← Chapters

ကမ္ဘာသစ်တစ်ခု၏တံခါးများကို ဖွင့်လှစ်ပေးခြင်း

Vol. 49 Ch. 728

ကမ္ဘာသစ်တစ်ခု၏တံခါးများကို ဖွင့်လှစ်ပေးခြင်း

Vol. 49 Ch. 728

ထိုနေ့တွင် ပါမောက္ခလျိုသုန်းရှန်းက ကျောင်းအုပ်ကြီးထံတွင် နုတ်ထွက်စာတင်လိုက်သည်။

ကျောင်းအုပ်ကြီးခမျာ အံ့အားသင့်သွားလေသည်။ သူသည် ပညာရေးဆိုင်ရာကိစ္စရပ်များကို ထဲထဲဝင်ဝင်နားလည်သူတစ်ယောက် မဟုတ်ပေ။ လျိုသုန်းရှန်းက ပညာရေးနယ်ပယ်တွင် အရည်အချင်းမရှိသူတစ်ဦးဟု သတ်မှတ်ခံထားရသည်မဟုတ်ပါလော။ သို့ဖြစ်လေရာ မည်သို့နှယ် လတ်တလောတွင် နာမည်ကြီးကျော်ကြားလာသော ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ဌာနမှူးအဖြစ် ခန့်အပ်ခံလိုက်ရလေသလဲ။ လျိုသုန်းရှန်း သုတေသနပြုခဲ့သည့် အရာများက အမှန်တကယ်အဖိုးတန်နေ၍လော။

သို့သော် ယခုအချိန်တွင် နောင်တရနေလည်း နောက်ကျသွားချေပြီ။ သူတို့ကျောင်းအနေနှင့် ပညာရေးဆိုင်ရာ အောင်မြင်မှုများကို အထူးတလည်လိုအပ်နေသည်လည်း မဟုတ်ပေ။ ထို့ပြင် လျိုသုန်းရှန်းကို ဆွဲထားချင်လျှင်ပင် သူတို့ဘက်က မည်သည့်အခွင့်အရေးမျိုး ပေးနိုင်မည်နည်း။ သူတို့ကျောင်းတစ်ကျောင်းလုံးက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဌာနတစ်ခုနှင့်ပင် ယှဉ်နိုင်သည်မဟုတ်။

သုံးရက်အကြာတွင် လျိုသုန်းရှန်းက သူ့မိသားစုနှင့်အတူ ကျန်းနန်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ သူ့အတွက် ကျန်းမုန့်လောင်ပြင်ဆင်ပေးထားသော အိမ်မှာ စတုရန်းမီတာ၁၈၀ကျယ်ဝန်းပြီး ခမ်းနားထည်ဝါစွာ ပြင်ဆင်မွမ်းမံထားသည်။ သူနှင့်သူ့ဇနီးမှာ ယခင်က ဤမျှကျယ်ဝန်းသော အိမ်မျိုးတွင် မနေခဲ့ဖူးပေ။

ထို့ပြင် ပတ်ဝန်းကျင်ရှိ လူတိုင်းက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သောကြောင့် လျိုသုန်းရှန်းအနားတွင် သိပ္ပံသုတေသနပညာရှင်များသာ ဝန်းရံနေမည်ဖြစ်၏။ ထို့ကြောင့် သိပ္ပံသုတေသနအကြောင်း ဘာမှမသိသူများနှင့် ပြဿနာရှာတတ်သည့် ကျောင်းသားများကို နေ့စဉ်ရင်ဆိုင်နေရသည့် ဒုက္ခမှလည်း ကင်းဝေးသွားခဲ့လေပြီ။

ကျန်းမုန့်လောင်က ကျွမ်းကျင်သော အိမ်တွင်းဝန်ဆောင်မှုအဖွဲ့ကိုပင် ငှားရမ်းပေးထားလေရာ လျိုသုန်းရှန်းအနေနှင့် အခြားဘာကိုမှစိတ်ပူစရာမလိုဘဲ သုတေသနလုပ်ငန်းများကိုသာ အာရုံစိုက်နိုင်တော့မည်ဖြစ်၏။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ စက်ပစ္စည်းကိရိယာများကို မြင်လိုက်ရသောအခါ သူ့ခမျာ စကားမပြောနိုင်လောက်အောင် အံ့သြသွားရသည်။ နာဆာတွင်ရှိသမျှ အရာအားလုံးက ဤနေရာတွင် ရှိနေပြီး နာဆာမှာပင် မရှိသေးသော အရာများလည်း ဤနေရာတွင် ရှိနေပေသည်။ ယှဉ်ကြည့်မည်ဆိုပါက ယခင်ကျောင်းတုန်းက အသုံးအဆောင်များမှာ အမှိုက်တစ်စလိုပင်။

ယခုအခါ လျိုသုန်းရှန်းအနေနှင့် ဤနေရာရှိ အရင်းအမြစ်အားလုံးကို စိတ်ကြိုက်အသုံးပြုခွင့် ရနေလေပြီ။ အကယ်၍ သူသာ ယခု ဤရုံးခန်းအသစ်စက်စက်ထဲတွင် ရောက်မနေပါက ဤအဖြစ်ကို ယုံကြည်နိုင်မည်မဟုတ်ပေ။

"ပါမောက္ခလျို ဒီကအပြင်အဆင်တွေကို သဘောကျရဲ့လား"

ကျန်းမုန့်လောင်က နို့လက်ဖက်ရည်ခွက်ကိုကိုင်လျက် နံရံကိုမှီရပ်ရင်း မေးလိုက်သည်။ ဤကဲ့သို့သော လူငယ်လေးတစ်ယောက်က ကမ္ဘာကျော်ပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမှထင်မှတ်ထားမည် မဟုတ်ချေ။

"တော်ဝင်ပညာရှင်ကျန်း"

လျိုသုန်းရှန်းက သူ့ရှေ့ရှိ ထိုလူငယ်ကို ချက်ချင်း မှတ်မိသွားသည်။

"ဒီနေရာက အရမ်းအံ့သြဖို့ကောင်းတယ်။ သိပ္ပံသုတေသနနဲ့ပတ်သက်ပြီး ကျုပ် စိတ်ကူးယဉ်ခဲ့သမျှ အရာအားလုံး ပြည့်စုံသွားပါပြီ"

"ခင်ဗျားသဘောကျတယ်ဆိုတော့ ဝမ်းသာပါတယ်။ အခုအချိန်ကစပြီး ဒီနေရာမှာပဲ သုတေသနကို အေးအေးဆေးဆေးလုပ်ပါ"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် တော်ဝင်ပညာရှင်ကျန်း"

လျိုသုန်းရှန်းက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ခင်​ဗျားကြောင့်သာမဟုတ်ရင် ကျုပ်ရဲ့သုတေသနတွေကို ဘယ်လိုဆက်လုပ်ရမလဲတောင် မသိတော့ပါဘူး"

"ဒီလောကမှာ အမှန်တရားဆိုတာ လူနည်းစုရဲ့လက်ထဲမှာပဲ အမြဲရှိနေတာပါ"

ကျန်းမုန့်လောင်က ဆိုသည်။

"ခင်ဗျားရဲ့ သုတေသနအစီရင်ခံစာကို ကျွန်တော် သေချာဖတ်ကြည့်ပြီးပါပြီ။ အကုန်စနစ်တကျရှိတယ်။ ဒါပေမဲ့ စက်ပစ္စည်းနဲ့ တိုင်းတာရေးတိကျချက်တွေမှာ အားနည်းချက်ရှိတော့ တချို့အချက်တွေကို ပြန်ပြင်ပြီး အစကပြန်စဖို့ လိုလိမ့်မယ် ထင်တယ်"

"ဟုတ်ကဲ့။ ကျုပ်နားလည်ပါတယ်"

လျိုသုန်းရှန်းက ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ တော်ဝင်ပညာရှင်ကျန်း.... ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ အမှန်အတိုင်း ပြောရရင် ကျုပ် ဒီဆက်သွယ်ရေးလှိုင်းကို လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက မတော်တဆတွေ့ခဲ့တာ။ ဒါပေမဲ့ ဘယ်သူကမှ ရန်ပုံငွေမထောက်ပံ့ပေးချင်ခဲ့ကြဘူး။ အရှေ့ပင်လယ်အသက်မွေးဝမ်းကြောင်းနည်းပညာကောလိပ်က ကျောင်းအုပ်ဟောင်းတစ်ယောက်ကပဲ ကျပ်တည်းနေတဲ့ သူ့ကျောင်းရန်ပုံငွေထဲကနေ ကျုပ်ရဲ့သုတေသနအတွက် ခွဲပေးခဲ့တာ"

"ဒီလိုကိုး"

ဤကဲ့သို့သော ပါမောက္ခတစ်ယောက်က ယခုလိုကျောင်းမျိုးတွင် ဘာကြောင့်နေထိုင်ခဲ့ရသလဲဆိုသည်ကို ကျန်းမုန့်လောင် ယခုမှနားလည်တော့သည်။

"ကံဆိုးချင်တော့ ကျောင်းအုပ်ဟောင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ အနားယူသွားတယ်။ ကျောင်းအုပ်အသစ်ကလည်း ပိုက်ဆံရှာဖို့ပဲသိတာ"

လျိုသုန်းရှန်းက ခေါင်းတခါခါလုပ်ရင်း ပြောလိုက်သည်။

"ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံး ကျုပ်ပိုက်ဆံနဲ့ပဲ သုတေသနလုပ်ခဲ့ရတာ"

"အဲဒီကြိမ်နှုန်းအကြောင်း ပြောပြပါလား"

"အဲဒါက အိုရီယွန်နက်ဗျူလာက လာတဲ့ အချက်ပြလှိုင်းတစ်ခုပါ။ ကျုပ်တို့နဲ့ အလင်းနှစ်၁၅၀၀လောက်ပဲ ဝေးတယ်။ စကြဝဠာအတိုင်းအတာနဲ့ဆိုရင် ဒါက အရမ်းနီးကပ်လွန်းတဲ့ အကွာအဝေးတစ်ခုပဲ"

လျိုသုန်းရှန်းက ရှင်းပြလိုက်သည်။

"နှစ်ပေါင်းများစွာအတွင်း အဲဒီထဲက အချက်အလက်တချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီထဲမှာ ဗိုယာဂျာ-၁က သယ်ဆောင်ထားတဲ့ အချက်အလက်တချို့ ပါဝင်နေတယ်"

"နာဆာက ၁၉၇၇ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ကို ပြောတာလား"

"ဟုတ်ပါတယ်"

လျိုသုန်းရှန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ အရမ်းထူးဆန်းတယ်။ ဗိုယာဂျာ-၁က ခရီးနှင်နေတာ အခုအချိန်အထိဆိုရင် နှစ်ပေါင်းလေးဆယ်ကျော်ပဲ ရှိသေးတယ်။ နေအဖွဲ့အစည်းထဲကတောင် မထွက်ရသေးဘူး။ အလင်းနှစ်၁၅၀၀အကွာကလာတဲ့ အချက်ပြလှိုင်းတစ်ခုက ဘယ်လိုလုပ်ပြီး ဗိုယာဂျာ-၁ရဲ့ အချက်အလက်တွေထဲမှာ ပါနေရတာလဲ"

"ခင်ဗျား သံသယဖြစ်နေတာက..."

"အမှန်ပဲ။ နေအဖွဲ့အစည်းရဲ့ အစွန်းတစ်နေရာမှာ 'အာကာသတွင်းပေါက်'လိုမျိုး အာကာသလမ်းကြောင်းတစ်ခုခု ရှိနေနိုင်တယ်။ ဗိုယာဂျာ-၁ က အဲဒီတွင်းပေါက်ထဲကို ဖြတ်သွားပြီး အဆင့်မြင့်မျိုးနွယ်စုတွေဆီကို ရောက်သွားတယ်လို့ ရဲရဲဝံ့ဝံ့ယူဆကြည့်လို့ရတယ်။ အဲဒီသက်ရှိတွေက ဗိုယာဂျာ-၁ဆီက အချက်အလက်တွေကို ရယူပြီး သူတို့ရဲ့သတင်းစကားတွေနဲ့အတူ ပြန်ပေးပို့လိုက်တာ ဖြစ်နိုင်တယ်"

ကျန်းမုန့်လောင် ခေတ္တမျှငြိမ်ကျသွားသည်။ ဤအယူအဆမှာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်အလားပင်။ ဤခန့်မှန်းချက်က မည်မျှအထိ ဖြစ်နိုင်ခြေရှိသည်ကို သူမသိသော်လည်း စကြဝဠာထဲတွင် လူသားများအပြင် အခြားအဆင့်မြင့်သက်ရှိများလည်း ရှိကိုရှိရမည်ဟု သူ အမြဲယုံကြည်ထားသည်။

ယခုဆိုလျှင် သူသည် သရဲတစ္ဆေများကိုပင် မြင်ဖူးနေပြီဖြစ်ရာ ဂြိုဟ်သားများရှိနေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။

သို့သော် အနာဂတ်အတွက် ကြိုတွေးကြည့်မည်ဆိုလျှင် ဤယူဆချက်သာ အမှန်ဖြစ်ပါက ကမ္ဘာမြေ၏တည်နေရာကား ဖော်ထုတ်ခံလိုက်ရပြီဖြစ်၏။

"သုံးကိုယ်ပွား"ဝတ္ထုထဲတွင် ကြိုတင်ခန့်မှန်းထားသော စကြဝဠာလူမှုဗေဒသီအိုရီအရ "အမှောင်တောအုပ်သီအိုရီ"နှင့် "သံသယကွင်းဆက်သီအိုရီ" တို့အရဆိုလျှင် ဤသက်ရှိများမှာ မိတ်ဆွေလည်းဖြစ်နိုင်သလို ရန်သူလည်း ဖြစ်နိုင်သည်။ သူတို့ကလည်း လူသားများမှာ မိတ်ဆွေလော ရန်သူလောဟူ၍ တွေးနေကြလိမ့်မည်။ လူသားများက သူတို့၏ခင်မင်မှု သို့မဟုတ် ရန်လိုမှုကို မည်သို့ထင်မြင်မလဲဆိုသည်ကိုလည်း သံသယပွားနေကြမည်သာ။

"တော်ဝင်ပညာရှင်ကျန်း... အကွာအဝေးက အလင်းနှစ်၁၅၀၀ပဲ ရှိတာနော်။ တကယ်လို့ တစ်ဖက်မှာ ကွေးညွတ်မောင်းနှင်မှုလိုမျိုး နည်းပညာမျိုးရှိနေခဲ့ရင် ဒီအကွာအဝေးက သိပ်မဝေးတော့ဘူး။ ဆယ်နှစ်ဆိုတာ တကယ်တော့ အချိန်အများကြီးကုန်သွားပြီလို့တောင် ပြောလို့ရတယ်။ ကျုပ်တို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်..."

"ကျွန်တော် နားလည်ပါတယ်"

ကျန်းမုန့်လောင် စိုးရိမ်နေသည်မှာလည်း ဤအချက်ပင်။ ထို့ကြောင့်လည်း ပါမောက္ခလျိုသုန်းရှန်းကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့ခြင်းပင်။

"ဒီကိစ္စကို ပိုပိုသာသာအလေးထားပြီး လုပ်ပေးပါ"

ကျန်းမုန့်လောင်တွင် အခြားစီစဉ်စရာများ ရှိသေးသဖြင့် ဤစီမံကိန်းတစ်ခုတည်းကို အချိန်အပြည့်မပေးနိုင်ပေ။ ထို့ပြင် ကောထန်၏အချက်အလက်များလို မဟုတ်သဖြင့် ဤကိစ္စတွင် ကိုးကားစရာ အခြေခံအချက်အလက်များ မရှိသောကြောင့် အရာအားလုံးကို အစကအဆုံးထိတိုင် အသစ်ပြန်တွက်ချက်ရမည်ဖြစ်၏။

"မုန့်လောင်"

ထိုစဉ် ပါမောက္ခဟန်ကျင်းယွီက ရုံးခန်းထဲသို့ ရောက်လာသည်။

"ပါမောက္ခဟန် ဘာကိစ္စရှိလို့လဲ"

"မင်းလိုအပ်တဲ့လူတွေကို ငါ စုပေးထားပြီးပြီ။ အခုစလိုက်ကြတော့မလား"

"သွားကြတာပေါ့။ သူတို့နဲ့သွားတွေ့ရအောင်"

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ထူးချွန်သင်တန်းအတွက် တစ်နိုင်ငံလုံးရှိ ထူးချွန်ထက်မြက်သူများထဲမှ ရွေးချယ်ထားသည်။ ဤသင်တန်းမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း "ချီရှင်းအတန်း"ဟုသာ ခေါ်တွင်ခဲ့ပြီး သာမန်ထက် ဝင်ခွင့်အမှတ်လေးဆယ်ပိုရသည့် လူတော်များကို စုဆောင်းရာနေရာတစ်ခုမျှသာ။ ထို့ကြောင့် "ပါရမီရှင်"ဟု ခေါ်ဆိုရန်မှာ အနည်းငယ်ချဲ့ကားရာကျနိုင်သည်။

သို့သော် ယခုမူ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ဝင်ခွင့်ရရန်မှာ မလွယ်ကူတော့ပေ။ အခြေခံဝင်ခွင့်အမှတ်ကပင် ပထမတန်းစားတက္ကသိုလ်များထက် အမှတ်၈၀ကျော် ပိုများနေပေသည်။ ဤအတန်းထဲသို့ဝင်နိုင်ရန် အနည်းဆုံး အမှတ်၇၂၀ရရန် လိုအပ်လေသည်။

လက်ရှိတွင် ဤကျောင်းသားအယောက်သုံးဆယ်ကျော်မှာ ပြိုင်ပွဲအသီးသီးမှတစ်ဆင့် ကြိုတင်ရွေးချယ်ခံထားရသူများပင်။ အငယ်ဆုံးက ဆယ့်လေးနှစ်ဖြစ်ပြီး အကြီးဆုံးမှာမူ ဆယ့်ရှစ်နှစ်သာရှိသေးသည်ဖြစ်ရာ သူတို့ကို "ပါရမီရှင်များ"ဟု ခေါ်ဆိုခြင်းမှာ လုံးဝမမှားပေ။

"တော်ဝင်ပညာရှင်ကျန်း"

ကျန်းမုန့်လောင်ကို မြင်သောအခါ ထိုလူငယ်လေးများ၏ မျက်ဝန်းထဲတွင် အားကျလေးစားလေဟန် အရိပ်​အယောင်များ ပေါ်လွင်နေချေသည်။ သူတို့ ဤနေရာသို့ရောက်လာရသည့် အဓိကအကြောင်းအရင်းကလည်း ကျန်းမုန့်လောင်ကြောင့်ပင်။

"အားလုံးပဲ မင်္ဂလာပါ"

ကျန်းမုန့်လောင်က ပြုံးပြလိုက်သည်။

"ဒီနေ့ ငါ မင်းတို့ထဲက လူတချို့ကို ငါ့ရဲ့အထူးလေ့ကျင့်ရေးအတန်းမှာ ပါဝင်ဖို့ ရွေးချယ်သွားမယ်။ လူနည်းစုလည်း ဖြစ်နိုင်သလို အကုန်လုံးလည်း ဖြစ်နိုင်တယ်"

အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကျန်းမုန့်လောင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

"လီရှင်းကျဲ၊ ယင်းဟွမ်းဟောင်၊ လျိုကျိကော.."

ကျန်းမုန့်လောင်က ကျောင်းသားနှစ်ဆယ့်တစ်ယောက်၏ နာမည်ကို ခေါ်လိုက်သည်။ သူကိုယ်တိုင်ပင် မမျှော်လင့်ထားသည်မှာ လူထက်ဝက်ကျော်က အလားအလာညွှန်းကိန်းဆယ်မှတ်နှင့်အထက် ရှိနေကြပေသည်။

"မင်းတို့တွေက ငါ့နောက်ကိုလိုက်ခဲ့။ ကျန်တဲ့လူတွေကတော့ စိတ်မကောင်းပါဘူး။ မင်းတို့က ငါ့ရဲ့သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး"

ကျန်းမုန့်လောင်က အများကြီးရှင်းမပြတော့ပေ။

နာမည်အခေါ်ခံရသူများမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး ကျန်လူများမှာမူ စိတ်ပျက်သွားကြသော်ငြား ကျန်းမုန့်လောင်၏ရွေးချယ်မှုအပေါ် မည်သူကမှ မေးခွန်းမထုတ်ရဲကြပေ။

"ပါမောက္ခဟန်.... ဒီကလေးတွေကို ခဏခေါ်သွားပါရစေ"

"ကောင်းပြီ"

ဟန်ကျင်းယွီကလည်း ခေါင်းညိတ်ပြသည်။

"ဒါပေမဲ့ သတိထားဦးနော်။ သူတို့က ရတနာလေးတွေ"

"စိတ်မပူပါနဲ့။ သူတို့ကို နေရာတစ်ခုကို ခေါ်သွားရုံတင်ပါ။ ညကျရင် ပြန်ပို့ပေးပါ့မယ်"

...

ကားတစ်စီးက ကျန်းနန်မြို့၏ ဆင်ခြေဖုံးဘက်သို့ ဦးတည်၍ မောင်းနှင်နေချေသည်။

နောက်ဆုံးတွင် ထိုလူငယ်လေးများလည်း မအောင့်နိုင်တော့ဘဲ မေးလိုက်ကြသည်။

"တော်ဝင်ပညာရှင်ကျန်း... ကျွန်တော်တို့ကို ဘယ်နေရာကို ခေါ်သွားနေတာလဲဟင်"

"အရမ်းထူးဆန်းအံ့သြဖို့ကောင်းတဲ့ နေရာတစ်ခုကိုပေါ့"

ကျန်းမုန့်လောင်က ပြုံးလျက် ဆိုလိုက်လေသည်။

"မင်းတို့ အခုမြင်တွေ့ရမဲ့အရာတွေကို မဖြစ်နိုင်ဘူးလို့ ထင်ကြလိမ့်မယ်။ ဒါမှမဟုတ် မင်းတို့ရဲ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ ငါ မင်းတို့အတွက် ကမ္ဘာသစ်တစ်ခုရဲ့တံခါးကို ဖွင့်လှစ်ပေးတော့မှာ"

All Chapters