အခန်း (၄၄၁-၄၄၂)
Vol. 23 Ch. 441-442
အပိုင်း(၄၄၁) ဖျက်စီးခြင်း
"နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ"
လော်ယွမ်က တောင်ကြီးတစ်လုံးပမာ ကြီးမားလှသည့် အလောင်းကောင်ကြီးဘေးတွင် အဝတ်ဗလာဖြင့် ရပ်နေရင်း စနစ်မှ အချက်ပြစာတန်းကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။
နေ့တစ်ပိုင်းနီးပါး အချိန်ပေးပြီးနောက် လော်ယွမ်က အဆင့် ၈ သန္ဓေပြောင်းသတ္တဝါ သုံးကောင်ကို ဆက်တိုက်သတ်ဖြတ်ခဲ့ရာ စနစ်၏ အတွေ့အကြုံမှတ်များက အဆင့်တက်ရောက်ရန် လိုအပ်ချက်ကို ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
သူက ဧရာမသတ္တဝါကြီး၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားပြီး အဆင့် ၈ စွမ်းအင်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။
ဤသလင်းကျောက်များသည် သူ့အတွက် အသုံးမဝင်တော့သော်လည်း သာမန်လူများအတွက်မူ တန်ဖိုးရှိလှသော ရတနာများ ဖြစ်ကြသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အိမ်ရှိအမျိုးသမီးများ၏ စွမ်းအားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ရာ ခွန်အားနှင့် ကြံ့ခိုင်မှုတို့သည် ၁၅ မှတ်ဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ အကန့်အသတ်မဟုတ်သေးပေ။ လော်ယွမ်၏ အတွေ့အကြုံအရ အနည်းဆုံး ၁၇ မှတ် မရောက်မချင်း အဆင့် ၈ စွမ်းအင်သလင်းကျောက်များက အစွမ်းထက်နေဦးမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ့ခန္ဓာကိုယ်အစွမ်းနှင့် ကွာခြားချက် ကြီးမားနေဆဲ ဖြစ်သော်လည်း ယခင်ကကဲ့သို့ မထိတွေ့ရဲလောက်အောင် ဖြစ်နေမည် မဟုတ်တော့ပေ။
အနည်းဆုံးတော့ သတိထားကိုင်တွယ်လျှင် ရင်းနှီးကျွမ်းဝင်သော အပြုအမူများကို ပြုလုပ်နိုင်မည် ဖြစ်သည်။
သူက စနစ်၏ဇယားကွက်ကို ဖွင့်ကာ အရည်အသွေးများကို တစ်ချက်ကြည့်လိုက်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ရရှိလာသော အရည်အသွေးမှတ်ကို လျင်မြန်မှု တွင် ပေါင်းထည့်လိုက်သည်။
ပူနွေးသော စီးကြောင်းတစ်ခု ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားသည်နှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားပြီး မြင်ကွင်းအားလုံးမှာ အလွန်နှေးကွေးသွားသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ရာ လျင်မြန်စွာပင် အသားကျသွားတော့သည်။
ပြီးခဲ့သည့်အကြိမ်က ဗီဇပြုပြင်ပြောင်းလဲမှုကြောင့် ခွန်အားအဆပေါင်းရာချီ တိုးပွားလာခဲ့သကဲ့သို့ မဟုတ်ဘဲ ယခုတစ်ကြိမ်တွင် လျင်မြန်မှုက ၁.၅ ဆသာ တိုးလာခြင်း ဖြစ်သည်။
သူ၏ ကောင်းမွန်လှသော ထိန်းချုပ်နိုင်စွမ်းကြောင့် အချိန်တိုအတွင်း တိုးပွားလာသော လျင်မြန်မှုနှင့် အသားကျသွားခြင်း ဖြစ်သည်။ သို့သော် လှုပ်ရှားသွားလာမှုအတွက်သာ အဆင်ပြေခြင်းဖြစ်ပြီး စိတ်တိုင်းကျ တိုက်ခိုက်နိုင်ရန်အတွက်မူ အချိန်ယူ၍ သွေးတိုးစမ်း လေ့ကျင့်ရန် လိုအပ်ပေသေးသည်။
မိုးမချုပ်သေးသဖြင့် လော်ယွမ်က ချက်ချင်းမပြန်ချင်သေးပေ။ ထို့ကြောင့် နေရာရွှေ့ပြောင်းအစွမ်းကို အသုံးပြုကာ မိုင် ၁၂၀ ကျော်အကွာသို့ ပျံသန်းသွားလိုက်သည်။
ထို့နောက် ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း အစွမ်းကို အသုံးပြု၍ အနီးရှိ တောင်ထိပ်တစ်ခု၏ အတွင်းပိုင်းသို့ ဝင်ရောက်လိုက်သည်။
ဤနေရာသည် သူ၏ပစ္စည်းများကို ယာယီသိမ်းဆည်းထားရာ နေရာဖြစ်ပြီး ဉာဏ်ပညာနှလုံးသားနှင့် ယခင်က ရရှိထားသော စွမ်းအင်သလင်းကျောက်များကို ထားရှိသည်။
ထူထဲသော တောင်နံရံများကြောင့် ဤသဘာဝဘဏ်တိုက်ကြီးမှာ အလွန်လုံခြုံစိတ်ချရသည်။
အနုမြူဗုံးဖြင့် တောင်တစ်လုံးလုံးကို ဖြိုခွင်းခြင်း သို့မဟုတ် ပေရာချီထူသော တောင်နံရံကို တူးဖော်ခြင်း မပြုလုပ်ပါက သူသိမ်းဆည်းထားသော ပစ္စည်းများကို မည်သူမျှ ခိုးယူနိုင်မည် မဟုတ်ပေ။
ထို့နောက် သူက အပြင်သို့ ပြန်ထွက်လာပြီး အနေအထားပြင်ကာ တိုးပွားလာသော လျင်မြန်မှုကို စတင်လေ့ကျင့်တော့သည်။
ခန္ဓာကိုယ် စတင်လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်တွင် လေပြင်းများ တဟူးဟူး တိုက်ခတ်လာသည်။
မူလကပင် ပျက်စီးနေသော မြေပြင်သည် ပိုမိုဆိုးရွားစွာ ပျက်စီးသွားပြီး အနီးနားရှိ တောင်ကုန်းတစ်ခုမှာ လှိုင်းဂယက်ဒဏ်ကို မခံနိုင်တော့ဘဲ ဝုန်းခနဲ ပြိုကျသွားသည်။
ကျောက်တုံးကြီးများသည် လေပြင်းဒဏ်ကြောင့် လိမ့်ပါလွင့်စင်ကုန်ကြသည်။
လျင်မြန်မှု တိုးလာခြင်းကြောင့် လော်ယွမ်၏ လက်သီးချက်များသည် နှစ်ဆနီးပါး မြန်ဆန်လာပြီး အသံထက် အဆ ၃၀ ပိုမြန်သည့်နှုန်းသို့ ရောက်ရှိသွားသည်။
အလျင်နှင့် စွမ်းအင် အချိုးအစားအရ ယခုအခါ သူ၏ လက်သီးတစ်ချက်မှ ထွက်ပေါ်လာသော စွမ်းအင်သည် တန်ချိန်တစ်တန်နှင့် ညီမျှနေပြီဖြစ်သည်။
ဤစွမ်းအင်ပမာဏသည် တန်ချိန် သိန်း၊ သန်း၊ ကုဋေချီသော အနုမြူဗုံးများနှင့် ယှဉ်လျှင် ပြောပလောက်စရာ မဟုတ်သော်လည်း သူ၏ လက်သီးထိုးသည့် အကြိမ်အရေအတွက်မှာ အလွန်များပြားကြောင်း ထည့်တွက်ရပေမည်။
၁၇ မှတ်ရှိသော လျင်မြန်မှုကြောင့် သူသည် တစ်စက္ကန့်လျှင် လက်သီးချက် ၁၀၀ ကို လွယ်ကူစွာ ထိုးနှက်နိုင်သည်။ တစ်မိနစ်မျှ မရပ်မနား ထိုးနှက်ပါက တန်ချိန် ၆၀၀၀ ပမာဏရှိပြီး ၁၀ မိနစ်ဆိုလျှင် တန်ချိန် ၆ သောင်းအထိ ရှိလာမည်ဖြစ်သည်။
ထိုပမာဏသည် ဟီရိုရှီးမားတွင် ကျရောက်ခဲ့သော အဏုမြူဗုံးထက် သုံးဆပိုများသည်။
အမှန်တကယ်တွင်မူ ဤမျှကြီးမားသော စွမ်းအင်ထုတ်လွှတ်မှုသည် ပေါင်းစပ်ခန္ဓာကိုယ်မှ ပေးစွမ်းနိုင်သော စွမ်းအင်ထက် များစွာကျော်လွန်နေသည်။ အကယ်၍ လေထဲတွင်သာဆိုလျှင် စက္ကန့် ၃၀ မပြည့်မီ သူ့ခွန်အားများ ကုန်ခမ်းသွားပေလိမ့်မည်။
သို့သော် မြေကြီးပေါ်တွင် ရပ်တန့်နေသမျှ ကာလပတ်လုံး ခြေထောက်အောက်မှ စွမ်းအင်များ အဆက်မပြတ် စီးဝင်နေသဖြင့် လော်ယွမ်၏ ခွန်အားမှာ ဘယ်တော့မှ ကုန်ခမ်းသွားမည့်ပုံ မပေါ်ချေ။
သုံးမိနစ်ခန့် အကြာတွင် နှစ်မိုင်၊ သုံးမိုင်ပတ်လည်ရှိ ဧရိယာတစ်ခုလုံး မြေလှန်သွားခဲ့သည်။
သစ်ပင်များ အမှုန့်ကြေကာ ကျောက်တုံးများ သဲမှုန့်ဖြစ်ကုန်သည်။
မူလက သစ်တောထူထပ်သော နေရာသည် သဲကန္တာရပြင်ကြီး ဖြစ်သွားပြီး ခေါင်းပေါ်ရှိ တိမ်တိုက်များတွင်လည်း စွမ်းအင်လှိုင်းကြောင့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ပတ်ဝန်းကျင် အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး ပူပြင်းသော လေလှိုင်းများ ဗဟိုချက်မှ ဖြာထွက်လာကာ လေထုမှာ ရဲရဲနီလာသည်။
အချိန်ကြာလာသည်နှင့်အမျှ ဗဟိုချက်ရှိ အနီရောင်မှာ ပိုမိုများပြားတောက်ပလာပြီး ဧရိယာ ကျယ်ပြန့်လာရာ အဝေးမှကြည့်လျှင် လေထဲတွင် ဧရာမမီးလုံးကြီးတစ်ခု တောင်စဉ်ရေမရ လှုပ်ရှားနေသကဲ့သို့ ထင်ရသည်။
သူ့ပတ်လည် ပေရာချီအကွာအဝေးမှာ လေဟာနယ်သဖွယ် ဖြစ်လာပြီး စွမ်းအင်များ စုပုံနေမှုကြောင့် အပူချိန်မှာ ဒီဂရီ၃၀၀၀ ခန့် အထိ မြင့်တက်လာသည်။
သံမဏိကိုပင် အငွေ့ပျံသွားစေနိုင်သော အပူချိန်ဖြစ်သော်လည်း သူ့အတွက်မူ နွေးရုံမျှသာ ရှိပြီး ခန္ဓာကိုယ် ခံနိုင်ရည်၏ ကန့်သတ်ချက်သို့ ရောက်ရန် များစွာလိုသေးသည်။
သုံးနာရီခန့် ကြာသောအခါ သူရပ်တန့်လိုက်သည်။ လေဟာနယ်ကို ထိန်းသိမ်းထားသော စွမ်းအား ပျောက်ကွယ်သွားသည်နှင့် ပြင်းထန်သော လေစီးကြောင်းများက ထိုနေရာသို့ အရှိန်ဖြင့် ဝင်ရောက်လာကြသည်။
သူက လေပြင်းဒဏ်ကြောင့် လွင့်ပါမသွားစေရန် ကျောက်ဆောင်တစ်ခုထဲသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းလိုက်ရသည်။
၁၀ မိနစ်ကျော်ခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးနောက် လေစီးကြောင်းများ ငြိမ်သက်သွားသည်။
သူရပ်နေခဲ့သော နေရာတွင်မူ ပေရာချီနက်ပြီး မိုင်ဝက်ကျော်ကျယ်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်နေကာ မျက်နှာပြင်တစ်ခုလုံး ဖန်သားကဲ့သို့ ပြောင်လက်နေပြီး အပူငွေ့များ ထွက်နေဆဲဖြစ်သည်။
လော်ယွမ်က တွင်းကြီးထဲမှ ပျံတက်လာပြီးနောက် မိုင် ၁၀၀ ကျော်အကွာရှိ တောင်တန်းဆီသို့ ပြန်သွားကာ ဉာဏ်ပညာနှလုံးသားနှင့် စွမ်းအင်သလင်းကျောက်များကို ပြန်လည်ယူဆောင်လိုက်သည်။ အဝတ်ဗလာဖြစ်နေသော ခန္ဓာကိုယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသေးသည်။
မကြာမီ သူ့ခန္ဓာကိုယ်ပေါ်တွင် သားရေစတစ်ထည် ရောက်ရှိလာပြီး မျှော်လင့်ချက်မြို့တော်ဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။
……
ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သည်။ မှောင်မိုက်နေသော အခန်းထဲတွင် လော်ယွမ်က ရုတ်တရက် မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်။
အချိန်ကို ကြည့်လိုက်ရာ မနက် ၁ နာရီသာ ရှိသေးသည်။
ဒီနေ့တော့ ဗီဇပြောင်းလူသားမလေး သူ့အခန်းထဲ ခိုးဝင်မလာပေ။ မနေ့က လော်ယွမ်၏ အရပ် ရုတ်တရက် ရှည်ထွက်သွားမှုကြောင့် သူမအတွက် စိမ်းသက်နေပုံရသည်။
အသားကျရန် ရက်အနည်းငယ် ကြာမည်ဖြစ်၍ ဒီရက်ပိုင်း လာတော့မည် မဟုတ်ချေ။ ထို့ကြောင့် သူ့အိပ်ခန်းမှာ ခြောက်ကပ်နေသလို ခံစားရသည်။
သူ အဝတ်အစား ဝတ်ဆင်ကာ လိုက်ကာကို ဖွင့်လိုက်ပြီး အပြင်ဘက်ရှိ မှိန်ဖျော့ဖျော့ လမ်းမီးတိုင်များကို ငေးကြည့်နေမိသည်။
မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း စိတ်ထဲတွင် လေးလံထိုင်းမှိုင်းကာ ဂနာမငြိမ် ဖြစ်နေသည်။
အိပ်ရာထဲတွင် လူးလှိမ့်နေသော်လည်း အိပ်မပျော်သဖြင့် ထလိုက်ခြင်းဖြစ်သည်။
သူ့ကဲ့သို့ အဆင့်မျိုးတွင် အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်စွမ်း ရှိပြီးဖြစ်၍ ဤခံစားချက်မှာ ရုတ်တရက် ဖြစ်ပေါ်လာခြင်း မဟုတ်မှန်း သေချာသည်။ သို့သော် အန္တရာယ်က မည်သည့်နေရာမှ လာမည်နည်း။
ယခုလက်ရှိ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် အရာဟူ၍ အလွန်ရှားပါးသွားပြီ ဖြစ်သည်။ အာကာသသတ္တဝါများ သို့မဟုတ် အနုမြူဗုံးဖြင့် တိုက်ခိုက်ခြင်းမှလွဲ၍ ကျန်သည့်အရာများက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
သူ၏ စွမ်းအားပြည့် ခံစစ်က လျှပ်စစ်သံလိုက်အမြောက်များ၊ ဒုံးကျည်များကို ခုခံနိုင်ပြီး အဆင့် ၈ သန္ဓေပြောင်းသတ္တဝါများပင် သူ့ကို မယှဉ်နိုင်တော့ပေ။
သို့သော် ဤနေရာသည် ကမ္ဘာမြေကြီးဖြစ်၍ အာကာသသတ္တဝါများ ပေါ်လာရန် မဖြစ်နိုင်သလောက်ပင်။
ထို့ပြင် ဤနေရာသည် ပြန်လည်ထူထောင်ရေးဇုန်၏ စက်မှုအချက်အချာဖြစ်သော မျှော်လင့်ချက်မြို့တော် ဖြစ်သည်။
အထက်လူကြီးများက သူ့ကို သတ်ချင်သည်ဆိုလျှင်တောင် အရေးပါသော ဗျူဟာမြို့တော်ကြီးကို ဖျက်ဆီးမည့်လမ်းကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုက ပိုမိုအားကောင်းလာသည်ကို သူသတိထားမိလိုက်သည်။ လော်ယွမ် မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲတွင် ဒေါသထွက်သလိုလို ဖြစ်လာသည်။
ထိုစဉ် မြေကြီးက ရုတ်တရက် တုန်ခါသွားသည်။ ပုံမှန်ဆိုလျှင် ဤမျှ တုန်ခါမှုလောက်ကို လော်ယွမ် ဂရုစိုက်မည် မဟုတ်သော်လည်း ယခုအချိန်တွင်မူ အိပ်မက်မှ လန့်နိုးသွားသူကဲ့သို့ ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။
သူက လက်ကို ဆန့်ထုတ်လိုက်ရာ ကျန်းမာတောက်ဓားသည် လေထဲမှ ပျံဝဲလာပြီး သူ့လက်ထဲသို့ ရောက်ရှိလာသည်။
သူက ခြံဝင်းထဲမှ လျင်မြန်စွာ ထွက်ခွာလိုက်ပြီး မြေပြင်ပေါ်သို့ ရောက်သည်နှင့် ပင်ကိုယ်အာရုံခံစားမှုနောက်သို့ လိုက်ကာ ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း အစွမ်းဖြင့် ကောင်းကင်အမြင့်သို့ ပျံတက်သွားလိုက်သည်။
မိနစ် ၂၀ ခန့်အကြာတွင် သူ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုများ အထင်းသား ပေါ်နေသည်။
ယခုအချိန်တွင် သူသည် ကမ္ဘာမြေပြင်အထက် မိုင်ထောင်ချီမြင့်သော အာကာသထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ဥရောပမြောက်ပိုင်း ဒေသတစ်ခုလုံးသည် ဧရာမ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။
ပြင်းထန်သော စွမ်းအင်လှိုင်းကြီးသည် ဧရာမ မီးခိုးကွင်းကြီးပမာ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဥရောပတိုက်တစ်ခုလုံးကို လွှမ်းခြုံတော့မည့် အနေအထား ဖြစ်သည်။
ဥရောပကမ်းရိုးတန်းဒေသများတွင် ပင်လယ်ရေများ လျင်မြန်စွာ ကျဆင်းသွားပြီး ရေအောက်ကြမ်းပြင်များ ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းလုံးကြီးများ စတင်ဖြစ်ပေါ်လာပြီး မြောက်အမေရိကတိုက်ဘက်သို့ ဦးတည်သွားနေသည်။
မြင်ကွင်းကြောင့် သူ့ခြေဖျားလက်ဖျားများ အေးစက်သွားသည်။ အချိန်အတော်ကြာ ကြောင်ငေးနေမိပြီးမှ သတိပြန်ဝင်လာသည်။
ဥရောပ-ရုရှားဇုန်တော့ သွားပြီ။ ကမ္ဘာပျက်မတတ် ပြင်းထန်သော ဤတိုက်ခိုက်မှုအောက်တွင် မည်သူမျှ အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။
မြေအောက်ထဲတွင် ပုန်းခိုနေလျှင်တောင် လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။ ဤတိုက်ခိုက်မှုကြောင့် ဥရောပဒေသအများစုတွင် သက်ရှိဟူသမျှ မျိုးသုဉ်းသွားပြီဖြစ်ကာ မြက်တစ်ပင်မျှပင် ပေါက်ရောက်နိုင်တော့မည် မဟုတ်ချေ။
လော်ယွမ်၏ မျက်နှာထားမှာ အလွန်ဆိုးရွားနေသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် သန္ဓေပြောင်းသတ္တဝါများ၏ လက်ချက် မဖြစ်နိုင်ပေ။
ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။ ကမ္ဘာမြေပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း၏ ဖျက်ဆီးရေးလုပ်ရပ်များ ကမ္ဘာမြေပေါ်သို့ ကျရောက်လာခြင်းပင် ဖြစ်သည်။
ထိုအချိန်မှာပင် ကမ္ဘာကြီးက ထပ်မံ၍ သိသိသာသာ တုန်ခါသွားပြန်သည်။ လော်ယွမ်သည် ကမ္ဘာကြီး၏ ကျောဘက်ခြမ်းမှ ကြီးမားကျယ်ပြန့်လှသော စွမ်းအင်စီးကြောင်းကြီးတစ်ခုကို ဝိုးတဝါး အာရုံခံလိုက်မိတော့သည်။
ဆက်ရန်...
အပိုင်း(၄၄၂) အန္တရာယ်
ကျောချမ်းဖွယ် အအေးဓာတ်တစ်ခုက မြီးညှောင့်ရိုးဆစ်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့စီးဆင်းသွားရာ လော်ယွမ်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရသည်။
ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှု အဖွဲ့အစည်းအဖွဲ့အစည်း၏ တိုက်ခိုက်မှုက မြန်ဆန်လွန်းလှသကဲ့သို့ ရုတ်ခြည်းလည်း ဆန်လွန်းလှသည်။ လော်ယွမ့်အတွက်တော့ ထိုအရာက ရုတ်တရက် ကျရောက်လာသည့် အိပ်မက်ဆိုးတစ်ခု ပမာပင်။
မူလက သူခန့်မှန်းထားသည်မှာ အနည်းဆုံး ပြင်ဆင်ချိန် ခြောက်လခန့် ရနိုင်သေးသည် ဟူ၍ဖြစ်သည်။ သို့သော် တိုက်ခိုက်မှုနှစ်ခုကြား ကြားကာလသည် နှစ်လပင် မပြည့်သေးသည့် အချိန်တိုလေး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့မိချေ။
ကြယ်တာရာအဆင့် ယဉ်ကျေးမှု အဖွဲ့အစည်းမျိုး၏ ရှေ့မှောက်တွင် ကမ္ဘာမြေပြင်ပေါ်မှ ခြေတစ်ဖက်သာ လှမ်းနိုင်သေးသည့် လူသားမျိုးနွယ်တို့၌ ခုခံနိုင်စွမ်းဟူ၍ လုံးဝမရှိပေ။
နာရီဝက်ဟူသော အချိန်တိုအတွင်းမှာပင် အင်အားကြီးမားသည့် လူသားအခြေစိုက်စခန်းကြီး နှစ်ခုမှာ တစ်ခုပြီးတစ်ခု သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီဖြစ်သည်။
ရုန်းကန်ခွင့် လုံးဝမရလိုက်သလို တိုက်ခိုက်မှု မရောက်လာခင်အထိ ထောက်လှမ်းသိရှိနိုင်ခြင်းလည်း မရှိခဲ့ပေ။ တန်ပြန်တိုက်စစ်ဆင်ရန် ဆိုသည်မှာကား ဝေလာဝေးပင် ဖြစ်တော့သည်။
ယခုမူ နောက်ထပ် အလှည့်ကျလာမည့်နေရာမှာ ပြန်လည်တည်ဆောက်ရေးဇုန်ပင် ဖြစ်လေတော့မည်။
ထိုအတွေးဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုတို့ ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံးမှ မွေးညှင်းများပင် ထောင်ထသွားရသည်။ သူက အောက်ဘက်ရှိ ပြန်လည်တည်ဆောက်ရေးဇုန်ဆီသို့ အလိုအလျောက် ငုံ့ကြည့်မိလိုက်သည်။
ထိုခဏမှာပင် မွေးကာစ နေမင်းတစ်စင်းပမာ ကြီးမား၍ စူးရှတောက်ပသော အလင်းလုံးကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုအလင်းရောင်သည် နေမင်းထက် အဆပေါင်းထောင်သောင်းမက ပိုမိုစူးရှလွန်းလှသဖြင့် လော်ယွမ်မှာ ချက်ချင်းပင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာရသည်။
သို့သော် သူသည် မျက်လုံးများကို မှိတ်မချလိုက်ဘဲ အောက်ဘက်သို့သာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
မြို့ကြီးများသည် လျင်မြန်စွာ ကြီးထွားလာသော မီးပင်လယ်ကြီး၏ ဝါးမြိုခြင်းကို တမဟုတ်ချင်း ခံလိုက်ရပြီး ပြင်းထန်လှသော ပေါက်ကွဲမှုလှိုင်းဒဏ်က လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
မြို့ပြများဖြစ်စေ၊ တောင်တန်းများဖြစ်စေ ထိုပေါက်ကွဲမှု ဖြတ်သန်းသွားရာ နေရာတိုင်းသည် မြေလှန်ခံလိုက်ရသကဲ့သို့ ပြိုလဲပျက်စီးသွားရတော့သည်။
ထို့နောက်တွင်တော့ မှိုပွင့်သဏ္ဌာန် မီးခိုးလုံးကြီးတစ်ခု မြေပြင်မှနေ၍ လိပ်တက်လာခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းလှသော အပူချိန်ကြောင့် အနီးနားတစ်ဝိုက်ရှိ အရာဝတ္ထုအားလုံး အရည်ပျော်ကျကုန်သည်။
ပြန်လည်တည်ဆောက်ရေးဇုန်၏ ဧရိယာမှာ သိပ်မကျယ်ဝန်းလှဘဲ စတုရန်းမိုင် ရှစ်သောင်းခန့်သာ ရှိသည်။ ယခု တိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် ဇုန်တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်မှာ ပျက်စီးပြုန်းတီးသွားခဲ့ပြီ ဖြစ်သည်။
လော်ယွမ်သည် လေဟာနယ်ထဲတွင် ရပ်တန့်နေရင်း တစ်ကိုယ်လုံး တုန်ယင်နေမိသည်။ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့သော ဒေါသတရားတို့က သူ၏ ရင်ခွင်တစ်ခုလုံးကို ပြည့်ကျပ်မွန်းကြပ်လာစေ၏။
သူသည် အဆုံးမရှိသော လေဟာနယ် အာကာသဆီသို့ ရုတ်တရက် မော့ကြည့်လိုက်ရာ မသဲမကွဲ မှိန်ဖျဖျ အစက်ကလေး တစ်ခုကို လှမ်းမြင်လိုက်ရသည်။ သူ၏ မျက်ဝန်းများထဲတွင်တော့ ကြောက်ခမန်းလိလိ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေတော့သည်။
"တောက်..."
သူသည် အထက်ဘက်ဆီသို့ ချက်ချင်းပင် ပျံတက်သွားလိုက်သည်။ ထိုအစက်ကလေးနှင့် ဤနေရာ အကွာအဝေးမှာ မိုင် ၁၈၀၀ ထက် မပိုချေ။
ဤမျှ အကွာအဝေးတိုလေးကို သွားရာတွင် စိတ်စွမ်းအားဖြင့် ပျံသန်းခြင်းက အချိန်ပိုကုန်သက်သာစေသည်။
ဤနေရာသည် အာကာသထဲ ရောက်နေပြီဖြစ်၍ ကမ္ဘာမြေဆွဲငင်အား နည်းပါးလှသလို လေထုခုခံအားလည်း မရှိသလောက်ပင်။
ထို့ကြောင့် စိတ်စွမ်းအားဖြင့် ပျံသန်းပါက တစ်စက္ကန့်လျှင် ခြောက်မိုင်၊ ခုနစ်မိုင်နှုန်းအထိ အလွယ်တကူ အရှိန်တင်နိုင်ပေသည်။
စက္ကန့်ပိုင်း အကြာတွင်မူ သူ၏ မျက်နှာထားက တည်ငြိမ်သွားခဲ့ပြီ ဖြစ်သော်လည်း ရင်ထဲ၌မူ နှိုင်းဆပြစရာမရှိသော ဝမ်းနည်းကြေကွဲမှုတို့ လှိုင်းထန်နေဆဲပင်။
ပျံသန်းလာသည်မှာ တစ်မိနစ်ပင် မပြည့်သေး၊ ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှု အဖွဲ့အစည်း၏ တိုက်ခိုက်မှုက နောက်တစ်ကြိမ် ထပ်မံ ကျရောက်လာပြန်သည်။
လော်ယွမ် လှည့်ကြည့်လိုက်သောအခါ ပြန်လည်တည်ဆောက်ရေးဇုန်၏ ထက်ဝက်ကျော်ခန့်မှာ မီးပင်လယ်ထဲတွင် တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ကံကောင်းသည်မှာ 'မျှော်လင့်ချက်မြို့တော်' ကိုမူ သူလှမ်းမြင်နေရသေးခြင်းပင်။
မြေပြင်ပေါ်ရှိ အဆောက်အအုံအားလုံးမှာ ပေါက်ကွဲမှုလှိုင်းဒဏ်ကြောင့် မြေခခဲ့ရပြီ ဖြစ်သော်လည်း အနည်းဆုံးတော့ ထိုဧရိယာက လုံးဝပျက်စီးသွားခြင်း မရှိသေးပေ။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ သံသယအချို့ ဝင်လာမိသည်။ ပြန်လည်တည်ဆောက်ရေးဇုန် ကြုံတွေ့နေရသော ယခုတိုက်ခိုက်မှုသည် စောစောက ကမ္ဘာကို ပျက်သုဉ်းလုနီးပါး ဖြစ်စေခဲ့သည့် တိုက်ခိုက်မှုကြီး နှစ်ခုနှင့် ယှဉ်လျှင် သိသိသာသာ အားပျော့နေသည်ကို သတိထားမိလိုက်သည်။
ထိုစဉ်က စတုရန်းမိုင် လေးသိန်းကျော် ကျယ်ဝန်းသည့် ဧရိယာတစ်ခုလုံး ရဲရဲတောက် ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဥရောပတိုက်ကြီး တစ်ခုလုံးနီးပါး ဘေးသင့်ခဲ့ရသည် မဟုတ်ပါလော။
ယခု ပြန်လည်တည်ဆောက်ရေးဇုန်မှ ပေါက်ကွဲမှုမှာ ကြောက်မက်ဖွယ် ကောင်းသည် ဆိုသော်ငြား ယခင်က ဖျက်ဆီးခံလိုက်ရသည့် ဥရောပတိုက်ကြီး၏ အခြေအနေနှင့်မူ လုံးဝ နှိုင်းယှဉ်၍မရပေ။
ဗိုရှင်းဂြိုဟ်သားများက သူ့ကို ဤမျှ မျက်နှာသာပေးထားရခြင်းမှာ သူ့ကိုယ်ခန္ဓာထဲမှ မျိုးရိုးဗီဇကို လိုချင်သောကြောင့် ဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြင်းထန်လွန်းပါက သူပါ အရိုးရှာမရအောင် ပျောက်ပျက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း လော်ယွမ် လုံးဝ တွေးမိမည် မဟုတ်ချေ။
ယခုအကြိမ် ကမ္ဘာ့ပြင်ပ ယဉ်ကျေးမှု အဖွဲ့အစည်းက အသုံးပြုထားသည်မှာ ဆန့်ကျင်ဘက်ဒြပ်သား ဗုံးများဖြစ်ပြီး အာကာသထဲမှနေ၍ အီလက်ထရွန်နစ် သံလိုက်စွမ်းအင်သုံး အမြောက်ဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်။
ဟိုက်ဒရိုဂျင်ဗုံး၏ ဝ.၇ ရာခိုင်နှုန်းသော ဒြပ်ထုစွမ်းအင် ပြောင်းလဲမှုနှုန်းနှင့် နှိုင်းယှဉ်လျှင် ဆန့်ကျင်ဘက်ဒြပ်သား၏ စွမ်းအင်ပြောင်းလဲမှုနှုန်းမှာ ရာခိုင်နှုန်း ၂၀၀ အထိ မြင့်မားသည်။
ဆန့်ကျင်ဘက်ဒြပ်သား တစ်ဂရမ်နှင့် ပုံမှန်ဒြပ်သား တစ်ဂရမ် တိုက်မိပြီး ပျက်သုဉ်းသွားပါက ထွက်ပေါ်လာသော ပေါက်ကွဲအားသည် ဟီရိုရှီးမားတွင် ကျရောက်ခဲ့သော အဏုမြူဗုံးထက် ၃.၆ ဆ ပိုမိုပြင်းထန်သည်။
ဥရောပနှင့် မြောက်အမေရိကတိုက် တို့တွင် ကျရောက်ခဲ့သော ဆန့်ကျင်ဘက်ဒြပ်သား ပမာဏမှာ ပေါင် ၂၀၀ ခန့်ရှိပြီး ဟီရိုရှီးမား အဏုမြူဗုံးပေါင်း သုံးသိန်းခြောက်သောင်း ပေါက်ကွဲသည်နှင့် ညီမျှကာ တန်ချိန် သန်းပေါင်း ၇၂၀၀ ရှိသော ပေါက်ကွဲအားကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ပြန်လည်တည်ဆောက်ရေးဇုန်ပေါ်သို့ ကျရောက်သည့် ဗုံးနှစ်လုံးမှာမူ ၂ ပေါင် အဆင့်သာ ရှိသည်။
…………
နှစ်မိနစ်ခန့် ပျံသန်းလာပြီးနောက်တွင်မူ တစ်ဖက်ရန်သူက လော်ယွမ် ရှိနေသည်ကို ချက်ချင်း သတိထားမိသွားသည်။
အလင်းတန်းတစ်ခုသည် လော်ယွမ့်ဘေးမှ သီကာကပ်ကာ ဖြတ်သန်းသွားသည်။ သူသည် ကိုယ်ကို အနည်းငယ်တိမ်းရှောင်လိုက်ပြီးနောက် အရှိန်ကို လုံးဝမလျှော့ဘဲ ဆက်လက်ပျံသန်းလာသည်။
အခြားသော အာကာသ သက်ရှိများ အနေဖြင့်မူ မြင်လိုက်ရသည်နှင့် ထိမှန်ပြီးဖြစ်သော ဤကဲ့သို့ အလင်းအမြန်နှုန်း စွမ်းအင်တိုက်ခိုက်မှုမျိုးကို ရှောင်တိမ်းနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ဘဲ အံကြိတ်ခံရုံမှတစ်ပါး အခြားမရှိပေ။
သို့သော် နှစ်စက္ကန့်စာ ကြိုတင်သိမြင်နိုင်စွမ်း ရှိနေသော လော်ယွမ့်အတွက်မူ ထိုတိုက်ခိုက်မှုများမှာ အချည်းနှီးသာ ဖြစ်သည်။
ခုနက အလင်းတန်း ဖြတ်သန်းသွားခြင်းသည် အချက်ပေးခေါင်းလောင်းသံ တစ်ခုပမာပင်၊ ထို့နောက်တွင်မူ အလင်းတန်း တိုက်ခိုက်မှုများမှာ ရုတ်ခြည်းပင် သိပ်သည်းများပြားလာတော့သည်။
ကံဆိုးစွာပင် ထိုအရာများက လုံးဝ အရာမထင်ခဲ့ပေ။ ကြိုတင်သိမြင်နိုင်စွမ်းကြောင့် မည်သည့်တိုက်ခိုက်မှုကမျှ သူ့ခန္ဓာကိုယ်ကို ထိမှန်အောင် မပစ်ခတ်နိုင်ကြချေ။
သူသည် ရေထဲတွင် ကူးခတ်နေသော ငါးကလေးတစ်ကောင်နှယ် ကိုယ်ကို ဘယ်ညာတိမ်းစောင်းကာ တိုက်ခိုက်မှုအားလုံးကို သီသီလေး လွတ်အောင် ရှောင်တိမ်းသွားနိုင်သည်။
သူ့ဘက်သို့ အာရုံအားလုံး ရောက်သွားသောအခါ ပြန်လည်တည်ဆောက်ရေးဇုန်အပေါ် တိုက်ခိုက်မှုများ လုံးဝ ရပ်တန့်သွားသဖြင့် လော်ယွမ် သက်ပြင်းအနည်းငယ် ချလိုက်မိသည်။
မျက်စိရှေ့မှ အစက်ကလေးမှာ တဖြည်းဖြည်း ကြီးမားလာသည်ကို ကြည့်ရင်း သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ဤယာဉ်မှာ အာကာသယာဉ်ပျံကြီး မဟုတ်ဘဲ လွန်ခဲ့သော လအနည်းငယ်က သူတွေ့ခဲ့ဖူးသည့် ဝေဟင်နှင့် မြေပြင် နှစ်မျိုးသုံး ဂြိုဟ်တွင်းသွား ယာဉ်ပျံတစ်စင်းသာ ဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
ဆိုလိုသည်မှာ ဗိုရှင်းတို့၏ အာကာသယာဉ်မကြီး အစစ်အမှန်က ဤနေရာသို့ ရောက်မလာခဲ့ခြင်းပင်။
"ဒါပေမဲ့လည်း... အတိုးအရင် ကောက်ရမယ်" လော်ယွမ့်မျက်နှာထားက သွေးအေးရက်စက်သွားသည်။
နှစ်ဖက်အကွာအဝေးမှာ ပိုမိုနီးကပ်လာပြီး မိုင် ၆၀၀ ဝန်းကျင်သို့ ရောက်ရှိလာသည်။ ရန်သူဘက်မှ ခွေးအကြံထုတ်ကာ ပြန်လည်တည်ဆောက်ရေးဇုန်ကို ဖျက်ဆီးခဲ့သည့် လက်နက်ကြီးမျိုးဖြင့် သူ့ကိုပစ်ခတ်လာမည်ကို စိုးရိမ်သဖြင့် သူ၏ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားသည်။
ရေပြင်ပေါ်တွင် ပုစဉ်းပျံလေးများ ခုန်ပျံကျော်လွှားသကဲ့သို့ နေရာရွှေ့ပြောင်းခြင်းကို ဆက်တိုက်အသုံးပြုကာ မိုင်ပေါင်း ၆၀၀ ကွာဝေးသော အာကာသခရီးကို မျက်တောင်တစ်ခတ် အတွင်း ဖြတ်ကျော်လိုက်သည်။
သူ့ကိုယ်ခန္ဓာ ပြန်လည်ပေါ်လာသည့် အချိန်တွင်မူ ယာဉ်ပျံ၏ ဘေးနားသို့ ကပ်လျက် ရောက်ရှိနေပြီ ဖြစ်သည်။
နောက်တစ်ခဏတွင် သူက ယာဉ်ပျံ၏ သံချပ်ကာအပေါ်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။
တန်ချိန်ပေါင်း ရာချီသော အားအင်သည် အသံထက် အဆ ၃၀ မြန်သော နှုန်းဖြင့် ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာရာ ယာဉ်ပျံကြီး တစ်စင်းလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ထူထဲလှသော သံချပ်ကာပြားကြီးမှာ ချက်ချင်းပင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားတော့သည်။
ထိုအချိန်မှာပင် ကြီးမားသော တန်ပြန်ကန်အားကြောင့် လော်ယွမ့်ခန္ဓာကိုယ်လည်း အနောက်သို့ လွင့်ထွက်သွားရသည်။
သို့သော် ပေတစ်ရာကျော်ခန့်သာ လွင့်စဉ်သွားပြီး သူသည် နေရာရွှေ့ပြောင်းခြင်းကို သုံးကာ သူဖောက်ခဲ့သော အပေါက်ဝဆီသို့ ချက်ချင်း ပြန်ရောက်လာသည်။
အပေါက်ဝမှာ ဘောလုံးတစ်လုံး စာခန့်သာ ရှိသော်လည်း အာကာသထဲတွင် လေစီးကြောင်း၏ ပွတ်တိုက်မှု အကူအညီ မရှိဘဲ သက်သက် ဤမျှအပေါက်ဖြစ်အောင် ထိုးနိုင်ခြင်းကို ကြည့်လျှင် ဤသံချပ်ကာ၏ မာကျောမှုမှာ အဆင့် ၈ သားရဲ၏ အကြေးခွံထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေသေးသည်။
ဗိုရှင်းဂြိုဟ်သားတို့၏ ပစ္စည်း ကုန်ကြမ်းထုတ်လုပ်ရေး နည်းပညာသည် နာနိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အက်တမ်အလွှာလိုက် စီတန်းမှုများကိုပင် စိတ်ကြိုက် ပြုလုပ်နိုင်စွမ်း ရှိသည်။
သတ္တုများကို နာနိုနည်းပညာဖြင့် ပုံဆောင်ခဲဖွဲ့စည်းထားခြင်း ဖြစ်၍ ယာဉ်ပျံ၏ သံချပ်ကာမှာ ကမ္ဘာမြေပေါ်ရှိ မည်သည့်သတ္တုထက်မဆို ဆယ်ဆကျော် ပိုမိုခိုင်မာမာကျောပေသည်။
လော်ယွမ်သည် အပေါက်ဝထဲသို့ လက်နှစ်ဖက်ကို ထိုးထည့်လိုက်ပြီး ၁၂ လက်မကျော် ထူသော သံချပ်ကာပြားကြီးကို ဆွဲကိုင်ကာ လက်ချောင်းများကို သတ္တုပြားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်စေလျက် အားကုန်သုံး၍ ဆွဲဖြဲလိုက်တော့သည်။
"ယားးးးး"
သူ၏ ကြွက်သားများ ရုတ်ခြည်း ဖောင်းကြွလာကာ နဖူးပေါ်တွင် သွေးကြောစိမ်းများ ထောင်ထလာသည်။ တစ်ကိုယ်လုံးမှ ထွက်ရှိလာသော ရေငွေ့များသည် လေဟာနယ်အတွင်းသို့ လျင်မြန်စွာ ပျံ့လွင့်သွားကြသည်။
လော်ယွမ့်၏ ဧရာမ ခွန်အားအောက်တွင် ထူထဲလှသော သံချပ်ကာကြီးမှာ တဖြည်းဖြည်း တွန့်လိပ်စုတ်ပြဲလာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လူတစ်ကိုယ်စာ ဝင်ဆံ့သော အပေါက်ကြီးတစ်ပေါက် ဖြစ်သွားတော့သည်။ သူသည် ကိုယ်ကိုတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
အတွင်းသို့ ဝင်လိုက်သည်နှင့် စွမ်းအင်မြင့် လေဆာတန်းတစ်ခုက သူ့ထံသို့ ပစ်ခတ်လာသည်။ သူက ခန္ဓာကိုယ်ကို အသာအယာ ယိမ်းလိုက်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ဓားကို ဆွဲထုတ်၍ ပိုင်းဖြတ်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်နက်တပ်ဆင်ထားသော စက်ရုပ်တစ်ရုပ်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။
လော်ယွမ်က လမ်းပိတ်နေသော စက်ရုပ် အပိုင်းအစတစ်ခုကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး လမ်းမကြီး အတိုင်း လျှောက်လှမ်းကာ ယာဉ်ပျံ၏ ဗဟိုထိန်းချုပ်ခန်း ရှိရာဆီသို့ လျင်မြန်စွာ ဦးတည်သွားလိုက်သည်။
ဆက်ရန်...