တခြားလူတွေအတွက်လည်း အခွင့်အရေးချန်ထားပေးပါဦး
Vol. 49 Ch. 725
"ဟွာရှားနိုင်ငံရဲ့ တော်ဝင်ပညာရှင်သစ်စာရင်းကို ထုတ်ပြန်လိုက်ပြီမို့ ကျန်းမုန့်လောင်ဟာ ဟွာရှားသိပ္ပံအကယ်ဒမီနဲ့ နည်းပညာအကယ်ဒမီနှစ်ခုစလုံးရဲ့ တော်ဝင်ပညာရှင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဟွာရှားနိုင်ငံရဲ့သမိုင်းမှာ အသက်အငယ်ဆုံးတော်ဝင်ပညာရှင် ဖြစ်လာခဲ့ပါတယ်"
ဟန်ကျင်းယွီ ပြောခဲ့သည့်အတိုင်း ရက်အနည်းငယ်အကြာတွင် ဤသတင်းမှာ မီဒီယာများမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
အသက်နှစ်ဆယ်ကျော်ဝန်းကျင် ဘွဲ့လွန်ကျောင်းသားတစ်ယောက်က တော်ဝင်ပညာရှင် ဖြစ်လာသည်ဆိုခြင်းမှာ သတင်းထူးတစ်ခုပင် ဖြစ်၏။
သို့သော် တစ်ဖက်က ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုပင်။
ယခုတစ်ခေါက် ကမ္ဘာ့ပညာရှင်ညီလာခံသို့ တက်ရောက်ခဲ့သည့် သုတေသီတစ်ထောင်ကျော်ထဲတွင် တော်ဝင်ပညာရှင်အဆင့်ကို မရထားသူဟူ၍ မည်သူရှိသလဲ။
ထိုကဲ့သို့ခမ်းနားလှသော ပွဲအခမ်းအနားတစ်ခုတွင် ကျန်းမုန့်လောင်၏ သုတေသနရလဒ်များမှာ အားလုံးကို အပြတ်အသတ်ကျော်လွန်သွားခဲ့သည်ဖြစ်ရာ သူ၏ ပညာရပ်ဆိုင်ရာအဆင့်အတန်းမှာ တော်ဝင်ပညာရှင်အဆင့်ထက်ပင် သာလွန်နေပြီဖြစ်၏။ ထို့ကြောင့် သူ့ကို ဤဘွဲ့ထူးပေးအပ်ခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။
မကြာခင်မှာပင် ကျန်းမုန့်လောင်က ယနေ့အထိ စာတမ်းပေါင်းသုံးဆယ်ကျော် ပြုစုခဲ့ပြီး ထိုစာတမ်းအားလုံးကလည်း "သိပ္ပံ"နှင့် "သဘာဝ"ကဲ့သို့သော ကမ္ဘာ့ထိပ်တန်းဂျာနယ်များတွင် ဖော်ပြခံခဲ့ရကြောင်း တစ်စုံတစ်ယောက်က တွက်ချက်ဖော်ထုတ်ခဲ့သည်။
ထိုဂျာနယ်များတွင် စာတမ်းတစ်စောင်၏ စာတမ်းပြုစုသူဖြစ်ရုံမျှဖြင့် ပါမောက္ခရာထူးကို အလွယ်တကူရနိုင်သည် မဟုတ်ပါလော။
ထို့ပြင် သူသည် ရူပဗေဒနိုဘယ်ဆုကိုလည်း ရရှိထားသဖြင့် ဤဆုကဏ္ဍတွင် ဟွာရှားနိုင်ငံက ကာလရှည်ကြာလိုအပ်နေခဲ့သော ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
၎င်းမှာ ပညာရပ်ဆိုင်ရာ အောင်မြင်မှုများသာ ရှိသေးသည်။ နိုင်ငံ၏ နည်းပညာတိုးတက်မှုအပိုင်းတွင်လည်း ကျန်းမုန့်လောင်က ထရီလီယံချီပြီး တန်ဖိုးရှိသည့် ချစ်ပ်ပြားစက်မှုလုပ်ငန်းကွင်းဆက်ကို တည်ထောင်ပေးခဲ့ပြီး နိုင်ငံတော်အဆင့် သိပ္ပံနှင့်နည်းပညာတိုးတက်မှု ပထမဆုနှင့် အခြားဂုဏ်ထူးဆောင်ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။
ထို့ကြောင့် ဤတော်ဝင်ပညာရှင်ဘွဲ့နှစ်ခုစလုံးကို ရရှိခြင်းမှာ အမှန်တကယ် ထိုက်တန်လှသည်။
သို့သော် ကျန်းမုန့်လောင်အတွက်မူ ဤဂုဏ်ထူးဆောင်ဘွဲ့များမှာ အရေးမကြီးလှဘဲ အလုပ်ရှုပ်စရာများဟုပင် ယူဆပေသည်။ ယခုအချိန်တွင် သူ့အနေနှင့် အရေးတကြီးလုပ်ဆောင်ရမည့်အရာမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အတွက် နက္ခတ္တဗေဒဘာသာရပ်ကို သင်ကြားခွင့်ရရန် လျှောက်ထားရန်ပင်။
ရုံးဖွင့်ရက်မနက်ခင်းတစ်ခုတွင် ဟန်ကျင်းယွီနှင့် ကျန်းမုန့်လောင်တို့ ပညာရေးဝန်ကြီးဌာနသို့ အလောတကြီး ရောက်လာခဲ့ကြသည်။ အကြောင်းမှာ ဤဘာသာရပ်အသစ်ကို ဖွင့်လှစ်ရန်အတွက် အတည်ပြုချက်ရယူရန် လိုအပ်သောကြောင့်ပင်။
"တော်ဝင်ပညာရှင်ဟန်"
"တော်ဝင်ပညာရှင်ကျန်း"
သူတို့နှစ်ယောက်စလုံးက နိုဘယ်ဆုရှင်များဖြစ်သလို တော်ဝင်ပညာရှင်များလည်း ဖြစ်ကြလေရာ ဤပညာရေးဝန်ကြီးဌာနနှယ် ပညာရှင်များ ပြုံတိုးနေသော နေရာမျိုးတွင် သူတို့ကို မသိသူဟူ၍ မရှိသလောက်ပင်။ သူတို့၏နာမည်များမှာ ဟွာရှားနိုင်ငံ၏ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ထဲတွင်ပင် ရေးထိုးထားပြီးဖြစ်၏။
သူတို့ကို မြင်သည်နှင့် လူအများက ဝိုင်းနှုတ်ဆက်ကြသည်။ ပညာရေးလောကရှိ ထိပ်တန်းပုဂ္ဂိုလ်များနှင့် သိကျွမ်းထားခြင်းမှာ နောက်ပိုင်းတွင် ဆုရွေးချယ်မှုများ သို့မဟုတ် ဂုဏ်ပုဒ်အကဲဖြတ်မှုများတွင် များစွာအကျိုးရှိနိုင်သည် မဟုတ်ပါလော။
"မုန့်လောင်... ငါတော့ မင်းကို ဒီအထိခေါ်လာပေးပြီးပြီ။ လျှောက်ထားမှုအောင်မြင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်"
ဟန်ကျင်းယွီက ပြောလိုက်သည်။
"ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် ဘွဲ့ကြိုသင်တန်းဖွင့်ခွင့်ရဖို့ ၂နှစ်ကနေ ၃နှစ်၊ မဟာဘွဲ့အတွက် ၅နှစ်ကနေ ၈နှစ်၊ ပါရဂူဘွဲ့အတွက်ဆိုရင် ၁၀နှစ်ကျော်တောင် ကြာတတ်တယ်။ အခုလိုမျိုး ရက်ပိုင်းအတွင်း အတည်ပြုချက်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"မကြိုးစားကြည့်ဘဲနဲ့ ဘယ်သိနိုင်မလဲ"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
မကြာခင် ဘာသာရပ်သင်ကြားခွင့်အတည်ပြုရေးရုံးခန်းအတွင်းသို့ ဝင်လာခဲ့ကြသည်။ ရုံးခန်းမှာ ကျယ်ဝန်းသော်လည်း ဝန်ထမ်းနှစ်ယောက်သာရှိပြီး နှစ်ယောက်စလုံးက အချိန်ပိုင်းလာလုပ်သည့် အသက်လေးဆယ်ကျော်ပါမောက္ခများ ဖြစ်ကြသည်။
"ဟေ့ တော်ဝင်ပညာရှင်ဟန် ရောက်လာပြီ"
ဟန်ကျင်းယွီက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ကြိုတင်ချိန်းဆိုထားသဖြင့် သူတို့ ရောက်လာခြင်းမှာ ဝန်ထမ်းများအဖို့ ထူးဆန်းလှသော ကိစ္စမဟုတ်ပေ။
"မုန့်လောင်... ဒါက ပါမောက္ခလျိုကျင်းလျန်နဲ့ ပါမောက္ခစွန်းချန်ရှန်းတဲ့"
"နေဦး... မိတ်ဆက်ပေးနေစရာ မလိုပါဘူး"
ပါမောက္ခနှစ်ယောက်စလုံးက ချက်ချင်းမတ်တတ်ထရပ်ကာ ကျန်းမုန့်လောင်နှင့် အားတက်သရော လက်ဆွဲနှုတ်ဆက်ကြသည်။
"ဒါက တော်ဝင်ပညာရှင်ကျန်းပဲ ဖြစ်ရမယ်။ တော်တော်ငယ်တဲ့ သူရဲကောင်းပဲ။ ငါတို့ မင်းအရွယ်တုန်းကဆိုရင် ပညာရေးလောကဆိုတာ ဘာမှန်းတောင်မသိသေးဘူး"
"ဟုတ်ပါ့ဗျာ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ တော်ဝင်ပညာရှင် ဖြစ်ရတယ်လို့။ ကျုပ်တို့ဆိုရင် တစ်သက်လုံးကြိုးစားရင်တောင် တော်ဝင်ပညာရှင်ဘွဲ့အတွက် အမည်စာရင်းတင်သွင်းခံရပါ့မလားတောင် မသိဘူး"
"ဆရာတို့က ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်က နည်းနည်းပါးပါးစမ်းကြည့်ရုံတင်ပါ"
"နည်းနည်းပါးပါး ဟုတ်လား။ တော်တော်ကို စမ်းထားတာပါ။ တခြားလူတွေ တစ်သက်လုံးအချိန်ပေးရင်တောင် မလုပ်နိုင်တာကို မင်းက ရက်ပိုင်းအတွင်း လုပ်ပြသွားတာ"
ဟန်ကျင်းယွီက ဖြတ်ပြောလိုက်သည်။
"တော်ဝင်ပညာရှင်ကျန်း... ကြည့်ဦး။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က လူတွေက မင်းကို အားမနာတမ်း ခိုင်းနေကြတာ။ ငါတို့ ကျန်းနန်တက္ကသိုလ်မှာ စာလာသင်ဖို့ စဉ်းစားကြည့်ပါလား။ ငါတို့ မင်းကို ခေါင်းဆောင်ရာထူး ချက်ချင်းပေးလိုက်မယ်။ အကြီးဆုံးနဲ့ အကောင်းဆုံးရုံးခန်းထဲမှာ အတော်ဆုံးသုတေသနအဖွဲ့ကိုပါ စီစဉ်ပေးမယ်"
"တော်ဝင်ပညာရှင်ကျန်း... သူ့စကားကို နားမယောင်နဲ့နော်။ သူတို့ကျောင်းမှာ ကျန်တာဆိုလို့ ကျောင်းသားမရှိတဲ့ ရှေးဟောင်းသုတေသနဌာနပဲ ရှိတာ"
ပါမောက္ခစွန်းချန်ရှန်းက ကြားဖြတ်ပြောလိုက်၏။
"ငါတို့မော့တုသယ်ယူပို့ဆောင်ရေးတက္ကသိုလ်ကို လာခဲ့လေ။ မင်းကို ရူပဗေဒဌာနရဲ့ဌာနမှူးရာထူး ချက်ချင်းပေးမယ်။ သုတေသနဘတ်ဂျက်ကိုလည်း မင်းစိတ်ကြိုက်သာတောင်း။ ငါတို့ ဘယ်တော့မှစျေးမဆစ်ဘူး။ တစ်နှစ်ကို နိုင်ငံတော်အဆင့်စီမံကိန်း နှစ်ခုလောက်လုပ်ပေးရင် ရပြီ"
"တော်ဝင်ပညာရှင်ကျန်းက ခင်ဗျားတို့ပိုက်ဆံကို လိုတယ်များ ထင်နေတာလား။ သူ့အိတ်ကပ်ထဲက အကြွေတွေကတောင် ခင်ဗျားတို့ရဲ့ သုတေသနရန်ပုံငွေထက် အဆပေါင်းများစွာ ပိုများသေးတယ်။ ပိုကောင်းတဲ့ကမ်းလှမ်းချက်မျိုး ပေးစမ်းပါ"
"ဒါဆို ခင်ဗျားကရော ဘာကမ်းလှမ်းနိုင်လို့လဲ"
"ဟဲဟဲ... တော်ဝင်ပညာရှင်ကျန်း ကျုပ်တို့တက္ကသိုလ်မှာ ကျောင်းသူလေးတွေ အများကြီးရှိတယ်။ အကုန်လုံးက ဉာဏ်လည်းကောင်းတယ်။ လှလည်းလှတယ်။ ကျုပ်တို့တက္ကသိုလ်က အမြင်ကျယ်ပါတယ်။ ဆရာနဲ့ ကျောင်းသူကြားက အချစ်ရေးဆိုတာကိုလည်း ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနဲ့ညီညွတ်သရွေ့ မကန့်ကွက်ပါဘူး"
"??? အဘိုးကြီး... ခင်ဗျား မတရားဘူး။ ဒီလိုအရှက်မရှိတဲ့ ကမ်းလှမ်းမှုမျိုးကို ဘယ်လိုတောင်လုပ်ရဲတာလဲ"
"ခင်ဗျား မကျေနပ်လို့လား"
"ဟမ့်.. တော်ဝင်ပညာရှင်ကျန်း ကျုပ်တို့တက္ကသိုလ်က မကြာသေးခင်ကမှ နိုင်ငံတကာ ဖက်ရှင်ဌာနတစ်ခု ဖွင့်ထားတာ။ အဲဒီမှာ စူပါမော်ဒယ်လ်တွေချည်းပဲ..."
"တော်ပြီ တော်ပြီ တော်ပြီ"
ဟန်ကျင်းယွီလည်း ဆက်ကြည့်မနေနိုင်တော့ပေ။ ဤအဘိုးကြီးနှစ်ယောက်က သူ့ရှေ့မှာတင် ဗြောင်ကျကျလုနေကြသည် မဟုတ်လော။ သူကိုယ်တိုင်လည်း ယခင်က သူ့သမီးကိုပင် ကမ်းလှမ်းဖူးသော်ငြား ဤလူနှစ်ယောက်ကတော့ လွန်သွားပြီဖြစ်၏။
"မင်းတို့ ငါ့ကို ရှိတယ်လို့ သတ်မှတ်ကြသေးရဲ့လား"
"ဟားဟား... နောက်တာပါ နောက်တာပါ"
ပါမောက္ခနှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။
"ဒါပေမဲ့ ခင်ဗျားတို့ ဒီနေ့ ဘာကိစ္စနဲ့ရောက်လာကြတာလဲ"
"ပါမောက္ခတို့... ကျွန်တော် ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်အတွက် ဘာသာရပ်အသစ်သင်ကြားခွင့် လျှောက်ချင်လို့ပါ"
"ဒါက စီစဉ်ပေးလို့ရပါတယ်"
ပါမောက္ခနှစ်ယောက်က ပြောလိုက်သည်။
"ဘွဲ့ကြိုသင်တန်းအတွက်ဆိုရင် လျှောက်လွှာတင်ထားလိုက်ပါ။ ပုံမှန်ဆိုရင် နှစ်နှစ်သုံးနှစ်ကြာတတ်ပေမဲ့ ခင်ဗျားက တော်ဝင်ပညာရှင်ဆိုတော့ အထူးလမ်းကြောင်းတွေ ရှိပါတယ်။ အကုန်အဆင်ပြေချောမွေ့ရင် တစ်လအတွင်းရနိုင်ပါတယ်။ နောက်လာမယ့်စာသင်နှစ်မှာ ကျောင်းသားစခေါ်လို့ရပါပြီ"
"ကျွန်တော်က ဘွဲ့ကြိုတင်မကဘူး။ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့သင်ကြားခွင့်တွေကိုပါ တစ်ခါတည်းလျှောက်ချင်တာ"
"ဘာ"
ထိုလူနှစ်ယောက်လည်း ခဏမျှကြောင်အသွားသည်။
"ဒါက... နည်းနည်းတော့ ခက်လိမ့်မယ်"
"တော်ဝင်ပညာရှင်ကျန်း မဟာဘွဲ့နဲ့အထက် သင်ကြားခွင့်ရဖို့ဆိုရင် ပြည်နယ်အဆင့် ဒါမှမဟုတ် ဝန်ကြီးဌာနအဆင့် သိပ္ပံသုတေသနစီမံကိန်းတွေကို လုပ်ဆောင်ရမဲ့အပြင် ရလဒ်တွေလည်း ထွက်ဖို့လိုတယ်။ အနည်းဆုံးသုံးနှစ်ကနေ ငါးနှစ်လောက်အထိ အချိန်မပေးဘဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး"
"ဒါဆို ကျွန်တော့်မှာ ရလဒ်တွေရှိပြီးသားဆိုရင်ရော လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ရုံပဲမလား"
"သဘောတရားအရတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဲဒီစီမံကိန်းတွေက တရားဝင်လျှောက်လွှာခေါ်တဲ့အချိန် မရောက်သေးဘူးလေ..."
"ခင်ဗျားတို့ရဲ့ စာရင်းထဲက ပါလ်ဆာရူပဗေဒစီမံကိန်းကို ဖယ်ထားလိုက်တော့။ အဲဒါကို ခင်ဗျားတို့ တာဝန်ယူထားတာမဟုတ်လား"
"အဲဒါကို သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက တာဝန်ယူတာပါ"
ပါမောက္ခလျိုကျင်းလျန်က ပြောလိုက်သည်။
"သူတို့က ဘေးနားကရုံးခန်းထဲမှာ ရှိပါတယ်။ ဒါပေမဲ့ ဒါက နိုင်ငံတော်အဆင့်စီမံကိန်းကြီးလေ။ ဘယ်လိုလုပ်ပြီး ဒီအတိုင်း ဖယ်လိုက်လို့ရမှာလဲ"
"ဖောင်း!"
ကျန်းမုန့်လောင်က USBတစ်ခုကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
"အဲဒီစီမံကိန်းကို ကျွန်တော် မနေ့ကပဲ လက်စသတ်လိုက်ပြီ။ အချက်အလက်အစီရင်ခံစာတွေနဲ့ လျှောက်ထားရမယ့် မော်ဒယ်ဒေတာတွေအကုန်လုံး ဒီထဲမှာပါပြီးသား"
"မင်း... မင်း လက်စသတ်လိုက်ပြီ ဟုတ်လား"
"အကုန်ပြီးသွားပြီ။ အခုချက်ချင်းလူလွှတ်ပြီး အတည်ပြုခိုင်းလို့ရတယ်"
"တော်ဝင်ပညာရှင်ကျန်း... ဒါက လုပ်ထုံးလုပ်နည်းနဲ့ နည်းနည်းတော့ မညီသလိုပဲ။ ဒီလိုလုပ်လိုက်ရင်... တခြားလူတွေက ကန့်ကွက်ကြလိမ့်မယ်"
"ဘယ်သူက ကန့်ကွက်ရဲလို့လဲ"
ကျန်းမုန့်လောင်က ဆိုသည်။
"ကန့်ကွက်ရဲတဲ့လူမှန်သမျှ အဲဒီစီမံကိန်းတွေအကုန်လုံးကို ကျွန်တော် လက်စသတ်ပြီး သုတေသနရလဒ်တွေအကုန်လုံးကိုလည်း ထုတ်ပြန်ပေးလိုက်မယ်။ အဲဒီကျရင် သူတို့ ဘာကိုသုတေသနဆက်လုပ်ကြမလဲ။ ရန်ပုံငွေကိုရော ဘယ်လိုလျှောက်ကြမလဲဆိုတာ ကြည့်ချင်သေးတယ်"
ပါမောက္ခနှစ်ယောက်စလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဤမျှရဲတင်းလှသော ပညာရှင်မျိုးကို သူတို့ တစ်ခါမှမမြင်ဖူးပေ။ စီမံကိန်းအားလုံးကို အကုန်လက်စသတ်ပစ်မည်ဟု ဆိုလေရာ အခြားပညာရှင်တွေအတွက်လည်း အခွင့်အရေးနည်းနည်းပါးပါး ချန်ထားပေးလို့မရဘူးလား။
"ခဏလေးပါ။ ဒီအခြေအနေက နည်းနည်း ထူးခြားတော့ ကျုပ်တို့ ဆွေးနွေးဖို့လိုလိမ့်မယ်ဗျ..."
"စိတ်မပူပါနဲ့။ အေးအေးဆေးဆေး ဆွေးနွေးကြပါ"
ကျန်းမုန့်လောင်က ရုံးခန်းထိုင်ခုံတွင် သက်သောင့်သက်သာ ဝင်ထိုင်ပြီး သူ့စူပါကွန်ပျူတာကို ထုတ်လိုက်သည်။
"ဆရာတို့ အစည်းအဝေးသွားလုပ်ကြလေ။ ကျွန်တော် 'ဂမ်မာရောင်ခြည်ပေါက်ကွဲမှုနက္ခတ္တဗေဒ'နဲ့ 'အမြန်ရေဒီယိုလှိုင်းဆိုင်ရာအချက်အလက်စာရင်း'စီမံကိန်းတွေကိုပါ တစ်ခါတည်း အပြီးသတ်လိုက်ဦးမယ်။ နောက်မှ တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ပြောနေမှာစိုးလို့..."