အခန်း (၄၅၅-၄၅၆)
Vol. 23 Ch. 455-456
အပိုင်း (၄၅၅) ချန်ရှင်းကျယ်၏ သတင်း
ည ၁၁ နာရီခန့်တွင် အထူးစစ်ဆင်ရေးအဖွဲ့ (ဓားတရားအဖွဲ့) မှ အဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာကြပြီး မျှော်လင့်ချက်မြို့တော် အနီးတစ်ဝိုက်ရှိ မြို့သုံးမြို့မှ သတင်းအချက်အလက်များကို သယ်ဆောင်လာကြသည်။
ထိုမြို့များ၏ အခြေအနေမှာ ကောင်းသည်ဟု မဆိုနိုင်သလို၊ ဆိုးသည်ဟုလည်း ပြော၍မရပေ။
ထိုမြို့သုံးမြို့သည် အခြေခံ တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ကြီးလေးသော ဆူပူအုံကြွမှုများ ဖြစ်ပွားခြင်း မရှိသေးပေ။
ထို့အပြင် မြို့အသီးသီးမှ ခေါင်းဆောင်များသည် လက်ရှိအခြေအနေကို သဘောပေါက် နားလည်ပြီးနောက် မျှော်လင့်ချက်မြို့တော်၏ ဦးဆောင်မှုအောက်တွင် နေထိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြသည်။
ဤအချက်မှာ လော်ယွမ်အတွက် ထူးဆန်းအံ့သြဖွယ်ရာ ကိစ္စမဟုတ်ချေ။ ပထမအချက်အနေဖြင့် မျှော်လင့်ချက်မြို့တော်သည် ပြန်လည်ထူထောင်ရေးဇုန်၏ အဓိက မဟာဗျူဟာမြောက် မြို့တော်ဖြစ်သည်။
ကမ္ဘာပျက်ကပ်ဘေး မတိုင်ခင်ကတည်းက ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး တို့ကဲ့သို့ ထိပ်တန်းမြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူးရာ သာမန်မြို့ငယ်များထက် အဆင့်အတန်း သဘာဝကျကျ မြင့်မားနေပြီးဖြစ်သည်။
ဒုတိယအချက်အနေဖြင့်မူ ထိုမြို့ခေါင်းဆောင်များတွင် ရည်မှန်းချက်ကြီးကြီးမားမား ရှိနေလျှင်ပင် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အခြေအနေအောက်၌ မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်မည် မဟုတ်ဘဲ သေမည့်နေ့ရက်ကိုသာ ဖြည်းညှင်းစွာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
အနုမြူဆောင်းရာသီ၏ အအေးဒဏ်မှာ ကျော်ဖြတ်ရန် မလွယ်ကူလှပေ။ အကယ်၍သာ မျှော်လင့်ချက်မြို့တော်မှ ကယ်ဆယ်ခြင်း မပြုလုပ်ပါက အလွန်ဆုံး လဝက်ခန့်အကြာတွင် ထိုမြို့သုံးမြို့စလုံး ငရဲခန်းအလား ဖြစ်သွားပေလိမ့်မည်။
"ဒီမြို့သုံးမြို့က ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲ ဆိုတာတော့ မသိနိုင်ဘူး"
နောက်ဆုံးမှ ပြန်ရောက်လာသော လင်းဖေးယန် ရုံးခန်းထဲမှ ထွက်ခွာသွားပြီးနောက် လော်ယွမ်သည် ထိုင်ခုံနောက်မှီပေါ်သို့ မှီချလိုက်ရင်း မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
ယခုအချိန်တွင် အရာအားလုံးသည် အချိန်လိုအပ်နေသည်။ ယာဉ်ပျံကြီးကို ပြုပြင်မွမ်းမံရန်ဖြစ်စေ၊ ကျန်ရှိနေသော မြို့သုံးမြို့ကို ကယ်ဆယ်ရန်ဖြစ်စေ အချိန်တိုအတွင်း ပြီးမြောက်နိုင်သော ကိစ္စရပ်များ မဟုတ်ပေ။
လူသားအားလုံးကို ယာဉ်ပျံပေါ်သို့ ရွှေ့ပြောင်းပေးနိုင်သည့် အချိန်အထိ နောက်ထပ် လူမည်မျှ စတေးရဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
လော်ယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤနေရာတွင် ထိုင်နေရခြင်းသည် အာဏာကို ရရှိခြင်းဖြစ်သလို လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ထားရခြင်းလည်း ဖြစ်သည်။
အချိန်တစ်ရက် ကြန့်ကြာသွားတိုင်း မရေမတွက်နိုင်သော လူ့အသက်ပေါင်းများစွာ ပေးဆပ်လိုက်ရစမြဲ ဖြစ်သည်။
ထိုစဉ် စားပွဲပေါ်မှ တယ်လီဖုန်းမြည်လာသဖြင့် လော်ယွမ် ကိုင်လိုက်သည်။
"မြို့တော်ဝန်... ဒုတိယမြို့တော်ဝန် ပိ က အခြေအနေ လာတင်ပြချင်လို့ပါတဲ့ခင်ဗျာ" အတွင်းရေးမှူး ချန်ကွမ်းဟွေက ရိုသေစွာ ပြောကြားလိုက်သည်။
"ဝင်လာခိုင်းလိုက်ပါ" လော်ယွမ်က ဖုန်းချလိုက်သည်။
မကြာမီတွင် ပိကျန့်ဖိန်က ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်လာသည်။
"မြို့တော်ဝန်... လူအင်အားနဲ့ ပစ္စည်းကိရိယာ အားလုံး အဆင်သင့် ဖြစ်ပါပြီ... အချိန်မရွေး ယာဉ်ပျံပေါ် တက်ရောက်နိုင်ပါပြီ" သူက စာရွက်စာတမ်း ဖိုင်တွဲတစ်ခုကို လော်ယွမ်ထံ ကမ်းပေးရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကပ်ဘေးစတင်ဖြစ်ပွားချိန်မှစ၍ သူသည် နှစ်ရက်နှင့် တစ်ညလုံးလုံး အိပ်စက်ရခြင်း မရှိသေးပေ။ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အဝတ်အစားများမှာလည်း ဖုန်မှုန့်များ ပေကျံလျက် ညစ်ပတ်ပေရေနေသည်။
အမှန်တကယ်တော့ ဤသည်မှာ လက်ရှိအစိုးရ ဝန်ထမ်းအားလုံး၏ ပုံမှန်အခြေအနေ ဖြစ်နေလေပြီ။ မျှော်လင့်ချက်မြို့တော်အတွက် အချိန်သည် ရွှေဖြစ်သည်။ အလုပ်များမှာ တောင်ပုံရာပုံ ရှိနေသဖြင့် မည်သူမျှ နားနေချိန် မရှိကြပေ။
ကံကောင်းသည်မှာ ကမ္ဘာပျက်ကပ်ဘေးတွင် ရှင်သန်နေရသူများ ဖြစ်သည့်အားလျော်စွာ သာမန်လူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ယခင်ကထက် အဆများစွာ ပိုမိုသန်မာကြသဖြင့်သာ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ကြာရှည်ခံနိုင်မည် မဟုတ်ပေ။ အနားမယူဘဲ ဆက်လုပ်နေပါက အစိုးရယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းသွားနိုင်သည်။
လော်ယွမ်က ပိကျန့်ဖိန်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ကာ ဖိုင်တွဲကို လှမ်းယူပြီး အကြမ်းဖျင်း ဖတ်ရှုလိုက်သည်။ ထို့နောက် စားပွဲပေါ် တင်လိုက်ပြီး မေးလိုက်သည်။
"အပြင်ဘက်က လေတိုက်နှုန်း ကျသွားပြီလား"
"ပြီးခဲ့တဲ့ နာရီဝက်လောက်က တိုင်းတာချက်အရ လေတိုက်နှုန်းက အဆင့် ၅ လောက်ပဲ ရှိတော့တယ်... မြင်ကွင်းကတော့ ပေ ၃၀ အကွာလောက်ထိ မြင်ရပြီ... ဒါပေမဲ့ အပူချိန်ကတော့ ရေခဲမှတ်အောက် ၄၀ ဒီဂရီလောက်ထိ ကျဆင်းသွားတယ်" ဟု ပိကျန့်ဖိန်က ဖြေကြားသည်။
လေပြင်းမုန်တိုင်းသည် ဆန့်ကျင်ဘက်ဒြပ်သားဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကြာရှည်ခံမည် မဟုတ်သော်လည်း ဖုန်မှုန့်များကမူ လေထုထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေဦးမည် ဖြစ်သည်။
"အပူချိန်ကျတာ တော်တော်မြန်တာပဲ" လော်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"ထားလိုက်ပါတော့... အားလုံး အဆင်သင့် ဖြစ်နေပြီဆိုမှတော့ ရွှေ့ပြောင်းတာကို စတင်လိုက်ကြတာပေါ့"
လော်ယွမ်က ဖိုင်တွဲကို ဗီရိုထဲ ထည့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် နှစ်ဦးသား ရုံးခန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
ယခု ပထမအသုတ် ရွှေ့ပြောင်းမည့်သူ စုစုပေါင်း ၅ သောင်းခန့် ရှိသည်။ ထိုအထဲတွင် အများစုမှာ သုတေသီများနှင့် စက်မှုအင်ဂျင်နီယာများ ဖြစ်ကြပြီး သာမန်အလုပ်သမား ဦးရေမှာ အလွန်နည်းပါးကာ ၈ ထောင်ခန့်သာ ပါဝင်သည်။
ထို့ပြင် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၊ ထောက်ပံ့ရေး ဝန်ထမ်း ၆၀၀ ကျော်နှင့် အစားအစာ ရိက္ခာအမြောက်အမြားလည်း ပါဝင်သည်။
ယာဉ်ပျံ၏ ဉာဏ်ရည်တုဦးနှောက်နှင့် ကုန်ထုတ်လုပ်မှုဇုန် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် အလိုအလျောက် ထုတ်လုပ်ရေးစနစ်များ ရပ်ဆိုင်းနေသည်။
ထို့ကြောင့် ပထမအသုတ် သွားရောက်မည့်သူများသည် ကုန်ထုတ်လုပ်မှုဇုန်ရှိ စက်ရုံအသီးသီး၏ လည်ပတ်ပုံကို စမ်းသပ်လေ့လာပြီး စက်ရုံများကို ပြန်လည်လည်ပတ်ကာ ယာဉ်ပျံမွမ်းမံရေးအတွက် လိုအပ်သော ပစ္စည်းများကို ထုတ်လုပ်ရမည် ဖြစ်သည်။
လူဦးရေ ၅ သန်း၊ ၆ သန်းခန့်ကို ယာဉ်ပျံပေါ်တွင် နေရာချထားရန်အတွက် အထပ် ၇၀ ခန့်မြင့်သော မိုးမျှော်တိုက်များကို တည်ဆောက်ရန် လိုအပ်သည်။
ယာဉ်ပျံသည် မြေကြီးမဟုတ်ပေ။ အရှိန်မြှင့်တင်ချိန်နှင့် အရှိန်လျှော့ချချိန်တို့တွင် ဖြစ်ပေါ်လာမည့် သက်ရောက်အားများကြောင့် ဆောက်လုပ်ရေး ပစ္စည်းများ၏ ကြံ့ခိုင်မှုကို အလွန်မြင့်မားစွာ လိုအပ်သည်။
အထူးသဖြင့် ယာဉ်ပျံကြမ်းခင်းပေါ်တွင် အုတ်မြစ်ချ၍ မရနိုင်သောကြောင့် ကွန်ကရစ်နှင့် သစ်သားများကို အသုံးပြု၍ မရပေ။ အဆောက်အအုံ လုံခြုံမှုနှင့် ယာဉ်ပျံတည်ဆောက်ပုံ တည်ငြိမ်မှုကို အာမခံနိုင်ရန်အတွက် အဆောက်အအုံများကို သတ္တုဖြင့်သာ လောင်း၍ တည်ဆောက်ရမည်ဖြစ်ပြီး အပေါ်ထပ်နှင့် အောက်ထပ် ကြမ်းခင်းများနှင့် တစ်သားတည်း ချိတ်ဆက်ကာ ထောက်တိုင်ကြီးများသဖွယ် တည်ဆောက်ရမည် ဖြစ်သည်။
ဤစီမံကိန်းသည် သံမဏိ တန်ချိန်မြောက်မြားစွာ ကုန်ကျမည့်အပြင် သတ္တုပုံဖော်စက်များနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ စက်ကိရိယာများစွာ လိုအပ်ပေသည်။
မျှော်လင့်ချက်မြို့တော်၏ လက်ရှိ ကုန်ထုတ်လုပ်နိုင်စွမ်းအားဖြင့်ဆိုလျှင် စက်အားလုံးနှင့် လူအားလုံးကို ယာဉ်ပျံပေါ် ရွှေ့ပြောင်းပြီးသည်တိုင် ဤလုပ်ငန်းစဉ် ပြီးမြောက်ရန် အနည်းဆုံး ၁ နှစ်၊ ၂ နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။
သို့သော် လူသားများတွင် ၁ နှစ်၊ ၂ နှစ် အချိန်မရှိတော့ပေ။ အရာအားလုံး နောက်ကျသွားနိုင်သည်။
ယခု တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဗိုရှင်းဂြိုဟ်သားများ၏ ခေတ်မီစက်ရုံများကို အားကိုးရန်သာ ရှိတော့သည်။
"ခင်ဗျား တကယ်ပဲ နောက်ပိုင်းကျရင် ယာဉ်ပျံပေါ်မှာပဲ နေတော့မှာလား" လမ်းလျှောက်နေရင်း လော်ယွမ်က ရုတ်တရက် မေးလိုက်သည်။
ပိကျန့်ဖိန်၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ နဖူးပေါ်တွင် ချွေးစေးများ ပျံလာ၏။ သူသည် မျှော်လင့်ချက်မြို့တော်၏ ဒုတိယမြို့တော်ဝန်သာမက လက်ရှိ ပြန်လည်ထူထောင်ရေးဇုန်၏ ဒုတိယအကြီးအကဲ ဖြစ်ကြောင်း သတိရလိုက်သည်။
ယခင်အစည်းအဝေးတွင် ယာဉ်ပျံပေါ်၌ အမြဲတမ်းနေထိုင်ရန် တာဝန်ယူလိုကြောင်း ပြောမိခဲ့သည်မှာ အလွန်စွန့်စားရာ ရောက်နေမှန်း သူ နားလည်လိုက်သည်။
ဤယာဉ်ပျံသည် စိတ်ကူး၍ပင်မရနိုင်လောက်အောင် ခေတ်မီသော နည်းပညာများ ပါဝင်သည့် ယာဉ်ပျံကြီးဖြစ်သည်။ ၎င်းကို ထိန်းချုပ်နိုင်သူသည် အမြင့်ဆုံးသော စစ်အင်အားကို ပိုင်ဆိုင်လိုက်ခြင်းပင် ဖြစ်သည်။
မည်သည့် အာဏာပိုင်မဆို ဤကဲ့သို့သော မဟာဗျူဟာမြောက် လက်နက်ကြီးကို အခြားသူလက်ထဲ အပ်ထားရန် သံသယဝင်ကြမည်မှာ အသေအချာပင်။
သူက စကားလုံးများကို အလျင်အမြန် စီစဉ်ပြီး ရိုသေစွာ ပြောလိုက်သည်။ "မြို့တော်ဝန်... ကျွန်တော့်သဘောဆန္ဒက တကယ်မသင့်တော်ဘူးလို့ ထင်မိပါတယ်... မြို့တော်ဝန် ဘယ်လို သဘောရပါသလဲ ခင်ဗျာ"
လော်ယွမ်က လက်ကာပြလိုက်သည်။ "သင့်တော်တာ မသင့်တော်တာ ထားလိုက်ပါ... ခင်ဗျား သွားမယ်ဆိုရင် ကျွန်တော် စိတ်ချရပါတယ်"
လော်ယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်လူမှာမူ ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။ လော်ယွမ်သည် ယာဉ်ပျံ၏ အမြင့်ဆုံးထိန်းချုပ်ခွင့်ကို ရရှိထားသူ ဖြစ်သဖြင့် မည်သူ့ကိုမဆို စိတ်မချစရာ အကြောင်းမရှိပေ။
လော်ယွမ်က စိတ်ချသည် ဆိုသော်လည်း ပိကျန့်ဖိန်ကမူ စိတ်မချနိုင်ပေ။ လူ့စိတ်ဆိုသည်မှာ ခန့်မှန်းရခက်သည်။ သူက သတိထားပြီး ဆက်ပြောလိုက်သည်။
"ဒီတစ်ခေါက် သွားမယ့်လူက ၅ သောင်းတောင် ရှိတာဆိုတော့ စစ်သားနဲ့ရဲ ၅၀၀ လောက်နဲ့ ထိန်းသိမ်းဖို့ နည်းနည်း ခက်ခဲနိုင်တယ်... ယာဉ်ပျံပေါ်မှာ အထူးစစ်ဆင်ရေးအဖွဲ့ဝင် တစ်ယောက်လောက် အမြဲတမ်း တာဝန်ချထားသင့်တယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်"
"ခင်ဗျား ဘယ်သူ့ကို သဘောကျလို့လဲ" လော်ယွမ်က သူ့စိတ်ကို ရိပ်မိသဖြင့် မငြင်းဆန်ဘဲ မေးလိုက်သည်။
"ဖန်းဖေ့ပင် ဆိုရင်ရော ဘယ်လိုလဲခင်ဗျာ"
"ကောင်းပြီလေ... အဲဒီအတိုင်းပဲ လုပ်လိုက်ကြတာပေါ့"
ပိကျန့်ဖိန် သက်ပြင်းချလိုက်နိုင်ပြီး ကျောပြင်တစ်ခုလုံး အေးစက်နေသည်ကို သတိထားမိလိုက်သည်။
..................
ည ၁၂ နာရီခန့်တွင် လူအုပ်ကြီးသည် မျှော်လင့်ချက်မြို့တော်မှ နဂါးတစ်ကောင်ပမာ တန်းစီထွက်ခွာလာကြသည်။
အေးစက်သော လေပြင်းများက တဝေါဝေါ မြည်ဟီးလျက် တိုက်ခတ်နေသဖြင့် လူအများမှာ တုန်ယင်နေကြသည်။ အနွေးထည် လုံလောက်မှု မရှိခြင်းက မျှော်လင့်ချက်မြို့တော်၏ အဓိက ပြဿနာတစ်ခု ဖြစ်နေဆဲပင်။
လူတိုင်းသည် နွေးထွေးမှု ပေးနိုင်မည့် အဝတ်အစားမှန်သမျှကို ဝတ်ဆင်ထားကြပြီး အချို့ဆိုလျှင် စောင်များကိုပါ ပတ်ထားကြသည်။ သို့တိုင်အောင် အရိုးထဲထိ စိမ့်ဝင်သော အအေးဒဏ်ကို ခံစားနေကြရဆဲ ဖြစ်သည်။
အေးလွန်းသည်။ အလွန်အမင်း အေးစက်လွန်းလှသည်။ လေအေးများက အရိုးကြားထဲထိ တိုးဝင်နေသကဲ့သို့ပင်။
လေတိုက်နှုန်း လျော့ကျသွားပြီ ဖြစ်သော်လည်း သဲမှုန်များသည် အအေးဒဏ်ကြောင့် တစ်ခုနှင့်တစ်ခု ကပ်ကာ ကျောက်ခဲများသဖွယ် မာကျောနေကြသည်။ သဲခုံများပေါ်တွင် ရေခဲချောင်းများ တွဲလောင်းကျနေသည်ကို နေရာအနှံ့ တွေ့မြင်နေရသည်။
ရေခဲခေတ်ကြီး ရောက်ရှိလာတော့မည် ဖြစ်သည်။
.......
လော်ယွမ်သည် လူအုပ်ကြီး၏ ရှေ့ဆုံးမှ လျှောက်လှမ်းနေသည်။ သူ၏ အဝတ်အစားများမှာ ပါးလွှာသော်လည်း ပတ်ဝန်းကျင်မှ အအေးဒဏ်ကို လုံးဝဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေသည်။ သူက ဘေးမှလိုက်ပါလာသော ဖန်းဖေ့ပင်ကို သတိပေးလိုက်သည်။
"ဒီတစ်ခေါက် မင်းကို ယာယီ ရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ရာထူး ပေးလိုက်တာက မင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သလို အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်... မင်း လက်လွှတ်မခံမိစေနဲ့... တကယ်လို့ ကောင်းကောင်း အလုပ်မလုပ်နိုင်ရင်တော့ မင်းက ငါ့တပည့် ဖြစ်နေရင်တောင်မှ ရာထူးကနေ ဖြုတ်ပစ်မယ်"
"ဆရာ... ကျွန်တော် သေချာပေါက် ကြိုးစားလုပ်ကိုင်ပါ့မယ်" ဖန်းဖေ့ပင်က လေးနက်စွာ ပြောလိုက်သည်။ ဤအခွင့်အရေးသည် လော်ယွမ်၏ တပည့်ဖြစ်ခြင်းကြောင့်သာ ရရှိခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ သို့မဟုတ်ပါက သူ၏ စွမ်းရည်သက်သက်ဖြင့် ဤမျှကြီးမားသော ရာထူးကို ရယူနိုင်မည် မဟုတ်ပေ။
ယခင်က ဓားတရားအဖွဲ့တွင် ဗိုလ်မှူးကြီး ရာထူးရခဲ့သော်လည်း ဂုဏ်ထူးဆောင် ရာထူးသာ ဖြစ်သည်။ ယခု ရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ရာထူးနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ထို့ကြောင့် ပိကျန့်ဖိန် လာပြောသည့်အခါ သူက စဉ်းစားမနေတော့ဘဲ ချက်ချင်း လက်ခံခဲ့ခြင်း ဖြစ်သည်။
"မင်းလည်း အသက်မငယ်တော့ဘူးဓားသွား အရင်က စိတ်ဓာတ်တွေကို ပြုပြင်ပြီး သူများဆီကနေ သင်ယူလေ့လာ... စိတ်ကိုနှစ်ပြီး အလုပ်လုပ်... မသိတာရှိရင် မေး... ရှက်စရာ မလိုဘူး" လော်ယွမ်က ဆုံးမလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားပါ့မယ်" ဖန်းဖေ့ပင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
လော်ယွမ်က ဖန်းဖေ့ပင်ကို အတော်လေး အထင်ကြီးသည်။ မည်သူမျှ မွေးကတည်းက တော်မနေပေ။ သင်ယူလိုစိတ်ရှိပြီး စိတ်နေသဘောထား မှန်ကန်လျှင် အလျင်အမြန် တိုးတက်လာနိုင်သည်။
ထို့ပြင် သူက သန္ဓေပြောင်းသူ တစ်ဦးဖြစ်၍ သာမန်လူထက် ခန္ဓာကိုယ် စွမ်းရည် မြင့်မားပြီးသားဖြစ်ရာ အနည်းငယ် ပျိုးထောင်ပေးလိုက်သည်နှင့် ထူးချွန်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။
"ဒါနဲ့... ဒီရက်ပိုင်း ဓားပညာ လေ့ကျင့်တာ ဘယ်လိုလဲ" လော်ယွမ်က မေးလိုက်သည်။
"ဆရာ... ဒီရက်ပိုင်း နည်းနည်း သဘောပေါက်လာပြီ... တစ်ခါတလေ ဓားအလင်းတန်း ထွက်လာတတ်ပေမယ့် သိပ်တော့ မကျွမ်းကျင်သေးဘူး" ဖန်းဖေ့ပင်က အားနာသလို ပြုံးရင်း ပြောသည်။
ဒီတစ်ခါတော့ လော်ယွမ် အနည်းငယ် အံ့သြသွားမိသည်။ သူမှလွဲ၍ ဓားအလင်းတန်း ထုတ်ဖော်နိုင်သူဟူ၍ ဤတစ်ကြိမ် ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ ပါရမီရှင် ဝမ်ရှီရှီပင်လျှင် စိတ်စွမ်းအား စုစည်းမှု အနည်းငယ် လိုအပ်နေသေးသည်။ ဖန်းဖေ့ပင် မည်မျှ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားကြောင်း သိသာလှသည်။
သူက ဖန်းဖေ့ပင်၏ ပခုံးကို ပုတ်လိုက်ပြီး "မဆိုးဘူးပဲ... ဒါပေမဲ့ လေ့ကျင့်တာကို မလျှော့လိုက်နဲ့... စိတ်စွမ်းအားက အဓိက သော့ချက်ပဲ... နောက်ကျရင် မင်း နားလည်လာလိမ့်မယ်" ဟု ပြောလိုက်သည်။
ဖန်းဖေ့ပင် ဝမ်းသာသွားပြီး ယခင်က ရှိခဲ့သော ကြောက်ရွံ့မှုများ အနည်းငယ် လျော့ပါးသွားသည်။ သူက လူဘီလူးကြီးသဖွယ် ကြီးမားလာသော လော်ယွမ်၏ အရပ်အမောင်းကို ကြည့်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်မိသည်။ "ဆရာ... ဆရာ့အရပ်က ဘယ်လိုလုပ်ပြီး ဒီလောက် ရှည်လာရတာလဲဟင်"
"တချို့ကိစ္စတွေကို လျှောက်မသိချင်နဲ့"
လော်ယွမ်၏ မျက်နှာထား တင်းမာသွားသည်ကို မြင်သောအခါ ဖန်းဖေ့ပင် ထိတ်လန့်သွားပြီး စကားကို ရပ်လိုက်တော့သည်။
ခဏအကြာတွင် သူက ထပ်ပြောပြန်သည်။ "ဆရာ... မနေ့က ကျွန်တော် ဌာနမှူးချန်ကို တွေ့ခဲ့တယ်... ဒီရက်ပိုင်း သူ နေထိုင်မကောင်းဘူး ထင်တယ်"
လော်ယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်ကာ အလျင်စလို မေးလိုက်သည်။ "ဌာနမှူးချန်... မင်းပြောတာ ချန်ရှင်းကျယ်လား... သူ မျှော်လင့်ချက်မြို့မှာ ရှိနေတာလား"
ဖန်းဖေ့ပင် ခေါင်းကုတ်လိုက်မိသည်။ ချန်ရှင်းကျယ်က ဆရာ့မိန်းမ မဟုတ်ဘူးလား။ ဘာလို့ ဆရာက ဘာမှမသိသလို ဖြစ်နေရတာလဲ။
"ဟုတ်ကဲ့ ရှိတယ်... မနေ့က လမ်းမှာ တွေ့ခဲ့တာ... မျက်နှာ သိပ်မကောင်းသလို လူလည်း တော်တော် ပိန်သွားတယ်... ကျွန်တော်က 'မရီး' လို့ နှုတ်ဆက်လိုက်တော့ အားနာပါးနာနဲ့ ပြုံးပြလိုက်သေးတယ်... တစ်ခုခု ဖြစ်နေသလားပဲ"
သူက 'မရီး' ဟု ခေါ်လိုက်သောကြောင့် ချန်ရှင်းကျယ် မျက်နှာပျက်သွားခြင်း ဖြစ်နိုင်ကြောင်းကိုမူ ဖန်းဖေ့ပင် မသိရှာပေ။
ဖန်းဖေ့ပင်၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ လော်ယွမ်၏ စိတ်နှလုံး လှုပ်ရှားသွားရသည်။ သူတို့နှစ်ဦး အတူရှိခဲ့စဉ်က အခိုက်အတန့်များ၊ သူမ၏ ညှို့ဓာတ်ပြင်းသော အပြုံးများနှင့် ခုတင်ထက်မှ ပျော့ပျောင်းနွဲ့နှောင်းသော အထိအတွေ့များကို ပြန်လည်သတိရလာသည်။
ယခင်က ရှိခဲ့ဖူးသော ပဋိပက္ခ အနည်းငယ်သည် အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ လွမ်းဆွတ်တမ်းတမှုများသာ ကျန်ရစ်တော့သည်။ သူမ ကပ်ဘေးအတွင်း သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သဖြင့် တွေးတောခြင်းမပြုရဲခဲ့ပေ။ ယခု မျှော်လင့်ချက်မြို့တော်သို့ ပြန်ရောက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပါ။
"သူ ဘယ်မှာနေလဲ မင်းသိလား" လော်ယွမ်က မေးလိုက်သည်။
"ဖူရှင်းလမ်း အမှတ် ၁၂ မှာပါ"
လော်ယွမ်က လိပ်စာကို မှတ်သားလိုက်ပြီး အချိန်ရလျှင် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် လူအုပ်ကြီးဆီမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ မလှမ်းမကမ်းရှိ သဲကန္တာရထဲတွင် ကြီးမားလှသော အနက်ရောင် ဝတ္ထုကြီးတစ်ခု မတ်မတ်တည်ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၄၅၆) ထွက်ခွာခြင်း
လူအုပ်ကြီးကြားမှ ဆူညံသံတစ်ချက် ပေါ်ထွက်လာသည်။ လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေပြီး တစ်ခဏချင်းပင် လေပြင်းမုန်တိုင်းတိုက်ခတ်သံများကိုပင် လွှမ်းမိုးသွားခဲ့သည်။
"ဒါကဗိုရှင်းမျိုးနွယ်တွေရဲ့ ယာဉ်ပျံလား"
လော်ယွမ်နှင့် ဖန်းဖေ့ပင်တို့ စကားပြောနေစဉ်က အလိုက်တသိ ရှောင်ဖယ်နေခဲ့သော ပိကျန့်ဖိန်သည် လော်ယွမ်၏ နောက်နားသို့ အမြန်လျှောက်လာကာ ယာဉ်ပျံကြီးကို မော့ကြည့်ရင်း ယောင်ယမ်းရေရွတ်သကဲ့သို့ မေးလိုက်သည်။
မိခင်ယာဉ်ပျံကြီးနှင့် နှိုင်းယှဉ်လျှင် ဤယာဉ်ပျံက သေးငယ်ကာ မပြောပလောက်အောင် ဖြစ်နေသည်မှာ အမှန်ပင်။
သို့သော် အကြီးနှင့်အသေးဆိုသည်မှာ နှိုင်းယှဉ်ကြည့်မှသာ သိနိုင်သောအရာ ဖြစ်သည်။ အရေးပေါ် ကယ်ဆယ်ရေးယာဉ်ပျံ တစ်စင်းအနေဖြင့် ဤယာဉ်ပျံသည် မိခင်ယာဉ်ပျံကြီး အန္တရာယ်ကြုံတွေ့ရချိန်တွင်ဗိုရှင်းမျိုးနွယ်များအတွက် နောက်ဆုံးထွက်ပေါက်ဖြစ်သည်။
ထို့ကြောင့် ၎င်းတွင်လည်း စကြဝဠာဖြတ်သန်း ပျံသန်းနိုင်စွမ်း ရှိပေသည်။ စကြဝဠာဖြတ်သန်း ပျံသန်းနိုင်စွမ်း ရှိစေရန်အတွက်မူ ကြီးမားသော တွန်းကန်အားအပြင် လုံလောက်သော လောင်စာနှင့် ကုန်ပစ္စည်းသိုလှောင်မှု ပမာဏလည်း လိုအပ်ပေသည်။
အာကာသထဲတွင် ယာဉ်ပျံများ ပျံသန်းသည့်ပုံစံမှာ အရှိန်တည်မြဲမှု နိယာမအရ ၎င်းတို့သယ်ဆောင်ထားသော ဒြပ်ထုများကို နောက်သို့ အရှိန်ပြင်းပြင်း မှုတ်ထုတ်ပြီး ရှေ့သို့ခရီးဆက်ရခြင်း ဖြစ်သည်။
စကြဝဠာခရီးသွားခြင်း ဆိုသည်မှာ အလင်းနှစ်ကို အကွာအဝေးယူနစ်အဖြစ် သတ်မှတ်ရသော ခရီးရှည်ကြီးဖြစ်သည်။
လမ်းခရီးတစ်လျှောက် ကုန်ဆုံးမည့် လောင်စာပမာဏမှာ နက္ခတ္တဗေဒ ဂဏန်းများကဲ့သို့ မရေမတွက်နိုင်အောင် များပြားလှသည်။
ထို့ပြင် ကြယ်အစုအဝေး တစ်ခုနှင့်တစ်ခုကြား ဟင်းလင်းပြင်ကျယ်ကြီးများ၊ အလင်းနှစ်များစွာ ကွာဝေးသော နေရာများတွင် ဥက္ကာခဲနှင့် ရေကို ရှာတွေ့ရန် အလွန်ခက်ခဲပေသည်။
ဆိုလိုသည်မှာ ယာဉ်ပျံသည် လုံလောက်သော လောင်စာပမာဏကို သယ်ဆောင်နိုင်ရန် ကိုယ်ထည်ကြီးမားခြင်း မရှိပါက စကြဝဠာခရီးသွားခြင်းကို ပြုလုပ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ယခုမြင်တွေ့နေရသော ဤယာဉ်ပျံကြီးသည် အမြင့်ပေ ၆၅၀ ကျော်၊ အချင်း ပေ ၂၀၀၀ ခန့်ရှိသော ဧရာမသတ္တုထည်ကြီး ဖြစ်နေခြင်းဖြစ်သည်။
အတိအကျ ပုံဖော်ကြည့်ရမည်ဆိုလျှင် ၎င်းသည် အထပ် ၇၀ ခန့်ရှိသော မိုးမျှော်တိုက်ကြီးတစ်ခုလောက် မြင့်မားပြီး၊ ဘောလုံးကွင်း ငါးကွင်းစာခန့် ကျယ်ဝန်းသော အချင်းပမာဏ ရှိသည်။
လူသားများသည် စိတ်ကူးဉာဏ်ကိုပင် ကျော်လွန်နေသော ဤဧရာမ ဖန်တီးမှုကြီး၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်ကလေးများသဖွယ် သေးငယ်နေပြီး ကြီးမားသော ဖိအားတစ်မျိုးကို ခံစားနေရသည်။
၎င်းမှာ ဂြိုဟ်သားတို့၏ လက်ရာဖြစ်ကြောင်း တွေးမိလိုက်သောအခါ ကြောက်ရွံ့ရိုသေစိတ်များ ပိုမိုတိုးပွားလာရသည်။
"ဒါက အသေးစား အသက်ကယ်ယာဉ်ပျံ တစ်စင်းပဲ ရှိသေးတယ်... အာကာသထဲမှာ ပိုကြီးတဲ့ဟာ ရှိသေးတယ်" ဟု လော်ယွမ်က ပြုံး၍ ပြောလိုက်သည်။
"ဂြိုဟ်သားတွေရဲ့ နည်းပညာက တကယ်ကို မှန်းဆလို့မရနိုင်အောင်ပါပဲလား" ပိကျန့်ဖိန်က တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။
သူ မတုန်လှုပ်ဘဲ မနေနိုင်ပေ။
အဆင့်မြင့် အစိုးရအရာရှိတစ်ဦးအနေဖြင့် သူသည် ဗဟုသုတမရှိသူ မဟုတ်။ လူသားတို့၏ နည်းပညာအဆင့်အတန်းဖြင့်ဆိုလျှင် တစ်နိုင်ငံလုံး၏ အင်အားကို ပေါင်းစည်းလိုက်လျှင်ပင် ဤမျှကြီးမားသော သတ္တုယာဉ်ပျံကြီးကို တည်ဆောက်နိုင်မည် မဟုတ်ချေ။
ယာဉ်ပျံ၏ အခွံတစ်ခုတည်းကို တည်ဆောက်ရန်ပင် အင်အားကုန်သုံးရမည်ဖြစ်ပြီး အာကာသထဲသို့ ပျံသန်းနိုင်သော ယာဉ်ပျံတစ်စင်းလုံးစာ ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။
သူ့ကို ပို၍ စဉ်းစားမရ ဖြစ်စေသည်မှာ သူ၏ဘေးနားရှိ လူသားသည် လူသားတို့၏ နည်းပညာထက် များစွာသာလွန်သော ဤဂြိုဟ်သားယာဉ်ပျံအုပ်စုကို မည်သို့ အနိုင်ယူခဲ့သနည်း ဆိုသည့်အချက်ပင်။
"ခဏနေရင် ကုန်တင်ခန်းတံခါးကို ငါဖွင့်ပေးမယ်... ခင်ဗျား လူတွေကို စုပြီး ပစ္စည်းတွေ သယ်ထည့်ခိုင်းလိုက်တော့" လော်ယွမ်က ယာဉ်ပျံဆီသို့ လျှောက်သွားရင်း လှည့်ပြောလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
လော်ယွမ်၏ အသံကြောင့် ပိကျန့်ဖိန် အသိပြန်ဝင်လာပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။
ပထမဦးဆုံး ပြောင်းရွှေ့ကြမည့်အရာများမှာ လူများသာမက များပြားလှသော စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများနှင့် စမ်းသပ်ခန်းသုံး စက်ပစ္စည်းများလည်း ပါဝင်သည်။
ထုတ်လုပ်ရေးဇုန်ရှိ ဓာတုဗေဒနည်းဖြင့် အစားအစာထုတ်လုပ်သည့် စက်ရုံများကို နားလည်သဘောပေါက်ပြီး မိမိဘာသာ ဖန်တီးထုတ်လုပ်နိုင်ခြင်း မရှိသေးခင်တွင် ဤပစ္စည်းများက မရှိမဖြစ် လိုအပ်ပေသည်။
ပုံမှန်ဆိုလျှင် ဤမျှ ဒုက္ခခံနေစရာမလိုဘဲ ယာဉ်ပျံပေါ်ရှိ စက်ရုပ်များကို ခိုင်းစေ၍ ရသော်လည်း လော်ယွမ်သည် ဤယာဉ်ပျံကို မိခင်ယာဉ်ပျံကြီးနည်းတူ ထုတ်လုပ်ရေးဇုန်နှင့် အဆက်အသွယ်ဖြတ်တောက်ထားသဖြင့် အရာအားလုံးကို လူအင်အားဖြင့်သာ သယ်ဆောင်ရတော့မည် ဖြစ်သည်။
"လုပ်ပိုင်ခွင့် အတည်ပြုမယ်... ငါ ယာဉ်ပျံပေါ် တက်တော့မယ်"
ထို့နောက် လော်ယွမ်က လှည့်ကာ အမိန့်ပေးလိုက်သည်။
"ကုန်တင်ခန်းတံခါးတွေ အားလုံး ဖွင့်လိုက်"
ယာဉ်ပျံကြီးတွင် အဆင့်မြင့် ထောက်လှမ်းရေးစနစ်များ ပါရှိပြီး အနီးနားပတ်ဝန်းကျင်သာမက မိုင်ပေါင်း သန်းချီဝေးကွာသော နေရာများကိုပါ ရှင်းလင်းစွာ ထောက်လှမ်းနိုင်သည်။
လော်ယွမ် စကားဆုံးသည်နှင့် ယာဉ်ပျံ၏ အလယ်နှင့် အောက်ပိုင်းနေရာများမှ ပေ ၁၆၀ မှ ၂၀၀ ခန့်အထိ မြင့်မားသော ဧရာမ တံခါးကြီးများ ဟိန်းခနဲ ပွင့်လာပြီး သယ်ယူပို့ဆောင်ရေး လျှောစောက်ကြီးများက တံခါးပေါက်များမှတစ်ဆင့် မြေပြင်ပေါ်သို့ ဆန့်ထွက်လာသည်။
လူအုပ်ကြီး၏ အာမေဋိတ်သံများကို ဂရုမစိုက်ဘဲ လော်ယွမ်သည် ယာဉ်ပျံပေါ်သို့ တက်ရောက်သွားပြီး မကြာမီ ထိန်းချုပ်ရေးခန်းမသို့ ရောက်ရှိသွားသည်။
"ကြိုဆိုပါတယ် ယာဉ်မှူးကြီး... အချိန်မရွေး အမိန့်ပေးနိုင်ပါတယ်" ဉာဏ်ရည်တုကွန်ပျူတာ၏ အသံက နူးညံ့စွာ ပျံ့လွင့်လာသည်။
"ယာဉ်ပျံတဝိုက်မှာ ရှိနေတဲ့ လူအားလုံးကို လုပ်ပိုင်ခွင့် ပေးလိုက်" လော်ယွမ်က ပြောလိုက်သည်။
"အမိန့်လက်ခံရရှိပါတယ်... ယာယီလုပ်ပိုင်ခွင့်များ ပေးအပ်နေပါပြီ... တရားဝင်လုပ်ပိုင်ခွင့် ရရှိဖို့အတွက် ဗီဇ အပါအဝင် အချက်အလက်အသေးစိတ်ကို မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်... အခုပဲ လုပ်ဆောင်မလားခင်ဗျာ"
"မလိုဘူး"
"သေစမ်း ပြဿနာတတ်တော့မလို့"
ထိုအချိန်တွင် လော်ယွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ဗိုရှင်းဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေနှင့် များစွာကွာခြားသလို လေထုဖွဲ့စည်းပုံမှာလည်း အလွန်ကွဲပြားသည်။
ဥပမာအားဖြင့် ၎င်း၏ လေထုထဲရှိ အောက်ဆီဂျင်ပါဝင်မှုနှုန်းမှာ ကမ္ဘာမြေ၏ ၆၀ ရာခိုင်နှုန်းသာ ရှိပြီး ကျန်သောဓာတ်ငွေ့များမှာလည်း ကမ္ဘာနှင့် မတူညီပေ။
အထူးသဖြင့် ဆာလဖာဒိုင်အောက်ဆိုဒ် (ကန့်) ဓာတ်ငွေ့သည် လေထုတစ်ခုလုံး၏ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေသဖြင့် ယာဉ်ပျံပေါ်ရှိ လေထုမှာ ပြင်းထန်သော အပုပ်နံ့ ဆိုးရွားစွာ ရနေသည်။
လော်ယွမ်ကဲ့သို့ စွမ်းအားကြီးမားပြီး လေဟာနယ်ထဲတွင်ပင် အသက်ရှင်နိုင်သော အာကာသသက်ရှိတစ်ယောက်အဖို့ ဤအရာများက ကိစ္စမရှိသဖြင့် ယခင်က ပြောင်းလဲချိန်ညှိခြင်း မပြုလုပ်ခဲ့ပေ။ သို့သော် သာမန်လူသားများအတွက်မူ ဤလေထုက အသက်အန္တရာယ် ဖြစ်စေနိုင်သည်။
သူက အလျင်အမြန် အမိန့်ပေးလိုက်သည်။
"လေထုဖွဲ့စည်းပုံနဲ့ ဆွဲငင်အားကို ဒီကမ္ဘာဂြိုဟ် စံနှုန်းအတိုင်း ချိန်ညှိလိုက်... အပူချိန်ကို ၃၀ ဒီဂရီ ထားလိုက်"
လူသားတို့အတွက် အသင့်တော်ဆုံး အပူချိန်မှာ ၂၂ ဒီဂရီ ခန့် ဖြစ်သော်လည်း ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း လူတို့သည် အပူချိန်မြင့်မားမှုနှင့် နေသားကျနေပြီဖြစ်ရာ ဤအပူချိန်ကသာ သူတို့အတွက် အသက်သာဆုံး ဖြစ်ပေလိမ့်မည်။
"အမိန့်အတိုင်းပါ"
စကားဆုံးသည်နှင့် ယာဉ်ပျံ၏ ဆွဲငင်အားက မျဉ်းဖြောင့်အတိုင်း ထိုးတက်လာသည်။ တစ်ချိန်တည်းမှာပင် လေထုထိန်းညှိရေးစနစ် စတင်လည်ပတ်လာပြီး ငြိမ်သက်နေသော လေထုသည် လှုပ်ရှားလာကာ လေပြေလေညင်းများ တိုက်ခတ်လာသည်။
လော်ယွမ်က လေတိုက်ခတ်မှုကို ခံစားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လေထုအစားထိုးဖို့ ဘယ်လောက်ကြာမလဲ"
"လေးစားအပ်ပါသော ယာဉ်မှူးကြီး... လုံးဝအစားထိုးပြီးစီးဖို့ ၁ နာရီ ကြာပါလိမ့်မယ်" ဉာဏ်ရည်တုကွန်ပျူတာက ဖြေသည်။
"အရမ်းကြာတယ်... စွမ်းအားပြည့် မောင်းပြီး အစားထိုးလိုက်"
"အဲဒါက သင့်ကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်... ယာဉ်ပျံထဲကနေ ခဏထွက်နေဖို့ အကြံပြုလိုပါတယ်"
"မလိုဘူး... အမြန်ဆုံးနှုန်းနဲ့သာ အစားထိုးလိုက်"
လော်ယွမ် ရယ်မောလိုက်မိသည်။ သူက အားနည်းလှသောဗိုရှင်းမျိုးနွယ် မဟုတ်ပေ။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် ယာဉ်ပျံအတွင်းမှ လေတိုက်ခတ်မှုလောက်က သူ့ကို ဒဏ်ရာရစေသည်ဆိုပါက ရယ်စရာပြက်လုံးတစ်ခုသာ ဖြစ်လိမ့်မည်။
"အမိန့်အတိုင်းပါ"
နောက်တစ်စက္ကန့်တွင် ယာဉ်ပျံအတွင်း၌ လေပြင်းမုန်တိုင်းများ ရုတ်တရက် ထန်လာသည်။ နေရာအနှံ့ တပ်ဆင်ထားသော လေထုလည်ပတ်ရေးစနစ်များ စွမ်းအားကုန် လည်ပတ်လာရာ ယာဉ်ပျံတစ်ခုလုံးတွင် အဆင့် ၈၊ အဆင့် ၉ ရှိသော မုန်တိုင်းကြီးများ တိုက်ခတ်နေသကဲ့သို့ ဖြစ်သွားသည်။
ကံကောင်းသည်မှာ ယာဉ်ပျံပေါ်၌ အလွယ်တကူ ရွေ့လျားနိုင်သော ပစ္စည်းများ မရှိဘဲ အားလုံးမှာ အသေတပ်ဆင်ထားခြင်း သို့မဟုတ် အလွန်လေးလံသော စက်ပစ္စည်းကြီးများ ဖြစ်နေခြင်းပင်။ သို့မဟုတ်ပါက ယာဉ်ပျံတစ်ခုလုံး ဗရပွ ဖြစ်သွားပေလိမ့်မည်။
စက္ကန့် ၃၀ ခန့်အကြာတွင် လေပြင်းများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
"လေးစားအပ်ပါသော ယာဉ်မှူးကြီး... လေထုအစားထိုးခြင်း ပြီးဆုံးပါပြီ... ဆွဲငင်အားချိန်ညှိခြင်း ပြီးဆုံးပါပြီ... အပူချိန်ညှိခြင်း ပြီးဆုံးပါပြီ... တခြား ဘာအမိန့်ပေးစရာ ရှိပါသေးလဲခင်ဗျာ"
"ဉာဏ်ရည်တု... မိခင်ယာဉ်ပျံကြီးကိုလည်း အခုလိုပဲ ချိန်ညှိခိုင်းလိုက်"
"လျှောက်ထားချက် ပေးပို့နေပါပြီ... လျှောက်ထားချက် အောင်မြင်ပါတယ်"
……
အခြားတစ်ဖက်တွင်လည်း ပြောင်းရွှေ့ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။ လူအုပ်ကြီးသည် အချို့က ပီနံအိတ်များကို ထမ်းလျက်၊ အချို့က စက်ပစ္စည်းများကို သုံးလေးယောက်ဝိုင်းမလျက် စိတ်လှုပ်ရှားမှုနှင့် ရိုသေကြောက်ရွံ့မှုများ ရောပြွမ်းနေသော မျက်နှာထားများဖြင့် ပေ ၂၀၀ ခန့်ကျယ်သော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်တွင် မတ်တပ်ရပ်ကာ ရေစီးကြောင်းသဖွယ် ဝင်ရောက်သွားကြသည်။
ယာဉ်ပျံပေါ်တက်ရောက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ရှေ့ပြေးလူဦးရေ ၅ သောင်းသည် ယာဉ်ပျံထဲသို့ အသီးသီး ရောက်ရှိသွားကြသည်။
ယာယီခရီးဖြစ်သည့်အတွက် လော်ယွမ်က သူတို့ကို နေထိုင်မှုဇုန်ထဲသို့ ဝင်ခွင့်မပေးသေးပေ။ လူအားလုံး ယာဉ်ပျံပေါ် ရောက်သည်နှင့် လော်ယွမ်သည် အချိန်ဆွဲမနေတော့ဘဲ တံခါးများ ပိတ်ရန် အမိန့်ပေးလိုက်သည်။
မကြာမီ ယာဉ်ပျံကြီး တုန်ခါသွားပြီး မြေပြင်မှ ဖြည်းညှင်းစွာ ကြွတက်လာကာ အာကာသဟင်းလင်းပြင်ဆီသို့ လျင်မြန်စွာ ဦးတည်ပျံသန်းသွားတော့သည်။
ဆက်ရန်...