ငါပြောတာတွေအကုန် အမှန်တွေချည်းပဲ
Vol. 49 Ch. 722
"ဟို.. မုန့်လောင်…ပြောသင့်လားမပြောသင့်လားတော့ မသိဘူး"
ဟန်ကျင်းယွီက တွေဝေတုံ့ဆိုင်းနေဟန်လေသံဖြင့် ဆိုလာလေသည်။
"ပြောပါ"
"မင်းရဲ့သုတေသနခေါင်းစဉ်တွေက ငါတို့တက္ကသိုလ်နာမည်နဲ့ တင်ထားတာဆိုပေမဲ့ အမှန်အတိုင်းပြောရရင် ငါတို့ကျောင်းက နယ်ပယ်တစ်ခုချင်းစီက ဆရာတွေရဲ့ အရည်အချင်းက မင်းရဲ့အောင်မြင်မှုတွေနဲ့ယှဉ်ရင် အရမ်းအလှမ်းဝေးလွန်းနေတယ်"
ဟန်ကျင်းယွီက ရှက်ရွံနေဟန်ဖြင့် ပြောလိုက်လေသည်။
ကျန်းမုန့်လောင်က ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်ဖြစ်သော်ငြား ဤအောင်မြင်မှုများမှာ သူတို့တက္ကသိုလ်နှင့် လုံးဝမသက်ဆိုင်ကြောင်း ဟန်ကျင်းယွီ ကောင်းကောင်းသိသည်။ အကယ်၍ ကျန်းမုန့်လောင်သာ ဝင်မပါလျှင် မည်သူကမှ ဤကိစ္စရပ်များကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
အခြားနိုင်ငံမှ ပညာရှင်များ လာရောက်သည့်အခါ မေးခွန်းပေါင်းစုံမေးကြမည်မှာ အသေအချာပင်။ ကျောင်းရှိ ဆရာများ၏ လက်ရှိသုတေသနအဆင့်အတန်းနှင့်ဆိုလျှင် ထိုမေးခွန်းများကို ပြန်ဖြေရန် အရည်အချင်းလုံလောက်မှုမရှိမည်ကို စိုးရိမ်မိသည်။ ထိုအချိန်တွင် သူတို့ကျောင်း၏အားနည်းချက်များ ပေါ်သွားပေလိမ့်မည်။
"ဒါက လွယ်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခဏနေရင် ကျွန်တော် အချက်အလက်တချို့ ပို့ပေးလိုက်မယ်။ သက်ဆိုင်ရာနယ်ပယ်က ပါမောက္ခတွေကို ဆယ်ရက်ကနေ ဆယ့်ငါးရက်အတွင်း သေချာလေ့လာခိုင်းလိုက်။ အဲဒီလိုဆိုရင် အဲဒီပညာရှင်တွေရဲ့မေးခွန်းကို ပြန်ဖြေဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး"
"ကောင်းတယ်"
ဟန်ကျင်းယွီ သက်မချလိုက်မိသည်။
"ဒါပေမဲ့ မုန့်လောင်… မင်းကိုပဲ အမြဲအားကိုးနေလို့မရဘူးလေ။ ငါတို့တက္ကသိုလ်က ဆရာတွေနဲ့ ကျောင်းသားတွေရဲ့ သုတေသနစွမ်းရည်နဲ့ ဗဟုသုတကို မြှင့်တင်ဖို့ လိုနေပြီ။ မင်းမှာ ဘာအကြံရှိလဲ"
ကျန်းမုန့်လောင် ခဏငြိမ်သွားသည်။ အမှန်ပင်။ နောင်တစ်ချိန်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်သည်။ နိုင်ငံတကာအစည်းအဝေးများနှင့် သိပ္ပံညီလာခံများလည်း ခဏခဏရှိနေမည်ဖြစ်ရာ သူ့ကို အမြဲအားကိုးနေ၍မဖြစ်ပေ။
သူ့မှာ ကိုယ်ပွားဖန်တီးနိုင်သည့် စွမ်းအားရှိလျှင်ပင် လူတစ်ယောက်က ဤမျှများပြားသော ကိစ္စရပ်များကို ကိုင်တွယ်နိုင်မည်မဟုတ်ချေ။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ သုတေသနအဆင့်အတန်းက ကမ္ဘာ့ထိပ်တန်းစံနှုန်းသို့ ရောက်ရှိနေပြီး ရေဒီယိုတယ်လီစကုပ်နှင့် အမှုန်ခွဲခြားစက်ကဲ့သို့သော အရာများမှာ ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များပင် မယှဉ်နိုင်သော်ငြား ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ သင်ကြားရေးနှင့် သုတေသစွမ်းရည်မှာမူ အားနည်းနေဆဲပင်။ ဤပြဿနာကို သူတို့အနေနှင့် အခြေခံကျကျ ပြောင်းလဲပစ်ရန် လိုအပ်လေသည်။
"ဒီလိုလုပ်ရအောင်"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်၏။
"ကျွန်တော် အကြံရပြီ"
"ဘာအကြံလဲ"
ဟန်ကျင်းယွီလည်း ကပျာကယာမေးခွန်းထုတ်လိုက်သည်။
"ဗျူဟာနှစ်ခုရှိတယ်။ ပထမတစ်ခုက လူခေါ်ဖို့ပဲ"
ကျန်းမုန့်လောင်က အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့တက္ကသိုလ်မှာ စက်ပစ္စည်းကိရိယာတွေလည်း အစုံအလင်ရှိတယ်။ နာမည်လည်းရှိတယ်။ ထိပ်တန်းပညာရှင်တွေကို ဒီမှာ စာလာသင်ဖို့ မဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသော ပြဿနာက အကျိုးခံစားခွင့်ပဲ"
"မုန့်လောင် အကျိုးခံစားခွင့်က ပြဿနာမဟုတ်ဘူး"
ဟန်ကျင်းယွီက ဆိုလေသည်။
"ငါတို့တက္ကသိုလ်ရဲ့ ဘတ်ဂျက်က လေးဆလောက်တက်သွားတာ။ လစာကို ကောင်းကောင်းပေးနိုင်ပေမဲ့ မင်းသိတဲ့အတိုင်း ဒီလူတွေက လစာကို ဂရုမစိုက်ဘူး။ တော်တော်များများက တခြားမြို့တွေမှာ အခြေချနေကြတာဆိုတော့ ငါတို့တက္ကသိုလ်မှာ အလုပ်လာလုပ်မယ်ဆိုရင် ကိစ္စတွေအများကြီး ရှုပ်ထွေးသွားနိုင်တယ်"
"ဒါက လွယ်ပါတယ်။ ကျွန်တော် ကျောင်းအတွက် နောက်ထပ်ဒေါ်လာတစ်ဆယ်ဘီလီယံ ထပ်လှူလိုက်မယ်လေ။ ကျောင်းနားမှာ လူနေအိမ်ရာတွေ အများကြီးရှိတယ်မလား။ အဲဒါတွေအကုန်ဝယ်ပြီး ဆရာတွေနေမဲ့အိမ်အဖြစ် ပြောင်းလိုက်မယ်လေ။ အဆင့်အတန်းအလိုက် သာမန်အိမ်တွေကို သာမန်ဝန်ထမ်းတွေကိုပေးပြီး ဗီလာတွေကိုတော့ ထူးချွန်တဲ့လူတွေကို ပေးလိုက်မယ်။ နေရေးထိုင်ရေးပြဿနာပြေလည်သွားရင် ကျန်တဲ့နေထိုင်ခွင့်စာရင်းသွင်းရေးကိစ္စတွေကို ကျောင်းက အသာလေးဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီလိုဆိုရင် ပြဿနာပြေလည်သွားပြီမလား"
ကျန်းမုန့်လောင်၏ ဗြောင်ကျပြီး တဲ့တိုးဆန်သော နည်းလမ်းကြောင့် ဟန်ကျင်းယွီ ထိတ်လန့်သွားရပြန်သည်။ ထိုခံစားခွင့်မျိုးပေးလာလျှင် ထိပ်တန်းပညာရှင်များ အထူးသဖြင့် လူငယ်များက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို အပြေးအလွှားလာကြမည်မှာ ကျိန်းသေသည်။
တက္ကသိုလ်အဆင့်အတန်းလား။ ကျန်းနန်တက္ကသိုလ်က ယခုအချိန်တွင် တစ်နိုင်ငံလုံး၌ အဆင့်ငါးအတွင်း ဝင်နေပြီဖြစ်၏။
သိပ္ပံသုတေသနအခြေအနေလား။ ကိုယ်လိုချင်သည့် ကိရိယာမှန်သမျှ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် အကုန်ရှိသည်။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအဆင့်လား။ ကျန်းနန်မြို့က နိုင်ငံထဲတွင် တိုးတက်မှုအမြန်ဆုံးမြို့တစ်မြို့ပင်။
အကျိုးခံစားခွင့်လား။ သူတို့က လစာသာမက နေအိမ်များကိုပါ ပေးဦးမည်ဖြစ်၏။ ပြန်ရောင်းချင်လျှင်ပင် ရောင်းနိုင်သည့် အိမ်ဂရန်မျိုးပါသည့် အိမ်များပင်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အနီးရှိ အိမ်ဈေးနှုန်းများအရ အိမ်တစ်လုံးလျှင် သန်းပေါင်းများစွာတန်ဖိုးရှိသည်။
ဤသို့သောအခွင့်အရေးမျိုးကို မည်သူက ငြင်းပယ်နိုင်မည်နည်း။
"နောက်ထပ်နည်းလမ်းတစ်ခုကတော့.."
ကျန်းမုန့်လောင် ခဏမျှစဉ်းစားကြည့်လိုက်သည်။
"ဆရာဟန်.. ကျောင်းအတွက် သုတေသနပါရမီရှင်တွေကို ကျွန်တော်ကိုယ်တိုင် လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်"
"မင်းမှာ နည်းလမ်းရှိတာပဲ"
ကျန်းမုန့်လောင်တွင် လျှို့ဝှက်လေ့ကျင့်ရေးအဖွဲ့အစည်းတစ်ခုခုများ ရှိသလားဟု ဟန်ကျင်းယွီ တွေးနေမိသည်။ မဟုတ်ပါက သန္ဓေသားဘဝကတည်းက လေ့လာသင်ယူခဲ့မည်ဆိုလျှင်ပင် သူတစ်ယောက်တည်း ဤမျှအထိ စွမ်းဆောင်ရန် မဖြစ်နို်ငပေ။
"ကျွန်တော့်အတွက် ကျောင်းကနေ စိတ်ချရတဲ့လူတွေ ရှာပေးပါ။ လူငယ်တွေဖြစ်ရင် ပိုကောင်းတယ်။ သူတို့တွေက တကယ်ပါရမီထူးတဲ့လူတွေ ဖြစ်မှရမယ်။ ကျွန်တော်သုံးမဲ့လေ့ကျင့်ရေးနည်းလမ်းက ပါရမီပိုင်းဆိုင်ရာ သတ်မှတ်ချက် အရမ်းမြင့်တယ်"
"ရတယ်လေ"
ဟန်ကျင်းယွီ ချက်ချင်းသဘောတူလိုက်သည်။
"မနှစ်တုန်းက ငါတို့ကျောင်းမှာ ပါရမီရှင်သင်တန်းတစ်ခု ဖွင့်ထားတယ်။ ကျောင်းသား၃၉ယောက်ပါတယ်။ သူတို့တွေအကုန်လုံးက နိုင်ငံအနှံ့က တက္ကသိုလ်ဝင်စာမေးပွဲမှာ ထိပ်ဆုံးအဆင့်နဲ့ အောင်မြင်ခဲ့တဲ့လူတွေချည်းပဲ။ သူတို့ရဲ့ဉာဏ်ရည်က ထိပ်တန်းအဆင့်ပဲ"
"အင်း.."
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ သူတို့တွေအကုန်လုံး အရွေးခံရမယ်လို့တော့ အာမမခံဘူးနော်။ ကျွန်တော့်စံနှုန်းနဲ့ကိုက်ညီတဲ့လူဆယ်ယောက်လောက် ရှိရင်တောင် တစ်ကျောင်းလုံးကို ကူညီထောက်ပံ့ပေးဖို့ လုံလောက်ပါပြီ"
"ကောင်းပြီ။ ဒီကိစ္စကို ငါ တာဝန်ယူလိုက်မယ်။ ကျောင်းအုပ်ကြီးနဲ့ အဲဒီအကြောင်း သွားဆွေးနွေးပြီး နောက်အကျဆုံး သုံးရက်အတွင်း အဖြေပြန်ပေးမယ်"
"ဟုတ်ကဲ့.. ဒါဆို ဒီလောက်ပဲနော်"
...
ကျန်းမုန့်လောင်လည်း ဖုန်းဖွင့်ကြည့်လိုက်သည်။ အမှန်တကယ်တွင် ဟွာရှားနိုင်ငံရှိ လူငယ်လေးများထဲတွင် အဆင့်မြင့်ပညာရေးသင်ကြားသူများကလွဲလျှင် သိပ္ပံသုတေသနကို စိတ်ဝင်စားသူဟူ၍ အလွန်နည်းပါးလှသည်။
ထူးချွန်ဆုရရှိသည့် ပညာရှင်တစ်ယောက်ကို "အရမ်းမိုက်တာပဲ"၊ "အထင်ကြီးဖို့ကောင်းလိုက်တာ"စသော မှတ်ချက်များ ပေးရုံလောက်သာရှိသည်။
တကယ်တမ်းတွင်မူ ဟွာရှားနိုင်ငံရှိ ထိုပညာရှင်၏နာမည်အပြည့်အစုံကိုပင် သူတို့ မသိကြပေ။ သူတို့က သူများယောင်တိုင်း လိုက်ယောင်နေကြသူများသာ။
သို့သော် ဤကာလအတွင်း ကျန်းမုန့်လောင်က သိပ္ပံသုတေသနထောက်ပံ့ရေးဖောင်ဒေးရှင်းကို တည်ထောင်လိုက်သည့်အတွက် တစ်နိုင်ငံလုံးရှိ လူများမှာ သိပ္ပံပညာကို အလေးအနက်ထားလာကြသည်။ နိုင်ငံအသီးသီးကလည်း ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး သုတေသနပညာရှင်များ၏ အကျိုးခံစားခွင့်နှင့် မူဝါဒများကို မြှင့်တင်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတကာသိပ္ပံညီလာခံရှိ ကျန်းမုန့်လောင်၏စွမ်းဆောင်ရည်က ကမ္ဘာကို တုန်လှုပ်စေခဲ့ပြီး နယ်ပယ်ပေါင်းစုံမှ သုတေသနများကို ပိုအာရုံစိုက်လာကြသည်။
မနှစ်တုန်းက ယခုလိုအချိန်တွင် ဝေးပေါ်ကို ဖွင့်ကြည့်ပါက ဘယ်အနုပညာရှင်က ဘယ်သူနှင့်တွဲနေပြီး မည်သူက ထိခိုက်ဒဏ်ရာရခြင်းမျိုး သို့မဟုတ် ရသစုံရှိုးသတင်းများကိုသာ တွေ့ရတတ်သည်။
သို့သော် ယနေ့တွင်မူ ဝေးပေါ်ကို ဖွင့်ကြည့်လိုက်သောအခါ ရှာဖွေမှုအများဆုံးခေါင်းစဉ်တစ်ဝက်က နည်းပညာနှင့် ဆက်စပ်နေပေသည်။
"ဘယ်ပါမောက္ခက ဘယ်နယ်ပယ်တွင် အောင်မြင်သွားပြီ" သို့မဟုတ် "နို်ငငံတော်က ဘယ်နယ်ပယ်အတွက် ဘတ်ဂျက်ဘယ်လောက်တိုးပေးလိုက်ပြီ"စသော သတင်းများက တစ်နိုင်ငံလုံးအနှံ့ သိပ္ပံသုတေသနနှင့်ပတ်သက်ပြီး ရူးသွပ်စွဲလမ်းမှုကို ဖြစ်ပေါ်စေသည်။
"ဟင်.. ဒီခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်းသားပဲ"
ရေပန်းအစားဆုံးခေါင်းစဉ်ထဲမှ အကြောင်းအရာတစ်ခုက အလွန်ပွက်လောရိုက်နေကြောင်း ကျန်းမုန့်လောင် သတိထားလိုက်မိသည်။ ပေ့ချ်ကို နှစ်ခါလောက်ဆွဲချလိုက်လေရာ ထိုသတင်းက ထိပ်ဆုံးဆယ်ခုစာရင်းမှ နံပါတ်သုံးသို့ ရောက်သွားချေသည်။
"အရှေ့ပင်လယ်အသက်မွေးဝမ်းကြောင်းနည်းပညာကောလိပ်က ပါမောက္ခတစ်ယောက်က တကယ်တော့…"
"ဝိုး.. ဘယ်ခေတ်ကို ရောက်နေပြီလဲ။ စာဖတ်သူကို ဆွဲဆောင်ဖို့ ဒီလိုနည်းလမ်းတွေကို သုံးနေတုန်းလား။ ဒီနေ့ခေတ်မီဒီယာတွေကတော့ တကယ်ဦးနှောက်မရှိတာပဲ"
ကျန်းမုန့်လောင်လည်း ဤပါမောက္ခက ကျင့်ဝတ်နှင့်မညီသော မည်သည့်ကိစ္စမျိုးကို လုပ်ထားလေသလဲဆိုသည်ကို သိချင်စိတ်ဖြင့် ဝင်ကြည့်လိုက်သည်။
သို့သော် အကြောင်းအရာက သူထင်ထားသည်နှင့် တခြားစီပင်။ ထိုပါမောက္ခက မကောင်းသောလုပ်ရပ်များကို ကျူးလွန်ထားခြင်းမဟုတ်ပါဘဲ ကမ္ဘာကျော်သိပ္ပံဂျာနယ်တစ်ခုသို့ စာတမ်းတင်သွင်းခဲ့ရာမှ သူ့သုတေသနက ပေါက်ကြားသွားပြီးနောက် လူအများက သူ့ကို ရူးနေပြီဟု ဝေဖန်ခဲ့ကြသည်။
"ပြင်ပအာကာသက အချက်ပြလှိုင်းလား"
ကျန်းမုန့်လောင် စဉ်းစားကြည့်လိုက်သည်။ ထိုပါမောက္ခက နက္ခတ္တဗေဒနယ်ပယ်မှ ဖြစ်သော်ငြား သိပ်မကျော်ကြားပေ။ အသက်မွေးဝမ်းကြောင်းကောလိပ်တစ်ခုတွင် စာသင်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ့ပညာရေးနောက်ခံနှင့် သုတေသနစွမ်းရည်က သာမန်အဆင့်မျှသာရှိကြောင်း သိနိုင်ပေသည်။
နက္ခတ္တဗေဒပါမောက္ခတစ်ယောက်အနေနှင့် သာမန်အသက်မွေးဝမ်းကြောင်းနည်းပညာကောလိပ်တစ်ခုတွင် ဘာကြောင့်စာသင်နေရသလဲဆိုသည်ကို ကျန်းမုန့်လောင် မအံ့ဩမိချေ။ ယနေ့ခေတ်တွင် ပြိုင်ဆိုင်မှုများက ပြင်းထန်လွန်းလှသဖြင့် ထိပ်တန်းကျောင်းသားအယောက်တစ်ရာပင် အသက်မွေးဝမ်းကျောင်းကောလိပ်၌ နေရာတစ်နေရာရရန် လုနေကြရသည်မဟုတ်လော။ သို့ဖြစ်လေရာ ပါမောက္ခတစ်ယောက်က ပြိုင်ဆိုင်မှုများသည့်နေရာများကို ရှောင်ရှားပြီး ထိုကဲ့သို့သောနေရာများတွင် ကိုယ်ပိုင်သုတေသနလုပ်ငန်းများကို အေးအေးလူလူလုပ်ဆောင်နေခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။
သို့သော် သူ့နောက်ခံကြောင့် သူ၏သုတေသနရလဒ်ကို လူတွေက သံသယဝင်နေကြခြင်းပင်။
"ဟားဟားဟား… အဲဒါ ဘာအချက်ပြလှိုင်းလဲဆိုတာ ငါသိတယ်။ "ပြန်မဖြေနဲ့။ ပြန်မဖြေနဲ့။ ပြန်မဖြေနဲ့"ဆိုတာမလား"
"အပေါ်ထပ်က လူက သိပ္ပံဝတ္ထုတွေ တော်တော်ဖတ်တာပဲ။ ဒါက ပညာရပ်ပိုင်းဆိုင်ရာလိမ်လည်မှုနော်"
"အရှေ့ပင်လယ်အသက်မွေးဝမ်းကြောင်းနည်းပညာကောလိပ်လား။ အဲဒါက ဘယ်လိုအစုတ်ပလုတ်ကျောင်းမျိုးလဲ"
"အဲဒါက မြေတူးစက်မောင်းနည်းသင်ပေးတဲ့နေရာမလား"
"အဲဒါ လန်ရှန်းကွ"
"သူ သိပ္ပံဝတ္ထုတွေဖတ်တာများပြီး သူ့ကိုယ်သူ သိပ္ပံရုပ်ရှင်ရိုက်နေတယ်လို့ ထင်နေတာမလား"
...
ကောမန့်ထဲတွင် လှောင်ပြောင်ဝေဖန်ထားသော စကားများဖြင့် ပြည့်နှက်နေသည်။
ကျန်းမုန့်လောင်လည်း စူးစမ်းလိုစိတ်ဖြင့် ထိုပါမောက္ခ၏ဝေးပေါ်ပရိုဖိုင်းကို ဝင်ကြည့်လိုက်လေရာ သူတင်ထားသည့်ဆောင်းပါးအပြင် နောက်ဆုံးတင်ထားသည့် ပို့စ်တစ်ခုလည်း ရှိနေကြောင်း တွေ့လိုက်ရသည်။
"ငါပြောတာတွေအကုန် အမှန်တွေချည်းပဲ"