← Chapters

သူက နိုင်ငံတော်စီမံကိန်းတွေကို လက်ကားသွင်းနေတာလား

Vol. 49 Ch. 726

သူက နိုင်ငံတော်စီမံကိန်းတွေကို လက်ကားသွင်းနေတာလား

Vol. 49 Ch. 726

"ပါမောက္ခယောင်"

ပါမောက္ခလျိုကျင်းလျန်နှင့် ပါမောက္ခစွန်းချန်ရှန်းတို့က ဘေးခန်းရှိ သိပ္ပံနှင့်နည်းပညာဌာနသို့ အလောတကြီး ပြေးဝင်သွားကြသည်။

"ကိစ္စအကြီးကြီးတစ်ခု ပေါ်လာပြီ"

"ဘာကိစ္စမို့လို့ ခင်ဗျားတို့နှစ်ယောက် ဒီလောက်အထိ အလောတကြီးဖြစ်နေတာလဲ"

ပါမောက္ခယောင်က တစ်ဖက်သို့လှည့်ကြည့်ရင်း မေးလိုက်သည်။

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က တော်ဝင်ပညာရှင်ကျန်းမုန့်လောင်က နက္ခတ္တရူပဗေဒဘာသာရပ် သင်ကြားခွင့်လျှောက်ဖို့ ရောက်နေတာ"

"လျှောက်ချင်ရင်လည်း လျှောက်ပါစေလေ။ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်လိုက်"

ပါမောက္ခယောင်က ဆို၏။

"ဘွဲ့ကြိုသင်တန်းအတွက်ဆိုရင် တစ်လအတွင်း အတည်ပြုပေးလို့ရတယ်။ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေအတွက်ဆိုရင်တော့ သူ့ကို နိုင်ငံတော်အဆင့်စီမံကိန်းတွေကို အရင်လာလျှောက်ခိုင်းလိုက်။ အဲဒါတွေပြီးလို့ ရလဒ်တွေ ထွက်လာမှ ပြန်လာလျှောက်ခိုင်းလိုက်ပေါ့။ ဒီနှစ်အတွက် နိုင်ငံတော်အဆင့် နက္ခတ္တဗေဒစီမံကိန်းသုံးခု ရှိတယ်မလား။ သူ့အရည်အချင်းနဲ့ဆိုရင် တစ်ခုလောက်ရဖို့ဆိုတာ ဘာမှခက်တာမဟုတ်ဘူး"

"ပြဿနာက အဲဒီစီမံကိန်းကို သူက လက်စသတ်ပြီးနေပြီ"

လျိုကျင်းလျန်က မွန်းကျပ်နေဟန်ဖြင့် ပြောလိုက်သည်။

"ဘာ... ပြီးသွားပြီ ဟုတ်လား"

ပါမောက္ခယောင်ခမျာ ကြက်သေသေသွားသည်။

"ဒီစီမံကိန်းတွေကို တရားဝင်ကြေညာထားတာ တစ်လတောင် မပြည့်သေးဘူး။ တရားဝင် လျှောက်လွှာတင်ရမယ့် ကာလကလည်း နောက်လမှစမှာလေ။ သူက ဘယ်လိုလုပ်ပြီး လက်စသတ်လိုက်တာလဲ"

"ခင်ဗျားဘာသာ ကြည့်လိုက်တော့"

စွန်းချန်ရှန်းက USBကို စားပွဲပေါ် ပစ်တင်လိုက်သည်။

"ပါလ်ဆာရူပဗေဒစီမံကိန်းက ပြီးသွားပြီတဲ့။ အခု သူ ကျွန်တော်တို့ရုံးခန်းထဲမှာ ရှိနေတုန်းပဲ။ 'ဂမ်မာရောင်ခြည်ပေါက်ကွဲမှု'နဲ့ 'အမြန်ရေဒီယိုလှိုင်းစာရင်းဇယား'စီမံကိန်းတွေကိုပါ တစ်ခါတည်းအပြီးသတ်ချင်တယ်လို့ ပြောနေတယ်။ စီမံကိန်းအရေအတွက် မလုံလောက်လို့ဆိုပြီး ကျွန်တော်တို့ သူ့ကို ခက်ခဲအောင် လုပ်မှာစိုးလို့တဲ့"

"ကျွန်တော်တို့တစ်သက် အလုပ်လုပ်လာတာ နိုင်ငံတော်စီမံကိန်းတွေကို လက်ဦးမှုယူပြီး လက်စသတ်ပစ်လိုက်တဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး"

"ဒါကတော့ တကယ်မယုံနိုင်စရာပဲ"

နိုင်ငံတော်အဆင့် စီမံကိန်းဆိုသည်မှာ အစိုးရက ရန်ပုံငွေထောက်ပံ့နေသည့် စီမံကိန်းများဖြစ်ပြီး တက္ကသိုလ်ကြီးများက အလုအယက် လုယူနေကြရခြင်းပင်။ စီမံကိန်းတစ်ခုစီတွင် ရန်ပုံငွေမှာ သန်းပေါင်းများစွာမှ သန်းပေါင်းရာဂဏန်းအထိ ရှိတတ်သည်။ ဤစီမံကိန်းများမှာ နိုင်ငံတော်၏ အခြေခံသိပ္ပံပညာ၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အလွန်အရေးကြီးသည်။

ပုံမှန်အခြေအနေတိုင်းသာဆိုလျှင် တက္ကသိုလ်တစ်ခုမှ ဌာနအဖွဲ့ဝင်တစ်ယောက်က စီမံကိန်းတစ်ခု ရရှိပါက ပါမောက္ခရာထူး သို့မဟုတ် ဒုပါမောက္ခရာထူးသို့ တက်ရောက်ရန် အလားအလာကောင်းလှသည်။

ဤစီမံကိန်းများမှာ အချိန်အကြာကြီးယူရတတ်သည်။ အနည်းဆုံးသုံးနှစ်မှ ငါးနှစ်အထိဖြစ်ပြီး အချိန်ကန့်သတ်ချက် မရှိပေ။ ထူးခြားသည့် ရလဒ်တစ်ခုခုထွက်လာသရွေ့ နိုင်ငံတော်အဆင့်သိပ္ပံနှင့် နည်းပညာတိုးတက်မှုဆုကို ရရှိရန် သေချာသလောက်ပင်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထုိဘာသာရပ်များမှာ မည်မျှအထူးပြုမှုမြင့်မားပြီး ခက်ခဲသလဲဆိုသည်ကို သိနိုင်ချေသည်။

သို့သော် မယုံနိုင်စရာကောင်းသည်မှာ ဤစီမံကိန်းများကို ကြေညာထားသည်မှာ တစ်လပင်မပြည့်သေးပေ။ ဤတစ်လအတွင်း တက္ကသိုလ်ပေါင်းများစွာမှ သုတေသီများမှာ ထိုစီမံကိန်းကို ရရှိရန်အတွက် လျှောက်လွှာများကို အသည်းအသန်ရေးသားနေကြသည်။

သို့သော် ယခုမူ တစ်စုံတစ်ယောက်က ထိုစီမံကိန်းများကို လုပ်ပြီးသွားပြီဖြစ်ရုံသာမက လက်စသတ်ဖို့ပါ ပြင်ဆင်နေပြီတဲ့လား။ ထို့ပြင် စီမံကိန်းကလည်း တစ်ခုတည်းမဟုတ်ပေ။

ဤသည်မှာ သူတို့၏နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်၏။

ပိုအရေးကြီးသည်မှာ ယခု သူ ဘာဆက်လုပ်ရမှန်း မသိတော့ခြင်းပင်။

လျှောက်လွှာကို အတည်ပြုပေးရမည်ဆိုလျှင် သူ့စီမံကိန်းများက တရားဝင်စာရင်းမသွင်းရသေးသဖြင့် အလွန်ဆုံးရှိလှ ကိုယ်ပိုင်သုတေသနအဆင့်မျှသာ ရှိသေးသည်။

အတည်မပြုပေးပြန်လျှင်လည်း ဤလူက စီမံကိန်းကို အရယူရုံသာမက ရလဒ်များကိုပါ အကုန်ယူလာလိမ့်မည်။ ထိုအခါ သူတို့အနေနှင့် စီမံကိန်းကို စစ်ဆေးရုံသာ ရှိသည်။

ယခုလိုအခြေအနေမျိုးကြောင့် သူတို့ လမ်းပျောက်ရသည်။

"ပြီးတော့ နောက်ပိုင်း နက္ခတ္တဗေဒစီမံကိန်းတွေရှိရင် သိပ္ပံနဲ့နည်းပညာဌာနဘက်က သူ့ကို တိုက်ရိုက်ပြောလို့ရတယ်တဲ့။ အဲဒီအပြင် သုတေသနရန်ပုံငွေလည်း တစ်ပြားတစ်ချပ်မှ မလိုချင်ဘူးလို့ ပြောသွားသေးတယ်"

"ဒါက.. အသက်ရှည်နေသရွေ့တော့ ကိစ္စပေါင်းစုံကို မြင်တွေ့နေရဦးမှာပဲ"

ပါမောက္ခယောင်က ခါးသက်သက်ပြုံးရင်း ညည်းတွားလိုက်သည်။

ပုံမှန်အားဖြင့် လူများက စီမံကိန်းတစ်ခုကို လက်ခံတော့မည်ဆိုလျှင် ငွေပမာဏ၊ ခက်ခဲမှုအဆင့်နှင့် သူတို့၏သုတေသနအဖွဲ့က တာဝန်ယူနိုင်မယူနိုင်ကို အရင်ကြည့်တတ်ကြသည်။

သို့သော် ကျန်းမုန့်လောင်ကမူ ရန်ပုံငွေကို မလိုချင်သည့်အပြင် နိုင်ငံတော်က အကြံပြုသည့် မည်သည့်စီမံကိန်းကိုမဆို သုတေသနရလဒ်ထုတ်ပေးမည်ဟု ဆိုနေချေသည်။

ဒါက ဘယ်လိုကြီးမြတ်လိုက်တဲ့ ယုံကြည်မှုမျိုးလဲ...

"သူ တခြားဘာပြောသေးလဲ"

"ဒါပါပဲ။ သူ့ရဲ့တစ်ခုတည်းသော တောင်းဆိုချက်က ဒီဘာသာရပ်တွေအတွက် သင်ကြားခွင့် အမြန်အတည်ပြုပေးဖို့ပါပဲ"

"ငါတို့ ဒီလိုလုပ်ရအောင်"

ပါမောက္ခယောင်က ပြောလိုက်သည်။

"သူ့ရလဒ်တွေကို လူလွှတ်ပြီး အရင်စစ်ဆေးခိုင်းလိုက်မယ်။ ဘာပြဿနာမှမရှိဘူးဆိုရင် အထက်လူကြီးတွေဆီမှာ အထူးအခြေအနေအနေနဲ့ လျှောက်ထားပေးလို့ရမလားဆိုတာ ကြည့်လိုက်မယ်"

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

ရုံးခန်းတံခါး ပွင့်လာလေသည်. အပြင်ဘက်က တံခါးခေါက်နေသူမှာ ကျန်းမုန့်လောင်ပင်။

"တော်ဝင်ပညာရှင်ကျန်း.. ကျုပ်တို့ အခုပဲ ခင်ဗျားကိစ္စကို ဆွေးနွေးနေကြတာ"

ပါမောက္ခလျိုက ပြောလိုက်သည်။

"ခင်ဗျားရဲ့သုတေသနကို အရင်အကဲဖြတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုလောလောဆယ် တင်ပြစရာများရှိလား"

"ဪ"

ကျန်းမုန့်လောင်က အခန်းထဲသို့ ဝင်လာပြီး စားပွဲပေါ်သို့ USBနှစ်ခု ထပ်တင်လိုက်သည်။

"ဂမ်မာရောင်ခြည်ပေါက်ကွဲမှုနဲ့ အမြန်ရေဒီယိုလှိုင်းစာရင်းဇယားစီမံကိန်းတွေကို အခုပဲ လက်စသတ်လိုက်ပြီ။ ဒါတွေကိုပါ တစ်ခါတည်းစစ်ဆေးလိုက်ပါ့လား"

"ဘာ"

ပါမောက္ခသုံးယောက်စလုံး ထိုနေရာမှာတင် ကျောက်ရုပ်အလား ဆွံ့အသွားသည်။

သူတို့ဆွေးနွေးနေသည်မှာ ဆယ်မိနစ်ခန့်သာရှိသေးသည်။ ထိုခဏလေးအတွင်းမှာပင် သူက နောက်ထပ်စီမံကိန်းနှစ်ခုကို လက်စသတ်လိုက်ပြီဖြစ်၏။

"အထင်ကြီးဖို့ကောင်းလိုက်တာ"

"ပြိုင်ဘက်ကင်းပါပေတယ်"

"ကြောက်ဖို့ကောင်းလိုက်တာ"

...

နိုင်ငံတော်အဆင့် စီမံကိန်းများကို မည်သူမှ ပေါ့ပေါ့တန်တန်သဘောမထားရဲပေ။ အထူးသဖြင့် ဤသို့သော အခြေအနေမျိုးမှာပင်။

ဤအရာများမှာ မူပိုင်ခွင့်လိုပင်။ စီမံကိန်းတစ်ခုကို အတည်ပြုလိုက်ပါက ရရှိလာမည့် ရှာဖွေတွေ့ရှိမှုများမှာ ထိုစီမံကိန်းနှင့် သက်ဆိုင်သွားမည်ဖြစ်၏။ တစ်နည်းဆိုရသော် နိုင်ငံတော်ပိုင်ဖြစ်သွားလေပြီ။

သို့သော် ဤစီမံကိန်းများမှာ အတည်မပြုရသေးသဖြင့် ကျန်းမုန့်လောင်ကသာ အလိုရှိပါက ဤအချက်အလက်များကို နိုင်ငံတကာဂျာနယ်များတွင် ထုတ်ပြန်နိုင်ပြီး နိုင်ငံတော်အဆင့်ရလဒ်များဖြစ်သင့်သည့်အရာမှာ အများပြည်သူပိုင် ဖြစ်သွားနိုင်သည်။ ဤအဖြစ်ကို မည်သို့များ ခွင့်ပြုနိုင်မည်နည်း။

ထိုညမှာပင် နက္ခတ္တဗေဒပညာရှင်ဆယ်ယောက်ကျော်က ထိုရှာဖွေတွေ့ရှိချက်များကို စစ်ဆေးခဲ့ကြလေရာ ရလဒ်များကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားချေသည်။

စီမံကိန်းတိုင်း၏ နောက်ဆုံးရလဒ်များအတွက် စံနှုန်းသတ်မှတ်ချက်များ ရှိသည်။ ဥပမာ "ပါလ်ဆာရူပဗေဒ"တွင် အခြေခံလိုအပ်ချက်မှာ လက်ရှိမှတ်တမ်းတင်ထားသော အချက်အလက်များကို ပြုပြင်ရန်ဖြစ်သော်ငြား ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ ထိုအရာများကို မပြုပြင်နိုင်သေးပေ။

ကျန်းမုန့်လောင်က ထိုအချက်အလက်များကို ပြုပြင်ထားရုံသာမက နည်းပညာနှင့် သီအိုရီများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် လေ့လာနိုင်သော ပါလ်ဆာအရေအတွက်ကို ၁၇၀မှ ၃၀၀အထိ တိုးမြှင့်နိုင်ခဲ့သည်။

ပြုပြင်ထားသော ဤအချက်အလက်များမှာ ဟွာရှားနိုင်ငံ၏ နက္ခတ္တဗေဒလောကကို ပါလ်ဆာသုတေသနနယ်ပယ်တွင် ကမ္ဘာထိပ်တန်းသို့ ရောက်သွားစေမည်သာ။

အခြားစီမံကိန်းနှစ်ခု၏ ရလဒ်များကလည်း အလားတူ အံ့မခန်းဖွယ်ရာပင်။ ကျန်းမုန့်လောင်က အခြေခံလိုအပ်ချက်များကို ပြည့်မီရုံသာမက မူလမျှော်မှန်းထားသော သုတေသနရလဒ်များထက် အနည်းဆုံးနှစ်ဆခန့် ပိုလုပ်ဆောင်နိုင်ခဲ့သည်။

ဤစီမံကိန်းသုံးခု၏တန်ဖိုးမှာ အဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားလှသည်။

ထို့ပြင် သူသည် ဤရှာဖွေတွေ့ရှိမှုများအားလုံးကို လေ့လာစမ်းသပ်မှုများမှတစ်ဆင့် တွက်ချက်ထားပြီး လက်ရှိဒေတာများမှ ခွင့်ပြုထားသော မှားယွင်းမှုကန့်သတ်ချက်အတွင်း ရှိသော ရလဒ်များမှာ အလွန်တိကျလှသဖြင့် အဆုံးတွင် မည်သူက မှန်ကန်ကြောင်း သေချာပင် မသိနိုင်တော့ပေ။

အဆုံးတွင် သူတို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။

ဘွဲ့ကြို၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်ကြားခွင့်များအားလုံးကို ပေးလိုက်သင့်သည်။ ပညာရေးသင်ကြားခွင့်များသာမက ရန်ပုံငွေ၊ ဝန်ထမ်း၊ အရင်းအမြစ်များနှင့် သူလိုအပ်သမျှ အရာအားလုံးလည်း အပါအဝင်ပင်။

အခြားတက္ကသိုလ်များက သုတေသနလုပ်နေကြချိန်တွင် ကျန်းမုန့်လောင်ကတော့ စီမံကိန်းများကို လက်ကားသွင်းနေသလိုပင်။ သူ့ကို ခေါင်းစဉ်တစ်ခု သွားပေးရဲပါက သူကလည်း မယုံနိုင်လောက်သည့် အမြန်နှုန်းနှင့် အရည်အသွေးမျိုးကို ထုတ်ပြပေလိမ့်မည်။

ကျန်းမုန့်လောင်က နည်းပညာအဆင့်မြင့်မားသည့် ဂြိုလ်သားယဉ်ကျေးမှုတစ်ခုခုကို ပိုက်ဆံပေးပြီး ဝယ်ယူကာ ထိုဂြိုလ်သားများကို သူ့အား ကူညီခိုင်းထားသလားဟုပင် သံသယဝင်နေမိကြသည်။

အကယ်၍ ပညာရေးဌာနတိုင်းသာ ကျန်းမုန့်လောင်လို လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် သိပ္ပံသုတေသနတိုးတက်မှုရှိရုံသာမက ဟွာရှားနိုင်ငံအနေနှင့် သိပ္ပံပညာပိုင်းဆိုင်ရာ ပေါက်ကွဲမှုကြီးတစ်ခုပင် ဆောင်ကြဉ်းနိုင်ပေလိမ့်မည်။

"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားအတွက် လိုအပ်တဲ့လျှောက်လွှာတွေကို ကျွန်တော်တို့ တင်ပေးလိုက်ပါပြီ။ အမြန်ဆုံးတစ်ပတ်အတွင်း ဘာသာရပ်သင်ကြားခွင့်အတည်ပြုချက် ကျလာပါလိမ့်မယ်။ ခင်ဗျားဘက်က အဖွဲ့ကို အရင်လူစုထားလိုက်ပါ။ နောက်နှစ်ကျရင်တော့ ကျောင်းသားခေါ်ယူနိုင်ပါပြီ"

"ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က ကျေးဇူးတင်စကားပြောလိုက်သည်။

ရလဒ်က သူထင်ထားသည့်အတိုင်းပင်။ သူ၏လက်ရှိအမြန်နှုန်းနှင့် သုတေသနအဆင့်အတန်းမှာ ခေတ်တစ်ခေတ်ကို ရှေ့ရောက်အောင် တွန်းပို့ပေးနိုင်သည်ဖြစ်ရာ သူ့ကို အခွင့်အရေးမပေးစရာ အကြောင်းမရှိပေ။

"ကဲ ဒါဆို အဆင်ပြေပြီနော်"

ကျန်းမုန့်လောင်က သူ့ဝေးပေါ်အကောင့်ကို ဖွင့်ပြီး ပွက်လောရိုက်သွားစေမည့် ပို့စ်တစ်ခုကို ထပ်တင်လိုက်သည်။

"@အရှေ့ပင်လယ်အသက်မွေးဝမ်းကြောင်းနည်းပညာကောလိပ်ရဲ့ ပါမောက္ခလျိုသုန်းရှန်း... ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ စာသင်ဖို့ စိတ်ဝင်စားလား။ ကျွန်တော် အခုလေးတင် နက္ခတ္တဗေဒဘာသာရပ်အသစ်ကို ဖွင့်လိုက်ပါပြီ။ အဲဒါကြောင့် ခင်ဗျားကို ဌာနမှူးရာထူးပေးချင်ပါတယ်။ အကျိုးခံစားခွင့်တွေကတော့ ကျွန်တော်တို့ကျောင်းက ပါမောက္ခတွေရဲ့စံနှုန်းအတိုင်း ပေးမှာပါ။ အဲဒါအပြင် ကျောင်းနားက ဂရန်ပါတဲ့ အိမ်တစ်လုံးနဲ့ နှစ်စဉ်သုတေသနရန်ပုံငွေ ယွမ်သန်းတစ်ရာလည်း ပေးမှာပါ"

All Chapters