← Chapters

သူတို့ရဲ့ နေရာပြောင်းရွှေ့မှုအတွက် ကျွန်တော် ငွေချေမယ်

Vol. 49 Ch. 721

သူတို့ရဲ့ နေရာပြောင်းရွှေ့မှုအတွက် ကျွန်တော် ငွေချေမယ်

Vol. 49 Ch. 721

ယခုတစ်ကြိမ် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရှင်ရှင်နှီးနှောဖလှယ်ပွဲကြီးမှာ သိသာထင်ရှားလှသော ကွာခြားမှုများနှင့် အဆုံးသတ်သွားခဲ့သည်။

အစပိုင်းတွင် ဟွာရှားသိပ္ပံသုတေသနအပေါ် သံသယဝင်ခဲ့ကြသော်လည်း ကျန်းမုန့်လောင်နှင့် အခြားလူများ ဦးဆောင်သော အစည်းအဝေးခန့်မတိုင်းတွင် လူတိုးမပေါက်အောင် စည်ကားခဲ့သဖြင့် ပါမောက္ခဝမ်၏ "အနှစ်သာရအစစ်အမှန်"နိယာမကို သက်သေပြနိုင်လိုက်ပြန်သည်။

တတ်လည်းမတတ်နိုင်ပေ။ ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့က တင်ပြသည့် ဟောပြောချက်များနှင့် အစီရင်ခံစာများမှာ အလွန်ကောင်းမွန်ပြီး အဆင့်အမြင့်ဆုံး သုတေသနရလဒ်များကိုပင် အပြတ်အသတ်အနိုင်ယူပစ်ခဲ့သဖြင့် သူတို့အတွက်လည်း ဗဟုသုတများစွာ ရရှိခဲ့သည်။

အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းမှ စောင့်ကြည့်နေသော ခေါင်းစဉ်များအကြောင်း ဆွေးနွေးသောအခါ လူအယောက်နှစ်ရာသာဆံ့သော ခန်းမထဲသို့ လူအယောက်တစ်ထောင်ခန့် တိုးဝှေ့ဝင်ရောက်ခဲ့ကြသဖြင့် အခြားနိုင်ငံမှ သတင်းထောက်များပင် ရှက်ရွံ့ခဲ့ရသည်။

ကျန်းမုန့်လောင်၏ခန်းမထဲတွင် နိုဘယ်ဆုရှင်ဖြစ်စေ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်မှ ပါမောက္ခတစ်ယောက်ပင်ဖြစ်စေ ထိုင်ခုံနေရာမရပါက မတ်တတ်ရပ်၍ နားထောင်ရမည်ဖြစ်၏။

ဟောပြောပို့ချချက် ပြီးသွားသည့်တိုင်အောင် သူတို့ကတော့ မလုံလောက်နိုင်သေးပေ။ ပင်မနည်းပညာတချို့နှင့် အချက်အလက်အချို့ကိုမူ လူသိရှင်ကြားထုတ်ပြန်ကြေညာမည်မဟုတ်ချေ။

ထို့ကြောင့် လူတော်တော်များများက နောင်တစ်ချိန်တွင် ဟွာရှားနိုင်ငံ၌ လေ့လာခွင့်ရရန် မျှော်လင့်လျက် ကျန်းမုန့်လောင်အနားတွင် ဝိုင်းနေကြသည်။ အထူးသဖြင့် ကျန်းမုန့်လောင်၏အမိကျောင်းတော် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ပင်။ ထိုကျောင်းမှာ အလွန်နှိမ့်ချပြီး လျှို့ဝှက်ဆန်းကြယ်ကာ အံ့ဩဖို့ကောင်းသည့်နေရာတစ်ခုဖြစ်ရပေမည်။

သူ ဟွာရှားနိုင်ငံသို့ ပြန်ရောက်သည်နှင့် ဟန်ကျင်းယွီက သူ့အား ဖုန်းဆက်လာသည်။

"မုန့်လောင် သတင်းကောင်းပါတယ်"

"ကျွန်တော့်ဆီကို ပါမောက္ခကိုယ်တိုင် ဖုန်းဆက်ရလောက်အောင် ဘာတွေများပျော်စရာကောင်းနေတာလဲ"

"ဟားဟားဟား ခန့်မှန်းကြည့်လေ"

ဟန်ကျင်းယွီက စနောက်လိုက်သည်။

"ကျွန်တော်ခန့်မှန်းနိုင်မလားဆိုတာကို ဆရာ ခန့်မှန်းကြည့်မလား"

"မင်းနဲ့စကားပြောရတာ တော်တော်ပျင်းဖို့ကောင်းတာပဲ"

ဟန်ကျင်းယွီက ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

"ကဲ.. ငါပဲ ပြောပြတော့မယ်။ ငါတို့တက္ကသိုလ်က အဆင့်တက်သွားပြန်ပြီ။ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ငါးခုပဲရှိတဲ့ အမျိုးသားအဆင့်ဦးဆောင်တက္ကသိုလ်စာရင်းထဲ ပါသွားပြီ။ ယန်ကျင်းတက္ကသိုလ်၊ ချင်ပေ့တက္ကသိုလ်၊ ကျန်းနန်တက္ကသိုလ်၊ မော့တုသယ်ယူပို့ဆောင်ရေးတက္ကသိုလ်နဲ့ ငါတို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ဆိုပြီး ဖြစ်သွားပြီ"

ဟန်ကျင်းယွီမှာ အလွန်စိတ်လှုပ်ရှားတက်ကြွနေသည်။

"ကမ္ဘာ့ပညာရှင်နှီးနှောဖလှယ်ပွဲမှာ မင်း ဘယ်လောက်တောင်လှုပ်ခတ်သွားအောင် လုပ်နိုင်ခဲ့လဲဆိုတာ မသိဘူးနော်။ မင်းတင်ပြခဲ့တဲ့ ခေါင်းစဉ်တိုင်းက နိုဘယ်ဆုရှင်တွေကိုတောင် အလင်းပွင့်သွားစေတယ်။ အခု သူတို့တွေအားလုံး ငါတို့ကျောင်းကို လာလေ့လာဖို့ စိတ်အားထက်သန်နေကြပြီ"

"လေ့လာရုံတင်မဟုတ်ဘူး။ လာသင်ယူကြမှာ။ သင်ယူတာနော်။ နိုဘယ်ဆုရှင်တွေက မင်းဆီမှာ လာသင်ယူမယ်ဆိုတာ ဘာကိုကိုယ်စားပြုလဲဆိုတာ သိလား"

"အဲဒါက ပုံမှန်ပဲမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"သူတို့က ကျွန်တော့်လောက် မတော်ကြဘူးလေ။ တိုးတက်ချင်ရင်တော့ လာသင်ရမှာပေါ့။ ဒါက ဘာများမှားနေလို့လဲ။ စိတ်အေးအေးထားပါ ပါမောက္ခရာ.. ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ"

"မင်း နားမလည်ပါဘူး"

ဟန်ကျင်းယွီက စိတ်လှုပ်ရှားပျော်ရွှင်စွာ ပြောလိုက်လေသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နယ်ပယ်အသီးသီးက နိုဘယ်ဆုရှင်အယောက်သုံးဆယ်ကျော်က လာရောက်ခွင့်လျှောက်လွှာတင်ထားတယ်။ ဟားဗတ်၊ စတန်းဖို့ဒ်၊ ကိန်းဘရစ်ချ်တို့လို အိုင်ဗီလိဂ်တက္ကသိုလ်တွေက ပါမောက္ခတွေကလည်း လျှောက်လွှာပေါင်းများစွာ တင်ထားကြတာ။ အခု တစ်ကမ္ဘာလုံးက ငါတို့ကျောင်းကို လာချင်နေကြတာ"

"သူတို့ကို တန်းစီခိုင်းထားလိုက်။ နံပါတ်စဉ်လေး ကိုင်ခိုင်းထားပေါ့ဗျာ"

"ဟုတ်တယ်။ အလှည့်ကျော်ချင်တဲ့ အိုင်ဗီလိဂ်တက္ကသိုလ်ပါမောက္ခတွေအများကြီးရှိတယ်။ တကယ်ပါပဲ.. နိုဘယ်ဆုရှင်တွေတောင် တန်းစီနေရတာကို သူတို့က ဘာမို့လို့လဲ"

ဟန်ကျင်းယွီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

"ထိပ်တန်းပညာရှင်တွေတင်မကဘူး။ လျှောက်လွှာတင်တဲ့လူအရေအတွက်က ရေတွက်လို့တောင်မရတော့ဘူး"

ကျန်းမုန့်လောင်၏ သုတေသနအဖွဲ့ထဲတွင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများမှ နိုင်ငံခြားသားများ ရှိသည်။ အမှန်အတိုင်းပြောရလျှင် သူတို့၏ပညာရေးအဆင့်က တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်နိုင်ရန်အတွက် မလုံလောက်ပေ။ ထို့ကြောင့် သူတို့အနေနှင့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကဲ့သို့ ပထမအဆင့်တက္ကသိုလ်ကိုသာ လာတက်နိုင်ကြသည်။

သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားလေပြီ။ ကျောင်းရှိ နိုင်ငံခြားကျောင်းသားများမှာ ယခုမူ ခေါင်းမော့ရင်ကော့၍ သွားလာနိုင်ပြီဖြစ်၏။ သူတို့ အမိနိုင်ငံသို့ ပြန်ရောက်သွားပြီး ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် တက်ခဲ့သည်ဟု ပြောလိုက်ပါက အားလုံးက သူတို့ကို အားကျသော အကြည့်များဖြင့် ကြည့်ကြမည်သာ။

ယခင်တုန်းက ပြည်တွင်းပြည်ပရှိ လူတိုင်းက နာမည်ကြီးတက္ကသိုလ်များတွင် တက်ရောက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း ယခုမူ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်ရရန် အသည်းအသန်ကြိုးစားနေကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရရှိခဲ့သော လျှောက်လွှာအရေအတွက်မှာ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ရရှိခဲ့သည့် အရေအတွက်ထက် ပိုများနေပေသည်။ အိုင်ဗီလိဂ်တက္ကသိုလ်များမှ ကျောင်းသားများပင် ထိုနေရာ၌ ဆက်လက်သင်ကြားမည့် အခွင့်အရေးကို လက်လွှတ်ကာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို လာတက်ချင်နေကြသည်။

ယခုအချိန်တွင် ဤနေရာကား ကမ္ဘာ့ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ဗဟိုချက်ဖြစ်လာလေပြီ။ သစ်ပင်တန်းများဖြင့် ပြည့်နှက်နေသော ကျောင်းဝန်းအတွင်း လမ်းလျှောက်ရင်း နိုဘယ်ဆုရှင်တစ်ယောက်နှင့်လည်း ကြုံကြိုက်နိုင်သည်။

သန့်စင်ခန်းသွားရင်း ဘေးအခန်းမှ အိမ်သာသုံးစက္ကူတောင်းမိသည့် လူကလည်း အိုင်ဗီလိဂ်ကျောင်းတစ်ကျောင်းမှ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်လည်း ဖြစ်နေနိုင်သည်။

ဧည့်သည်နှင့် ကျောင်းသားများ အဆမတန်များပြားလာသောကြောင့် လက်ရှိကျောင်းဝင်းက မလုံလောက်တော့ချေ။ မပြီးပြတ်သေးသော ခန့်မှန်းချက်များအရ လာမည့်နှစ်တွင် ကျောင်းဝင်းကို သုံးဆမှ ငါးဆအထိ ချဲ့ထွင်ရန် လိုအပ်မည်ဖြစ်၏။

"ငါတို့ တခြားနေရာတွေအတွက်လည်း လျှောက်လွှာတင်ထားပြီ"

ဟန်ကျင်းယွီက ပြောလိုက်၏။

"မကြာခင် ငါတို့ကျောင်းက ကျန်းနန်တက္ကသိုလ်လိုမျိုး နယ်မြေအနှံ့မှာ တက္ကသိုလ်ခွဲတွေ ရှိလာတော့မှာ"

"အဲဒီအကြံက သိပ်မကောင်းဘူးထင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျောင်းတစ်ခုလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ဆောက်လိုက်တာပဲ ပိုကောင်းလိမ့်မယ်။ အဲဒီလိုဆိုရင် စီမံခန့်ခွဲရတာလည်း ပိုလွယ်သလို ကျောင်းရဲ့စည်းလုံးမှုကိုလည်း ပြရာရောက်တယ်။ စဉ်းစားကြည့်လေ။ တခြားလူတွေ ကျောင်းထဲဝင်လာရင် ကျွန်တော်တို့ကျောင်းထဲမှာ နေရာအကျယ်ကြီးဖြစ်နေပြီး အတန်းတက်ဖို့တောင် ဘတ်စ်ကားစီးသွားရတာမျိုးဖြစ်နေရင် ဘယ်လောက်မိုက်လိုက်သလဲ"

"အဲဒီအကြံက ကောင်းပါတယ်။ ငါတို့ကျောင်းအတွက် ပိုဂုဏ်ရှိတာမှန်ပါတယ်"

ဟန်ကျင်းယွီက ရှင်းပြလိုက်သည်။

"ဒါပေမဲ့ လက်တွေ့မကျဘူးလေ။ ငါတို့ကျောင်းရဲ့ဘေးနားမှာ ကျန်းနန်တက္ကသိုလ်ရယ် ကျန်းနန်ဘဏ္ဌာရေးနဲ့စီးပွားရေးတက္ကသိုလ်ရယ် ကျန်းနန်ကွမ်တမ်တက္ကသိုလ်တွေရှိတယ်။ သူတို့ကို နေရာဖယ်ခိုင်းပြီး ကျောင်းကို ချဲ့ထွင်လို့မရဘူးမလား"

"အိမ်း…"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ သူတို့ကို ရွေးချယ်စရာနှစ်ခုပေးလိုက်လို့ရတယ်လေ။ တစ်ခုက ကျွန်တော်တို့နဲ့ပေါင်းပြီး ကျောင်းတစ်ကျောင်းတည်းအဖြစ် ပေါင်းမလား။ ဒါမှမဟုတ် တခြားနေရာကို ပြောင်းပေးမလားဆိုပြီးတော့လေ"

"မင်း လာနောက်နေတာလား"

ဟန်ကျင်းယွီက ရယ်မောလိုက်သည်။

"သူတို့ဘက်က သဘောတူတယ်ဆိုရင်တောင် ပညာရေးနဲ့ သုတေသနဌာနက ခွင့်ပြုမှာမဟုတ်ဘူး"

"ဒါဆို သူတို့ကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းလိုက်လေ။ ကျွန်တော် သူတို့ကို ပိုကြီးတဲ့ကျောင်းဝင်းတစ်ခု ဆောက်ပေးလိုက်မယ်"

"ဟားဟားဟား… မင်းကတော့ မင်းပါပဲကွာ"

အစတုန်းက ဟန်ကျင်းယွီခမျာ ကျန်းမုန့်လောင်စနောက်နေသည်ဟု ထင်ခဲ့သော်လည်း ဖုန်းတစ်ဖက်မှ အသံကို ကြားလိုက်ရသည်။

"ဟုန်းရီ… ကျောင်းဘေးက မြေတွေအကုန်ဝယ်ဖို့ နည်းလမ်းရှာလိုက်။ ကုမ္ပဏီဆိုရင်လည်း မြေဝယ်ပြီး အသစ်ဆောက်ပေးလိုက်။ ကျောင်းဆိုရင် မြေကွက်ရောင်းပေးပြီး အသစ်ဆောက်ပေးလိုက်"

"ဟုတ်ကဲ့"

ဟုန်းရီက ပြောလိုက်၏။

"ကျန်းနန်မြို့ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ မသုံးရသေးတဲ့မြေတွေအများကြီးရှိပါတယ်။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ဂုဏ်သတင်းကြောင့် ကျန်းနန်မြို့ကလည်း မျက်နှာသာပေးလောက်မယ်ထင်ပါတယ်"

"ကောင်းပြီ။ အဲဒီလိုပဲလုပ်ကြတာပေါ့"

"မုန့်လောင် မင်း.. မင်း တကယ်ပြောနေတာလား"

ဟန်ကျင်းယွီခမျာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ယခုလိုကြီးမားလှသော ဆုံးဖြတ်ချက်တစ်ခုကို စကားနည်းနည်းမျှဖြင့် ဆုံးဖြတ်လိုက်သတဲ့လား။

"ဒါက အသေးအဖွဲလေးပါ။ ပိုက်ဆံရှိရင် အကုန်ဖြေရှင်းလို့ရပါတယ်"

"ကောင်းပြီလေ။ ငါ ကျောင်းအုပ်ကြီးကို ချက်ချင်းသွားပြောလိုက်မယ်"

ဟန်ကျင်းယွီ အလွန်စိတ်လှုပ်ရှားနေမိသည်။ အကယ်၍ ကျန်းမုန့်လောင်သာ လုပ်နိုင်ခဲ့လျှင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ငါးဆကျော်ကျယ်ဝန်းသွားပြီး အခြားကျောင်းများကပင် သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

"ပြီးတော့…"

ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။

"နိုင်ငံခြားကျောင်းသားတွေကို လွယ်လင့်တကူပေးဝင်လို့မဖြစ်ဘူးနော်"

"မပူနဲ့။ အခု လျှောက်လွှာတင်ထားတဲ့ ကျောင်းသားတွေက မနည်းမနောပဲ။ ငါတို့ သေချာရွေးချယ်မှာပါ။ ငါတို့ကျောင်းမှာ မဟာဘွဲ့ ဒါမှမဟုတ် ပါရဂူဘွဲ့တက်ချင်ရင် ပညာရပ်ဆိုင်ရာအောင်မြင်မှုတွေရှိမှရမယ်"

"အဲဒါတင်မကဘူး"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"နိုင်ငံခြားသွားမယ်ဆိုရင် IELTSတို့ TOEFLတို့‌ ဖြေရတယ်မလား။ အဲဒီတော့ ကျွန်တော်တို့ဟွာရှားကို လာချင်တယ်ဆိုရင် တရုတ်စာတော့ နားလည်သင့်တယ်မလား"

"ဘာကိုဆိုလိုချင်တာလဲ"

"တရုတ်စာနားထောင်မှုစွမ်းရည်စစ်ဆေးမှုလိုမျိုးပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော်တို့ကျောင်းကို လာချင်ရင် သူတို့ဘာသာစကားကို နေ့တိုင်းပြောလို့မရဘူး။ ဟွာရှာဘာသာကို ပြောတတ်တယ်။ စံနှုန်းကလည်း မြင့်ရတယ်။ ဒေသိယစကားတွေကိုပါ ထည့်သွင်းရမယ်။ နိုင်ငံခြားသားတစ်ယောက်က 'နိုင်ငံတိုင်းမှာ ကိုယ်ပိုင်နိုင်ငံတော်သီချင်းရှိတယ်'ဆိုတာကို ကန်တုံလေသံနဲ့ ပီပီသသပြောနို်ငပြီဆိုရင် ကျွန်တော်တို့ပညာရေးက အောင်မြင်ပြီလို့ ‌ပြောလို့ရတယ်"

"ဟားဟားဟား… မဖြစ်နိုင်တာ။ ကန်တုံစကားက အရမ်းခက်တာ။ ငါတော့ ကြက်တစ်ကောင်ဖြစ်သွားသလိုတောင် ခံစားရတယ်"

"ဟားဟားဟားဟား"

All Chapters