အခန်း (၁၄၉)
Vol. 15 Ch. 149
ထိုသူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ အချိန်အတော်ကြာအောင် ပုန်းကွယ်နေခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ လောကကြီးတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနေပြီဖြစ်သဖြင့် ထပ်မံ၍ ပုန်းမနေနိုင်တော့ဘဲ ကိုယ်ထင်ပြလာကြခြင်းပင် ဖြစ်တော့သည်။နှစ်ပေါင်း သန်းချီ၍ သက်တမ်းရှိပြီဖြစ်သော နှစ်ဦးစလုံးသည် သူတော်စင်အဆင့် ၉ အထိ ရောက်ရှိနေကြပြီ ဖြစ်သည်။ ကောင်းကင်ဘုံ၏ အသိအမှတ်ပြု သူတော်စင်မူလအရင်းအမြစ်များမရှိသည့် အတုအယောင်သူတော်စင်များ ဖြစ်ကြသော်လည်း ဤမျှအဆင့်ရှိသော ကျင့်ကြံခြင်းမှာ အလွန်ပင် အထင်ကြီးစရာ ကောင်းလှပေသည်။
အဆိပ်သခင် တုရှစ်ထော်၏ လက်ထဲတွင် စိမ်းဖန့်ဖန့် အရောင်ရှိသော အလံတစ်ခုကို ကိုင်ဆောင်ထားပြီး သူ၏ ပုံစံမှာကောက်ကျစ်သောပုံစံရှိပြီး ကာမဂုဏ်လိုက်စားသော အဘိုးအိုတစ်ယောက်နှင့် တူနေသည်။ မျက်နှာအမူအရာ မည်သို့ပင် ပြောင်းလဲစေကာမူ ယုတ်ညံ့သော အငွေ့အသက်မှာ ဖုံးကွယ်၍ မရနိုင်ချေ။
အရှင်သခင်ရွှေခြင်္သေ့ ၏ ရုပ်သွင်မှာမူ ပို၍ပင် ကြမ်းတမ်းလှသည်။ နှစ်ပေါင်းများစွာ လျှော်ထားခြင်းမရှိသော ရွှေရောင်ဆံပင် ကောက်ကောက်များမှာ ရှုပ်ပွနေပြီး မျက်ဝန်းများမှာ အေးစက်နေကာ ခြင်္သေ့ခံတွင်းမှ ဓားသွားထွက်နေသည့် ပုံစံရှိသော ဧရာမ ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ မျက်နှာမှာ တစ်စုံတစ်ယောက်က သူ့ထံမှ သူတော်စင်ကျောက်သလင်း သန်းပေါင်းများစွာကို အကြွေးယူထားသကဲ့သို့ တင်းမာနေလေသည်။
ကျင့်ကြံခြင်း အဆင့်မြင့်မားသူများသည် မိမိတို့၏ စိတ်တိုင်းကျ ပြုမူတတ်ကြသဖြင့် သူတို့၏ ရုပ်ရည်သည် စိတ်ထားကို ထင်ဟပ်စေသည်။ သို့ဖြစ်ရာထိုနှစ်ဦးမှာ လွယ်ကူသော ပုဂ္ဂိုလ်များ မဟုတ်ကြောင်း မျက်နှာကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။ ယခုအခါ စာဖိုမှူးကမ္ဘာငယ် ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူကာ သူတို့သည် မီးလောင်ရာလေပင့် ရန် ပြင်ဆင်လိုက်ကြလေသည်။ ရှီဝေထျန်းသည်လည်း ထိုသူနှစ်ဦးနှင့် တစ်စုံတစ်ရာသော လျှို့ဝှက်သဘောတူညီချက် ရရှိထားပုံရ၏။ ရိုင်းစိုင်းကြမ်းတမ်းသော ကမ္ဘာ့မူလဇစ်မြစ် စွမ်းအားများသည် ထိုနှစ်ဦးကို တိုက်ခိုက်ခြင်း မရှိပေ။
တုရှစ်ထော်သည် လက်ထဲမှ အလံကို ဝှေ့ယမ်းလိုက်ရာ မီးခိုးတန်းကြီးကဲ့သို့ ထူထပ်လှသော အဆိပ်ငွေ့များ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အဆိပ်ငွေ့မြူများ၏ အစွန်းတွင် ရှိနေသော ပြိုင်ပွဲဝင် အချို့မှာ ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ အဆိပ်သင့်ကာ လဲကျကုန်ကြ သည်။ ထို့နောက်သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး စူးရှသော အနံ့ရှိသည့် အစိမ်းရောင်အရည်များ ဖြစ်သွားလေသည်။
အရှင်သခင်ရွှေခြင်္သေ့ မှာမူ အောက်ဘက်မှ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်ဝန်းများ နီရဲလာကာ အသက်ရှူသံများလည်း ပို၍ ပြင်းထန်လာ၏။
"ဝေါင်း..."
စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်လာသောအခါ သူသည် ကောင်းကင်တုန်ဟည်းမတတ် ဟိန်းဟောက်လိုက်လေသည်။ အသံလှိုင်းများသည် မိုင်ပေါင်း သောင်းချီသော ပတ်ဝန်းကျင်ကို ရိုက်ခတ်သွား၏။ ထို့နောက် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လျှင် သူ၏ ခြင်္သေ့ဓားကြီးထံမှ ပေပေါင်း သောင်းချီရှည်လျားသော ဓားအလင်းတန်းထွက်ပေါ်လာပြီး အရာအားလုံးကို ပိုင်းဖြတ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကျုံးရှန် စတင် လှုပ်ရှားလိုက်သည်။ ဂျင်ချူရှောင်ကို ရစ်ပတ်ထားသော မူလဇစ်မြစ်ကြိုးများကို ကြည့်ရင်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ရှီးရွှယ်မူလဇစ်မြစ် စွမ်းအင်များကို နှိုးဆွလိုက်၏။ သေခြင်းတရား၊ သတ်ဖြတ်ခြင်းနှင့် ပျက်စီးခြင်းတို့ ပါဝင်သော ပြင်းထန်လှသည့် အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားလေသည်။ ထိုအရှိန်အဝါမှာ စားဖိုမှူးကမ္ဘာငယ်၏ မူလဇစ်မြစ်ထက်ပင် ပိုမို ကြီးမားနေသေး၏။
ကျုံးရှန်သည် လက်ဝါးကို လှုပ်ရှားလိုက်ပြီး ဓားအသွင် ပြောင်းလဲကာ ငရဲဘုံ၏ မူလဇစ်မြစ်စွမ်းအားဖြင့် စားဖိုမှူးကမ္ဘာငယ်၏ မူလဇစ်မြစ်စွမ်းအား ကြိုးများကို ခုတ်ပိုင်းလိုက်သည်။ မူလဇစ်မြစ်စွမ်းအား နှစ်ခု ရောယှက်သွားသည်။ စွမ်းအားနှစ်ခုမှာ အရင်းအမြစ် တူညီကြသော်လည်း ကမ္ဘာ၏ ဂုဏ်သတ္တိများ မတူညီကြသဖြင့် လက္ခဏာချင်း ကွဲပြားနေသည်။
စားဖိုမှူးကမ္ဘာငယ်၏ မူလဇစ်မြစ်နှင့် ယှဉ်လျှင် ရှီးရွှယ်ငရဲ၏ အနှစ်သာရမှာ ပို၍ပင် ကြမ်းတမ်းလှပေသည်။
သို့ဖြစ်ရာကျုံးရှန်၏ ရှီးရွှယ်ငရဲစွမ်းအင်များဖြင့်အသွင်ပြောင်းထားသည့်ဓားသည် မူလဇစ်မြစ်ကြိုးကို လုံးဝ ပိုင်းဖြတ်ပစ်လိုက်လေသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် အကာအကွယ် အတားအဆီးတစ်ခု ထွက်ပေါ်လာပြီး စားဖိုမှူးကမ္ဘာငယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အမှောင်ထု ကျဆင်းလာသည်နှင့် လောကကြီးမှာ ငြိမ်သက်သွားရလေသည်။
အကယ်၍ ဤအချိန်တွင် စားဖိုမှူးကမ္ဘာငယ်၏ ပြင်ပဟင်းလင်းပြင်၌ အဆင့်မြင့် နတ်ဘုရားတစ်ပါး ရှိနေပါက ထိုနတ်ဘုရားသည် စားဖိုမှူးကမ္ဘာငယ်တစ်ခုလုံးကို မည်းနက်သော ဥခွံ ကြီးတစ်ခုဖုံးအုပ်ထားသည်ကို မြင်တွေ့ရပေလိမ့်မည်။ ပျက်စီးသွားသော နယ်နိမိတ် အတားအဆီးများနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေသို့ ပွင့်သွားသော အက်ကွဲကြောင်းများမှာလည်း ထိုအမည်းရောင် အကာအကွယ်ကြောင့် ပြန်လည် ပိတ်ဆို့သွားရတော့သည်။
ထို့နောက် ကျုံးရှန်သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံသို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ဆူပူသောင်းကျန်းနေသော တုရှစ်ထော်နှင့် ရွှေရောင်ခြင်္သေ့သူတော်စင်တို့သည် ရုတ်တရက် အပြောင်းအလဲကြောင့် လန့်ဖျပ်သွားကြပြီးအခြေအနေကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် သူတို့ဘေးတွင် ဧရာမ လက်ဝါးကြီးနှစ်ခု ပေါ်ထွက်လာသည်။
တုရှစ်ထော်၏ အဆိပ်ငွေ့များနှင့် အဆိပ်ပညာရပ်များဖြစ်စေ၊ ရွှေခြင်္သေ့၏ ဓားအလင်းတန်းများဖြစ်စေ ထိုလက်ဝါးကြီးများ အနီးသို့ ရောက်လာခြင်းကို မတားဆီးနိုင်ကြချေ။ ဧရာမလက်ဝါးကြီးများသည် သူတို့နှစ်ဦးကို အလွယ်တကူပင် ဖမ်းဆီးလိုက်သည်။
ကျုံးရှန်သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်လျှင် ထိုသူနှစ်ဦးမှာ ကျုံးရှန်၏ လက်ဝါးအတွင်းကမ္ဘာထဲ၌ အကျဉ်းသားများသဖွယ် ပိတ်မိနေကြလေသည်။ ကျုံးရှန်၏လက်ဝါးကမ္ဘာသည် သူတော်စင်အဆင့် ၉ များကိုပင် အလွယ်တကူဖမ်းဆီးနိုင်ခြင်း ဖြစ်၏။
ကိစ္စများကို အလွယ်တကူ ဖြေရှင်းပြီးနောက် ကျုံးရှန်သည် ရှီဝေထျန်းကို လှည့်ကြည့်လိုက်သည်။
"ဒီခေတ်က ကောင်းကင်ဘုံ မျက်နှာသာပေးခံရတဲ့ ပါရမီရှင်တွေရဲ့ စိတ်နေစိတ်ထားက သိပ်မကောင်းဘူးပဲ..."
"အောင်မြင်မှုရဖို့ အလောကြီးလွန်းအားကြီးတယ်..."
ကျုံးရှန်သည် ခေါင်းမော့ကာ ဟင်းလင်းပြင်ရှိ တစ်စုံတစ်ရာကို လှောင်ပြောင်လိုက်လေသည်။
မကြာသေးမီကသူ တွေ့ခဲ့ရသော ကံကြမ္မာရှင်များမှာ စိတ်ဓာတ် ပုံမှန်ရှိသူ တစ်ဦးမျှ မပါဝင်ချေ။ အများစုမှာ ရူးသွပ်ခြင်း၊ ရက်စက်ခြင်းနှင့် စိတ်အပြောင်းအလဲ မြန်သူများသာ ဖြစ်ကြသည်။ စားဖိုမှူးကမ္ဘာငယ်၏ လောကအလိုအတိုင်း သဘာဝအလျောက် မွေးဖွားလာသော ဂျင်ချူရှောင်သာလျှင် စိတ်ဓာတ် အသင့်အတင့် ကောင်းမွန်သည်ဟု ဆိုရပေမည်။ အနည်းဆုံးတော့ သူသည် အခြေအနေကို ကြည့်၍ လိုက်လျောညီထွေ နေတတ်ပြီး သတ်ဖြတ်ခြင်းကို ဝါသနာမပါချေ။
ကျုံးရှန်သည်ထိုသို့ တွေးတောရင်း ခေါင်းကို ခါယမ်းလိုက်သည်။ စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွား ပေါ်ထွက်လာပြီဖြစ်ရာ ဤပြဇာတ်ကို အဆုံးသတ်သင့်ပြီ ဖြစ်၏။
ရှီဝေထျန်းသည်အမွေအနှစ်ဆက်ခံသူ၏ ထူးခြားသော ခန္ဓာကိုယ်ကို အသုံးပြု၍ စားဖိုမှူးကမ္ဘာငယ်၏ မူလဇစ်မြစ်ကို နှိုးဆွနေခြင်း ဖြစ်ပြီး သူနှင့် ကမ္ဘာ့မူလဇစ်မြစ်အကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ရုံဖြင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ ကျုံးရှန်သည် လက်ဝါးကမ္ဘာထဲတွင် ဖမ်းဆီးထားသော တုရှစ်ထော်နှင့် ရွှေခြင်္သေ့တို့ကို ချိပ်ပိတ်လိုက်ပြီး ဘေးသို့လွှတ် ပစ်ထားလိုက်သည်။
ထို့နောက်သူ၏ လက်ကို လှန်လိုက်လျှင် လက်ဝါးခန့် အရွယ်အစားရှိသော ကြေးညိုရောင် ခေါင်းလောင်းငယ်လေး တစ်ခု ပေါ်လာ၏။ ခေါင်းလောင်းလေးမှာ အလွန်ပင် ရှေးကျသော အရှိန်အဝါများ ရှိနေပြီး ကိုယ်ထည် ပေါ်တွင် ကမ္ဘာဦးခေတ် လူသားမျိုးနွယ်စု၏ ယဇ်ပူဇော်နေသော မြင်ကွင်းများကို ထွင်းထုထားသည်။ ကျုံးရှန် လက်ကို လှုပ်ရှားလိုက်လျှင် ခေါင်းလောင်းလေးမှာ ကောင်းကင်သို့ ပျံတက်သွားသည်။
ထို့နောက် နွေဦး၏ နွေးထွေးခြင်း၊ နွေရာသီ၏ ပူပြင်းခြင်း၊ ဆောင်းဦး၏ ကြွယ်ဝခြင်း ၊ ဆောင်းရာသီ၏ အေးစိမ့်ခြင်း နှင့် တစ်လောကလုံးကို ခြောက်သွေ့သွားစေမည့် မီးတောက်များကဲ့သို့ ပူပြင်းလှခြင်းစသည့် ခံစားမှုငါးမျိုးကိုပေးစွမ်းနိုင်သော ဆန်းကြယ်သည့်စွမ်းအားများ ထွက်ပေါ်လာ၏။
ငါးရာသီခေါင်းလောင်း…
ကမ္ဘာဦးခေတ်က ကမ္ဘာကြီးတွင် ရာသီ ၅ ခု ရှိခဲ့ဖူးသည်။ နွေ၊ မိုး၊ ဆောင်း၊ နွေဦး၊ ဆောင်းဦး အပြင် နောက်ထပ် ရာသီတစ်ခုမှာ ကောင်းကင်၌ ရွှေကျီးကန်း နေမင်း ဆယ်စင်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော ရာသီဖြစ်၏။ ထိုအချိန်က မြေကြီးများ ခြောက်သွေ့ကာ လူသားများမှာ အလွန် ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။
ရှေးဟောင်း နတ်ဘုရားဧကရာဇ်က လူသားမျိုးနွယ်မှ လေးသည်တော် ယိ ကို မြားနတ်ရထား အပ်နှင်းကာ နေမင်းကိုးစင်းကို ပစ်ချခိုင်းမှသာ ထိုပဉ္စမမြောက် ရာသီမှာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ဤ ငါးရာသီခေါင်းလောင်း မှာ လေးသည်တော် ယိ က နေမင်းများကို မပစ်ချမီ လူသားများ ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ရာမှ ရရှိခဲ့သော ရှေးဟောင်း နတ်ဘုရားလက်နက်တစ်ခု ဖြစ်၏။
ငါးရာသီခေါင်းလောင်းသည် လောက၏ ရာသီငါးမျိုးကို ပြောင်းပြန်လှန်နိုင်သော စွမ်းအားရှိရာ ကျုံးရှန်တစ်ယောက် ထိုခေါင်း လောင်းကိုအသုံးပြုလိုက်လျှင် ရာသီငါးမျိုး၏ မြင်ကွင်းများ တဖြတ်ဖြတ် လက်သွားပြီး ရှီဝေထျန်းကို လွှမ်းခြုံလိုက်၏။ ထိုအခါ ကမ္ဘာ့မူလဇစ်မြစ် စွမ်းအားများသည် ချက်ချင်းပင် ငြိမ်သက်သွားပြီး စားဖိုမှူးသူတော်စင်၏ ကိုယ်ပေါ်မှ မူလဇစ်မြစ်ကြိုးများလည်း ပျောက်ကွယ်သွားသည်။ မူလဇစ်မြစ် စွမ်းအားများအားလုံး လျင်မြန်စွာ ဆုတ်ခွာသွားကြပြီးငြိမ်သက်ခြင်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
စားဖိုမှူးကမ္ဘာငယ် အပြင်ဘက်တွင် ကျုံးရှန် ချထားသော အကာအကွယ် အတားအဆီး ရှိနေသမျှ ကာလပတ်လုံး ဤအခြေအနေသည် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွားမှာ အချုပ်အနှောင်မှ လွတ်မြောက်သွားသောအခါ ချက်ချင်း ပုန်းအောင်းထွက်ပြေးခြင်း မပြုဘဲ ခေါင်းမော့ကာ ကောင်းကင်ယံကို အံ့သြတကြည့်လိုက်သည်။
"ဒါ... ဒါက..."
"ဒါ ရှေးဟောင်း ကောင်းကင်သားတော် ယုရဲ့ မဟာအမှောင်ထု နတ်ဘုရားအကာအကွယ် မဟုတ်လား..."
"မင်းက ရှေးဟောင်း ကောင်းကင်သားတော်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့သူလား..."
စားဖိုမှူးသူတော်စင်၏ မျက်နှာမှာ အလွန်ပင် တုန်လှုပ်နေလေသည်။
ရှေးဟောင်း ကောင်းကင်သားတော်များ၊ ရှေးဟောင်း မဟာဧကရာဇ်များသည် အမြင့်ဆုံး အထွတ်အထိပ်နတ်ဘုရားအဆင့်သို့ ရောက်ရှိကာ လွတ်မြောက်မှုကို ရရှိခဲ့သူများ ဖြစ်ကြသည်။ သူတို့သည် နတ်ဘုရားနန်းတော်များ တည်ထောင်ပြီး ကမ္ဘာကို အုပ်စိုးခဲ့ကာဟင်းလင်းပြင်အပြင်ဘက်မှ နတ်ဘုရားနှင့် မိစ္ဆာ ကျူးကျော်မှုများကို တွန်းလှန်ခဲ့ကြသည်။
တစ်ချိန်က ကောင်းကင်သားတော် ယုသည် အမြင့်ဆုံး အထွတ်အထိပ်နတ်ဘုရားအဆင့် စွမ်းအားကိုသုံးကာ ဤအစီအရင်ကိုထုတ် ဖော်ခဲ့ပြီး မရေမတွက်နိုင်သော ကမ္ဘာပေါင်းများစွာကို လွှမ်းခြုံနိုင်ခဲ့သည်။ သို့ဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး အပါအဝင် မရေမတွက်နိုင်သော ကမ္ဘာငယ်များကိုပါ ကာကွယ်ပေးနိုင်ခဲ့သည်ဟု ဆိုကြသည်။
ဤအစီအရင်သည်လည်း စားဖိုမှူးကမ္ဘာငယ်တစ်ခုလုံးကို ဖုံးအုပ်ပြီး ချိတ်ပိတ်နိုင်စွမ်း ရှိသည်။အကယ်၍ ဒီလူက ရှေးဟောင်း ကောင်းကင်သားတော်ရဲ့ ဆက်ခံသူ အစစ်အမှန် ဖြစ်မယ်ဆိုရင် ထိုမျှအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းသည် မထူးဆန်းတော့ပါချေ။