← Chapters

အရှိန်အဝါပြင်းထန်သော မြင်ကွင်း

Vol. 49 Ch. 732

အရှိန်အဝါပြင်းထန်သော မြင်ကွင်း

Vol. 49 Ch. 732

"ပင်းယွီ... မင်းတို့ကျောင်းမှာ အခု ဆရာဘယ်နှယောက်ရှိလဲ"

ချန်ပင်းယွီ၏အဘိုးက မေးလိုက်သည်။

"အယောက်ရှစ်ဆယ်ကျော်ရှိပါတယ်။ သုံးပုံတစ်ပုံက ယဉ်ကျေးမှုဘာသာရပ်တွေ သင်ကြားပြီး နောက်သုံးပုံတစ်ပုံကတော့ ဘဝကျွမ်းကျင်မှုသင်တန်းတွေ သင်ပေးတယ်။ ကျန်တဲ့လူတွေကတော့ သိုင်းပညာသင်ပေးတဲ့ ဆရာတွေပေါ့"

ချန်ပင်းယွီက မိတ်ဆက်ပေးလိုက်သည်။

"ခဏနေရင် ဆရာတွေနဲ့တွေ့ပေးဖို့ ဂိုဏ်းချုပ်က စီစဉ်ထားတယ်တဲ့"

ရှုံးပါ့က ထပ်ပြောလိုက်ပြန်သည်။

"မင်းတို့တွေက ဒဏ္ဍာရီလာအဆင့်ကိုတောင် မရောက်သေးဘူးဆိုတော့ ပထမတန်းကပဲ စကြရအောင်။ ခဏနေရင် ဌာနအသီးသီးက ဆရာတွေက သူတို့ကိုယ်သူတို့ မိတ်ဆက်ကြလိမ့်မယ်။ အဲဒီအခါကျရင် မင်းတို့တက်ချင်တဲ့ ဌာနကို ရွေးလို့ရတယ်"

"ပထမတန်းတဲ့လား"

ချန်မိသားစုအကြီးအကဲများ၏ အမူအရာကား အလွန်ထူးဆန်းသွားကြသည်။

အသက်ခုနစ်ဆယ်ရှစ်ဆယ်အရွယ်ရှိနေပြီဖြစ်သော သူတို့အတွက်တော့ ဤနေရာတွင် ပထမတန်းကစပြီး ကျောင်းတက်ရမည်ဆိုခြင်းမှာ လုံးဝအဓိပ္ပာယ်မရှိသလို ခံစားရသည်။

"ဒါက ကျွန်မတို့ကျောင်းရဲ့စည်းကမ်းပဲ"

ချန်ပင်းယွီက ရှင်းပြလိုက်သည်။

"ဒဏ္လာရီလာအဆင့်ကိုရောက်မှ ဒုတိယတန်းတက်ရမှာ။ ထျန်းယွမ်အဆင့်ကိုရောက်ရင် တတိယတန်း၊ သူတော်စင်အဆင့်ကိုရောက်ရင် စတုတ္ထတန်းတဲ့။ ဒါပေမဲ့ အခုထိတော့ ဘယ်သူမှ တတိယတန်းကို မတက်နိုင်သေးဘူး"

"သြော် ဆရာတွေလာနေပြီ"

ချန်ပင်းယွီမှာ ရုတ်တရက်ငြိမ်ကျသွားသည်။

"ဆရာတွေလား"

ချန်မိသားစုဝင်များလည်း ငြိမ်သက်သွားကြသည်။

ဘယ်လိုဆရာများက ဤနေရာတွင် သင်ကြားမလဲဆိုသည်ကို သူတို့ သိချင်နေကြသည်။ ထို့ပြင် ကျန်းမုန့်လောင်က ဤမျှအစွမ်းထက်လှသော ပုဂ္ဂိုလ်များကို ဘယ်လိုရှာဖွေပြီး ဆရာအဖြစ် ခန့်အပ်ထားသလဲဆိုသည်ကို အလွန်သိချင်နေကြသည်။

သူတို့အနေနှင့် သူတော်စင်အဆင့် မဆိုထားနှင့်။ ထျန်းယွမ်အဆင့်ကို တက်လှမ်းနိုင်သူများကိုပင် အများကြီးမမြင်ဖူးပေ။ ကျန်းမုန့်လောင်၏ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှာ ထိုပုဂ္ဂိုလ်များမှာ ဘယ်လိုများပုန်းအောင်းနေကြလဲဟု တွေးတောမိသည်။

"မင်းတို့တွေအားလုံးက ရှေးဟောင်းသိုင်းမိသားစုတွေက ဆင်းသက်လာတာဆိုတော့ အခုကစပြီး သိုင်းပညာဌာန၊ နက္ခတ္တဗေဒဌာန၊ ကျင့်ကြံရေးဌာနနဲ့ သဘာဝလွန်စွမ်းအားဌာနတွေမှာ တက်ရောက်ရလိမ့်မယ်"

ရှုံးပါ့က ကြေညာလိုက်သည်။

"ဌာနအသီးသီးက ဆရာဆရာမတွေ... ထွက်လာပြီး လူသစ်တွေနဲ့ တွေ့လိုက်ပါဦး"

ရုတ်တရက်ဆိုသလို ရင်းနှီးနေသော နတ်တစ်ပိုင်းမိစ္ဆာတစ်ပိုင်းဇာတ်လမ်းထဲမှ နောက်ခံတေးသံ ထွက်ပေါ်လာပြီးနောက် အသံချဲ့စက်ဟု ထင်ရသောအရာကို ကိုင်ဆောင်ထားသည့် လူတစ်ယောက်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

"နဂါးနှိမ်လက်ဝါးဆယ့်ရှစ်ကွက်"

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းတစ်ခုကြောင့် လူအုပ်ကြီးမှာ အနောက်သို့ မီတာအနည်းငယ်ခန့် လွင့်ထွက်သွားသည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ သိုင်းပညာဌာနက ချောင်ဖုန်းပါ။ ကျွန်တော့်ကို ဆရာချောင်လို့ ခေါ်လို့ရပါတယ်။ ကျွန်တော်က မင်းတို့ကို အတွင်းအားကျင့်စဉ်တွေ၊ လက်ဝါးသိုင်းတွေနဲ့ ရှေးဟောင်းတုတ်သိုင်းတွေကို သင်ပေးသွားမှာပါ"

"ချောင်ဖုန်း ဟုတ်လား။ ငါ အိပ်မက်မက်နေတာလား"

ထိုနာမည်မှာ လူတိုင်းနှင့် ရင်းနှီးပြီးသားပင်။

"ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက် ရှင်းပြကြပါဦး"

"ပင်းယွီပြောတာကို မှတ်မိလား။ သံသယရှိရင် ကွမ်တမ်ကြောင့်သာမှတ်တဲ့။ ဒါကိုလည်း ကွမ်တမ်နဲ့ပဲ ရှင်းပြလို့ရမယ်ထင်တယ်"

"ဆရာချောင်... ခင်ဗျားကတော့ အရင်အတိုင်း တက်ကြွနေတုန်းပဲနော်"

ကောင်းကင်တောင်တန်း၏ ကောင်းကင်နတ်မိမယ်ကလည်း ဖြည်းညင်းစွာထွက်လာပြီး သူ့နောက်တွင် ဝတ်စုံအဆန်းအပြားများ ဝတ်ဆင်ထားသည့် လူတစ်စုလည်း လိုက်ပါလာကြသည်။

"ငါ့မျိုးရိုးက ဝူပါ။ ကိုယ်ခံပညာဌာနရဲ့ ဒုတိယအကြီးအကဲပေါ့။ ငါတို့ကျောင်းက အဓိကအားဖြင့် ရှေးဟောင်းသိုင်းလောကရဲ့ အတွင်းအားကျင့်စဉ်တွေနဲ့ နည်းစနစ်တွေကို သင်ကြားပေးမှာပါ။ ဒါက အရာအားလုံးရဲ့အခြေခံပဲလေ"

"ကျုပ်ကတော့ ကိုယ်ခံပညာဌာနက ပုကျင်းယွင်ပါ"

"ကျုပ်ကတော့ နျဲ့ဖုန်းပါ"

"ကျုပ်ကတော့ သွမ့်ယွီပါ"

"ကျုပ်ကတော့ ရှီပေါ်ထျန်းပါ"

"လူသစ်တွေအားလုံး မင်္ဂလာပါ။ ကျုပ်ကတော့ နက္ခတ္တဗေဒဌာနရဲ့ ဌာနမှူးလင်းသုန်းပါ။ ကျုပ်တို့က ကောင်းကင်နဲ့ မြေကြီးကြားက သဘာဝစွမ်းအင်တွေကို ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သင်ပေးပါတယ်။ လူတွေနဲ့တိုက်ခိုက်ဖို့ရယ် ကောင်းကင်ဘုံနဲ့ တိုက်ခိုက်ဖို့ရယ်ပေါ့"

"ရှောင်ယန်ပါ"

"လုံအိုက်ထျန်းပါ"

....

"မင်္ဂလာပါ လူသစ်လေးတို့.. ကျုပ်ကတော့ ကျင့်ကြံရေးဌာနရဲ့ဌာနမှူး အရက်ဓားသိုင်းနတ်ဘုရားပါ။ ကျုပ်တို့ဌာနက အမတနဲ့ နတ်ဘုရားဖြစ်လာနိုင်မဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေသင်ကြားပေးပါတယ်"

"ကျုပ်ကတော့ လီရှောင်ယောင်ပါ"

"ကျောက်လင်အာပါ"

"ဟားဟားဟား မိုက်မဲတဲ့လူသားတွေ..."

"လူလိုပြောစမ်း"

ကျန်းမုန့်လောင်က ထိုခရမ်းရောင်ဦးခေါင်း၏နောက်စေ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ထိုဧရာမလူကြီးမှာ ချက်ချင်းဆိုသလို သနားစရာကောင်းသော မျက်နှာပေးမျိုး ဖြစ်သွားလေသည်။ တစ်ခါတုန်းက စကြဝဠာတစ်ခုလုံး၏ အရှင်သခင်ဖြစ်ခဲ့ဖူးသည့် သူသည် ကျန်းမုန့်လောင်၏ မိဘများထံတွင် ရိုက်နှက်ခံရပြီး ထူးရှယ်နတ်ဘုရားကျောင်းသို့ ဖမ်းခေါ်ခံခဲ့ရသည်။

"ကျုပ်ကတော့ သဘာဝလွန်စွမ်းအားဌာနရဲ့ ဌာနမှူးတာနို့စ်ပါ။ ကျုပ်တို့က မွေးရာပါအမတစွမ်းအားတွေ ပါလာကြတဲ့လူတွေပေါ့။ ကျုပ်တို့ဌာနမှာ မင်းတို့ကို နတ်ဘုရားတစ်ပါးလို ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အမတစွမ်းအားကို ဘယ်လိုကိုင်စွဲရမလဲဆိုတာ သင်ပေးနိုင်ပါတယ်"

"သွားစမ်းပါ"

အပြာရောင်ကိုယ်ကျပ်ဝတ်စုံကိုဝတ်ထားပြီး မျက်နှာထက်တွင် မာန်မာနအပြည့်ရှိနေသည့် ဆရာတစ်ယောက်က တာနို့စ်ကို ကန်ထုတ်လိုက်လေသည်။

"ငတုံး... ငါသာစောစောနိုးရင် ဒီဧရာမခရမ်းရောင်အာလူးကြီးက ဒုဌာနမှူးနေရာကို ရပါ့မလား"

လက်ဖျောက်တစ်ချက်တီးရုံဖြင့် စကြဝဠာတစ်ဝက်ကို ဖျက်ဆီးနိုင်သည့် တာနို့စ်ခမျာ အပြာရောင်ဝတ်စုံနှင့် လူရှေ့တွင်မူ ကြောက်ကြောက်လန့်လန့်ဖြစ်နေရှာသည်။

တကယ်တော့ တာနို့စ်က ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ရောက်ခါစတွင် စွမ်းအင်ပမာဏခြောက်ဆယ်ကျော်ဖြင့် အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးသည်။ သူသည် နည်းပြချုပ်ရှုံးပါ့၏နေရာကိုပင် စိန်ခေါ်ချင်ခဲ့သော်လည်း ကျန်းမုန့်လောင်ထံမှ ဆုံးမခံရပြီးနောက် အနည်းငယ်ငြိမ်ကုပ်သွားခဲ့သည်။

သို့သော် မကြာသေးခင်ကမှ ကျန်းမုန့်လောင်သည် ဆရာသစ်အချို့ကို ထပ်မံအသက်သွင်းခဲ့လေရာ ရိုက်နှက်ခံရပြီးနောက် တာနို့စ်တစ်ယောက် ညီငယ်လေးအဆင့်သို့ ရောက်သွားခဲ့သည်။

အပြာရောင်ဝတ်စုံကို ဝတ်ထားသောလူက မကျေမနပ်ဖြစ်နေဟန်ပင်။

"ဆိုင်ယန်မင်းသားဗာဂျီနာ.. မင်း ငါ့အတန်းထဲမှာ စည်းကမ်းမလိုက်နာဘူးဆိုရင် သတ်ပစ်မယ်"

"ဗာဂျီနာ တအားမကြမ်းစမ်းပါနဲ့"

လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ဆရာတစ်ယောက်က လမ်းလျှောက်လာရင်း နှုတ်ဆက်လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ.. ကျုပ်ကတော့ စွန်းဝူခုံးပါ"

...

ထိုနေရာတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။ ဤကဲ့သို့သော မိတ်ဆက်မှုမျိုးကို မြင်ပြီးနောက် တည်တည်ငြိမ်ငြိမ်နေနိုင်သူဟူ၍ တစ်ယောက်မှမရှိချေ။

ဤကျောင်းရှိဆရာများမှာ ဘယ်လိုမကောင်းဆိုးဝါးများလေလဲ။

"ငါ အိပ်မက်မက်နေတာများလား"

"ငါတော့ ရူးသွားပြီထင်တယ်။ မြင်ချင်ရာတွေ မြင်နေပြီ"

"အဓိပ္ပာယ်မရှိလိုက်တာ။ ဒီလူတွေက ငါတို့ကို တကယ်ပညာသင်ပေးမှာလား"

"ဟိုလိုဂရပ်ဖစ်ပုံရိပ်ယောင်ဆိုတာကို ငါ ကြားဖူးတယ်။ သူတို့တွေက ပုံရိပ်ယောင်တွေ မဟုတ်ဘူးလား"

"ခင်ဗျားတို့တွေ သံသယဖြစ်နေကြမယ်ဆိုတာသိပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါကို အဆင့်မြင့်နည်းပညာရဲ့ ရလဒ်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ဒီနေ့ကစပြီး ဒီဆရာတွေက ခင်ဗျားတို့သင်ချင်တာမှန်သမျှ သင်ပေးလိမ့်မယ်။ သေနတ်၊ လှံတံသိုင်း၊ လက်သီးသိုင်း၊ ခြေသိုင်းနဲ့ လက်ဝါးသိုင်းတွေကို သင်ယူချင်တယ်ဆိုရင် ရှေးဟောင်းသိုင်းပညာဌာနကို သွားကြပါ။ သဘာဝလွန်စွမ်းအားတွေကို သင်ချင်ရင်တော့ သဘာဝလွန်စွမ်းအားဌာနကို သွားကြပါ"

"ဘာလဲ။ အခုထိ မယုံကြသေးဘူးလား"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ကျုပ်ပြောတာကိုနားမလည်ရင် ခင်ဗျားတို့မိသားစုဝင်တွေကို မေးကြည့်လိုက်ပေါ့"

ကျန်းမုန့်လောင်က ကျောင်းထဲသို့ လှမ်းအော်လိုက်၏။

"ပင်မထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ကျောင်းသားတွေ... ထွက်လာခဲ့ကြ"

ခဏအတွင်းမှာပင် ကျောင်းထဲမှ ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် အဆောက်အအုံများကြားက လူရိပ်များထွက်ပေါ်လာသဖြင့် လူထောင်ပေါင်းများစွာလည်း မျက်လုံးပြူးသွားကြလေတော့သည်။

အကြောင်းမှာ အချို့က လေပေါ်တွင် လမ်းလျှောက်လာကြပြီး အချို့မှာမူ ဓားပျံစီးနင်း၍ ပျံသန်းလာကြကသည်။ အချို့မှာမူ ဂန်ဒမ်စက်ရုပ်များ၊ အေဗာစက်ရုပ်များကို မောင်းနှင်လာကြသည်။ အချို့ကတော့ သို့ချီစွမ်းအင်မြင်းများကိုစီးကာ အဆောက်အအုံများအကြား ပျံသန်းနေကြသည်။

"ဟိုမှာ ငါ့ဝမ်းကွဲအစ်ကိုပဲဟ။ ဝမ်းကွဲအစ်ကို... ကျွန်တော် ဒီမှာ"

"ဒါက လွန်ခဲ့တဲ့တစ်နှစ်က ပျောက်သွားတဲ့ ဝမ်းကွဲအစ်ကိုမဟုတ်လား။ သူ ဒီကို တကယ်ရောက်လာတာလား"

"ငါ့ဝမ်းကွဲက ဒဏ္ဍာရီလာအဆင့်၇ပဲ ရှိသေးတာကို ပျံနိုင်နေပြီလား။ ဒါက ထျန်းယွမ်အဆင့်ရောက်မှ လုပ်နိုင်တာမဟုတ်ဘူးလား"

"ဒါဆို သူတို့တွေအားလုံးက ဒီမှာပဲ ပညာသင်ခဲ့ကြတာကိုး"

ကျန်းမုန့်လောင်၏စကားကို နားထောင်ပြီးနောက် လူတိုင်း တွေဝေတုံဆိုင်းနေသေးသော်လည်း သူတို့၏ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများ ထွက်လာသည့်အခါတွင်မူ စိတ်ထဲရှိ သံသယအားလုံး ယူပစ်သလို ပျောက်ကွယ်သွားလေတော့သည်။

ဤကျောင်းကား အမှန်တကယ် မှော်ဆန်လှသော နေရာတစ်ခုပင်။

"အခုရော ခင်ဗျားတို့မှာ ဘာစိုးရိမ်စရာရှိသေးလဲ"

"ငါကတော့ ကျင့်ကြံရေးဌာနကို သွားမယ်။ ဝမ်းကွဲအစ်ကိုလိုမျိုး ဓားပျံစီးချင်လို့"

"ငါကတော့ သဘာဝလွန်စွမ်းအားဌာနကိုသွားမှာ"

"ငါရော ဆရာစွန်းဆီမှာ စူပါဆိုင်ယန်ဖြစ်အောင် သင်လို့ရမလား"

"ဟားဟား... ဒီကျောင်းသားလေး... အဲဒါကတော့ ခက်လိမ့်မယ်။ ဆိုင်ယန်သွေးစီးဆင်းနေတဲ့လူတွေမှ အဲဒီလိုအသွင်ပြောင်းနိုင်စွမ်းရှိတာ။ ဒါပေမဲ့ မင်းကို စွမ်းအင်အသုံးချပုံတွေ၊ လေပေါ်မှာ လမ်းလျှောက်တဲ့ပညာနဲ့ လိပ်ဂိုဏ်းရဲ့ချီကုန်ပညာတွေကိုတော့ သင်ပေးလို့ရပါတယ်။ ဒါပေမဲ့ ငါ့အတန်းကို တက်ချင်ရင်တော့ အနည်းဆုံး ဒုတိယတန်းအဆင့်ကို ရောက်နေမှဖြစ်မယ်နော်"

ရုတ်ခြည်းပင် ထိုနေရာတစ်ခုလုံး စည်ကားလှသော ဈေးတန်းကြီးတစ်ခုအလား ဖြစ်သွားလေတော့သည်။ လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်မေးမြန်းနေကြပြီး ကျောင်းဝင်ခွင့်အတွက် စိတ်အားထက်သန်စွာ စုံစမ်းနေကြသည်။

"အားလုံးတန်းစီကြ"

ရှုံးပါ့က အတွင်းအားကို အသုံးချ၍ အော်ဟစ်လိုက်သည်။

"စီနီယာတွေက စနစ်တကျဖြစ်အောင် ကူညီပေးကြပါ။ မိသားစုဝင်တွေကို ကျောင်းဝင်ခွင့်စာရင်းသွင်းဖို့ ခေါ်သွားပေးပါ။ ဘယ်သူမဆို စည်းကမ်းဖောက်ဖျက်ရင် ဒီကျောင်းကနေ ထာဝရထုတ်ပစ်ခံရမမယ်။ ကျောင်းထပ်အပ်ခွင့်လည်း မရှိဘူး"

ထောင်ဂဏန်းခန့်ရှိသော လူပေါင်းများစွာ၏ ကျောင်းဝင်ခွင့်မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာ ပြီးစီးရန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ဤသည်မှာ ပထမဆုံးနေ့သာ ရှိသေးသည်။

လာမည့်ရက်များတွင် တစ်နိုင်ငံလုံးရှိ ရှေးဟောင်းသိုင်းမိသားစုများနှင့် ဂိုဏ်းပေါင်းစုံကလည်း တဖွဲဖွဲရောက်လာကြဦးမည်သာ။

"ရှောင်ချန်း... အခု ငါတို့ဆီမှာ လူဘယ်လောက်ရှိသွားပြီလဲ"

"ကျောင်းအုပ်ကြီး... အခု ပင်မကျောင်းတော်မှာ ကျောင်းသား၁၃၂၇ယောက်ရှိပြီး ကျောင်းခွဲမှာတော့ မှတ်ပုံတင်ထားတဲ့လူ ၃၄၇၆ယောက် ရှိသွားပါပြီ"

"အင်း..."

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

ကျောင်းသားများ များလာသည်နှင့်အမျှ ဆရာအင်အားမှာ မလုံလောက်တော့ချေ။ ထို့ကြောင့် ဆရာအသစ်များကို ထပ်မံဆင့်ခေါ်နိုင်ရန်အတွက် ခွန်အားအမှတ်များ ပိုမိုရရှိနိုင်မည့်နည်းလမ်းကို ရှာဖွေရပေဦးမည်။

"ငါ့မှာ ခွန်အားအမှတ်သုံးထာင်ကျော် ကျန်သေးတာပဲ။ အရေးပေါ်အတွက် တစ်ထောင်လောက်လောက် ချန်ထားလိုက်မယ်"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်းရေရွတ်နေချေသည်။

"ကောထန်.. ငါ့အတွက် ဆရာအယောက်နှစ်ဆယ်လောက် ဆင့်ခေါ်ပေးဦး"

"ကုရီ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်"

"ဆိုင်တာမာ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်"

"မီကာမီယူအာ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်"

ကျန်းမုန့်လောင် : "???"

All Chapters