အခန်း (၄၄၃-၄၄၄)
Vol. 23 Ch. 443-444
အပိုင်း(၄၄၃) အာကာသယာဉ်၏တည်နေရာ
လွန်ခဲ့သော နှစ်လခန့်က ဤကဲ့သို့သော ယာဉ်ပျံတစ်စီးထဲသို့ သူရောက်ဖူးခဲ့သဖြင့် ယာဉ်ပျံ၏ အတွင်းပိုင်းဖွဲ့စည်းပုံကို ကောင်းစွာ နားလည်ထားပေသည်။
ထိုစဉ်အတွင်း အချက်ပေးသံကြားလိုက်ရသည့် လက်နက်တပ်ဆင်ထားသော စစ်ရုပ်အချို့က သူ့ကို ဝိုင်းဝန်းချေမှုန်းရန် ရောက်ရှိလာကြသည်။
သို့သော် လော်ယွမ်ကမူ လက်ဖျားခါရုံမျှဖြင့် ယင်းတို့ကို အလွယ်တကူ ရှင်းလင်းလိုက်သည်။ လွန်ခဲ့သော နှစ်လကဆိုလျှင် ဤစစ်ရုပ်များကို နိုင်နင်းရန် "မြေလှိုင်း" အစွမ်းကို သတိထား၍ သုံးစွဲခဲ့ရသော်လည်း ယခုအခါတွင်မူ သူ၏စွမ်းအားက အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
စစ်ရုပ်များ၏ ဉာဏ်ရည်တုဦးနှောက်က အခြေအနေကို မဆန်းစစ်နိုင်မီမှာပင် ၎င်းတို့၏ ခန္ဓာကိုယ်လုံးလုံးကြီးများသည် နှစ်ပိုင်းပြတ်လျက်သား ဖြစ်နေကြလေပြီ။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိန်းချုပ်ခန်းတံခါးဝသို့ သူရောက်ရှိသွားသည်။ ဗိုရှင်းဂြိုဟ်သားအားလုံး ထိုအခန်းထဲတွင် ရှိနေကြောင်း သူ၏အာရုံခံနိုင်စွမ်းက ဖော်ပြနေသည်။
ရှေ့ရှိ ယာဉ်ပျံတံခါးကြီး ပိတ်နေသော်လည်း သူ့အတွက် အဆီးအတား မဖြစ်နိုင်ပေ။ သတ္တုတံခါးကြီးကို လက်ဖြင့်ဖိကာ တန်ချိန်ရာပေါင်းများစွာသော ခွန်အားဖြင့် တွန်းဖွင့်လိုက်ရာ တံခါးကြီးမှာ ပွင့်ထွက်သွားပြီး အတွင်းမှ လေထုဖိအားများက အပြင်သို့ အရှိန်ပြင်းစွာ တိုးထွက်လာတော့သည်။
သတင်းအချက်အလက် မရရှိသေးခင် ဤဗိုရှင်းဂြိုဟ်သားများကို အသေခံ၍မဖြစ်ပေ။
လော်ယွမ်သည် အခန်းထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားပြီး တံခါးကို ချက်ချင်းပြန်ပိတ်လိုက်သည်။
စောစောက လေထုအရှိန်ပြင်းစွာ စီးထွက်သွားမှုကြောင့် ထိန်းချုပ်ခန်းအတွင်းရှိ လေထုမှာ အတော်လေး ပါးလွှာသွားသည်။ ကံကောင်းသည်မှာ ယာဉ်ပျံအချက်ပေးသံ မြည်လာချိန်ကတည်းက ဗိုရှင်းဂြိုဟ်သားများသည် အောက်ဆီဂျင်မျက်နှာဖုံးများ တပ်ဆင်ထားကြသဖြင့် အသက်အန္တရာယ် မရှိကြခြင်းဖြစ်သည်။
သို့သော် လေဖိအား ပြောင်းလဲမှု၏ ဒဏ်ကြောင့် သူတို့သည် နံရံများနှင့် ရိုက်မိကာ ဒဏ်ရာအနည်းနှင့်အများ ရရှိထားကြသည်။ နှစ်ဦးမှာ အရိုးကျိုးသွားပြီး တစ်ဦးမှာမူ လည်ပင်းကျိုးကာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
ကျန်ရစ်သော ဗိုရှင်းဂြိုဟ်သားငါးဦးသည် လော်ယွမ် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် တုန်လှုပ်ချောက်ချား သွားကြသည်။
ခြိမ်းခြောက်စရာပင် မလိုဘဲ လော်ယွမ်၏ အရှိန်အဝါတစ်ခုတည်းဖြင့်ပင် သူတို့အတွက် အကြီးမားဆုံးသော ကြောက်မက်ဖွယ်ရာ ဖြစ်နေပေသည်။
"မင်းတို့ရဲ့ အာကာသယာဉ်ကြီး ဘယ်မှာလဲ" လော်ယွမ်က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် အင်္ဂလိပ်ဘာသာစကားဖြင့် ထပ်မံ၍ မေးမြန်းလိုက်သည်။
ဗိုရှင်းဂြိုဟ်သားများသည် ဉာဏ်ရည်မြင့်မားသော်လည်း လူသားတို့၏ ဘာသာစကားကို အားလုံးနားလည်နိုင်မည် မဟုတ်ကြောင်း လော်ယွမ် သိထားသည်။
သို့သော် ယခုအချိန်တွင် မဖြစ်ဖြစ်အောင် ကြိုးစားရမည်သာ။ အာကာသ ဟူသည် အလွန်ကျယ်ပြောလှသဖြင့် တည်နေရာအတိအကျ မသိရှိပါက အာကာသယာဉ်ပျံတစ်စင်းကို ရှာဖွေရန်မှာ သမုဒ္ဒရာထဲ အပ်ရှာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ နှစ်ချီ၍ ရှာဖွေလျှင်ပင် တွေ့ရှိနိုင်မည် မဟုတ်ချေ။
လော်ယွမ်၏ အသံကို ကြားသောအခါ သူတို့သည် ကြောက်လန့်တကြားဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေကြသော်လည်း မည်သူမျှ စကားပြန်မပြောရဲကြပေ။
လော်ယွမ်က မထီမဲ့မြင် ပြုံးလိုက်ပြီး ဗိုရှင်းဂြိုဟ်သားတစ်ဦးကို ဆွဲယူလိုက်သည်။ သူ၏ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် ထိုဂြိုဟ်သားမှာ ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးတစ်ယောက်ပမာသာ ရှိတော့သည်။ ကြောက်လန့်၍ ပျော့ခွေနေသော ဂြိုဟ်သားကိုကြည့်ပြီး စိတ်ညှို့နည်းဖြင့် မေးမြန်းလိုက်သည်။
သို့သော် ထိုဂြိုဟ်သားမှာ မျက်လုံးပြူးကာ ကြည့်နေရုံမှလွဲ၍ ဘာမျှပြန်မပြောနိုင်ပေ။ လော်ယွမ်က သွားဖြူများကို ပေါ်အောင်ရယ်လိုက်ပြီး ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
ထို့နောက် ဂြိုဟ်သား၏ ဦးခေါင်းကို ပဲပြားတစ်တုံးကို ချေမွလိုက်သကဲ့သို့ "ဖောက်" ခနဲမြည်အောင် လက်ဖြင့် ညှစ်ခြေလိုက်လေသည်။
ကျန်ရှိနေသော ဗိုရှင်းဂြိုဟ်သားများမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
လော်ယွမ်သည် လက်မှ သွေးများနှင့် ဦးနှောက်စများကို ခါထုတ်လိုက်ပြီး နောက်ထပ် ဂြိုဟ်သားတစ်ဦးကို ထပ်မံဆွဲယူလိုက်ပြန်သည်။ သို့သော် အဖြေမရရှိသဖြင့် အလောင်းကို ကျန်ဂြိုဟ်သားများကြားသို့ ပစ်ချလိုက်သည်။
သေမင်း၏ အရိပ်အငွေ့ကြောင့် နောက်ဆုံးတွင် ဂြိုဟ်သားတစ်ဦးမှာ စိတ်ဓာတ်ကျိုးပျက်သွားလေသည်။
၎င်းသည် သေနတ်နှင့်တူသော လေဆာလက်နက်တစ်ခုကို ထုတ်လိုက်ပြီး "ဒေသခံ အရိုင်းကောင်... သေ... သေလိုက်တော့" ဟု အော်ဟစ်လိုက်သည်။
လေဆာရောင်ခြည်တန်းများက လော်ယွမ်ထံသို့ ဆက်တိုက် ပစ်ခတ်လိုက်သည်။
ဤတစ်ကြိမ်တွင် လော်ယွမ်သည် ရှောင်တိမ်းရန်ပင် စိတ်ကူးမရှိတော့ပေ။ လေဆာရောင်ခြည်များက သူ၏ ဝတ်စုံပေါ်သို့ ကျရောက်သွားသော်လည်း အမည်းစက် ထင်ကျန်ရစ်ခြင်းပင် မရှိချေ။
ဤဝတ်စုံမှာ မနေ့ညကမှ အဆင့် (၉) ကုန်ကြမ်းပစ္စည်းများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ လေဟာနယ် ချိတ်ဆက်စွမ်းရည် မပါဝင်တော့သော်လည်း ပစ္စည်း၏ အရည်အသွေးမှာ အလွန်မြင့်မားသဖြင့် ဤကဲ့သို့သော လက်နက်ငယ်များက ထိခိုက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
"မင်း အင်္ဂလိပ်စကား ပြောတတ်တာပဲ"
"စိတ်ကူးသာ ယဉ်နေလိုက်... ဒီက... အရိုင်းအစိုင်းကောင်... ငါသေရင်တောင် မပြောဘူး"
သေရန် ဆုံးဖြတ်ထားပုံရသည့် ဂြိုဟ်သားသည် ခက်ထန်စွာ ပြန်ပြောရင်း မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် နောက်သို့ ခြေလှမ်းဆုတ်နေသည်။
လော်ယွမ်က ခြေတစ်လှမ်းတည်းဖြင့် ပေ ၄၀ ခန့် အကွာအဝေးကို ရောက်ရှိသွားပြီး ၎င်း၏ ကိုယ်လုံးကို ဖမ်းဆွဲလိုက်သည်။ သူက စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်းတို့ရဲ့ အာကာသယာဉ် ဘယ်မှာလဲ... ပြောစမ်း"
"တည်နေရာက..."
"%¥#%%"
"#¥%%"
၎င်းက ပြောရန် ပြင်လိုက်စဉ်မှာပင် ကျန်ရှိနေသော ဂြိုဟ်သားများက မပြောရန် တားဆီးသည့်အနေဖြင့် အော်ဟစ်လိုက်ကြသည်။
"သောက်ကျိုးနည်း... လူသားတွေ... သွားကြတော့... ငါ့ကို မြန်မြန်သတ်လိုက်"
ထိုဂြိုဟ်သားမှာ တုန်ရီနေပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ ယခင်တွေ့ဖူးသော ဂြိုဟ်သားများကဲ့သို့ပင် သူတို့သည် စိတ်စွမ်းအားဆိုင်ရာ နည်းစနစ်အချို့ကို တတ်ကျွမ်းထားပုံရပြီး လူသားများထက် စိတ်ညှို့မှုကို ခုခံနိုင်စွမ်း ပိုမြင့်မားကြသည်။
"သေချင်နေကြတာပဲ"
လော်ယွမ် ဒေါသထွက်သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ စိတ်ဆန္ဒစွမ်းအားကြောင့် ကျန်ရှိနေသော ဂြိုဟ်သားများမှာ မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်နေကြတော့သည်။
လော်ယွမ်က စိတ်စွမ်းအားကို အမြင့်ဆုံးမြှင့်တင်ပြီး ထပ်မံ၍ စိတ်ညှို့လိုက်သည်။
သွေးအန်နေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သော ဂြိုဟ်သားက နောက်ဆုံးတွင် ဖွင့်ဟပြောဆိုလာသည်။ "ယာဉ်ပျံက... နေအဖွဲ့အစည်း ကိုသြဒိနိတ်... X#;Y#;Z# မှာ ရှိတယ်"
လော်ယွမ် ကြောင်သွားသည်။ ဗိုရှင်းဂြိုဟ်သားတို့၏ စံနစ်ဖြင့် ပြောပြသော ကိုသြဒိနိတ်များကို ကွန်ပျူတာ အကူအညီမပါဘဲ သူ မည်သို့ နားလည်နိုင်မည်နည်း။
"ကြယ်မြေပုံ အတိအကျက ဘယ်မှာလဲ" ဂြိုဟ်သား သေဆုံးခါနီးဖြစ်နေသဖြင့် လော်ယွမ် အလျင်အမြန် မေးလိုက်သည်။
"သုံးဖက်မြင်... ဖန်သားပြင်ပေါ်မှာ" စကားဆုံးသည်နှင့် ၎င်းမှာ သွေးတစ်လုပ်အန်ကာ အသက်ပျောက်သွားလေသည်။
လော်ယွမ်သည် အလောင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ထိန်းချုပ်ခန်းရှိ သုံးဖက်မြင် ဖန်သားပြင်များကို လိုက်လံကြည့်ရှုလိုက်သည်။
ကြယ်မြေပုံ မဟုတ်သော စာသားများနှင့် ပုံရိပ်များကို ဖယ်ထုတ်လိုက်ရာ မကြာမီမှာပင် အာကာသ လောင်ဂျီတွဒ်နှင့် လတ္တီတွဒ် ပြမြေပုံတစ်ခုကို တွေ့ရှိလိုက်သည်။
သာမန်မြေပုံများနှင့် မတူဘဲ အမြင့်ပြ မျဉ်းပါဝင်သဖြင့် ထုထည်ကြွနေသော ပုံစံမျိုး ဖြစ်သည်။
ပုံရိပ်သေမဟုတ်ဘဲ လှုပ်ရှားနေသော ပုံရိပ်ရှင် မြေပုံဖြစ်သည်။
၎င်းသည် နေအဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းပုံ ဖြစ်သည်။ ဗိုရှင်းဂြိုဟ်သားတို့၏ စာများကို နားမလည်သော်လည်း ဂြိုဟ်အရွယ်အစားနှင့် ဂြိုဟ်ရံလများကို ကြည့်၍ ခွဲခြားနိုင်သည်။
ဂြိုဟ်ရံလ တစ်စင်းသာရှိသော ဂြိုဟ်ကြီးမှာ ကမ္ဘာမြေဖြစ်ပြီး ဂြိုဟ်ရံလငယ် နှစ်စင်းပါရှိသော ဂြိုဟ်မှာ အင်္ဂါဂြိုဟ်ဖြစ်သည်။
ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကြား အလယ်မှတ်နားတွင် အပြာရောင်အစက်လေး တစ်စက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းသည် အာကာသယာဉ်ပျံကြီး ရှိနေသည့် နေရာပင်ဖြစ်သည်။
လော်ယွမ်သည် မြေပုံကို သေချာစွာကြည့်ရှုပြီး ဦးနှောက်ထဲတွင် စွဲမြဲစွာ မှတ်သားလိုက်သည်။
ထို့နောက် ယာဉ်ပျံထဲမှ ထွက်ခွာလာပြီး အာကာသထဲသို့ ပြန်လည်ရောက်ရှိလာသည်။
အာကာသယာဉ်ကြီးကို သွားရောက်ရှာဖွေရန် မလောသေးဘဲ လက်ရှိအန္တရာယ်ကို အရင်ရှင်းလင်းရန် သူတွေးလိုက်သည်။
မြောက်အမေရိကနှင့် ပြန်လည်ထူထောင်ရေးဇုန်တို့သည် တစ်ချိန်တည်းလိုလို တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်သူမှာ ယာဉ်ပျံတစ်စင်းတည်း မဖြစ်နိုင်ပေ။ ကျန်ရှိနေသေးသော နောက်ထပ် ယာဉ်ပျံတစ်စင်းကို အရင်ဆုံး ရှာဖွေဖျက်ဆီးရပေမည်။
အလင်းထက်မြန်သော အလျင်ဖြင့် ခရီးမနှင်မီ အောက်ဘက်ရှိ ပြန်လည်ထူထောင်ရေးဇုန်ကို သူငုံ့ကြည့်လိုက်သည်။
မြင်ကွင်းမှာ အလွန်ဆိုးရွားလှသည်။ မြို့တော်သစ် အပါအဝင် မြို့ပြအများစုမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ပွက်ပွက်ဆူနေသော မီးတောင်ချော်ရည်များသာ နေရာယူထားတော့သည်။
မျှော်လင့်ချက်မြို့တော် အပါအဝင် ကျန်ရှိသော မြို့အနည်းငယ်မှာလည်း အခြေအနေ မကောင်းလှပေ။ အပေါ်ပိုင်း စက်ရုံများသည် ပျက်စီးကုန်ပြီဖြစ်သည်။
ပြင်းထန်သော မုန်တိုင်းလေများနှင့်အတူ သဲမုန်တိုင်းများက နေရာအနှံ့ တိုက်ခတ်နေသည်။ လော်ယွမ်၌ လေးဘက်မြင် အမြင်အာရုံသာ မရှိခဲ့လျှင် အောက်ဘက်ရှိ ဤကဲ့သို့သော ကြေကွဲဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့နိုင်မည် မဟုတ်ချေ။
သူသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာဖြင့် အချိန်ကြာမြင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက် အလင်းထက်မြန်သော ပျံသန်းခြင်းစနစ်ကို မောင်းနှင်လိုက်ပြီး ကမ္ဘာမြေ၏ ကျောဘက်ခြမ်းဆီသို့ ဦးတည်ပျံသန်း သွားလိုက်လေတော့သည်။
ဆက်ရန်...
အပိုင်း (၄၄၄) အစီအစဉ်
နည်းပညာ အလွန်မြင့်မားသော ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု၏ သတင်းအချက်အလက် ပေးပို့ဆက်သွယ်မှုသည် မြန်ဆန်ထိရောက်ရုံသာမက တပြိုင်နက်တည်း ဖြစ်ပျက်နေသည့် ဖြစ်စဉ်လည်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုးမဆို အရာထင်လိမ့်မည် မဟုတ်ပေ။
လော်ယွမ်က ယာဉ်ပျံတစ်စင်းကို ဖျက်ဆီးလိုက်သည့် တစ်ချိန်တည်းမှာပင် အခြားယာဉ်တစ်စင်းနှင့် အဝေးတစ်နေရာမှ မိခင်ယာဉ်ကြီးတို့သည် အခြေအနေအရပ်ရပ်ကို သိရှိသွားကြပြီး အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။
လော်ယွမ်က ယခင်ယာဉ်တစ်စင်းကို လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်ကို ကြည့်ပြီး ဤယာဉ်ပျံများ၏ အစွမ်းမှာ ပြောပလောက်အောင် မရှိဟု မထင်မှတ်လိုက်ပါနှင့်။
အမှန်စင်စစ်တွင်တော့ ဗိုရှင်းဂြိုဟ်သားတို့၏ မြေပြင် ဝေဟင်သုံး ယာဉ်ပျံများသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
၎င်းကို ယာဉ်ပျံဟု ခေါ်ဆိုခြင်းထက် ဂလက်ဆီအတွင်း သွားလာနိုင်သော အာကာသယာဉ်ငယ်တစ်စင်းဟု ခေါ်ဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။
၎င်း၏ အရွယ်အစားမှာ ကမ္ဘာပျက်ကပ် မတိုင်မီက နိုင်ငံတကာ အာကာသစခန်းနှင့် ဆင်တူပြီး စုစုပေါင်း အလေးချိန်မှာ ပေါင်ချိန် ၁၃ သန်း ကျော် ရှိသည်။
ယာဉ်၏ အတွင်းပိုင်းတွင် အနုမြူစွမ်းအင်သုံး တွန်းကန်အားအင်ဂျင်စက်နှင့် ၁၀ ဘီလီယံကီလိုဝပ် ထုတ်လွှတ်နိုင်သော 'နက်ရှိုင်း အနုမြူ ပေါင်းစပ်ဓာတ်ပြု' ဓာတ်ပေါင်းဖို တစ်ခုပါရှိသည်။
ထိုစွမ်းအင် ပမာဏသည် ကမ္ဘာပျက်ကပ် မတိုင်မီက တည်ရှိခဲ့သော 'သုံးချောင်း' ရေအားလျှပ်စစ်စက်ရုံ၏ စွမ်းအင်ထုတ်လုပ်နိုင်မှုထက် အဆ ၅၀ ခန့် ပိုများသည်။
နက်ရှိုင်း ပေါင်းစပ်ဓာတ်ပြုခြင်း ဆိုသည်မှာ အဘယ်နည်း။
ယေဘုယျအားဖြင့် ဟိုက်ဒရိုဂျင်ဗုံး ပေါင်းစပ်ဓာတ်ပြုမှုသည် ဟိုက်ဒရိုဂျင်မှ ဟီလီယမ်သို့ ပြောင်းလဲခြင်းသာဖြစ်ပြီး ဒြပ်ထုစွမ်းအင် ပြောင်းလဲမှုနှုန်းမှာ ဝ.၇% ခန့်သာ ရှိသည်။
သို့သော် ဤနက်ရှိုင်း အနုမြူ ပေါင်းစပ်ဓာတ်ပြု ဓာတ်ပေါင်းဖိုသည် သံဒြပ်စင် ဖြစ်လာသည်အထိ တောက်လျှောက် ပေါင်းစပ်ဓာတ်ပြုနိုင်ပြီး ဒြပ်ထုစွမ်းအင် ပြောင်းလဲမှုနှုန်းမှာ ၄၃% အထိ ရှိလေသည်။
စွမ်းအင် အသုံးပြုနိုင်စွမ်းသည် ယခင်နည်းလမ်းထက် အဆ ၆၀ ခန့် ပိုမိုမြင့်မားသည်။
အကယ်၍သာ လျှပ်စစ်ထုတ်လုပ်ရန် အသုံးပြုမည်ဆိုပါက ဤဓာတ်ပေါင်းဖို တစ်လုံးတည်းဖြင့်ပင် ကမ္ဘာပျက်ကပ် မတိုင်မီ တရုတ်နိုင်ငံ တစ်ခုလုံး၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေသည်။
လက်နက်ပိုင်းဆိုင်ရာတွင်မူ ယာဉ်ပျံပေါ်၌ အဓိက တိုက်ခိုက်ရေးအတွက် အလင်းမှုန်အမြောက်တစ်လက်၊ အလင်းအလျင်၏ ဆယ်ပုံတစ်ပုံနှုန်းဖြင့် ပစ်ခတ်နိုင်သော လျှပ်စစ်သံလိုက် ရထားလမ်းပြေး အမြောက်လေးလက်၊ စွမ်းအားမြင့် လေဆာအမြောက် ခြောက်လက်တို့ ပါရှိသည့်အပြင် အာကာသတိုက်ပွဲသုံး အနုမြူစွမ်းအင်သုံး "ဆန့်ကျင်ဘက်ဒြပ်သား" ဒုံးကျည် ၁၂ စင်းလည်း ပါရှိလေသည်။ တစ်ကိုယ်လုံးကို နေရာလွတ်မကျန် လက်နက် တပ်ဆင်ထားသည်ဟု ဆိုရပေမည်။
ထို့အပြင် ယာဉ်၏ အပေါ်ယံ သံချပ်ကာပြားများတွင် ရေဒါလှိုင်း စုပ်ယူနိုင်စွမ်းရှိသဖြင့် ရေဒါဖြင့် ထောက်လှမ်း၍ မရနိုင်ပေ။ ဤကဲ့သို့သော ယာဉ်တစ်စင်းတည်းဖြင့်ပင် ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်ချေမှုန်း ပစ်နိုင်စွမ်း ရှိလေသည်။
......
လော်ယွမ်သည် 'ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း ကို စတင်လိုက်ပြီးနောက် အရှိန်အဟုန်ကို မြှင့်တင်လိုက်ရာ သူ၏ အမြန်နှုန်းမှာ ဒုံးပျံတစ်ခုကဲ့သို့ ထိုးတက်သွားလေသည်။
ဆယ်မိနစ် ကျော်မျှသော အချိန်အတွင်း သူသည် တစ်စက္ကန့်လျှင် မိုင် ၆၀ နှုန်းအထိ ရောက်ရှိသွားပြီး အသံတိတ် အလင်းတန်း တစ်ခုအလား လေဟာနယ်ကို ဖြတ်သန်းသွားသည်။
စက္ကန့် ၃၀ အကြာတွင် သူသည် ကြီးမားသော မျဉ်းကွေးပုံစံဖြင့် လမ်းကြောင်းပြောင်းလိုက်ရာ နှစ်စက္ကန့် အကြာ၌ မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းကြီးတစ်ခု သူ၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။
အတိုင်းအဆမဲ့သော စွမ်းအားမြင့် အမှုန်များသည် အမှောင်ထု လွှမ်းမိုးနေသော အာကာသထဲသို့ စူးရှသော အလင်းတန်းများ အဖြစ် ဖြာထွက်သွားပြီး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။
သူ၏ ကျောဘက်တွင် ပူလောင်မှုကို ခံစားလိုက်ရသည်။ လှည့်မကြည့်ဘဲနှင့်ပင် တစ်ဖက်ရန်သူက အနုမြူဗုံးကဲ့သို့သော စွမ်းအားမြင့် တိုက်ခိုက်မှုမျိုး ပြုလုပ်လိုက်သည်ကို သူသိလိုက်သည်။
လော်ယွမ်သည် ရုတ်တရက် အချက်တစ်ချက်ကို သတိပြုမိသွားသည်။ 'ကွေးညွတ်ပျံသန်းခြင်း' သည် သာမန် တိုက်ခိုက်မှုများကို လျစ်လျူရှုထားနိုင်သော်လည်း အလင်းတန်းများ ထိုးဖောက်ဝင်ရောက်မှုကိုမူ တားဆီးနိုင်ခြင်း မရှိပေ။
စဉ်းစားကြည့်လျှင် သူသည် အပြင်လောကမှ မြင်ကွင်းများကို မြင်တွေ့နိုင်သဖြင့် အလင်းတန်းများသည်လည်း ဤနေရာလွတ်ထဲသို့ ဝင်ရောက်နိုင်မည်မှာ သေချာသည်။
သို့မဟုတ်ပါက 'ဟင်းလင်းပြင်စက်ဝန်း' အတွင်း၌ အရာအားလုံး မှောင်မည်းနေမည် ဖြစ်ပြီး ပြင်ပလောကကိုလည်း ကြည့်ရှုနိုင်မည် မဟုတ်ချေ။
သူသည် ဤအချက်ကို စောစောစီးစီးကပင် သတိထားမိသင့်သော်လည်း ဟင်းလင်းပြင်စက်ဝန်း၏ အံ့မခန်း စွမ်းဆောင်ရည်များကြောင့် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမှ သတိထားမိသည်မှာလည်း နောက်မကျသေးပေ။
အမှန်တကယ်တော့ ဟင်းလင်းပြင်စက်ဝန်းသည် အလင်းစွမ်းအင်အပေါ် လုံးဝ သက်ရောက်မှု မရှိသည်တော့ မဟုတ်ပေ။
အလင်းတန်းများ ဖြတ်သန်းဝင်ရောက်လာချိန်တွင် မတူညီသော လေဟာနယ် အလွှာများ၏ အလင်းယိုင်ခြင်းနှင့် ပြန်လည်ဟပ်ခြင်းတို့ကြောင့် ဟင်းလင်းပြင်စက်ဝန်း အတွင်းသို့ ၇၀ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်နိုင်သည်။
စိတ်စွမ်းအား ပိုမိုအားကောင်းလာပြီး ကွေးညွတ်မှုနှုန်း ပိုနက်ရှိုင်းလာသည်နှင့်အမျှ အလင်းပြန်မှုနှုန်းမှာလည်း ပိုမိုမြင့်မားလာနိုင်သည်။
ဤနေရာသည် ကမ္ဘာ့လေထု ပါးလွှာသော အာကာသ အစပ် ဖြစ်သဖြင့် လေထုမှာ လုံးဝနီးပါး မရှိသလောက် နည်းပါးလှသည်။
ဆန့်ကျင်ဘက်ဒြပ်သားဗုံး၏ ပေါက်ကွဲမှုသည် အပြင်ဘက်ရှိ အခွံထူကြီးအတွင်း ဓာတ်ပြုမှုအပေါ်၌သာ မူတည်နေသည်။
လေထုမရှိသဖြင့် စွမ်းအင်ကူးပြောင်းမှု မရှိသောကြောင့် ကမ္ဘာမြေပေါ်တွင် ပေါက်ကွဲသည်နှင့် ယှဉ်လျှင် ပျက်စီးအား ၁၀ ဆခန့် လျော့နည်းလေသည်။
အလင်းတန်းများသည် စက္ကန့် အနည်းငယ်ကြာ လင်းလက်ပြီးနောက် ချက်ချင်း ငြိမ်းသွားလေသည်။
သို့သော် ထိုသို့ လျော့နည်းသည့်တိုင် လော်ယွမ်၏ မျက်နှာထားမှာ တင်းမာနေဆဲဖြစ်ပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။
ကြီးမားသော စိုးရိမ်ထိတ်လန့်မှု တစ်ခုကို ခံစားနေရပြီး ယခုတိုက်ခိုက်မှုတွင် သေမင်း၏ အငွေ့အသက်ကို ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ဖြောင့်တန်းစွာ သွားနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး အစီအစဉ်မကျ မျဉ်းကွေးပုံစံဖြင့် ဆက်လက်၍ အရှိန်ပြင်းစွာ ပျံသန်းလိုက်သည်။
လမ်းကြောင်း ပြောင်းလိုက်ပြီး မကြာမီမှာပင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် သူ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ် သွားသည်။ ထို့နောက် သူ၏ ဦးနှောက်ထဲတွင် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။
တိတ်ဆိတ်ငြိမ်သက်နေသော အာကာသထဲတွင် နေမင်းကြီး ၅ စင်း ထွက်ပေါ်လာသကဲ့သို့ စူးရှတောက်ပသော စွမ်းအားမြင့် အလင်းတန်းကြီးများ လင်းလက်လာရာ အနီးနားရှိ အစစ်အမှန် နေမင်းကြီးပင် အရောင်မှိန်သွားရသည်။
မိုင် ၃၀၀ မှ ၄၀၀ ဝန်းကျင် တစ်ခုလုံးတွင် အဆုံးအစမဲ့သော စွမ်းအားမြင့် အမှုန်များ ပြည့်နှက်သွားပြီး အပူချိန်သည် ချက်ချင်းဆိုသလို ဒီဂရီ သိန်းချီအထိ မြင့်တက်သွားသည်။
သူမြင်လိုက်ရသော ပုံရိပ်ထဲတွင် သူသည် ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်သည် ထိုကြောက်မက်ဖွယ် အမှုန်များအောက်တွင် တစ်ခဏတာမျှသာ တောင့်ခံနိုင်ပြီး ပုံရိပ်များ မည်းမှောင်သွားကာ စွမ်းအားပြည့် ခန္ဓာကိုယ်သည် ထိုစွမ်းအားမြင့် အမှုန် စီးကြောင်းကြားတွင် လုံးဝ အငွေ့ပျံသွားတော့သည်။
မိမိကိုယ်တိုင် သေဆုံးသွားသည့်ပုံကို အခြားရှုထောင့်တစ်ခုမှ မြင်လိုက်ရခြင်းက လော်ယွမ်ကို လုံးဝ တည်ငြိမ်သွားစေသည်။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ဦးနှောက်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ အလုပ်လုပ်သွားသည်။
နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်သည် ကွေးညွတ်ပျံသန်းခြင်း အနေအထားမှ လေးဖက်မြင်အလွှာ ထဲသို့ တိုးဝင်ကာ 'နေရာရွှေ့ပြောင်းခြင်း' အခြေအနေသို့ ကူးပြောင်းလိုက်သည်။
လျင်မြန်မှုနှုန်း ၁၇ မှတ် ရှိခြင်းကြောင့် လော်ယွမ်၏ နေရာရွှေ့ပြောင်း ကြာချိန်ကွာဟချက်မှာ အလွန်နည်းပါးလှပြီး ဝ.၀၀၅ စက္ကန့်မျှသာ ရှိသည်။
သူသည် သုံးကြိမ်ဆက်တိုက် ခုန်ကူးလိုက်ရာ အရိပ်တစ်ခု ဖြတ်ပြေးသွားသကဲ့သို့ လျင်မြန်လှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် မိုင် ၆၀၀ ကျော် ခရီးကို ဖြတ်ကျော်သွားခဲ့သည်။ သူ ရှေ့ကို မော့ကြည့်လိုက်သောအခါ အစက်အပြောက်လေး တစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
သူက အကွာအဝေးကို တွက်ချက်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ကာ နောက်ထပ်တစ်ကြိမ် နေရာရွှေ့ပြောင်းခြင်း အခြေအနေသို့ ဝင်ရောက်လိုက်ပြန်သည်။
သူသည် ခုနစ်ကြိမ် ဆက်တိုက် နေရာရွှေ့ပြောင်းလိုက်ရာ မိုင် ၁၂၀၀ ခန့်ကို ဖြတ်ကျော်သွားခဲ့သည်။ သူ ပြန်လည် ပေါ်လာသော အခါတွင် သူ၏ ခန္ဓာကိုယ်သည် ယာဉ်ပျံ အင်ဂျင်၏ ဘေးကပ်လျက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အနီးနားရှိ အင်ဂျင်ပေါက်ဝမှ ခန္ဓာကိုယ်ကိုပင် အငွေ့ပျံသွားစေနိုင်လောက်သည့် အပူရှိန်ကို ခံစားနေရသော်လည်း နောက်တစ်စက္ကန့်တွင် သူသည် ဓားကို ဆွဲထုတ်၍ အားကုန် ခုတ်ပိုင်းလိုက်တော့သည်။
ပုံသဏ္ဌာန်မဲ့သော လေဟာနယ် တုန်ခါမှုလှိုင်းတစ်ခု ဖြတ်သန်းသွားပြီး ယာဉ်ပျံ၏ ထူထဲလှသော သံချပ်ကာပြားပေါ်တွင် ပေ ၃၀၊ ၄၀ ခန့် ရှည်လျားသော အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားသည်။
ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် မရေမတွက်နိုင်သော ဓားချက်များသည် ယာဉ်ပျံပေါ်သို့ မိုးသီးမိုးပေါက်အလား ကျရောက်သွားသည်။
မကြာမီတွင် ယာဉ်ပျံတစ်စင်းလုံး စွမ်းအင် လုံးဝပြတ်တောက်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။ ထိုအချိန်ကျမှသာ အဝေးတစ်နေရာရှိ ဆန့်ကျင်ဘက်ဒြပ်သားဗုံးသည် အလင်းရောင်များ စတင် ဖြာထွက် ပေါက်ကွဲလာသည်။
သူသည် ယာဉ်ပျံ၏ အပေါ်ဘက်တွင် ဝဲပျံနေရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
စိတ်စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရသဖြင့် လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ နေရာရွှေ့ပြောင်းခြင်းသည် အစွမ်းထက်သော်လည်း စိတ်စွမ်းအား ကုန်ဆုံးမှုမှာလည်း အလွန်များပြားလှသည်။
တိုက်ပွဲ နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် သူ၏ စိတ်စွမ်းအား အတော်များများ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် စစ်ပွဲက ပြီးဆုံးရန် လိုပါသေးသည်။ ထိုယာဉ်ပျံထက် အဆပေါင်းတစ်ရာမျှ ပိုမိုကြောက်မက်ဖွယ်ကောင်းသော မိခင် အာကာသယာဉ်ကြီး ရှိနေသေးသည် မဟုတ်ပါလား။
အကယ်၍သာ ထိုအာကာသယာဉ်ကြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပြီး ဒေါသတကြီး တိုက်ခိုက်မည် ဆိုပါက ကမ္ဘာကြီးတစ်ခုလုံး ကပ်ဘေးနှင့် ကြုံတွေ့ရပေလိမ့်မည်။
လူသားမျိုးနွယ် ပျောက်ကွယ်သွားရုံ သာမက သက်ရှိအားလုံး သေဆုံးပြီး အရာခပ်သိမ်း ပျက်သုဉ်းသွားနိုင်သည်။ ထိုအချိန်ရောက်လျှင် ကမ္ဘာကြီးသည် ကမ္ဘာအဖြစ် ဆက်လက် တည်ရှိနေဦးမည် ဖြစ်သော်လည်း အင်္ဂါဂြိုဟ်ကဲ့သို့ သက်ရှိမရှိသော ဂြိုဟ်သေတစ်ခု ဖြစ်သွားပေလိမ့်မည်။
သူ၏ စိတ်နှလုံးသည် လေးလံသွားပြီး အာကာသထဲသို့ မော့ကြည့်လိုက်သည်။ နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်ကာ 'ကွေးညွတ်ပျံသန်းခြင်း' ကို စတင်လိုက်ပြီး အာကာသ နက်ရှိုင်းရာဆီသို့ အရှိန်ပြင်းစွာ ပျံသန်းထွက်ခွာ သွားလေသည်။
......
ထိုအချိန်၌ မိခင် အာကာသယာဉ်ကြီး ပေါ်တွင်မူ လော်ယွမ်နှင့် ပတ်သက်သည့် စစ်ဆင်ရေး အစည်းအဝေးတစ်ခုကို အရေးပေါ် ကျင်းပနေလေသည်။
သုံးဖက်မြင် ပုံရိပ်ယောင် ဖန်သားပြင်ပေါ်တွင် တိုက်ပွဲ ဗီဒီယိုမှတ်တမ်း နှစ်ခုကို ထပ်ခါတလဲလဲ ပြသနေသည်။ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြပြီး လေထုမှာ လေးလံအုပ်မှိုင်းနေသည်။
အတန်ကြာသောအခါ ယာဉ်မှူးက လေးနက်တည်ကြည်သော မျက်နှာထားဖြင့် စကားစတင် ပြောကြားလိုက်သည်။
"အရင်ဆုံး ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် ကျွန်တော် တောင်းပန်ပါရစေ... ဒီလူသားရဲ့ စွမ်းရည်ကို ကျွန်တော် လုံးဝ လျှော့တွက်မိခဲ့တဲ့အတွက် အခုလို သုတ်သင်ရေး စီမံကိန်း မအောင်မြင်ခဲ့တဲ့အပြင် စစ်သည် ၁၄ ဦး ကျဆုံးခဲ့ရပါတယ်... ဒါဟာ ကြီးမားတဲ့ စစ်ရေး အမှားအယွင်း တစ်ခုပါပဲ"
"ဒါက အရှင်တစ်ယောက်တည်းရဲ့ အမှား မဟုတ်ပါဘူး... တစ်ဖက်ရန်သူက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ" စစ်ဘက်အရာရှိ တစ်ဦးက ချက်ချင်း ဝင်ရောက်ပြောဆိုသည်။
"စစ်ပွဲဆိုတာ အသေအပျောက် ရှိစမြဲပါ... သူတို့ရဲ့ ပေးဆပ်မှုက တန်ဖိုးရှိပါတယ်" နောက်ထပ် စစ်ဘက်အရာရှိ တစ်ဦးက ထပ်လောင်း ပြောကြားသည်။
"သုတေသန ဌာနကပဲ အဓိက တာဝန်ယူသင့်တာ... သူတို့သာ ပြင်းပြင်းထန်ထန် မတောင်းဆိုခဲ့ရင် ကျွန်တော်တို့ရဲ့ စစ်သည်တွေ ဒီလောက်ထိ လက်တွန့်နေမှာ မဟုတ်ဘူး" စစ်ဘက်အရာရှိ တစ်ဦးက ပြတ်ပြတ်သားသားပင် တာဝန်လွှဲချလိုက်သည်။
"ကဲ... ထားလိုက်ပါတော့... ကျွန်တော့်အစား ဖြေရှင်းချက် ထုတ်ပေးနေစရာ မလိုပါဘူး... မိခင်ဂြိုဟ်ကို ပြန်ရောက်ရင် စစ်ဌာနချုပ်ကို ကျွန်တော် ကိုယ်တိုင် အပြစ်ဒဏ် ခံယူဖို့ တင်ပြပါ့မယ်... အခုတော့ ရူပဗေဒ သုတေသနဌာနက ဆရာ လန်ဘိုဘိုဖု အနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သုံးသပ်ပေးပါဦး" ယာဉ်မှူးက တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် ဟန်ပြ သက်သက်သာ ပြောဆိုနေခြင်း ဖြစ်သည်။ ဤကြယ်တာရာဖြတ်ကျော် ခရီးရှည်ကြီးသည် ဗိုရှင်း ယဉ်ကျေးမှုအဖွဲ့အစည်းအတွက် ပထမဦးဆုံးအကြိမ် ဖြစ်သလို ရှေ့ဆောင်လမ်းပြ စွန့်စားခန်းကြီး တစ်ခုလည်း ဖြစ်သည်။
မည်သည့် အောင်မြင်မှုမှ မရရှိခဲ့လျှင်တောင်မှ မိခင်ဂြိုဟ်သို့ ပြန်ရောက်သည့်အခါ ကြီးမားသော ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ရာထူးများက သူ့ကို စောင့်ကြိုနေမည် ဖြစ်သည်။ သူသည် ဗိုရှင်းလူမျိုးတို့၏ သူရဲကောင်းအဖြစ် သမိုင်းတွင်ကျန်ရစ်မည့်သူ ဖြစ်ကြောင်း တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။
ထို့ပြင် ယခုခရီးစဉ်မှ ရရှိလိုက်သော အကျိုးအမြတ်များမှာ အလွန်များပြားလှရာ ယခုကဲ့သို့ အမှားအယွင်း အသေးအမွှားလေးသည် ရရှိထားသော အကျိုးအမြတ်များနှင့် ယှဉ်လျှင် ပွေးညှင်းနာလောက်သာ ရှိပြီး ပြောပလောက်စရာပင် မဟုတ်ပေ။
"ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ အရှင်" မျက်နှာတွင် အိုမင်းရင့်ရော်နေပြီဖြစ်သော ဗိုရှင်းဂြိုဟ်သား တစ်ဦးက မတ်တတ်ထရပ်ကာ ပတ်ဝန်းကျင်ကို အရိုအသေပြုရင်း ပြောလိုက်သည်။
"ကျွန်တော် စောစောက ဗီဒီယိုကို တစ်ချိန်လုံး ကြည့်နေခဲ့ပါတယ်... ဒီလူသားရဲ့ စွမ်းဆောင်ရည်တွေက တော်တော်လေး အားကောင်းတယ်... တချို့စွမ်းရည်တွေဆိုရင် ကျွန်တော်တို့ရဲ့ နည်းပညာနဲ့တောင် တုပလို့ မရနိုင်ဘူး... ဥပမာ သူ့ရဲ့ နေရာရွှေ့ပြောင်းနိုင်စွမ်ပေါ့... ဒါက သီအိုရီ အဆင့်မှာပဲ ရှိသေးတာ... တကယ့်ကို သက်ရှိတွေရဲ့ အံ့ဖွယ်ပါပဲ"
"ဆရာ လန်ဘိုဘိုဖု... လိုရင်းကိုပဲ ပြောပါ" စစ်ဘက်အရာရှိ တစ်ဦးက မကျေမနပ်ဖြင့် ဖြတ်ပြောလိုက်သည်။
"ကောင်းပါပြီ... သူ့ရဲ့ နေရာရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက မိုင် ၁၂၀ နဲ့ ၁၈၀ ကြားလောက်မှာ ရှိတယ်... ကြာချိန်ကွာဟချက်ကတော့ ပြောစရာမလိုလောက်အောင် တိုတောင်းလွန်းတယ်... ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဇီဝကွန်ပျူတာနဲ့ တွက်ချက်ကြည့်ရသလောက် ဝ.၀၀၅၃၄၅၅ စက္ကန့်လောက်ပဲ ရှိပါတယ်"
"နေရာရွှေ့ပြောင်းခြင်း ဆိုတာက ကွမ်တမ်ဥမင်လိုဏ်ခေါင်း သဘောတရားနဲ့ ဆက်စပ်နေတာ... သီအိုရီအရတော့ အချိန်ကွာဟချက် ရှိတာပေါ့... ဒါပေမဲ့ ကိန်းဂဏန်းက သေးငယ်လွန်းလို့ ထည့်မတွက်ရင်လည်း ရတယ်... ဒါကြောင့် ဒီအချိန် ကွာဟချက်ဟာ သူ့ရဲ့ အာရုံကြော တုံ့ပြန်မှုနှုန်းလို့လည်း ပြောလို့ရတယ်... ဒါက အံ့သြစရာကောင်းတဲ့ ကိန်းဂဏန်း တစ်ခုပဲ... ကျွန်တော်တို့ သာမန် ဗိုရှင်းဂြိုဟ်သားတွေရဲ့ အာရုံကြော တုံ့ပြန်မှုနှုန်းက ဝ.၂ စက္ကန့်လောက်ပဲ ရှိတာမို့ အဆ ၄၀ လောက် ကွာနေတယ်"
အားလုံးက အံ့သြခြင်း မရှိကြပေ။ ဗိုရှင်းဂြိုဟ်သားတိုင်း၏ ဦးခေါင်းနောက်ဘက်တွင် ကိုယ်ပိုင် ဇီဝကွန်ပျူတာ စက်ငယ်လေးများ တပ်ဆင်ထားကြရာ ဤကဲ့သို့သော သုံးသပ်ချက်မျိုးကို သူတို့လည်း ပြုလုပ်ပြီးသား ဖြစ်သည်။
"ဒါပေမဲ့... ဒါက သူ့ရဲ့ အထင်ရှားဆုံး စွမ်းရည်ပဲ ရှိပါသေးတယ်" ထို ဗိုရှင်းဂြိုဟ်သားက ဆက်လက်ပြောဆိုရင်း မျက်နှာထား လေးနက်လာသည်။
သူက ရှေ့သို့တိုးပြီး ဗီဒီယိုကို ထိန်းချုပ်ကာ ပုံရိပ်တစ်ခု၌ ရပ်တန့်လိုက်သည်။ "လူကြီးမင်းတို့ ကြည့်လိုက်ပါ... နောက်တစ်ဆင့်မှာ သူ လမ်းကြောင်း ပြောင်းတော့မယ်"
ထို့နောက် သူက ဗီဒီယိုကို ဆက်လက် ဖွင့်ပြလိုက်ရာ လော်ယွမ်၏ ခန္ဓာကိုယ်သည် ကြီးမားသော မျဉ်းကွေးကြီးအတိုင်း ကွေ့ဝိုက်သွားပြီး ခဏအကြာမှသာ သူ့အနီး၌ 'ဆန့်ကျင်ဘက်ဒြပ်သား' ဗုံး ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။
"ဒီလို တွေးခေါ်ဖို့ခက်တဲ့ သက်ရှိမျိုးရဲ့ စွမ်းရည်တွေကို ကျွန်တော်တို့ အကန့်အသတ်နဲ့ပဲ သိထားရပါသေးတယ်... ဒါပေမဲ့ ဒီအချက်ကို ကြည့်ရင် သူဟာ အန္တရာယ်ကို အလွန်အမင်း အာရုံခံနိုင်စွမ်း ရှိတယ်ဆိုတာ ပေါ်လွင်နေပါတယ်... ကြိုတင်သိမြင်နိုင်တဲ့ စွမ်းရည်မျိုးတောင် ရှိကောင်းရှိနိုင်ပြီး အန္တရာယ်မဖြစ်ခင် ၂ စက္ကန့်လောက် ကြိုသိနေနိုင်တယ်"
"ဒါဆို ဘာလို့ အစကတည်းက စမတ်ဒုံးကျည်တွေကို မသုံးတာလဲ" စစ်ဘက်အရာရှိ တစ်ဦးက သံသယဖြင့် မေးမြန်းလိုက်သည်။
"စမတ်ဒုံးကျည်တွေရဲ့ အမြင့်ဆုံး ပျံသန်းနှုန်းက တစ်စက္ကန့်ကို မိုင် ၁၈၀၀ ကျော်တောင် ရှိတာ... ဒီ လူသားကို လွယ်လွယ်လေး လိုက်မီနိုင်တာပဲ"
"ဒါက ကျွန်တော် ဆက်ပြောမယ့် အဓိကအချက်ပါပဲ... မသုံးချင်လို့ မဟုတ်ပါဘူး... မသုံးနိုင်လို့ပါ... အာကာသ နောက်ခံကြောင့် အားလုံးက အချက်တစ်ချက်ကို မေ့နေကြတယ်... သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားက အချိန်တိုင်း ပြောင်းလဲနေတယ် ဆိုတာပါပဲ"
ထို ဗိုရှင်းဂြိုဟ်သားက ဗီဒီယိုထဲတွင် ရှင်းလင်းပြသလိုက်ရာ ယာဉ်မှူးက အံ့သြတကြီး ရေရွတ်လိုက်သည်။ "သူက ကြီးလိုက် သေးလိုက် ဖြစ်နိုင်သေးတယ် ဟုတ်လား... ဒါ ဒြပ်ထုတည်မြဲမှု နိယာမနဲ့ လုံးဝ မကိုက်ညီဘူးလေ"
"ဒါပေမဲ့ လေးဖက်မြင်အလွှာ မှာတော့ ဖြစ်နိုင်ပါတယ်... 'ဆာဂက်ဗ်' အာကာသ သီအိုရီအရ ကျွန်တော်တို့ရဲ့ စကြဝဠာဟာ လေးဖက်မြင် ဖြစ်တယ်... ကျွန်တော်တို့က လေးဖက်မြင် စကြဝဠာရဲ့ အမြှေးပါးလေး တစ်ခုပေါ်မှာ နေထိုင်နေကြသလိုပါပဲ... ဒီလူသားက ထူးခြားတဲ့ အခြေအနေ တစ်ခုကို ရောက်သွားတဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်က ဒီကမ္ဘာကနေ တစ်ဝက်လောက် ခွာပြီး လေးဖက်မြင်အလွှာထဲကို တစ်ဝက်လောက် ဝင်ရောက်သွားတဲ့ပုံပဲ... ဒါက ကျွန်တော်တို့ သီအိုရီအရ သက်သေပြထားတဲ့ 'ကွေးညွတ်မှု ဖြစ်စဉ်' နဲ့ တော်တော်လေး ဆင်တူပါတယ်"
"သာမန် မြင်ရတဲ့ အလင်းတွေကို အပြည့်အဝ မကာကွယ်နိုင်ပေမယ့် အနီအောက်ရောင်ခြည် ရေဒါလှိုင်းလို လှိုင်းအလျားရှည်တွေကိုတော့ ကာကွယ်ထားနိုင်တယ်... ဒါကြောင့် ဒီလူသားရဲ့ အပူချိန်က ပတ်ဝန်းကျင် အပူချိန်နဲ့ တစ်ထပ်တည်း ဖြစ်သွားတာပဲ... လက်ရှိ ကျွန်တော်တို့ရဲ့ စမတ်ဒုံးကျည်တွေကလည်း အဝေးပစ် ပစ်မှတ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ပုံရိပ်ဖမ်းပြီး ခြေရာခံတဲ့ စနစ် မရှိပါဘူး"
အခန်းက တိတ်ဆိတ်သွားပြန်သည်။ အတန်ကြာမှ ယာဉ်မှူးက မေးလိုက်သည်။
"ဒီနည်းပညာက ခက်ခဲလား"
"မခက်ဘူး... ဒီနည်းပညာကို လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက အသုံးပြုခဲ့ကြတာ... နေ့ဝက်လောက် အချိန်ပေးရင် ဒုံးကျည်တစ်သုတ်ကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်"
ဆက်ရန်...