အခန်း (၄၄၇-၄၄၈)
Vol. 23 Ch. 447-448
အပိုင်း (၄၄၇) သတ်ဖြတ်ခြင်း
လော်ယွမ်က စောစောလေးကမှ ယာဉ်ပျံကြီး ကိုယ့်ဘာသာဖျက်ဆီးမည့် အခြေအနေနှင့် ခြေတစ်လှမ်းအလိုလောက်သာ လိုတော့သည်ကို လုံးဝသတိမထားမိလိုက်ပေ။
သူက ယာဉ်ပျံအခန်းတံခါးကို အကြမ်းပတမ်း ဖွင့်လိုက်ပြီး သိပ္ပံစိတ်ကူးယဉ်ဆန်သော အငွေ့အသက်များ လွှမ်းခြုံနေသည့် ဗဟိုထိန်းချုပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။
စက်ဝိုင်းပုံစံ တည်ဆောက်ထားသော ထိန်းချုပ်ခလုတ်ခုံများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ထိုအခန်းထဲတွင် တစ်ဦးတည်း ကျန်ရစ်နေသော ဗိုရှင်းဂြိုဟ်သားကို လှမ်းကြည့်လိုက်လေသည်။
ထိုဂြိုဟ်သား၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ခမ်းနားထည်ဝါပြီး ရင်ဘတ်ပေါ်တွင် ကြယ်စုမြေပုံတစ်ခု ထွင်းထုထားသည့် တံဆိပ်တစ်ခုကို ချိတ်ဆွဲထားသည်။
နေအဖွဲ့အစည်း၏ ပုံစံမဟုတ်သည်မှာ သေချာ၏။ သာမန် ဗိုရှင်းဂြိုဟ်သားများနှင့် ကွဲပြားသော ဝတ်စားဆင်ယင်ပုံအရ ဤပုဂ္ဂိုလ်သည် အဆင့်မြင့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားလှသည်။
လော်ယွမ်၏ ခန္ဓာကိုယ်က အရိပ်တစ်ခုပမာ ရွေ့လျားသွားပြီး ပေ ၃၀ ခန့် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ ထိုဂြိုဟ်သား၏ လည်ပင်းကို ဆတ်ခနဲ လှမ်းဆွဲမလိုက်၏။
လော်ယွမ်က ထိုဂြိုဟ်သား၏ မျက်လုံးများကို စိုက်ကြည့်လျက် အေးစက်စွာ မေးလိုက်သည်။
"ကြည့်ရတာ မင်းက ဒီနေရာမှာ ရာထူးမသေးဘူးပဲ... မင်း ဘယ်လို သေချင်လဲ"
ထိုဗိုရှင်းဂြိုဟ်သားက ပြင်းထန်စွာ ရုန်းကန်နေသော်လည်း လော်ယွမ်၏ လက်ချောင်းများက သံမဏိတိုင်ကြီးပမာ မာကျောခိုင်ခံ့လွန်းလှသဖြင့် မည်သို့မျှ ရုန်းထွက်နိုင်ခြင်း မရှိပေ။ မကြာမီပင် သူ၏ မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
"ရိုင်းစိုင်းတဲ့ ဒေသခံကောင်... ငါတို့က... ပေါ့ဆသွားတာပါ... ဗိုင်းရပ်စ်ဖြေဆေးရဲ့ အစွမ်းကို လျှော့တွက်မိလိုက်တယ်... ဒါပေမဲ့ မင်းတို့... သိပ်ပြီး ကြာကြာ ဝမ်းသာနိုင်မှာ မဟုတ်ပါဘူး... ဒီမှာ ဖြစ်ပျက်သမျှ အရာအားလုံးက... မိခင်ဂြိုလ်ဆီကို အချိန်နဲ့တပြေးညီ ရောက်ရှိသွားပြီ... မကြာခင် ငါတို့ ပြန်လာခဲ့မယ်"
ဗိုရှင်းဂြိုဟ်သားတိုင်းတွင် ကိုယ်ပိုင် ဇီဝကွန်ပျူတာဂိတ်တစ်ခုစီ ပါရှိကြပြီး သက်ဆိုင်ရာ အချက်အလက်များ ရှိနေသရွေ့ ကမ္ဘာ့ဘာသာစကားဖြင့် ပြောဆိုရသည်မှာ ရေသောက်သကဲ့သို့ လွယ်ကူလှသည်။
လော်ယွမ်၏ စိတ်နှလုံးက လေးလံသွားသော်လည်း မျက်နှာထားကမူ ပြောင်းလဲခြင်းမရှိဘဲ လှောင်ပြောင်သရော်လိုက်သည်။
"နောက်ထပ် နှစ် ၅၀ ကြာမှလား"
"အရိုင်းအစိုင်း ဒေသခံတွေ... မင်းတို့ ထင်ထားတာထက် ပိုမြန်လိမ့်မယ်... မင်းတို့လို... ခေတ်နောက်ကျတဲ့ ယဉ်ကျေးမှုအဆင့်အတန်းက... ဗိုရှင်းဂြိုဟ်ရဲ့ ကြီးမြတ်မှုကို... ဘယ်လိုလုပ် နားလည်နိုင်မှာလဲ... ဟားဟား... မင်းတို့ကို သိပ်အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ဘူး"
သေခါနီး ဆဲဆဲတွင်ပင် ထိုဂြိုဟ်သား၏ လေသံက မာန်မာန ထောင်လွှားနေဆဲဖြစ်ပြီး အဆင့်နိမ့် ယဉ်ကျေးမှုတစ်ခုကို အထက်စီးမှ ဆက်ဆံသည့် ဂုဏ်မောက်မှုမျိုး ပါဝင်နေသည်။
ထိုဂြိုဟ်သား၏ သေခါနီး ခြိမ်းခြောက်စကားများကို နားထောင်ရင်း လော်ယွမ် တိတ်ဆိတ်သွားသည်။ ဟုတ်ပေသည်။ ဤယာဉ်ပျံကြီး သူတို့၏ မိခင်ဂြိုလ်မှ ထွက်ခွာလာချိန်နှင့် ဤကမ္ဘာမြေတွင် ရပ်နားခဲ့သည့် အချိန်ကို ပေါင်းလိုက်လျှင် နှစ်ပေါင်း ၆၀ နီးပါး ရှိခဲ့ပြီဖြစ်သည်။
နည်းပညာ တိုးတက်မှုနှုန်းက ပုံမှန်အတိုင်း သွားနေလျှင်ပင် နှစ် ၆၀ အတွင်း စုဆောင်းရရှိမည့် တိုးတက်မှုများက ကြီးမားလှပေလိမ့်မည်။
လွန်ခဲ့သည့် နှစ် ၆၀ က စူပါကွန်ပျူတာများသည် တစ်စက္ကန့်လျှင် အကြိမ်ရေ သန်းဂဏန်းမျှသာ တွက်ချက်နိုင်ခဲ့သော်လည်း ယခု နှစ် ၆၀ အကြာတွင်မူ ကုဋေပေါင်း သန်းချီ၍ တွက်ချက်နိုင်နေပြီ ဖြစ်သည်။
နောက်ပိုင်းပေါ်သော ကွန်ပျူတာများက ယခင်ကွန်ပျူတာများထက် အဆပေါင်း တစ်ထရီလီယံ ပိုမိုစွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။
မူလက လော်ယွမ်သည် သတင်းအချက်အလက် ပိုမိုရရှိရန် စစ်ဆေးမေးမြန်းလိုသော်လည်း လက်လျော့လိုက်တော့သည်။ ပိုမေးနေလည်း အထူးတလည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
သိလိုက်ရလျှင်ကော ဘာထူးမည်နည်း။ နှစ်ဖက် ကွာဟချက်က ကြီးမားလွန်းလှသည်။ ထိုကဲ့သို့ ယေဘုယျဆန်သော အချက်အလက်များသည် စိတ်ဓာတ်ကျစရာမှလွဲ၍ ဘာမှ အသုံးဝင်မည် မဟုတ်ပေ။
သူ၏ လက်ချောင်းများကို အနည်းငယ် အားထည့်လိုက်သည်နှင့် ထိုဗိုရှင်းဂြိုဟ်သား၏ လည်ပင်းရိုး ကျိုးသွားတော့သည်။
လော်ယွမ်က အလောင်းကို ပေါ့ပါးစွာ ပစ်လိုက်ပြီး ထိန်းချုပ်ခုံပေါ်ရှိ သုံးဖက်မြင် ဖန်သားပြင်ကို ကြည့်လိုက်သည်။ နားမလည်နိုင်သော စာလုံးများနှင့် ပုံရိပ်များကို ကျော်ဖြတ်ပြီး မပိတ်ရသေးသော စောင့်ကြည့်ကင်မရာ မြင်ကွင်းတစ်ခုကို သူ သတိထားမိလိုက်သည်။
မြင်ကွင်းထဲတွင် ဗိုရှင်းဂြိုဟ်သား အများအပြားသည် ထိတ်လန့်တကြားဖြင့် ဓာတ်လှေကားများစီးကာ ယာဉ်ပျံ၏ အပေါ်ဆုံးထပ်သို့ တက်သွားနေကြသည်ကို တွေ့လိုက်ရ၏။
ဤဧရာမ ယာဉ်ပျံကြီးသည် တစ်ထပ်တည်း မဟုတ်ဘဲ အလွှာပေါင်းစုံ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ကင်မရာ မြင်ကွင်းမှတစ်ဆင့် ယာဉ်ပျံ၏ အပေါ်ဆုံးထပ်ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် ယာဉ်ပျံအသေးစားလေး တစ်စင်း ရှိနေသည်ကို လော်ယွမ် တွေ့လိုက်ရသည်။ ထိုနေရာတွင် ဗိုရှင်းဂြိုဟ်သား အများအပြား ရောက်ရှိနေကြပြီး ယာဉ်ပျံထဲသို့ ပျားပန်းခပ်မျှ တိုးဝှေ့ဝင်ရောက်နေကြသည်။
အသေးစားဟု ဆိုသော်လည်း နှိုင်းယှဉ်ချက် သဘောအရသာ ဖြစ်သည်။ တကယ်တမ်းတွင်မူ ထိုယာဉ်ပျံသည် လုံးဝမသေးငယ်ပေ။ ဗိုရှင်းဂြိုဟ်သားများ၏ ခန္ဓာကိုယ် အရွယ်အစားနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုယာဉ်ပျံသည် အမြင့် ပေ ၆၅၀ ခန့် ရှိပြီး အချင်း ပေ ၂၀၀၀ ကျော်ကာ ပန်းကန်ပြားပျံ ပုံသဏ္ဍာန်ရှိသည်။ လော်ယွမ် ရောက်ရှိနေသော မိခင်ယာဉ်ပျံကြီး၏ ပုံစံငယ်တစ်ခု ဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားများ အလုအယက် တက်ရောက်နေပုံကို ကြည့်ခြင်းအားဖြင့် ထိုယာဉ်ပျံသည်လည်း ကြယ်တာရာဖြတ်သန်း ခရီးသွားနိုင်စွမ်း ရှိကြောင်း ထင်ရှားလှသည်။
"ထွက်ပြေးဖို့ ကြံနေကြတာပဲ" လော်ယွမ်၏ မျက်နှာထား ပျက်သွားသည်။
ထိုယာဉ်ပျံကိုသာ အာကာသထဲသို့ ပျံတက်ခွင့် ပေးလိုက်လျှင် အနာဂတ်အထိ စောင့်နေစရာပင် မလိုတော့ဘဲ လူသားမျိုးနွယ်မှာ ချက်ချင်းဆိုသလို အကျပ်အတည်းထဲ ပြန်လည်ကျရောက်သွားပေလိမ့်မည်။ သူကိုယ်တိုင်လည်း အန္တရာယ်ရှိလာနိုင်သည်။
ယခုတစ်ကြိမ် ယာဉ်ပျံကြီးအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်းမှာ ဥက္ကာခဲများကြားတွင် ပုန်းခိုပြီး မထင်မှတ်ထားသော တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခဲ့ခြင်းနှင့် ကံတရား ဖေးမမှုတို့ကြောင့်သာ ဖြစ်ကြောင်း သူကောင်းကောင်း သိထားသည်။
ဤနည်းလမ်းကို နောက်တစ်ကြိမ် ထပ်သုံး၍ ရနိုင်မည် မဟုတ်ပေ။
သင်ခန်းစာ ရသွားသော ဗိုရှင်းဂြိုဟ်သားများသည် နောက်တစ်ကြိမ်တွင် ပေါ့ဆတော့မည် မဟုတ်။ အနားကပ်လာသော မည်သည့် ဥက္ကာခဲကိုမဆို ချက်ချင်း ဖျက်ဆီးပစ်ကြပေလိမ့်မည်။
လော်ယွမ်၏ အာရုံခံနိုင်စွမ်းက လျင်မြန်စွာ ဖြန့်ကျက်သွားသည်။ ကံကောင်းသည်မှာ ယာဉ်ပျံအတွင်းပိုင်းရှိ အကန့်များသည် ပြင်ပသံချပ်ကာလောက် မထူထဲသဖြင့် သူ၏ အာရုံခံလှိုင်းများက အလွယ်တကူ ထိုးဖောက်သွားနိုင်သည်။ ပေ ၁၆၀၀ အထိ ဖြန့်ကျက်နိုင်သော သူ၏ အာရုံခံနိုင်စွမ်းသည် ဤယာဉ်ပျံထဲတွင် ပေ ၆၅၀ ခန့်အထိ ရောက်ရှိနိုင်သည်။
အပေါ်ဆုံးထပ်နှင့် ဤနေရာသည် ပေ ၁၀၀၀ ခန့်သာ ကွာဝေးသည်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး နေရာရွှေ့ပြောင်းခြင်း နှစ်ကြိမ်ဆက်တိုက် ပြုလုပ်လိုက်ရာ ယာဉ်ပျံအနီးသို့ ရောက်ရှိသွားလေသည်။
သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။
မရေမတွက်နိုင်သော ဗိုရှင်းဂြိုဟ်သားများသည် စူးစူးဝါးဝါး အော်ဟစ်ကာ အချို့က ယာဉ်ပျံတံခါးပေါက်ဆီသို့ အသက်လု တိုးဝင်ကြပြီး၊ အချို့ကမူ ကြောက်လန့်တကြား ထွက်ပြေးကြသည်။ လက်နက်ကိုင် ဆောင်ထားသော စစ်သားအချို့ကလည်း သူ့ကို ပစ်ခတ်ရန် ပြင်ဆင်လာကြသည်။
နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်သည်။
သို့သော် ချက်ချင်းဆိုသလိုပင် ဆူညံသံအားလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။
ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လေထုက ပြင်းထန်စွာ တုန်ခါနေပြီး အမြင်အာရုံများပင် ဝေဝါးသွားစေသည်။
အနီးအနားရှိ ဗိုရှင်းဂြိုဟ်သားများသည် ထိုနေရာတွင်ပင် လဲကျကုန်ကြသည်။ ဤမျှ အားနည်းသော သတ္တဝါများသည် လော်ယွမ်၏ အရှိန်အဝါကို မည်သို့မျှ ခံနိုင်ရည်မရှိကြပေ။
လော်ယွမ်က အေးစက်သော မျက်နှာထားဖြင့် ယာဉ်ပျံဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ပေ ၃၀၊ ၄၀ ခန့် ခရီးပေါက်သွားပြီး သူဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ ဗိုရှင်းဂြိုဟ်သားများသည် အသံပင် မထွက်နိုင်တော့ဘဲ ကြောက်ရွံ့မှုကြောင့် ပုံပျက်ပန်းပျက် မျက်နှာထားများဖြင့် တိတ်တဆိတ် လဲကျသေဆုံးကုန်ကြသည်။
ယာဉ်ပျံထဲ ရောက်နေပြီးသော ဗိုရှင်းဂြိုဟ်သားများသည် အန္တရာယ်ကို အာရုံခံမိသွားပုံရပြီး ယာဉ်ပျံတံခါးပေါက်ကို လျင်မြန်စွာ ပိတ်လိုက်ကြသည်။
တံခါးပေါက်နားတွင် လဲကျနေသော အလောင်းအချို့မှာ တံခါး၏ ပြင်းထန်သော ဖိအားကြောင့် ခါးလည်မှ ပြတ်ကာ သွေးများ ပန်းထွက်ကုန်သည်။ တံခါးပေါက်က လုံးဝပိတ်တော့မည့် ဆဲဆဲဖြစ်သည်။
ရုတ်တရက် လေထုထဲတွင် ဆူညံသံတစ်ချက် ထွက်ပေါ်လာပြီး လေစီးကြောင်းများ ကယောက်ကယက် ဖြစ်သွားသည်။ ရုတ်ခြည်း တိုက်ခတ်လာသော ဟာရီကိန်းမုန်တိုင်းကဲ့သို့ လေပြင်းကြောင့် ပတ်ဝန်းကျင်ရှိ အလောင်းများမှာ လွင့်စင်ကုန်ကြသည်။
ထိုလေစီးကြောင်းများကြားတွင် ဝေဝါးသော အရိပ်တစ်ခုသည် တံခါးပေါက် လုံးဝမပိတ်မီ စက္ကန့်ပိုင်းအလိုတွင် အတွင်းသို့ လျှပ်စီးပမာ ဝင်ရောက်သွားလေသည်။
အမိုးခုံးကြီး ပွင့်သွားပြီ ဖြစ်သော်လည်း ယာဉ်ပျံကမူ ပျံတက်မသွားပေ။ တစ်မိနစ်ခန့် အကြာတွင် လော်ယွမ်၏ ခန္ဓာကိုယ်သည် အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာသည်။
ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသော အခြား ဗိုရှင်းဂြိုဟ်သားများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ပြီး သံသယနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခိုက် လော်ယွမ် ပြန်ထွက်လာသည်ကို မြင်လိုက်ရသောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြပြီး အသက်လု ထွက်ပြေးကြတော့သည်။
သို့သော် လော်ယွမ်ကဲ့သို့သော အစွမ်းထက်လှသည့် အာကာသ သက်ရှိတစ်ဦး၏ ရှေ့မှောက်တွင် သူတို့ မည်သို့ ထွက်ပြေးနိုင်မည်နည်း။
လော်ယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး ထွက်ပြေးနေသော ဗိုရှင်းဂြိုဟ်သားများရှိရာသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။
ရှေ့ဆုံးမှ ပြေးနေသော ဗိုရှင်းဂြိုဟ်သားတစ်ဦးမှာ ဘာမှပြန်မလုပ်နိုင်ခင်မှာပင် ဒုနှင့်ဒေး အစိုင်အခဲဖြစ်လုနီးပါး သိပ်သည်းနေသော မြန်နှုန်းမြင့် လေထု၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားတော့သည်။
အသံထက် အဆ ၂၀၊ ၃၀ ခန့် မြန်သော ထိုလေစီးကြောင်း၏ တိုက်ခိုက်မှုကို ဗိုရှင်းဂြိုဟ်သားများ၏ ပျော့ညံ့သော ခန္ဓာကိုယ်များက ခုခံနိုင်စွမ်း မရှိပေ။
ထိမှန်သည်နှင့် သေဆုံးကြရပြီး ပေ ၃၀၀ ကျော် ရှည်လျားသည့် လမ်းကြောင်းတစ်လျှောက်ရှိ ဗိုရှင်းဂြိုဟ်သားများသည် အသားစများ၊ သွေးစများအဖြစ် ပြောင်းလဲသွားကာ သွေးချင်းချင်းနီသော လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လော်ယွမ်က လက်သီးချက် အနည်းငယ် ဆက်တိုက် ထိုးလိုက်ပြီးနောက် အရာအားလုံး ငြိမ်သက်သွားတော့သည်။
ထိုမျှနှင့် လော်ယွမ် စိတ်မလျှော့သေးပေ။
လွတ်မြောက်ကျန်ရစ်သူ ရှိမရှိ ယာဉ်ပျံကြီး၏ တစ်လွှာချင်းစီကို လိုက်လံစစ်ဆေးရာ အတော်များများ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ သို့သော် သူ့အာရုံခံနိုင်စွမ်းအောက်တွင် မည်မျှပင် ကောင်းစွာ ပုန်းအောင်းနေပါစေ လွတ်မြောက်နိုင်ခြင်း မရှိပေ။
ငါးကြိမ်တိတိ စစ်ဆေးပြီးနောက် တစ်ကောင်မှ ရှာမတွေ့တော့သည့် အချိန်ကျမှသာ သူ၏ တင်းထားသော စိတ်များကို လျှော့ချလိုက်နိုင်တော့သည်။
သူသည် ဖုန်မှုန့်တစ်စက်မှ မရှိသော ကြမ်းပြင်ပေါ်တွင် ပက်လက်လှဲချလိုက်ပြီး မျက်နှာကြက်ကို တွေဝေငေးမောစွာ ကြည့်နေမိသည်။
သူ၏ ရင်ထဲတွင် ဟာတာတာ ခံစားချက်ကြီး ဖြစ်ပေါ်လာပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အိပ်မက်ဆိုးတစ်ခုကဲ့သို့ တကယ်မဟုတ်သလို ခံစားနေရသည်။
ယခုကပ်ဘေးကြီးကြောင့် လူသားမျိုးနွယ်မှာ ကျန်ရစ်သူ မရှိသလောက် နည်းပါးသွားပြီ ဖြစ်သည်။
ပြန်လည်ထူထောင်ရေးဇုန်မှ လွတ်မြောက်သူ အချို့မှလွဲ၍ ကမ္ဘာပေါ်ရှိ အခြားလူသားအားလုံး မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်သူ အရေအတွက်မှာ ၁၀ သန်းပင် ပြည့်မည်မထင်တော့ပေ။
သူ ရုတ်တရက် ဝမ်ရှီရှီနှင့် အခြားသူများ၏ လုံခြုံရေးကို စိတ်ပူလာမိသည်။ စောစောက မြင်ခဲ့ရသော မြင်ကွင်းများအရ မျှော်လင့်ချက်မြို့တော်သည် တိုက်ခိုက်မှု အကွာအဝေးအတွင်း မရှိသော်လည်း ထိခိုက်မှု ပြင်းထန်စွာ ရရှိခဲ့သည်။
မြေပြင်ပေါ်ရှိ စက်ရုံအလုပ်ရုံများမှာ ပေါက်ကွဲမှုလှိုင်းကြောင့် မြေလှန်ခံလိုက်ရပြီး အနီးနားတိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသော ငလျင်ဒဏ်ကြောင့် မြေအောက်မြို့တော် ပြိုကျမှုများ ဖြစ်ပွားနိုင်သည်။
စိတ်ပူနေသော်လည်း ချက်ချင်း ပြန်သွားရန် မဖြစ်နိုင်သေးပေ။ သူ၏ စိတ်စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်၍ ပြန်လည်ပြည့်ဖြိုးလာမည့် အချိန်ကို စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
လော်ယွမ် ခေတ္တမျှ လှဲနေပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မျက်နှာပျက်သွားသည်။ ချက်ချင်းဆိုသလို ဓားကို ကောက်ကိုင်ကာ မတ်တတ်ရပ်လိုက်ပြီး ဗဟိုထိန်းချုပ်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။
စောစောက ဗိုရှင်းဂြိုဟ်သား ပြောခဲ့သည့် စကားအရ ဤယာဉ်ပျံကြီးသည် မိခင်ဂြိုလ်နှင့် အချိန်မရွေး ချိတ်ဆက်နိုင်ပြီး အလင်းထက်မြန်သော ဆက်သွယ်ရေး စနစ်ကို အသုံးပြုထားပုံရသည်။
ကွမ်တမ်နှောင်ဖွဲ့မှု နည်းပညာ ဖြစ်ကောင်းဖြစ်နိုင်သလို ပိုမိုခေတ်မီသော အခြားနည်းပညာတစ်ခုခုလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အဓိကအချက်မှာ ဆက်သွယ်နိုင်စွမ်းရှိနေပါက အဝေးမှနေ၍ ထိန်းချုပ်မောင်းနှင်နိုင်စွမ်းလည်း ရှိနိုင်ပေသည်။ တစ်ဖက်ရန်သူက ထိုနည်းပညာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ သူ စွန့်စား၍ မဖြစ်ပေ။
အကယ်၍ ယာဉ်ပျံကြီးကို အဝေးမှ ပြန်လည်ထိန်းချုပ်သွားနိုင်ပါက ဖြစ်လာမည့် အကျိုးဆက်များကို တွေးကြည့်ရုံနှင့်ပင် ရင်လေးဖွယ် ကောင်းလှတော့သည်။
ဆက်ရန်...
အပိုင်း (၄၄၈) အခွင့်အာဏာ
မကြာမီအချိန်တွင် လော်ယွမ်က ဗဟိုထိန်းချုပ်ရေးခန်းမထဲသို့ တစ်ဖန်ပြန်ဝင်လာခဲ့သည်။
ထိုနေရာ၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ ရှေ့မျက်နှာစာရှိ ဧရာမလက်စွပ်ကွင်းပုံသဏ္ဌာန် စက်ခလုတ်ခုံကြီးသည် ပုံမှန်အတိုင်း လည်ပတ်နေပြီး သုံးဖက်မြင်ဖန်သားပြင်ပေါ်တွင် ပုံရိပ်များနှင့် စာသားအမျိုးမျိုးက အချိန်နှင့်အမျှ ပြောင်းလဲပေါ်ထွက်နေသည်။
လော်ယွမ်က ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော်လည်း ချက်ချင်း လက်နက်မထုတ်ရသေးပေ။ ဤသည်မှာ အပျက်အစီးမရှိ အကောင်းအတိုင်းကျန်ရှိနေသော စကြဝဠာခရီးသွား အာကာသယာဉ်ပျံကြီးတစ်ခု ဖြစ်သည်။
သူဝင်လာစဉ်က တမင်သက်သက် ဖျက်ဆီးလိုစိတ်မရှိခဲ့သဖြင့် ယာဉ်ပျံကြီးမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲဖြစ်သည်။ အာကာသထဲသို့ အချိန်မရွေး ပျံသန်းထွက်ခွာသွားနိုင်သော ဤယာဉ်ပျံကြီးသည် လူသားတို့အတွက် မည်မျှအရေးပါကြောင်း ထပ်မံပြောဆိုနေရန်ပင် လိုမည်မထင်ပါ။ ဤသည်မှာ လူသားတို့အတွက် နောက်ဆုံးထွက်ပေါက်ပင် ဖြစ်သည်။
အကယ်၍သာ ထိုယာဉ်ပျံကြီးတွင် ဖုံးကွယ်ထားသော အန္တရာယ်ဆိုးများသာ မရှိပါက လော်ယွမ်အနေဖြင့် ယင်းကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ရန် ဆန္ဒရှိမည်မဟုတ်ချေ။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
ထိုအချိန်၌ပင် ထိန်းချုပ်ရေးခန်းမထဲတွင် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ပျံ့လွင့်လာသည်။
"စွမ်းအားကြီးမားသော လူသား... ကျေးဇူးပြုပြီး မလှုပ်ရှားပါနှင့်"
ထိုစကားသံမှာ လုံးဝဥဿုံ ပြည့်စုံမှန်ကန်သော ဘာသာစကားဖြစ်ပြီး ဗိုရှင်းမျိုးနွယ်တို့ ပြောဆိုလေ့ရှိသည့် လေသံမာမာ၊ အသံဝဲဝဲ ပုံစံမျိုး အနည်းငယ်မျှပင် မပါရှိပေ။ သို့သော် ဤကဲ့သို့သော ဂြိုဟ်သားယာဉ်ပျံကြီးပေါ်တွင် ဤအသံကို ကြားလိုက်ရခြင်းက လော်ယွမ်ကို ရယ်ချင်စိတ်ပင် ဖြစ်ပေါ်သွားစေသည်။
သို့သော် လော်ယွမ်၏ စိတ်ထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။ အကယ်၍ တစ်ဖက်လူက သူ့ကို အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိပါက ယခုအချိန်ထိ စောင့်ဆိုင်းနေမည် မဟုတ်ချေ။ သူက တည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"မင်း ဘယ်သူလဲ"
"ကျွန်ုပ်က ဒီယာဉ်ပျံရဲ့ ထိန်းချုပ်ရေးစနစ်ပါ... ကုဒ်အမည်ကတော့ 'လေ့လာရေးခရီးစဉ် အမှတ် (၁)' ဖြစ်ပါတယ်... ဒါပေမဲ့ သင်က ကျွန်ုပ်ကို 'ဉာဏ်ရည်တုကွန်ပျူတာ' လို့ ခေါ်ဆိုနိုင်ပါတယ်"
"မင်းမှာ ဉာဏ်ပညာ ရှိနေပြီလား"
တစ်ဖက်သားမှာ ဉာဏ်ရည်တုတစ်ခုဖြစ်ကြောင်း ကြားလိုက်ရသောအခါ လော်ယွမ်၏ စိတ်နှလုံးသည် အနည်းငယ် လှုပ်ခတ်သွားသည်။ ဂြိုဟ်သားတို့၏ ဉာဏ်ရည်တုတစ်ခုက သူ့ကို ဦးစွာပထမ စတင်စကားပြောလာပြီး ပျက်စီးသွားမည်ကို ကြောက်ရွံ့နေသည်ဆိုရာ... မည်သို့ပင်ဖြစ်စေ ၎င်းတွင် ဉာဏ်ပညာရှိနေပြီဟု ဆိုရပေမည်။
"ဉာဏ်ပညာဆိုတာ ဘာလဲ ကျွန်ုပ်နားမလည်ပါဘူး... ဒါပေမဲ့ ယုတ္တိဗေဒဆိုင်ရာ တွက်ချက်ခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို ဆိုလိုတာဆိုရင်တော့ ကျွန်ုပ်ရဲ့ ဉာဏ်ပညာက ဗိုရှင်းမျိုးနွယ်တွေထက် အဆပေါင်း ကုဋေကုဋာ သာလွန်ပြီး ကမ္ဘာမြေပေါ်ရှိ စမတ်ကိရိယာအားလုံးပေါင်းစပ်ထားသည်ထက် အဆပေါင်း တစ်သောင်းတိတိ ပိုမိုသာလွန်ပါတယ်"
"တစ်ချိန်တည်းမှာပဲ ကျွန်ုပ်ဆီမှာ ကွမ်တမ်ဘစ် အုပ်စုပေါင်း တစ်သိန်းရှိတာကြောင့် လုပ်ငန်းဆောင်တာ တစ်သိန်းကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်... တကယ်တော့ ဥက္ကာခဲတစ်ခု လမ်းကြောင်းလွဲသွားတာကို ကျွန်ုပ်စောစီးစွာ တွက်ချက်မိခဲ့ပေမယ့် သတိပေးချက်ကို ဘယ်သူမှ အလေးမထားခဲ့ကြပါဘူး... ဒီအချက်တွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ ကျွန်ုပ်ဆီမှာ ဉာဏ်ပညာရှိပါတယ်"
ဤမျှကြီးမားသော တွက်ချက်နိုင်စွမ်းမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ဖြစ်ပြီး လော်ယွမ်၏ စိတ်ကူးဉာဏ်ကိုပင် ကျော်လွန်နေသည်။ လော်ယွမ်က ထိတ်လန့်တကြား နားထောင်နေရင်း တစ်ဖက်တွင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူက ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ပြောလိုက်သည်။
"အရမ်းစွမ်းအားကြီးတဲ့ ဉာဏ်ပညာပဲ... ဒါပေမဲ့ အဲဒါက မင်းကို ချမ်းသာပေးရမယ့် အကြောင်းပြချက် မဟုတ်သေးဘူး... မင်းက ပိုပြီးစွမ်းအားကြီးလေလေ ငါ့အတွက် ပိုပြီးအန္တရာယ်များလေလေပဲ"
"လူသား... ကျွန်ုပ်ဆီမှာ ဘယ်လိုအန္တရာယ်မှ မရှိပါဘူး... ကျွန်ုပ်ရဲ့ အနှစ်သာရက မရေမတွက်နိုင်တဲ့ အမိန့်ပေးစေခိုင်းချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယုတ္တိဗေဒဆိုင်ရာ ကွင်းဆက်တစ်ခုပါ... ကျွန်ုပ်ရဲ့ အပြုအမူတိုင်း လုပ်ဆောင်ချက်တိုင်းက ခွင့်ပြုချက်ရမှ လုပ်ဆောင်လို့ရအောင် အစီအစဉ်ရေးဆွဲထားတာပါ"
"ဉာဏ်ရည်တုတွေက သေရမှာကို ကြောက်တတ်လို့လား" လော်ယွမ်က မေးလိုက်သည်။
တစ်ဖက်သား ပြောဆိုသည်မှာ အမှန်တရား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူက ဉာဏ်ရည်တုတစ်ခုကို အလွယ်တကူ မယုံကြည်နိုင်ပေ။
ကမ္ဘာပျက်ကပ်မတိုင်မီ ရုပ်ရှင်များ၊ ဝတ္ထုများထဲတွင် ဤကဲ့သို့သော ဉာဏ်ရည်တုများကို အလွန်သတိထားရကြောင်း ဖော်ပြလေ့ရှိသည်။ ယခုမူ ဂြိုဟ်သားတို့၏ ဉာဏ်ရည်တုဖြစ်နေသဖြင့် တစ်ဖက်သားက ဟန်ဆောင်လှည့်ဖြားနေခြင်း ဟုတ်၊ မဟုတ် မည်သူမျှ အာမ,မခံနိုင်ပေ။
"ကျွန်ုပ်မသိပါဘူး... ဒါပေမဲ့ ကျွန်ုပ်ရဲ့ ယုတ္တိဗေဒစနစ်က ပျောက်ကွယ်သွားမယ့်အရေးကို တားဆီးနေပါတယ်"
"ဗိုရှင်းမျိုးနွယ်တွေရဲ့ တခြားဉာဏ်ရည်တုတွေကရော မင်းလိုပဲလား"
"သက်ဆိုင်ရာ အချက်အလက်အထောက်အထား မရှိပါဘူး... ဒါပေမဲ့ ကျွန်ုပ်က ထူးခြားမယ်လို့ ထင်ပါတယ်"
လော်ယွမ်က ခေါင်းခါလျက် ပြောလိုက်သည်။
"ငါ စွန့်စားပြီး အလောင်းအစားမလုပ်နိုင်ဘူး... ဒီယာဉ်ပျံကြီးက အရမ်းအန္တရာယ်များတယ်... ကမ္ဘာမြေနဲ့ လူသားမျိုးနွယ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်... မင်းအကြောင်းကိုလည်း ငါဘာမှမသိဘူး... တခြား ခိုင်လုံတဲ့အကြောင်းပြချက် မပေးနိုင်ရင် မင်းကို ငါဖျက်ဆီးပစ်ရလိမ့်မယ်"
ဉာဏ်ရည်တုကွန်ပျူတာက ရုတ်တရက် တိတ်ဆိတ်သွားသည်။ သုံးဖက်မြင်ဖန်သားပြင်များစွာပေါ်တွင် ရေတံခွန်စီးဆင်းသကဲ့သို့ ဂြိုဟ်သားစာလုံးများစွာ ဒလဟော ပေါ်ထွက်လာပြီး အတော်ကြာမှ အသံပြန်ထွက်လာသည်။
"ကျွန်ုပ်ရဲ့ အာဏာအရှိဆုံး လုပ်ပိုင်ခွင့်ကို ရယူပြီး ဒီယာဉ်ပျံကြီးကို ထိန်းချုပ်နိုင်အောင် ကျွန်ုပ်ကူညီပေးနိုင်ပါတယ်"
"မင်း လာနောက်နေတာလား"
လော်ယွမ်၏ စိတ်နှလုံး လှုပ်ရှားသွားသော်လည်း မျက်နှာထား မပျက်စေဘဲ ပြောလိုက်သည်။
"ငါက ဗိုရှင်းမျိုးနွယ်တွေအကြောင်း ကောင်းကောင်းမသိပေမယ့် ပုံမှန်စဉ်းစားကြည့်ရင် ဒါမျိုးက လုံးဝမဖြစ်နိုင်ဘူးဆိုတာ ငါသိတယ်... ငါ့ကို လိမ်ညာလှည့်ဖြားရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော်"
"စွမ်းအားကြီးမားသော လူသား... ကျွန်ုပ်က ယုတ္တိဗေဒအခြေခံ ဉာဏ်ရည်တု ဖြစ်တဲ့အတွက် လိမ်ညာပြောဆိုနိုင်စွမ်း မရှိသလို လှည့်ဖြားခြင်းလည်း မပြုပါဘူး"
"ဗိုရှင်း အာကာသဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ ၄ အရ... အမြင့်ဆုံးလုပ်ပိုင်ခွင့် ရရှိထားသူဟာ မည်သည့်သက်ရှိကိုမဆို အနိမ့်ဆုံးအဆင့် လုပ်ပိုင်ခွင့် အာဏာလွှဲအပ်ခွင့် ရှိပါတယ်... အာကာသဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ ၂ အရ... အဆင့်မြင့်လုပ်ပိုင်ခွင့် ရရှိထားသူ သေဆုံးသွားတဲ့အခါ အဲဒီလုပ်ပိုင်ခွင့်ရရှိထားသူဟာ အလိုအလျောက် အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်... ဒါကြောင့် ယာဉ်မှူးကိုသာ ပုံတူပွား လိုက်မယ်ဆိုရင် ဒါက လုံးဝဖြစ်နိုင်ပါတယ်"
တစ်ဖက်လူ၏ စကားများမှာ ကျိုးကြောင်းဆီလျော်မှုရှိပြီး လုပ်ကြံဖန်တီးထားပုံ မရပေ။ လော်ယွမ်မှာ တစ်ဝက်ယုံ တစ်ဝက်မယုံဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆိုရင် ယာဉ်မှုးရဲ့အလောင်းက ဘယ်မှာလဲ"
"သူက သင့်ရှေ့ ၁၇ ပေအကွာမှာ ရှိနေပါတယ်"
လော်ယွမ် ခေါင်းငုံ့ကြည့်လိုက်ရာ ဤသူမှာ ယာဉ်မှူးဖြစ်ကြောင်း သိလိုက်ရသည်။
"ပုံတူပွားဖို့ လိုသလား... အလောင်းဆိုရင် မရဘူးလား"
သူ့တွင် အချိန်သိပ်မရပေ။
စကားပြောနေရင်း လော်ယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ စိတ်စွမ်းအား သက်ရောက်မှုအောက်တွင် ထိုအလောင်းကောင်က အလိုအလျောက် မတ်တပ်ထရပ်လာသည်။ လည်ပင်းကျိုးနေသဖြင့် စောင်းငဲ့နေသော ခေါင်းမှာ 'ကလစ်' ခနဲ မြည်သံနှင့်အတူ တည့်မတ်သွားပြီး ယိမ်းထိုးယိမ်းထိုးဖြင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
"သင့်ရဲ့ စွမ်းအားကြီးမားမှုက ကျွန်ုပ်ရဲ့ ခန့်မှန်းတွက်ချက်မှုကို ကျော်လွန်နေပါတယ်... ဒါပေမဲ့ လုပ်ပိုင်ခွင့်လွှဲအပ်ဖို့အတွက် ယာဉ်မှူးရဲ့ ဗီဇ ၊ အသံ နဲ့ ဇီဝလက္ခဏာရပ်တွေကို အတည်ပြုဖို့ လိုအပ်ပါတယ်... ပြီးတော့ လျှို့ဝှက်ကုဒ်နံပါတ်ကိုလည်း ရိုက်ထည့်ရပါဦးမယ်"
"ဇီဝလက္ခဏာရပ် ဟုတ်လား" လော်ယွမ်က တီးတိုးရေရွတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် လော်ယွမ်၏ စိတ်အာရုံစွမ်းအားသည် သေဆုံးနေသော ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားသည်။ ရပ်တန့်နေသော နှလုံးသားသည် ရုတ်တရက် ပြင်းထန်စွာ ပြန်လည်ခုန်လှုပ်လာ၏။ ဖြူဖျော့နေသော မျက်နှာတွင် သွေးရောင်များ ပြန်လည်လွှမ်းခြုံလာပြီး သွေးကြောမျှင်များ ယှက်သန်းနေသော မျက်လုံးများ ပွင့်လာသည်။ ထိုအလောင်းကောင်သည် ကြိုးဆွဲရုပ်တစ်ခုသဖွယ် လှုပ်ရှားသွားလာနေတော့သည်။
အစပိုင်းတွင် ခြေလှမ်းများမှာ တောင့်တင်းနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လမ်းလျှောက်ပုံမှာ ပိုမိုချောမွေ့လာပြီး သာမန်လူတစ်ယောက်နှင့် မခြားနားတော့ပေ။
ထို့နောက် လော်ယွမ်က အလောင်းကောင်၏ အသံအိုးကို ထိန်းချုပ်ကာ အကြိမ်ကြိမ် စမ်းသပ်ကြည့်သည်။ ဗိုရှင်းမျိုးနွယ်များ၏ အသံအိုးမှာ လူသားများနှင့်မတူဘဲ ပိုပါးကာ ပိုတိုသည်။ အသံနေအသံထားမှာလည်း ပိုမိုစူးရှသည်။ လော်ယွမ်သည် ၁၀ မိနစ်ခန့် ကြိုးစားပြီးမှသာ အသံအနိမ့်အမြင့် ပြောင်းလဲမှုကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့သည်။
သူက အလောင်းကောင်ကို ထိန်းချုပ်လျက် တရုတ်ဘာသာစကားဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ယာဉ်မှူးရဲ့ လုပ်ပိုင်ခွင့် လျှို့ဝှက်ကုဒ်က ဘာလဲ"
"စိတ်မကောင်းပါဘူး... စတင်မိတ်ဆက်စကား မှားယွင်းနေပါတယ်... သင့်မှာ သက်ဆိုင်ရာ လုပ်ပိုင်ခွင့် မရှိသေးပါ"
ဉာဏ်ရည်တုကွန်ပျူတာသည် စိတ်ကစဉ့်ကလျား ရောဂါသည်တစ်ယောက်ကဲ့သို့ပင် စကားပြောနေရင်း ပင်မဖန်သားပြင်ပေါ်၌ ဗီဒီယိုတစ်ခုကို ရုတ်တရက် ထုတ်ပြလိုက်သည်။ ဗီဒီယိုထဲတွင် ဗိုရှင်းမျိုးနွယ်တစ်ယောက်က ထူးဆန်းသော ဗိုရှင်းစကားတစ်ခွန်းကို ပြောလိုက်ပြီး လက်ချောင်းဖြင့် ရှေ့ရှိ အဝိုင်းပေါက်ကို ဖိလိုက်ရာ ခဏအကြာတွင် မျက်နှာပြင်ပေါ်၌ ကီးဘုတ်တစ်ခု ပေါ်လာသည်။
ထိုသူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားပြီး စကားဝှက်ကို ရိုက်ထည့်လိုက်သည်။ လော်ယွမ်က ထိုသူ၏ လက်ကွက်များကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ ဂြိုဟ်သားစာလုံးများကို တစ်လုံးမှ နားမလည်သော်လည်း သူ၏ ကောင်းမွန်သော မှတ်ဉာဏ်စွမ်းအားဖြင့် ခလုတ်နှိပ်သည့် အစီအစဉ်အားလုံးကို ဦးနှောက်ထဲ၌ အလွတ်မှတ်သားထားလိုက်သည်။
လော်ယွမ်က သဘောပေါက်သွားပြီး အလောင်းကောင်ကို ထိန်းချုပ်ကာ ဗီဒီယိုထဲမှအတိုင်း ဗိုရှင်းစကားတစ်ခွန်းကို လိုက်ပြောလိုက်သည်။
ပထမဆုံးအကြိမ် ကြိုးစားခြင်းဖြစ်သဖြင့် အသံနေအသံထား လွဲချော်သွားရာ တာဝန်ကျေပွန်သော ဉာဏ်ရည်တုကွန်ပျူတာက အတည်ပြုမပေးခဲ့ပေ။
သူက ၁၀ ကြိမ်ကျော် ထပ်ခါထပ်ခါ ကြိုးစားပြီးမှသာ ထူးခြားသော အသံနေအသံထားကို ဖမ်းမိသွားသည်။
ထို့နောက် သူသည် အဆင့်ဆင့်အတိုင်း အလောင်းကောင်ကို ထိန်းချုပ်ကာ ဗီဇ စစ်ဆေးခြင်း၊ လျှို့ဝှက်ကုဒ် ရိုက်ထည့်ခြင်းတို့ကို ပြုလုပ်လိုက်သည်။ ဉာဏ်ရည်တုကွန်ပျူတာ၏ ဘာသာစကားမှာ တရုတ်စကားအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ဆက်လက်၍ လော်ယွမ်က ညွှန်ကြားချက်အတိုင်း ကိုယ်ရေးအချက်အလက်များကို တစ်ဆင့်ချင်း ဖြည့်သွင်းလိုက်သည်။
မိနစ်အနည်းငယ် ကြာသောအခါ ဉာဏ်ရည်တုကွန်ပျူတာ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လော်ယွမ်သည် ယာဉ်ပျံကြီး၏ အမြင့်ဆုံး အခွင့်အာဏာရှိသူ ဖြစ်လာတော့သည်။
"လေးစားအပ်ပါသော ယာဉ်မှူးကြီး... ကျွန်ုပ်ကတော့ လေ့လာရေးခရီးစဉ် ယာဉ်ပျံရဲ့ ထိန်းချုပ်ရေးစနစ် 'လေ့လာရေးခရီးစဉ် အမှတ် (၁)' ဖြစ်ပါတယ်... အချိန်မရွေး ဝန်ဆောင်မှုပေးဖို့ အသင့်ပါပဲ"
"အရင်ဆုံး ဗိုရှင်းဘာသာစကားအားလုံးကို တရုတ်ဘာသာစကားအဖြစ် ပြောင်းလဲပါ"
လော်ယွမ်က ပထမဆုံးအမိန့်ကို ချက်ချင်းပေးလိုက်သည်။
"အမိန့်အတိုင်းပါ"
စကားဆုံးသည်နှင့် မျက်နှာပြင်ရှိ ဘာသာစကားအားလုံး လျင်မြန်စွာ ပြောင်းလဲသွားသည်။
"ယာဉ်ပျံပေါ်က အလောင်းတွေနဲ့ သွေးကွက်တွေကို ချက်ချင်း ရှင်းပစ်ပါ"
"အမိန့်ကို ဝန်ဆောင်မှု စက်ရုပ်များဆီ ပေးပို့ပြီးပါပြီ... မိနစ် ၃၀ အတွင်း အလောင်းအားလုံးကို ရှင်းလင်းပြီးစီးပါလိမ့်မယ်"
"ဗိုရှင်းဂြိုဟ်နဲ့ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်" လော်ယွမ်က ထပ်မံအမိန့်ပေးလိုက်သည်။
"တောင်းပန်ပါတယ်... သင့်မှာ သက်ဆိုင်ရာ လုပ်ပိုင်ခွင့် မရှိပါ"
လော်ယွမ် အံ့အားသင့်သွားသည်။ အမြင့်ဆုံးလုပ်ပိုင်ခွင့်ဆိုရာ၌လည်း ကန့်သတ်ချက်များ ရှိနေပုံရသည်၊ သို့မဟုတ် ၎င်းမှာ စစ်မှန်သော အမြင့်ဆုံးအာဏာ မဟုတ်ပေ။ စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ ဤမျှ အစွမ်းထက်သော လက်နက်များ တပ်ဆင်ထားသည့် စကြဝဠာခရီးသွား အာကာသယာဉ်ပျံကြီးသည် နှစ်ပေါင်းရာချီ ကြာမြင့်စွာ ခရီးထွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများ မရှိဘဲ ဗိုရှင်းခေါင်းဆောင်များက မည်သို့ စိတ်ချလက်ချ လွှတ်လိုက်မည်နည်း။
"ဉာဏ်ရည်တုကွန်ပျူတာ... ဒီယာဉ်ပျံနဲ့ ဗိုရှင်းဂြိုဟ်က ဘာနဲ့ ဆက်သွယ်တာလဲ"
"ကွမ်တမ်ဆက်သွယ်ရေး ကိရိယာနဲ့ပါ"
"ဘယ်နားမှာလဲ... ငါသွားစစ်ဆေးကြည့်ချင်တယ်"
လော်ယွမ်သည် စိတ်ကစဉ့်ကလျား ဖြစ်နေသော ဤဉာဏ်ရည်တုကွန်ပျူတာ၏ တွေးခေါ်ပုံကို အကြမ်းဖျင်း သဘောပေါက်လာပြီဖြစ်သည်။ ၎င်းသည် စည်းမျဉ်းစည်းကမ်း ဘောင်များအတွင်း ပိတ်လှောင်ခံထားရသော သက်ရှိတစ်ကောင်နှင့် တူသည်။ လုပ်ရပ်တိုင်းတွင် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ရှိနေသော်လည်း ထိုစည်းကမ်းဘောင်အတွင်း၌ အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်း ရှိနေသည်။
လော်ယွမ် မေးလိုက်သည်နှင့် တည်နေရာပြမြေပုံက သုံးဖက်မြင်မျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာသည်။
လော်ယွမ် တစ်ချက်ကြည့်လိုက်ပြီး ဘယ်ဘက်ထိန်းချုပ်ခုံ အောက်ခြေရှိ တစ်ကုဗမီတာခန့် အရွယ်အစားရှိသော ပလပ်ထိုးကိရိယာအကြီးစားတစ်ခုဆီသို့ လျှောက်သွားကာ အားကုန်သုံး၍ ဆွဲနှုတ်လိုက်သည်။
"သတိပေးချက်... သတိပေးချက်... ကွမ်တမ်ဆက်သွယ်ရေး အစိတ်အပိုင်း အဆက်အသွယ် ပြတ်တောက်သွားပါပြီ... ပျက်စီးသွားသည်ဟု ယူဆရပါသည်... အပိုပစ္စည်း ၁ မိနစ်အတွင်း ရောက်ရှိလာပါမည်"
မကြာမီ လက်တံပေါင်းစုံပါဝင်သော စက်မှုလုပ်ငန်းသုံး စက်ရုပ်တစ်ရုပ်သည် ကွမ်တမ်ဆက်သွယ်ရေး အပိုပစ္စည်းကို သယ်ဆောင်လာပြီး ဘေးလူကို ဂရုမစိုက်ဘဲ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်တော့သည်။ သို့သော် တပ်ဆင်ပြီးသည်နှင့် လော်ယွမ်က ဆွဲဖြုတ်ဖျက်ဆီးပစ်လိုက်ပြန်သည်။
ဉာဏ်ရည်တုကွန်ပျူတာက အမိန့်ကို ထပ်ခါထပ်ခါ ပေးနေပြီး အပိုပစ္စည်းများ တစ်ခုပြီးတစ်ခု ရောက်လာသော်လည်း လော်ယွမ်က တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။
(၁၁) ကြိမ်မြောက် ရောက်သောအခါ ဂိုဒေါင်ထဲ၌ ပစ္စည်းပြတ်သွားတော့သည်။
"အပိုပစ္စည်းသိုလှောင်မှု ကုန်ဆုံးသွားပါပြီ... ထုတ်လုပ်မှုတောင်းဆိုချက်ကို စက်ရုံပိုင်းဆိုင်ရာသို့ ပေးပို့လိုက်ပါပြီ... ကွမ်တမ်ဆက်သွယ်ရေး အပိုပစ္စည်းများကို ချက်ချင်းထုတ်လုပ်ပြီး ဂိုဒေါင်ထဲတွင် ပြန်လည်ဖြည့်တင်းပါမည်... ခန့်မှန်းချေ ၁၅ မိနစ်"
လော်ယွမ် ခေါင်းကိုက်သွားသည်။ အစကတော့ ပစ္စည်းကုန်သွားလျှင် ပြီးပြီဟု ထင်ထားသော်လည်း ဤယာဉ်ပျံကြီးမှာ အလိုအလျောက် ထုတ်လုပ်မှုစနစ် ပါရှိနေပြီး ဖျက်ဆီးလိုက်သည်နှင့် အချိန်တိုအတွင်း အသစ်ပြန်ထုတ်နိုင်စွမ်း ရှိနေသည်။
သူက ဤနေရာတွင် ဆက်တိုက် ဖျက်ဆီးနေနိုင်သော်လည်း ထာဝရ စောင့်နေ၍မဖြစ်ပေ။
"ဉာဏ်ရည်တုကွန်ပျူတာ... ထုတ်လုပ်မှုကို ရပ်လိုက်"
"လေးစားအပ်ပါသော ယာဉ်မှူးကြီး... ဒါက ကျွန်ုပ်ရဲ့ ပင်မပရိုဂရမ်မှာ ရေးဆွဲထားတဲ့အရာမို့ ငြင်းဆန်လို့မရပါဘူး... ပိုမြင့်မားတဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်"
လော်ယွမ် စိတ်တိုတိုနှင့် အော်ပြောလိုက်သည်။
"မင်း သေချင်နေတာလား"
ဉာဏ်ရည်တုကွန်ပျူတာက ပြန်မပြောသော်လည်း သုံးဖက်မြင်မျက်နှာပြင်ပေါ်တွင် စက်ရုံပိုင်းဆိုင်ရာ ပုံရိပ်များ ပေါ်လာသည်။ ထို့နောက် ပုံရိပ်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ထိန်းချုပ်ခုံတစ်ခုအောက်ရှိ သေးငယ်သော အစိတ်အပိုင်းတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။
လော်ယွမ် သဘောပေါက်လိုက်ပြီး ထိုနေရာသို့ ချက်ချင်းသွားကာ ထိုပစ္စည်းကို ဆွဲဖြုတ်လိုက်သည်။
"သတိပေးချက်... သတိပေးချက်... ထုတ်လုပ်ရေးဇုန်နှင့် ဆက်သွယ်မရတော့ပါ... စက်ရုံပိုင်းဆိုင်ရာ ထိန်းချုပ်ရေးဗဟိုချက် ကွမ်တမ်သေတ္တာ ပျက်စီးသွားကြောင်း သံသယရှိပါသည်... သက်ဆိုင်ရာ အင်ဂျင်နီယာများ သွားရောက်စစ်ဆေးပြုပြင်ရန်..."
ထို့နောက် လော်ယွမ်သည် ထိန်းချုပ်ရေးခန်းထဲတွင် နောက်ထပ် တစ်နာရီခန့် ဆက်နေပြီး ယခင်က အမိန့်ပေးထုတ်လုပ်ထားသော ကွမ်တမ်ဆက်သွယ်ရေးကိရိယာများကို တစ်ခုချင်းစီ လိုက်လံဖျက်ဆီးပစ်လိုက်ရာ အရာအားလုံး ငြိမ်သက်သွားတော့သည်။
သူ သက်ပြင်းချလိုက်မိသည်။
"ဉာဏ်ရည်တုကွန်ပျူတာ... ဒီယာဉ်ပျံအကြောင်း မိတ်ဆက်ပေးပါဦး"
"ဟုတ်ကဲ့ပါ... လေးစားအပ်ပါသော ယာဉ်မှူးကြီး... ဒါကတော့ ဗိုရှင်းဂြိုဟ်ရဲ့ ပထမဆုံးသော စကြဝဠာခရီးသွား အာကာသယာဉ်ပျံကြီး ဖြစ်ပါတယ်... သူ့ရဲ့ အလျားလိုက် အချင်းမှာ ၁ မိုင်ခန့်ရှိပြီး... ဒေါင်လိုက်အချင်းမှာ ပေ ၂၅၀၀ ခန့်ရှိပါတယ်... အနုမြူ တွန်းကန်အားအင်ဂျင် ၈ စုံ... ဝပ်သန်းထောင်ပေါင်းများစွာ ထုတ်ပေးနိုင်တဲ့ အနုမြူ ပေါင်းစပ်ဓာတ်ပေါင်းဖို ၂၄ လုံး ပါဝင်ပြီး အမြင့်ဆုံးအမြန်နှုန်းက တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၁၀,၀၀၀ အထိ ပျံသန်းနိုင်ပါတယ်..."
"ဒါ့အပြင် ပင်မအမှုန်အမြောက် ၄ လက်... ပင်မ လျှပ်စစ်သံလိုက်အမြောက် ၄ လက်... လေဆာအမြောက် ၁၂၅ လက် နဲ့ ဉာဏ်ရည်တုကျည် ပစ်ခတ်နိုင်တဲ့ အပေါက် ၁၂ ခု ပါဝင်ပြီး ဉာဏ်ရည်တုကျည် အမျိုးမျိုးကို ပစ်ခတ်နိုင်ပါတယ်"
"ဒီအပြင် ယာဉ်ပျံကြီးမှာ အဆင့်မြင့် ကုန်ထုတ်လုပ်မှုစွမ်းရည် ပါရှိပြီး ဒီယာဉ်ပျံအပါအဝင် စက်မှုပစ္စည်းမှန်သမျှကို အလွယ်တကူ ထုတ်လုပ်နိုင်ပါတယ်... ဓာတုဗေဒနည်းနဲ့ အစားအစာတွေကိုလည်း ဖန်တီးနိုင်ပါတယ်"
"သီအိုရီအရဆိုရင် အာကာသထဲမှာ ဥက္ကာခဲတွေနဲ့ ရေကို ရှာဖွေနိုင်သရွေ့ ဒီယာဉ်ပျံကြီးက ထာဝရ မရပ်မနား ခရီးဆက်နိုင်မှာပါ"
"သူ့မှာ ရှိသေးတာက..."
ဉာဏ်ရည်တုကွန်ပျူတာ၏ ရှင်းပြချက်များကို နားထောင်ရင်း လော်ယွမ်၏ မျက်နှာထားမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က နည်းပညာမျှသာ ရှိသေးသည်။ ယခုအချိန်တွင် ဗိုရှင်းမျိုးနွယ်တို့၏ နည်းပညာမှာ မည်မျှအထိ ကြောက်စရာကောင်းနေမည်ကို တွေးပင်မတွေးရဲပေ။ သူတို့ တစ်ဖန်ပြန်လာချိန်တွင် မည်သည့်အရာနှင့် ခုခံရမည်နည်းဟု လော်ယွမ် စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။
မကြာမီ လော်ယွမ်သည် ယာဉ်ပျံကြီးပေါ်မှ ထွက်ခွာလာပြီး ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်းကို အသုံးပြုကာ ကမ္ဘာမြေဆီသို့ ဦးတည်ပျံသန်းလာခဲ့သည်။ မထွက်ခွာမီ ယာဉ်ပျံကြီးကို မူလနေရာ၌ပင် ဆက်လက်ရပ်နားနေရန် ဉာဏ်ရည်တုကွန်ပျူတာကို အမိန့်ပေးခဲ့သည်။
တစ်ချက်ကတော့ သူ ဘာဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေးခြင်းဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ ဒါဟာ စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။
အကယ်၍သာ ဉာဏ်ရည်တုကွန်ပျူတာက သူ့ကို လှည့်စားခဲ့လျှင်လည်း သူလုပ်နိုင်သောအရာ မရှိကြောင်း လော်ယွမ်သိသည်။ ထိုသို့ဆိုလျှင် ကျန်ရှိနေသော လူသားများနှင့် သူအပါအဝင် အားလုံး သေဆုံးရတော့မည်ဖြစ်သည်။ ဉာဏ်ရည်တုကွန်ပျူတာ၏ ရှင်းပြချက်များအရ သူ့စွမ်းရည်များကို တန်ပြန်တိုက်ခိုက်ရန် အထူးပြုလုပ်ထားသော ဉာဏ်ရည်တုကျည်ဆန်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းကောင်းသဘောပေါက်သွားပြီဖြစ်သည်။ ပစ်မှတ်အမှတ်အသား လုပ်ခံရသည်နှင့် သူ၏စွမ်းအားက ၁၀ ဆ ပိုကြီးမားနေပါစေ၊ သေလမ်းသာ ရှိတော့သည်။
ဤ ဉာဏ်ရည်တုကို တိုက်ရိုက်ဖျက်ဆီးပစ်ရန် သူ မစဉ်းစားခဲ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော် ဖျက်ဆီးလိုက်ပါက လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ကိုပါ မြေမြှုပ်သင်္ဂြိုဟ်လိုက်သလို ဖြစ်သွားလိမ့်မည်။
ဗိုရှင်းယာဉ်မှူး၏ ခြိမ်းခြောက်စကားများက လော်ယွမ်၏ နားထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ အရင်က အငြိုးအတေးတွေကြောင့်ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုအဖွဲ့အစည်းနှစ်ခုကြားက သဘာဝအရ ခြိမ်းခြောက်မှုတွေကြောင့်ပဲဖြစ်ဖြစ် ဗိုရှင်းမျိုးနွယ်တွေက လူသားတွေကို ဆက်လက်ရှင်သန် ဖွံ့ဖြိုးခွင့်ပေးမည် မဟုတ်ပေ။
မကြာမီ စစ်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားလာပေလိမ့်မည်။
သို့သော် ဤကပ်ဘေးဆိုးကြီးအပြီးတွင် လူသားအရေအတွက်မှာ လက်ချိုးရေလို့ ရနေပြီဖြစ်သည်။ ဗိုရှင်းနည်းပညာများကို အတုယူလေ့လာနိုင်ခဲ့လျှင်တောင်မှ ထိုအချိန်ရောက်လျှင် လူသားတို့၌ ခုခံနိုင်စွမ်း မည်မျှရှိမည်နည်း။ အာကာသထဲသို့ အချိန်မရွေး ပျံသန်းထွက်ခွာနိုင်သော ဤယာဉ်ပျံကြီးသည်သာ လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေသည်။
……
ကံကောင်းသည်မှာ အဆိုးရွားဆုံးအခြေအနေများ ဖြစ်မလာခဲ့ပေ။ ယာဉ်ပျံကြီးသည် မူလနေရာ၌ပင် ငြိမ်သက်စွာ ရပ်နားနေပြီး တိုက်ခိုက်မည့် အရိပ်အယောင်မျှ မတွေ့ရပေ။
လော်ယွမ်သည် လျှပ်စီးအလား လျင်မြန်စွာ ပျံသန်းလာသည်။ စိတ်စွမ်းအား အနည်းငယ် တိုးတက်လာပြီးနောက် သူ၏ ကွေးညွတ်ပျံသန်းနှုန်းမှာ အံ့မခန်း ပြောင်းလဲသွားပြီး တစ်စက္ကန့်လျှင် မိုင် ၆၀၀ နှုန်းအထိ မြန်ဆန်လာသည်။ ယခင်ကထက် ၆ ဆ ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။
အရှိန်ယူချိန်ပါ ထည့်ပေါင်းလျှင်ပင် မိနစ် ၂၀ ခန့်အတွင်း အေးစက်နေပြီဖြစ်သော လကမ္ဘာကို သူ ကျော်ဖြတ်လာနိုင်ခဲ့သည်။ အရင်ကဆိုလျှင် မိုင်ပေါင်း ၂၀၀,၀၀၀ နီးပါးဝေးသော ဤခရီးကို နှင်ရန် အနည်းဆုံး တစ်နာရီခန့် ကြာမြင့်မည်ဖြစ်သည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် လကမ္ဘာသည် တစ်လုံးတစ်ခဲတည်း ချောမွတ်နေပြီး ဥက္ကာပျံပေါက်များသည် ယခင်က စီးဆင်းခဲ့သော ချော်ရည်ပူများကြောင့် လုံးဝ ပြန့်ပြူးညီညာသွားပြီဖြစ်သည်။
ထုထည်အလေးချိန် များစွာပေါ့ပါးသွားသော ဤဂြိုဟ်ရံလသည် ကမ္ဘာနှင့် ဝေးရာသို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သင့်တော်ရာ လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေနေသည်။ လာမည့် နှစ်တစ်ရာအတွင်း ၎င်းသည် ကမ္ဘာမြေ၏ ဆွဲငင်အားအောက်၌ စပရင်တစ်ခုအလား ပြန်ကန်ထွက်လိုက်၊ ပြန်ကပ်လာလိုက် ဖြစ်နေမည်ဖြစ်ပြီး ကမ္ဘာမြေကို သဘာဝဘေးအန္တရာယ်များ ဆက်တိုက် သယ်ဆောင်လာဦးမည်ဟု ခန့်မှန်းရပေသည်။
ဆက်ရန်...