← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 23 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 23 Ch. 449-450

အပိုင်း (၄၄၉) ခေတ်ပျက်ကြီး၏ နိဒါန်း (၁)

"သန်းခေါင်ထက်ညဉ့်မနက်တော့ဘူး" ဆိုသည့် စကားလိုပင် ဗိုရှင်းဂြိုဟ်သားများ၏ ဖျက်ဆီးမှုအပြီးတွင် ကမ္ဘာကြီး၏ အခြေအနေမှာ ဆိုးရွားသည်ထက် ဆိုးရွားနေပြီ ဖြစ်သည်။ ကပ်ဘေးများကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။

အာကာသထဲမှ ငုံ့ကြည့်လိုက်လျှင် ကမ္ဘာတစ်ခုလုံးကို မီးခိုးရောင်မြူခိုးများ လွှမ်းခြုံထားသည်ကို တွေ့ရပေမည်။ ထိုမြူခိုးများသည် ဖြည်းညင်းစွာ ရွေ့လျားနေသည်။

မိုင်ပေါင်း နှစ်သိန်းခွဲကျော် ဝေးကွာသော အာကာသထဲမှ ကြည့်ရှုနေရသဖြင့် ဖြည်းညင်းစွာ ရွေ့လျားနေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ကမ္ဘာတစ်ဝန်းလုံး၌ တိုက်ခတ်နေသော လေပြင်းမုန်တိုင်းများသာ ဖြစ်လေသည်။

လေထုသည် ရူးသွပ်မတတ် လှုပ်ရှားမွှေနှောက်နေပြီး ဖုန်မှုန့်များနှင့်အတူ သစ်ပင်များ၊ ကျောက်တုံးများကိုပါ လေထဲသို့ ဆွဲတင်ကာ လွင့်ပျံစေခဲ့သည်။ သာမန်မျက်စိဖြင့် မြေပြင်အနေအထားကို မမြင်နိုင်တော့ပေ။ ဆန့်ကျင်ဘက်ဒြပ်သားဗုံး ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ စတင်လာပြီဖြစ်ရာ အနုမြူဆောင်းရာသီသည် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

ထို့အပြင် ယခင်က ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ပေါက်ကွဲမှုများကြောင့် ကမ္ဘာ့မြေလွှာများ နေရာရွေ့သွားခဲ့ကြသည်။ ကမ္ဘာ့ကျွန်းကြီးဟု တင်စားခေါ်ဝေါ်သော ဥရောပတိုက်သည် တကယ့်ကျွန်းစုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မြောက်အမေရိကနှင့် တောင်အမေရိကတိုက်တို့သည် လုံးဝ ကွဲထွက်သွားကြပြီး မြောက်အမေရိကတိုက်တွင်မူ ကြီးမားသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။

ဗိုရှင်းဂြိုဟ်သားများ၏ ဖျက်ဆီးမှု စတင်ချိန်မှ ယခုအချိန်အထိ နာရီပိုင်းမျှသာ ရှိသေးသော်လည်း ကမ္ဘာမြေပေါ်တွင် မီးတောင်ပေါင်း ရာနှင့်ချီ၍ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုမီးတောင်များမှ အချိန်နှင့်အမျှ တန်ချိန်သန်းပေါင်းများစွာရှိသော ပြာမှုန့်များနှင့် အရာဝတ္ထုများကို ကောင်းကင်ယံသို့ မှုတ်ထုတ်နေသဖြင့် ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

သို့သော် ဤသည်မှာ အစပျိုးခြင်းမျှသာ ရှိသေးသည်။ ကမ္ဘာ့မြေလွှာများ ပြန်လည်တည်ငြိမ်သွားရန် အချိန်ကာလ ကြာမြင့်စွာ ယူရဦးမည်ဖြစ်သည်။

လာမည့် ခြောက်လ သို့မဟုတ် နှစ်အနည်းငယ်အတွင်း မီးတောင်ပေါက်ကွဲမှု အရေအတွက် အဆမတန် များပြားလာနိုင်ပြီး အနုမြူဆောင်းရာသီသည် ဆယ်နှစ်ထက်မနည်း ကြာမြင့်နိုင်ပေသည်။

(အနုမြူဆောင်းရာသီဆိုတာက အနုမြူဗုံးပေါက်ပြီး ထွက်လာတဲ့မီးခိုးတွေ အမှုန်တွေက တိမ်တိုက်တွေဖြစ်ပြီး ကောင်းကင်ကို ပိတ်စို့ထားလိုက်လို့ နေရောင်ခြည်က ကမ္ဘာမြေကို မကျရောက်နိုင်တော့ပဲ တစ်ကမ္ဘာလုံးရေခဲသွားတာကိုပြောတာပါ။ တစ်ကမ္ဘာလုံး အနုမြူဆောင်းရာသီဖြစ်ဖို့ကတော့ အနုမြူဗုံး ထောင်ချီဖောက်ခွဲဖို့လိုပါတယ်တဲ့)

လော်ယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံနေသည်။

ယခုတစ်ကြိမ် ကပ်ဘေးမှာ ဆိုးရွားလွန်းလှသည်။ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများ ဖြစ်လျှင်ပင် ရက်စက်ကြမ်းကြုတ်သော အခြေအနေများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုသည် ကမ္ဘာပျက်ကပ် ဦးဆုံးကာလကဲ့သို့ အန္တရာယ်များဖြင့် ပြည့်နှက်နေခြင်းမျိုး မဟုတ်ဘဲ ပိုမိုကြောက်မက်ဖွယ် ကောင်းနေသည်။

လူသားများသည် အလင်းရောင် လုံးဝပျောက်ဆုံးသွားသည့် ဆိုးရွားသော ပတ်ဝန်းကျင်အောက်တွင် ရှည်လျားလှသော ဆောင်းရာသီကြီးကို ဖြတ်သန်းရတော့မည် ဖြစ်သည်။

သူက အဆက်မပြတ် ပျံသန်းလာခဲ့ရာ မိနစ်ပိုင်းအတွင်းမှာပင် မိုင်ပေါင်း နှစ်သိန်းခွဲခန့် ခရီးပေါက်ခဲ့ပြီး ကမ္ဘာ့လေထုထဲသို့ အရှိန်ဖြင့် ဝင်ရောက်လာခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ မြင်ကွင်းများမှာ မှောင်မိုက်လာပြီး သဲမှုန်များနှင့် ကျောက်တုံးများပါဝင်သော လေပြင်းမုန်တိုင်းများက အရပ်မျက်နှာ အနှံ့အပြားတွင် တိုက်ခတ်လျက်ရှိသည်။

လော်ယွမ်သည် ဟင်းလင်းပြင်စက်ဝန်း အတွင်းတွင် ရှိနေသဖြင့် ပြင်ပမှ ထိခိုက်မှုများကို ကာကွယ်ထားနိုင်သော်လည်း လေထုအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လေစီးကြောင်းများသည် တစ်စက္ကန့်လျှင် ပေ ၃၀၀ ကျော်နှုန်းဖြင့် တိုက်ခတ်နေသည်။ တိုင်ဖွန်းမုန်တိုင်း စံနှုန်းဖြင့် တွက်ချက်ကြည့်မည် ဆိုပါက အဆင့် ၁၈ ရှိသော စူပါတိုင်ဖွန်းမုန်တိုင်းထက်ပင် ပိုမိုပြင်းထန်နေသည်။

ကမ္ဘာမြေကြီးတစ်ခုလုံး စိစိညက်ညက် ကြေမွပျက်စီးနေပြီ ဖြစ်သည်။ ယခင်က သစ်တောများဖြင့် စိမ်းလန်းခဲ့သော မြေပြင်သည် ယခုအခါ အကွက်လိုက် ဖြစ်နေသည်။

နေရာအနှံ့အပြားတွင် လဲကျနေသော သစ်ပင်များကို တွေ့ရသည်။ အထိနာခဲ့သော ဥရောပနှင့် မြောက်အမေရိကတိုက်တို့တွင် ကျယ်ပြန့်သော သဲကန္တာရပြင်ကြီးများ ဖြစ်ပေါ်နေပြီး အဆင့်မြင့် ဧရာမသစ်ပင်ကြီး အနည်းငယ်သာ မလဲမပြိုဘဲ ကျန်ရစ်တော့သည်။

လော်ယွမ်သည် မျှော်လင့်ချက်မြို့တော် တည်ရှိရာနေရာကို ခက်ခက်ခဲခဲ မှန်းဆကြည့်နေရသည်။ အချိန်အတန်ကြာမှသာ အနီးအနားရှိ မြေပြင်အနေအထားကို ကြည့်ရှုပြီး မြို့တော်တည်ရှိရာ နေရာကို အကြမ်းဖျင်း ရှာဖွေတွေ့ရှိလိုက်သည်။

ထိုနေရာတွင် မြို့ပြတစ်ခု၏ အငွေ့အသက်ဟူသမျှ လုံးဝ မတွေ့ရတော့ပေ။ မျက်စိတစ်ဆုံး ကြည့်လိုက်ပါက မိုးကောင်းကင်ကို ဖုံးကွယ်ထားသော သဲမုန်တိုင်းများကိုသာ တွေ့မြင်နေရသည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ မြေပြင်နေရာအများစုမှာ ပြိုကျနေခြင်းဖြစ်သည်။ လေပြင်းနှင့် သဲမုန်တိုင်းများအကြားတွင် ချိုင့်ဝှမ်းနက်ကြီးများ ဖြစ်ပေါ်နေသည်။ မိုင်ရာချီ ရှည်လျားသော မြေကွဲကြောင်းကြီးတစ်ခုက မူလမြို့တော်တည်ရှိရာ နေရာကို နှစ်ပိုင်းကွဲသွားအောင် ခွဲခြားလိုက်သည်။

သူ၏ ဟင်းလင်းပြင်ကွေးညွတ်ခြင်း ပျံသန်းမှုအရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်းထောင်ချီ ခရီးပေါက်နိုင်သည်။

အကယ်၍ သတိမထားမိဘဲ အရှိန်မထိန်းလိုက်ပါက ကမ္ဘာ့ဗဟိုချက်ဆီသို့ တိုးဝင်သွားနိုင်သဖြင့် လေထုထဲသို့ ဝင်ရောက်လာကတည်းက အရှိန်ကို တဖြည်းဖြည်း လျှော့ချလာခဲ့သည်။

မြေပြင်နှင့် နီးကပ်လာချိန်တွင် သူ၏အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မိုင်အနည်းငယ်မျှသာ ရှိတော့သည်။

သူက ဟင်းလင်းြ့ပင်စက်ဝန်းကို ဖြည်းညင်းစွာ ဖြေလျော့လိုက်သည်။ သို့သော် ခန္ဓာကိုယ်နှင့် ပြင်ပလေထု ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရပ်တန့်ခြင်းမရှိ တိုက်ခတ်နေသော သဲမုန်တိုင်းကြောင့် လေထဲသို့ လွင့်ပါသွားတော့သည်။

သူက လေထဲတွင် တလိမ့်လိမ့် ဖြစ်နေရသည်။ သူ၏ ကိုယ်အလေးချိန်မှာ ပေါ့ပါးသူဖြစ်ရာ ခွန်အားမည်မျှပင် ကြီးမားစေကာမူ ဤကဲ့သို့သော လေပြင်းမုန်တိုင်းမျိုးကို ရင်ဆိုင်ရချိန်တွင် မည်သို့မျှ မတတ်နိုင်ဖြစ်နေရသည်။

ထိုအချိန်အတွင်း စိတ်စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ကြိုးစားသော်လည်း အရာမထင်ပေ။ သူ၏ စိတ်စွမ်းအားသည် ပေါင်ရာဂဏန်းခန့်ကိုသာ ထိန်းချုပ်နိုင်စွမ်းရှိရာ ဤကဲ့သို့သော စူပါသဲမုန်တိုင်းကြီး၏ ရှေ့မှောက်တွင် မည်သို့မျှ အသုံးမဝင်ချေ။

လော်ယွမ် နောင်တရမိသွားသည်။ စောစောက အိမ်မှထွက်လာစဉ် အလျင်လိုနေခဲ့သဖြင့် သရဲမျက်နှာမြင်း၏ လည်ဆံမွေးဖြင့် ပြုလုပ်ထားသော ခါးပတ်ကို ယူမလာမိခဲ့ပေ။ အကယ်၍ ထိုခါးပတ်ပါလာခဲ့လျှင် ဤမျှပြင်းထန်သော လေတိုက်ခတ်မှုကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်သည်။

သူ့ခန္ဓာကိုယ်မှာ လေပြင်းဒဏ်ကြောင့် လွင့်ပါနေရသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ နေရာရွှေ့ပြောင်းခြင်း အစွမ်းကို အသုံးပြုလိုက်သည်။

နောက်တစ်ခဏတွင် သူသည် မြေကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ကြိုတင်ပြင်ဆင်ထားသဖြင့် လေမတိုက်ခတ်မီ လက်နှစ်ဖက်ကို မြေကြီးထဲသို့ စိုက်ဝင်ထားလိုက်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။

ယခုအချိန်သည် နောက်တစ်နေ့ မနက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် နေရောင်ခြည် လင်းလက်တောက်ပနေရမည့် အချိန်ဖြစ်သော်လည်း ယခုအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်။ ခေါင်းပေါ်ရှိ နေရောင်ခြည်ကို အဆုံးအစမဲ့ သဲမုန်တိုင်းများက ဖုံးကွယ်ထားလိုက်ပြီ ဖြစ်သည်။

ထို့နောက် သူ၏အာရုံခံနိုင်စွမ်းကို မြေအောက်သို့ စေလွှတ်လိုက်ပြီး နေရာရွှေ့ပြောင်းခြင်းဖြင့် ပျောက်ကွယ်သွားတော့သည်။

မြေအောက် ပထမထပ်သည် လုံးဝပျက်စီးနေပြီ ဖြစ်သည်။ ပြိုကျနေသော နေရာများမှတစ်ဆင့် သဲမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်နေသည်။ အဆောက်အအုံ အများစုမှာ ပြိုကျပျက်စီးနေပြီး သဲထူထပ်စွာ ဖုံးလွှမ်းနေသော လမ်းမများပေါ်တွင် ရံဖန်ရံခါဆိုသလို လူသေအလောင်းများကို တွေ့နေရသည်။

ကံကောင်းသည်မှာ ဤနေရာသည် ဂိုဒေါင် ဧရိယာဖြစ်သဖြင့် ဝန်ထမ်းနည်းပါးကာ သေဆုံးဒဏ်ရာရသူ သိပ်မများလှပေ။

လော်ယွမ်သည် လေးထပ်မြောက်အထိ ဆင်းသွားသော်လည်း အခြေအနေမှာ အတူတူပင် ဖြစ်သည်။ လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေသည်။

ဟွမ်ကျားဟွေတို့၏ အခြေအနေကို သိရှိလိုစိတ် ပြင်းပြလာသဖြင့် သူ၏ရင်ထဲတွင် စိုးရိမ်ပူပန်လာမိသည်။ သူက ကြမ်းခင်းအက်ကွဲကြောင်းများမှတစ်ဆင့် အောက်ထပ်များသို့ ခုန်ချကာ ဆင်းသွားလိုက်သည်။

ကံကောင်းသည်မှာ အောက်ထပ်သို့ ရောက်လေ အခြေအနေ ကောင်းမွန်လေ ဖြစ်သည်။ သတ္တမမြောက်အထပ်သို့ ရောက်သောအခါ ကြမ်းပြင်တွင် သဲများဖုံးလွှမ်းနေသည်မှလွဲ၍ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိပေ။ သို့သော် လျှပ်စစ်မီးများ လုံးဝပြတ်တောက်နေသဖြင့် အမှောင်အတိ ကျနေသည်။

ဤအထပ်သည် လူနေရပ်ကွက်များနှင့် အပေါ့စားစက်မှုဇုန်များ ရှိရာနေရာ ဖြစ်သည်။ လမ်းမများပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော လူအုပ်ကြီးကို တွေ့ရပြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက အခြေခံ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို ကြိုးစားလုပ်ဆောင်နေကြသည်။

"အစိုးရက နည်းလမ်းရှာနေပါတယ်... အားလုံး အဆင်ပြေသွားမှာပါ... ပြည်သူလူထုအနေနဲ့ တည်ငြိမ်စွာ နေထိုင်ကြဖို့ မေတ္တာရပ်ခံပါတယ်... ကျွန်တော်တို့မှာ အစားအသောက်နဲ့ ရေ အလုံအလောက် ရှိပါသေးတယ်... စိုက်ပျိုးရေးဇုန်တွေကလည်း ပုံမှန်လည်ပတ်နေပါတယ်... ကျွန်တော်တို့အားလုံး စည်းလုံးမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်မှာပါ..." အစိုးရဝန်ထမ်းတစ်ဦးက အသံချဲ့စက်ကို ကိုင်ကာ အသံကုန်အော်ဟစ်၍ လိုက်လံပြောဆိုနေသည်။

လော်ယွမ် ခေတ္တမျှ ရပ်နားထောင်လိုက်ပြီးနောက် နှုတ်ဆိတ်နေလိုက်သည်။ ထို့နောက် ကြပ်တည်းနေသော လူအုပ်ကြီးကို တိုးဝှေ့ကာ လူသွားလမ်းအတိုင်း ဆက်လျှောက်သွားလိုက်သည်။

အဋ္ဌမမြောက်အထပ်တွင်လည်း ထိုနည်းလည်းကောင်းပင်။ လမ်းမပေါ်တွင် လူများဖြင့် ပြည့်နှက်နေသည်။ အချို့က အော်ဟစ်ငိုကြွေးနေကြပြီး အချို့မှာမူ ထိတ်လန့်လွန်းသဖြင့် ထုံထိုင်းမှိုင်တွေနေကြသည်။ အချို့မှာ ကြောက်ရွံ့စိတ်ကြောင့် တဆတ်ဆတ် တုန်ရီနေကြသည်။

လူအများစုမှာ မီးတုတ်များကို ကိုင်ဆောင်ထားကြပြီး ဝိညာဉ်မဲ့နေသော ဖုတ်ကောင်များပမာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေကြသည်။

ကမ္ဘာပျက်ကပ် ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုနှစ်များအတွင်း လူသားများသည် စည်းကမ်းတကျ နေထိုင်တတ်မှုနှင့် အသားကျနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စစ်သားများနှင့် ရဲများကလည်း လုံခြုံရေးယူထားသဖြင့် လူတိုင်း စိတ်ပျက်အားငယ်နေကြသော်လည်း ရုန်းရင်းဆန်ခတ်မှုနှင့် မကောင်းမှုဒုစရိုက်များ ဖြစ်ပွားခြင်း မရှိပေ။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ ယခုအချိန်တွင် သူ အိမ်သို့ အမြန်ဆုံး ပြန်ရောက်ချင်နေပြီ ဖြစ်သည်။

မကြာမီ မြေအောက် ၉ ထပ်သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သူ့အိမ်ရှိသော်လည်း အိမ်ထဲသို့ မဝင်နိုင်မီ လူတစ်ယောက်က လမ်းပိတ် တားဆီးလိုက်သည်။

ဟွမ်ကျားဟွေလည်း ထိုလူ၏ဘေးတွင် ရှိနေသည်။ လော်ယွမ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး စိတ်အေးသွားပုံရသည်။

"သူတို့ ရှင်ပြန်လာတာကို စောင့်နေကြတာ ကြာပြီ" ဟွမ်ကျားဟွေက ပြောလိုက်သည်။ သူမ၏ ရင်ထဲတွင် ပြောချင်စရာ စကားများ ပြည့်နှက်နေသော်လည်း လက်ရှိအခြေအနေအရ မြိုသိပ်ထားလိုက်ရသည်။

လော်ယွမ် ခေါင်းညိတ်ပြလိုက်ပြီး ဧည့်သည်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုသူမှာ သူနှင့်ရင်းနှီးပြီးသားဖြစ်သော မျှော်လင့်ချက်မြို့တော်၏ ဒုတိယမြို့တော်ဝန် ပိကျန့်ဖိန် ဖြစ်သည်။ ပိကျန့်ဖိန်၏ မျက်နှာမှာ မဲညစ်ကာ လေးပင်နေသည်။

"ဌာနမှူးယွမ်... မင်္ဂလာပါ... အခုလို လာနှောင့်ယှက်ရတာ အားနာပါတယ်... ဒါပေမဲ့ မျှော်လင့်ချက်မြို့တော်ရဲ့ အခြေအနေက သေရေးရှင်ရေး တိုက်ပွဲဝင်ရတော့မယ့် အနေအထား ဖြစ်နေပါပြီ... မြို့သားတစ်ယောက်အနေနဲ့ ဒီအစိုးရအဖွဲ့ အစည်းအဝေးကို မဖြစ်မနေ တက်ရောက်ပေးပြီး အကြံဉာဏ်ပေးပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်"

သူသည် လော်ယွမ်ကို စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ဒုတိယမြို့တော်ဝန်တစ်ယောက်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်စောင့်ဆိုင်းနေရခြင်းမှာ အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ဖြစ်သည်။

ယခုအခါ ဆက်သွယ်ရေးလိုင်းများ အားလုံး ပြတ်တောက်နေပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ် သဲမုန်တိုင်းများ တိုက်ခတ်နေသဖြင့် သွားလာရေး ခက်ခဲကာ သတင်းအချက်အလက် ရယူရန် မဖြစ်နိုင်တော့ပေ။ စဉ်းစားလေလေ လော်ယွမ်ကို အားကိုးရန်မှတစ်ပါး အခြားနည်းလမ်း မရှိလေ ဖြစ်နေသည်။

ဗိုရှင်းဂြိုဟ်သားများ၏ တိုက်ခိုက်မှုမှာ ညဉ့်နက်ပိုင်းတွင် ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်မှ လူများမှာ မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မရှိဘဲ အလစ်အငိုက် မိသွားခဲ့ကြသည်။ ဆန့်ကျင်ဘက်ဒြပ်သားဗုံး ပေါက်ကွဲချိန်တွင် ပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်းများ ကြောင့် ဆက်သွယ်ရေးနှင့် လျှပ်စစ်စနစ်များ အားလုံး ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ယခုအချိန်အထိ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူတို့ ရေရေရာရာ မသိရှိကြသေးပေ။

အချို့ကမူ လူတစ်စု စိတ်ဖောက်ပြန်ပြီး ရှိသမျှ အနုမြူဗုံးများကို ဖောက်ခွဲကာ လူသားအားလုံးနှင့်အတူ အသေခံသွားကြသည်ဟု ထင်ကြေးပေးနေကြသည်။ ထိုထင်မြင်ချက်ကို လူအများစုက လက်ခံထားကြသော်လည်း လက်တွေ့ကြုံတွေ့နေရသော တိုက်ခိုက်မှုမှာ ထိုထက် အဆပေါင်းသောင်းချီ ပိုမိုကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမျှ တွေးမထားခဲ့ကြပေ။

လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး "သိပြီ... ကျွန်တော့်လည်း ခင်ဗျားတို့ကို ပြောစရာ သတင်းတချို့ ရှိတယ်... သွားကြတာပေါ့" ဟု ပြောလိုက်သည်။

အိမ်ဝသို့ ရောက်နေပြီ ဖြစ်သော်လည်း အရေးကြီးကိစ္စ ပေါ်လာသဖြင့် ဝင်မနေတော့ပေ။ လော်ယွမ်က ဟွမ်ကျားဟွေကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ပိကျန့်ဖိန်နှင့်အတူ ထွက်ခွာသွားလိုက်သည်။

မကြာမီ လော်ယွမ်သည် ပိကျန့်ဖိန်နှင့်အတူ မြို့တော်ခန်းမ အစည်းအဝေးခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် ဆေးလိပ်ငွေ့များ လှိုင်ခနဲ ထွက်လာသည်။

လော်ယွမ် တစ်ချက်ဝေ့ကြည့်လိုက်ရာ အစည်းအဝေး တက်ရောက်သူ ၅ ဦးသာ ရှိသည်ကို တွေ့ရသည်။ စားပွဲပေါ်ရှိ ဆေးလိပ်ပြာခွက်ထဲတွင် ဆေးလိပ်တိုများ ပြည့်လျှံနေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်သည်။

လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ အားလုံးက လှမ်းကြည့်ကြသည်။ အချို့က မျက်နှာထား တင်းမာနေကြပြီး အချို့မှာမူ သတိထားကာ ကြောက်ရွံ့နေပုံ ရသည်။ အချို့ကမူ ခေါင်းညိတ်၍ နှုတ်ဆက်ကြသည်။

လော်ယွမ်က အားလုံးကို ပြန်လည် ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး နောက်ဘက်ရှိ ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

အစည်းအဝေးကို ပိကျန့်ဖိန်က ဦးဆောင်ဆွေးနွေးသည်။ "ဒီကပ်ဘေးဆိုးကြီးထဲမှာ မြို့တော်ဝန် ရှဲ့ကူဖိန်နဲ့ ဒုတိယမြို့တော်ဝန် ကျိုးကျန့်ကောတို့ ဝမ်းနည်းဖွယ်ရာ ကျဆုံးသွားခဲ့ပါပြီ... လုပ်ထုံးလုပ်နည်းအရ ဒီအစည်းအဝေးကို ကျွန်တော်က ယာယီဦးဆောင်ပါမယ်... ဓားတရားအဖွဲ့ က ဌာနမှူးယွမ်ကိုလည်း အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်"

"လက်ရှိအခြေအနေက အရမ်းစိုးရိမ်ရတယ်... ကမ္ဘာ့အပြင်နဲ့ အဆက်အသွယ် လုံးဝပြတ်တောက်နေပြီ... တခြားမြို့တွေနဲ့ရော မြို့သစ်နဲ့ပါ အဆက်အသွယ် မရတော့ဘူး... အဲဒီတော့ အရေးအကြီးဆုံးအနေနဲ့ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေကို အမြန်ဆုံး ပြန်လည်ပြုပြင်ရပါမယ်..."

"စကားဖြတ်ပြောရတာ စိတ်မရှိပါနဲ့" လော်ယွမ်က ဝင်ပြောလိုက်သည်။

"ရပါတယ် ဌာနမှူးယွမ်... ပြောပါခင်ဗျာ" လူသားအသွင် မဟာဗျူဟာလက်နက်ကြီး ဖြစ်သော လော်ယွမ်ကို ပိကျန့်ဖိန် မလွန်ဆန်ရဲပေ။

"ဆက်သွယ်ဖို့ ကြိုးစားနေစရာ မလိုတော့ဘူး... ပြောရရင်တော့ မြို့သစ်ဆိုတာ မရှိတော့ဘူး... ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ နေရာအတော်များများ ပျောက်ကွယ်သွားပြီ... အခုလောက်ဆို အသက်ရှင်ကျန်ရစ်သူ ရှိနိုင်တာက မျှော်လင့်ချက်မြို့နဲ့ အနီးနားက မြို့ သုံးလေးမြို့လောက်ပဲ ရှိတော့မယ်" လော်ယွမ်က လေးပင်သော လေသံဖြင့် ပြောလိုက်သည်။

လော်ယွမ်၏ စကားသည် တည်ငြိမ်နေသော ရေပြင်ကို ကျောက်ခဲဖြင့် ပစ်ပေါက်လိုက်သကဲ့သို့ ဂယက်ထသွားစေသည်။ လူတိုင်း ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ကြပြီး "မဖြစ်နိုင်တာ... လုံးဝမဖြစ်နိုင်ဘူး... ပြန်လည်တည်ဆောက်ရေးဇုန်မှာရှိတဲ့ အနုမြူဗုံးတွေ အကုန်ပေါက်ကွဲရင်တောင် ဒီလောက်ပြင်းထန်တဲ့ အဖျက်စွမ်းအား မရှိနိုင်ဘူး" ဟု အော်ဟစ်ငြင်းဆန်ကြသည်။

အကယ်၍ အနုမြူဗုံးများသာ ဖြစ်ပါက ပြန်လည်တည်ဆောက်ရေးဇုန်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း မြို့ပြအဆောက်အအုံ အများစုသည် မြေအောက်နက်ရှိုင်းသော နေရာများတွင် တည်ရှိကြသည်။ မြေပြင်ပေါ်တွင် အကြီးစားစက်မှုဇုန် အချို့သာ ရှိသည်။ မြို့လယ်ခေါင်တည့်တည့်တွင် မပေါက်ကွဲသရွေ့ အနုမြူဗုံး၏ စွမ်းအားမှာ အကန့်အသတ် ရှိသည်။

လော်ယွမ် ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့ ထင်နေတာတွေ အကုန်မှားတယ်... ဒါက အနုမြူဗုံးကြောင့် မဟုတ်သလို လူသားတွေလက်ချက်လည်း မဟုတ်ဘူး... အရင်ကတော့ ခင်ဗျားတို့ရဲ့ ရာထူးအဆင့်အတန်းက မမီလို့ ဒီအကြောင်းတွေကို မသိခဲ့ရတာ... အခုတော့ လျှို့ဝှက်ထားဖို့ မလိုတော့ပါဘူး"

လော်ယွမ်၏ ရှင်းပြချက်ကြောင့် အားလုံး တိတ်ဆိတ်သွားကြပြီး စိုးရိမ်ပူပန်လာကြသည်။ သူသည် သာမန်သန္ဓေပြောင်းလူသားတစ်ဦး မဟုတ်ဘဲ အထက်ကော်မတီ၏ လက်အောက်ခံ ဓားတရားအဖွဲ့မှ ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် သူသိထားသော လျှို့ဝှက်ချက်များမှာ သာမန်လူများနှင့် ယှဉ်၍မရနိုင်ပေ။

"အရင်ကတည်းက သက်ရှိတွေ သန္ဓေပြောင်းလဲကုန်တဲ့ အဖြစ်အပျက်ကြီးအပေါ် ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်... အထောက်အထားအများစုက စူပါနိုဗာပေါက်ကွဲမှုလို့ ညွှန်ပြနေပေမယ့် တကယ်တမ်းကျတော့ သူ့ချည်းကြောင့်မဟုတ်ဘူး... ဒါက ဂြိုဟ်သားတွေရဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်လာတာ... သူတို့က ဗိုင်းရပ်စ်ရဲ့ ဖျက်ဆီးနိုင်စွမ်းကို စမ်းသပ်ချင်ရုံ သက်သက်ပဲ... အင်းပေါ့ ဗိုင်းရပ်စ်စမ်းသတ်တာက လမ်းကြုံလို့လုပ်ကြည့်တဲ့သဘောပဲ... တကယ့်ရည်ရွယ်ချက်က လူသားမျိုးနွယ်ကို သုတ်သင်ဖျက်ဆီးချင်တာ"

"ပြီးခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဒီဂြိုဟ်သားတွေ ယာဉ်ပျံတွေနဲ့ နေအဖွဲ့အစည်းထဲ ဝင်လာပြီး ဗိုင်းရပ်စ် ဖြန့်ခဲ့ကြတယ်... အဲဒီတုန်းက သက်ရောက်မှု သိပ်မရှိပေမယ့် စူပါနိုဗာပေါက်ကွဲတဲ့ ဂယက်ကြောင့် ဗိုင်းရပ်စ်တွေ ဗီဇပြောင်းလဲကုန်ပြီး အခုလို ကပ်ဘေးဆိုးကြီး ဖြစ်လာတာပဲ"

"ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ပြန်လည်တည်ဆောက်ရေးဇုန်က ဂြိုဟ်သားတွေရဲ့ သဲလွန်စကို တွေ့ရှိခဲ့ပြီး အတည်ပြုနိုင်ခဲ့တာ... လျှို့ဝှက် ကာကွယ်ရေးစီမံကိန်းတွေ လုပ်ခဲ့ပေမယ့် နောက်ကျသွားပြီ... အခုတိုက်ခိုက်မှုမှာ ဥရောပတိုက်တစ်ခုလုံး ကြေမွသွားပြီး ကျွန်းစုတွေ ဖြစ်ကုန်ပြီ... မြောက်အမေရိကမှာလည်း ဧရာမ တွင်းနက်ကြီး ဖြစ်ပေါ်နေတယ်... မျှော်လင့်ချက်မြို့တော်နဲ့ အနီးနားက မြို့တချို့ကလွဲရင် လူသားမျိုးနွယ်အားလုံး သေဆုံးကုန်ပါပြီ"

အစည်းအဝေးခန်းမ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လေးလံထိုင်းမှိုင်းသွားသည်။ ပိကျန့်ဖိန်က တုန်ရီနေသော လက်ဖြင့် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး "သက်သေအထောက်အထား ရှိလား" ဟု မေးလိုက်သည်။

ပိကျန့်ဖိန်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ တကယ်တမ်းတွင် သူ၏စိတ်ထဲ၌ ယုံကြည်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီလများက သုတေသနဌာနများ မြို့တော်သစ်သို့ ရွှေ့ပြောင်းသွားခြင်း၊ ဒုံးပျံအခြေစိုက်စခန်းမှ ပညာရှင်များကို ခေါ်ယူသွားခြင်း စသည့် ထူးခြားဖြစ်စဉ်များ ရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် စိတ်ခံစားချက်အရမူ လက်မခံနိုင်သေးပေ။ လူတစ်စု၏ ရူးသွပ်မှုဟုသာ ယုံကြည်ချင်နေပြီး ဂြိုဟ်သားများ၏ လက်ချက်ဆိုသည်ကို လက်ခံရန် ခက်ခဲနေသည်။

"ဒါကို သက်သေလို့ ပြောလို့ရမလား" လော်ယွမ်က ဗိုရှင်းဂြိုဟ်သားတစ်ဦးထံမှ ရရှိထားသော ပစ္စည်းလေးတစ်ခုကို စားပွဲပေါ် တင်လိုက်သည်။ ထိုပစ္စည်းမှာ နို့နှစ်ရောင်ရှိသော အချောင်းရှည်လေးတစ်ခု ဖြစ်ပြီး လက်ရာသေသပ်လှပကာ ကမ္ဘာမြေ၏ နည်းပညာလက်ရာနှင့် လုံးဝမတူပေ။

"ဒါ ဘာပစ္စည်းလဲ"

"ကျွန်တော်လည်း မသိဘူး... ဂြိုဟ်သားတွေရဲ့ ကစားစရာ အရုပ်တစ်ခု ဖြစ်မယ်ထင်တယ်" လော်ယွမ်က ပြောပြောဆိုဆိုနှင့် ထိုပစ္စည်းပေါ်ရှိ ချိုင့်ဝင်နေသော နေရာလေးတစ်ခုကို ဖိလိုက်သည်။

ထိုအရာဝတ္ထုလေးသည် ချက်ချင်း လေပေါ်သို့ ကြွတက်လာပြီး ဝက်ပေခန့်အမြင့်တွင် ရပ်တန့်နေသည်။ ထို့နောက် မျက်နှာပြင်ပေါ်မှ အတုံးလေးများ ကြွတက်လာပြီး ပုံသဏ္ဌာန် ပြောင်းလဲကာ အတုံးငယ်လေးပေါင်းများစွာ ပါဝင်သော ဘောလုံးဝိုင်းလေးတစ်ခု ဖြစ်သွားသည်။

ထို့နောက် သာယာနာပျော်ဖွယ်ကောင်းပြီး ထူးခြားဆန်းပြားသော ဂီတသံစဉ်တစ်ခု အခန်းထဲတွင် ထွက်ပေါ်လာသည်။ မျက်နှာပြင်ပေါ်ရှိ အတုံးငယ်လေးများသည်လည်း ဂီတစည်းချက်နှင့်အညီ လှုပ်ရှားနေကြသည်။

ဂီတသံစဉ်မှာ ကြည်လင်ပြတ်သားလွန်းသဖြင့် ကြက်သီးထဖွယ် ကောင်းလှသည်။ တကယ့် ဂီတဖျော်ဖြေပွဲ ခန်းမထဲ ရောက်နေသကဲ့သို့ ခံစားရစေသည်။ သို့သော် ရှိနေသူအားလုံးမှာ ဂီတကို ခံစားနားဆင်လိုစိတ် မရှိကြဘဲ ကြောက်ရွံ့ထိတ်လန့်နေကြသည်။

လော်ယွမ်က ဘောလုံးကို လှမ်းယူလိုက်ပြီး လက်ဖြင့် ညှစ်ကာ ချေမွပစ်လိုက်သည်။ ဂီတသံ ရပ်တန့်သွားသည်။

သူက အပိုင်းအစများကို စားပွဲပေါ် ဖြန့်ခင်းပြလိုက်သည်။ အပိုင်းအစ တစ်ခုစီသည် ပဲစေ့ခန့်သာ ရှိသော်လည်း မည်သည့် ဆားကစ်ပြား၊ မည်သည့် ချိပ်စ် မျှ ပါဝင်ခြင်းမရှိဘဲ အဖြူရောင် ဒြပ်သားသက်သက်သာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤပစ္စည်းလေးမှာ သာမန်ကစားစရာ အရုပ်လေးတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူသားများ၏ နည်းပညာဖြင့် တုပပြုလုပ်ရန် လုံးဝမဖြစ်နိုင်ပေ။

"ဂြိုဟ်သားတွေက လူသားမျိုးနွယ်ကို သုတ်သင်ချင်တယ်ဆိုတာ ဟုတ်ပြီထား... ဒါဆို ဘာလို့ ကျွန်တော်တို့ အသက်ရှင်နေသေးတာလဲ... သူတို့ရဲ့ နည်းပညာက ဒီလောက်တောင် မြင့်မားနေရင် ကျွန်တော်တို့ကို ချန်ထားခဲ့စရာ အကြောင်းမရှိဘူး" ဒုတိယမြို့တော်ဝန်တစ်ဦးက အသံတုန်တုန်ယင်ယင်ဖြင့် မယုံတစ်ဝက် မေးလိုက်သည်။

လော်ယွမ်က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အေးစက်စက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ကို ချန်လှပ်ထားခဲ့တာ မဟုတ်ဘူး... သူတို့အားလုံး သေကုန်ကြလို့ပဲ... အခုချိန်မှာ မိုင်ပေါင်း ၄ သိန်းနီးပါးဝေးတဲ့ အာကာသထဲမှာ သင်္ဘောအလွတ်ကြီးတစ်စင်း မျောနေတယ်"

အားလုံး မျက်လုံးချင်းဆုံကာ ငြိမ်သက်သွားကြသည်။ ဤနေရာတွင် ရှိနေသူများမှာ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြ၍ လော်ယွမ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ကြသည်။ အကယ်၍ ဒါသာ အမှန်ဆိုလျှင် လော်ယွမ်၏ အင်အားမှာ လူသားအားလုံးထက် သာလွန်နေပြီ ဖြစ်သည်။ အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာကြသည်။ "ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အချုပ်အခြာအာဏာ အပြောင်းအလဲကြီး ဖြစ်တော့မယ်"

"အစည်းအဝေး ခဏရပ်နားဖို့ အကြံပြုလိုပါတယ်" ပိကျန့်ဖိန်က ရုတ်တရက် ထပြောလိုက်သည်။ သူပြောနေစဉ်မှာပင် သူ့မျက်လုံးများက လော်ယွမ်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။

ဆက်ရန်...

အပိုင်း (၄၅၀) ခေတ်ပျက်ကြီး၏ နိဒါန်း (၂)

လော်ယွမ် ထွက်ခွာသွားပြီးနောက် အစည်းအဝေးကို တစ်ဖန် ပြန်လည်စတင်လိုက်ကြသည်။

ပိကျန့်ဖိန်သည် ဆေးလိပ်တစ်ပတ် ဝေငှလိုက်ပြီး ကိုယ်တိုင်လည်း တစ်လိပ်ဆွဲထုတ်ကာ မီးညှိလိုက်ရာ အစည်းအဝေးခန်းမတစ်ခုလုံး ဆေးလိပ်ငွေ့များဖြင့် မွှန်ထူသွားတော့သည်။

ခေတ္တမျှ မည်သူကမှ စကားစ မဆိုနိုင်ကြပေ။ လော်ယွမ့်ထံမှ ယခုလေးတင် ကြားသိလိုက်ရသော သတင်းစကားမှာ သာယာနေသော ကောင်းကင်ယံ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရှိရာ ယခုအချိန်ထိ လူတိုင်း၏ ဦးနှောက်များမှာ ထူပူထိုင်းမှိုင်းနေဆဲဖြစ်ပြီး အသိစိတ် ပြန်မကပ်နိုင်အောင် ဖြစ်နေကြသည်။

လူသားမျိုးနွယ်သည် မျိုးသုဉ်းလုနီးပါး အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်းနှင့် ကမ္ဘာကြီး ပျက်သုဉ်းတော့မည် ဖြစ်ကြောင်း တွေးမိလိုက်သည်နှင့် လူတိုင်း၏ ရင်ထဲ၌ မျှော်လင့်ချက်မဲ့သော ခံစားချက်များ ဝင်ရောက်လာကြသည်။

"အခြေအနေက ကျွန်တော်တို့ ခန့်မှန်းထားတာထက် ပိုဆိုးရွားနေတာပဲ... ကျွန်တော်တို့အနေနဲ့ ရေရှည်တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားဖို့လိုမယ်... လောလောဆယ် ကျွန်တော်တို့လက်ထဲမှာ ရိက္ခာသိုလှောင်ထားတာ ဘယ်လောက်ကျန်သေးလဲ... ရေနဲ့ အစားအစာတွေကိုပြောတာ" အတန်ကြာမှ ပိကျန့်ဖိန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ထိုအရာနှစ်ခုသည် ရိက္ခာအားလုံး၏ အဓိကအကျဆုံး အသက်သွေးကြောများ ဖြစ်သည်။ အစားအစာနှင့် ရေ ပြဿနာကိုသာ ဖြေရှင်းနိုင်လျှင် မျှော်လင့်ချက်မြို့တော်သည် မည်မျှပင် ဖရိုဖရဲဖြစ်နေပါစေ ထိန်းချုပ်၍ ရနိုင်ပါသေးသည်။

"လျှပ်စစ်မီးသာ အချိန်မီ ပြန်မရရင်တော့ သုံးလလောက်ပဲ ခံလိမ့်မယ်" စိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူထားသော ဒုတိယမြို့တော်ဝန်တစ်ဦးက ဝင်ပြောသည်။

"စိုက်ပျိုးရေးဇုန်တွေက ပုံမှန် အထွက်နှုန်း ရှိနေသေးပေမဲ့ အလင်းရောင် လုံးဝမရတော့ဘူး... အလင်းရောင်မရှိရင် သန္ဓေပြောင်း အပင်တွေတောင် ကောင်းကောင်း မရှင်သန်နိုင်ဘူး... မျှော်လင့်ချက်မြို့တော်ရဲ့ ရေအရင်းအမြစ်က မြေအောက်ရေကို စုပ်ယူနေရတာ... အဲဒီအတွက်လည်း လျှပ်စစ်မီး လိုတယ်... လျှပ်စစ်မီးသာ မရှိရင် မျှော်လင့်ချက်မြို့တော်တစ်ခုလုံး အကျပ်အတည်း ဆိုက်ရောက်သွားနိုင်တယ်"

"ကြည့်ရတာ လောလောဆယ်အရေးတကြီး လုပ်ဖို့လိုတာက လျှပ်စစ်မီး ပြန်ရဖို့ပဲ" ပိကျန့်ဖိန်၏ မျက်နှာထားက လေးနက်တည်ကြည်နေသည်။

"တကယ်တော့ အရင်ကဆို ကျွန်တော်တို့ရဲ့ လျှပ်စစ်စက်ရုံတွေ အားကုန်လုံးက ကျောက်မီးသွေးသုံး စက်ရုံတွေ... အားလုံးက မြေပြင်ပေါ်မှာ တည်ဆောက်ထားတာ... အခုတော့ ပျက်စီးသွားပြီ အပျက်အစီးတောင် ရှာတွေ့ဖို့ မလွယ်တော့ဘူး... ဂိုဒေါင်ထဲမှာ လျှပ်စစ်ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်စက်တချို့တော့ ရှိသေးတယ်... ဒါပေမဲ့ လောင်စာကို ဘယ်ကရှာမလဲ... အခု ကျွန်တော်တို့အားလုံး မြေအောက်ထဲမှာ ပိတ်မိနေကြတာ... အပြင်ထွက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး... မျှော်လင့်ချက်မြို့တော်က အိမ်တွေကို ဖျက်ပြီး လောင်စာလုပ်မယ် ဆိုရင်တော့ တစ်မျိုးပေါ့" စက်မှုလက်မှုကဏ္ဍ တာဝန်ခံ မြို့တော်ဝန်တစ်ဦးက ဆေးလိပ်ကို ရှိုက်ဖွာရင်း ပြောလိုက်သည်။

"ဒီနည်းနဲ့ ယာယီဖြေရှင်းမယ် ဆိုရင်တော့ရတယ်" ပိကျန့်ဖိန်က ပြောသည်။ "ဒါပေမဲ့ မျှော်လင့်ချက်မြို့က အိမ်တွေအကုန်လုံးကို လောင်စာလုပ်ပြီး မီးရှို့ရင်တောင် ဘယ်လောက်ကြာကြာ ခံမှာလဲ... မုန်တိုင်း ဘယ်တော့ငြိမ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပေါ့"

ထိုစဉ် မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီး ခေါင်းပေါ်မှ မွန်းကြပ်ပိတ်လှောင်နေသော အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း မျက်နှာပျက်သွားကြသည်။ တစ်နေရာရာ ပြိုကျသွားပြီမှာ ထင်ရှားသည်။ မြေငလျင်သည် စက္ကန့်အနည်းငယ်ကြာအောင် လှုပ်ခါပြီးမှ ငြိမ်သက်သွားသည်။

မနေ့ကတည်းက ယခုအချိန်အထိ ငလျင်လှုပ်ခတ်မှုမှာ ဆယ်ကြိမ်မက ရှိခဲ့ပြီဖြစ်သည်။ မကြာခဏ လှုပ်ခတ်လွန်းသဖြင့် လူတွေပင် ထုံကျဉ်စပြုနေပြီ ဖြစ်သည်။ ခဏအကြာတွင် အစည်းအဝေးကို ဆက်လက် ပြုလုပ်ကြသည်။

"ကျွန်တော့်အမြင်အရဆို အစားအသောက်နဲ့ ရေလက်ကျန်က တော်တော်များများ ရှိသေးတယ်ဆိုတော့... ခဏတောင့်ထားလို့ရသေးတယ်... ဒါပေမဲ့ အအေးဒဏ် ကာကွယ်ဖို့ကတော့ တစ်ရက်လေးတောင် အချိန်ဆွဲလို့မဖြစ်ဘူး... အခုဆို အပူချိန်က ထိုးဆင်းနေပြီ... တစ်ရက် နှစ်ရက်အတွင်း ဆောင်းရာသီ ဝင်လာတော့မယ့်ပုံပဲ... အရင်တုန်းက တစ်နှစ်လုံးလုံး နေအမြဲပူနေတော့ လူတွေမှာ အနွေးထည် အလုံအလောက် မရှိကြဘူး... ဒီအတိုင်းဆို လူတော်တော်များများ အအေးမိပြီး အသက်ဆုံးရှုံးရတာမျိုး ဖြစ်လာနိုင်တယ်" ဝါဒဖြန့်ချိရေးဝန်ကြီးက မကြာမီ ရင်ဆိုင်ရတော့မည့် အကျပ်အတည်းကို တင်ပြလာသည်။

လူတိုင်း၏ မျက်နှာများမှာ ညှိုးငယ်နွမ်းလျနေကြပြီး ဖြေရှင်းရန် နည်းလမ်းမရှိ ဖြစ်နေကြသည်။ အဝတ်အစား လက်ကျန်စာရင်းမှာ မနည်းလှသော်လည်း အများစုမှာ ဖိုင်ဘာသား တိုက်ပွဲဝင်ဝတ်စုံများသာ ဖြစ်သည်။ စောင်များ ဆိုလျှင်လည်း ပါးလွှာပေါ့ပါးသော စောင်ပါးများသာ ရှိသည်။ ထိုအရာများဖြင့် မကြာမီ ကျရောက်လာမည့် ဆောင်းရာသီ၏ အအေးဒဏ်ကို မည်သို့မျှ ခုခံကာကွယ်နိုင်မည် မဟုတ်ချေ။

"ကျွန်တော်လည်း တစ်ခုလောက် တင်ပြချင်တယ်... မနေ့ညကစပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အရေအတွက် နှစ်သောင်းကျော်သွားပြီ... အခုဆို ပြည်သူတွေက တော်တော်လေး အဆိုးမြင်နေကြတယ်... ရဲဘော်ကျိုးဝမ်ပို တင်ပြသွားတဲ့ အအေးဒဏ်ပြဿနာနဲ့ပါ ပေါင်းလိုက်ရင် ကျွန်တော်တို့ သတိထားမှ ဖြစ်တော့မယ်"

တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး လီဖုန်းက မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် နှိပ်နယ်ရင်း ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော်တို့ဆီမှာ ရဲတပ်ဖွဲ့အင်အားကလည်း အကြီးအကျယ် လိုအပ်နေပြီ... အမြန်ဆုံး ဝန်ထမ်းအသစ်တွေ ထပ်ခေါ်မှ ဖြစ်မယ်"

လူတိုင်း နှုတ်ဆိတ်သွားကြပြီး အားကိုးရာမဲ့သည့် ခံစားချက်မျိုး အလိုလို ဖြစ်ပေါ်လာကြသည်။

ယခုအခါ မျှော်လင့်ချက်မြို့တော်သည် ကုန်းခေါင်ရေခြောက် ကျွန်းတစ်ကျွန်းအဖြစ်သို့ လုံးဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အပြင်တွင် ပတ်ဝန်းကျင် အခြေအနေများ ဆက်တိုက် ယိုယွင်းပျက်စီးနေပြီး အတွင်းပိုင်းတွင်လည်း လူထုက စိုးရိမ်ထိတ်လန့်နေကြသဖြင့် အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ တင်းထားသော ကြိုးတစ်ချောင်းကဲ့သို့ ယခုအချိန်အထိ ငြိမ်ဝပ်ပိပြားမှုကို ထိန်းသိမ်းထားနိုင်ခြင်းမှာလည်း အရှိန်အဟုန် တစ်ခုကြောင့်နှင့် အမှန်တရားကို ဖုံးကွယ်ထားသောကြောင့်သာ ဖြစ်သည်။

လျှပ်စစ်မီးသာ အချိန်မီ ပြန်လည်မရရှိလျှင်၊ အမှောင်ထုက မြေအောက်မြို့တော်ကြီးကို ဆက်လက် လွှမ်းခြုံထားလျှင်၊ ကြမ်းတမ်းသော ဆောင်းရာသီ ဝင်ရောက်လာလျှင်... စုပြုံနေသော ဖိစီးမှုများနှင့် မျှော်လင့်ချက်မဲ့မှုများအောက်၌ မျှော်လင့်ချက်မြို့တော် တစ်ခုလုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲပျက်စီးသွားကြပေလိမ့်မည်။ လုံခြုံရေး အခြေအနေများလည်း ဆိုးရွားလာကာ ထိုအချိန်ရောက်ပါက လက်ကျန် စစ်ဘက်၊ ရဲဘက် ဝန်ထမ်း သောင်းဂဏန်းလောက်ဖြင့် ထိန်းသိမ်းရန်မှာ မီးလောင်ရာ ပီပါဝိုင်းပစ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထိုအရာများသည် သာမန်ပြည်သူများကိုသာ ထည့်သွင်းစဉ်းစားထားခြင်း ဖြစ်သည်။

မျှော်လင့်ချက်မြို့တော်တွင် သန္ဓေပြောင်းလူသား အများအပြား ရှိနေသေးသည်။ ထို့ပြင် "ဓားတရားအဖွဲ့" ဟူသော ဌာနတစ်ခုလည်း ရှိနေသေးသည်။ ထိုဌာနသည် မြို့တော်အုပ်ချုပ်ရေး၏ အပြင်ဘက်တွင် သီးသန့်ရပ်တည်နေပြီး မည်သည့် လက်အောက်ခံ ဆက်ဆံရေးမျှ မရှိပေ။ ယခင် ပြန်လည်တည်ဆောက်ရေးဇုန် ရှိစဉ်ကဆိုလျှင် ညှိနှိုင်းဆောင်ရွက်၍ ရနိုင်သော်လည်း ယခုအချိန်တွင်မူ တစ်ဖက်လူက မည်သို့သော စိတ်ကူးမျိုး ဝင်လာမည်ကို မည်သူမျှ အာမမခံနိုင်ပေ။

ပို၍ ရှုပ်ထွေးသည်မှာ မျှော်လင့်ချက်မြို့တော်၏ "ဓားတရားအဖွဲ့" မှာ ထိုပုဂ္ဂိုလ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေခြင်းပင်။ ဂြိုဟ်သားများကို သုတ်သင်ခဲ့သော ထိုပုဂ္ဂိုလ်၏ အစွမ်းနှင့်ဆိုလျှင် မျှော်လင့်ချက်မြို့တော်ရှိ အင်အားစုအားလုံး ပေါင်းလိုက်လျှင်ပင် ယှဉ်နိုင်မည် မဟုတ်ချေ။

အင်အားသည် အာဏာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အင်အားမရှိလျှင် လက်ရှိ ရယူထားသော အခွင့်အာဏာများသည်လည်း လေထဲတွင်ဆောက်ထားသော တိုက်အိမ်ပမာ ယိမ်းယိုင်ပြိုလဲသွားပေလိမ့်မည်။

"ကျွန်တော့်အမြင်ကတော့ ဝန်ကြီးယွမ်ကိုပါ ဒီအထဲ ဆွဲခေါ်သင့်တယ်လို့ထင်တယ်... သူ့ကို ဖယ်ထားလို့မဖြစ်တော့ဘူး... သူသာ ရှိနေရင် အနည်းဆုံးတော့ သန္ဓေပြောင်းလူသားတွေဘက်က အခြမ်းက တည်ငြိမ်သွားလိမ့်မယ်" နောက်ဆုံးတွင်တော့ စည်းရုံးရေးမှူး ယဲ့ရုံလိုင် လူတိုင်း ရှောင်ဖယ်နေသော ခေါင်းစဉ်ကို ထုတ်ပြောလိုက်လေသည်။

"ဒါအကြံကောင်းပဲ... ဒါပေမဲ့ သူ့ကို ဘယ်လိုရာထူးမျိုး ပေးမှာလဲ... သူက ဒုဝန်ကြီး အဆင့်လေ... ရာထူးအဆင့်အတန်းနဲ့ ပြောရရင် ဒီမှာရှိတဲ့ ကျွန်တော်တို့အားလုံးထက် သူက မြင့်နေတယ်... ပြီးတော့ လူသားတွေအပေါ် စွမ်းဆောင်ခဲ့တဲ့ ဂုဏ်ပုဒ်တွေနဲ့ ယှဉ်ရင်လည်း ဘယ်သူမှ သူ့ကို မမီဘူး... သူက လူသားမျိုးနွယ်ကို ကယ်တင်ခဲ့တာ... တစ်နည်းအားဖြင့် ပြောရရင် ဒီမှာထိုင်နေတဲ့ ကျွန်တော်တို့ တစ်ယောက်ချင်းစီကိုပါ သူကယ်ခဲ့တာပဲ" စကားမဆုံးခင်မှာပင် ပိကျန့်ဖိန်က ဖြတ်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အချို့လူများ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကြသည်။ မုန်တိုင်းတစ်ခု တိတ်တဆိတ် ပုံပေါ်လာနေသည်ကို ရိပ်မိလိုက်ကြသည်။ ယနေ့ ဆုံးဖြတ်ချက်သည် သမိုင်းတွင်ကျန်ရစ်မည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

……

လော်ယွမ် အိမ်ပြန်လမ်းတွင် လျှောက်လှမ်းလာစဉ် ရာသီဥတုက အနည်းငယ် အေးစက်စပြုလာသည်ကို သတိထားမိလိုက်သည်။ ယခုအချိန်သည် ဧပြီလ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဤအချိန်တွင် အပူချိန် ၃၅ ဒီဂရီ ဝန်းကျင်ရှိတတ်သော်လည်း ယခုမူ ၁၀ ဒီဂရီ အောက်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

သူ ခြေလှမ်းများကို အရှိန်မြှင့်ကာ အိမ်ရှိရာသို့ ဦးတည်လိုက်သည်။ စံအိမ်ကြီးတစ်ခုလုံး အမှောင်ကျနေပြီး ဧည့်ခန်းထဲတွင် မည်သူလုပ်ထားမှန်း မသိသော ဆီမီးခွက် အနည်းငယ်မှ ထွက်ပေါ်နေသည့် မှိန်ဖျဖျ အလင်းရောင်ကိုသာ တွေ့ရသည်။

သို့သော် ထိုမှိန်ဖျဖျ ဆီမီးခွက်အလင်းရောင်လေးများက မနေ့ညကတည်းက အေးစက်တိတ်ဆိတ်နေခဲ့သော လော်ယွမ့်၏ နှလုံးသားကို နွေးထွေးမှုအချို့ ပြန်လည်ပေးစွမ်းနိုင်ခဲ့သည်။

အိမ်ရှိ အမျိုးသမီးများ လော်ယွမ့်ကို မြင်လိုက်ရသောအခါ မျက်ရည်များ ဝဲတက်လာကြသည်။ မနေ့ညက ပြန်လည်တည်ဆောက်ရေးဇုန်တွင် အပြောင်းအလဲကြီး ဖြစ်သွားပြီးနောက် လော်ယွမ် ပျောက်ဆုံးနေသည်ကို သိလိုက်ရချိန်မှစ၍ သူတို့မှာ စိုးရိမ်ပူပန်နေခဲ့ကြသည်။ လော်ယွမ် တစ်ခုခု ဖြစ်သွားပြီလားဟု တွေးပူခဲ့ကြသည်။ သို့သော် သူ့အမျိုးသမီးများ ဖြစ်ကြသည့်အလျောက် ဤကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုးကို အမြဲတမ်း ခံစားနေရသည်မှာလည်း သူတို့အတွက် ရိုးနေခဲ့ပြီ ဖြစ်သည်။

"ကဲပါ... မငိုကြပါနဲ့တော့... အားလုံး အဆင်ပြေသွားပါပြီ"

"ရှင် ထမင်းမစားရသေးဘူးမလား... ကျွန်မ ချက်လိုက်မယ်" ဟွမ်ကျားဟွေက မျက်ရည်စများကို သုတ်ရင်း ပြောသည်။

လော်ယွမ် ခေါင်းညိတ်လိုက်ပြီး "သိပ်တော့ မဆာပါဘူး... ရိုးရိုးပဲ လုပ်လိုက်"

သူ၏ ခန္ဓာကိုယ်တွင် ယခုအခါ စွမ်းအင်စနစ် နှစ်မျိုး ရှိနေသည်။ တစ်မျိုးမှာ မိုင်တိုကွန်ဒရီးယား အေးမြသော ပေါင်းစပ်စွမ်းအင် စနစ်ဖြစ်ပြီး နောက်တစ်မျိုးမှာ အစားအစာမှ ရရှိသော စွမ်းအင်ဖြစ်သည်။ ပထမနည်းလမ်းက ဒုတိယနည်းလမ်းကို အစားထိုးလုနီးပါး ဖြစ်နေပြီဖြစ်၍ သူ့အတွက် အစာစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ သိပ်ကိစ္စမရှိလှပေ။ သို့သော် ရေကိုတော့ မရှိမဖြစ် လိုအပ်နေဆဲပင်။

နေ့လယ်ပိုင်း ရောက်သောအခါ အရာရှိများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ယခင်နှင့် မတူသည်မှာ အရင်တုန်းက လာလျှင် လက်ဆောင်ပစ္စည်း အနည်းငယ် ပါလာတတ်သော်လည်း ယခုတစ်ခေါက်တွင်မူ လက်ဗလာဖြင့် လာကြခြင်း ဖြစ်သည်။ လူတိုင်း၏ အမူအရာက ရိုသေလေးစားမှု အပြည့်ရှိနေပြီး အလွန်အမင်း သတိထား ဆက်ဆံနေကြသည်။

လော်ယွမ် နားမလည်နိုင် ဖြစ်ရသလို တစုံတရာကိုလည်း ရိပ်စားမိလိုက်သည်။ မျှော်လင့်ချက်မြို့တော်၏ နိုင်ငံရေး အခြေအနေရေချိန်သည် လှုပ်ခတ်ပြောင်းလဲနေပြီး လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေပုံရသည်။

ညနေစောင်းသောအခါ အပြင်သို့ထွက်၍ စပ်စုနေသော ဝမ်ရှီရှီက အပြေးအလွှား ပြန်ရောက်လာသည်။

"ကိုကြီးယွမ်... ကိုကြီးက ဂြိုဟ်သားတွေကို တကယ်ပဲ သတ်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်ကို ကယ်တင်ခဲ့တာလား" သူမ၏ အသက်ရှူသံပင် မမှန်သေးပေ။ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အံ့သြတကြီး မေးနေပုံမှာ လော်ယွမ့်ကို ပထမဆုံးအကြိမ် မြင်ဖူးသည့်အတိုင်းပင်။

"နင်ဘယ်လိုသိတာလဲ" လော်ယွမ် အံ့သြသွားသည်။ ဂြိုဟ်သားအကြောင်းကို အိမ်ကလူတွေကို သူ လုံးဝ ထုတ်မပြောခဲ့ပေ။

"အပြင်မှာ အစိုးရဝန်ထမ်းတွေ လိုက်အော်နေကြတာလေ... တကယ်ပဲ ဂြိုဟ်သားတွေ ရှိတာလား... ကိုကြီးက သူတို့ကို သတ်ခဲ့တာပေါ့" ဝမ်ရှီရှီက အံ့သြမဆုံး ဖြစ်နေသည်။

သူ၏ စံအိမ်သည် လူပြတ်သည့် နေရာတွင်ရှိပြီး အနီးနား၌ နေထိုင်သူ နည်းပါးသည်။ တိတ်ဆိတ်အေးချမ်းသော်လည်း သတင်းစီးဆင်းမှု ပြတ်တောက်နေသည်။ သူ အာရုံစိုက်ပြီး နားစွင့်လိုက်ရာ အမျိုးမျိုးသော အသံဗလံများ သူ၏နားထဲသို့ တိုးဝင်လာပြီး မိုင်အနည်းငယ် အကွာမှ သူ့အကြောင်း လိုက်လံကြေညာနေသည်ကို တကယ်ပင် ကြားလိုက်ရသည်။

ဘေးနားရှိ ဟွမ်ကျားဟွေနှင့် အခြားသူများလည်း ဝမ်ရှီရှီ၏ စကားကို ကြားသောအခါ အံ့သြထိတ်လန့်သွားကြသည်။ အသစ်ရောက်နေသော ယဲ့ချိုးယွီ ဆိုလျှင် ပါးစပ်အဟောင်းသားဖြင့် လက်ဝါးနှင့်အုပ်ကာ အံ့သြမှင်သက်နေသည်။

လော်ယွမ် မတတ်သာတော့သဖြင့် ဂြိုဟ်သားများအကြောင်းကို အစမှအဆုံး အကျဉ်းချုံး ပြောပြလိုက်ရသည်။ ထို့နောက် ယုံတမ်းစကားသဖွယ် ဖြစ်နေသဖြင့် မယုံနိုင်အောင် ဖြစ်နေကြသော မိန်းမလှလေးများကို ဂရုမစိုက်တော့ဘဲ သူ့ဘာသာ တွေးတောနေမိသည်။

မြို့တော်အစိုးရအဖွဲ့က သူ့ကို လူသားမျိုးနွယ်၏ သူရဲကောင်း၊ ကယ်တင်ရှင် နေရာသို့ တစ်မုဟုတ်ချင်း မြှောက်တင်ပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် မျှော်လင့်ချက်မြို့တော်မှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေကြသည်။ အစိုးရ၏ ယခုဝါဒဖြန့်မှုသည် ပြည်သူတို့၏ မျှော်လင့်ချက်မဲ့နေသော နှလုံးသားများထဲသို့ အားဆေးတစ်ခွက် ထိုးထည့်ပေးလိုက်သကဲ့သို့ပင်။

သို့သော် ဤကဲ့သို့ အရှိန်အဝါ မြှင့်တင်ပေးခြင်းသည် မြို့တော်အစိုးရအတွက်တော့ အဆိပ်ရည်ကို သောက်သုံး၍ ရေငတ်ပြေအောင် လုပ်သကဲ့သို့ ဖြစ်နေသည်။ နတ်ဘုရားသဖွယ် ပုဂ္ဂိုလ်တစ်ဦးကို ဖန်တီးပေးလိုက်ခြင်းသည် သူတို့၏ အာဏာ တုန်လှုပ်ချိနဲ့နေပြီ ဖြစ်ကြောင်းကို ပြသလိုက်ခြင်းလည်း မည်သည်။ ထိုအချက်ကြောင့်ပင် ယခင် ပြန်လည်တည်ဆောက်ရေးဇုန် ရှိစဉ်က လော်ယွမ် မည်မျှပင် စွမ်းဆောင်ခဲ့ပါစေ နောက်ကွယ်မှ ဆုချီးမြှင့်ခြင်းမှလွဲ၍ လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း အထက်ပိုင်း လူကြီးအချို့မှလွဲ၍ သာမန်ပြည်သူများက လော်ယွမ့်အကြောင်း တစိုးတစိမျှ မသိခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါတွင်မူ မြို့တော်အစိုးရ အနေဖြင့် အခြေအနေကို မထိန်းနိုင်တော့ဘဲ အာဏာလွှဲပြောင်းပေးရန် ပြင်ဆင်လိုက်ပြီမှာ ထင်ရှားသည်။

တကယ်တမ်းတွင် သူတို့က အာဏာကို ဖက်တွယ်ထားချင်လျှင်ပင် လော်ယွမ်က အတင်းအကျပ် လက်လွှတ်ခိုင်းမည်သာ ဖြစ်သည်။

သူသည် အာဏာငတ်မွတ်သော သူမျိုး မဟုတ်သလို ပြန်လည်တည်ဆောက်ရေးဇုန်ကို အုပ်ချုပ်လိုစိတ်လည်း မရှိပေ။

သို့သော် လူသားမျိုးနွယ်၏ အခြေအနေမှာ ဘေးအန္တရာယ်တစ်ခုကို ကျော်လွှားနိုင်ခဲ့သည်ဟု ထင်ရသော်လည်း တကယ့်အကျပ်အတည်းမှာ အမှန်တကယ် မပြီးဆုံးသေးပေ။ ရှည်လျားသော အနုမြူဆောင်းရာသီကို ထည့်မတွက်လျှင်ပင်၊ ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံက နောက်တစ်ကြိမ် ထပ်ရောက်လာနိုင်သည်။ ယခုတစ်ကြိမ်တွင် သူကံကောင်း၍ ဂြိုဟ်သားအားလုံးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်တွင် ဤမျှ ကံကောင်းမည်ဟု အာမ မခံနိုင်ပေ။

ထို့ပြင် နောက်တစ်ခေါက် ထပ်လာလျှင် ထိုဂြိုဟ်သားများ၏ အင်အားက ပိုမိုကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။

လူသားမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ရေးအတွက် လော်ယွမ် စဉ်းစားကြည့်ရာ ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံကို စီးပြီး စကြာဝဠာထဲသို့ ထွက်ပြေးခြင်း တစ်လမ်းသာ ရှိတော့သည်။

သို့သော် ယာဉ်ပျံ၏ အမြင့်ဆုံး ထိန်းချုပ်ခွင့် အာဏာကို သူတစ်ယောက်တည်းကသာ ပိုင်ဆိုင်ထားသည်။ သူ မသေသရွေ့ မည်သူ့ကိုမျှ လွှဲပြောင်းပေး၍ မရနိုင်ပေ။ ထိုအချိန်ရောက်လျှင် မည်သည့် ဆုံးဖြတ်ချက်မဆို သူ့မပါဘဲ လုပ်ဆောင်၍ မရနိုင်။ ထို့ကြောင့် ဟိုလူ့မျက်နှာကြည့် ဒီလူ့မျက်နှာကြည့်ဖြင့် အချိန်ကုန်ခံပြီး အချင်းချင်း အကျိုးမဲ့စစ်ခင်းနေမည့်အစား မိမိကိုယ်တိုင် တာဝန်ယူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

တကယ်တမ်းတွင် မြို့တော်အစိုးရအဖွဲ့သည် သူထင်ထားသည်ထက်ပင် ပိုမိုလောကွတ်ပြုနေပြီး မျှော်လင့်ချက်မြို့တော်၏ အခြေအနေမှာလည်း ပိုမိုဆိုးရွားနေသည်။

နောက်တစ်ရက်ပင် မရောက်သေး၊ ညနေ ခြောက်နာရီလောက်မှာပင် မြို့တော်အစိုးရအဖွဲ့ အထက်ပိုင်းလူကြီးများ သူ့အိမ်သို့ စုံညီရောက်ရှိလာပြီး တံခါးပိတ် အစည်းအဝေး ကျင်းပကြသည်။

အစည်းအဝေးတွင် ဘာတွေပြောခဲ့ကြသလဲ ဆိုတာကိုတော့ ကာယကံရှင်များမှလွဲ၍ ဘယ်သူမှ မသိနိုင်ပေ။ သိရသည်မှာ အစည်းအဝေးပြီး၍ ပြန်ထွက်လာကြသောအခါ လူတိုင်း ချွေးစေးများ ပြန်နေကြပြီး မျက်နှာများ ဖြူဖျော့နေကြသော်လည်း ဖုံးဖိမရသော စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ရှိနေကြသည်။

မူလက အခြေအနေကို ဆယ်ရက်၊ လဝက်လောက် ဆွဲဆန့်ထားနိုင်ဦးမည်ဟု လော်ယွမ် ထင်ထားသော်လည်း အခြေအနေက ဤမျှ အရေးပေါ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ တစ်ခဏလေးတောင် အချိန်ဆွဲ၍ မရသည့် အနေအထား ဖြစ်နေသည်။

ယခုအချိန်တွင် မြို့တော်အစိုးရအဖွဲ့သည် ယမ်းအိုးပေါ်တွင် ထိုင်နေရသကဲ့သို့ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။ မည်သူကမျှ ဤပူလောင်ပြင်းပြသော အာလူးပူကြီးကို ဝင်မကိုင်ရဲကြသည်မှာ မဆန်းပေ။

ထိုနေ့ညမှာပင် လော်ယွမ်သည် မြို့တော်ခန်းမသို့ ဝင်ရောက်ပြီး မြို့တော်ဝန် ရုံးခန်း၌ နေရာယူလိုက်သည်။

လော်ယွမ်၏ ပထမဆုံး အမိန့်မှာ မျှော်လင့်ချက်မြို့တော်မှ အသက်ရှင်ကျန်ရစ်သော လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်ခွဲခန်း သုတေသီများနှင့် အလုပ်သမား အများအပြားကို ညချင်းပြီး ဆင့်ခေါ်ရန်ဖြစ်သည်။ ထို့နောက် ရုံးခန်းထဲမှနေ၍ ကွေးညွှတ်ပျံသန်းခြင်း စနစ်ကို စတင်ကာ မျှော်လင့်ချက်မြို့တော်မှ ထွက်ခွာသွားလိုက်သည်။

တစ်နာရီခန့် အကြာတွင် သူသည် အာကာသမှ ပြန်ရောက်လာပြီး သူ၏လက်ထဲတွင် ၁၆ ပေခန့် အချင်းရှိသော သတ္တုဘောလုံးကြီးတစ်ခု ပါလာသည်။

ဒါက သူ ပထမဆုံး သတ်ဖြတ်ခဲ့သော ဗိုရှင်းတို့၏ ကောင်းကင်နှင့် မြေပြင်သုံး ယာဉ်ပျံမှ ဖြုတ်ယူလာခဲ့သည့် အနုမြူ ပေါင်းစပ်စွမ်းအင် ဓာတ်ပေါင်းဖိုနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည်။ အမှိုက်ထဲက ရွှေဟုပင် ဆိုရမည်။

ဤ ဗိုရှင်းလူမျိုးတို့၏ ပေါင်းစပ်စွမ်းအင် ဓာတ်ပေါင်းဖိုသည် နည်းပညာအဆင့်အတန်း အလွန်မြင့်မားပြီး အလွန်လည်း ဘေးကင်းသည်။ စွမ်းအင်ထုတ်လွှတ်မှု ရပ်တန့်လိုက်သည်နှင့် အလိုအလျောက် အိပ်စက်ခြင်း အခြေအနေသို့ ရောက်သွားတတ်သည်။

အရေးပေါ် ရှင်းလင်းထားသော မြို့တော်ခန်းမဆောင်၏ ကြမ်းပြင်ပေါ်သို့ ချလိုက်သည်နှင့် ညတွင်းချင်း စုစည်းထားသော သုတေသီများနှင့် အင်ဂျင်နီယာများက မျက်လုံးများ အရောင်တောက်လာကာ ဝိုင်းအုံကြည့်ရှုကြသည်။ သူတို့၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေသည်။

ဘောလုံးကြီး၏ ချောမွတ်ပြီး ဆန်းပြားသော မျက်နှာပြင်များ၊ ထူးခြားသော ပါဝင်ပစ္စည်းများ၊ ဂြိုဟ်သားဘာသာစကားဖြင့် ရေးထိုးထားသော စာတမ်းများကို ကြည့်ပြီး လူတိုင်း အံ့သြမှင်သက်နေကြသည်။

"အရမ်းကြီး ငေးမနေကြပါနဲ့... နောက်ဆို ကြည့်ဖို့အချိန် အများကြီး ရလိမ့်မယ်... အခု တစ်ခုချင်းစီ စမ်းသပ်ကြည့်ကြ... ဘေးကင်းဖို့ကိုတော့ ဂရုစိုက်ကြ" လော်ယွမ်က ပြောသည်။

ဗိုရှင်းယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုသည် လုံးဝ ကွဲပြားခြားနားသည်။ ပြီးတော့ ဒီနေရာမှာ ဘယ်သူမှ အနုမြူ ပေါင်းစပ်စွမ်းအင်နဲ့ ထိတွေ့ဖူးသူ မရှိသလို လူသားတို့၏ နည်းပညာထက် များစွာသာလွန်နေသော အပူစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးသည့် ဤစက်အကြောင်းကိုလည်း သဘောပေါက် နားလည်နိုင်သူ မရှိပေ။

သို့သော် နားလည်စရာလည်း မလိုပေ။ လျှပ်စစ်ထုတ်လုပ်ပေးသည့် စက်ပစ္စည်းတစ်ခု အနေဖြင့် ယင်း၏ အခြေခံသဘောတရားမှာ အတူတူပင် ဖြစ်သည်။ အပေါင်းငုတ်၊ အနှုတ်ငုတ်မှတစ်ဆင့် လျှပ်စီးကြောင်း ထုတ်ပေးခြင်းပင် ဖြစ်သည်။ နည်းပညာ ပိုမြင့်လေ အသုံးပြုရ ပိုလွယ်ကူလေ ဖြစ်သည်။

ထိုစက်၏ ထိန်းချုပ်ခလုတ်များမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှပြီး သုံးခုသာ ပါရှိသည်။ ခဏလောက် စမ်းသပ်ကြည့်ရုံဖြင့် ခလုတ်များပေါ်ရှိ စာသားများ၏ အဓိပ္ပာယ်ကို နားလည်သွားကြသည်။

အိပ်စက်ခြင်း ၊ ပိတ်ခြင်း နှင့် စတင်ခြင်း တို့ ဖြစ်သည်။

စက်ကို ပိတ်လိုက်လျှင် ဓာတ်ပေါင်းဖို လည်ပတ်မှု လုံးဝ ရပ်တန့်သွားပြီး လောင်စာကန်၏ လော့ခ်ပွင့်သွားသည်။ အပေါ်မှ လက်ကိုင်ကွင်းကို ဆွဲပြီး လွယ်ကူစွာ ဖွင့်နိုင်သည်။

သိပ္ပံပညာရှင်များ၏ ခွဲခြမ်းစိတ်ဖြာချက်အရ အတွင်းရှိ လောင်စာမှာ အခြားအရာ မဟုတ်ပေ။ သာမန် ဟိုက်ဒရိုဂျင် မဟုတ်သလို လူသားတို့ အနုမြူ ပေါင်းစပ်ရာတွင် သုံးသော ဟီလီယမ်-၃ လည်း မဟုတ်ပေ။ သန့်စင်လွန်းသော ရေ တစ်မျိုးသာ ဖြစ်သည်။

အင်ဂျင်နီယာများ ခလုတ်များကို သတိထားပြီး စမ်းသပ်နေကြသည်ကို ကြည့်ရင်း လော်ယွမ် အတွေးပေါက်လာသည်။ ဤဓာတ်ပေါင်းဖို နည်းပညာသည် ဗိုရှင်းယဉ်ကျေးမှုတွင် အတော်လေး ရင့်ကျက်နေပြီဖြစ်ပြီး တွင်ကျယ်စွာ အသုံးပြုနေကြသည်။ ဉာဏ်ရည်တု စက်ရုပ်များနှင့် ဉာဏ်ရည်တု ဒုံးကျည်များတွင်ပင် အသေးစား အနုမြူ ပေါင်းစပ်စွမ်းအင် ဓာတ်ပေါင်းဖိုများ ပါရှိကြသည်။ ပစ္စည်းတိုင်းတွင် တပ်ဆင်ထားကြပုံ ရသည်။ ထို့ကြောင့် ဘေးကင်းလုံခြုံမှုလည်း အလွန်မြင့်မားသည်။ အင်ဂျင်နီယာများ စမ်းသပ်နေစဉ် တစ်လျှောက်လုံး မည်သည့် အန္တရာယ်မှ မဖြစ်ပေါ်ခဲ့ပေ။

သို့သော် လော်ယွမ်ကတော့ ယာဉ်ပျံဆီသို့ တစ်ခေါက်လောက် သွားသင့်သည်ဟု တွေးမိလိုက်သည်။ ဉာဏ်ရည်တု ကွန်ပျူတာမှတစ်ဆင့် ဗိုရှင်းစာနှင့် တရုတ်စာ ဘာသာပြန် စာအုပ် တစ်အုပ်လောက် ထုတ်ပြီး လူများကို လေ့လာခိုင်းရမည်။

နောင်ဆိုလျှင် ဗိုရှင်းလူမျိုးတို့၏ စက်ပစ္စည်းများနှင့် ထိတွေ့ရမှု ပိုများလာမည် ဖြစ်ရာ ဗိုရှင်းဘာသာစကားကို နားမလည်ပါက အလွန် ဒုက္ခရောက်နိုင်သလို အန္တရာယ်လည်း များနိုင်ပေသည်။ လူသားများ ဗိုရှင်းနည်းပညာကို အပြည့်အဝ မစုပ်ယူနိုင်ခင် အချိန်အထိ ဗိုရှင်းဘာသာစကားသည် အရေးပါဆုံး နိုင်ငံခြားဘာသာစကား တစ်ခု ဖြစ်လာပေလိမ့်မည်။

သန်းခေါင်ယံ အချိန်ရောက်သောအခါ လျှပ်စစ်အင်ဂျင်နီယာ အများအပြားသည် အသေးစား စမ်းသပ်မှုများ စတင်ပြုလုပ်နေကြပြီ ဖြစ်သည်။ ခန်းမဆောင်ကြီး အတွင်း၌ မီးလုံးများ တစ်လုံးပြီးတစ်လုံး လင်းလက်လာပြီး မှိန်ဖျဖျ ဆီမီးရောင်အောက်တွင် ရှိနေသော ခန်းမဆောင်ကြီးသည် ရုတ်ခြည်း လင်းထိန်သွားတော့သည်။

"မြို့တော်ဝန်... စက်ရဲ့ အမြင့်ဆုံး စွမ်းအင်ထုတ်လုပ်နိုင်မှု ပမာဏက အရမ်း အံ့သြဖို့ ကောင်းတယ်... လျှပ်စစ်စွမ်းအင်က ကုန်ခမ်းသွားတယ် ဆိုတာ မရှိသလောက်ပဲ... တော်သေးတယ် သုံးစွဲနိုင်တဲ့ ပမာဏအပေါ် မူတည်ပြီး အလိုအလျောက် ထိန်းညှိပေးနိုင်လို့ပေါ့... မဟုတ်ရင် ကျွန်တော်တို့ဆီမှာ သူနဲ့ကိုက်ညီမယ့် ထရန်စဖော်မာတောင် ရှာလို့ရမှာ မဟုတ်ဘူး" ကပ်ဘေးသင့်ချိန်က ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့သော လျှပ်စစ်စက်ရုံ အင်ဂျင်နီယာချုပ်က လော်ယွမ့်ကို စိတ်လှုပ်ရှားစွာ ပြောသည်။

"ဘယ်အချိန်လောက် လိုင်းတွေနဲ့ ချိတ်ဆက်ပြီး မီးပေးနိုင်မလဲ" လော်ယွမ် မေးလိုက်သည်။ ယခု သန်းခေါင်ယံ အချိန်တွင် ရာသီဥတုက ပိုအေးလာပြီ ဖြစ်သည်။ အပူချိန်သည် အနုတ် ၁၂ ဒီဂရီ ဝန်းကျင်အထိ ကျဆင်းနေပြီ ဖြစ်သည်။ ဒီအတိုင်း ဆက်သွားလျှင် မကြာခင် လူများ အေးခဲသေဆုံးကြတော့မည်။

"မျှော်လင့်ချက်မြို့တော် နေရာအနှံ့က ဓာတ်အားလိုင်းတွေကို အသည်းအသန် ပြုပြင်နေတုန်းပဲ... အရင်တုန်းက ကျရောက်ခဲ့တဲ့ လျှပ်စစ်သံလိုက် အနှောက်အယှက် ကြောင့် ဝါယာကြိုးတွေ၊ မီးလုံးတွေ တော်တော်များများ လောင်ကျွမ်းပျက်စီးကုန်ပြီ... အားလုံးကို အရင် လိုက်စစ်ဆေးပြီး တပ်ဆင်ရဦးမယ်... အားလုံးသေချာမှ လိုင်းချိတ်ဆက်လို့ ရမှာ... ခန့်မှန်းခြေတော့ သုံးရက်မြောက်နေ့ နေ့လယ်လောက်မှ ရလိမ့်မယ်" အင်ဂျင်နီယာချုပ်က လော်ယွမ့်ကို ကြည့်ရင်း စိုးရွံ့စွာ ပြောသည်။

"ကြာလွန်းတယ်... လူတွေက ဒီလောက်အကြာကြီး စောင့်နိုင်မှာ မဟုတ်ဘူး" လော်ယွမ် ခေါင်းခါလိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။

အနီးနားတွင် ကြီးကြပ်ကွပ်ကဲနေသော ဒုတိယမြို့တော်ဝန် ပိကျန့်ဖိန် အပြေးကလေး ရောက်လာသည်။ ယခုအခါ သူသည် လော်ယွမ့်ကို လေးစားသလို ကြောက်လည်း ကြောက်ရွံ့နေပြီ ဖြစ်သည်။ တစ်ပါးသူ ပြောစကား ကြားရခြင်းနှင့် ကိုယ်တိုင် မျက်မြင်တွေ့ရခြင်းမှာ တခြားစီ ဖြစ်သည်။ တစ်နာရီ အတွင်းမှာပင် ဂြိုဟ်သားတို့၏ အနုမြူ ပေါင်းစပ်စွမ်းအင် ဓာတ်ပေါင်းဖိုကြီး ဒီနေရာသို့ ရောက်ရှိလာခြင်းက လော်ယွမ့်စကားများတွင် အပိုမပါကြောင်း သက်သေပြနေသည်။

"လုပ်သားတွေ ထပ်ခေါ်ဖို့ လိုလိမ့်မယ်... အခြေခံလောက် သင်တန်းပေးပြီး ဓာတ်အားလိုင်းတွေ လိုက်စစ်ခိုင်းလိုက်... ဒီကြားထဲ စက်ရုံတစ်ချို့ကို အရင် စလည်ပတ်ပြီး အနွေးပေးစက်တွေ၊ အနွေးထည်တွေ အကုန်ထုတ်ခိုင်းထားပါ... လူတွေ အေးခဲသေဆုံးတာမျိုး ကျွန်တော် မမြင်ချင်ဘူး"

အပြင်ဘက်တွင် ပျက်စီးသွားသည်များမှာ ညစ်ညမ်းမှုများသော သတ္တုသန့်စင်စက်ရုံများနှင့် ဓာတုစက်ရုံများသာ ဖြစ်သည်။ မြေအောက်တွင် စက်ရုံအများအပြား ကျန်ရှိနေသေးသည်။ အနွေးပေးစက်လောက် ထုတ်လုပ်ရန်မှာ နည်းပညာ အခက်အခဲ လုံးဝ မရှိပေ။

"အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်" ပိကျန့်ဖိန်က ကပျာကယာ ပြောသည်။

"နေဦး... နောက်တစ်ခု ရှိသေးတယ်" လော်ယွမ်က ပိကျန့်ဖိန်ကို တားလိုက်ပြီး လေးနက်စွာ ပြောသည်။

"အခု မျှော်လင့်ချက်မြို့တော်က လူတွေ စိတ်ဓာတ်ကျပြီး စိုးရိမ်ပူပန်နေကြတယ်... သူတို့ကို အမှောင်ထဲမှာ ဘာမှမလုပ်ဘဲ အတွေးလွန်နေအောင် ပစ်မထားသင့်ဘူး... အဲဒါက ပြဿနာတက်လွယ်တယ်... သူတို့ကို တစ်ခုခု လုပ်ခိုင်းပြီး လှုပ်ရှားနေအောင် လုပ်ရမယ်... ဘာလုပ်ခိုင်းရင် ကောင်းမလဲ ဆိုတာ ခင်ဗျား ပြန်သွားပြီး တခြားလူတွေနဲ့ တိုင်ပင်လိုက်ပါ... ပစ္စည်းဥစ္စာတချို့ အလေအလွင့် ဖြစ်သွားရင်လည်း ကိစ္စမရှိဘူး"

ဆက်ရန်...

All Chapters