← Chapters

ဟွာရှားနိုင်ငံထဲက ဟော့ဝပ်ကျောင်းတော်

Vol. 49 Ch. 730

ဟွာရှားနိုင်ငံထဲက ဟော့ဝပ်ကျောင်းတော်

Vol. 49 Ch. 730

"လီရှောင်ယောင်... အခုချက်ချင်း ဆင်းခဲ့စမ်း"

ကျန်းမုန့်လောင်က အော်လိုက်သည်။

"သွားပြီ... ကျောင်းအုပ်ကြီး ရောက်နေတာလား"

ကျန်းမုန့်လောင်ကို မြင်လိုက်ရချိန်ဝယ် လီရှောင်ယောင်ခမျာ မျက်နှာပျက်သွားလေသည်။

ထို့နောက် သူ့ဓားပျံကို စီးနင်းကာ ကျန်းမုန့်လောင်၏အရှေ့သို့ အမြန်ဆင်းလိုက်ရသည်။

"ဒါက ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင်က ပြစ်တင်မာန်မဲလိုက်သည်။

"နျဲ့ရှောင်ချန်း... စည်းကမ်းချက်အမှတ်၄၇က ဘာလဲ"

"စည်းကမ်းချက်အမှတ်၄၇အရ သင်ကြားရေးဝန်ထမ်းအားလုံးက စာသင်ကြားနေစဉ်အတွင်း ကျောင်းရဲ့သင်ကြားရေးနယ်မြေကနေ ပြင်ပကို ထွက်ခွာခွင့်မရှိပါဘူး"

"လီရှောင်ယောင်... မင်းတို့ကို ဓားပျံစီးဖို့ ငါ သီးသန့်လမ်းကြောင်း သတ်မှတ်ပေးထားတယ် မဟုတ်ဘူးလား။ ဘာလို့ ဒီဘက်ကို ရောက်လာရတာလဲ"

ကျန်းမုန့်လောင်က ဆူပူမာန်မဲလိုက်ပြန်သည်။

"ဒီလိုလုပ်တာက တခြားဌာနက ကျောင်းသားတွေကို လန့်သွားစေနိုင်တယ်ဆိုတာ မင်းမသိဘူးလား"

"ကျောင်းအုပ်ကြီး... ကျွန်တော်..."

"မင်းတို့ရဲ့ကျင့်ကြံရေးဌာနမို့လို့ တော်

သေးတာပေါ့။ တကယ်လို့ ကျန်းကွေ့ရဲ့ ဝိညာဉ်ထိန်းကျောင်းရေးအတန်းက ကျောင်းသားတွေသာ အပြင်ထွက်ပြီး သရဲဖမ်းနေကြမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

အဲဒီလိုဆိုရင် တစ်ကျောင်းလုံး ပရမ်းပတာတွေ ဖြစ်ကုန်တော့မှာ"

"ပြီးတော့ ဒီကျောင်းသားသစ်တွေက အခုမှ စာသင်နှစ်စတာမဟုတ်ဘူးလား။ သူတို့က ဓားကို ဓားအိမ်ထဲပြန်ထည့်တာနဲ့ ဘေးမှာထားတာကိုတောင် ကောင်းကောင်းမကျွမ်းကျင်ကြသေးဘူး။ မင်းက သူတို့ကို အပြင်ခေါ်ထုတ်ပြီး အရှိန်နဲ့ ပတ်စီးခိုင်းနေပြီ။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဟွားထောင်ရဲ့ ဆေးပညာဌာနနဲ့ ယောင်ချန်းရဲ့ ဆေးဝါးဗေဒဌာနက ကျောင်းသားတွေတော့ ဒဏ်ရာရကျောင်းသားတွေကို လိုက်ကုပေးနေရတာနဲ့တင် လက်လည်မှာမဟုတ်ဘူး"

"တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး.. ကျွန်တော် သတိမထားမိလိုက်ဘူး"

"ကိုယ့်ကိုယ်ကိုယ်သုံးသပ်စာ သွားရေးနေ။ သွားတော့"

"အားလုံးပဲ ကျောင်းခန်းထဲကို ပြန်သွားကြ"

လီရှောင်ယောင်က ကျောင်းသားများကို ပြန်ခေါ်၍ ခေါင်းငိုက်စိုက်ချလျက် မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

"လန့်အောင်လုပ်မိလို့ တောင်းပန်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းတို့မြင်တဲ့အတိုင်း ငါတို့က ကျောင်းသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အရမ်းအလေးထားတယ်။ ပြီးတော့ သင်ခန်းစာတွေအပြင် ရွေးချယ်ထားတဲ့ ဝါသနာပါရာအတန်းတွေကိုလည်း ရွေးချယ်ပြီး တက်ရောက်ခွင့်ရှိတယ်"

"ဝါသနာပါရာအတန်းလား"

ကျောင်းသားများမှာ ကြောင်အသွားကြသည်။ အစောကပင် သိပ္ပံပညာကိုယုံကြည်ဖို့ ပြောနေပြီး ကောင်းကင်ထက်တွင် ဓားပျံစီးနင်းနေသူများကို မြင်လိုက်ရသည်။

ယခုလည်း ဤအရာများမှာ ဝါသနာပါရာအတန်းများဟု ပြောနေပြန်သည်။ ကျန်းမုန့်လောင်၏ "ဝါသနာပါရာအတန်း"ဟူသည်မှာ သူတို့နှင့် ကွာခြားလေဟန်တူသည်။

"ဒီဓားပျံစီးနင်းမှုအပြင် အဂ္ဂိရတ်၊ လက်နက်ဖန်တီးရေး၊ သားရဲကောင်ထိန်းကျောင်းရေးဆိုပြီး အမျိုးမျိုးရှိတယ်။ လူတိုင်းကတော့ အဲဒါတွေကို ပါရမီမပါလာဘူးပေါ့။ သာမန်လူတွေရှေ့မှာလည်း ဒီအရာတွေကို ချပြခွင့်မရှိဘူး။ နားလည်လား"

"နားလည်ပါပြီ"

သူတို့အတွက်တော့ ဤအရာမှာ အခြားအရာများထက် စိတ်လှုပ်ရှားစရာကောင်းနေလေသည်။ ဓားပျံစီးနင်းရခြင်းမှာ သိုင်းလောကအကြောင်း စိတ်ကူးယဉ်ဖူးသူတိုင်း၏ အကြီးမားဆုံးအိမ်မက်ပင် မဟုတ်လော။

ထို့ပြင် အဂ္ဂိရတ်ပညာနှင့် လက်နက်သွန်းလုပ်သည့်ပညာများပါ ရှိနေသည်ဖြစ်ရာ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလိုပင်။

"ကဲ... အားလုံးပဲ ကိုယ့်ရဲ့ပါမောက္ခတွေနောက်ကိုလိုက်ပြီး ကျောင်းဌာနတွေကို သွားကြတော့"

ကျန်းမုန့်လောင်က ဆိုသည်။

"ဒါပေမဲ့ မှတ်ထားနော်။ မင်းတို့ရဲ့ အဓိကဘာသာရပ်တွေက ကိုယ့်ရဲ့နယ်ပယ်တွေပဲ ဖြစ်ရမယ်။ မင်းတို့အားလုံး ပညာတွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ သုတေသနတွေဆက်လုပ်ပြီး ငါတို့ကျောင်းအတွက် ဂုဏ်ဆောင်နိုင်မယ့်နေ့ကို ငါ မျှော်လင့်နေမယ်"

"ဘာစောင့်နေတာလဲ။ လက်ခုပ်တီးကြလေ"

...

"စာကြမ်းပိုးတစ်သိုက်ကတော့"

ထွက်ခွာသွားသော ကျောင်းသားများကိုကြည့်ရင်း ကျန်းမုန့်လောင်က ရယ်မောလျက် ခေါင်းတခါခါလုပ်လိုက်သည်။

ဤကျောင်းသားများမှာ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသော်လည်း 'စာပဲတော်ပြီး စွမ်းဆောင်ရည်နိမ့်ကျသူများ'ဟူသော စကားက အလကားဖြစ်လာခြင်းမဟုတ်ပေ။ သူတို့၏ ကိုယ်ရည်ကိုယ်သွေးက အခြားလူများလောက် စိတ်ဝင်စားဖို့မကောင်းလှသဖြင့် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ သင်ကြားရေးဘဝနှင့် အသားကျရန် အချိန်အနည်းငယ်ယူရဦးမည်သာ။

"ဒါပေမဲ့ အခုထိတော့ ဒီလူတွေနဲ့တင် မလုံလောက်သေးဘူး"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ပါမောက္ခလျိုသုန်းရှန်း၏သုတေသနအကြောင်း သိလိုက်ရချိန်ကတည်းက ကျန်းမုန့်လောင်၏စိတ်ထဲတွင် တစ်စုံတစ်ခုကို စိုးရိမ်နေမိသည်။

ဂြိုဟ်သားများ၏ ဖော်ထုတ်မရသော အချက်အလက်များက လူသားမျိုးနွယ်၏ အနာဂတ်အတွက် စိုးရိမ်ပူပန်စေသည်။

"နည်းပညာပေါက်ကွဲမှု"ဆိုသည်မှာ လူသားများ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်၏။ ဤကိစ္စတွင် ကျန်းမုန့်လောင်ကတော့ အဆိုးမြင်သည့်ဘက်က စဉ်းစားချင်သည်။ ထိုသက်ရှိများ၏ နည်းပညာက ကမ္ဘာမြေထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မည်ဟု ယုံကြည်ထားသည်။

ဤသို့သော အခြေအနေမျိုးတွင် အကယ်၍များ သူတို့သာ လူသားများ၏တည်ရှိမှုအကြောင်း အတည်ပြုနိုင်ခဲ့ပါက ဘာဆက်ဖြစ်လာမည်ကို ကျန်းမုန့်လောင် မတွေးရဲပေ။

အကယ်၍ သူသာ သာမန်လူတစ်ယောက်ဆိုလျှင် ဘာမှလုပ်နိုင်မည်မဟုတ်သလို ဤကိစ္စကိုလည်း သိရှိနိုင်မည်မဟုတ်ပေ။

သို့သော် အခု သူ့တွင် အရာအားလုံးကို ပြောင်းလဲနိုင်စွမ်းရှိနေပြီဖြစ်ရာ တစ်ခုခုတော့ လုပ်ရပေမည်။

"ကောထန်"

[ကျောင်းအုပ်ကြီး ဘာများညွှန်ကြားချင်ပါသလဲ]

"ထူးရှယ်နတ်ဘုရားကျောင်းတော်က အလားအလာညွှန်းကိန်းဆယ်မှတ်နဲ့အထက် ရှိတဲ့လူတွေကိုပဲ လက်ခံတာလား"

ကျန်းမုန့်လောင်က လူသားများ၏ အလားအလာညွှန်းကိန်းကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးများကို ဖော်စပ်နိုင်သော်လည်း ကုန်ကြမ်းပစ္စည်းကန့်သတ်ချက်များကြောင့် လူအများကြီးကို မကူညီနိုင်ပေ။ သူ့မိသားစုနှင့် သူငယ်ချင်းများအတွက်ပင် မနည်းစီစဉ်နေရသည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် ထိုပစ္စည်းများ ပေါများသော်လည်း ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးကြောင့် ကျောင်းတော်ထဲရှိ ပစ္စည်းများကို အပြင်သို့ ယူဆောင်၍မရပေ။ ကျန်းမုန့်လောင်အနေနှင့် ခွန်အားအမှတ်များကို သုံးပြီး ခေတ္တယူထုတ်မှသာ ရနိုင်သည်။

[တကယ်တော့ နောက်တစ်နည်းရှိပါသေးတယ်]

"ဘာနည်းလမ်းလဲ။ မြန်မြန်ပြော"

[လက်ရှိမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းသားအရေအတွက်က တစ်ထောင်ကျော်သွားပြီမို့ ကျောင်းအုပ်ကြီးအနေနဲ့ ကျောင်းကို ချဲ့ထွင်လို့ရပါပြီ]

"ကျောင်းကိုချဲ့ထွင်မယ်။ ဘာကိုဆိုလိုတာလဲ"

[အလားအလာညွှန်းကိန်းကန့်သတ်ချက်ကို ချိုးဖျက်လို့မရပေမဲ့ ကျောင်းအုပ်ကြီးအနေနဲ့ လက်တွေ့ကမ္ဘာမှာ တကယ့်ကျောင်းတစ်ခု တည်ဆောက်လို့ရပါတယ်။ ပြီးရင် ထူးရှယ်နတ်ဘုရား​ကျောင်းတော်က ကျောင်းသားတွေကို အဲဒီကျောင်းမှာ ပြန်သင်ခိုင်းလို့လည်းရသလို ကျောင်းထဲက ဆရာတွေကိုယ်တိုင်လည်း အပြင်ထွက်ပြီး သင်ကြားပေးလို့ရပါတယ်]

"ဒါက တကယ်ဖြစ်နိုင်လို့လား"

ကျန်းမုန့်လောင် အံ့သြတကြီးမေးလိုက်သည်။

[ဒါပေမဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ပစ္စည်းတွေကိုတော့ အပြင်ကို လုံးဝသယ်ယူခွင့်ရှိမှာမဟုတ်ပါဘူး။ ပစ္စည်းအားလုံးက ဆရာတွေသုံးဖို့သက်သက်ပါပဲ။ သူတို့က သီအိုရီပိုင်းနဲ့ လက်တွေ့ပိုင်းဗဟုသုတတချို့ကိုပဲ သင်ပေးနိုင်မှာပါ။ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှာရှိတဲ့ ကျောင်းသားတွေနဲ့ ယှဉ်ရင်တော့ သူတို့ရဲ့တိုးတက်မှုက သိသိသာသာနိမ့်ပါလိမ့်မယ်]

"ဒါနဲ့တင် လုံလောက်ပါပြီ"

ကျန်းမုန့်လောင်အနေနှင့် ဤရွေးချယ်မှုကိုပင် အလွန်ကျေနပ်နေပြီဖြစ်၏။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများလောက် အဆင့်မမြင့်သော်လည်း ဤကျောင်းရှိ ကျောင်းသားများက ထိုဆရာများမှတစ်ဆင့် ဤခေတ်ထက် သာလွန်သော အသိပညာများကို သင်ယူနိုင်မည်ဖြစ်ပြီး သိုင်းပညာနှင့် ကျင့်ကြံခြင်းများကိုပင် လုပ်ဆောင်နိုင်မည်သာ။ နှေးကွေးနိုင်သော်လည်း ဘာမှမလုပ်နိုင်တာထက်တော့ ပိုကောင်းသည်။

"ဒီကျောင်းကို ဘယ်လိုတည်ဆောက်ရမလဲ"

[ကျောင်းအုပ်ကြီးအနေနဲ့ မြေကွက်လပ်တစ်ခု ရှာဖို့ပဲ လိုပါတယ်။ ပြီးရင် ကျောင်းအုပ်ကြီး စိတ်ကူးထားတဲ့အတိုင်း ကျောင်းရဲ့ပုံစံကို ပုံဖော်လိုက်ရုံပါပဲ။ ကျွန်တော်က အဲဒီကျောင်းတစ်ကျောင်းလုံးကို လက်တွေ့ဖြစ်လာအောင် ဖန်တီးပေးပါ့မယ်]

"မိုက်တယ်"

ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်သည်။ အကယ်၍ သူသာ ဤကဲ့သို့သောကျောင်းမျိုးကို တကယ်ဖန်တီးနိုင်လျှင် လျှို့ဝှက်နေစရာမလိုတော့ဘဲ ကျောင်းတစ်ကျောင်းကို တရားဝင်တည်ထောင်နိုင်တော့မည်။

ထိုအခါ ဤကျောင်းက နယ်ပယ်အသီးသီးရှိ ကျွမ်းကျင်သူအမြောက်အမြားကို လူ့အဖွဲ့အစည်းထဲတွင် နှစ်တိုင်းဖန်တီးပေးနိုင်မည်ဖြစ်၏။ ဤသည်မှာ မာယွင်၏ အလီဘာဘာထက်ပင် ပိုအစွမ်းထက်ဦးမည်မဟုတ်လော။

ပြဿနာတစ်ခုသာရှိသည်။ ခေတ်သစ်လူ့အဖွဲ့အစည်းက ဘွဲ့ဒီဂရီနှင့် ပညာရေးစနစ်ကို အလေးထားခြင်းပင်။ အကယ်၍ သူသာ ကျောင်းထောင်လိုက်လျှင် တရားမဝင်ကျောင်းအဖြစ် သတ်မှတ်ခံရနိုင်ပြီး ပထမဆုံးအသုတ်တွင် ဘယ်သူမှလာတက်ကြမည်မဟုတ်ပေ။ အစပိုင်းက အမြဲတမ်း အခက်ခဲဆုံးပင်။ ပထမဆုံးကျောင်းသားအသုတ်ကို ဘယ်လိုရှာရမလဲဆိုသည်မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး တစ်ယောက်ချင်းစီလိုက်ရှာဖို့လည်း သူ့တွင် အားအင်မရှိပေ။

"ရှေးဟောင်းသိုင်းပညာရှင်မိသားစုတွေကပဲ စရမယ်ထင်တယ်"

ကျန်းမုန့်လောင် တွေးလိုက်သည်။

လက်ရှိတွင် ရှေးဟောင်းသိုင်းပညာရှင်မိသားစုများထဲမှ 'အလားအလာညွှန်းကိန်း' တစ်ဆယ်နှင့်အထက်ရှိသူအားလုံးက ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းသားများဖြစ်နေကြလေပြီ။

ချန်မိသားစုမှ အကြီးဆုံးတပည့်ချန်ပင်းယွီကို ကြည့်လျှင် တစ်နှစ်ကျော်ကြာအောင် ပညာသင်ယူပြီး ရတနာမျိုးစုံကို အသုံးပြုခဲ့ရသဖြင့် သူ(မ)၏စွမ်းအားမှာ ထျန်းယွမ်အဆင့်သို့ နီးကပ်နေပြီဖြစ်၏။

သူတို့၏ ချန်မိသားစုတွင် ယခင်က ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်မျှပင် မရှိခဲ့ဖူးပေ။

အခြားကျောင်းသားများလည်း ထို့အတူပင်။ ဒဏ္ဍာရီအဆင့်ကို မဆိုထားနှင့်။ မဟာသခင်အဆင့်သိုင်းပညာရှင်များပင် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ကျော်မှ ဖြစ်ကြသည်မဟုတ်လော။ ယခုတော့ အသက်နှစ်ဆယ်အရွယ်မျှဖြင့် ဒဏ္ဍာရီလာအဆင့်ပညာရှင်များမှာ အုပ်စုလိုက်ရှိနေပြီဖြစ်၏။

ဤသည်မှာ ရှေးဟောင်းသိုင်းလောကတွင် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ လူတိုင်းက ကျန်းမုန့်လောင်၏ 'ရီထျန်းဂိုဏ်း'သို့ ဝင်ခွင့်ရရန် အသည်းအသန်ကြိုးစားနေကြသော်လည်း နည်းလမ်းမရှိဖြစ်နေကြသည်။

အကယ်၍ ကျန်းမုန့်လောင်သာ သူတို့အတွက် ကျောင်းဖွင့်ပေးမည်ဆိုပါက သူတို့အားလုံး အလုအယက်ဝင်လာကြမည်မဟုတ်လော။

ထို့ပြင် ဤရှေးဟောင်းသိုင်းမိသားစုများက သာမန်လူ့အဖွဲ့အစည်းတွင်လည်း သြဇာအာဏာကြီးမားကြသည်။ သူတို့သာ ကျောင်းတွင် ပညာသင်ကြားပြီး အချိန်အတန်ကြာသွားလျှင် ထူးရှယ်နတ်ဘုရားကျောင်းတော်က မည်မျှအစွမ်းထက်ကြောင်း သိသွားကြမည်သာ။

နောင်တစ်ချိန်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်က ဟွာရှားနိုင်ငံ၏ ဟော့ဝပ်ကျောင်းဖြစ်လာလိမ့်မည်။

ကျောင်းတွင် ကျောင်းသားအရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလာလျှင် ကျန်းမုန့်လောင်အနေနှင့် သူတို့ကို ပြိုင်ပွဲအမျိုးမျိုးသို့ ခေါ်သွားမည်ဖြစ်၏။ ထိုအခါ သူတို့၏ စွမ်းဆောင်ရည်မှာ ရှင်းဟွာတက္ကသိုလ်၊ ပီကင်းတက္ကသိုလ် သို့မဟုတ် ဟားဗတ်တက္ကသိုလ်မှ ကျောင်းသားများထက် အပြတ်အသတ်သာလွန်နေကြောင်း ကမ္ဘာက မြင်တွေ့ရပေတော့မည်။

All Chapters