လမင်းကို ခွေးဟောင်ခြင်း
Vol. 49 Ch. 723
"အရှေ့ပင်လယ်အသက်မွေးဝမ်းကျောင်းနည်းပညာကောလိပ် ဟုတ်လား"
ကျန်းမုန့်လောင်လည်း ဤကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာကြည့်လိုက်သည်။
၎င်းမှာ သူ့ဇာတိမြို့ဖြစ်သော သုန်းကျီမြို့ရှိ အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခု ဖြစ်ပြီး အခြေခံအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူတိုင်း ဝင်ခွင့်ရသည့် ကျောင်းမျိုးပင်။
ကျောင်းသားများ၏ အရည်အသွေးမှာမူ ပြောနေစရာပင် မလိုချေ။ သုတေသနလုပ်နိုင်သည့် ပတ်ဝန်းကျင်မျိုးလည်း လုံးဝမရှိပေ။ ထိုကျောင်းသားများအနေနှင့် ဒေသခံရဲစခန်းသို့ သွားရောက်ရသည့်အကြိမ်ရေ နည်းပါးသွားလျှင်ပင် ကံကောင်းလှပြီဟု မှတ်ယူရသည့် အခြေအနေမျိုးပင်။
ရန်ပွဲများနှင့် ခိုက်ရန်ဖြစ်ပွားမှုများမှာ ထိုကျောင်းအတွက် ကြုံနေကျကိစ္စများပင်။
"ဒီလိုကျောင်းမျိုးမှာ ပါမောက္ခတစ်ယောက် ရှိတယ်ပေါ့"
ကျန်းမုန့်လောင် အလွန်အံ့သြသွားသည်။ ပိုအံ့သြဖို့ကောင်းသည်မှာ ထိုလူက နက္ခတ္တဗေဒပါမောက္ခတစ်ယောက် ဖြစ်နေသေးသည်။ အလုပ်အကိုင်စျေးကွက်က ဤမျှအထိ ပြိုင်ဆိုင်မှုပြင်းထန်သွားလေပြီလား။
အမှန်အတိုင်းပြောရလျှင် ဤကဲ့သို့သော ပညာရေးနောက်ခံနှင့် လုပ်ငန်းခွင်အခြေအနေကြောင့် ကျန်းမုန့်လောင်လည်း သတင်းကြားခါစက ရယ်စရာတစ်ခုဟုသာ ထင်ခဲ့မိသည်။
ခင်ဗျားက နည်းပညာကျောင်းက ဆရာတစ်ယောက်ဖြစ်ပြီးတော့ ကျောင်းသားတွေကို မဆုံးမနိုင်ဘူးလား...ဒါမှမဟုတ် နိုင်ငံရေးဘာသာရပ်ကို မသင်နိုင်ဘူးလား....
ထိုကျောင်း၏ သုတေသနအဆင့်အတန်းအရဆိုလျှင် ထိုပါမောက္ခ၏ ဗဟုသုတကို အထင်သေးခြင်း မဟုတ်သော်လည်း သူသည် ဟွာရှားလေကြောင်းတက္ကသိုလ်ကျောင်းဆင်းဖြစ်သည့်တိုင် ထိုကျောင်းတွင် တိကျသော စက်ကိရိယာများ ရှိမည်လော။ သူထုတ်ပြန်လိုက်သည့် အချက်အလက်များကလည်း ခိုင်လုံမည်လော။
"ငါလည်း ဝေဖန်ဦးမှပဲ"
ကျန်းမုန့်လောင်က ကီးဘုတ်ကိုင်ကာ လူမှုကွန်ရက်ပေါ်တွင် ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်သည်။
"နေဦး... ငါကပါ ဒီအတိုင်းလျှောက်ပြောနေရင် ထရိုးကောင်တွေနဲ့ ဘာကွာတော့မှာလဲ။ ဝေဖန်မယ်ဆိုရင်တောင် ခိုင်လုံတဲ့ အကြောင်းပြချက်ရှိဖို့လိုတယ်လေ"
ကျန်းမုန့်လောင်လည်း အန်ချင်စိတ်ကိုထိန်းချုပ်ရင်း အင်တာနက်အသုံးပြုသူများ ဝိုင်းဆဲနေကြသည့် ထိုဆောင်းပါးကို ဖတ်ကြည့်လိုက်သည်။
သို့သော် ဖတ်ကြည့်နေရင်း စိတ်ဝင်စားသွားရသည်။ တစ်ခုခုတော့လွဲနေပြီဟု သူ ခံစားလိုက်ရ၏။
ကျန်းမုန့်လောင်၏ဘဝတွင် အနှစ်သက်ဆုံးဝါသနာသုံးခုမှာ ကြွားဝါခြင်း၊ စန္ဒရားတီးခြင်းနှင့် နက္ခတ္တဗေဒပညာရပ်တို့ပင်။ မူလတန်းကျောင်းသားဘဝကတည်းက သူ့အိမ်တွင် ဝတ္ထုစာအုပ်နှင့် ကာတွန်းစာအုပ်ဟူ၍ မရှိသလောက်ပင်။ သူ့မိဘများကို အမြဲပူဆာပြီး ဝယ်ခိုင်းခဲ့သည့်အရာမှာ နက္ခတ္တဗေဒစာအုပ်များသာ။
နောက်ပိုင်းတွင် သူနှင့် သက်တူရွယ်တူများက နေအဖွဲ့အစည်းရှိ ဂြိုဟ်ရှစ်လုံး၏အမည်ကို အလွတ်ကျက်နေရချိန်တွင် ကျန်းမုန့်လောင်ကတော့ အခြားနက်ဗျူလာများ၏ လျှို့ဝှက်ချက်များကို စတင်လေ့လာနေပြီဖြစ်၏။
ထူးရှယ်နတ်ဘုရားကျောင်းတော်တွင်လည်း ဂယ်လီလီယိုနှင့် ကော်ပါးနီးကပ်စ်တို့ သင်ကြားသည့် နက္ခတ္တဗေဒဘာသာရပ်မှာ သူအကြိုက်ဆုံးဘာသာရပ်ပင်။
သူ၏နက္ခတ္တဗေဒဆိုင်ရာဗဟုသုတကို ကမ္ဘာပေါ်ရှိ မည်သူကမှ မယှဉ်နိုင်ပေ။
ဤဆောင်းပါးရလဒ်များမှာ မယုံနိုင်စရာကောင်းသော်လည်း ဖော်ပြထားသည့် အချက်အလက်များ၊ သင်္ချာနည်းအရတွက်ချက်မှုများနှင့် ဒေတာနေရာချမှုများမှာ အလွန်တိကျပြီး သိပ္ပံနည်းကျနေသည်ကို တွေ့လိုက်ရသည်။
နက္ခတ္တဗေဒနယ်ပယ်ဆိုသည်မှာ အရည်အချင်းရှိရုံတင်မကဘဲ ကံတရားအပေါ် အများကြီးမူတည်သည့် အရာမျိုးပင်။
ဥပမာအားဖြင့် ကျန်းမုန့်လောင် အထက်တန်းကျောင်းသားဘဝတုန်းက သူ့စီနီယာတစ်ယောက်က နက္ခတ္တဗေဒအဖွဲ့ထဲတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားအသစ်တစ်ခုကို မတော်တဆရှာဖွေတွေ့ရှိခဲ့ဖူးသည်။
နောက်ပိုင်းတွင် ထိုဂြိုဟ်သိမ်ကို သူ့နာမည်ပင် ပေးခဲ့ကြသေးသည်။ ၎င်းမှာ အလွန်ဂုဏ်ယူစရာကောင်းလှသည်။
နက္ခတ္တဗေဒပညာရှင်ပေါင်းများစွာ မတွေ့ရှိခဲ့သောအရာကို အထက်တန်းကျောင်းသားလေးတစ်ယောက်က ဘာကြောင့် တွေ့သွားရသလဲ။ ၎င်းမှာ ကံတရားသက်သက်ပင်။ သို့သော် နောက်ကွယ်ရှိ အရည်အချင်းကိုလည်း ချန်လှပ်ထား၍မရပေ။ အကြောင်းမှာ ဂြိုဟ်သိမ်တစ်ခုကို ရှာတွေ့ပြီဟုကြေညာရန်အတွက် ထိုအရာ၏အချင်း၊ ပတ်လမ်းကြောင်းနှင့် လည်ပတ်နှုန်းတို့ကို တွက်ချက်နိုင်ရန် ခိုင်မာနက်နဲသည့် နက္ခတ္တဗေဒအခြေခံဗဟုသုတ ရှိရန် လိုအပ်သောကြောင့်ပင်။
ထို့ကြောင့် ထိုအရှေ့ပင်လယ်အသက်မွေးဝမ်းကြောင်းကောလိပ်ရှိ ပါမောက္ခကလည်း သာမန်လူများ သတိမထားမိသည့် အရာတစ်ခုခုကို တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်နိုင်လေသလား။
"သုံးကိုယ်ပွား"ဝတ္ထုထဲတွင် ဖော်ပြထားသကဲ့သို့ ထရိုင်ဆိုလာရစ်ကြယ်အဖွဲ့အစည်းမှ သတင်းစကားများကို ယဲ့ဝမ်ကျဲက မတော်တဆကြားဖြတ်ဖမ်းယူနိုင်ခဲ့ခြင်းမျိုး ဖြစ်နေမည်လော။ စက်ကိရိယာများကို နှစ်ဆယ့်လေးနာရီပတ်လုံး အမြဲမပြတ်စောင့်မကြည့်ပါက ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ထိုအချက်ပြလှိုင်းကို ဖမ်းမိနိုင်မည်မဟုတ်ပေ။
နက္ခတ္တဗေဒဆိုင်ရာ လေ့လာတွေ့ရှိမှုများမှာ ဖျတ်ခနဲပေါ်လာတတ်သည့် အရာမျိုးပင်။ အချိန်နှင့် ရန်ပုံငွေရှိလျှင် ပြန်လည်စမ်းသပ်နိုင်သော အခြားသိပ္ပံသုတေသနများနှင့် မတူချေ။ နက္ခတ္တဗေဒတွင် တစ်ကြိမ်လွဲချော်သွားပါက နောက်တစ်ခါ ဘယ်တော့မှ ပြန်မကြုံရတော့ပေ။
"ဒါက အာရုံစိုက်ခံရအောင်လုပ်တာမျိုး မဟုတ်လောက်ဘူး။ လမင်းကို ခွေးဟောင်နေတာပဲဖြစ်မယ်"
ကျန်းမုန့်လောင်လည်း အခြေအနေ၏ လေးနက်မှုကို ချက်ချင်းသတိထားမိလိုက်သည်။
အကယ်၍ လူသားများ၏ တည်နေရာကို တကယ်ရှာတွေ့သွားလျှင် "သုံးကိုယ်ပွား"ဝတ္ထုထဲက ဇာတ်လမ်းများလည်း တကယ့်လက်တွေ့တွင် အမှန်တကယ်ဖြစ်လာနိုင်ပြီး လူသားမျိုးနွယ်လည်း ကြီးမားလှသော အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်သာ။
"ငါ အတွေးလွန်နေတာဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ"
ကျန်းမုန့်လောင် ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်လိုက်သည်။ သူ့မိသားစုက ကမ္ဘာပေါ်တွင် အရှိန်အဝါအကြီးမားဆုံး ဖြစ်သော်လည်း အစွမ်းထက်သည့် ဂြိုဟ်သားမျိုးနွယ်စုများနှင့် ရင်ဆိုင်ရလျှင် သူတို့ ဘေးကင်းနိုင်ဦးမည်လော။
"ဒီကိစ္စကို ငါ သေချာအတည်ပြုရမယ်"
ကျန်းမုန့်လောင် သူ့သဘောထားကို ချက်ချင်းပြောင်းလဲလိုက်သည်။ အကယ်၍ တကယ်သာဖြစ်နေပါက ကြိုတင်ပြင်ဆင်မှုများကို ဗျူဟာကျကျ လုပ်ဆောင်ရမည်။
"ဒီနေ့ခေတ် အင်တာနက်သုံးတဲ့လူတွေကတော့ တကယ်ပါပဲ..."
တဖြည်းဖြည်းတရားလွန်လာသော ဆဲဆိုမှုများကိုကြည့်ရင်း ကျန်းမုန့်လောင်လည်း ထိုပါမောက္ခအတွက် မတရားဘူးဟု ခံစားလာရသည်။ သူကိုယ်တိုင်လည်း အစက ဝေဖန်ရန် စိတ်ကူးမိခဲ့သည်ကိုတော့ ဝန်ခံမည်မဟုတ်ချေ။
"လျိုသုန်းရှန်း"
ကျန်းမုန့်လောင်က ပါမောက္ခ၏နာမည်ကို မှတ်ထားလိုက်သည်။
"အသက်၅၈နှစ်၊ ဆရာလုပ်သက်၂၅နှစ်... ဒီကျောင်းမှာ စာသင်လာတာ ဆယ်စုနှစ်တစ်ခု နီးပါးရှိပြီ..."
အခြားအရာများကို အသာထားဦး။ တိကျလှသော သူ၏ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုများကို ကြည့်ခြင်းအားဖြင့် သူ့တွင် ထူးခြားလှသော ပညာရပ်ဆိုင်ရာ အရည်အချင်းများရှိကြောင်း သိသာလှသည်။
ဤကျောင်းတွင် အကောင်းဆုံးနက္ခတ္တဗေဒစက်ကိရိယာဟူ၍ ယွမ်နှစ်သောင်းအောက်သာပေးရသည့် တယ်လီစကုပ်တစ်ခုသာ ရှိသည်။ ထိုစက်ကိရိယာလေးဖြင့် ပါမောက္ခလျိုက ဤမျှတိကျသည့် အချက်အလက်များကို ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်ဆိုပါက သူ မည်မျှကြိုးစားအားထုတ်ခဲ့ရကြောင်း သူတစ်ယောက်တည်းသာ သိပေလိမ့်မည်။
"မဖြစ်ဘူး။ ဒီလိုလူမျိုးကို ငါတို့ဆီခေါ်ရမယ်"
ကျန်းမုန့်လောင်မှာ သူ့ကိုအလုပ်ခန့်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။ ကျန်းနန် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ဆရာကောင်းများ လိုအပ်နေသည် မဟုတ်ပါလော။ ဤသည်မှာ ရေကန်အသင့် ကြာအသင့်ပင်။
...
"ဒီလူတွေက ငါပြောတာကို ဘာလို့မယုံကြတာလဲ"
အရှေ့ပင်လယ်အသက်မွေးဝမ်းကြောင်းကောလိပ်တွင် ပါမောက္ခလျိုသုန်းရှန်းခမျာ သူ့ကိုပြောဆိုထားကြသည့် ဆိုးဝါးလှသော ဝေဖန်မှုများကိုကြည့်ရင်း ငိုရအခက် ရယ်ရအခက် ဖြစ်နေချေသည်။
ဘေးနားရှိ သုတေသနအဖွဲ့ဝင်များလည်း ကူကယ်ရာမဲ့နေကြသည်။ လွန်ခဲ့သည့်သုံးနှစ်က အာကာသထဲမှ ထူးခြားသည့် လျှပ်စစ်သံလိုက်လှိုင်းအပိုင်းအစတစ်ခုကို သူတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။ သုံးနှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီးနောက် သူတို့၏စွမ်းဆောင်မှုက ကမ္ဘာကြီးကို အံ့အားသင့်အောင် လုပ်နိုင်မည်ဟု ယုံကြည်ခဲ့သော်လည်း အဆုံးတွင်မူ ယခုလိုအခြေအနေမျိုးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
"ပါမောက္ခ... ကျွန်တော်တို့လို အဆင့်နိမ့်ကျောင်းတစ်ခုရဲ့စကားကို သူတို့မယုံတာလည်း မဆန်းပါဘူး"
အဖွဲ့ဝင်တစ်ယောက်က ခါးသက်သက်ပြုံးလျက် ပြောလိုက်သည်။
"သာမန်ဆေးမြီးတိုနဲ့ကုတဲ့ လူတစ်ယောက်က ကင်ဆာရောဂါပျောက်ဆေး ရှာတွေ့ပြီလို့ပြောရင် ဆရာရောယုံမှာလား"
"အင်းလေ..."
ပါမောက္ခလျိုက ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
"လျိုသုန်းရှန်း"
ထိုစဉ် ရုံးခန်းအပြင်ဘက်မှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"လျိုသုန်းရှန်း... ခင်ဗျား ဘာတွေလျှောက်လုပ်နေတာလဲ။ အသုံးမကျတဲ့ အဲဒီသုတေသနကို ထုတ်မပြပါနဲ့လို့ ကျုပ် မပြောဘူးလား။ အခုကြည့်စမ်း။ ဘာတွေဖြစ်ကုန်ပြီလဲ"
ကျောင်းအုပ်ကြီး၏အသံကို ကြားလိုက်ရသည်နှင့် လျိုသုန်းရှန်း၏လက်အောက်ရှိ သုတေသီများမှာ ချက်ချင်းပင် ခေါင်းငုံ့သွားကြသည်။ ဤကဲ့သို့သောကျောင်းမျိုးကို အုပ်ချုပ်နေသည့် ကျောင်းအုပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
"ကျောင်းအုပ်ကြီး..."
လျိုသုန်းရှန်းက အလောတကြီးရှင်းပြသည်။
"ဒါက အရမ်းအရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ။ တကယ်လို့..."
"တကယ်လို့ ဘာဖြစ်လဲ။ ဟွာရှားနိုင်ငံမှာ နက္ခတ္တဗေဒပညာရှင်တွေ အကုန်သေကုန်ပြီလား။ ခင်ဗျားမရှိရင် ဘယ်သူမှ ဒါကို မတွေ့နိုင်တော့ဘူးလား"
ကျောင်းအုပ်ကြီးက ပြန်ပက်လေသည်။
"ကျုပ်တို့ကျောင်းရဲ့ နှစ်စဉ်ရန်ပုံငွေက နည်းနည်းလေးရယ်။ ခင်ဗျားက အဲဒါတွေကို ကိုယ့်သုတေသနအတွက် သုံးနေရုံတင်မကဘူး။ လူတွေအများကြီးကိုပါခေါ်ပြီး လုပ်ခိုင်းနေသေးတယ်။ ခင်ဗျားက ကျုပ်တို့ကျောင်းကို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်လို့ ထင်နေတာလား"
"ပြီးတော့ ခင်ဗျားရဲ့လုပ်ရပ်ကြောင့် ကျုပ်တို့ကျောင်း နာမည်ပျက်ပြီ။ အကုန်လုံးက ကျုပ်တို့ကျောင်းကို 'နာမည်ကြီးချင်လို့ ပေါက်ကရတွေ လျှောက်လုပ်တဲ့ကျောင်း'လို့ ဝိုင်းကဲ့ရဲ့နေကြတယ်။ အခု ကျောင်းရဲ့ဂုဏ်သိက္ခာတွေ အကုန်ကျဆင်းကုန်ပြီ"
ကျုပ်တို့ကျောင်းမှာ အစကတည်းက ဂုဏ်သိက္ခာဆိုတာ ရှိလို့လား....
လျိုသုန်းရှန်းခမျာ ဤစကားကို ပြန်ပြောချင်သော်လည်း သူ့သုတေသနရန်ပုံငွေအားလုံးက ကျောင်းကရရှိခြင်းဖြစ်လေရာ အကယ်၍ ကျောင်းအုပ်ကြီးကို စိတ်ဆိုးအောင်လုပ်မိပါက နောက်နောင် ထိုရန်ပုံငွေလေးပင် ရတော့မည် မဟုတ်ပေ။
"ကျုပ်ပြောလိုက်မယ်။ နောက်နှစ်အတွက် ဝန်ထမ်းဘတ်ဂျက်ကို နှစ်ယောက်စာလျှော့ပစ်မယ်။ ပြီးတော့ ခင်ဗျားလည်း ကိုယ့်အမှားကိုယ်သိအောင် တစ်ပတ်တိတိ ရာထူးဆိုင်းငံ့ခံရမယ်။ ဒီနှစ်အတွက် ခင်ဗျားရဲ့ဘောနပ်စ်လည်း မရှိတော့ဘူး"
ကျောင်းအုပ်ကြီးက ထိုသို့ပြောပြီးနောက် ရုံးခန်းထဲမှ ဒေါသတကြီး ပြန်ထွက်သွားသည်။
လျိုသုန်းရှန်းလည်း သူ့ထိုင်ခုံတွင် ပြန်ထိုင်ချကာ ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ရင်း သက်ပြင်းသာ အကြိမ်ကြိမ်ချနေမိတော့သည်။