သံသယတွေ ဖြစ်လာရင် ကွမ်တမ်ကြောင့်
Vol. 49 Ch. 731
"ဘယ်လို? ကျောင်းအုပ်ကြီး... ကျောင်းသားတွေကို အကြီးအကျယ် လက်ခံတော့မယ် ဟုတ်လား"
ကျန်းမုန့်လောင်ထံမှ ဤသတင်းကို ကြားလိုက်ရသောအခါ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများလည်း အစပိုင်းတွင် မှင်တက်သွားကြသော်လည်း နောက်တွင်မူ အတိုင်းမသိဝမ်းသာသွားကြလေသည်။
ယခုအချိန်တွင် သူတို့သည် သူတို့မိသားစုထဲတွင် ပင်မဒေါက်တိုင်များ ဖြစ်နေကြလေပြီ။ ထို့ပြင် မိသားစုထဲရှိ အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်များကိုပင် ကျော်လွန်နေကြပြီဖြစ်၏။
ထို့ပြင် ထူးရှယ်နတ်ဘုရားကျောင်းတော်က သင်ကြားပေးလိုက်သည့် အဆင့်မြင့်သိုင်းပညာရပ်များကြောင့် သူတို့ထက် အဆင့်မြင့်သော ပြိုင်ဘက်များကို အနိုင်ယူရသည်မှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူလှသည်။
ပြီးခဲ့သည့်လက ချန်မိသားစုမှ ချန်ပင်းယွီသည် ဟွာရှားနိုင်ငံ၏ သိုင်းနတ်ဘုရားယင်ဝူယီကို စိန်ခေါ်ခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ သူ(မ)က ဒဏ္ဍာရီလာအဆင့်ကိုးမျှဖြင့် ဝါရင့်ဒဏ္ဍာရီလာအဆင့် ယင်ဝူယီကို တိုက်ကွက်သုံးကွက်တည်းနှင့် အလွယ်တကူအနိုင်ယူနိုင်ခဲ့သဖြင့် ရှေးဟောင်းသိုင်းလောက၏ ဒဏ္ဍာရီလာသိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ထိုအခါ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများကလည်း သူတို့၏ဆရာတူအစ်မဖြစ်သူတောင် လုပ်နိုင်လျှင် သူတို့လည်း ဘာကြောင့်မလုပ်နိုင်ရမှာလဲဟု တွေးတောကြလေတော့သည်။
နောက်လတွင်မူ ယင်ဝူယီခမျာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားပေါင်းစွာ၏ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရသည်။
အံ့ဩစရာကောင်းသည်မှာ ထက်ဝက်နီးပါးခန့်က သူ့ကို အနိုင်ယူခဲ့ကြသည်။ ထိုလူအားလုံးမှာ ကျန်းမုန့်လောင်တည်ထောင်ထားသည့် "ရီထျန်းဂိုဏ်းသားများ" ဖြစ်ကြသည်။
ယင်ဝူယီက ထျန်းယွမ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုသော်လည်း သူ့သိုင်းပညာရပ်များမှာ လောကီလူသားများအကြား လက်ဆင့်ကမ်းလာသည့် ပညာရပ်များသာဖြစ်ကြောင်း သတိပြုသင့်သည်။ ၎င်းမှာ ရှေးခေတ်မှ ကျန်ရစ်ခဲ့သော အကြွင်းအကျန်အစအနလေးများ သို့မဟုတ် အခြေခံအတတ်ပညာလေးများသာ ဖြစ်သည်။
သို့သော် ရီထျန်းဂိုဏ်းသားများမှာမူ ထိုသို့မဟုတ်ပေ။
သူတို့က ကျင်းယုံ၏ သိုင်းဝတ္ထုများထဲမှ ယွမ်တစ်ကျော့ပြန်ကျင့်စဉ်၊ ယန်ကိုးပါးနတ်ဘုရားကျင့်စဉ်၊ ယင်ကျမ်းစာကိုးသွယ်နှင့် နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်ကဲ့သို့သော သိုင်းကွက်များကို အမှန်တကယ် အသုံးပြုနေကြခြင်းပင်။
ပိုမယုံနိုင်စရာကောင်းသည်မှာ သူတို့က စိတ်ကူးယဉ်ဝတ္ထုများထဲမှ မဟာလောကကောင်းကင်ချုပ်လက်ညှိုး၊ ကောင်းကင်ခွင်းမဟာဆင်ရိုင်းခွန်အားနှင့် မိုးပြာရောင်နဂါးအသွင်ပြောင်းလျှို့ဝှက်ချက်ကဲ့သို့သော စွမ်းအားများကိုပင် ထုတ်ဖော်လာကြသည်။
ဤမျှဆိုလျှင်ပင် လုံလောက်နေပြီဖြစ်၏။ သိုင်းပညာပင်ဖြစ်စေ စိတ်ကူးယဉ်စွမ်းအားပင်ဖြစ်စေ အနည်းဆုံးတော့ လူသားတို့၏စွမ်းဆောင်ရည်အတွင်း၌သာ ရှိနေသေးသည်မဟုတ်ပါလော။
သို့သော် ဂိုင်ယာစွမ်းအင်အမြောက်၊ လိပ်
ဂိုဏ်း၏ချီစွမ်းအင်လှိုင်းနှင့် အဖျက်ဓာတ်သေမင်းအလင်းတန်းတို့က ဘာတွေလဲ။
ငါတို့တွေ နှစ်ဖက်မြင်ကမ္ဘာလောကထဲက အရာတွေကို လက်တွေ့လောကထဲကို မယူဘဲ နေကြရအောင်လား....
သူတို့ကြားရှိ ကျင့်စဉ်အဆင့် ကွာခြားချက်မှာ ကျော်ဖြတ်ရခက်သည့် ချောက်ကမ်းပါးကြီးသဖွယ် ရှိနေသော်လည်း ဤသိုင်းပညာများက ထိုကွာဟချက်ကို အံ့ဩဖွယ်ကောင်းလောက်အောင် ချေဖျက်ပေးနိုင်ခဲ့သည်။
မေ့ထား၍ မဖြစ်သည်မှာ သူတို့ထဲတွင် အတွေ့အကြုံအရှိဆုံးဖြစ်သည့် ချန်ပင်းယွီပင်လျှင် ရီထျန်းဂိုဏ်းတွင် လေ့လာကျင့်ကြံခဲ့သည်မှာ တစ်နှစ်ကျော်မျှသာရှိသေးသည်။
ဤတိုက်ပွဲများကို ဆင်နွှဲပြီးနောက်တွင်မူ သိုင်းနတ်ဘုရားယင်ဝူယီက သူ့ဘဝကိုပင် မေးခွန်းပြန်ထုတ်မိသည်။
နှစ်ပေါင်းတစ်ရာကြာအောင် ကျင့်ကြံခဲ့ရသည့် သူ့အစွမ်းမှာ တစ်နှစ်မျှသာ သင်ယူရသေးသည့် မိန်းမငယ်တစ်ဦး၏ အရိပ်အောက်တွင် မှေးမှိန်သွားရသလဲဟု တွေးနေမိသည်။
ဤသို့ဆိုလျှင် သူ့အနေနှင့် ရှေးဟောင်းသိုင်းလောကတွင် ဘယ်လိုမျက်နှာပြပြီး ဆက်ရပ်တည်နိုင်တော့မည်နည်း။
ထို့ကြောင့် "နောက်လှိုင်းလုံးက ရှေ့လှိုင်းလုံးကို ကျော်တက်သွားသည်"ဟု သက်ပြင်းချရင်း ယင်ဝူယီလည်း ရှေးဟောင်းသိုင်းလောကမှ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။ ယခုအချိန်ကစ၍ သူ့အနေနှင့် ဒုတိယကမ္ဘာရှိ အရေးအရာများကို စိတ်မဝင်စားတော့ဘဲ သူ့ဘဝကို ကျင့်ကြံခြင်းဖြင့် ဖြတ်သန်းသွားတော့မည်ဖြစ်၏။
ဤသတင်း ထွက်ပေါ်လာသည့်အခါ ရှေးဟောင်းသိုင်းလောကတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။
ရီထျန်းဂိုဏ်းက ဤမျှအထိ အစွမ်းထက်လှပေသည်။
တစ်နှစ်မျှလေ့ကျင့်ရုံဖြင့် သိုင်းအကျော်အမော်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်စွမ်းရှိနေသည်ဖြစ်ရာ မည်သူကများ ခံနိုင်ရည်ရှိမည်နည်း။
သို့သော် ယနေ့အထိတိုင်အောင် ကျန်းမုန့်လောင်နှင့် သူ့ကျောင်းသားများမှလွဲ၍ မည်သူကမှ ရီထျန်းဂိုဏ်း၏ တည်နေရာအတိအကျကို ရှာမတွေ့ကြသဖြင့် လူတိုင်းက ထိုဂိုဏ်းကို ဒဏ္ဍာရီလာတော်ဝင်သိုင်းနယ်မြေတစ်ခုအဖြစ်သာ မှတ်ထားကြလေတော့သည်။
ရှေးဟောင်းသိုင်းမိသားစုများနှင့် ဂိုဏ်းအသီးသီး၏ ဆက်ခံသူများမှာမူ တစ်နေ့နေ့တွင် ရီထျန်းဂိုဏ်းမှ သံတမန်တစ်ဦးက သူတို့ရှေ့သို့ ပေါ်လာလေမလားဟူသော မျှော်လင့်ချက်ဖြင့် အားသွန်ခွန်စိုက် ကြိုးစားနေကြရှာသည်။
သို့သော် မမျှော်လင့်ထားဘဲ ကျန်းမုန့်လောင်က ယခုအမူ ကျောင်းသားသစ်များကို လူသိရှင်ကြား စတင်ခေါ်ယူတော့မည်ဖြစ်၏။
အသက်အရွယ်နှင့် ကျင့်စဉ်အဆင့် သို့မဟုတ် ပါရမီရှိမရှိဟူသော အကန့်အသတ်များလည်း လုံးဝမရှိပါဘဲ ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ပါက လက်ခံသွားမည်ဟု ဆိုသည်။
"ကျောင်းအုပ်ကြီး... ကျောင်းသားအရေအတွက်ကိုရော ကန့်သတ်ထားသေးလား"
ချန်ပင်းယွီက ရဲရဲဝံ့ဝံ့မေးလိုက်သည်။
"လုံးဝမရှိဘူး"
ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်သည်။
"ဒါဆို ကျွန်မတို့တစ်မိသားစုလုံးရော ဝင်လို့ရလား"
ချန်ပင်းယွီက ထပ်မေးပြန်သည်။
"အခု မိသားစုကို ကျွန်မပဲ ဦးစီးနေရတာ။စည်းကမ်းတွေကိုလည်း အသစ်ပြန်ပြင်ထားတယ်။ ပြီးတော့ အရမ်းလည်းတင်းကျပ်ထားတယ်။ မိသားစုဝင်တိုင်းရဲ့ အကျင့်စာရိတ္တပိုင်းကတော့ စံချိန်မီမှာ သေချာပါတယ်"
"ရတာပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ ဒီကျောင်းက ငါတို့ရဲ့ထူးရှယ် နတ်ဘုရားကျောင်းတော်နဲ့တော့ နည်းနည်းကွာလိမ့်မယ်။ ဒီမှာ ဆရာတွေက သင်ကြားပြသပေးတာနဲ့ ရှင်းလင်းပေးတာလောက်ပဲ လုပ်ပေးနိုင်မှာ။ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက အရင်းအမြစ်တွေကို အပြင်ကို ယူထုတ်လာလို့မရတဲ့အတွက် သူတို့ရဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းက မင်းတို့လောက်တော့ မြန်မှာမဟုတ်ဘူး"
"ဒီလောက်ဆိုရင်ပဲ တော်တော်ကောင်းနေပါပြီ"
သူတို့က ရောင့်ရဲရကောင်းမှန်း သိကြသူများပင်။
ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် နည်းစနစ်အသစ်များကို သင်ယူကြရပြီး ထိုလျှို့ဝှက်ကျမ်းစာများကိုလည်း လူသစ်များထံ လက်ဆင့်ကမ်းပေးနိုင်သည် မဟုတ်ပါလော။
သို့သော် ကွာခြားချက်တစ်ခုမှာ ကျောင်းသားများမှာ ကျောင်းတော်အတွင်း ဖော်စပ်ထားသောဆေးလုံးများနှင့် အခြားအထောက်အကူပြုပစ္စည်းများ၏အကူအညီဖြင့် ကျင့်စဉ်ကို အရှိန်မြှင့်နိုင်သော်လည်း ပြင်ပလူများမှာမူ ထိုသို့လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။
သို့သော် ထိုလက်စွဲစာအုပ်များဖြင့် ကျင့်ကြံမည်ဆိုလျှင်ပင် ယခင်က အတွင်းအားကျင့်စဉ်များထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်
နိုင်သည့်အပြင် ထိုသိုင်းပညာများကိုလည်း သင်ယူနိုင်ကြဦးမည်သာ။
"ပင်းယွီ... သူတို့ကို ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ တရားဝင်ကျောင်းသားအဖြစ် အသိအမှတ်ပြုလို့ မရတဲ့အတွက် ဒီကျောင်းအတွက် သီးသန့်နေရာတစ်ခုနဲ့ နည်းနည်းလျှို့ဝှက်တဲ့နေရာမျိုး လိုအပ်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အဲဒါကြောင့် မင်းတို့မိသားစုပိုင်တဲ့ အဲဒီတောင်တန်းကို ငါသုံးချင်တယ်"
"ဟားဟား... ကျောင်းအုပ်ကြီး... အဲဒီတောင်တန်းက ရှင်ပိုင်သွားပြီမဟုတ်လား"
ချန်ပင်းယွီက ရယ်မောလျက် ပြောလိုက်သည်။
ထူးရှယ်နတ်ဘုရားကျောင်းတော်က သူတို့အိမ်ရှေ့မှာတင် လာဆောက်မည်ဖြစ်ရာ ဤသည်မှာ သူတို့မိသားစုအတွက် သတင်းကောင်းပင်။
ဤအားသာချက်ကြောင့် သူတို့မိသားစုက ရှေးဟောင်းသိုင်းလောကတစ်ခုလုံး၏ ဗဟိုချက်ပင် ဖြစ်လာနိုင်သည်။
"ဒါဆိုရင် အဆင်ပြေပြနော်"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်လေသည်။
.....
နောက်တစ်နေ့တွင်မူ ချန်မိသားစုပိုင် တောင်ကုန်း၏ အနောက်ဘက်၌ ကျန်းမုန့်လောင်က တရားမှတ်နေသည့်အလား မျက်လုံးမှိတ်၍ ငြိမ်သက်စွာရပ်နေသည်။
သူ့နောက်တွင်မူ ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေကြသော ရှေးဟောင်းသိုင်းပညာရှင်မိသားစုဝင်များ ရှိနေပေသည်။
ယခုအကြိမ်တွင် ရှေးဟောင်းသိုင်းလောကမှ လူပေါင်းထောင်ချီ၍ ရောက်လာကြလေရာ ချန်မိသားစု၏ အနောက်ဘက်တောင်ကုန်းတစ်ခုလုံး လူအပြည့်ဖြစ်နေတော့သည်။
မိသားစုထဲရှိ လူငယ်မျိုးဆက်များထံမှ သတင်းကြားကြားချင်း သူတို့လည်း နှစ်ခါပြန် မစဉ်းစားတော့ပေ။ ကျန်းကျယ်ဒေသရှိ လူတိုင်းက သူတို့၏မိသားစုဝင်အားလုံးကို ချက်ချင်း ခေါ်ဆောင်လာကြသလို အခြားဒေသရှိ မိသားစုများကလည်း ဤနေရာသို့ အပြေးအလွှား လာကြလေသည်။
"မျိုးနွယ်စုဒုခေါင်းဆောင် ဂိုဏ်းချုပ်ကျန်းက တကယ်ပဲ ဒီမှာ ကျောင်းဆောက်မှာလား။ မယုံနိုင်စရာပဲ"
ချန်မိသားစုဝင်တစ်ဦးက ဂရုတစိုက်မေးလိုက်
သည်။
"ဒုမျိုးနွယ်စုခေါင်းဆောင်... ကျွန်တော်က ပညာသိပ်မတတ်ဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ ကျောင်းကြီးတစ်ကျောင်း ပေါ်လာမယ်ဆိုတာမျိုးလည်း တစ်ခါမှမကြားဖူးဘူး။ ခင်ဗျားက တက္ကသိုလ်တက်ခဲ့ဖူးတယ်ဆိုတော့ ကျွန်တော်တို့ကို နည်းနည်းလောက် ရှင်းပြပေးပါလား"
"ဘာရှင်းပြရမှာလဲ"
ချန်ပင်းယွီက ဆဲဆိုလိုက်လေသည်။
"တစ်ခုခုကိုသံသယဝင်ရင် ကွမ်တမ်ကြောင့် လို့သာ မှတ်ထားလိုက်။ အရာအားလုံးကို အဲဒီ ကွမ်တမ်နဲ့ ရှင်းပြလို့ရတယ်။ သိပြီလား"
"နားလည်သွားသလိုပဲ။ အဲဒါက ဘာမှန်းတော့ သေချာမသိပေမဲ့ ကြားရတာတော့ တော်တော်အထင်ကြီးချင်စရာပဲ"
[ကျောင်းအုပ်ကြီး... ဒီနေရာမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းခွဲတစ်ခုကို တည်ဆောက်ချင်ပါသလား]
"အတည်ပြုတယ်"
[ကျောင်းတော်ရဲ့ပုံစံကို သင့်စိတ်ကူးထဲမှာ ပုံဖော်ပေးပါ]
ကြီးကျယ်ခမ်းနားသော ပုံကြမ်းတစ်ခုက ကျန်းမုန့်လောင်၏ စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။ သို့သော် ကျောင်းဆိုသည်မှာ ကျောင်းနှင့်တူရမည် မဟုတ်ပါလော။ ကျောင်းအုပ်ရုံးခန်း၊ စီမံခန့်ခွဲရေးရုံးခန်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆရာအဆောင်နှင့် အပန်းဖြေနားနေဆောင်၊ ကျောင်းသားအဆောင်များ၊ ခန်းမဆောင်ကြီးများ၊ စာသင်ခန်းများ၊ ထမင်းစားဆောင်၊ အားကစားခန်းမနှင့် စာကြည့်တိုက်ဟူ၍ ရှိရမည်။
"တည်ဆောက်မှုစတင်လိုက်တော့"
ကျန်းမုန့်လောင် စိတ်ကူးလိုက်သည်နှင့် အလင်းတန်းတစ်ခုက သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး အထက်သို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးကို ချက်ချင်းဖောက်ထွင်းသွားလေသည်။
ဤအလုပ်ကို ခြစ်ခြစ်တောက်ပူသည့် နေ့ခင်းဘက်တွင် ပြုလုပ်ခဲ့သောကြောင့်သာ တော်သေးသည်။
အကယ်၍ ညဘက်တွင်သာ ပြုလုပ်ခဲ့ပါက တစ်လောကလုံးကို အကြီးအကျယ်တုန်လှုပ်
ချောက်ချားသွားစေမည်မှာ အသေအချာပင်။
မကြာခင်မှာပင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အမြင့်ငါးမီတာနှင့် အလျားသုံးမီတာကျော်ရှိသော ရွှေရောင်တံခါးကြီးတစ်ခုက တောင်ကုန်း၏အနောက်ဘက်တွင် ပေါ်လာတော့သည်။ ထိုရွှေရောင်တံခါးကြီးက တဖြည်းဖြည်းပွင့်ဟလာပြီး အတွင်းရှိ တဖိတ်ဖိတ်တောက်ပနေသည့် ရွှေရောင်အလွှာပါးလေးတစ်ခုကို မြင်လိုက်ရသည်။
ထိုတံခါးကြီး၏အထက်တွင်မူ "ထူးရှယ်နတ်ဘုရားကျောင်းတောင်၏ကျောင်းခွဲ"ဟူသော စာလုံးရှစ်လုံးကို ခန့်ညားထည်ဝါစွာ ရေးထွင်းထားသည်။
...
"ကဲ... အခုကစပြီး ဒါဟာ ငါ့ကျောင်းရဲ့ ဝင်ပေါက်ပဲ။ အားလုံးအထဲဝင်ပြီး ကြည့်ကြည့်လို့ရပြီ"
"ဒုဂိုဏ်းခေါင်းဆောင်... ဒါက..."
ချန်မိသားစုဝင်များမှာ တွေဝေတုံ့ဆိုင်းနေကြသည်။
"ငါ့နောက်ကလိုက်ခဲ့ကြ"
ချန်ပင်းယွီသည် ရှေ့ဆုံးက ဦးဆောင်ပြီး ဝင်သွားမှသာ ချန်မိသားစုဝင်များလည်း အနည်းငယ် စိတ်အေးသွားကြတော့သည်။
"ဝိုး..."
"သေစမ်း"
"ဒါက သိပ္ပံနည်းမကျဘူးလေ"
"ငါတို့က အခုကစပြီး ဒီမှာပညာသင်ရတော့မှာလား"
ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသူတိုင်း၏ မျက်နှာထက်တွင် အံ့ဩမှင်တက်နေသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
"ကျောင်းအုပ်ကြီး... ဒီတစ်ခါ ကျောင်းသားတွေအများကြီး လက်ခံလိုက်တာလား"
နျဲ့ရှောင်ချန်းခမျာ ချန်မိသားစုထဲမှ ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို ကြည့်ရင်း ဆွံ့အသွားသည်။
"အားလုံး တိတ်တိတ်နေကြ"
ခန့်ညားလှသော အရှိန်အဝါတစ်ခုနှင့်အတူ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် နည်းပြချုပ်ရှုံးပါ့ ထွက်လာလေသည်။
"ထျန်းယွမ်အဆင့် ဆရာသခင်တစ်ယောက်လား"
ချန်မိသားစုမှ အကြီးအကဲများမှာ အသက်ရှူကျပ်စေသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ဤဖိအားမျိုးမှာ ချန်ပင်းယွီပင် သူတို့ကို မပေးခဲ့ဖူးချေ။
"မဟုတ်ဘူး"
ချန်ပင်းယွီက ခေါင်းခါပြလိုက်သည်။
"နည်းပြချုပ်က ထျန်းယွမ်အဆင့်ကိုကျော်သွားပြီ။ ငါတို့ရှေးဟောင်းသိုင်းလောကရဲ့ သတ်မှတ်ချက်အရဆိုရင် သူက သူတော်စင်
အဆင့်အထိ ရောက်နေပြီ"
"ဘာ! သူတော်စင်အဆင့် ဟုတ်လား"
ချန်မိသားစုဝင်များအတွက် ထျန်းယွမ်အဆင့်ကပင် ဒဏ္ဍာရီတွင်လောက်ပြီဖြစ်ရာ သူတော်စင်အဆင့်ဆိုသည်မှာ စာအုပ်ထဲတွင်သာရှိနိုင်သည့် အယူအဆတစ်ခုသာဖြစ်၏။
"မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ နည်းပြချုပ်ရှုံးက ဒီမှာ အစွမ်းအထက်ဆုံးလူ မဟုတ်သေးဘူး။ ငါတို့ကျောင်းက အညံ့ဆုံးဆရာတောင် ထျန်းယွမ်အဆင့်ရှိတယ်။ အတော်ဆုံးဆရာဆိုရင် နည်းပြချုပ်ရှုံးကိုတောင် လက်ဖျောက်တစ်ချက်တီးရုံနဲ့ သတ်ပစ်နိုင်တယ်"
"သူတော်စင်အဆင့်ကိုတောင် အသာလေးသတ်နိုင်တာလား"
ယခုမှပင် သူတို့လည်း ချန်ပင်းယွီတစ်ယောက် ကျန်းမုန့်လောင်၏အနောက်သို့ တစ်နှစ်ကျော်မျှ လိုက်သွားရုံဖြင့် ဘာကြောင့် ဤမျှအထိ ကြောက်စရာကောင်းလာကြောင်း နားလည်သွားကြတော့သည်။
အကယ်၍ ကျောင်းရှိ ဆရာတိုင်းသာ ဤကဲ့သို့ အစွမ်းထက်ကြမည်ဆိုပါက ဝက်တစ်ကောင်ဆိုလျှင်ပင် မည်သူမှမယှဉ်နိုင်သည့် စစ်သည်တော်တစ်ဦး ဖြစ်လာနိုင်မည်မဟုတ်လော။