← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 23 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 23 Ch. 445-446

အပိုင်း (၄၄၅) ဥက္ကာခဲ

လက်တွေ့တွင် ဉာဏ်ရည်တုဒုံးကျည်များကို ပြုပြင်မွမ်းမံမှုသည် ထင်မှတ်ထားသည်ထက် ပိုမိုလျင်မြန်လေသည်။ နှစ်နာရီပင် မကြာလိုက်ချေ။

ထိုအချိန်၏ ထက်ဝက်ခန့်မှာလည်း နည်းပညာဆိုင်ရာ အချက်အလက်များကို ရှာဖွေခြင်းနှင့် စက်မှုထုတ်လုပ်ရေး ဌာနများအကြား ဆက်သွယ်ညှိနှိုင်းခြင်းတို့၌သာ ကုန်ဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ပုံရိပ်ဖမ်းယူ လမ်းကြောင်းခံနိုင်စွမ်း ဆိုသည်မှာ ဗိုရှင်းဂြိုဟ်သားတို့၏ အဆင့်မြင့် ဉာဏ်ရည်တု စက်မှုနည်းပညာများအတွက် အထူးအဆန်း မဟုတ်ပေ။

ယင်းမှာ ထမင်းစားရေသောက်ကိစ္စသဖွယ် လွယ်ကူလှပြီး အချိန်မရွေး အမြောက်အမြား ထုတ်လုပ်နိုင်သည့် အရာဖြစ်သည်။

သို့သော် လက်နက်တိုင်းတွင် ကိုယ်ပိုင်အသုံးပြုပုံနှင့် အမျိုးအစား ခွဲခြားမှုများ ရှိစမြဲဖြစ်သည်။ ဉာဏ်ရည်တုဒုံးကျည်များကိုမူ အာကာသအတွင်း အမြင်အာရုံကွယ်ပျောက်နေသည့် အဝေးမှပစ်မှတ်များကို ဖျက်ဆီးရန်အတွက်သာ အဓိကထား အသုံးပြုလေ့ရှိသည်။

အမြင်အာရုံ ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်း၌မူ လျှပ်စစ်သံလိုက်အမြောက်များ၊ စွမ်းအားမြင့် လေဆာကဲ့သို့သော ပိုမိုမြန်ဆန်ထိရောက်သည့် လက်နက်များက အစားထိုး နေရာယူထားသည်။

အာကာသစစ်ပွဲဆိုသည်မှာ ဂြိုဟ်တွင်းစစ်ပွဲနှင့် မတူပေ။ လော်ယွမ်ကဲ့သို့ အလင်းအလျင်ဖြင့် တိုက်ခိုက်မှုများကိုပင် ရှောင်တိမ်းနိုင်သော အန္တရာယ်အာရုံခံနိုင်စွမ်းရှိသူမျိုးနှင့် သူတို့ တစ်ခါမျှ မကြုံဖူးခဲ့ကြချေ။

အလင်းနှစ်များနှင့် ချီ၍ ကျယ်ပြန့်သော စစ်မြေပြင်တွင် ပုံရိပ်ဖမ်းယူ လမ်းကြောင်းခံနိုင်စွမ်းရှိသည့် ဉာဏ်ရည်တုဒုံးကျည်မျိုး လိုအပ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

လော်ယွမ်နှင့် မတွေ့ဆုံမီ အချိန်အထိပေါ့...။

လက်နက်များ အဆင်သင့် ဖြစ်သွားသောအခါမှ ဗိုရှင်းဂြိုဟ်သား အားလုံး၏ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချနိုင်ကြတော့သည်။

ထိုကမ္ဘာဦး လူသားတစ်ယောက်သည် သူတို့ကို အနည်းနှင့်အများ စိုးရိမ်ထိတ်လန့်သွားစေခဲ့သည်မှာ ငြင်းမရသော အချက်ပင်ဖြစ်သည်။

ယုံကြည်နိုင်ဖွယ်ရာ မရှိသော ခွန်အား၊ အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်းနှင့်တူသော အန္တရာယ် အာရုံခံနိုင်စွမ်း၊ လေဟာနယ်ကို ခုန်ကူးသွားလာနိုင်သည့် လှုပ်ရှားမှုစွမ်းရည်တို့ကြောင့် ကမ္ဘာဖျက် စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ဗိုရှင်းဂြိုဟ်သားတို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ရသည်။

သို့သော် ဤအခြေအနေက ဒီမှာတင် ပြီးဆုံးသွားပေပြီ။

ဤထူးဆန်းသော လူသားကို သတ်ဖြတ်ရန် သီးသန့်ထုတ်လုပ်ထားသည့် လက်နက်ကို ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ မည်သို့ပင် လေဟာနယ်ကို ခုန်ကူးနေပါစေ၊ အန္တရာယ်ကို မည်မျှပင် ကြိုတင်အာရုံခံနိုင်ပါစေ... လွတ်လမ်း ရှိတော့မည် မဟုတ်ချေ။

သူ့အမြန်နှုန်းက မြန်ဆန်သည်မှာ မှန်သော်လည်း အနုမြူစွမ်းအင်သုံး ဉာဏ်ရည်တုဒုံးကျည်၏ ရှေ့တွင်မူ ပြောပလောက်သည့် အရာမဟုတ်ပေ။

နေရာရွှေ့ပြောင်းခြင်းကို တားဆီး၍မရနိုင်သော်လည်း သက်ရှိတို့၏ စွမ်းအင်သည် အကန့်အသတ် ရှိစမြဲဖြစ်သည်။ အာကာသထဲတွင် ရှင်သန်နိုင်သည့် သက်ရှိဖြစ်နေပါစေဦး... အကန့်အသတ်နှင့် ကင်းလွတ်နိုင်မည် မဟုတ်ချေ။

ယခင်တိုက်ပွဲများကို ကြည့်လျှင် သူသည် နေရာရွှေ့ပြောင်းခြင်းကို ဆက်တိုက်အသုံးပြုနိုင်စွမ်း မရှိကြောင်း ထင်ရှားသည်။ သို့မဟုတ်ပါက သူသည် တာဝေးခရီးတစ်ခုကို ပျံသန်းကာ တိုက်ခိုက်မှုများကို သီသီလေး ရှောင်တိမ်းနေစရာမလိုဘဲ လေဟာနယ်ခုန်ကူးခြင်းကို ဆက်တိုက်အသုံးပြုကာ တိုက်ပွဲကို ချက်ချင်း အဆုံးသတ်သွားပေလိမ့်မည်။

သို့ရာတွင် ဗိုရှင်းဂြိုဟ်သားတို့ လက်နက်အဆင်သင့်ဖြစ်၍ ပစ်ခတ်ရန် ပြင်ဆင်လိုက်ချိန်၌ ပစ်မှတ် ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။

"သူ ဘယ်ရောက်သွားတာလဲ" ဟု ယာဉ်မှူးက မေးလိုက်သည်။

"အရှင်... သူက ဂြိုလ်ပြာရဲ့ အရံဂြိုဟ် (လ) ပေါ်မှာ ရှိနေပါတယ်" လော်ယွမ်၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေသော စစ်သားတစ်ဦးက ဥက္ကာခဲပေါက်များဖြင့် ပြည့်နှက်နေသော ဂြိုဟ်တစ်ခုကို ဖန်သားပြင်ပေါ်တွင် ညွှန်ပြရင်း ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။

"သူ အဲဒီမှာ ဘာသွားလုပ်တာလဲ... သိပ်မကြာခင်က အာကာသသားရဲကြီးတစ်ကောင် အဲဒီပေါ်ကို ဆင်းသွားတာ ငါမှတ်မိတယ်... သူ အကူအညီ သွားတောင်းတာများလား" ယာဉ်မှူးက ပေါ့ပါးစွာဖြင့် နောက်ပြောင်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာထား တင်းမာသွားပြီး အမိန့်ပေးလိုက်သည်။

"သူနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး... ဒီလို သောက်ကျိုးနည်းနေရာမျိုးမှာ ငါ နောက်ထပ် တစ်ရက်တောင် ဆက်မနေချင်တော့ဘူး... သူ့ကို ဖောက်ခွဲပစ်လိုက်တော့... အခုမှ ပြုပြင်ထားတဲ့ ဉာဏ်ရည်တုဒုံးကျည်ကို သုံးလိုက်"

"အမိန့်အတိုင်းပါ အရှင်"

စက္ကန့်ပိုင်းအကြာတွင် ယာဉ်ပျံကြီး၏ အောက်ခြေရှိ ဒုံးကျည်ပစ်လွှတ်စင်မှ ဧရာမဒုံးကျည်ကြီးတစ်ခု ပစ်လွှတ်လိုက်သည်။ အလျား ပေ ၅၀၊ အချင်း ၁၆ ပေခန့်ရှိသော ထိုဒုံးကျည်၏ ထိပ်ဖူးတွင် ပေါင် ၆၆၀ ခန့်ရှိသော ဆန့်ကျင်ဘက်ဒြပ်သား ယမ်းအားများ တပ်ဆင်ထားသည်။

အာကာသထဲသို့ တွန်းကန်အားဖြင့် တရှိန်ထိုး ထွက်သွားပြီးနောက် ဒုံးကျည်၏ အမြီးပိုင်းမှ အနုမြူ အင်ဂျင်စက်များ စတင်လည်ပတ်ကာ ရှည်လျားသော အလင်းတန်းကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။

ဒုံးကျည်၏ အရှိန်မှာ ရုတ်ခြည်း မြင့်တက်သွားသည်။ ၁၀ မိနစ်ခန့် အကြာတွင် တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၀၀ နှုန်းအထိ ရောက်ရှိသွားပြီး ကောင်းကင်ဘုံမှ ကျဆင်းလာသော ဘေးဒဏ်သင့်မိုးကြိုးသွားကဲ့သို့ လကမ္ဘာဆီသို့ ဦးတည်သွားလေတော့သည်။

"ဒီလက်နက်ရဲ့ အားနည်းချက်ကတော့ စောင့်ရတဲ့အချိန် ကြာလွန်းတာပဲ" ယာဉ်မှူးက စိတ်မရှည်စွာဖြင့် ညည်းညူလိုက်သည်။ ရလဒ်ကို သူ အမြန်ဆုံး တွေ့မြင်ချင်နေပြီ ဖြစ်သည်။ သို့သော် သူတို့၏ ယာဉ်ပျံနှင့် လကမ္ဘာမှာ မိုင်ပေါင်း ၁၂ သန်းကျော် ကွာဝေးနေသဖြင့် ဒုံးကျည် မည်မျှပင် မြန်ဆန်ပါစေ အနည်းဆုံး နှစ်နာရီခန့် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

"ငါတို့ ကအရမ်းဝေးနေတယ်... အဲဒီ အရံဂြိုဟ်နားကို ဖြည်းဖြည်းချင်း ကပ်သွားကြမယ်... အလင်းစက္ကန့် အကွာအဝေးလောက်မှာ အသင့်အနေအထားနဲ့ စောင့်ကြမယ်" သူက ခေတ္တမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။ လော်ယွမ်၏ လှုပ်ရှားနိုင်စွမ်းအရ အလင်းစက္ကန့် အကွာအဝေး ဆိုသည်မှာ ဘေးကင်းလုံခြုံသော အကွာအဝေးတစ်ခု ဖြစ်သည်။

……

ယာဉ်ပျံကြီးသည် မသိမသာ တုန်ခါသွားပြီးနောက် ကြီးမားလှသော အင်ဂျင်ပေါက်များမှ အနုမြူ ပေါင်းစပ်စွမ်းအင် တွန်းကန်အားများကို တဖုန်းဖုန်း မှုတ်ထုတ်လိုက်သည်။ အင်ဂျင်ကြီးများ ပူနွေးလာသည်နှင့်အမျှ တန်ချိန်သန်းပေါင်းများစွာ လေးလံသော ယာဉ်ပျံကြီးသည် ဖြည်းညှင်းစွာ စတင်ရွေ့လျားလာလေသည်။

အစပိုင်းတွင် ၎င်း၏အရှိန်မှာ နှေးကွေးသဖြင့် သာမန်မျက်စိဖြင့် သတိထားမိရန် ခက်ခဲသော်လည်း ခဏချင်းအတွင်းမှာပင် ကြောက်ခမန်းလိလိ အရှိန်နှုန်းဖြင့် ပိုမိုမြန်ဆန်လာသည်။

မိုင်ပေါင်း ၃၀ ကျော် ရှည်လျားသော အနုမြူ တွန်းကန်အား အလင်းတန်းကြီးများသည် မှောင်မိုက်နေသော အာကာသကြီးကို ရောင်စုံမီးပန်းများသဖွယ် လင်းလက်သွားစေသည်။

အနုမြူ ပေါင်းစပ်စွမ်းအင် တွန်းကန်မှု တစ်ကြိမ်ပြုလုပ်တိုင်း ထွက်ပေါ်လာသော စွမ်းအင်သည် ဟိုက်ဒရိုဂျင်ဗုံး တစ်လုံး ပေါက်ကွဲသည်နှင့် ညီမျှသည်။ ထိုပေါက်ကွဲမှုများ၏ တွန်းကန်အားကို အကြိမ်ကြိမ် ရယူရင်း ယာဉ်ပျံကြီးသည် အရှိန်ကို မြှင့်တင်ကာ အမှောင်ထုထဲမှ သားရဲကြီးတစ်ကောင်နှယ် အဝေးတစ်နေရာရှိ လကမ္ဘာဆီသို့ တရိပ်ရိပ် တိုးဝင်သွားလေသည်။

……

ထိုအချိန်တွင် မည်သူမျှ သတိမထားမိလိုက်သော သာမန် ဥက္ကာခဲတစ်လုံးသည် လကမ္ဘာ၏ ဘေးဘက်မှ တိတ်ဆိတ်စွာ ဖြတ်သန်းသွားသည်။

လကမ္ဘာ၏ ဆွဲငင်အားကြောင့် ၎င်း၏ လမ်းကြောင်းသည် အနည်းငယ် တိမ်းစောင်းသွားသော်လည်း အရှိန်ပြင်းလွန်းသဖြင့် မျဉ်းကွေးပုံစံ လမ်းကြောင်းတစ်ခု ဆွဲသားပြီးသည်နှင့် ဆွဲငင်အားကို ဖောက်ထွက်ကာ အာကာသထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ပျံသန်းနေစဉ်အတွင်း ၎င်း၏ လမ်းကြောင်းသည် မသိမသာ ပြောင်းလဲနေသည်။ တစ်နာရီခန့် အကြာတွင် မည်သည့် ဂြိုဟ်၏ ဆွဲငင်အားမျှ မရှိဘဲနှင့် ထိုဥက္ကာခဲသည် ၃၀ ဒီဂရီတိတိ လမ်းကြောင်း ပြောင်းသွားခဲ့သည်။

ဤဥက္ကာခဲသည် သာမန် ဥက္ကာခဲ မဟုတ်သည်မှာ အသေအချာပင်။

အကယ်၍ အိတ်ချ်ရေး ဖြင့် ဖြတ်ထိုးကြည့်ရှုမည်ဆိုပါက အချင်း ၁၀ ပေ၊ ၁၃ ပေခန့်ရှိသော ထိုဥက္ကာခဲကြီး၏ အတွင်းပိုင်းသည် အခေါင်းပေါက်ဖြစ်နေပြီး ထိုအထဲတွင် လော်ယွမ်က တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။

……

အမှန်တကယ်တော့ လော်ယွမ်သည် ကွေးညွတ်ပျံသန်းခြင်း ဖြင့် လကမ္ဘာသို့ ရောက်ရှိလာချိန်၌ သူ့၏ စိတ်စွမ်းအားမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ စိတ်စွမ်းအား မရှိလျှင် သူ့စွမ်းရည်၏ ထက်ဝက်ကျော်မှာ ကျဆင်းသွားမည် ဖြစ်သည်။

သန္ဓေပြောင်း သားရဲများနှင့် ရင်ဆိုင်ရလျှင် သူ၏ ကြံ့ခိုင်သော ခွန်အားသက်သက်ဖြင့် ဖြေရှင်းနိုင်သော်လည်း ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံနှင့် ရင်ဆိုင်ရပါက နေရာရွှေ့ပြောင်းခြင်းနှင့် ပျံသန်းခြင်း မပြုလုပ်နိုင်တော့မည့် သူအဖို့ သေလမ်းသာ ရှိပေလိမ့်မည်။

မူလက သူသည် လကမ္ဘာပေါ်တွင် ခေတ္တအနားယူကာ စိတ်စွမ်းအား ပြန်ဖြည့်ပြီးမှ ခရီးဆက်ရန် ရည်ရွယ်ထားခဲ့သည်။ ပေါင်းစပ်ခန္ဓာကိုယ်က သူ့အား အကန့်အသတ်မဲ့ ခွန်အားကို ပေးစွမ်းနိုင်ရုံသာမက စိတ်စွမ်းအားကိုပါ လျင်မြန်စွာ ပြန်လည်ပြည့်ဝစေနိုင်သည်။ နာရီအနည်းငယ် အနားယူလိုက်ရုံဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပေသည်။

သို့သော် ကောင်းကင်ယံမှ ဖြတ်သန်းသွားသော ဥက္ကာခဲတစ်လုံးက သူ့ကို အကြံဉာဏ် ရစေခဲ့သည်။

နေအဖွဲ့အစည်းအတွင်းရှိ အာကာသထဲတွင် ဥက္ကာခဲများကို နေရာတိုင်း၌ မတွေ့နိုင်သော်လည်း ရှားပါးလှသည်တော့ မဟုတ်ပေ။ နေ့စဉ်နှင့်အမျှ တန်ချိန် ရာချီသော ဥက္ကာခဲများသည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလျက်ရှိသည်။ အများစုမှာ လေထုနှင့် ပွတ်တိုက်ကာ လောင်ကျွမ်းသွားသဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိလာခြင်း မရှိပေ။

သူသည် ဗိုရှင်းဂြိုဟ်သားတစ်ဦး၏ အိမ်မက်ထဲသို့ ဝင်ရောက်ဖူးသဖြင့် သူတို့၏ နည်းပညာအဆင့်အတန်းကို ကောင်းစွာ နားလည်ထားသည်။ သို့သော် ထိုသို့ နားလည်ထားခြင်းကပင် သူ့ကို ပို၍ အားလျော့စေသည်။

သူ့အကြောင်း ပေါ်သွားပြီဖြစ်ကြောင်း လော်ယွမ် ကောင်းစွာ သိသည်။ သူတို့၏ ယာဉ်ပျံနှစ်စင်းကို ဖျက်ဆီးပစ်လိုက်ပြီးနောက် လူမသိသူမသိ ပုန်းရှောင်နေချင်သေးသည် ဆိုလျှင်တော့ အိပ်မက်မက်နေသည်ဟုသာ ဆိုရပေလိမ့်မည်။

ယခုလောက်ဆိုလျှင် ထောက်လှမ်းရေး ကိရိယာပေါင်းစုံက သူ့ကို ချိန်ရွယ်ထားပြီးဖြစ်ကာ သူ၏ လှုပ်ရှားမှုတိုင်းနှင့် ယခင်တိုက်ပွဲများကိုပါ သူတို့ မျက်ခြည်မပြတ် စောင့်ကြည့်နေလောက်ပြီ ဖြစ်သည်။

သို့သော် ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာ မည်မျှပင် မြင့်မားပါစေ... အာကာသထဲတွင် တွေ့ကရာ ဥက္ကာခဲတိုင်းကိုတော့ လိုက်လံစစ်ဆေးနေမည် မဟုတ်ပေ။

ထို့နောက်တွင်မူ အရာအားလုံးက လွယ်ကူသွားသည်။

မကြာမီမှာပင် လော်ယွမ်သည် အနီးအနားမှ ဖြတ်သန်းသွားသော ဥက္ကာခဲတစ်လုံးကို ဖမ်းယူလိုက်ပြီး ကွေးညွတ်ပျံသန်းခြင်း၏ လေဟာနယ်ပူပေါင်းကို အသုံးပြုကာ ဥက္ကာခဲ အတွင်းပိုင်းသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် လကမ္ဘာ၏ ကာကွယ်မှုကို အသုံးပြုကာ ဥက္ကာခဲကို စိတ်စွမ်းအားဖြင့် တွန်းပို့၍ ခရီးဆက်ခဲ့သည်။

ကံကောင်းသည်မှာ ဤဥက္ကာခဲသည် လကမ္ဘာနှင့် မိုင်ပေါင်း ၆ ထောင်ကျော် ကွာဝေးသဖြင့် ကမ္ဘာနှင့် လတို့၏ ဆွဲငင်အား သက်ရောက်မှု နည်းပါးသည်။

သူ၏ စိတ်စွမ်းအားဖြင့် တွန်းပို့လိုက်သော ပေါင်ရာဂဏန်းမျှသာရှိသည့် တွန်းကန်အားသည် တန်ချိန် ၂၀၀၊ ၃၀၀ ခန့် လေးလံသော ဥက္ကာခဲကြီးကို လကမ္ဘာ၏ ဆွဲငင်အားမှ လွတ်မြောက်သွားစေရန် လုံလောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လကမ္ဘာကို ပတ်ရင်း ဗဟိုခွာအားကို ရယူကာ တစ်စက္ကန့်လျှင် ၁၂ မိုင်နှုန်းအထိ အရှိန်တင်လိုက်သည်။

သို့သော် မိုင်ပေါင်း ၁၂ သန်းကျော် ဝေးကွာသော ခရီးအတွက် ဤအရှိန်နှုန်းမှာ နှေးကွေးလွန်းလှသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေပါက ရန်သူ့ယာဉ်ပျံကြီးနားသို့ ရောက်ရန် ဆယ်ရက်ခန့် ကြာမြင့်ပေလိမ့်မည်။ ထိုဆယ်ရက်ကြာပြီးနောက် ရန်သူ့ယာဉ်ပျံကြီးက မူလနေရာမှာပင် စိတ်ရှည်လက်ရှည် ဆက်ရှိနေပါ့မလား ဆိုသည်မှာ မသေချာပေ။

မူလက လော်ယွမ်သည် စိတ်စွမ်းအား အတော်အတန် ပြန်ပြည့်လာပါက ဥက္ကာခဲကိုပါ တစ်ပါတည်း သယ်ဆောင်လျက် ကွေးညွတ်ပျံသန်းခြင်းကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။ ထိုနည်းလမ်းမှာ အန္တရာယ်များပြီး ရန်သူက ရိပ်မိသွားနိုင်သော်လည်း လက်ရှိအခြေအနေအရ ဂရုစိုက်နေနိုင်ခြင်း မရှိတော့ပေ။

သို့သော် ကံတရားက သူ့ဘက်တွင် ရှိနေခဲ့သည်။ ရန်သူဘက်က သူ့ကို မမျှော်လင့်ထားသော လက်ဆောင်တစ်ခု ပေးလာခဲ့သည်။

ရန်သူ့ယာဉ်ပျံကြီးမှာ အလွန်ကြီးမားလွန်းသဖြင့် အကွာအဝေး ဝေးကွာနေသော်လည်း ဥက္ကာခဲတွင် ဖောက်ထားသော လက်သီးဆုပ်အရွယ် အပေါက်ငယ်လေးမှတစ်ဆင့် လော်ယွမ်၏ မျက်လုံးများက မှုန်ဝါးဝါး မြင်နေရသည်။ အထူးသဖြင့် မှောင်မိုက်နေသော အာကာသထဲတွင် ရှည်လျားစွာ တောက်ပနေသော အင်ဂျင်မီးတန်းကြီးများမှာ ထင်ရှားလွန်းနေသည်။

ထိုယာဉ်ပျံကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် သူ့ထံသို့ ဦးတည်လာနေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ စိတ်အေးသွားပြီး မျက်လုံးများကို မှိတ်ကာ စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။

……

တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မိုက်နေသော အာကာသထဲတွင် ဥက္ကာခဲတစ်လုံးသည် အသံမမြည်ဘဲ ရွေ့လျားနေသည်။ ကျယ်ပြောလှသော နေအဖွဲ့အစည်းကြီးထဲတွင် ဖုန်မှုန့်လေးတစ်စသဖွယ် သေးငယ်သော ထိုအရာသည် ရန်သူ့ယာဉ်ပျံ လာရာလမ်းကြောင်းဆီသို့ တည့်မတ်စွာ တိုးဝင်သွားလေသည်။

အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် နှစ်နာရီခန့် အကြာတွင် မျက်လုံးမှိတ် အနားယူနေသော လော်ယွမ်သည် ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသဖြင့် ရုတ်တရက် နိုးလာသည်။

သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူ၏ စွမ်းအားပြည့်ဝသော ခန္ဓာကိုယ်ကြောင့် နှစ်နာရီခန့် အနားယူလိုက်ရုံဖြင့် စိတ်စွမ်းအားများ အပြည့်အဝ ပြန်လည်ရရှိလာရုံသာမက အနည်းငယ်ပင် တိုးတက်လာခဲ့သည်။

သေရေးရှင်ရေး တိုက်ပွဲများသည် စိတ်စွမ်းအားကို ပိုမိုခိုင်မာစေသည်မှာ အမှန်ပင်။ သူ၏ စိတ်စွမ်းအားသည် အမှတ် ၂၀ ပြည့်ရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း လော်ယွမ် ခံစားမိသည်။ သို့သော် ယခုအချိန်သည် ဒါကို အာရုံစိုက်နေရမည့်အချိန် မဟုတ်ပေ။

သူသည် ဦးနှောက်ထဲမှ ကြိုတင်သိမြင်နိုင်စွမ်းကို ချက်ချင်း အာရုံခံလိုက်သည်။ မြင်ကွင်းထဲတွင် မည်သည့် ထူးခြားမှုမျှ မရှိသဖြင့် သူ့တွင် အန္တရာယ်မရှိကြောင်း သိလိုက်ရသည်။ သို့သော် စိတ်မချရသေးခင်မှာပင် ကြီးမားသော စွမ်းအင်လှိုင်းတစ်ခုက သူ့ကျောဘက်မှ ရိုက်ခတ်လာသည်။

သူ အပေါက်ငယ်လေးမှတစ်ဆင့် အလျင်အမြန် ချောင်းကြည့်လိုက်သည်။

စွမ်းအင်လှိုင်းက သူ့ကျောဘက်မှ လာခြင်းဖြစ်သည်။ လေးဖက်မြင် အမြင်အာရုံ ရှိသော လော်ယွမ်အတွက် ရှုထောင့်ဟူသည် အရေးမကြီးပေ။ ကျောဘက်မှ ဖြစ်စေ၊ ရှေ့မှ ဖြစ်စေ... လေးဖက်မြင် ကမ္ဘာထဲတွင် အားလုံးသည် အတူတူပင်ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လော်ယွမ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။

မျက်စိကျိန်းမတတ် လင်းလက်သော အလင်းရောင်ဖြူကြီးတစ်ခုက လကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းကို လွှမ်းခြုံသွားသည်။ ဖန်ဂေါ်လီလုံးကို တူဖြင့်ထုလိုက်သကဲ့သို့ လကမ္ဘာ၏ အပိုင်းအစများမှာ ကြီးမားသော ပေါက်ကွဲမှုစွမ်းအင်ကြောင့် အာကာသထဲသို့ လွင့်စဉ်ကုန်ကြသည်။

လွတ်မြောက်အောင် မပြေးနိုင်လိုက်သော အပိုင်းအစ အများစုမှာ အလင်းဖြူရောင်အောက်တွင် အရည်ပျော်ကျသွားပြီးနောက် လုံးဝ အငွေ့ပျံသွားကြသည်။

ကျန်ရှိနေသော လကမ္ဘာ၏ အစိတ်အပိုင်းများသည်လည်း အပူချိန်လွန်ကဲမှုကြောင့် လျင်မြန်စွာ အရည်ပျော်ကုန်သည်။ အနက်နှင့် အနီရောင် ရောယှက်နေသော မျဉ်းကြောင်းတစ်ခုသည် လကမ္ဘာ မျက်နှာပြင်တစ်ခုလုံးကို ဝါးမြိုသွားလေသည်။ ၁၀ စက္ကန့်သာသာ အချိန်အတွင်း လကမ္ဘာတစ်ခုလုံး အနီရောင် ပြောင်းသွားလေတော့သည်။

ပွက်ပွက်ဆူနေသော ချော်ရည်ပူများသည် နေမင်းကြီး၏ မျက်နှာပြင်ကဲ့သို့ မီးပန်းများ လွင့်စဉ်ပေါက်ကွဲနေသည်ကို လော်ယွမ် အထင်းသား မြင်တွေ့နေရသည်။ ချော်ရည်ပူများသည် မီးပန်းများသဖွယ် အာကာသထဲသို့ ပန်းထွက်လာပြီးနောက် မျဉ်းကွေးပုံစံဖြင့် လကမ္ဘာပေါ်သို့ ပြန်လည်ကျရောက်သွားကြသည်။

စူးရှသော အလင်းရောင်ဖြူကြီး မှိန်ဖျော့သွားသောအခါ လကမ္ဘာ၏ ဒဏ်ရာဒဏ်ချက်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။ ပန်းသီးကို ကိုက်လိုက်သကဲ့သို့ လကမ္ဘာ၏ လေးပုံတစ်ပုံခန့်မှာ ယခုလေးတင် တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးသွားပြီး ကြီးမားနက်ရှိုင်းသော တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ချော်ရည်ပူများ စီးဆင်းမှုကြောင့် ထိုတွင်းကြီးမှာ ကြာရှည်မခံလိုက်ပေ။ လှိုင်းတံပိုးကြီးများသဖွယ် နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေသော ချော်ရည်ပူများက ထိုတွင်းကြီးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

လကမ္ဘာတစ်ခုလုံးသည် သိသိသာသာ သေးငယ်သွားသည်။ ယခင်က ဘတ်စကက်ဘောလုံးလောက် ရှိသည်ဆိုလျှင် ယခုအခါ ဘောလုံး အရွယ်လောက်သာ ကျန်တော့သည်။

လော်ယွမ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေမိသည်။ သူ့ရင်ထဲတွင် ပြင်းထန်သော ခံစားချက်တို့ လှိုင်းထန်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

နှစ်ပေါင်း သန်းထောင်ချီ ကြာမြင့်ခဲ့သော သမိုင်းကြောင်းတစ်လျှောက်တွင် ကမ္ဘာမြေကြီးသည် လကမ္ဘာရှိနေမှုနှင့် လိုက်လျောညီထွေစွာ နေသားကျနေပြီ ဖြစ်သည်။ လကမ္ဘာ၏ ဒြပ်ထု ထုထည် ပြောင်းလဲသွားသည်နှင့်အမျှ ကမ္ဘာမြေကြီးပေါ်တွင်လည်း ဆိုးရွားသော ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

ပင်လယ်ရေဒီရေကျမှု အားပျော့သွားမည်။ ကမ္ဘာ့လည်ပတ်နှုန်း ပိုမိုမြန်ဆန်လာကာ ရာသီဥတုများ ဖောက်ပြန်လာမည်။ ကမ္ဘာ့လည်ပတ်နှုန်း မြန်လာခြင်းနှင့်အတူ မြေလွှာများ မတည်မငြိမ်ဖြစ်ကာ မီးတောင်ပေါက်ကွဲခြင်းနှင့် ငလျင်လှုပ်ခြင်းများ ပိုမိုစိတ်လာပေလိမ့်မည်။

ဤစစ်ပွဲတွင် အနိုင်ရ၍ လူသားမျိုးနွယ် အနည်းငယ် အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင် အခြေအနေမှာ နေထိုင်၍ မရလောက်အောင် ဆိုးရွားသွားပြီ ဖြစ်သည်။

သူ အကြည့်ကိုလွှဲကာ အဝေးမှ ရန်သူ့ယာဉ်ပျံကြီးကို ကြည့်လိုက်သည်။ သူ့မျက်နှာထားမှာ ရေခဲတမျှ အေးစက်နေသည်။

ယခုအခါ ထိုယာဉ်ပျံကြီးသည် ဤနေရာနှင့် အတော်လေး နီးကပ်နေပြီဖြစ်သည်။ မိုင်ပေါင်း ၃ သန်းအောက်သာ ကွာဝေးတော့သည်။ ယာဉ်ပျံကြီးသည် အရှိန်မြှင့်ခြင်းကို ရပ်တန့်လိုက်ပြီး အရှိန်အဟုန်ဖြင့် အာကာသထဲတွင် လျှောတိုက်ပါလာသည်။ လော်ယွမ်သည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး စိတ်ကို အတင်းငြိမ်အောင် ထိန်းလိုက်သည်။

အချည်းနှီး ဒေါသထွက်နေရုံဖြင့် ဘာမှ ဖြစ်မလာပေ။ တည်ငြိမ်မှု ပျက်ပြားသွားရုံသာ ရှိသည်။ ယခုအချိန်တွင် အလိုအပ်ဆုံးအရာမှာ မိမိကိုယ်ကို ဆက်လက်ဖုံးကွယ်ထားပြီး တိတ်တဆိတ် ချဉ်းကပ်ကာ အသေသတ်ရန်ပင် ဖြစ်သည်။

ဒါသည် သူ့ပုံစံဖြစ်သလို သူအကျွမ်းကျင်ဆုံး တိုက်ခိုက်နည်းလည်း ဖြစ်သည်။ သို့သော် ပေါင်းစပ်ခန္ဓာကိုယ် ရရှိပြီးနောက်ပိုင်း ဤနည်းဗျူဟာကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူ့စိတ်များ လုံးဝတည်ငြိမ်သွားပြီး ရေပြင်ညီကဲ့သို့ ငြိမ်သက်သွားသည်။ သူသည် တင်ပျဉ်ခွေလျက် အချိန်အခါကောင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

၁၅ မိနစ်ခန့် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် ရန်သူ့ယာဉ်ပျံကြီး ရုတ်တရက် ရပ်တန့်သွားသည်။

ထိုအချိန်တွင် နှစ်ဖက်အကွာအဝေးမှာ မိုင်ပေါင်း ၁ သိန်းခန့်သာ လိုတော့သည်။ လော်ယွမ်၏ မျက်နှာ အရောင်ပြောင်းသွားသည်။ သူ ခဏဆက်စောင့်ကြည့်လိုက်သော်လည်း ယာဉ်ပျံကြီးမှာ ဆက်လက်ရွေ့လျားမည့်ပုံ မပေါ်တော့ချေ။ သူ အံကိုကြိတ်လိုက်ပြီး စွန့်စားကာ ကွေးညွတ်ပျံသန်းခြင်းကို အသုံးပြုရန် ပြင်လိုက်သည်။

ထိုစဉ် ဥက္ကာခဲတစ်လုံးသည် သူ့ဘေးမှ အရှိန်ပြင်းစွာ ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ပျောက်ကွယ်သွားသည်။ သူ တစ်ချက်ကြည့်လိုက်ပြီး အံ့သြမှင်သက်သွားသည်။

မကြာမီမှာပင် နောက်ထပ် ဥက္ကာခဲများစွာ သူ့ဘက်သို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ထိုဥက္ကာခဲများသည် အနီရောင်သမ်းနေဆဲဖြစ်ပြီး မျက်နှာပြင်မှ အပူငွေ့များ ထွက်နေသည်။ လကမ္ဘာ ပေါက်ကွဲမှုမှ လွင့်စဉ်ထွက်လာသော အပိုင်းအစများဖြစ်ကြောင်း ထင်ရှားသည်။

သူ့စိတ်ထဲတွင် အကြံတစ်ခု ရသွားပြီး "ကံကြမ္မာက ငါ့ဘက်မှာပါလား" ဟု တီးတိုးရေရွတ်လိုက်မိသည်။

လကမ္ဘာပေါက်ကွဲမှု၏ တွန်းကန်အားကြောင့် ထိုကျောက်တုံးများသည် တစ်စက္ကန့်လျှင် မိုင် ၃၀၀ ခန့်အထိ အရှိန်ပြင်းစွာ ပျံသန်းလာကြသည်။ ယင်းမှာ သူ၏ ကွေးညွတ်ပျံသန်းခြင်း အရှိန်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။ ဤအကွာအဝေးဆိုလျှင် ၁၀ မိနစ်ပင် မကြာဘဲ ရန်သူ့ယာဉ်ပျံကြီးအနီးသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

သူ ချက်ချင်း လှုပ်ရှားလိုက်သည်။

နောက်မှပါလာသော ဥက္ကာခဲများ၏ လမ်းကြောင်းကို တွက်ချက်လိုက်ပြီး သူ့လက်ရှိ ဥက္ကာခဲနှင့် အနီးဆုံးလမ်းကြောင်းမှ လာနေသော ဥက္ကာခဲတစ်လုံးကို ရွေးချယ်လိုက်သည်။ ထို့နောက် စိတ်စွမ်းအားကို အသုံးပြု၍ လမ်းကြောင်းကို အနည်းငယ် ပြုပြင်လိုက်သည်။

လကမ္ဘာမှ ကွာကျလာသော ထိုအပိုင်းအစကြီးသည် အလွန်ကြီးမားလှသည်။ အချင်း ပေ ၁၀၀၀ ကျော်ခန့် ရှိသဖြင့် ဧရာမ တောင်ကြီးတစ်လုံး ပျံသန်းလာသည်နှင့် တူသည်။ ၎င်းသည် လေထဲတွင် လည်ပတ်ရင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် လော်ယွမ်ရှိရာသို့ တိုးဝင်လာသည်။

လော်ယွမ်သည် ထိုဥက္ကာခဲကြီးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး ဝင်တိုက်မည့်အချိန်ကို စောင့်ဆိုင်းနေသည်။

၁၀ စက္ကန့်အကြာတွင် ဥက္ကာခဲနှစ်ခု ပြင်းထန်စွာ တိုက်မိပြီး ပေါက်ကွဲသွားသည်။

လော်ယွမ် စီးနင်းလိုက်ပါလာသော ဥက္ကာခဲမှာ တစ်စစီ ကြေမွသွားသော်လည်း လော်ယွမ်မှာမူ အရိပ်အယောင်ပင် ရှာမတွေ့တော့ချေ။

မတိုက်မိခင် မီးပွင့်မီးညွန့်ကြား အချိန်လေးအတွင်းမှာပင် လော်ယွမ်သည် လေးဖက်မြင် အမြင်အာရုံဖြင့် နေရာသတ်မှတ်ကာ ဝင်တိုက်လာသော ဥက္ကာခဲကြီး၏ ကျောဘက်သို့ နေရာရွှေ့ပြောင်း လိုက်ခြင်း ဖြစ်သည်။

ထိုဥက္ကာခဲကြီး၏ ထုထည်ကြီးမားမှုကြောင့် အေးခဲရန် အချိန်ကြာမြင့်နေပြီး ယခုတိုင် အရည်ပျော်နေသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

လော်ယွမ်သည် ကိုယ်ကို တွန့်လိမ်လှုပ်ရှားလိုက်ပြီး ချော်ရည်ပူများအတွင်းသို့ တိုးဝင် ပုန်းအောင်းလိုက်လေသည်။

ဆက်ရန်...

အပိုင်း (၄၄၆) အသေခံဖောက်ခွဲစနစ်

လော်ယွမ်က အစပိုင်းကလို ဘာမှမသိ နားမလည်သူ တစ်ယောက် မဟုတ်တော့ပေ။ လက်ရှိ လူသားတို့၏ သိပ္ပံနည်းပညာ သီအိုရီအမျိုးမျိုးကို သူလေ့လာဖတ်ရှုထားပြီး ဖြစ်သည်။ သိပ္ပံပညာရှင်များကဲ့သို့ နက်နက်ရှိုင်းရှိုင်း မကျွမ်းကျင်သော်လည်း ဗဟုသုတ ကျယ်ပြန့်မှုတွင်မူ သူက ပိုမို ကြွယ်ဝလေသည်။

"နေရာရွှေ့ပြောင်းခြင်း" သို့မဟုတ် စနစ်က ခေါ်ဝေါ်သော "လေးဖက်မြင် လေဟာနယ်ခရီးသွားခြင်း" ဆိုသည်မှာ ကွမ်တမ်ရူပဗေဒ သီအိုရီနှင့် အတော်လေး ကိုက်ညီမှုရှိကြောင်း သူသတိထားမိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ကွမ်တမ်သီအိုရီအရ ဒြပ်သားများသည် ဖြစ်တန်စွမ်းလှိုင်းများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အီလက်ထရွန် တစ်လုံးသည် အက်တမ်၏ အတွင်းပိုင်းတွင် ရှိနေနိုင်သလို အလင်းနှစ်ပေါင်းများစွာ ဝေးကွာသော အရပ်၌လည်း ရှိနေနိုင်သည်။ သို့သော် အက်တမ်အတွင်း၌ ရှိနေနိုင်သည့် ဖြစ်တန်စွမ်းက အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုများနေခြင်းသာ ဖြစ်သည်။

သို့သော် "ကြည့်ရှုခြင်း" မပြုလုပ်မီ အချိန်အထိ ထိုအီလက်ထရွန် မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမျှ အတိအကျ မသိရှိနိုင်ပေ။ ကြည့်ရှုလိုက်သည့် အပြုအမူကြောင့် ဖြစ်တန်စွမ်းများ ပြိုလဲသွားကာ ရလဒ်အဖြေ ထွက်ပေါ်လာမှသာလျှင် ရှိသည် သို့မဟုတ် မရှိသည်ကို အတည်ပြုနိုင်မည် ဖြစ်သည်။

ဒါသည် နာမည်ကျော်ကြားလှသော "ရှရိုဒင်ဂါ၏ကြောင်" သီအိုရီပင် ဖြစ်သည်။

ကွမ်တမ်သီအိုရီ ပေါ်ပေါက်လာမှုသည် ရှေးရိုးစွဲ ရူပဗေဒ အဆောက်အအုံကြီးကို ယိမ်းယိုင်သွားစေခဲ့သည်။ အဏုမြူလောက၏ မယုံနိုင်စရာ ဖြစ်ရပ်ဆန်းများသည် လက်ရှိရုပ်ဝတ္ထုကမ္ဘာအပေါ် လူသားတို့၏ နားလည်ထားမှုများကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။

အမှန်စင်စစ်တွင်မူ ပိုမိုမြင့်မားသော ဘက်ပေါင်းစုံ ရှုထောင့် မှ ကြည့်မည်ဆိုလျှင် ကွမ်တမ်သည် ဆန်းကြယ်လှသည် မဟုတ်ပေ။ သုံးဖက်မြင်ကမ္ဘာဆိုသည်မှာ သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ လေးဖက်မြင်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ သုံးဖက်မြင်ကမ္ဘာမှ ရူပဗေဒ ဖြစ်ရပ်မှန်သမျှသည် လေးဖက်မြင်ကမ္ဘာ၏ အရိပ်ပုံရိပ်များသာ ဖြစ်ပေသည်။

ဒြပ်သားများကို ဖြစ်တန်စွမ်းလှိုင်းများအဖြစ် သတ်မှတ်ရခြင်းမှာ အဏုမြူအမှုန်လေးများသည် လေးဖက်မြင် လေဟာနယ်ထဲသို့ ခေတ္တခဏ ဝင်ထွက်သွားလာနိုင်သောကြောင့်ပင် ဖြစ်သည်။

အဏုမြူအမှုန်လေးများသည် ဒြပ်ထုအားဖြင့် အလွန်သေးငယ်သဖြင့် စွမ်းအင်လှိုင်း အနည်းငယ် ရိုက်ခတ်ရုံမျှဖြင့် လေးဖက်မြင် လေဟာနယ်ထဲသို့ ကူးပြောင်းရောက်ရှိသွားနိုင်သည်။

၎င်းတို့သည် နေရာရွှေ့ပြောင်းခြင်းကို မရပ်မနား ပြုလုပ်နေကြသဖြင့် တည်နေရာများသည် အချိန်နှင့်အမျှ ပြောင်းလဲနေတတ်သည်။ ထိုသို့ ခုန်ကူးရာတွင် အကွာအဝေးမှာ လက်မ၏ သန်းပေါင်းများစွာပုံ တစ်ပုံအောက်သာ ရှိသဖြင့် အလွန်တိုတောင်းလွန်းပြီး တိုင်းတာ၍ မရနိုင်ပေ (နေရာရွှေ့ပြောင်းခြင်း၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် အလင်းနှစ် တစ်သောင်းနှုန်း ဖြစ်သည်)။

ထို့ကြောင့် သုံးဖက်မြင်ကမ္ဘာမှ ကြည့်လျှင် အဏုမြူအမှုန်လေးများသည် ဖြစ်တန်စွမ်း တိမ်တိုက်များအဖြစ် ပုံသဏ္ဌာန် ပြသနေခြင်း ဖြစ်သည်။

လူသားများကိုလည်း နက္ခတ္တဗေဒ ဂဏန်းပမာဏရှိသော အဏုမြူအမှုန် အမြောက်အမြားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော် လော်ယွမ်၏ ဆင့်ကဲဖြစ်စဉ် စွမ်းရည်ကမူ သူ၏ ခန္ဓာကိုယ်ရှိ အဏုမြူအမှုန်အားလုံးကို တစ်ပြိုင်နက်တည်း ခုန်ကူးသွားလာနိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလေသည်။

ဤလုပ်ငန်းစဉ်တွင် သူ၏ စိတ်စွမ်းအား အချို့ကို အသုံးပြုရန် လိုအပ်သည်။ ထို့ပြင် ခုန်ကူးမည့် အကွာအဝေးသည်လည်း သူ၏ မြင်ကွင်းတစ်နေရာရာတွင် ရှိရမည်ဖြစ်ပြီး စိတ်အာရုံဖြင့် သေချာမှတ်သားပြီးမှသာ ထိုနေရာသို့ ချက်ချင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

သို့သော် ဤ "ကြည့်ရှုခြင်း" ဆိုသည်မှာ နည်းလမ်းအမျိုးမျိုး ရှိနိုင်ပေသည်။ ယခင်က သူသည် ပစ်မှတ်ကို မျက်လုံးဖြင့် ကြည့်ရှု၍ သော်လည်းကောင်း၊ အာရုံခံနိုင်စွမ်းဖြင့် သော်လည်းကောင်း မှတ်သားခဲ့သည်။

လေးဖက်မြင် အမြင်အာရုံကို ရရှိပြီးသည့်နောက်တွင်မူ ထို "ကြည့်ရှုခြင်း" ၏ အတိုင်းအတာနှင့် ရှုထောင့်များမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဥပမာအားဖြင့် ယခုကဲ့သို့ အမြင်အာရုံကို ပိတ်ပင်ထားသော အရာဝတ္ထုများကို ကျော်လွန်၍ ဥက္ကာခဲ၏ နောက်ကျောဘက်သို့ အလွယ်တကူ ခုန်ကူးသွားလာနိုင်ခြင်းမျိုး ဖြစ်သည်။

......

ဤဥက္ကာခဲ၏ အရှိန်အဟုန်မှာ ကြောက်ခမန်းလိလိပင်။ ယခင် ဥက္ကာခဲကြီးနှင့် ပြင်းထန်စွာ တိုက်မိခဲ့သော်လည်း အရှိန်မှာ အနည်းငယ်မျှသာ လျော့သွားပြီး ပြောပလောက်သည့် ပမာဏ မဟုတ်ပေ။

လော်ယွမ်က အရည်ပျော်နေသော ဥက္ကာခဲ၏ အတွင်းပိုင်းတွင် ကိုယ်ဖျောက်လိုက်သည်။ ပူပြင်းလှသော အပူချိန်ကြောင့် နေထိုင်ရ ခက်ခဲခြင်းမျိုး လုံးဝမရှိပေ။ အာကာသသားရဲကြီး၏ အရေပြားဖြင့် ပြုလုပ်ထားသော ဝတ်စုံအကြောင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့။

လှုပ်ရှားမှုတိုင်းတွင် အနုမြူ ပေါက်ကွဲမှုအလား စွမ်းအင်များကို ထုတ်လွှတ်နိုင်သော သတ္တဝါကြီး၏ အရေပြားအတွက်မူ ဤမျှ အပူချိန်သည် ရေနွေးစိမ်ချိုးသည်လောက်ပင် ရှိမည်မဟုတ်ပေ။

ယခင်နည်းလမ်းအတိုင်းပင် လော်ယွမ်က အပေါက်ငယ်လေး တစ်ပေါက်ဖောက်ကာ လေးဖက်မြင် အမြင်အာရုံကို အသုံးပြု၍ ဥက္ကာခဲ အနောက်ဘက်ရှိ ယာဉ်ပျံကြီးကို အသေအချာ စောင့်ကြည့်လိုက်သည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ နှစ်ဖက်ကြား အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာခဲ့သည်။ "မျက်စိရှေ့" ရှိ ယာဉ်ပျံကြီးမှာ တဖြည်းဖြည်း ကြီးမားလာပြီး ပစ်မှတ်မှာလည်း ပိုမို ထင်ရှားပြတ်သားလာသည်။

ရန်သူ ဖြစ်နေသည့်တိုင် ဤမျှ အင်အားကြီးမားသော ယဉ်ကျေးမှု အဖွဲ့အစည်း၏ လက်ရာကို မျက်မြင်တွေ့ရချိန်တွင် လော်ယွမ်၏ ရင်ထဲ၌ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ယခင်က တွေ့ကြုံခဲ့ဖူးသော ကြီးမားလှသည်ဟု ထင်ရသည့် ယာဉ်ပျံများသည် ဤယာဉ်ပျံကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် သာမန် လေယာဉ်ပျံလေးများ အဆင့်သာ ရှိတော့သည်။

၎င်းသည် အာကာသ ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်နေပြီး တောင်ကြီးတစ်လုံးပမာ မလှုပ်မယှက် ရှိနေလေသည်။ ယာဉ်ပျံ၏ မျက်နှာပြင်ပေါ်တွင် တပ်ဆင်ထားသော ကြီးမား၍ ကြမ်းတမ်းခက်ထန်ပုံပေါက်သည့် အမြောက်ပြောင်းကြီးများက အဝေးမှ လှမ်းကြည့်လျှင်ပင် ရှေးကျပြီး ခမ်းနားထည်ဝါသော ခံစားမှုကို ပေးစွမ်းနေသည်။

ဤယာဉ်ပျံကြီးသည် အလင်းအမြန်နှုန်းနီးပါး ပျံသန်းနိုင်သည်ဟု တွေးကြည့်ရန်ပင် ခက်ခဲလှသည်။ လူသားတို့ထက် များစွာ သာလွန်နေသော ဤနည်းပညာသည် ရင်ထဲမှ အသည်းခိုက်အောင် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ထိုအချိန်တွင် ယာဉ်ပျံကြီးသည် ရုတ်တရက် အနည်းငယ် တုန်ခါသွားပြီး အမြောက်ပြောင်းကြီး တစ်ခုမှ လျှပ်စစ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ရှေ့ဘက် မိုင်ထောင်ချီအကွာရှိ သူပုန်းအောင်းနေသော ဥက္ကာခဲအရွယ်အစားခန့်ရှိသည့် ဥက္ကာခဲတစ်လုံးသည် ယာဉ်ပျံအနီးသို့ မရောက်မီမှာပင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်ဖြင့် ပစ်ခတ်ခံလိုက်ရပြီး အချင်း တစ်မိုင်ခန့်ရှိသော အလင်းလုံးကြီးအဖြစ် ပြောင်းလဲသွားလေသည်။

ထို့နောက်တွင် အမြောက်ပြောင်းများသည် ဆက်တိုက်ဆိုသလို ပစ်ခတ်တော့သည်။ ရှေ့မှ ဥက္ကာခဲများသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အပူချိန်ပြင်းပြင်းအောက်တွင် အလင်းလုံးကြီးများ ဖြစ်သွားကာ ပြာကျသွားကြရသည်။

"လျှပ်စစ်သံလိုက်အမြောက်ပဲ" လော်ယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျည်ဆံကို မမြင်ရသော်လည်း အမြောက်ပြောင်းဝမှ ထွက်ပေါ်လာသော လျှပ်စစ်စီးကြောင်းများကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ အသုံးပြုနေသည်မှာ လျှပ်စစ်သံလိုက်အမြောက် ဖြစ်ကြောင်း သူဆုံးဖြတ်နိုင်လိုက်သည်။

သို့သော် ဤလျှပ်စစ်သံလိုက်အမြောက်၏ အမြန်နှုန်းမှာ လူသားတို့၏ ပြန်လည်ထူထောင်ရေးဇုန်မှ လက်နက်များထက် များစွာ သာလွန်နေပြီး သူ၏ သာမန်မျက်စိဖြင့်ပင် လိုက်လံ ဖမ်းယူနိုင်ခြင်း မရှိပေ။

လော်ယွမ် မျက်လွှာကို ချထားလိုက်ရာ နှလုံးခုန်သံများ တဖြည်းဖြည်း မြန်ဆန်လာသည်။

ယခုအချိန်တွင် သူနှင့် ယာဉ်ပျံကြီးမှာ မိုင်ပေါင်း ၁၂,၀၀၀ ခန့် ကွာဝေးနေသေးသည်။ အကယ်၍ ယခုအချိန်တွင်သာ သူ၏ တည်နေရာကို တွေ့ရှိသွားပါက အသက်ရှင်ရန် လမ်းစမှာ အလွန်နည်းပါးသွားလိမ့်မည်။

နည်းပညာမြင့်မားသော ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ စစ်ဆင်နွှဲပုံမှာ ထောက်လှမ်းရေးကို ဦးစားပေးလေ့ရှိသည်။ ယခုအချိန်တွင် သူ၏ စွမ်းရည်အပါအဝင် အချက်အလက်အားလုံးကို တစ်ဖက်လူက အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာထားပြီး ဖြစ်မည်ဟု သူခန့်မှန်းမိသည်။ သူ၏ အကန့်အသတ်များ၊ အားနည်းချက်များကို တစ်ဖက်လူက လက်ခုပ်ထဲက ရေလို သိမြင်နေလောက်ပြီ ဖြစ်သည်။

သတင်းအချက်အလက်ပိုင်း၌ တစ်ဖက်သတ် အသာစီးရနေသည့် အခြေအနေမျိုးတွင် တစ်ဖက်ရန်သူက လကမ္ဘာအနီး၌ စစ်ခင်းရန် ပြင်ဆင်စောင့်ဆိုင်းနေခြင်းက သူ့ကို သတ်ဖြတ်နိုင်စွမ်းရှိကြောင်း ယုံကြည်မှုအပြည့် ရှိနေသည်ကို ပြသနေသည်။

မည်သို့ပင်ဖြစ်စေ သူပိုမို နီးကပ်အောင် သွားရပေမည်။

လော်ယွမ်က ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်လိုက်ပြီး ဥက္ကာခဲ၏ လမ်းကြောင်းကို အနည်းငယ် ပြုပြင်လိုက်သည်။

သူ၏ ဦးနှောက်သည် လျှပ်စစ်စီးကြောင်းပမာ လည်ပတ်နေပြီး နှစ်ဖက်ကြား အကွာအဝေးနှင့် တည်နေရာ ကိုဩဒိနိတ်များကို တွက်ချက်ကာ ဥက္ကာခဲ၏ ပျံသန်းမှုလမ်းကြောင်းကို ခြောက်ဒီဂရီခန့် တိမ်းစောင်းပေးလိုက်သည်။

လက်တစ်လုံးခြားသည် မိုင်ထောင်ချီ ကွာခြားသွားစေနိုင်သည်။ မိုင်ပေါင်း ၁၂,၀၀၀ ခရီးကို ဖြတ်သန်းပြီးနောက် ယာဉ်ပျံကြီးထံသို့ တည့်တည့်ဝင်တိုက်မည့် ဤဥက္ကာခဲသည် ယာဉ်ပျံ၏ ဘေးဘက် မိုင် ၁၂၀၀ ခန့်အကွာမှ ရှပ်ပျံ ကျော်လွန်သွားမည့် လမ်းကြောင်းသို့ ပြောင်းလဲသွားလေသည်။

ထို့နောက် သူမျက်လုံးကို မှိတ်လိုက်သည်။ ရင်ထဲတွင် လှိုင်းထန်ခြင်း မရှိတော့ပေ။ လုပ်သင့်လုပ်ထိုက်သည်များကို သူလုပ်ဆောင်ပြီးပြီ ဖြစ်၍ ကျန်ရှိသည်များကို ကံတရား၏ စီရင်ချက်အတိုင်းသာ စောင့်မျှော်ရတော့မည်။

တစ်စက္ကန့်လျှင် မိုင် ၃၀၀ ခန့်နှုန်းဖြင့် ပျံသန်းနေသော ဥက္ကာခဲကြောင့် နှစ်ဖက်အကွာအဝေးမှာ အတော်လေး နီးကပ်လာပြီဖြစ်သည်။ ခရီးစဉ်မှာ တစ်မိနစ်စာခန့်သာ ကျန်ရှိတော့၏။ သေခြင်း တရားလား၊ ရှင်သန်ခြင်းလား ဆိုသည်မှာ နောက်တစ်မိနစ်အပေါ်တွင် မူတည်နေသည်။

သူ့စိတ်ထဲတွင် ဂဏန်းများကို တိတ်တဆိတ် ရေတွက်နေလိုက်သည်။

"၅၉"

"၅၈"

......

"၄၀"

"၃၉"

......

ထိုအချိန်အတွင်း သူပုန်းခိုလိုက်ပါလာသော ဥက္ကာခဲကို တန်ချိန်အနည်းငယ်ရှိသော ဥက္ကာခဲအစလေး တစ်ခုက လာရောက် တိုက်ခိုက်မိသဖြင့် လမ်းကြောင်း အနည်းငယ် လွဲချော်သွားပြန်သည်။ သို့သော် မိမိကိုယ်ကို ထုတ်ဖော်မပြမိစေရန်အတွက် လော်ယွမ်က လမ်းကြောင်းလွဲသွားသည်ကို လစ်လျူရှုထားလိုက်ရသည်။

ကံကောင်းသည်မှာ လမ်းကြောင်းလွဲသွားသည့် ပမာဏ သိပ်မများလှပေ။ မူလက ယာဉ်ပျံဘေး မိုင် ၁၂၀၀ ခန့်အကွာမှ ဖြတ်သွားမည့်အစား မိုင် ၁၉၀၀ ခန့် ဖြစ်သွားခြင်းသာ ရှိသည်။ ဤအကွာအဝေးသည် နေရာလွတ်ခုန်ကူးနိုင်သည့် အကန့်အသတ် အတွင်း၌ ရှိနေသေးသည်။

အချိန်များသည် တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ မူလက တိုတောင်းလှသော တစ်မိနစ်သည် ယခုအချိန်တွင်မူ အလွန် ကြာမြင့်နေသယောင် ခံစားရသည်။ သူသည် ငြိမ်သက်စွာ စောင့်ဆိုင်းနေရင်း လက်ထဲရှိ ကျန်းမာတောက်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"အခုပဲ"

လော်ယွမ် မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ မူလက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော မာကျောသည့် ကျောက်လွှာများသည် ချက်ချင်း ကွဲအက်ပေါက်ကွဲ ထွက်သွားသည်။

ယာဉ်ပျံကြီးမှ တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် လော်ယွမ်သည် ရှိရင်းစွဲနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

မိုင် ၁၉၀၀ ခန့် အကွာအဝေးကို ဝ.၀၅ စက္ကန့်အတွင်း အဆင့်ဆင့် ခုန်ကူးကျော်ဖြတ်လိုက်ရာ ယာဉ်ပျံကြီး၏ သံချပ်ကာ မျက်နှာပြင်ပေါ်ရှိ ခြစ်ရာတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။

ယာဉ်ပျံကြီး၏ သံချပ်ကာ မျက်နှာပြင်ပေါ်တွင် နေရာအနှံ့အပြား၌ ဥက္ကာခဲများ တိုက်မိထားသော ခြစ်ရာဗရပွ ရှိနေသည်။ အချို့သော ခြစ်ရာများသည် သူ့ခန္ဓာကိုယ် တစ်ခုလုံး ဝင်ရောက် ပုန်းအောင်းနိုင်လောက်အောင် ကြီးမားလှသည်။

သူက မျက်နှာပြင်ပေါ်ရှိ စွန်းထွက်နေသော ချွန်ထက်သည့် အရာတစ်ခုကို လက်ဖြင့် ဖမ်းဆုပ်ကာ ခန္ဓာကိုယ်ကို ထိန်းလိုက်ပြီး ယာဉ်ပျံ အတွင်းပိုင်း အခြေအနေကို ချက်ချင်း အာရုံခံကြည့်လိုက်သည်။

လော်ယွမ်၏ အာရုံခံနိုင်စွမ်းသည် ဤသတ္တုကို ဖြတ်ကျော်ရန် အလွန်ခဲယဉ်းကြောင်း တွေ့လိုက်ရသည်။ ပုံမှန်ဆိုလျှင် ပေ ၁၆၀၀ အထိ အာရုံခံနိုင်သော်လည်း ဤနေရာတွင်မူ ပေ ၁၆၀ အကွာအဝေးကိုပင် မနည်း အာရုံခံနေရသည်။ သို့သော် ဤမျှ ထူထဲလွန်းလှသော သံချပ်ကာကို သူ၏ အာရုံခံနိုင်စွမ်းက ဖောက်ထွင်းမြင်နိုင်သေးသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။

သို့မဟုတ်ပါက ပေ ၁၀၀ ကျော် ထူထဲသည့် သံချပ်ကာကြီးကို အင်အားသုံး၍ ဖွင့်ရန်မှာ မလွယ်ကူလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။

လက်ဝါးဖြင့် ထိတွေ့လိုက်ရုံဖြင့် ဤသံချပ်ကာ၏ မယုံနိုင်လောက်အောင် ခိုင်ခံ့မှုကို လော်ယွမ် ခံစားမိလိုက်သည်။ ယခင် ယာဉ်ပျံများ၏ သံချပ်ကာများနှင့် လုံးဝ အဆင့်ချင်း မတူပေ။ သူ၏ လက်ဝါးဖြင့် အားကုန်ညှစ်လိုက်သည့်တိုင် အနည်းငယ်မျှ ပုံပျက်သွားခြင်း မရှိချေ။

၎င်းက သူ့စိတ်ကူးထက်ပင် ကျော်လွန်နေသည်။ သူ၏ ခွန်အားကို အပြည့်အဝ ခုခံနိုင်သည့် အရာဝတ္ထုဟူ၍ ဒါပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ မာကျောလှပါသည်ဆိုသော စိန်တုံးများပင် သူ့လက်ထဲတွင် အလွယ်တကူ အမှုန့်ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

သို့သော် အာရုံခံနိုင်စွမ်းက သံချပ်ကာကို ဖြတ်သန်းနိုင်သဖြင့် အားစိုက်ပြီး ဖျက်ဆီးနေရန် မလိုအပ်တော့ပေ။

သူ့ခန္ဓာကိုယ်က နေရာရွှေ့ပြောင်းခြင်း တစ်ကြိမ် ပြုလုပ်လိုက်သည်နှင့် ယာဉ်ပျံ၏ အတွင်းပိုင်းသို့ ရောက်ရှိသွားတော့သည်။

အတွင်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ယာဉ်ပျံအတွင်း၌ သတိပေး ဥဩသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ စူးရှသော အသံများသည် ယာဉ်ပျံတစ်စီးလုံးကို လွှမ်းခြုံသွားလေသည်။ လော်ယွမ်က သူရောက်ရှိနေသော အခန်းအတွင်းရှိ မျက်နှာ၌ အကြောက်တရားများ အထင်းသား ပေါ်နေသော ဗိုရှင်းဂြိုဟ်သားအချို့ကို ကြည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

......

ယာဉ်ပျံ၏ ဗဟိုထိန်းချုပ်ခန်း၌ ယာဉ်မှူးသည် အနီရောင် သတိပေးချက်များ ဆက်တိုက် ပြသနေသော စောင့်ကြည့်ရေး စနစ်နှင့် ကမ္ဘာသား၏ ပုံရိပ်ကို ကြည့်ရင်း မျက်နှာပျက်သွားသည်။ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

ဤယာဉ်ပျံကြီးသည် အမှန်တကယ်ပင် အလွန် စွမ်းအားကြီးမားလှသည်။ ကမ္ဘာမြေကို ကျော်လွန်၍ မထွက်ခွာနိုင်သေးသော လူသားယဉ်ကျေးမှု အဖွဲ့အစည်းအတွက် ၎င်းသည် အထက်စီးမှ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ လူသားမျိုးနွယ်၏ ဖြစ်တည်မှုသည် သူတို့၏ စိတ်ဆန္ဒ တစ်ချက်ပေါ်၌သာ မူတည်နေသည်။

အကယ်၍ လက်နက်ခဲယမ်းများကို အကုန်ထုတ်သုံးပြီး အချိန်အလုံအလောက်သာ ပေးမည်ဆိုလျှင် ကမ္ဘာဂြိုဟ် တစ်ခုလုံးကိုပင် စကြဝဠာထဲမှ ဖျောက်ဖျက်ပစ်နိုင်စွမ်း ရှိပေသည်။

သို့သော် လူသားတို့၏ နည်းပညာပစ္စည်းများကဲ့သို့ပင် ၎င်း၏ စွမ်းအားကြီးမားမှုသည် ပြင်ပတိုက်ခိုက်မှုများ အတွက်သာ ဖြစ်သည်။ အတွင်းပိုင်းသို့ ဖောက်ဝင် ဝင်ရောက်ခံလိုက်ရသည်နှင့် ခုခံနိုင်စွမ်း များများစားစား မရှိတော့ပေ။ တိုက်ခိုက်ရေးစက်ရုပ် အနည်းငယ်မှလွဲ၍ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

သို့သော် ထိုမျှလောက်သော ခုခံမှုသည် တစ်ဖက်လူ၏ ခြေလှမ်းများကို အနည်းငယ် နှောင့်နှေးစေသည်မှလွဲ၍ ဘာမှ အရာမရောက်ကြောင်း ဗိုရှင်းဂြိုဟ်သားများ အားလုံး သိလိုက်ကြသည်။

စောင့်ကြည့်ရေး ဖန်သားပြင်ပေါ်တွင် အသိဉာဏ်မြင့် တိုက်ခိုက်ရေးစက်ရုပ်များသည် ဘာမှ ပြန်မလုပ်နိုင်ဘဲ နှစ်ပိုင်းပြတ်ကာ မီးပွားများ တဖျစ်ဖျစ် ကျန်ရစ်ခဲ့သည်ကို တွေ့မြင်နေရသည်။ သတ္တိကောင်းသော ဗိုရှင်းစစ်သားတစ်စုသည် တစ်ကိုယ်ရေသုံး လက်နက်များကို ကိုင်ဆောင်ကာ စင်္ကြံလမ်းထောင့်တွင် ပုန်းအောင်းပြီး ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေကြသည်။

သို့သော် တစ်ဖက်လူ၏ အရိပ်အယောင်ကိုပင် မမြင်လိုက်ရဘဲ မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံးကုန်ကြသည်။ သေဆုံးချိန်တွင် ၎င်းတို့၏ မျက်နှာထားများသည် သေခါနီး၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသကဲ့သို့ ရှုံ့မဲ့နေကြသည်။

စက္ကန့်အနည်းငယ် ကြာသောအခါ ထိုကမ္ဘာသားသည် အရိပ်တစ်ခုပမာ စစ်သားများ သေဆုံးနေသော နေရာသို့ ရုတ်တရက် ရောက်ရှိလာသည်။ သူရုတ်တရက် ရပ်တန့်လိုက်သောအခါ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ လေထုမှာ တွန့်လိမ်နေပြီး လေစီးကြောင်းများ ပြင်းထန်နေသဖြင့် စောင့်ကြည့်ရေး ဖန်သားပြင်ထဲတွင် သူ၏ မျက်နှာကို အတိအကျ မမြင်ရပေ။

ထိုအချိန်တွင် သူက စောင့်ကြည့်ရေး ကင်မရာကို မော့ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် ထိုကင်မရာ မြင်ကွင်းမှာ လုံးဝ မည်းမှောင်သွားတော့သည်။

ယာဉ်မှူးနှင့် အနီးနားရှိ စစ်ဘက်အရာရှိအချို့သည် လန့်ဖျပ်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားကြသည်။ မျက်နှာများမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။

အခြေအနေ ဆိုးရွားမှုမှာ ပြန်လည် ကုစား၍ မရနိုင်တော့ပေ။ မိနစ်ပိုင်းလေး အတွင်းမှာပင် ထိုကမ္ဘာသားသည် ဗဟိုထိန်းချုပ်ခန်း အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အားလုံးက သေမင်း၏ အငွေ့အသက်ကို ရှူရှိုက်မိနေသကဲ့သို့ ခံစားနေကြရသည်။ ဒုတိယ အရာရှိတစ်ဦးက တံတွေးကို မျိုချလိုက်ပြီး မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "အရှင်..."

ယာဉ်မှူးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လက်မြှောက်အရှုံးပေးသည့် လေသံဖြင့် ပြောလိုက်သည်။ "ပင်မကွန်ပျူတာ... ဝန်ထမ်းအားလုံး အရေးပေါ် ကယ်ဆယ်ရေးယာဉ်တွေဆီ ချက်ချင်း သွားကြဖို့ အကြောင်းကြားလိုက်"

"အမိန့်အတိုင်းပါအရှင်" ပင်မကွန်ပျူတာ၏ နူးညံ့သိမ်မွေ့သော အမျိုးသမီး အသံလေး ထွက်ပေါ်လာသည်။

ယာဉ်မှူးက လက်ဝှေ့ယမ်းပြလိုက်ပြီး "မင်းတို့အားလုံး မြန်မြန်သွားကြတော့... မြန်မြန်သွားရင် အချိန်ရနိုင်သေးတယ်" ဟု ပြောလိုက်သည်။

"အရှင်ရော... မလိုက်ဘူးလား"

"ငါက အသေခံဖောက်ခွဲတဲ့ စနစ်ကို အသက်သွင်းရမယ်... ဒီယာဉ်က ဗိုရှင်းမျိုးနွယ်တွေရဲ့ အမြင့်ဆုံး နည်းပညာ အနှစ်ချုပ်ပဲ... လွန်ခဲ့တဲ့ နှစ် ၆၀ က နည်းပညာ ဖြစ်နေပေမဲ့ ဒီယာဉ်ပျံကြီးကို လူသားတွေလက်ထဲ အရောက်ခံလို့ မဖြစ်ဘူး... ဒါက ငါလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာ ဖြစ်ကောင်းဖြစ်လိမ့်မယ်... ငါ့ကို ဂရုမစိုက်ကြနဲ့တော့... အားလုံး မြန်မြန်သွားကြ"

စစ်ဘက်အရာရှိများသည် ယာဉ်မှူးကို မျက်နှာပျက်ယွင်းစွာ ကြည့်လိုက်ကြသည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင် သေခြင်းတရားကို ကြောက်ရွံ့မှုက စစ်သားတစ်ယောက်၏ ဂုဏ်သိက္ခာကို အနိုင်ယူသွားခဲ့သည်။ သူတို့ အံကြိတ်ကာ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

ယာဉ်မှူးသည် မီးခိုးရောင် သန်းနေသော မျက်နှာဖြင့် လေပေါ်ပျံ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူ မျက်စိမှိတ်ထားလျှင်ပင် ကိရိယာတန်ဆာပလာ နေရာမလပ် အလွတ်ရနေသော ဤဗဟိုထိန်းချုပ်ခန်းကြီးကို ငေးကြည့်ရင်း စိတ်က တွေဝေငေးငိုင်သွားသည်။

ဒါသည် သူ့ရဲ့ ယာဉ်ပျံ၊ သူ့ရဲ့ ဂုဏ်သိက္ခာ၊ သူ့အသက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်မူ ကိုယ်တိုင် ပြန်လည် ဖျက်ဆီးပစ်ရတော့မည်။

သူ စိတ်ကို ပြန်စုစည်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ပင်မကွန်ပျူတာ... အသေခံဖောက်ခွဲစနစ်ကို စတင်မယ်"

"အမိန့်ကို လက်ခံရရှိပါတယ်... အသေခံဖောက်ခွဲစနစ် စတင်ပါပြီ... လုပ်ပိုင်ခွင့်ကို စစ်ဆေးနေပါသည်..."

အပြာရောင် အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။

"ခန္ဓာကိုယ် သုံးဖက်မြင် အချက်အလက်များ မှန်ကန်ပါသည်။ ကျေးဇူးပြု၍ ဗီဇ ကို စစ်ဆေးခံပါ"

သူက လက်ချောင်းကို စက်ဝိုင်းပုံ အပေါက်လေး တစ်ခုထဲသို့ ထည့်လိုက်ရာ လက်ချောင်းထိပ်မှ နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး ဗီဇနမူနာကို ရယူသွားသည်။

"ဗီဇ မှန်ကန်ပါသည်။"

"ကျေးဇူးပြု၍ လျှို့ဝှက်နံပါတ် ရိုက်ထည့်ပါ"

ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းဆိုင်ရာ လျှို့ဝှက်နံပါတ်သည် ဂဏန်းအလုံးရေ တစ်ရာကျော် ရှည်လျားပြီး စာရွက်စာတမ်း အထောက်အထား မှတ်တမ်းတင်ထားခြင်း မရှိပေ။

လူတစ်ဦးချင်းစီ၏ မှတ်ဉာဏ်ဖြင့်သာ မှတ်သားထားရခြင်း ဖြစ်သည်။ ယာဉ်ပျံတစ်စီးလုံးတွင် ဤလျှို့ဝှက်နံပါတ်ကို သိရှိသူ သုံးဦးသာ ရှိပြီး သူသည် ထိုအထဲမှ တစ်ဦးဖြစ်သည်။

မိခင်ကမ္ဘာမှ မထွက်ခွာမီကတည်းက ဤနံပါတ်များကို သူအလွတ်ကျက်မှတ်ထားခဲ့ပြီး မကြာခဏလည်း ပြန်လည် ရွတ်ဆိုလေ့ကျင့်နေသဖြင့် ဦးနှောက်ထဲတွင် စွဲထင်နေပြီ ဖြစ်သည်။ သူ အသက်ကို ဝဝရှူလိုက်ပြီး ဖန်သားပြင်ပေါ်တွင် လျှို့ဝှက်နံပါတ်များကို သတိထား၍ ရိုက်ထည့်လိုက်သည်။

"ဝမ်းနည်းပါတယ်... လျှို့ဝှက်နံပါတ် မှားယွင်းနေပါသည်... ကျေးဇူးပြု၍ နောက်တစ်ကြိမ် ပြန်လည် ရိုက်ထည့်ပါ"

သူ့နဖူးပေါ်မှ ချွေးစေးများ ပြန်လာသည်။ သူနည်းနည်း စိတ်လှုပ်ရှားသွားပြီး မှားယွင်းရိုက်ထည့်မိသည်ဟု ထင်လိုက်သည်။ သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းကာ တုန်ယင်နေသော လက်ချောင်းများဖြင့် လျှို့ဝှက်နံပါတ်များကို နောက်တစ်ကြိမ် ပြန်လည် ရိုက်ထည့်လိုက်သည်။

"ဝမ်းနည်းပါတယ်... လျှို့ဝှက်နံပါတ် မှားယွင်းနေပါသည်... ကျေးဇူးပြု၍ နောက်တစ်ကြိမ် ပြန်လည် ရိုက်ထည့်ပါ... အထူးသတိပေးချက် - ဤသည်မှာ နောက်ဆုံးအကြိမ် ဖြစ်ပါသည်... ထပ်မံ မှားယွင်းပါက အသေခံဖောက်ခွဲစနစ် အလိုအလျောက် ပိတ်သွားပါမည်"

"ဘယ်လိုဖြစ်တာလဲ... ဘယ်လိုဖြစ်တာလဲ... ငါရိုက်တာ မှန်ပါတယ်"

သူ့ကျောပြင် တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ သူ မျက်လုံးကို မှိတ်ပြီး နောက်တစ်ကြိမ် ပြန်လည် စဉ်းစားလိုက်သည်။ ထို့နောက် ဂဏန်းတစ်ခုချင်းစီကို အမှားမခံဘဲ အသေအချာ ဂရုတစိုက် ရိုက်ထည့်လိုက်သည်။ စက္ကန့် ၃၀ ခန့် ကြာမှ အံကိုကြိတ်ပြီး အတည်ပြုခလုတ်ကို နှိပ်လိုက်သည်။

"ဝမ်းနည်းပါတယ်... သင်ရိုက်ထည့်သော လျှို့ဝှက်နံပါတ် မှားယွင်းနေပါသည်... အသေခံဖောက်ခွဲစနစ်ကို ပိတ်လိုက်ပါပြီ... သုံးရက်ကြာပြီးမှ နောက်တစ်ကြိမ် ပြန်လည် စတင်နိုင်ပါမည်" ဟု ပင်မကွန်ပျူတာ၏ အသံ ထွက်ပေါ်လာသည်။

"မဖြစ်နိုင်ဘူး... ဒါမဖြစ်နိုင်ဘူး... ငါအမှတ်မမှားနိုင်ဘူး" ယာဉ်မှူးသည် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဗဟိုဖန်သားပြင်ကြီးကို လက်ညှိုးထိုးကာ မျက်လုံးပြူး ကျယ်လျက် လက်ချောင်းများ တုန်ယင်နေသည်။

"မင်း..."

ထိုအချိန်တွင် "ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးတစ်သံ ပေါ်ထွက်လာပြီး ပိတ်ထားသော တံခါးမကြီးသည် အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရသည်။

အရပ်မြင့်မားပြီး ကြမ်းတမ်းခက်ထန်ပုံရသော လူရိပ်တစ်ခု တံခါးဝတွင် ပေါ်လာလေသည်။

ဆက်ရန်...

All Chapters