← Chapters

လက်ရှိရုံနဲ့တင် လုံလောက်နေတာပဲမဟုတ်လား

Vol. 49 Ch. 724

လက်ရှိရုံနဲ့တင် လုံလောက်နေတာပဲမဟုတ်လား

Vol. 49 Ch. 724

သုန်းကျီမြို့ရှိ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိသော ရပ်ကွက်ဟောင်းတစ်ခု၌ ပါမောက္ခလျိုသုန်းရှန်းခမျာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ အိမ်ပြန်လာခဲ့သည်။

သူသည် ပါမောက္ခတစ်ယောက်ဖြစ်သော်လည်း နက္ခတ္တဗေဒနယ်ပယ်မှာ လုပ်ငန်းသုံးသုတေသနများလို မဟုတ်ပေ။ အခြားသိပ္ပံစီမံကိန်းများမှာ နည်းမျိုးစုံဖြင့် ဘတ်ဂျက်ထဲမှ အပိုအလျှံအမြတ်အစွန်းလေးများ ရတတ်ကြသော်လည်း နက္ခတ္တဗေဒမှာမူ ထိုသို့မဟုတ်ချေ။

အမှန်တော့ ဤအဖြစ်ကို နားလည်ပေး၍ရသည်။ ဥပမာအားဖြင့် သင်က ရူပဗေဒ သို့မဟုတ် ဓာတုဗေဒစမ်းသပ်ချက်တစ်ခုပြုလုပ်ပြီး ရလဒ်ထွက်လာပါက ထိုအရာကို စက်မှုလုပ်ငန်းများတွင် အသုံးချပြီး ထုတ်လုပ်မှု စွမ်းအား သို့မဟုတ် အရည်အသွေးမြှင့်တင်ရန် သုံးနိုင်သဖြင့် လုပ်ငန်းရှင်များက ထောက်ပံ့ကြေးပေးရန် ဝန်မလေးကြပေ။

သို့သော် နက္ခတ္တဗေဒမှာမူ ထိုသို့မဟုတ်ပေ။ သင်သည် ဂြိုဟ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် ထိုဂြိုဟ်မှာ စိန်များ၊ရွှေများဖြင့် ပြည့်နှက်နေပါစေဦး။ ထိုအရာမှာ သင်နှင့်ဘာဆိုင်မည်နည်း။ ထိုအရာဖြင့် ငွေရှာနိုင်မည်လော။ ထိုအရာကို အမြတ်အစွန်းအဖြစ် ပြောင်းလဲနိုင်လေသလား။

မပြောင်းလဲနိုင်ချေ။

ထို့ကြောင့် ယေဘုယျအားဖြင့် ဤဘာသာရပ်က ကျောင်းအနည်းငယ်တွင်သာရှိပြီး ပုံမှန်ဆိုလျှင် နိုင်ငံတော်အဆင့် သုတေသနဌာနများကသာ ဤကဲ့သို့သောအရာများအတွက် ငွေကြေးအကုန်အကျခံကြသည်။

ပါမောက္ခလျို၏အိမ်တွင်ရှိသော တယ်လီစကုပ်များ၊ ကြယ်တာရာရှာဖွေရေးကိရိယာများနှင့် ကောင်းကင်ကြည့်မှန်ပြောင်းများမှာ သူ့ကိုယ်ပိုင်ငွေဖြင့် ဝယ်ထားခြင်းဖြစ်၏။ သူ့ကျောင်းက သူ့အတွက် ဝန်ထမ်းအနည်းငယ် ခန့်ပေးရုံသာ တတ်နိုင်ပြီး ဤကဲ့သို့သောအရာများအတွက် ရန်ပုံငွေအပိုအလျှံမရှိပေ။

ထို့ပြင် ပါမောက္ခလျို၏ဝင်ငွေကလည်း အလွန်ကျပ်တည်းလှသည်။ အခြေခံလစာနှင့် ဆရာထောက်ပံ့ကြေးအားလုံးပေါင်းမှသာ တစ်လလျှင် ယွမ်ခုနစ်ထောင်ရှစ်ထောင်သာရသည်။ သူ့ဇနီးက အလုပ်မရှိသလို သားဖြစ်သူကလည်း ပိုက်ဆံအမြဲသုံးရမည့် အရွယ်ဖြစ်လေရာ အိမ်တွင်းရေးအခြေအနေကား မည်မျှခက်ခဲမလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်သည်။

"ဒီအလုပ်တွေကို မလုပ်ပါနဲ့လို့ ကျွန်မပြောသားပဲ။ ဒါပေမဲ့ ရှင်က လုံးဝနားမထောင်ဘူး"

လျိုသုန်းရှန်း အိမ်ပြန်ရောက်သည်နှင့် ဇနီးဖြစ်သူ၏ညည်းတွားသံကို ကြားလိုက်ရသည်။

"အဲဒီလိုလုပ်နေမဲ့အစား စာအုပ်တိုက်တစ်ခုခုအတွက် စာအုပ်လေးနှစ်အုပ်လောက် ရေးပေးရင်တောင် ပိုက်ဆံရဦးမယ်။ အသုံးမကျတဲ့ အဲဒီသုတေသနတွေကိုပဲ ဘာလို့ နေ့တိုင်းလုပ်နေရတာလဲ"

"မင်း ဘာသိလို့လဲ"

အခြားလူများ သူ့ကိုနားမလည်ဘဲ ဝေဖန်နေခြင်းကို လျိုသုန်းရှန်း သည်းခံနိုင်သော်လည်း သူ့ဇနီးက နားလည်မပေးသည့်အခါ သူ အမှန်တကယ် စိတ်ပျက်အားငယ်ရသည်။

"ဒီအချက်ပြလှိုင်းတွေကို ဘယ်သူမှ အဓိပ္ပာယ်မဖော်နိုင်ခဲ့လို့ အကယ်၍များ ဘေးအန္တရာယ်တစ်ခုခုကျရောက်လာရင် လူသားတွေ တုံ့ပြန်ဖို့တောင် အချိန်ရမှာမဟုတ်ဘူး"

"အမလေး... ရှင်က လူသားတွေကို ငဲ့ညှာနေတာပေါ့။ တော်လိုက်တာ။ ရှင့်မိသားစုအကြောင်းရော တွေးဖူးရဲ့လား"

သူ့ဇနီးက နှစ်ပေါင်းများစွာ ရင်ထဲတွင် မျိုသိပ်ထားသမျှကို အကုန်ဖွင့်ထုတ်လေတော့သည်။

"တက္ကသိုလ်ပါမောက္ခဖြစ်ပြီးတော့ ကိုယ့်ဝမ်းကိုယ်တောင် မကျောင်းနိုင်ဘဲနဲ့ လူသားမျိုးနွယ်အကြောင်း လာပြောနေသေးတယ်"

"ဒီကမ္ဘာမှာ နက္ခတ္တဗေဒပညာရှင်ဆိုလို့ ရှင်တစ်ယောက်တည်းရှိတယ်လို့ ထင်နေတာလား။ ရှင့်ထက်တော်တဲ့လူတွေ ပိုအဆင့်မြင့်တဲ့စက်ကိရိယာပိုင်ရှင်​တွေ အများကြီးပဲ။ သူတို့တောင်မတွေ့တာကို ရှင်က ဘာများ ထူးထူးခြားခြား တွေ့နိုင်မှာမို့လို့လဲ။ ဒါမှမဟုတ် ရှင့်ကိုယ်ရှင် ထူးခြားတဲ့လူလို့များ ထင်နေတာလား"

"အခု အွန်လိုင်းပေါ်မှာ ရှင့်ကို ဘာတွေပြောနေကြလဲဆိုတာ ကြည့်ဦး။ လူတွေကို အထိတ်တလန့်ဖြစ်အောင်လုပ်တဲ့လူ၊ ကျောင်းကို သိက္ခာကျအောင်လုပ်တဲ့လူ၊ ပညာရပ်ပိုင်းဆိုင်ရာ လိမ်လည်သူ၊ နာမည်ကြီးချင်လို့ ကောလာဟလဖန်တီးတဲ့လူတဲ့... ဒီနေ့ ကျွန်မ ဈေးသွားတာတောင် မက်စ်မတပ်ဘဲ မသွားရဲဘူး။ ရှက်လွန်းလို့"

"တော်တော့"

လျိုသုန်းရှန်းလည်း သူ့ဇနီးကို အော်ဟစ်လိုက်သည်။

"ငါ့သုတေသနကိုတော့ လက်မလျှော့ဘူး။ ဝန်ထမ်းနှစ်ယောက်စာ လစာလျှော့ပစ်လည်း ဘာဖြစ်လဲ။ ငါတစ်ယောက်တည်းလည်း ဒီသုတေသနကို ဆက်လုပ်နိုင်တယ်"

"ဒါဆို ရှင့်သုတေသနနဲ့ပဲ အတူနေလိုက်တော့"

....

"ပါမောက္ခလျိုသုန်းရှန်းရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကျောင်းဘက်က သူ့ကို တစ်ပတ်တိတိ ရာထူးဆိုင်းငံ့ပြီး မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်"

ထိုနေ့ မွန်းလွဲပိုင်းတွင် ကျောင်း၏တရားဝင် ဝက်ဘ်ဆိုက်နှင့် ဝေးပေါ်စာမျက်နှာတို့တွင် ပါမောက္ခလျိုအား အပြစ်ပေးထားကြောင်း ကြေညာလိုက်သော်လည်း အင်တာနက်အသုံးပြုသူများမှာမူ ကျေနပ်ပုံမရပေ။

"တစ်ပတ်ပဲ အလုပ်နားခိုင်းတာလား။ အဲဒီကျောင်းက သူ့အပိုင်မို့လို့လား"

"သူ့ရဲ့ရာထူးကိုပါ လျှော့ချသင့်တာ မဟုတ်ဘူးလား။ သူ့ရာထူးကိုလည်း လိမ်ညာပြီး ရထားတာလားဆိုတာ ဘယ်သူသိမှာလဲ"

"ဟုတ်တယ်။ သူ့ရဲ့ ဘွဲ့လွန်ကျမ်းတွေ ပါရဂူကျမ်းတွေကိုပါ ပြန်စစ်ဆေးသင့်တယ်။ ပြဿနာတစ်ခုခုရှိနေမှာ သေချာတယ်"

"ဟာ... ငါတို့ကျောင်းက အစကတည်းကမှ သိပ်မကောင်းတာ။ အခုလိုကိစ္စတွေဖြစ်ကုန်တော့ နောက်ဆို ဘယ်သူက ငါတို့ကျောင်းကို ဝင်ခွင့်လာလျှောက်တော့မှာလဲ"

"ပါမောက္ခလျို ဟုတ်လား။ ကျောင်းမှာနေလာတာ သုံးနှစ်ရှိပြီ။ ဒီလူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။ ဪ... ညတိုင်း ကွင်းပြင်ထဲမှာ တယ်လီစကုပ်နဲ့ လျှောက်သွားနေတဲ့ အရူးကြီးကို ပြောတာလား။ အဲဒါဆိုရင်တော့ ဟုတ်ပြီ။ စိတ်ဖောက်ပြန်နေတဲ့ လူအိုကြီးတွေကိုတော့ ဂရုစိုက်ပေးသင့်တာပေါ့"

"သူက ဒီအတိုင်း အဘိုးကြီးတစ်ယောက်ပါ။ အသာလွှတ်ပေးမထားနဲ့"

...

"ပါမောက္ခဟန်... ကျွန်တော့်ကို ကူညီပါဦး"

လျိုသုန်းရှန်းအပေါ် ဆက်ဆံပုံများကိုကြည့်ပြီး မနေနိုင်တော့သည့်အဆုံး ကျန်းမုန့်လောင် ဖုန်းဆက်လိုက်သည်။ ဤကဲ့သို့သောလူမျိုးကို ယခုလိုမဆက်ဆံသင့်ပေ။

"မင်းကတောင် ငါ့ကို အကူအညီတောင်းနေရသေးတာလား။ ဟားဟားဟား ပြောလေ... ငါလုပ်ပေးနိုင်တာဆိုရင် အကုန်လုပ်ပေးမယ်"

ဟန်ကျင်းယွီက ကတိပေးလိုက်သည်။ ယခုအချိန်တွင် ကျောင်းထဲရှိ သူ့သြဇာအာဏာမှာ ကျောင်းအုပ်ကြီးပြီးလျှင် ဒုတိယအဆင့်ဖြစ်ပြီး ကျောင်းအုပ်ကြီးပင်လျှင် သူ့ကို သတိကြီးကြီးထား၍ ဆက်ဆံရသည်။ ဟန်ကျင်းယွီကို ခေါ်ချင်နေသည့် ကျောင်းကလည်း များလှလေရာ သူတို့သာ ဂရုမစိုက်လျှင် ကျောင်းအတွက် အကြီးမားဆုံးဆုံးရှုံးမှုတစ်ခု ဖြစ်သွားမည် မဟုတ်လော။

"ကျွန်တော်တို့ကျောင်းမှာ ဝန်ထမ်းရာထူးနေရာတွေ အများကြီးထပ်တိုးထားတယ်မလား။ ကျွန်တော် လူတစ်ယောက်ကို အလုပ်သွင်းလို့ရမလား"

"ဒါက အသေးအဖွဲလေးပါ"

ဟန်ကျင်းယွီက ရယ်မောလျက် ပြောလိုက်လေသည်။

"ဪ... ဒါနဲ့ အထက်က အမိန့်ကျလာပြီနော်။ မင်းကို ဟွာရှားသိပ္ပံအကယ်ဒမီရဲ့ ဂုဏ်ထူးဆောင်တော်ဝင်ပညာရှင်အဖြစ် ခန့်အပ်လိုက်ပြီ။ တော်ဝင်ပညာရှင်အားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြတာ။ နောက်နှစ်ရက်လောက်ဆိုရင် အမိန့်စာကျလာလိမ့်မယ်။ ပြီးတော့ ငါတို့ကျောင်းကလည်း မင်းကို ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တရားဝင်ခန့်အပ်လိုက်ပြီ။ ငါ မင်းကို အဲဒါပြောပြမလို့"

"အကျိုးခံစားခွင့်အပိုင်းကိုတော့ မပြောတော့ပါဘူး။ မင်းအတွက် ဒီလောက်ပိုက်ဆံလေးက အရေးမကြီးဘူးဆိုတာ သိတယ်။ ဒါပေမဲ့ တော်ဝင်ပညာရှင်အဆင့် ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်အနေနဲ့ မင်းမှာ တစ်နှစ်ကို လူသုံးယောက်အတွက် ထောက်ခံပေးနိုင်တဲ့ အခွင့်အရေးရှိတယ်။ မင်းထောက်ခံတဲ့လူက နိုင်ငံရေးနောက်ခံစစ်ဆေးမှုကို အောင်မြင်ရင် ငါတို့ ချက်ချင်းအလုပ်ခန့်ပေးမှာ"

ဟန်ကျင်းယွီက ရှင်းပြလိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုရင် အဲဒီထဲက နေရာတစ်ခုကို ကျွန်တော် အခုသုံးလိုက်မယ်"

ကျန်းမုန့်လောင်က ဆို၏။

"ဟင်... ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရှာတွေ့ထားလို့လဲ"

ဟန်ကျင်းယွီက ခန့်မှန်းကြည့်လိုက်သည်။

"ပညာရှင်နှီးနှော​ဖလှယ်ပွဲမှာ ထိပ်တန်းပညာရှင်တော်တော်များများက မင်းရဲ့ ပရိသတ်တွေ ဖြစ်ကုန်ကြတယ်လို့ ကြားတယ်။ တချို့ဆိုရင် မင်းကို ဆရာတင်ချင်နေကြတာတဲ့။ နိုဘယ်ဆုရှင်တွေကိုသာ ခေါ်လာနိုင်ရင် သုံးယောက်တင်မကဘူး။ မင်းအတွက် အယောက်သုံးဆယ်တောင် နေရာပေးလို့ရတယ်"

"ဟားဟားဟား... ဆရာ ယုံမှာတော့မဟုတ်ဘူး။ ကျွန်တော်ခေါ်ချင်တာက ပါမောက္ခလျိုသုန်းရှန်းပါ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"လျိုသုန်းရှန်းလား"

ဟန်ကျင်းယွီ အံ့သြတုန်လှုပ်သွားသည်။

"အရှေ့ပင်လယ်အသက်မွေးဝမ်းကျောင်းကောလိပ်က လျိုသုန်းရှန်းလား"

"ဟုတ်တယ်။ သူပဲ"

"မင်းက ဘာဖြစ်လို့ သူ့ကိုခေါ်ချင်ရတာလဲ"

ဟန်ကျင်းယွီ အနည်းငယ်ဆွံ့အသွားသည်။

"ငါတို့ကျောင်းမှာ နက္ခတ္တဗေဒဘာသာရပ် မရှိသေးတာကို အသာထားဦး။ အခု သူက နာမည်ပျက်နေတာ။ ငါတို့ကျောင်းအတွက် သိပ်မကောင်းဘူးနော်"

"ဆရာဟန်... ဒီလူက သာမန်မဟုတ်ဘူးဗျ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"သူ့ရဲ့သုတေသနကို ကျွန်တော်ကြည့်ပြီးပြီ။ သူ့ရဲ့ရလဒ်တွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ... သူ့ရဲ့ ဘာသာရပ်ဆိုင်ရာအခြေခံက အရမ်းခိုင်မာတယ်။ သူ့ရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ နယ်ပယ်အပေါ် သိမြင်နိုင်စွမ်းက အရမ်းထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ"

ကျန်းမုန့်လောင်က သူ၏သုတေသနရလဒ်များကို အသေးစိတ်မပြောသေးပေ။ အကြောင်းမှာ ထိုသို့ပြောလိုက်ပါက လူထုအကြား အထိတ်တလန့် ဖြစ်သွားနိုင်သောကြောင့်ပင်။

"မင်းဆီက ဒီလိုချီးကျူးစကားမျိုး ကြားရဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်"

ဟန်ကျင်းယွီက ရယ်မောလိုက်သည်။

"ဆရာပြောမှ ကျွန်တော်သတိရတယ်"

ကျန်းမုန့်လောင်က ဆိုလေသည်။

"ကျွန်တော်တို့ အခွင့်အရေးရတုန်း ကျောင်းမှာ နက္ခတ္တဗေဒဘာသာရပ်ကို တည်ထောင်လိုက်ရင်ရော"

"ဒါက အိမ်ဆောက်သလိုမျိုးများ ထင်နေတာလား။ စိတ်ကူးပေါက်တိုင်း ဘာသာရပ်တစ်ခု တိုးလို့ရမှာတဲ့လား"

ဟန်ကျင်းယွီက မယုံနိုင်လေဟန်ဖြင့် ရယ်မောလိုက်သည်။

"ဘာသာရပ်အသစ်တစ်ခု ထပ်တိုးဖို့ဆိုတာ သက်ဆိုင်ရာသုတေသနအောင်မြင်မှုတွေ၊ ဘွဲ့ကြိုအမှတ်၊ ဘွဲ့လွန်အမှတ်၊ ပါရဂူဘွဲ့သင်ကြားခွင့်အမှတ်တွေ လိုအပ်တယ်။ အောင်မြင်မှုတွေ မရှိဘဲနဲ့တော့ ခွင့်ပြုချက်လုံးဝမရနိုင်ဘူး"

"ခဏလေး...ကျွန်တော် ဘောပင်သွားယူလိုက်ဦးမယ်"

"ကောင်းပြီ... သြဇာအာဏာရှိတဲ့ နက္ခတ္တဗေဒဂျာနယ်တွေရဲ့နာမည်ကို ပြောပြပါဦး။ ကျွန်တော် အဲဒီဂျာနယ်တစ်စောင်လုံးကို ကျွန်တော့်စာတမ်းတွေနဲ့ သိမ်းပိုက်လိုက်မယ်။ ပြီးရင် ဆရာ့ဘက်က ဘာသာရပ်အသစ်အတွက် လျှောက်ထားရေးလုပ်ငန်းစဉ်တွေ စလိုက်တော့"

"ငါ..."

ဟန်ကျင်းယွီမှာ လူ​တော်များကို မြင်ဖူးသော်လည်း ကျန်းမုန့်လောင်ကဲ့သို့ ရဲတင်းလှသည့်လူမျိုးကိုမူ တစ်ခါမှမတွေ့ဖူးပေ။ သူ့စကားများကြောင့် ပါမောက္ခဟန်လည်း အမှန်တကယ် ဆွံ့အသွားရသည်။

'တစ်စောင်လုံးကို သိမ်းပိုက်မယ်'ဟူသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ထိုဂျာနယ်များကို သူ့မိသားစုက ထုတ်ဝေနေသည်ဟုများ ထင်နေလေသလား။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ကြောက်ခမန်းလိလိမြင့်မားလှသော ကျန်းမုန့်လောင်၏ အဆင့်အတန်းနှင့်ဆိုလျှင် ထိုဂျာနယ်များမှာ သူ့မိသားစုပိုင်နှယ် ဖြစ်သွားနိုင်သည်။ ထို့ပြင် စာတမ်းတင်လျှင် ပိုက်ဆံပင် ပေးရမည်မဟုတ်ပေ။

ကျန်းမုန့်လောင်၏ဆောင်းပါးကို ငြင်းပယ်ရဲသည့် ဂျာနယ်ဆိုသည်မှာ သူတို့၏ဂုဏ်သိက္ခာကို ဂရုမစိုက်သည့်ဂျာနယ်သာ ဖြစ်ပေလိမ့်မည်။

"မုန့်လောင်... စာတမ်းအရေအတွက် များတာက အဓိကမဟုတ်ဘူးနော်"

ဟန်ကျင်းယွီက ရှင်းပြလေသည်။

"ဘာသာရပ်အသစ်တစ်ခုတိုးဖို့ဆိုရင် ပြည်နယ်အဆင့် ဒါမှမဟုတ် ဝန်ကြီးဌာနအဆင့် သိပ္ပံသုတေသနစီမံကိန်းတချို့ကိုလည်း လုပ်ဆောင်ဖို့ လိုသေးတယ်"

"ဘယ်လိုစီမံကိန်းမျိုးလဲ"

"လက်ရှိမှာတော့ အဓိကစီမံကိန်းတွေထဲမှာဆိုရင် ပါလ်ဆာရူပဗေဒ၊ ဂမ်မာရောင်ခြည် ပေါက်ကွဲမှုနက္ခတ္တဗေဒနဲ့ အမြန်ရေဒီယိုလှိုင်းနဲ့ သက်ဆိုင်ရာအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုတွေ ပါတာပေါ့..."

"ဒါဆို အထက်လူကြီးတွေကို ပြောထားလိုက်ပါ။ ကျွန်တော် သိပ်မကြာခင် ပါလ်ဆာရူပဗေဒစီမံကိန်းအတွက် ရလဒ်တချို့ကို နိုင်ငံတော်အတွက် အသင့်ပြင်ပေးထားမယ်"

"ပါလ်ဆာရူပဗေဒလား။ မင်းက အဲဒါကို ဘယ်တုန်းက စလုပ်နေတာလဲ"

"အခုမှလုပ်ဖို့ စဉ်းစားမိတာ"

"အခုမှစဉ်းစားတာလား။ ဒါပေမဲ့ ရလဒ်တွေရှိနေပြီလား"

"ဒီလောက်အခြေခံကျတဲ့ ခေါင်းစဉ်မျိုးက တစ်ရက်နှစ်ရက်လောက် အချိန်ပေးလိုက်ရင် ရတာပဲလေ။ လက်ပါရုံနဲ့ လုံလောက်ပြီမဟုတ်ဘူးလား"

ဟန်ကျင်းယွီ : "......."

All Chapters