အခန်း (၄၅၇-၄၅၈)
Vol. 23 Ch. 457-458
အပိုင်း (၄၅၇) ဧရာမဖွတ်ကြီး၏ နိဂုံး
မိခင်ယာဉ်ကြီးပေါ်သို့ ခြေချမိသည်နှင့်တပြိုင်နက် ကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာဝန်ထမ်းများသည် အနားယူဖို့ပင် သတိမရနိုင်ကြတော့ဘဲ ဗိုရှင်းဂြိုဟ်သားတို့၏ စက်မှုလုပ်ငန်းစနစ်ကို လေ့လာရန် ထုတ်လုပ်ရေးဇုန်အတွင်းသို့ အလုအယက် ဝင်ရောက်သွားကြလေသည်။
မိခင်ယာဉ်ကြီး၏ ထုတ်လုပ်ရေးဇုန်ကို နှစ်ထပ် ခွဲခြားထားသည်။ ပေ ၆၀၀ ကျော် မြင့်မားကျယ်ဝန်းသည့် လူနေဇုန်နှင့် ယှဉ်လျှင် ဤနေရာက ပို၍ ကျစ်လျစ်သိပ်သည်းပြီး အစီအစဉ်တကျ ရှိသည်။ သို့သော် အထပ်တစ်ထပ်စီ၏ အမြင့်မှာ ပေ ၁၅၀ ခန့် ရှိပေသည်။
စက်ရုံများသည် စစ်တပ်စစ်ကြောင်းများသဖွယ် စနစ်တကျ တန်းစီနေကြသည်။ အတွင်း၌ စက်ပစ္စည်းပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီး တောင်ကုန်းသဖွယ် ကြီးမားသော စက်ကြီးများရှိသလို သေးငယ်ကျစ်လျစ်သော စက်ပစ္စည်းများလည်း ရှိသည်။
စက်ပစ္စည်းအချို့မှာ လူသားတို့၏ နည်းပညာနှင့် ဆင်တူသဖြင့် အသုံးဝင်ပုံကို ချက်ချင်း ခန့်မှန်း၍ ရသော်လည်း အများစုမှာမူ ကြည့်ရှုသူများကို အူကြောင်ကြောင် ဖြစ်သွားစေသည်။
ဤသည်မှာ ဗိုရှင်းဂြိုဟ်သားများ၏ စက်မှုစနစ်နှင့် လူသားတို့၏ စနစ် ကွာခြားချက်ကြောင့် ဖြစ်သလို၊ အဓိကအားဖြင့် ၎င်းတို့၏ နည်းပညာက လူသားတို့ထက် များစွာ ရှေ့ပြေးနေသောကြောင့်လည်း ဖြစ်သည်။
လူသားတို့၏ အမြင်ဖြင့် ကြည့်လျှင် ဤနေရာရှိ အရာအားလုံးသည် သိပ္ပံစိတ်ကူးယဉ် ဆန်လွန်းပြီး လျှို့ဝှက်ဆန်းကြယ် နေသည်။ အချိန်ယူ လေ့လာစမ်းသပ်ခြင်း မပြုဘဲနှင့် ဤစက်များ၏ အလုပ်လုပ်ပုံကို နားလည်ရန် ခဲယဉ်းလှသည်။
စက်ရုံများသည် စံချိန်မီ မော်ဂျူး ပုံစံ လူမဲ့စက်ရုံများ ဖြစ်ကြသည်။ စက်ရုံတိုင်းသည် ကွန်တိန်နာပုံးများကဲ့သို့ လေးထောင့်ပုံစံ တူညီကြပြီး နေရာအနှံ့ တွေ့ရသော အင်ဂျင်နီယာစက်ရုပ်များက လိုအပ်သလို ရွှေ့ပြောင်း တပ်ဆင်နိုင်သည်။
သို့သော် ယခုအခါ ဉာဏ်ရည်တု ဦးနှောက်၏ ထိန်းချုပ်မှု မရှိတော့သဖြင့် အင်ဂျင်နီယာ စက်ရုပ်များသည် အိပ်စက်ခြင်းအခြေအနေ သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
စက်ရုံများလည်း လည်ပတ်မှု ရပ်တန့်နေသည်။ ပြန်လည် မောင်းနှင်နိုင်ရန်အတွက် ပညာရှင်များနှင့် နည်းပညာဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု လိုအပ်ပေဦးမည်။
လော်ယွမ်သည် ခေတ္တမျှ နေပြီးနောက် ပိကျန့်ဖိန်အား လိုအပ်သည်များ မှာကြားကာ အရေးပေါ် ကယ်ဆယ်ရေးယာဉ်ဖြင့် ကမ္ဘာမြေသို့ ပြန်လာခဲ့သည်။ ဤယာဉ်ပျံကို ဒီအတိုင်း ပစ်ထား၍ မဖြစ်ပေ။
လက်ရှိအခြေအနေမှာ ဆိုးရွားသည်ထက် ဆိုးရွားလာပြီဖြစ်ရာ အနီးနားမြို့များမှ လူများကို ရွှေ့ပြောင်းရန် အချိန်မဆိုင်းဘဲ လုပ်ဆောင်ရတော့မည်။ ထိုအချိန်ကျလျှင် ဤယာဉ်ပျံကို အသုံးပြုရမည် ဖြစ်သည်။
သူထွက်ခွာချိန်က မနက် ၁ နာရီသာ ရှိသေးသော်လည်း ပြန်ရောက်ချိန်တွင် မနက် ၇ နာရီ ထိုးနေပြီဖြစ်သည်။ ယာဉ်ပျံပေါ်မှ ဆင်းလိုက်သောအခါ မဲမှောင်နေဆဲ ကောင်းကင်ကြီးကို ကြည့်ရင်း သူ့စိတ်ထဲ လေးလံသွားမိသည်။
မနေ့ည သန်းခေါင်ယံအချိန်နှင့် ယှဉ်လျှင် အပူချိန် ၁၀ ဒီဂရီခန့် ထပ်မံ ကျဆင်းသွားသည်။ နှင်းခဲများသည် ကမ္ဘာမြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းစ ပြုလာပြီ ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် ခြေထောက်အောက်ရှိ ရေခဲပြင်သည် ပိုမိုထူထဲလာပြီး နင်းလိုက်တိုင်း တဂျွတ်ဂျွတ် အသံမြည်နေသည်။ လေထုထဲတွင် ဖုန်မှုန့်များနှင့် သဲများ အများအပြား ပါဝင်နေသဖြင့် ရေခဲပြင်သည် ညစ်ထေးကာ မီးခိုးရောင် သမ်းနေပြီး ကောင်းကင်ကြီးကဲ့သို့ပင် မှောင်မိုက်နေသည်။
ရက်အတော်ကြာ တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ပြီ။ အရာအားလုံး ငြိမ်သက်စ ပြုလာသည်။
ရေခဲပြင်ကြီးထဲတွင် လျှောက်လှမ်းနေရင်း ယခင်က တစ်ခါမှ မကြုံဖူးသော တိတ်ဆိတ်မှုကို သူ ခံစားလိုက်ရသည်။
ကမ္ဘာပျက်ကပ် မတိုင်ခင်က ကြားနေကျ ဆူညံသံများ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤသဲကန္တာရထဲတွင် လော်ယွမ်သည် မည်သည့် သက်ရှိကိုမျှ မတွေ့ရတော့ပေ။ ယခင်က နေရာအနှံ့ ပေါက်ရောက်သော ပေါင်းပင်များပင် ပျောက်ကွယ်သွားခဲ့ပြီ။
ဤနေရာသည် ဆန့်ကျင်ဘက်ဒြပ်သားဗုံး ပေါက်ကွဲမှု၏ အစွန်းအဖျား ဖြစ်သည်။ အခြားဒေသများတွင် သန္ဓေပြောင်းသတ္တဝါများ ကြံ့ကြံ့ခံ ရှင်သန်နေနိုင်သေးသော်လည်း ကြာရှည်ခံမည် မဟုတ်ပေ။
အချိန်ကြာမြင့်စွာ အမှောင်ကျနေမှုကြောင့် အပင်များ အစုလိုက်အပြုံလိုက် သေဆုံးကုန်ကြသည်။ အလင်းရောင် အနည်းငယ်ဖြင့် ရှင်သန်နိုင်သော သို့မဟုတ် ထူးခြားသော နည်းလမ်းဖြင့် ရှင်သန်နိုင်သည့် အပင်အချို့မှလွဲ၍ အများစုမှာ နေရောင်ခြည်ဖြင့် အစာချက်လုပ်ခြင်းအပေါ် မှီခိုနေရဆဲ ဖြစ်သည်။
အစာကွင်းဆက်၏ အခြေခံအုတ်မြစ်ဖြစ်သော အပင်များ မရှိတော့ပါက အစာကွင်းဆက် တစ်ခုလုံး ပျက်စီးသွားတော့မည် ဖြစ်သည်။
ကျယ်ပြန့်သော သမုဒ္ဒရာထဲတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
...
"ဒင်... သင်၏ တိုက်ခိုက်ရေးသားရဲ တောရိုင်းဖွတ်ပုတတ်ကြီး သေဆုံးသွားပါပြီ"
လမ်းလျှောက်နေရင်း စနစ်မှ အသံတစ်ခု သူ့ခေါင်းထဲသို့ ရောက်လာသည်။ လော်ယွမ် ခြေလှမ်းတုန့်သွားပြီး ဇယားကွက် ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
ဇယားကွက် ပေါ်ရှိ ဖွတ်ကြီး၏ နာမည်သည် မီးခိုးရောင် ပြောင်းသွားပြီး မှေးမှိန်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ၃-၄ စက္ကန့်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူ စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်သွားပြီး ခြေလှမ်းများပင် ရပ်တန့်သွားသည်။
ဤဖွတ်ကြီးကြီးသည် ကမ္ဘာပျက်ကပ် အစပိုင်းကတည်းက သူ့နောက်သို့ လိုက်ပါခဲ့သူဖြစ်သည်။ တရုတ်ပြည် တစ်နံတစ်လျား ဖြတ်သန်းစဉ် အခက်အခဲပေါင်းများစွာကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လော်ယွမ်၏ စွမ်းအား တိုးတက်လာပြီး ဖွတ်ကြီးကြီးမှာ အရာမဝင်တော့ဘဲ အသုံးမဝင်သော အနေအထား ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် သူ့အတွက် မည်သည့် အထောက်အကူမှ မပေးနိုင်တော့ပေ။
သို့သော် ဤသို့ သေဆုံးသွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
အမှန်တော့ အအေးဒဏ်ကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်ဒြပ်သားဗုံး ပေါက်ကွဲမှု၏ ဂယက်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ခြင်းဖြစ်သည်။ ယခုထိ တောင့်ခံထားနိုင်သည်ကပင် အသက်ပြင်းသည်ဟု ဆိုရမည်။ လော်ယွမ်က ဇယားကွက် ကို ဂရုမစိုက်မိသည့်ကြားမှ ဒဏ်ရာ ဆိုးရွားလာပြီး သေဆုံးသွားခြင်း ဖြစ်သည်။
အခြား တိုက်ခိုက်ရေး သားရဲနှစ်ကောင် အခြေအနေကို စစ်ဆေးကြည့်ရာ ပြန်လည်ထူထောင်ရေးဇုန်နှင့် ဝေးကွာသောနေရာတွင် ရှိနေသည့် အပြာရောင်နဂါးမှာ ကျန်းမာသန်စွမ်းနေသော်လည်း မျောက်ဝံ၏ အခြေအနေမှာ ဆိုးရွားနေသည်။ ဒဏ်ရာပြင်းထန်နေပြီး ဘယ်လောက် ကြာကြာခံမလဲ မသိနိုင်ပေ။
သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အဝေးမှ တောင်ကုန်းတစ်ခုကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဧရာမ သားရဲနှစ်ကောင်ကို ထားရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်နောက်ပိုင်း သူ သွားမကြည့်ဖြစ်ခဲ့ပေ။
အမှန်တော့ ထိုသားရဲများအပေါ် သူ သိပ်ပြီး သံယောဇဉ် မရှိလှပေ။ ၎င်းတို့သည် နှစ်ထောင်ချီ ယဉ်ပါးလာသော အိမ်မွေးတိရစ္ဆာန်များ မဟုတ်ဘဲ အရိုင်းစိတ် ပြည့်ဝသည့် သန္ဓေပြောင်းသတ္တဝါများသာ ဖြစ်သည်။
အားနည်းသူကို အားကြီးသူက ဝါးမျိုးစားသောက်သည့် ဗီဇမှာ အရိုးထဲစွဲနေပြီးသား ဖြစ်သည်။ လော်ယွမ်က အင်အားကြီးမားလွန်း၍သာ သူ့ကိုကြောက်ရွံ့ပြီး ငြိမ်ဝပ်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ့ကို ပြန်ကိုက်နေလောက်ပြီ။
သို့သော် ယခုအချိန်တွင်မူ မည်သို့ကြောင့်မှန်းမသိ စိတ်မကောင်း ဖြစ်မိသွားသည်။
သူ ခဏမျှ တွေဝေနေပြီးနောက် လေပေါ်သို့ ပျံတက်ကာ ထိုတောင်ကုန်းဆီသို့ ဦးတည်သွားလိုက်သည်။
မကြာမီ တောင်ကြားတစ်ခုသို့ သူ ဆင်းသက်လိုက်သည်။
မကြာသေးမီကမှ သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းခဲ့သော တောင်တန်းသည် ယခုအခါ ကန္တာရ ဖြစ်နေပြီး ပေါက်ကွဲမှုလှိုင်းကြောင့် တောင်ကုန်းအမြင့် ၅ ပုံ ၁ ပုံခန့် လျော့ကျသွားခဲ့သည်။
သားရဲနှစ်ကောင်သည် မလှမ်းမကမ်းတွင် လဲလျောင်းနေကြသည်။ ဖွတ်ကြီးကြီးမှာ ခန္ဓာကိုယ် တောင့်တင်းကာ သေဆုံးနေပြီ ဖြစ်ပြီး မျောက်ဝံမှာလည်း မြေကြီးပေါ်တွင် ဝပ်လျက် သေလုမျောပါး ဖြစ်နေသည်။
လော်ယွမ် အနားရောက်လာသည်နှင့် မျောက်ဝံက ခံစားမိပုံရသည်။ ခေါင်းထောင်ကြည့်ပြီး လော်ယွမ်ကို မြင်လိုက်ရချိန်တွင် အားယူကာ ကုန်းရုန်းထလိုက်သည်။ ညည်းတွားသံ ပြုရင်း မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းအိမ်တွင် မျက်ရည်စများ သမ်းနေသည်ကို တွေ့ရသည်။
၎င်း၏ အခြေအနေမှာ ကြည့်ရဆိုးလှသည်။ မီးကဲ့သို့ နီသော အမွေးအမျှင်များ ကျွတ်နေပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဗရပွ ဖြစ်နေသည်။ ဦးခေါင်းခွံ အရေခွံ လန်နေပြီး ဖြူဖွေးသော ဦးခေါင်းရိုးကိုပင် မြင်နေရသည်။ အမွေးများပေါ်တွင် သွေးမဲများ ခဲနေသည်။
မတ်တပ်ရပ်လိုက်သောအခါ ခန္ဓာကိုယ်ပေါ်မှ ရေခဲစများ တဖွားဖွား ပြိုကျလာသည်။
သူ့ကိုမြင်၍ စိတ်လှုပ်ရှားနေသော မျောက်ဝံကိုကြည့်ပြီး လော်ယွမ် သက်ပြင်းချလိုက်မိသည်။
ထို့နောက် ဖွတ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ ရေခဲရိုက်ထားသလို ခဲနေပြီဖြစ်သည်။ ပွင့်ထွက်နေသော အသားစများကို ကြည့်ခြင်းအားဖြင့် ပြီးခဲ့သော ကပ်ဘေးတွင် ဒဏ်ရာအကြီးအကျယ် ရခဲ့ကြောင်း သိသာသည်။ ထို့အပြင် ရာသီဥတု အေးခဲလာမှုက ၎င်း၏ သေဆုံးမှုကို အရှိန်မြှင့်လိုက်ခြင်း ဖြစ်သည်။
လော်ယွမ်က ဖွတ်ကြီး၏ အလောင်းကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ အချိန်အတန်ကြာမှ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
မျောက်ဝံမှာမူ မလှမ်းမကမ်းတွင် ဒယိမ်းဒယိုင် ဖြစ်နေပြီး တဆတ်ဆတ် တုန်နေသည်။ အအေးဒဏ်ကြောင့်သာမက ဒဏ်ရာပြင်းထန်လွန်းသဖြင့် မတ်တပ်ရပ်နေနိုင်ခြင်းကပင် အံ့သြစရာ ကောင်းနေသည်။
လော်ယွမ်က အိတ်ကပ်ထဲမှ အဆင့် (၈) စွမ်းအင်ပုံဆောင်ခဲ တစ်ခုကို ထုတ်လိုက်သည်။ ဗီဇပြောင်းလူသားမလေး အနံ့ခံပြီး ခိုးစားမည်စိုးသဖြင့် သူနှင့်မကွာ ဆောင်ထားခဲ့ရာ ယခုတော့ အသုံးဝင်လာပြီ ဖြစ်သည်။
သူက လက်ညှိုးဖြင့် ပစ်ထုတ်လိုက်ရာ စွမ်းအင်ပုံဆောင်ခဲသည် မျောက်ဝံ၏ ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။
စွမ်းအင်ပုံဆောင်ခဲသည် ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားသည်။ မျောက်ဝံ ဘာမှန်းမသိလိုက်ခင်မှာပင် ပျောက်ကွယ်သွားသည်။ ၎င်းက ပါးစပ် တပြင်ပြင် လုပ်နေသော်လည်း နောက်တစ်ခဏတွင် ပြင်းထန်သော ဆာလောင်မှု ဖြစ်ပေါ်လာပြီး အစာအိမ်တစ်ခုလုံး ကျုံ့သွားသလို ခံစားလိုက်ရသည်။
မကြာမီ ခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းသကဲ့သို့ ပူပြင်းလာပြီး တစ်ကိုယ်လုံးမှ ရေငွေ့များ ထွက်လာသည်။
သွေးများ ဆူပွက်စီးဆင်းလာပြီး ဒဏ်ရာများမှ အသားစများ လှုပ်ရှားလာကာ အံ့သြဖွယ် အရှိန်ဖြင့် ပြန်လည်ကျက်မသွားသည်။
အဆင့် (၈) စွမ်းအင်ပုံဆောင်ခဲမှ ထွက်ပေါ်လာသော သက်ရှိစွမ်းအင်များသည် ၎င်း၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။
မျောက်ဝံသည် စိတ်တက်ကြွစွာဖြင့် ဟိန်းဟောက်လိုက်သည်။ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှပြီး ယခင်က အားနည်းနေပုံ လုံးဝ မရှိတော့ပေ။
ဒဏ်ရာများ ပျောက်ကင်းပြီး အမွေးသစ်များ ပြန်ပေါက်လာသော်လည်း ခဏအကြာတွင် အမွေးများ ပြန်ကျွတ်သွားပြန်သည်။ တစ်ကိုယ်လုံး ကတုံး ဖြစ်သွားသည်။
ဆင့်ကဲပြောင်းလဲခြင်း စတင်လာပြီ ဖြစ်သည်။
စိတ်တက်ကြွစွာ ဟိန်းဟောက်သံများသည် နာကျင်မှုကြောင့် အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားသည်။ ကြိုးလိမ်ထားသကဲ့သို့သော ကြွက်သားများ တင်းမာလာပြီး သွေးကြောများ ထောင်ထလာသည်။
ယခင်အကြိမ်က ဗီဇပြောင်းလူသားမလေး ဆင့်ကဲပြောင်းလဲသကဲ့သို့ပင် ဤသို့ သဘာဝလွန် အရှိန်ဖြင့် ပြောင်းလဲခြင်းသည် ခန္ဓာကိုယ်ကို ကြီးမားမလာစေဘဲ ကျုံ့ဝင်သွားစေသည်။ ခန္ဓာကိုယ်အတွင်းမှ အရိုးများ ကျိုးပဲ့ကြေမွသံကဲ့သို့ တဖြောင်းဖြောင်း မြည်သံများကို လော်ယွမ် ကြားနေရသည်။
ပြင်းထန်သော နာကျင်မှုကြောင့် မျောက်ဝံသည် မြေကြီးကို လက်သီးဖြင့် ရူးသွပ်မတတ် ထုနှက်နေပြီး သနားစဖွယ် အော်ဟစ်နေသည်။
ထုနှက်လိုက်တိုင်း အမြောက်ဖြင့် ပစ်ခွင်းလိုက်သလို ပြင်းထန်လှသည်။ မာကျောသော ရေခဲမြေပြင်သည် ၎င်း၏ ခွန်အားအောက်တွင် ဖန်ခွက်ကွဲသလို ကွဲအက်ကုန်ပြီး တန်ရာချီလေးသော ကျောက်တုံးကြီးများသည် ပတ်ဝန်းကျင်သို့ လွင့်စင်ကုန်သည်။
ရူးသွပ်စွာ ပေါက်ကွဲနေစဉ်မှာပင် ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားသော်လည်း ခွန်အားကမူ အဆမတန် တိုးပွားလာသည်။
ဆင့်ကဲမပြောင်းလဲမီက ခွန်အား ၂၁ မှတ် သာ ရှိသော်လည်း ၁၀ မိနစ်ကျော်အတွင်း ၂၅ အထိ ရောက်ရှိသွားပြီး ဆက်လက် တိုးတက်နေဆဲ ဖြစ်သည်။
မြေပြင်တစ်ခုလုံး ငလျင်လှုပ်သလို တုန်ခါနေသည်။ တောင်ကြားမှ ကျောက်တုံးများ ပြိုကျလာပြီး နေရာတစ်ခုတွင် မြေပြိုမှုပင် ဖြစ်ပွားခဲ့သည်။
...
နာရီဝက်ခန့် ကြာပြီးနောက် ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားသည်။
ယခုအခါ မျောက်ဝံ၏ အရပ်အမြင့်မှာ ပေ ၃၀ အောက်သို့ ရောက်ရှိသွားသည်။ အနီရောင် အမွေးများအစား ရွှေရောင်အမွေးများ အစားထိုး နေရာယူလာသည်။
မျက်လုံးများသည် သရဲမီးကဲ့သို့ အစိမ်းရောင် တောက်လောင်နေသည်။ တစ်ကိုယ်လုံးမှ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
၎င်း၏ ပုံသဏ္ဌာန်မှာ သိပ်ပြောင်းလဲခြင်း မရှိသော်လည်း သေးငယ်သွားသော ခန္ဓာကိုယ်သည် အားနည်းသွားခြင်း မရှိဘဲ ပို၍ပင် ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေသည်။ ကြည့်ရသည်မှာ ငရဲမှ တက်လာသော နတ်ဆိုးစစ်သည်တစ်ပါးနှင့် တူလှပေတော့သည်။
ဆက်ရန်...
အပိုင်း (၄၅၈) လှည့်လည်စစ်ဆေးခြင်း
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်ခမန်းလိလိ ကြွက်သားအဖုအထစ်များ ရှိနေပြီး သစ်မြစ်ဆွေးကြီးများကဲ့သို့ သွေးကြောများ ယှက်နွှယ်နေကာ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ပြသနေသည်။
ရုပ်ရှင်ထဲမှ မျောက်ဝံသာ အပြင်လောကသို့ ရောက်လာလျှင်ပင် ယင်း၏ရှေ့မှောက်၌ အရှက်သည်းစွာဖြင့် မျက်နှာအုပ်၍ ထွက်ပြေးရပေလိမ့်မည်။
ထိုအချိန်တွင် ၎င်းသည် အသက်ပြင်းပြင်းရှူနေပြီး အေးစက်သော ရာသီဥတုအောက်၌ ပါးစပ်မှ အခိုးအငွေ့ဖြူများ မှုတ်ထုတ်နေသည်။
ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးခါစ ဖြစ်သဖြင့် အတော်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။ အချိန်အတော်ကြာ မောဟိုက်နေပြီးမှ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
ထို့နောက် လော်ယွမ့်ကို လှမ်းကြည့်လိုက်သည်။ ကြမ်းတမ်းခက်ထန်သော မျက်နှာထားကြောင့် လူတိုင်း အနားမကပ်ရဲအောင် ဖြစ်နေသော်လည်း ယင်း၏ အပြုအမူများကတော့ ထိုကြမ်းတမ်းသော ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ခေါင်းကို ကုတ်လိုက်၊ သွားဖြဲပြလိုက်နှင့် အရူးတစ်ယောက်လို မျက်နှာချိုသွေးနေသည်။ ထို့နောက် ပါးစပ်မှ ဥဩဆွဲသံကဲ့သို့ အသံများပြုလုပ်ကာ စိတ်ထဲရှိ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုများကို ရင်ဖွင့်နေပုံရသည်။
"သွားတော့... ဒီနေရာကနေ ထွက်သွားတော့... တခြားနေရာကို သွား... အဲဒီမှာ အစာရှာလို့ ရနိုင်ဦးမှာပါ" လော်ယွမ်က ယင်းကို ခေတ္တမျှ ကြည့်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
ယခုတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုကြောင့် ယင်း၏ စွမ်းရည်များ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
အဆင့် (၈) သို့ တိုက်ရိုက် မရောက်ရှိသေးသော်လည်း အဆင့် (၇) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အထူးသဖြင့် ခွန်အားတွင် (၃၅) မှတ်အထိ ရောက်ရှိသွားပြီး လော်ယွမ့်ထက်ပင် သာလွန်သွားခဲ့သည်။
ယခုအခါ ဆောင်းရာသီ ရောက်လာပြီ ဖြစ်သော်လည်း ဂေဟစနစ်ကြီး လုံးဝပျက်စီးသွားခြင်း မရှိသေးပေ။
တောထဲတွင် ဆောင်းတွင်းကာလ၌ ကြံ့ကြံ့ခံ ရှင်သန်နေကြသော သန္ဓေပြောင်း သားရဲများစွာ ကျန်ရှိနေသေးသဖြင့် ယင်း၏ အစွမ်းနှင့်ဆိုလျှင် အစာရှာဖွေရန် မခက်ခဲလှပေ။
နောင်အနာဂတ်တွင် အနုမြူဆောင်းရာသီကို ကျော်ဖြတ်နိုင်မလား၊ နေရောင်ခြည် ပြန်လည်ရရှိချိန်အထိ အသက်ရှင်နိုင်မလား ဆိုသည်ကိုတော့ ကံတရားကသာ ဆုံးဖြတ်ပေလိမ့်မည်။
မျောက်ဝံသည် သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဖြစ်သဖြင့် ဉာဏ်ရည် မနိမ့်ပေ။ ယခင်ကတည်းက လူစကားအချို့ကို နားလည်နေပြီဖြစ်သည်။
လော်ယွမ်က သူ့ကို မောင်းထုတ်နေမှန်း သိသဖြင့် ကြောက်လန့်တကြား ခေါင်းခါပြပြီး တောင်းပန်သည်။ ထူးဆန်းသော အစိမ်းရောင် မျက်လုံးအစုံတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သို့သော် လော်ယွမ်က ယင်း၏ တောင်းပန်မှုကို ဂရုမစိုက်ပေ။ လက်ရှိအခြေအနေအရ သူ့မှာလည်း အပိုရိက္ခာ မရှိသဖြင့် ၎င်းကို ဆက်လက် မွေးမြူထားရန် မဖြစ်နိုင်တော့။ ဤနေရာ၌ ဆက်နေလျှင် သေလမ်းသာ ရှိတော့သည်။
လော်ယွမ်က နောက်လှည့်ပြီး ဧရာမ ဖွတ်ကြီး၏ အလောင်းကို ကြည့်လိုက်သည်။ ထို့နောက် ဖွတ်အလောင်းကို မျောက်ဝံ ထုချေထားသည့် တွင်းနက်ထဲသို့ ဆွဲထည့်ပြီး ကျောက်တုံးကျောက်ခဲများဖြင့် ဖုံးအုပ် မြှုပ်နှံလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဖွတ်ကြီးသည် သူ့နောက်သို့ အချိန်အတော်ကြာ လိုက်ပါခဲ့ဖူးသည် ဖြစ်ရာ တောထဲတွင် ဒီအတိုင်း စွန့်ပစ်ထားခဲ့ရန် လော်ယွမ် မရက်စက်နိုင်ခဲ့ပေ။
ကျောက်တုံးပုံဖြင့် ပြုလုပ်ထားသော အုတ်ဂူကို ကြည့်ရင်း လော်ယွမ် ခေတ္တမျှ ငြိမ်သက်နေသည်။ ထို့နောက် တောင်အောက်သို့ ဆင်းသွားလေသည်။
လော်ယွမ်က လှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားသည်ကို မြင်သောအခါ မျောက်ဝံသည် နောက်မှနေ၍ စိတ်ပူပန်စွာ အော်ဟစ်နေသည်။ လော်ယွမ့်နောက်သို့ လိုက်ချင်သော်လည်း အနားမကပ်ရဲပေ။
ယခင်က လော်ယွမ် ပေးခဲ့ဖူးသော အကြောက်တရားသည် အရိုးထဲထိ စွဲနေပြီဖြစ်ရာ လော်ယွမ့်အမိန့်ကို ဖောက်ဖျက်ရဲသည့် သတ္တိ ယင်း၌ မရှိပေ။
မျောက်ဝံ၏ သနားစဖွယ်၊ ကြောက်ရွံ့ဖွယ် အော်သံများကို ကြားနေရသဖြင့် လော်ယွမ့်စိတ်ထဲ လေးလံနေသည်။ ရုတ်တရက် "နေရာရွှေ့ပြောင်းခြင်း" တစ်ခု ပြုလုပ်လိုက်ရာ သူ၏ပုံရိပ်သည် မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
မျောက်ဝံသည် တောင်ထိပ်သို့ အလျင်အမြန် ပြေးတက်ပြီး ဟိုဟိုဒီဒီ လိုက်ရှာသော်လည်း လော်ယွမ့် အရိပ်အယောင်ကို မတွေ့ရတော့ပေ။ နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်လေသည်။
......
မျှော်လင့်ချက်မြို့တော်သို့ ပြန်ရောက်သည်နှင့် လော်ယွမ်သည် အနားမယူဘဲ စက်ရုံများ၏ ထုတ်လုပ်မှု အခြေအနေကို လိုက်လံစစ်ဆေးသည်။
ရာသီဥတုက ပိုအေးလာပြီး အိမ်တွင်း၌ပင် အနှုတ် ၂၀ ဒီဂရီခန့် ရှိနေသည်။ ပြည်သူအများအပြား အအေးဒဏ်ကြောင့် နှင်းကိုက်နာများ ဖြစ်ပွားနေပြီး ဆေးရုံများတွင် အအေးမိဖျားနာ လူနာများ တန်းစီနေကြသည်။
အချိန်ဆွဲနေပါက လူအများအပြား သေဆုံးသည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
"တစ်ရက်နဲ့ တစ်ည မနားတမ်း လုပ်ဆောင်ပြီးတဲ့နောက် အခုဆိုရင် လျှပ်စစ်စောင် သုံးထောင် ထုတ်လုပ်ပြီးပါပြီ... ဒီညမတိုင်ခင် အထည် တစ်သောင်းလောက်အထိ ပြီးမယ်လို့ ခန့်မှန်းရပါတယ်" စက်ရုံတာဝန်ခံတစ်ဦးက ဘေးမှနေ၍ ရှင်းပြသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး အသံများပင် တုန်ရီနေသည်။
စောင်အထည် သုံးထောင် ဆိုသည်မှာ နည်းလွန်းလှသည်။ ဆီမီးခွက်ထဲ ရေတစ်ခွက်လောင်းထည့်သကဲ့သို့ မပြောပလောက်သော ပမာဏ ဖြစ်သည်။
သို့သော်လည်း မတတ်နိုင်ပေ။ ဘေးအန္တရာယ် မကျရောက်ခင်က ရာသီဥတု ပူပြင်းသဖြင့် မည်သူကမှ လျှပ်စစ်စောင်ကို သီးသန့် ထုတ်လုပ်ခြင်း မရှိခဲ့ကြ။
ယခု အမိန့်ရမှ စက်ကိရိယာများကို ပြန်လည်ချိန်ညှိရခြင်း၊ အလုပ်သမားများကို သင်တန်းပေးရခြင်းတို့ ပြုလုပ်ရသဖြင့် ဤမျှမြန်မြန် ထုတ်လုပ်နိုင်သည်မှာပင် အချိန်ကို လုလုပ်ထားရခြင်း ဖြစ်သည်။
"မြို့တော်ဝန်... ဒါက အမြန်ဆုံးနှုန်းပါပဲ" လော်ယွမ့်မျက်နှာ မကောင်းသည်ကို မြင်သောအခါ ဘေးမှလိုက်ပါလာသည့် စက်မှုလက်မှု ဒုတိယမြို့တော်ဝန်က သတိထား၍ ဝင်ပြောသည်။
"လျှပ်စစ်စောင် ထုတ်လုပ်တဲ့ စက်ရုံ စုစုပေါင်း ၁၀ ရုံ ရှိပါတယ်... ဒီည မိုးမချုပ်ခင် အထည် ၈ သောင်းလောက်တော့ ထုတ်နိုင်ပါလိမ့်မယ်"
"နည်းလွန်းတယ်... ဘာအကြောင်းပြချက်မှ မကြားချင်ဘူး... ထုတ်လုပ်တာကို ချက်ချင်း တိုးချဲ့ရမယ်... အချိန်က လူကို မစောင့်ဘူး... ရပ်နားထားတဲ့ စက်ရုံတွေထဲက သုံးလို့ရမယ့် စက်ပစ္စည်းတွေကို ဖြုတ်ယူလာခဲ့... ဒီတိုင်းထားရင်လည်း အလကားပဲ"
"အလုပ်သမားတွေကိုလည်း အကန့်အသတ်မရှိ ခေါ်ယူ... လက်လုပ်စောင်တွေပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး... ညမရောက်ခင် အိမ်ထောင်စုတိုင်း စောင်တစ်ထည်စီ ရကိုရရမယ်" လော်ယွမ်က အေးစက်စွာ ပြောလိုက်သည်။ ယနေ့ညသာ အအေးဒဏ်ကာကွယ်ရေး အစီအမံများ မရှိလျှင် ဤရာသီဥတုဖြင့် လူအများအပြား အေးခဲသေဆုံးသွားကြပေလိမ့်မည်။
"ဒါပေမဲ့... ဒါက မဖြစ်နိုင်" ဒုတိယမြို့တော်ဝန်က ရှင်းပြရန် ကြိုးစားသည်။
"ခင်ဗျား မလုပ်နိုင်ဘူးဆိုရင် လုပ်နိုင်တဲ့လူနဲ့ လဲပေးမယ်" လော်ယွမ်က သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
ဒုတိယမြို့တော်ဝန်မှာ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး နဖူးတွင် ချွေးစေးများ ပြန်လာသည်။ ယခုအခြေအနေက ယခင်နှင့် မတူတော့သလို၊ ဤမြို့တော်ဝန်ကလည်း ယခင်မြို့တော်ဝန် မဟုတ်ကြောင်း သူ ရုတ်တရက် သတိရလိုက်သည်။
တကယ်တမ်း သူ့ကို မကျေနပ်လျှင် နှုတ်ဖြင့် ဝေဖန်ရုံတင် ပြီးသွားမည် မဟုတ်၊ အသက်အန္တရာယ်ပင် ရှိနိုင်သည်။ သူ ကပျာကသီ ပြန်ပြောလိုက်သည်။
"အခုချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်... နေမဝင်ခင် အရေအတွက် ပြည့်မီအောင် လုပ်ပါ့မယ်"
"ဒါဆိုရင် ပြီးတာပဲ... အခုချိန်မှာ အအေးဒဏ် ကာကွယ်ဖို့က ပထမ ဦးစားပေးပဲ... ဒီအလုပ်ကို ကောင်းကောင်း လုပ်ရမယ်... မနက်ဖြန်ကျရင် လူတွေ အေးခဲသေကုန်တာမျိုး ကျွန်တော် မမြင်ချင်ဘူး"
လော်ယွမ်က ဒုတိယမြို့တော်ဝန်ကို မကျေနပ်၍ မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် ဤမျှတိုတောင်းသော အချိန်အတွင်း ဤအဆင့်ထိ လုပ်နိုင်ခြင်းမှာ အတော်လေး ထိရောက်မှု ရှိနေပြီဖြစ်သည်။
သို့သော် အချိန်က မစောင့်ပေ။ အခက်အခဲထက် ဖြေရှင်းနည်းက ပိုများသည်။ မဖိအားပေးလျှင် ကိုယ့်အတိုင်းအတာကို ကိုယ်တိုင် ဘယ်သိနိုင်မည်နည်း။ ယခုအချိန်သည် အကျိုးအကြောင်း ရှင်းပြနေရမည့်အချိန် မဟုတ်ပေ။
ဆက်လက်ပြီး လော်ယွမ်သည် အထည်စက်ရုံ၊ စောင်စက်ရုံ၊ လေသန့်စက်ရုံ၊ အပူပေးမီးလုံး စက်ရုံ၊ ရေနွေးအိတ်စက်ရုံနှင့် ရေနွေးငွေ့ပိုက်လိုင်း စက်ရုံများကို လိုက်လံစစ်ဆေးသည်။
လမ်းတစ်လျှောက်လုံး လော်ယွမ့်မျက်နှာမှာ မဲမှောင်နေသဖြင့် ဘေးမှ လိုက်ပါလာသူများမှာ ကြောက်လန့်တကြား ဖြစ်နေကြသည်။
လက်ရှိ လည်ပတ်နေသည်မှာ ဤကဲ့သို့သော စက်ရုံများ ဖြစ်သော်လည်း စစ်ဆေးတွေ့ရှိချက်များမှာ သိပ်မကောင်းလှပေ။ ထုတ်လုပ်မှု ပမာဏ အကန့်အသတ် ရှိလွန်းသဖြင့် ခွဲဝေပေးရန် လုံလောက်မှု မရှိပေ။
အချို့စက်ရုံများ ဆိုလျှင် စက်ပစ္စည်း ချိန်ညှိနေဆဲသာ ရှိသေးပြီး မည်သည့်အချိန်တွင် စတင်ထုတ်လုပ်နိုင်မည်ကို မသိရသေးပေ။
အချိန်... အရာအားလုံးက အချိန်လိုအပ်သည်။ သို့သော် ယခုအချိန်တွင် အလိုအပ်ဆုံးအရာကလည်း အချိန်ပင် ဖြစ်နေသည်။
စက်မှုဇုန်မှ ထွက်ခွာပြီးနောက် စိုက်ပျိုးရေးဇုန်သို့ သွားရောက်စစ်ဆေးသည်။
ဒီနေရာက အခြေအနေကတော့ လော်ယွမ့်ကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။ မီးလုံးပေါင်းမြောက်မြားစွာ၏ အလင်းရောင်အောက်တွင် အပူချိန်မှာ ပုံမှန်အတိုင်း ရှိနေသည်။
သီးနှံပင်များ ပုံမှန် ကြီးထွားရှင်သန်နေပြီး စိမ်းလန်းစိုပြေနေသည်။ နေ့စဉ် ရိတ်သိမ်းရရှိသော ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များသည် မျှော်လင့်ချက်မြို့တော်အတွက် လုံလောက်မှု ရှိသည်။
......
နေ့ညမပြတ် အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပြီးနောက် လမ်းမများပေါ်ရှိ မီးရောင်များ ပြန်လည်လင်းလက်လာပြီ ဖြစ်သည်။
နေ့လယ်စာ စားချိန်ကို အခွင့်ကောင်းယူ၍ လော်ယွမ်သည် ချန်ရှင်းကျယ်၏ နေရပ်လိပ်စာသို့ သွားရောက်လိုက်သည်။
"ဖုရှင်းလမ်း အမှတ် (၁၂)" ဟူသော တံခါးနံပါတ်ပြားကို ကြည့်ရင်း လော်ယွမ် အနည်းငယ် တွန့်ဆုတ်နေသော်လည်း တံခါးကို ခေါက်လိုက်သည်။ ခဏအကြာမှ တံခါးပွင့်လာသည်။ တံခါးဖွင့်ပေးသူမှာ ချန်ရှင်းကျယ် မဟုတ်ဘဲ အမျိုးသမီးကြီး တစ်ဦး ဖြစ်နေသည်။
သူမ၏ အသက်မှာ ၃၀ ကျော်ခန့် ရှိပုံရပြီး မျက်နှာတွင် ချန်ရှင်းကျယ်၏ အရိပ်အယောင်များ ခပ်ရေးရေး တွေ့နေရသည်။ သူမ ကျန်းမာရေး သိပ်ကောင်းပုံ မရပေ။ မျက်နှာက ဖြူဖျော့ပြီး နွမ်းလျနေသည်။ ရောဂါတစ်ခုခု ခံစားနေရပုံ ပေါက်သည်။
တံခါးခေါက်သူမှာ သူစိမ်းတစ်ယောက် ဖြစ်နေသည်ကို တွေ့သောအခါ သူမ ကြောင်အမ်းအမ်း ဖြစ်သွားပြီး အားနည်းသော အသံဖြင့် မေးလိုက်သည်။ "ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ"
"ဒါ ချန်ရှင်းကျယ်ရဲ့ အိမ်လားခင်ဗျာ" လော်ယွမ်က ပြုံး၍ မေးလိုက်သည်။
"ဟုတ်ပါတယ်... ဘယ်သူပါလဲ"
"အန်တီ မင်္ဂလာပါ... ကျွန်တော်က သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းပါ... ခုတလော သူ့ကို ဆက်သွယ်မရလို့ လာကြည့်တာပါ"
"ဪ... သမီးလေးရဲ့ သူငယ်ချင်းကိုး... သူ အလုပ်သွားတယ်... အခုထိ ပြန်မရောက်သေးဘူး... လာ... လာ... အထဲဝင် ထိုင်ပါဦး" သူမ၏ နွမ်းလျနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဖော်ရွေစွာ ဖိတ်ခေါ်လေသည်။
"ရပါတယ်... မဝင်တော့ပါဘူး... ကျွန်တော်က လာကြည့်ရုံ သက်သက်ပါ... သူ မရှိဘူးဆိုတော့ အန်တီ့ကို မနှောင့်ယှက်တော့ပါဘူး" လော်ယွမ်က ငြင်းလိုက်ရင်း မေးလိုက်သည်။
"ဒါနဲ့... အရင်က သူ ဓားတရားအဖွဲ့ ဌာနချုပ်မှာ လုပ်တာ မဟုတ်လား... အခု ဘယ်မှာ လုပ်နေတာလဲ"
"ဒီရက်ပိုင်း စည်းရုံးရေးဌာနမှာ ဝင်လုပ်နေတာ နှစ်ရက်ရှိပြီ" ပြောပြီးနောက် သူမက ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆက်ပြောသည်။ "ပြီးခဲ့တဲ့ ရက်ပိုင်းက အန်တီ နေမကောင်းဖြစ်လို့ သူ အတင်းလာပြုစုနေတာနဲ့ ကံကောင်းသွားတာလေ... မဟုတ်ရင်... ကြားတာတော့ မြို့သစ်တောင် ပျောက်သွားပြီဆို"
ပြန်လည်တည်ဆောက်ရေးဇုန်မှ သန်းပေါင်းများစွာသော လူအသက်များ ဘေးအန္တရာယ်အတွင်း သေဆုံးခဲ့ရသည်ကို တွေးမိပြီး လော်ယွမ့်စိတ်ထဲ လေးလံသွားသည်။ ထို့နောက် အသိပြန်ဝင်လာပြီး မေးလိုက်သည်။ "အန်တီ နေမကောင်းဘူးလား... ဘာလို့ ဆေးရုံ မသွားတာလဲ"
"ရောဂါအဟောင်းပါ... ကုလို့ မရတော့ပါဘူး... တစ်ရက် အသက်ရှင်ရင် တစ်ရက်မြတ်တယ်လို့ပဲ သဘောထားပါတယ်... အခု အန်တီ မျှော်လင့်တာက သမီးလေး စိတ်ချရမယ့် အိမ်ထောင်ဖက် တစ်ယောက်ယောက် ရှာတွေ့ဖို့ပါပဲ... ဒါဆိုရင် အန်တီ သေပျော်ပါပြီ" သူမက ပေါ့ပါးစွာပင် ပြောလိုက်သည်။
လော်ယွမ့်စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။ ဘေးထွက်ဆိုးကျိုး အချို့ကို ဖယ်လိုက်လျှင် သူ၏ 'စိတ်အာရုံ စူးစိုက်နိုင်စွမ်း'ဖြင့် မကုသနိုင်သော ရောဂါဟူ၍ မရှိသလောက်ပင်။
သို့သော် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သဖြင့် ချက်ချင်း ကုသပေးမည်ဟု ပြောလျှင် သင့်တော်မည် မဟုတ်ပေ။ ချန်ရှင်းကျယ်နှင့် အရင်တွေ့ပြီး သူမ၏ မိခင် ရောဂါအခြေအနေကို မေးမြန်းပြီးမှ ဆုံးဖြတ်ခြင်းက ပိုကောင်းပေလိမ့်မည်။
ဆက်ရန်...