလေသည်။ နောက်ထပ် အနည်းငယ်သာ ထပ်မံ လျော့ပါးသွားလျှင် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်။

စစ်မှန်သောအတ္တ ပုံရိပ်ယောင်၊ ကမ္ဘာ့မူလဇစ်မြစ်နှင့် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တို့၏ စွမ်းအားများ ပေါင်းစပ်လိုက်လျှင်ကျုံးရှန်သည် နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် စစ်မှန်သော နတ်ဘုရားကိုပင် မြေကြီးပေါ် ဆွဲလှဲပြီး အကြိမ်ကြိမ် ပွတ်ဆွဲနိုင်မည် ဖြစ်သည်။

ကျူံးရှန် စားသောက်ပြီးသွားသည်ကို မြင်သောအခါ စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွားသည်လည်း ကျေနပ်စွာ ပြုံးလိုက်၏။ ထို့‌နောက် ဂျင်ချူရှောင်ကို လှည့်ကြည့်လိုက်သည်။

"ကလေး... မင်းဟာ စားဖိုမှူးကမ္ဘာငယ်ကနေ မွေးဖွားလာတဲ့ အံ့ဖွယ်တစ်ပါးပဲ"

"ငါနဲ့အတူ အချက်အပြုတ်ကမ္ဘာ မူလဇစ်မြစ်ထဲကို လိုက်ပြီး အချက်အပြုတ် တာအိုကို ကျင့်ကြံချင်သလား..."

သူက လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်သည်။

ဂျင်ချူရှောင်နှင့် ရှီဝေထျန်းတို့နှစ်ဦးအကြား၌ သူသည် ရွေးချယ်မှု ပြုလုပ်လိုက်ပြီ ဖြစ်သည်။ ဂျင်ချူရှောင်က ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် လောကကြီးမှာ ရုတ်တရက် အရောင်အသွေးများ ပြောင်းလဲသွားလေသည်။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ကောင်းကင်ယံ၌ အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာသည်။ ထိုအက်ကွဲကြောင်းများကြားမှ ပြင်ပရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မြင်ကွင်းများကို မြင်တွေ့နေရ၏။

စားဖိုမှူးကမ္ဘာငယ် တစ်ခုလုံးမှာ ပြိုကွဲတော့မည့်အခြေအနေသို့ရောက်ရှိသွားပြီး ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးများမှာလည်း အဆက်မပြတ် ပျက်စီးလာလေသည်။ ဤအတိုင်းသာ ဆက်သွားပါက မကြာမီမှာပင် စားဖိုမှူးကမ္ဘာငယ်သည် ပိုမိုကြီးမားသော ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဖိသိပ်မှုကြောင့် ကြေမွသွားပေတော့မည်။

စားဖိုမှူးကမ္ဘာငယ်၏ ကမ္ဘာ့မူလဇစ်မြစ်သည် မတည်မငြိမ် ဖြစ်လာပြီး လေပွေများအဖြစ် ပြောင်းလဲကာ ရှီဝေထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ စားဖိုမှူးသူတော်စင်၏ မျက်နှာမှာ ပျက်သွားရ၏။ ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် ကမ္ဘာ့မူလဇစ်မြစ်ကို ထိန်းချုပ်မှု လွတ်သွား‌လေသည်။ကျုံးရှန်သည် အေးစက်စွာ ပြုံးလိုက်သော်လည်း မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်သေးပေ။

ထိုအချိန်မှာပင်မရေမတွက်နိုင်သော ကမ္ဘာ့မူလဇစ်မြစ်များသည် ကြိုးများအဖြစ် ပြောင်းလဲသွားပြီး စားဖိုမှူးသူတော်စင်နှင့် ဂျင်ချူရှောင်ကို ရစ်ပတ်လိုက်သည်။ မလှမ်းမကမ်းတွင် ရှီဝေထျန်း၏ ခန္ဓာကိုယ်မှာ ကောင်းကင်သို့ ပျံတက်သွားပြီး ကမ္ဘာဦးအနှစ်သာရများ၏ ဝန်းရံမှုနှင့်အတူ သူ၏ အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာ လေသည်။ အမွေအနှစ် ဆက်ခံသူ ဆိုသည်မှာ ကောင်းကင်တာအို၏ ရွေးချယ်မှုကို ခံရသော ကံကြမ္မာရှင်များ ဖြစ်ကြပေသည်။ သူတို့သည် သာမန်ထက် ထူးကဲသော အခွင့်အလမ်းများကို အလိုအလျောက် ပိုင်ဆိုင်ထားကြ၏။ စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွားပင်လျှင် ဤအရာကို မတားဆီးနိုင်ချေ။

ရှီဝေထျန်းသည် ကောင်းကင်တာအို၏ ဟာကွက်ကို အသုံးချကာ ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။ မူလဇစ်မြစ်စွမ်းအင် ကြိုးများသည် စားဖိုမှူးသူတော်စင်ကို လျင်မြန်စွာ ရစ်ပတ်လိုက်ပြီး ပိုးအိမ်ကဲ့သို့ ဖြစ်သွားစေသည်။ သူသည် မူလခန္ဓာကိုယ် မဟုတ်သဖြင့် ဤကဲ့သို့သော ကမ္ဘာ့စွမ်းအားကို မယှဉ်ပြိုင်နိုင်ဘဲ ခုခံရန် ခက်ခဲနေခဲ့သည်။ ဂျင်ချူရှောင်ဆီသို့ ဦးတည်လာသော ကြိုးများသည်လည်း သူ့ကို ဤကမ္ဘာထဲတွင် အသေ ချည်နှောင်ထားလိုက်သည်။

ကွင်းအတွင်းရှိ ပြိုင်ပွဲဝင်များနှင့် အခွင့်အလမ်း ရှာဖွေသူများ အလွန်ပင် ထိတ်လန့်သွားကြသည်။ အပြောင်းအလဲမှာ မြန်ဆန်လွန်းလှသဖြင့် မည်သူမျှ မတုံ့ပြန်နိုင်ကြချေ။ ထိုအချိန်တွင် ကောင်းကင်ယံ၌ ပုန်းကွယ်နေခဲ့သည့် အမည်း‌ရောင်တိမ်တိုက်နှစ်ခုမှာ သူတို့ရဲ့ပုံရိပ်အစစ်အမှန်များကို ဖော်ထုတ်လိုက်လေသည်။အရှိန်အဝါ ပြင်းထန်လှသော ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်လာ၏။

တစ်ဦးမှာ ရွှေရောင်ဆံပင်များနှင့် ကြမ်းတမ်းသော မျက်နှာထား ရှိပြီး ကျန်တစ်ဦးမှာ ဦးခေါင်းတွင် ဆံပင်မရှိဘဲ ဘေးနှစ်ဖက်၌သာ ဖြူဖွေးသော ဆံပင်အနည်းငယ် ရှိလေသည်။ ထိုသူတို့မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ နာမည်ကျော်ကြားလှသော ပုဂ္ဂိုလ်များဖြစ်သည့် အဆိပ်သခင် တုရှစ်ထော် နှင့် အရှင်သခင်ရွှေခြင်္သေ့ တို့ပင် ဖြစ်တော့သည်။

All Chapters