← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 23 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 23 Ch. 451-452

အပိုင်း (၄၅၁) ခေတ်ပျက်ကြီး၏ နိဒါန်း (၃)

လော်ယွမ်သည် မြို့တော်ဝန်ရုံးခန်းထဲတွင် ထိုင်လျက် မျှော်လင့်ချက်မြို့တော်နှင့် သက်ဆိုင်သော စာရွက်စာတမ်း အချက်အလက်များကို လှန်လှောဖတ်ရှုနေသည်။

သူ၏ ဉာဏ်ရည်မှာ ၁၆ မှတ်အထိ ရှိနေပြီဖြစ်ရာ အချက်အလက်များကို စီမံခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမှာ အံ့မခန်း လျင်မြန်လှသည်။

၁၀ မိနစ်ကျော် ကာလတိုအတွင်းမှာပင် တောင်ပုံရာပုံ ပုံနေသော ဖိုင်တွဲအထပ်လိုက်ကို သူဖတ်ရှုပြီးစီးသွားခဲ့ပြီ ဖြစ်သည်။လော်ယွမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူ၏စိတ်နှလုံးမှာ လေးလံနေ၏။ ယခုတစ်ကြိမ် ကပ်ဘေးတွင် မျှော်လင့်ချက်မြို့တော်၏ ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှသည်။ လက်ရှိ အတည်ပြုထားသော သေဆုံးစာရင်းမှာပင် ၇ သိန်းဝန်းကျင် ရှိနေခဲ့ပြီဖြစ်သည်။

ကပ်ဘေးမှာ မနက်အစောပိုင်း ၁ နာရီ၊ ၂ နာရီခန့်တွင် ကျရောက်ခဲ့ခြင်းဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရေးဇုန်အတွက်မူ နေ့နှင့်ညဟူ၍ ခွဲခြားမရနိုင်ပေ။ စက်ရုံအလုပ်ရုံများမှာ မီးရောင်စုံဖြင့် လင်းထိန်နေဆဲ ဖြစ်သည်။

ပုံမှန်အတိုင်းသာဆိုလျှင် သေဆုံးမှုနှုန်းမှာ ဤမျှလောက် များပြားလိမ့်မည် မဟုတ်ပေ။ မြေအောက်စက်မှုဇုန်များ အပါအဝင် ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံးတွင် စက်မှုဇုန် ၆ ခုရှိသည်။ ညစ်ညမ်းမှုများသော မြေပေါ်စက်မှုဇုန်မှာ အရေးပါသော်လည်း ဇုန်တစ်ခုသာ ဖြစ်ပြီး အလုပ်သမားဦးရေ ၅ သိန်းခန့် ရှိလေသည်။

ထိုအလုပ်သမား ၅ သိန်းကို နေ့ဆိုင်း၊ ညဆိုင်း ခွဲခြားထားသဖြင့် ပုံမှန်အခြေအနေတွင် သေဆုံးသူမှာ အများဆုံး ၂ သိန်းခွဲခန့်သာ ရှိသင့်သည်။

သို့သော် လက်တွေ့အခြေအနေမှာမူ မကြာသေးမီက အဆင့် ၈ သားရဲကြီးနှစ်ကောင် ဝင်ရောက်မွှေနှောက်ထားသဖြင့် မျှော်လင့်ချက်မြို့တော်ရှိ စက်မှုဇုန်အတော်များများမှာ ပျက်စီးခဲ့ရပြီး အပြည့်အဝ ပြန်လည်ပတ်နိုင်ခြင်း မရှိသေးပေ။

မြို့တော်ကို အမြန်ဆုံးပြန်လည်တည်ဆောက်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် အလုပ်သမားအများစုသည် မိမိတို့၏ ကိုယ်ပိုင်အနားယူချိန်များကို စတေးကာ ညဘက်များတွင်ပါ စေတနာဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ကြသည်။

မြို့တော်ဝန်ဟောင်းနှင့် အခြားဒုတိယမြို့တော်ဝန်တစ်ဦး ဆိုလျှင်လည်း ထိုလုပ်ငန်းခွင်ထဲ၌ပင် ကိုယ်တိုင်ကိုယ်ကျ ကွပ်ကဲညွှန်ကြားနေခဲ့ကြခြင်း ဖြစ်သည်။

ကပ်ဘေးဆိုက်ရောက်လာချိန်တွင် ထိုလူသန်းပေါင်းများစွာသည် မြေအောက်သို့ ဝင်ရောက်ခိုလှုံရန် အချိန်မရလိုက်ဘဲ ဆန့်ကျင်ဘက်ဒြပ်သားဗုံး ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းအောက်တွင် ချက်ချင်းပင် အသက်ဆုံးရှုံးခဲ့ကြရရှာသည်။

မူလက လူဦးရေ ၃ သန်းကျော်ရှိသော မျှော်လင့်ချက်မြို့တော်တွင် ယခုအခါ ၂ သန်း ၄ သိန်းခန့်သာ ကျန်ရှိတော့သည်။

ထိုကျန်ရှိသူ ၂ သန်း ၄ သိန်းတွင် သုတေသနပညာရှင် ၂ သောင်း ၈ ထောင်ခန့် ပါဝင်ပြီး စုစုပေါင်းလူဦးရေ၏ ၈၀ ပုံ ၁ ပုံခန့် ရှိသည်။ အင်ဂျင်နီယာရာထူးရှိသော ကျွမ်းကျင်လုပ်သား ၄ သောင်းခန့်ပါဝင်ပြီး စုစုပေါင်းလူဦးရေ၏ ၆၀ ပုံ ၁ ပုံခန့် ရှိသည်။

ဤအချိုးအစားမှာ ကမ္ဘာပျက်ကပ်ဘေးမတိုင်ခင်ကာလထက် များစွာမြင့်မားနေခြင်း ဖြစ်သည်။ ၎င်းမှာ မြို့တော်သစ်ဘက်မှ လူအင်အားအတော်များများကို ခေါ်ယူသွားပြီးသည့် အခြေအနေပင် ဖြစ်သည်။

မျှော်လင့်ချက်မြို့တော်သည် ပြန်လည်တည်ဆောက်ရေးဇုန်၏ မဟာဗျူဟာကျသော အဓိကမြို့တော်ဖြစ်ပြီး သုတေသနစွမ်းရည်အရ မြို့တော်သစ်ပြီးလျှင် ဒုတိယနေရာ၌ ရှိနေသည်။

ထို့ကြောင့် သုတေသီများနှင့် အင်ဂျင်နီယာများ များပြားနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးကာလက သိပ္ပံပညာအပေါ် အလေးထားပုံနှင့် ယခုကဲ့သို့ လူသားမျိုးနွယ် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရသော ကမ္ဘာပျက်ခေတ်ကာလကို နှိုင်းယှဉ်၍မရနိုင်ပေ။

သုတေသီများနှင့် အင်ဂျင်နီယာ အရေအတွက်မှာ များပြားသည်ဟု ထင်ရသော်လည်း လူသားယဉ်ကျေးမှုကို ပြန်လည်တည်ဆောက်ရန်အတွက်မူ လုံလောက်သော ပမာဏမဟုတ်ပေ။

တိုးတက်မှုလမ်းကြောင်းကို မဆိုထားနှင့်၊ နောက်ပြန်မဆုတ်သွားအောင် ထိန်းထားနိုင်လျှင်ပင် ကံကောင်းလှပြီဟု ဆိုရမည်။ လူသားတို့၏ လက်ရှိနည်းပညာအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားချင်ပါက ဤပမာဏထက် အနည်းဆုံး ၁၀ ဆခန့် ပိုမိုလိုအပ်ပေလိမ့်မည်။

ကံကောင်းသည်မှာ ပုံတူကူးမျိုးပွားခြင်း နည်းပညာက ရင့်ကျက်ခိုင်မာနေပြီဖြစ်၍ လူဦးရေတိုးပွားနှုန်းကို စက်ရုံထုတ်ကုန်ပစ္စည်းများသဖွယ် စီမံကိန်းချ၍ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

သုတေသနပညာရှင် အရေအတွက်ကိုလည်း ပုံတူလူသားများ မွေးမြူခြင်းဖြင့် တိုးမြှင့်နိုင်မည်ဖြစ်သည်။ အချိန်လုံလောက်စွာ ရရှိပါက ဤကိစ္စသည် ပြဿနာကြီးမဟုတ်ပေ။

လော်ယွမ် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ထိုင်ခုံကို လှည့်ကာ ကျောဘက်နံရံတွင် ချိတ်ဆွဲထားသော ပြန်လည်တည်ဆောက်ရေးဇုန် မြေပုံကြီးဆီသို့ အကြည့်ပို့လိုက်သည်။ ထို့နောက် မျှော်လင့်ချက်မြို့တော် အနီးအနားရှိ မြို့သုံးမြို့ကို အနီရောင်ဖြင့် ဝိုင်းလိုက်သည်။

ယင်းတို့မှာ အရုဏ်ဦးမြို့၊ စည်းလုံးရေးမြို့ နှင့် အောင်ပွဲမြို့ တို့ဖြစ်သည်။

ထိုမြို့သုံးမြို့သည် မျှော်လင့်ချက်မြို့တော်နှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ဆန့်ကျင်ဘက်ဒြပ်သားဗုံး၏ တိုက်ရိုက်ဖျက်ဆီးမှုကို မခံခဲ့ရဘဲ မြေအောက်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေနိုင်သေးသည်။

သို့သော် ထိုမြို့များ၏ အခြေအနေမှာ မျှော်လင့်ချက်မြို့တော်ထက် ပိုမိုဆိုးရွားနိုင်ချေရှိသည်။ အကယ်၍ အမြန်ဆုံး ကူညီကယ်ဆယ်မှုများ မပြုလုပ်ပါက အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ကြာရှည်တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ ထိုမြို့များ၏ အခြေအနေကို ရှင်းလင်းစွာ စုံစမ်းထောက်လှမ်းရန် လိုအပ်သည်။

လော်ယွမ်သည် ရုံးတွင်းဖုန်းလိုင်းကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ "အခန်းထဲ ခဏလောက် ဝင်လာခဲ့ပါ"

မြို့တော်ဝန်ရုံးခန်းဖြစ်သည့်အလျောက် ဖုန်းလိုင်းမှာ ချက်ချင်းပင် ပွင့်သွားလေသည်။

မကြာမီတွင် အသားညိုညိုနှင့် လူငယ်တစ်ဦးသည် တံခါးကို အသံမမြည်အောင် တွန်းဖွင့်ဝင်ရောက်လာပြီး ရိုသေလေးစားစွာဖြင့် မေးလိုက်သည်။ "မြို့တော်ဝန်... ကျွန်တော့်ကို ခေါ်တာလား ခင်ဗျာ"

သူ့အမည်မှာ ချန်ကွမ်ဟွေးဖြစ်ပြီး မြို့တော်ဝန်ဟောင်း၏ အတွင်းရေးမှူးဖြစ်သည်။ မြို့တော်ဝန်ဟောင်း ကျဆုံးသွားပြီဖြစ်သော်လည်း လော်ယွမ်အနေဖြင့် လူစားလဲရန် စိတ်ကူးမရှိပေ။ သာမန်လူတို့၏ အာဏာကစားကွက်များသည် လော်ယွမ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးအတွက် အဓိပ္ပာယ်မဲ့လွန်းလှသည်။ သူက တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။

"ဓားတရားဌာနက အဖွဲ့ဝင်တွေကို ကျွန်တော့်ဆီ လာတွေ့ဖို့ အကြောင်းကြားလိုက်ပါ"

"ဟုတ်ကဲ့ပါ မြို့တော်ဝန်... တခြား ဘာများ မှာစရာရှိပါသေးလဲခင်ဗျာ" ချန်ကွမ်ဟွေးက မေးလိုက်သည်။

"မရှိတော့ဘူး... အခုချက်ချင်း သွားစီစဉ်လိုက်ပါ" လော်ယွမ်က လက်ကာပြရင်း ပြောလိုက်သည်။

ချန်ကွမ်ဟွေးသည် ရုံးခန်းထဲမှ ခြေသံလုံလုံဖြင့် ထွက်ခွာသွားပြီး တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်သည်။ တံခါးပိတ်လိုက်သည်နှင့် သူ၏မျက်နှာပေါ်တွင် မျိုသိပ်ထားရသော စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာသည်။

ယခင်က ဓားတရားဌာနနှင့် မြို့တော်ဝန်ရုံးတို့သည် ပြိုင်ဘက်ဌာနကြီးနှစ်ခုသဖွယ် ရှိခဲ့ကြသည်။ ဓားတရားဌာနမှာ အလွန်ထူးခြားသော ဌာနတစ်ခုဖြစ်ပြီး အဖွဲ့ဝင်များမှာ အလွန်အန္တရာယ်များသည့် စူပါဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။

ထို့ပြင် မြို့တော်ဝန်ရုံးအနေဖြင့် သူတို့ထံမှ အကူအညီတောင်းခံရသည်က များသဖြင့် ဆက်ဆံရတိုင်း အမျက်ဒေါသ မထွက်စေရန် သတိထား၍ ဖားနေခဲ့ရသည်။

အတွင်းရေးမှူးသက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ထိုလူများကို ယခုကဲ့သို့ လက်အောက်ငယ်သားများသဖွယ် ဆင့်ခေါ်လိုက်သည့် အမိန့်မျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ လော်ယွမ်၏ စကားသံက တည်ငြိမ်သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိလှသည်။

သို့သော် ဓားတရားဌာန၏ ဒုတိယဌာနမှူးဟောင်းဖြစ်သူ မြို့တော်ဝန်အသစ်အတွက်မူ မျှော်လင့်ချက်မြို့တော်ရှိ ဓားတရားအဖွဲ့ဝင်များသည် သူ၏ လက်အောက်ငယ်သားများ ဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။

……

နာရီဝက်ခန့်အကြာတွင် ဓားတရားဌာနမှ အဖွဲ့ဝင်များ တစ်ယောက်မကျန် ရောက်ရှိလာကြသည်။

လော်ယွမ်နှင့် နောက်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ရချိန်တွင် အဖွဲ့ဝင်များသည် ရင်းနှီးကျွမ်းဝင်သလိုလိုနှင့် စိမ်းသက်နေသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့သည် ဒဏ္ဍာရီတစ်ပုဒ် မွေးဖွားလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူများ ဖြစ်သည်။ လဝက်ကာလတိုလေးအတွင်းတွင် လော်ယွမ်သည် သာမန်အဖွဲ့ဝင်အဖြစ်မှ ဒုတိယခေါင်းဆောင်၊ ဒုတိယဌာနမှူး၊ ယခုအခါ မျှော်လင့်ချက်မြို့တော်၏ မြို့တော်ဝန်အဖြစ်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။

သူ၏ စွမ်းအားများသည်လည်း ယခင်က သူတို့နှင့် သိပ်မကွာလှသော်လည်း ယခုအခါတွင်မူ နတ်ဘုရားနှင့် သာမန်လူသားတို့ကဲ့သို့ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

လော်ယွမ်က ဂြိုဟ်သားများကို သုတ်သင်ခဲ့သည့် မြင်ကွင်းကို သူတို့ မမြင်ဖူးသော်လည်း အဆင့် ၈ သန္ဓေပြောင်းသားရဲကြီးက လော်ယွမ်၏ ရှေ့မှောက်တွင် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကဲ့သို့ ယဉ်ပါးနေသည်ကိုမူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးသည်။

လက်ရှိလော်ယွမ်၏ ရှေ့မှောက်တွင် သူ၏တပည့်ဖြစ်သူ ဖန်းဖေ့ပင်သာမက လော်ယွမ်နှင့် အမြဲပြိုင်ဆိုင်လိုသူ လင်းဖေးယန်တို့ပါ ရင်တွေတဒုန်းဒုန်း ခုန်နေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ကျန်သူများကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။

"လူရင်းတွေပဲဟာ... ဘာမှ အားနာမနေကြနဲ့... ထိုင်ကြဦး" သူတို့အားလုံး တင်းမာနေသည်ကို မြင်လိုက်ရသဖြင့် လော်ယွမ်သည် တင်းမာခက်ထန်နေသော မျက်နှာထားကို လျှော့ချလိုက်ပြီး အပြုံးရိပ်သန်းလျက် ပြောလိုက်သည်။

လော်ယွမ်၏ သဘောထားမှာ ယခင်အတိုင်းပင် ဖြစ်နေသည်ကို မြင်ရသောအခါ အားလုံး၏ စိတ်ထဲမှ အလုံးကြီးကျသွားသလို သက်သာရာ ရသွားကြသည်။

"ဆရာ... ဆရာက တကယ်ပဲ ဂြိုဟ်သားတွေကို သုတ်သင်ခဲ့တာလား" ဖန်းဖေ့ပင်က သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။ ယနေ့ တစ်နေ့လုံး ဤသတင်းက နေရာတိုင်းတွင် ပျံ့နှံ့နေသဖြင့် မကြားချင်မှ အဆုံးပင်ဖြစ်သည်။

ဖန်းဖေ့ပင် မေးလိုက်သည်နှင့် လင်းဖေးယန် အပါအဝင် အဖွဲ့သားအားလုံး နားစွင့်လိုက်ကြသည်။ သို့သော် လော်ယွမ်က သူတို့၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးရန် စိတ်ကူးမရှိပေ။

"အဲ့ကိစ္စ ခဏထားဦး... အခု ဒီကပ်ဘေးကြီး ပြီးသွားတဲ့နောက်မှာ ပြန်လည်တည်ဆောက်ရေးဇုန်လည်း ပျက်စီးသွားပြီ... လက်ရှိအခြေအနေတွေက ပြောင်းလဲကုန်ပြီ... ဓားတရားဌာန တည်ရှိနေတာကလည်း အဓိပ္ပာယ်မရှိတော့ဘူး... မင်းတို့ကို ဒီကိုခေါ်လိုက်တာက ဓားတရားဌာနကို ဖျက်သိမ်းပြီး အဖွဲ့ပြန်လည်ဖွဲ့စည်းဖို့ပဲ... ဆင့်ကဲပြောင်းလဲသူတွေကို မြို့တော်ဝန်ရုံးအောက်ကို ထည့်သွင်းပြီး အထူးလှုပ်ရှားမှုအဖွဲ့ ဖွဲ့စည်းမယ်... မင်းတို့ ဘယ်လိုသဘောရလဲ"

ပြန်လည်တည်ဆောက်ရေးဇုန် ခေတ်ကာလတုန်းက စူပါဆင့်ကဲပြောင်းလဲသူများကို ချွေးသိပ်ရန်နှင့် တည်ငြိမ်မှုရရှိစေရန်အတွက် ဓားတရားဌာနသည် အထူးအခွင့်အရေးများစွာ ရရှိခဲ့သည်။ ခံစားခွင့်များသာမက များပြားလှသော ထောက်ပံ့ရေးဝန်ထမ်းများကိုပါ ရရှိခဲ့ကြရာ ကမ္ဘာပျက်ခေတ် စံနှုန်းဖြင့် ကြည့်လျှင် အလွန်ဇိမ်ကျလွန်းသည်ဟု ဆိုရမည်။

ယခင်က လော်ယွမ်ကိုယ်တိုင် အဖွဲ့ဝင်ဖြစ်ခဲ့စဉ်က အကျိုးခံစားခွင့်ရသူ ဖြစ်သဖြင့် မကန့်ကွက်ခဲ့သော်လည်း ယခု မြို့တော်ဝန်ဖြစ်လာချိန်တွင်မူ ဤအထူးဌာနကြီး ရှိနေခြင်းမှာ မျက်စိစပါးမွှေးစူးစရာ ဖြစ်လာသည်။

လင်းဖေးယန် ခဏမျှ စဉ်းစားလိုက်သည်နှင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ယနေ့မှစ၍ သူတို့ကဲ့သို့ စူပါဆင့်ကဲပြောင်းလဲသူများသည် အထူးအခွင့်အရေးများ ရရှိတော့မည် မဟုတ်ပေ။

သာမန်လူများထက် အနည်းငယ်သာလွန်သော ခံစားခွင့်ရှိနိုင်သော်လည်း ယခင်ကလို သက်တောင့်သက်သာ နေထိုင်၍ ရတော့မည်မဟုတ်။ အကယ်၍ သူမအား ဤကဲ့သို့ ပြောဆိုလာသူမှာ အခြားလူတစ်ဦး (သို့မဟုတ်) မြို့တော်ဝန်ဟောင်းသာ ဆိုပါက သူမ၏ အစွမ်းကို ပြသပြီး ဆုံးမပစ်လိုက်မည် ဖြစ်သည်။

သို့သော် ယခုပြောနေသူမှာ လော်ယွမ် ဖြစ်နေသည်။ ကမ္ဘာပေါ်တွင် အသန်မာဆုံးသော နတ်ဘုရားတစ်ပါးနှင့် တူသူ၏ ရှေ့မှောက်တွင် သူမ၌ ငြင်းဆန်ရဲသော သတ္တိမရှိပေ။ သူမ နှုတ်ခမ်းကို လှုပ်ရုံမျှလှုပ်ပြီး တိုးတိုးလေး ဖြေလိုက်သည်။

"ကျွန်မ ကန့်ကွက်စရာ မရှိပါဘူး"

"ကျန်တဲ့သူတွေရော..."

"ဆရာ့ သဘောပဲ... ကျွန်တော်တို့က ဘာကန့်ကွက်စရာ ရှိဦးမှာလဲဗျ" ဖန်းဖေ့ပင်က ရယ်ရယ်မောမောပင် ပြောလိုက်သည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်" အရူးဝမ်ကလည်း အလျင်အမြန် ထောက်ခံလိုက်သည်။ သူသည် ယခင်ကတည်းက လော်ယွမ်ကို ကြောက်ရသူဖြစ်ပြီး ယခုဆိုလျှင် ပို၍ပင် ကြောက်ရွံ့နေပြီဖြစ်သည်။ ရွေးချယ်ခွင့်သာရှိလျှင် ဤနေရာမှ ချက်ချင်း ထွက်ပြေးသွားချင်မိသည်။

"ဟုတ်ပြီ... ဒါဆို ပထမဆုံး အမိန့်ကို ပေးမယ်... စောစောက ငါ အပြင်ထွက်ကြည့်တော့ အပြင်မှာ လေတိုက်နှုန်းက အတော်လေး လျော့နည်းသွားပြီ... မင်းတို့အပေါ် သိပ်ပြီး သက်ရောက်မှု ရှိမှာမဟုတ်ဘူး... အခုချက်ချင်း အရုဏ်ဦးမြို့၊ စည်းလုံးရေးမြို့ နဲ့ အောင်ပွဲမြို့ တွေကို သွားပြီး အဲ့ဒီက အသက်ရှင်ကျန်ရစ်သူတွေရဲ့ အခြေအနေကို စုံစမ်းပါ... ပြီးတော့ သက်ဆိုင်ရာ မြို့တော်ဝန်ရုံးတွေနဲ့ အဆက်အသွယ်ရအောင် လုပ်ပါ"

ဆက်ရန်...

အပိုင်း (၄၅၂) လေပြင်းနှင့် သဲမုန်တိုင်း

ဆီစိမ်မီးတိုင်များ၏ အလင်းရောင်အောက်တွင် လမ်းမများမှာ နေ့ခင်းဘက်အလား လင်းထိန်နေသည်။

အစိုးရဝန်ထမ်းများ၏ ဦးစီးမှုဖြင့် လူအုပ်ကြီးသည် မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသော ဖုန်မှုန့်များကို ရှင်းလင်းနေကြ၏။

မရေမတွက်နိုင်သော အလုပ်သမားများသည်လည်း လှေကားများကိုယ်စီဖြင့် နေရာအနှံ့ရှိ ဓာတ်ကြိုးများကို ပြုပြင်နေကြသည်။

ထိုအချိန်တွင် မျှော်လင့်ချက်မြို့တော တစ်ခုလုံး အလုပ်များနေကြပြီး အပေါ်ပိုင်းရှိ ဂိုဒေါင်ရပ်ကွက်သို့ ရောက်သောအခါ လူအရေအတွက်မှာ ပို၍ပင် များပြားလာသည်။

ဤနေရာရှိ အဆောက်အအုံ အများအပြားမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး အချို့နေရာများတွင် လုံးဝ ပြိုကျပျက်စီးနေပြီ ဖြစ်သည်။

အနက်ရောင်နှင့် မီးခိုးရောင် ရောနှောနေသော ရေခဲသဲမှုန်များသည် အက်ကွဲကြောင်းများမှတစ်ဆင့် တိုးဝင်တိုက်ခိုက်နေသဖြင့် ဤနေရာ၏ အပူချိန်မှာ သုညဒီဂရီအောက် ပင် ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ဤမျှ တက်ကြွလှုပ်ရှားနေသော မြင်ကွင်းကြောင့် အအေးဒဏ်ကို မည်သူမျှ သတိမထားမိကြတော့ပေ။

ပြည်သူလူထုကြီးသည် ညီညာစွာ အော်ဟစ်အားယူရင်း ပြိုကျနေသော ကျောက်တုံးကြီးများကို မ,တင် ရွှေ့ပြောင်းနေကြသည်။

အခြားတစ်ဖက်တွင်လည်း ဘိလပ်မြေ ပုံးများကို အလျင်အမြန် သယ်ဆောင်ကာ ဖျော်စပ်ထားပြီးသား ဘိလပ်မြေများကို မြေပြင်ရှိ အက်ကွဲကြောင်းများထဲသို့ လောင်းထည့်နေကြသည်။

စက်ယန္တရား ရှားပါးမှုကြောင့် လူအင်အားကိုသာ အဓိက အသုံးပြုကာ ပခုံးဖြင့်ထမ်း၍ လက်ဖြင့်သယ်ပို့ လုပ်ကိုင်နေရသည်။

လူတိုင်းသည် အပေါ်ထပ်အင်္ကျီ ပါးပါးလေးများကိုသာ ဝတ်ဆင်ထားသော်လည်း လုပ်အားကြောင့် ဦးခေါင်းထက်တွင် ချွေးများ ရွှဲနစ်နေကြလေသည်။

လူတို့သည် မျှော်လင့်ချက်မဲ့နေချိန်တွင် အကြောက်ရဆုံးအရာမှာ လျှောက်တွေးမိနေခြင်းပင် ဖြစ်သည်။ ပိုတွေးလေ အခြေအနေက ပိုဆိုးလေ ဖြစ်တတ်သည်။

သို့သော် ယခုကဲ့သို့ မျှော်လင့်ချက်မြို့တော်မှ လူအားလုံး စတင်လှုပ်ရှားလာကြချိန်တွင်မူ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေဆဲ ဖြစ်သော်လည်း စိတ်ဓာတ်ခွန်အားများ ပြန်လည် ရှင်သန်လာကြလေသည်။

......

ဓားတရားအဖွဲ့က ယခုအခါ လော်ယွမ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ ဖြစ်သွားပေပြီ။

ထိုအဖွဲ့သားများသည် ပြိုကျနေသော အပေါက်ဝကိုဖြတ်၍ မြေအောက်မြို့တော်မှ ထွက်လာလိုက်သည်နှင့် ရေခဲအလား အေးစက်သော သဲမုန်တိုင်း၏ တိုက်ခတ်မှုကြောင့် နောက်သို့ တရွတ်တိုက် ဆုတ်သွားကြရသည်။

အဖွဲ့ထဲတွင် ခန္ဓာကိုယ် အသေးငယ်ဆုံးဖြစ်သည့် လင်းဖေးယန်ဆိုလျှင် လေထဲသို့ပင် လွင့်ပါသွားပြီး မြေပြင်ပေါ်၌ ဂျွမ်းထိုးမှောက်ခုံ လဲကျသွားရှာသည်။

လင်းဖေးယန်၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်လူများက အလျင်အမြန် အကြည့်လွှဲကာ မမြင်ချင်ယောင် ဆောင်လိုက်ကြသည်။

တော်သေးသည်မှာ မထွက်ခွာမီက လေပြင်းနှင့် သဲမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ လူတိုင်း၏ မျက်နှာပေါ်တွင် လေကာမျက်မှန်များ တပ်ဆင်ထားပြီး နားနှင့် နှာခေါင်းပေါက်များကို ဂွမ်းစများဖြင့် ပိတ်ဆို့ထားကြသည်။

သို့မဟုတ်ပါက ဤမျှ ပြင်းထန်သော လေပြင်းမုန်တိုင်းကြားတွင် တစ်လှမ်းချင်း ရှေ့ဆက်ရန်ပင် ခဲယဉ်းပေလိမ့်မည်။

အရူးဝမ်က ခန္ဓာကိုယ်ကို ကိုင်းညွတ်ထားရင်း လေတိုက်အားကို တောင့်ခံကာ ပါးစပ်ထဲ ဝင်လာသော သဲများကို "ထွီ... ထွီ" ဟု ထွေးထုတ်လိုက်သည်။

ထို့နောက် မျက်လုံးကို မှေးစင်းလျက် ပြောလိုက်သည်။

"လေက တော်တော်ပြင်းတာပဲကွာ... ဘယ်သူကများ လေငြိမ်သွားပြီလို့ ပြောတာလဲ... လူတောင် လွင့်ပါသွားနိုင်တယ်"

"လော်ယွမ်အတွက်တော့ လေနုအေးလောက်ပဲ ဖြစ်မှာပေါ့... ငါတို့အတွက်ကတော့ ပြင်းတာပေါ့ကွ... မင်းမကျေနပ်ရင် လော်ယွမ်ကို သွားပြောပါလား" ဘေးနားမှ လီတုန်းက အပြုံးတစ်စကို မရမက ညှစ်ထုတ်ရင်း ဝင်နောက်လိုက်သည်။

"လီတုန်း... မင်း စကားမပြောလည်း ဘယ်သူမှမင်းကို အနေတယ်လို့ မထင်ဘူးကွ" အရူးဝမ်က ဒေါသတကြီး ပြန်အော်လိုက်သည်။

"ကဲ... တော်ကြပါတော့... မင်းတို့ကလည်း... ဒါနဲ့ ဒီဂြိုဟ်သားတွေက ဘယ်လိုလက်နက်မျိုး သုံးလိုက်တာလဲ မသိဘူး... ဒီလောက်ကြာတာတောင် ကောင်းကင်ကြီးက မည်းမှောင်နေတုန်းပဲ... ဒီအမှောင်ထုကြီး ဘယ်လောက်ကြာကြာ ဆက်ရှိနေဦးမယ် ထင်လဲ"

ဖန်းဖေ့ပင်က ကြားဝင်ဖြန်ဖြေရင်း ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။

ကောင်းကင်ကြီးမှာ မည်းမှောင်အုပ်မှိုင်းနေပြီး နေရောင်ခြည် တစ်စက်မျှပင် မမြင်ရပေ။ နေ့ခင်းဘက်အချိန် ဖြစ်သော်လည်း ညအချိန် ရောက်နေသကဲ့သို့ ခံစားရပြီး ရင်ထဲအသည်းထဲအထိ စိမ့်တက်လာသော အအေးဓာတ်မျိုးကို ပေးစွမ်းနေသည်။

"အခုအခြေအနေက အနုမြူဆောင်းရာသီနဲ့ တော်တော်တူတယ်... လေထုထဲမှာ ဖုန်မှုန့်တွေ ပြည့်နှက်နေတာလေ... နေရောင်ခြည်ကို ပြန်မြင်ရဖို့ဆိုရင် သုံးလေးနှစ်လောက် စောင့်ရမယ် ထင်တယ်" ရွှီချန်ရှန်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါဆို ကမ္ဘာကြီးက ရေခဲပြင်ကြီး ဖြစ်သွားမှာပေါ့... သန္ဓေပြောင်း သတ္တဝါတွေတောင် အသက်ရှင်ဖို့ ခက်ခဲသွားမှာ" ဖန်းဖေ့ပင်က ထိတ်လန့်တကြား ပြောလိုက်သည်။

ယခုပင်လျှင် အပူချိန်သည် ဖာရင်ဟိုက် သုညအောက် ၂၀ ဒီဂရီ ဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားနေမည် ဆိုပါက ကမ္ဘာ့အပူချိန်သည် ဝင်ရိုးစွန်းဒေသများကဲ့သို့ ဖြစ်သွားနိုင်ပြီး ဝင်ရိုးစွန်းညများကဲ့သို့ အလင်းရောင်မဲ့သော အခြေအနေမျိုး ဖြစ်လာပေလိမ့်မည်။

လူတိုင်း၏ မျက်နှာများမှာ တိတ်ဆိတ်ငြိမ်သက် သွားကြသည်။

"အချိန်မရှိတော့ဘူး... အပိုစကားတွေ ပြောမနေနဲ့တော့... ဒီတစ်ခါ ငါတို့သွားရမယ့် နေရာက သုံးနေရာ ရှိတယ်... အဖွဲ့ ၃ ဖွဲ့ ခွဲလိုက်မယ်... ငါနဲ့ ဝူချင်းယုက အရုဏ်ဦးမြို့ကို သွားမယ်... ဖန်းဖေ့ပင်၊ အရူးဝမ်နဲ့ ရွှီချန်ရှန်တို့က စည်းလုံးခြင်းမြို့ ကို သွား... ကျန်တဲ့ သုံးယောက်က အောင်ပွဲမြို့ကို သွားကြ... ဘယ်သူ ကန့်ကွက်ချင်လဲ... အကြံပေးချင်တာ ရှိလား" လင်းဖေးယန်က စကားဝိုင်းကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။

"မရှိပါဘူး"

"မရှိပါဘူး"

……

စောစောကမှ လင်းဖေးယန် တစ်ယောက် အရှက်ကွဲထားသည် ဖြစ်ရာ မည်သူက သူမကို ဆန့်ကျင်ရဲမည်နည်း။ အားလုံးက အလျင်အမြန်ပင် ပြန်ဖြေလိုက်ကြသည်။

"ကောင်းပြီ... ဒါဆို ဝူချင်းယု... ငါတို့ သွားကြစို့"

ထိုသို့ပြောပြီးနောက် လင်းဖေးယန်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် လေပြင်းကို အံတုကာ ခက်ခဲစွာ ရှေ့ဆက်လျှောက်သွားသည်။

သူမ၏ ခန္ဓာကိုယ်မှာ သေးသွယ်ပြီး ပေါ့ပါးလွန်းလှသဖြင့် သတိမထားမိပါက လေတိုက်ရာသို့ လွင့်ပါသွားနိုင်လေသည်။

သူတို့နှစ်ဦး အနည်းငယ် လှမ်းသွားသောအခါမှ ရှဲ့ကျွင်းဟွေက တိုးတိုးလေး ပြောလိုက်သည်။ "ငါထင်တာတော့ ခေါင်းဆောင်တစ်ယောက် အရုဏ်ဦးမြို့ကို ရောက်နိုင်မှာ မဟုတ်ဘူး"

"ငါလည်း အဲဒီလိုပဲ ထင်တယ်... သူက အကောင်အရမ်းသေး အရမ်းပေါ့ပြီး ကလေးမလေးလို ဖြစ်နေတာ... လေနည်းနည်း ပြင်းလိုက်တာနဲ့ စွန်လွှတ်သလို ပါသွားမှာ" အရူးဝမ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးကပ်ပြောလိုက်သည်။

"လေဟုန်စီးပြီး ပျံသွားရင် ငါတို့ထက်တောင် မြန်ချင် မြန်နေဦးမှာ"

လူအုပ်စုမှာ တခိခိ ကြိတ်ရယ်လိုက်ကြသည်။

"ငါ သတိမပေးဘူးလို့ မပြောနဲ့နော်... လေက ဟိုဘက်ကို တိုက်နေတာ... မင်းတို့ပြောတာ ခေါင်းဆောင် ကြားသွားလိမ့်မယ်" လီတုန်းက သတိပေးလိုက်သည်။

ထိုအခါမှ လူအုပ်စုမှာ မျက်နှာများ ဖြူဖျော့သွားကြပြီး နောက်ထပ် စကားမပြောရဲကြတော့ပေ။ "အာ... ဟိုလေ... ငါတို့လည်း မြန်မြန် သွားကြတာ ကောင်းမယ် ထင်တယ်"

"ဟုတ်တယ်... ဟုတ်တယ်... အချိန်လင့်နေပြီ... ငါတို့လည်း သွားကြစို့"

မကြာမီမှာပင် ထိုလူအုပ်စုသည် နေရာအသီးသီးသို့ လူစုခွဲ ထွက်ခွာသွားကြလေသည်။

ရှေ့နားတွင် ရောက်နေသော လင်းဖေးယန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ လက်သီးကို တင်းတင်းဆုပ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရင်ထဲမှ ဒေါသများကို အတင်းဖိနှိပ်ထားလိုက်ရသည်။

ဘာမျှ မကြားလိုက်သည့်ဟန် ပြုရင်း ခေါင်းငုံ့ကာ ရှေ့ဆက်လျှောက်လာခဲ့သည်။ သူမ၏ ပွယောင်းနေသော အင်္ကျီမှာ လေပြင်းကြောင့် တဖျပ်ဖျပ် လွင့်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်မှာ ကြည့်ရသူ အဖို့ သနားစရာပင် ကောင်းလှသည်။

"ကျွန်မတို့ လက်ချင်းချိတ်ပြီး သွားရအောင်လေ" ဝူချင်းယုက လင်းဖေးယန်ကို အမီလိုက်ရင်း ပြောလိုက်သည်။

လင်းဖေးယန်၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေပြီး စကားပြန်မပြောသော်လည်း လက်ကမူ ဝူချင်းယုကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ဤနေရာတွင် လေတိုက်နှုန်းမှာ အဆင့် ၈၊ အဆင့် ၉ ခန့် ရှိပြီး ဦးတည်ချက်ကလည်း အမျိုးမျိုး ပြောင်းလဲနေသည်။ လေဆန်လမ်းကို ကျင့်သားရစ ပြုလာချိန်တွင် ရုတ်တရက် လေသင့်လမ်းကြောင်း ဖြစ်သွားပြန်သည်။

အသားကျသွားပြီဟု ထင်လိုက်ချိန်တွင်မူ လေပွေမုန်တိုင်း အဖြစ် ပြောင်းလဲသွားပြန်သည်။ အကြိမ်များစွာပင် သူတို့နှစ်ဦးမှာ ယိုင်နဲ့နဲ့ ဖြစ်သွားပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း အနောက်သို့ ခြေလှမ်းအတော်များများ ပြန်ဆုတ်လိုက်ရသည်။

ဤအခြေအနေက ရင်ထဲ၌ ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်စေပြီး အော်ဟစ်ပေါက်ကွဲပစ်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။

နောက်ဆုံးတွင် လင်းဖေးယန် အကြံရသွားပြီး လမ်းဘေးမှ ကျောက်တုံးကြီးများကို တစ်ယောက်တစ်တုံး မ,ထားလိုက်မှသာ အခြေအနေ ကောင်းသွားတော့သည်။

ကမ္ဘာလောကကြီး တစ်ခုလုံး မှောင်မည်းနေပြီး ရှေ့ကို ဘာမျှမမြင်ရသလောက်ပင်။ သဲမှုန်များနှင့် ကျောက်စရစ်ခဲများသည် သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များအလား ပြင်းထန်စွာ ရိုက်ခတ်နေသည်။

တခါတရံ လက်သီးဆုပ်လောက်ရှိသော ကျောက်တုံးများပင် ပါလာတတ်ရာ ထိပ်တန်းအဆင့် သန္ဓေပြောင်း လူသားများ ဖြစ်ကြသည့်တိုင် နာကျင်မှုကို ခံစားနေရသည်။

နှိုင်းယှဉ်ကြည့်လျှင် သုညအောက် ၃၀ ဒီဂရီ ခန့် ရှိသော အအေးဒဏ်မှာ သူတို့အတွက် သိပ်ကိစ္စ မရှိလှပေ။

လင်းဖေးယန်၏ စွမ်းရည်မှာ အပူစွမ်းအင် စုပ်ယူခြင်း ဖြစ်ပြီး သူမကိုယ်တိုင်ပင် ထိုထက်ပိုသော အအေးဒဏ်ကို ဖန်တီးနိုင်သည်။

ဤကဲ့သို့သော အအေးဒဏ်မှ အပူစွမ်းအင်ကို သူမ ဆက်လက် စုပ်ယူနိုင်သေးသည်။ ဝူချင်းယုကမူ အသက်စွမ်းအင် စုပ်ယူခြင်း ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည် သိပ်မကောင်းသော်လည်း အဖွဲ့သားအားလုံးထဲတွင် အသက်စွမ်းအား အကောင်းဆုံးသူ ဖြစ်သည်။ ထို့ကြောင့် ဤမျှလောက် အအေးဒဏ်ကို ဂရုစိုက်စရာ မလိုပေ။

မြို့ပြင်သို့ ရောက်လာသောအခါ မူလကတည်းက ကြမ်းတမ်းနေသော ခရီးလမ်းသည် ပိုမိုဆိုးရွားလာလေသည်။

မြို့တော် ပြန်လည်တည်ဆောက်ရေး ဇုန်သည် သဲကန္တာရထဲတွင် တည်ရှိသည်။ ကမ္ဘာပျက်ကပ် စတင်ပြီးနောက် ပေါင်းပင်များနှင့် ချုံပုတ်များ တရစပ် ပေါက်ရောက်လာမှုကြောင့် ဤနေရာရှိ ကန္တာရ အခြေအနေမှာ အတော်အတန် ကောင်းမွန်စ ပြုလာခဲ့သည်။ မြေပြင်ပေါ်တွင် မြေဆွေးလွှာပါးပါးလေး ဖုံးလွှမ်းလာပြီး သဲများကိုပင် သိပ်မတွေ့ရတော့ပေ။

သို့သော် ယခု ဘေးဒုက္ခကြောင့် ဤနေရာသည် တဖန်ပြန်၍ သဲကန္တာရ ဖြစ်သွားရပြန်သည်။

သုညအောက် ၃၀ ဒီဂရီ ဝန်းကျင် အအေးဒဏ် ရှိသော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မြေပြင်ပေါ်ရှိ သဲမြေများမှာ ခဲသွားခြင်း မရှိပေ။ အချို့သော သဲများသည် လေနှင့်အတူ လွင့်ပါသွားပြီး တစ်ချိန်ချိန်တွင် မိုးရွာသကဲ့သို့ ပြန်လည် ကျဆင်းလာတတ်သည်။ အချို့သော သဲများမှာမူ ရွေ့လျားသဲခုံများအဖြစ် စုစည်းသွားကာ မရပ်မနား ရွေ့လျားနေကြသည်။

ပို၍ ဆိုးရွားသည်မှာ အလင်းရောင် အားနည်းလွန်းသဖြင့် မြင်ကွင်းမှာ ၁ ပေခွဲ ခန့်သာ မြင်ရတော့သည်။ တစ်စုံတစ်ခု မှားယွင်းနေပြီဟု သတိထားမိလိုက်ချိန်တွင် သဲမြေအောက်၌ အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရပြီ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦး သဲခုံများအောက်၌ မည်မျှ မြှုပ်နှံခံခဲ့ရသည်ကို မသိတော့။ ပါးစပ်ထဲသို့ သဲမည်မျှ ဝင်ရောက်ခဲ့သည်ကိုလည်း မရေတွက်နိုင်တော့။ အကယ်၍သာ သူတို့နှစ်ဦးသည် ထိပ်တန်းအဆင့် သန္ဓေပြောင်း လူသားများသာ မဟုတ်ခဲ့လျှင် ဆယ်ခါပြန်လောက် သေဆုံးနေလောက်ပြီ ဖြစ်သည်။

နှစ်နာရီကြာအောင် ခက်ခဲစွာ လျှောက်လှမ်းပြီးနောက် ကံကောင်းထောက်မစွာဖြင့် ကျောက်ဆောင်များ ရှိသောနေရာ တစ်ခုသို့ ရောက်ရှိသွားသည်။

"ခဏ နားရအောင်" လင်းဖေးယန်က မိန်းမဆန်ဖို့ မစဉ်းစားတော့ဘဲ တံတွေးထွေးထုတ်လိုက်ရင်း ပြောလိုက်သည်။

ဝူချင်းယုလည်း လမ်းလျှောက်ရလွန်းသဖြင့် ခြေကုန်လက်ပန်း ကျနေပြီ ဖြစ်သည်။ သူတို့နှစ်ဦး လက်ချင်းချိတ်ကာ အကာအကွယ်ရမည့် နေရာတစ်ခုကို အမြန်ရှာဖွေလိုက်ကြသည်။

လေကွယ်ရာ ကျောက်ဆောင်တစ်ခုအောက်တွင် ဝင်ထိုင်လိုက်မှသာ လေပြင်းဒဏ်မှ ကင်းဝေးပြီး ပုံမှန်အတိုင်း ပြန်လည် အသက်ရှူနိုင်တော့သည်။

"ခေါင်းဆောင်... ဘယ်လောက်ဝေးသေးလဲ ကြည့်ပေးပါဦး" ဝူချင်းယုက မောဟိုက်စွာဖြင့် မေးလိုက်သည်။

ဘေးဒုက္ခနှင့်အတူ ပါလာသော လျှပ်စစ်သံလိုက် ရိုက်ခတ်မှုများကြောင့် စမတ်ကိရိယာ အများစုမှာ ပျက်စီးသွားခဲ့သော်လည်း အချို့မှာ အသုံးပြု၍ ရနေဆဲဖြစ်သည်။

လင်းဖေးယန်က လက်ပတ်စမတ်ကိရိယာကို ကြည့်လိုက်ရာ ပေါ်လာသော ကိန်းဂဏန်းများကြောင့် မျက်နှာပျက်သွားသည်။

"နောက်ထပ် ၁၅ မိုင် လောက် လိုသေးတယ်"

"ဒါဆို ကျွန်မတို့ ၂ နာရီလုံး လျှောက်လာတာ ၆ မိုင် တောင် မပြည့်သေးဘူးပေါ့... ဘယ်လောက်ကြာကြာ ဆက်လျှောက်ရဦးမှာလဲ" ဝူချင်းယု မျက်နှာ ညှိုးသွားသည်။

"ဒီဘေးဒုက္ခကြောင့် သေဆုံးသွားရတဲ့ သူတွေနဲ့ ယှဉ်လိုက်ရင် ငါတို့ရဲ့ ဒုက္ခက ဘာမှ မပြောပလောက်ပါဘူး" ခေါင်းဆောင်တစ်ဦး၏ အသိစိတ်ဖြင့် လင်းဖေးယန်က ဆုံးမလိုက်သည်။

ဝူချင်းယုသည် ဂိုဒေါင်ဧရိယာတွင် ရှင်းလင်းထုတ်ခဲ့ရသော အလောင်းများကို ပြန်လည်မြင်ယောင်လာသည်။ မြေလှန်ခံထားရသော စက်ရုံရပ်ကွက်များနှင့် သူမ မမြင်တွေ့ရသေးသော ပျက်စီးသွားသည့် မြို့ပြများကို တွေးမိရင်း စိတ်နှလုံး လေးလံလာသည်။

မည်မျှပင် တစ်ကိုယ်ကောင်းဆန်သော သူဖြစ်ပါစေ၊ လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေမျိုးတွင် လစ်လျူရှုထား၍ မရနိုင်ပေ။

"ခေါင်းဆောင် ပြောတာ အမှန်ပဲ... ကျွန်မ အမောပြေပါပြီ... ဆက်သွားကြတာပေါ့... အရုဏ်ဦးမြို့ရဲ့ အခြေအနေကို မျှော်လင့်ချက်မြို့တော်ဆီ အမြန်ဆုံး သတင်းပို့ရမယ်"

ဆက်ရန်...

All Chapters