ငါ့နောက်ဖေးခြံဝင်းထဲကို ခိုးဝင်လာကြတယ်ပေါ့
Vol. 49 Ch. 733
ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းအပ်လက်ခံမှုမှာ သုံးရက်ခန့်ကြာမြင့်ခဲ့ပြီး ကျောင်းသားဦးရေမှာလည်း ၁၃၀၀ကျော်မှ ၁၀၀၀၀ကျော်အထိ တိုးလာခဲ့သည်။
ထို့ပြင် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဌာနခွဲအသီးသီးသို့ ဝင်ရောက်လာကြသူများကလည်း တစ်စထက်တစ်စ ပိုများလာခဲ့၏။
ရှေးဟောင်းသိုင်းပညာရှင်မိသားစုများထဲမှ မိသားစုတစ်ခုတွင် အမျိုးသားတစ်ယောက်က ခုနစ်နှစ်ရှစ်နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦးအား မေးလိုက်သည်။
"သား... သားကြီးလာရင် ဘယ်မှာ ကျောင်းတက်ဖို့ စိတ်ကူးထားလဲ"
"ကျွန်တော် ယန်ကျင်းတက္ကသိုလ်မှာ ဝင်ခွင့်လျှောက်ချင်တယ်"
"ဖြောင်း"
ထိုအမျိုးသားက ကောင်လေး၏ပါးကို ရိုက်ချလိုက်သည်။
"သိက္ခာကျလိုက်တာ.. ယန်ကျင်းတက္ကသိုလ်ကိုမှ မှန်းရတယ်လို့။ မင်းရဲ့ ရည်မှန်းချက်က ထူးရှယ်နတ်ဘုရားကျောင်းတော်… ရီထျန်းဂိုဏ်းဆိုပြီး ဖြစ်နေရမှာ။ ဒီနေ့ မင်းအပြစ်ကိုပြန်သုံးသပ်ဖို့ ဒဏ်ပေးတဲ့အနေနဲ့ နေ့လယ်စာ လုံးဝမကျွေးဘူး"
…
ကျောင်းသားပေါင်းအယောက်တစ်သောင်းထဲတွင် လက်ရှိ ဒုတိယနှစ်သို့ တက်ရောက်နေသူမှာ နှစ်ရာအောက်သာရှိပြီး ကျန်လူများမှာ ပထမနှစ်ကျောင်းသားများ ဖြစ်ကြ၏။ အတန်းတစ်တန်းလျှင် ကျောင်းသားအယောက်လေးဆယ်မှ ငါးဆယ်အထိရှိပြီး အားလုံးကလည်း မိမိတို့စိတ်ဝင်စားရာ နယ်ပယ်အလိုက် ဖွံ့ဖြိုးတိုးတက်နေကြသည်။ အချို့က သိပ္ပံသုတေသနဘက်တွင် စိတ်ပါဝင်စားကြပြီး အချို့မှာမူ တိုက်ခိုက်သတ်ဖြတ်ရခြင်းကို နှစ်သက်ကြ၏။ ဤနေရာတွင် အိပ်မက်အားလုံးမှာ အမှန်တကယ် ဖြစ်လာနိုင်သည်။
ထိုအချိန်အတွင်း ကျန်းမုန့်လောင်ထံတွင် အပ်နှံထားခဲ့သည့် ကျောင်းသားတစ်သိုက်က အလွန်လျှို့ဝှက်လာကြကြောင်း ယန်ကျင်းယွီ သတိထားမိလိုက်သည်။ သူတို့က နေ့ဘက်တွင် အတန်းတက်ကြပြီး ဓာတ်ခွဲခန်းများထဲတွင် စမ်းသပ်မှုများ ပြုလုပ်ကြသော်လည်း ညရောက်သည်နှင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတတ်ကြလေရာ အခန်းဖော်များပင် သူတို့ ဘယ်ရောက်သွားမှန်း မသိကြချေ။
သူတို့ပုံစံက တစ်ခုခုထူးဆန်းနေသည်ဟု ပြောရမည်ဆိုရအောင်လည်း နေ့တိုင်း အတန်းချိန်မှန်မှန် တက်ရောက်နေကြပြန်၏။ ပုံမှန်ပါပဲဟု ပြောရအောင်လည်း တစ်ယောက်ချင်းစီတိုင်းက စိတ်လိုလက်ရ ပျောက်လိုက်ပြန်ပေါ်လာလိုက် ဖြစ်နေကြသည်။
ထို့နောက် တစ်လအကြာတွင် တစ်ကျောင်းလုံးသာမက တစ်နိုင်ငံလုံးကိုပါ တုန်လှုပ်သွားစေမည့် ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားပေါင်းနှစ်ဆယ့်တစ်ယောက်က ကမ္ဘာ့ထိပ်တန်းဂျာနယ်များဖြစ်သော "သဘာဝ" နှင့် "သိပ္ပံ"တို့တွင် သုတေသနစာတမ်းများကို စာတမ်းပြုစုသူများအဖြစ် တစ်ပြိုင်နက်တည်း ထုတ်ဝေခဲ့ကြသည်။
အဆိုပါစာတမ်းများက ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒအပါအဝင် နယ်ပယ်ပေါင်းစုံကို လွှမ်းခြုံထားပြီး ထိုသုတေသနခေါင်းစဉ်များ၏ လေးနက်မှုကလည်း အဆင့်သစ်တစ်ခုသို့ တွန်းပို့လိုက်နိုင်သည်။
ဆုကြီးများရထားသည့် ပညာရှင်အချို့ပင် သူတို့၏ သုတေသနအတိမ်အနက်ကို မလေးစားဘဲ မနေနိုင်ကြတော့ပေ။
ဤကဲ့သို့သောအဆင့်မီစာတမ်းမျိုးမှာ လေးငါးနှစ်လျှင် တစ်စောင်ထွက်ရှိရာမှ ကျန်းမုန့်လောင်တစ်ယောက်တည်းက တစ်ချီတည်းနှင့် ဒါဇင်ချီ၍ ထုတ်ဝေနိုင်ခြင်းမှာ ကျောင်း၏ သိပ္ပံသုတေသနစွမ်းရည် တိုးတက်လာခြင်းပင်။ သို့သော် နည်းပြ၏ တိုက်ရိုက်လမ်းညွှန်မှုမပါဘဲ ကျောင်းသားပေါင်းများစွာက ဤကဲ့သို့သော စာတမ်းများကို ထုတ်ဝေနိုင်ခြင်းမှာမူ ပညာရေးအဆင့်အတန်းနှင့် ကျောင်းသားများ၏အရည်အသွေးကို ညွှန်ပြနေခြင်းပင်။
နိုင်ငံထဲရှိ ဘယ်ကျောင်းကများ ဆရာလမ်းညွှန်မှုမပါဘဲ ကျောင်းသားများကို ဤဂျာနယ်များတွင် စာတမ်းအစောင်နှစ်ဆယ်ကျော် ထုတ်ဝေနိုင်အောင် စွမ်းဆောင်ပေးနိုင်သလဲ။ ထိုစာတမ်းများကို ရေးသားသူများမှာလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
ဤအချက်က ကျောင်းသားများ၏စွမ်းရည်မှာ ပြိုင်ဘက်ကင်းကြောင်း သက်သေပြနေပေသည်။
ဤသတင်းနှင့်အတူ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဂုဏ်သတင်းမှာ ပိုမိုကျော်ကြားလာပြီး ဟွာရှားနိုင်ငံ၏ နံပါတ်တစ်တက္ကသိုလ်ဖြစ်လာရန် အရှိန်ရစေခဲ့သည်။
ဟွာရှားနိုင်ငံ၏ ရှေးဟောင်းသိုင်းလောကထဲတွင်မူ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ပါရမီထူးသည့်လူငယ်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ သက်တူရွယ်တူများထက် အနည်းဆုံး သုံးလေးဆင့်ခန့် ပိုမြင့်နေပြီး အလွန်နက်နဲသော သိုင်းပညာရပ်များကိုပင် တတ်မြောက်ထားကြ၏။
ထို့ပြင် ရှေးဟောင်းသိုင်းမိသားစုရှစ်ခုမှ ခေါင်းဆောင်များနှင့် အကြီးအကဲများကလည်း ထျန်းယွမ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ကြလေရာ ရှေးဟောင်းသိုင်းလောကတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး ဆန့်ကျင်ဘက်အင်အားစုဖြစ်သော ဒုတိယ လောကရှိ အဖွဲ့အစည်းများအားလုံး ကြောက်လန့်ကာ နောက်ဆုတ်သွားကြရသည်။
ဟွာရှားနိုင်ငံတွင် ကျန်းမုန့်လောင်ရှိနေသည်ကို မဆိုထားနှင့်။ ထျန်းယွမ်အဆင့်ရှိ သိုင်းနတ်ဘုရားရှစ်ပါး ရှိနေရုံမျှဖြင့် မည်သည့်ရန်သူကိုမဆို ဖိနှိပ်ထားနိုင်ပြီး ကြောက်ဒူးတုန်သွားစေရန် လုံလောက်သည်။
တဖြည်းဖြည်းနှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်း သတင်းများက သာမန်လူထုကြားသို့ ပျံ့နှံ့သွားခဲ့ပြီး ကျောင်းသို့ ဝင်ရောက်ရန် မည်သို့သောသတ်မှတ်ချက်မျိုး ပြည့်မီရန်လိုအပ်ကြောင်း စုံစမ်းမေးမြန်းလာကြသည်။
ဤနေရာရှိ ကျောင်းသားများမှာ လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုထားသော ဘွဲ့လက်မှတ်များ မရထားသော်ငြား ဤနေရာတွင် ခဏပညာသင်ကြားဖူးရုံဖြင့် မည်သည့်နယ်ပယ်တွင်မဆို ထိပ်တန်းလူတော်များ ဖြစ်လာနိုင်ပြီး ထိုအရည်အချင်းမှာ မည်သည့်နေရာရောက်ရောက် တိမ်ကောသွားမည် မဟုတ်ချေ။
ကံဆိုးသည်မှာ ကျောင်းတော်က လတ်တလောတွင် ကျောင်းသားသစ်လက်မခံသေးသောကြောင့် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေကြရရှာသည်။
...
"ကောင်စုတ်လေး... မင်း အခုတလော ဘာတွေမွှေနေပြန်တာလဲ"
အကြီးအကဲကျိုးကလည်း သတင်းကြားပြီးနောက် လျှို့ဝှက်ဆန်းကြယ်လှသော ဤကျောင်းကို အလွန်စိတ်ဝင်စားသွားခဲ့၏။
သူက သိပ္ပံသုတေသနအပိုင်းကို သိပ်ဂရုမစိုက်ပေ။ အမှန်တကယ်တော့ နိုင်ငံအတွင်း သိပ္ပံပညာရှင်ပေါင်းများစွာ ပေါ်ထွက်လာခြင်းမှာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အလွန် အကျိုးရှိပြီး ကျန်းမုန့်လောင်အနေနှင့် ထူးချွန်ထက်မြက်သူများကို ပိုမွေးထုတ်ပေးမည်ဆိုလျှင် သူကတော့ သဘောကျသည်။
သို့သော် ရှေးဟောင်းသိုင်းလောကနှင့် ပတ်သက်သည့် ကိစ္စများမှာမူ အသေးအဖွဲလေးများမဟုတ်ချေ။ ဟွာရှားနိုင်ငံ၏ ရှေးဟောင်းသိုင်းလောကမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်ကို အားလုံးသိကြပြီးဖြစ်လေရာ သူတို့နှင့် လုံရှားအထူးတပ်ဖွဲ့က ဟွာရှားနိုင်ငံ၏ ဒုတိယကမ္ဘာအင်အားစုများ ဖြစ်ကြသော်လည်း တကယ်တမ်းတွင် တစ်သားတည်း မဟုတ်ကြချေ။
ရှေးဟောင်းသိုင်းလောကမှာ လွတ်လပ်စွာနေတတ်ကြသော်လည်း လုံရှားတပ်ဖွဲ့မှာမူ နိုင်ငံတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ယခင်က သိုင်းနတ်ဘုရားယင်ဝူယီနှင့် လုံရှားအဖွဲ့ခေါင်းဆောင်မုန့်ထျန်းဟယ်တို့က ဆက်ဆံရေး ကောင်းမွန်ခဲ့ကြသာ်။ သူတို့က အသက်အန္တရာယ်ကြားမှ အကြိမ်ကြိမ် အတူတကွဖြတ်သန်းခဲ့ကြပြီး စွမ်းအားချင်းကလည်း သူမသာကိုယ်မသာပင်။ သိုင်းနတ်ဘုရားက ထျန်းယွမ်အဆင့်သို့ ရောက်သွားချိန်မှာပင် သူတို့နှစ်ဦးကြား၌ သိမ်မွေ့သော ဟန်ချက်ညီမှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ ထိုဟန်ချက်ညီမှုမှာ ပျက်စီးသွားခဲ့လေပြီ။ ရှေးဟောင်းသိုင်းလောကတွင် ထျန်းယွမ်အဆင့်ရှိသော သခင်ရှစ်ဦး အသစ်ပေါ်ထွန်းလာပြီး လူသစ်အချို့ဆိုလျှင် ယခင်သိုင်းနတ်ဘုရားများကို သူတို့၏ခွန်အားတိုင်းတာမှုကိရိယာအဖြစ်ပင် အသုံးပြုလာကြပြီးနောက် စိန်ခေါ်မှုပေါင်းများစွာတွင် ထက်ဝက်ခန့်က အနိုင်ရရှိခဲ့ကြသည်။
တစ်နည်းဆိုရလျှင် ရှေးဟောင်းသိုင်းလောကတွင် ထျန်းယွမ်အဆင့်ရှိသည့် သိုင်းပညာရှင်မှာ အနည်းဆုံး အယောက်နှစ်ဆယ်သုံးဆယ်ခန့် ရှိနေချေပြီ။
လုံရှားအထူးစစ်ဆင်ရေးအဖွဲ့နှင့် သူတို့ကြားရှိ ကွာဟချက်မှာ လုံးဝမသေးငယ်တော့ပေ။
နိုင်ငံတော်လက်အောက်ရှိ ဒုတိယကမ္ဘာအင်အားစုက ပြင်ပလောကထက် အားနည်းခြင်းမှာ ဖြစ်နိုင်မည်လော။
ထို့ကြောင့် အထက်လူကြီးများ၏ ညွှန်ကြားချက်အရ အကြီးအကဲကျိုးတစ်ယောက် ကျန်းမုန့်လောင်ထံသို့ ဖုန်းခေါ်လိုက်ခြင်းပင်။
"မင်း ကျောင်းတစ်ကျောင်းဖွင့်ထားတယ်လို့ ကြားတယ်"
"ဟားဟားဟား... ခင်ဗျား ဘယ်လိုလုပ်ပြီးသိတာလဲ"
"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ မင်းမှာ ပညာရေးခွင့်ပြုမိန့်တောင် မရှိဘဲနဲ့ ကျောင်းဖွင့်ရဲတယ်ပေါ့လေ"
အကြီးအကဲကျိုးက ဒေါသတကြီးဆူပူလိုက်လေရာ မုတ်ဆိတ်မွေးများပင် ထောင်သွားရသည်။
"လောင်ကျိုး... ခင်ဗျားပြောတာ သိပ်သဘာဝမကျပါဘူး။ နိုင်ငံတကာဂျာနယ်တွေမှာ စာတမ်းထုတ်ဝေနိုင်တဲ့ ထူးချွန်ကျောင်းသားတွေအများကြီးကို ကျွန်တော် မွေးထုတ်ပေးထားတာနော်။ ဘယ်တက္ကသိုလ်ကများ အဲ့လိုလုပ်နိုင်လို့လဲ။ ကျွန်တော်က ပညာရေးအတွက်... လူတွေကို ပညာသင်ကြားပေးဖို့အတွက် တကယ်စေတနာထားတာပါ။ အဲ့ဒါကို အကြောင်းပြပြီး ကျွန်တော့်ကျောင်းကို လာပိတ်ခိုင်းလို့ မရဘူးနော်"
"ပေါက်ကရတွေ... မင်းကျောင်းက ကျောင်းသားတွေကို သိပ္ပံသုတေသန လုပ်နည်းလောက်ပဲ သင်ပေးနေတာမို့လို့လား"
"ဟားဟားဟား"
"ငါ လုံရှားတပ်ဖွဲ့က လူတစ်သုတ်ကို ပညာသင်ဖို့ လွှတ်လိုက်မယ်။ မင်း သေချာ စီစဉ်ပေးလိုက်"
"ဝိုး..."
ကျန်းမုန့်လောင်တစ်ယောက် သဘောပေါက်သွားသည်။ အကြီးအကဲကျိုးက လူသွင်းရန် ကြိုးစားနေခြင်းပင်။
"ကောင်းပါပြီဗျာ"
ကျန်းမုန့်လောင်က မဲ့ပြုံးပြုံးရင်း ပြန်ပြောလိုက်သည်။
"ခင်ဗျားက အနောက်ပေါက်ကနေ လူသွင်းချင်နေမှတော့ ကျွန်တော်က ငြင်းလို့ရမှာမို့လို့လား"
"ဟားဟားဟား... အသေးစိတ်ကို မုန့်ထျန်းဟယ်နဲ့ ဆွေးနွေးလိုက်။ သူတို့ကို သေချာ သင်ပေးနော်။ လုံရှားတပ်ဖွဲ့ဆိုတာ နိုင်ငံတော်ရဲ့ဒေါက်တိုင်ပဲ"
"သဘောပေါက်ပါပြီ။ အမိန့်ပေးလိုက်တာနဲ့ တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေမဲ့ တပ်ဖွဲ့တစ်ခု ဖြစ်လာအောင် လေ့ကျင့်ပေးလိုက်ပါ့မယ်"
"ဒီလိုမှပေါ့"
အကြီးအကဲကျိုးလည်း ချက်ချင်းဆိုသလို ကျေနပ်သွားသည်။
"ဒါနဲ့ မင်းကူညီရမဲ့ ကိစ္စတစ်ခုရှိသေးတယ်။ အသေးစိတ်ကိုတော့ မုန့်ထျန်းဟယ် မင်းကိုပြောပြလိမ့်မယ်"
"အကုန် လျှို့ဝှက်ချက်တွေချည်းပါပဲလား"
အကြီးအကဲကျိုး၏ အမူအရာကြောင့် ကျန်းမုန့်လောင်ခမျာ နားမလည်နိုင် ဖြစ်သွားရ၏။
ဘာကိစ္စမို့လို့ ဒီလောက်တောင်လေးနက်နေရတာလဲ....
"ဒေါက် ဒေါက်"
ကျန်းမုန့်လောင်ဖုန်းချပြီး မိနစ်ပိုင်းမျှပင် မကြာလိုက်ခင်မှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မစ္စတာကျန်း... ကျွန်တော် မုန့်ထျန်းဟယ်ပါ"
"ဪ ခေါင်းဆောင်မုန့်... လာလေ။ ဝင်ထိုင်ပါဦး"
ကျန်းမုန့်လောင်က တံခါးဖွင့်ပေးပြီးနောက် မုန့်ထျန်းဟယ်အား အထဲသို့ ဖိတ်ခေါ်လိုက်သည်။
လူသစ်လက်ခံသည့် ကိစ္စမှာ ရိုးရှင်းလှ၏။ သူတို့ ခဏမျှသာဆွေးနွေးလိုက်ရသည်။ မုန့်ထျန်းဟယ်ဘက်က လူလွှတ်လိုက်ရုံပင်။ သို့သော် အကြီးအကဲကျိုးပြောသည့်ကိစ္စနှင့် ပတ်သက်၍မူ...
မုန့်ထျန်းဟယ်လည်း အသံတိုးလိုက်ပြီး သူယူလာသော လက်ပ်တော့ကို ဖွင့်လိုက်သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက အနောက်မြောက်ဒေသဘက်မှာ ငလျင်တစ်ခုလှုပ်သွားတယ်။ သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမှုလုပ်နေတဲ့ သုတေသီတွေက အရမ်းထူးဆန်းတဲ့အရာတစ်ခုကို ရှာတွေ့ခဲ့ကြတယ်တဲ့"
"ဘာကြီးလဲ"
"သတ္တုမှုန်တွေရောနေတဲ့ မီးတောင်ပြာမှုန်တွေပဲ။ ငါတို့ စစ်ဆေးကြည့်လိုက်တော့ ဒီသတ္တုမှုန်တွေက ကမ္ဘာပေါ်က ဘာနဲ့မှတူမနေဘူး။ ပြီးတော့ ဒီမီးတောင်ပြာမှုန်တွေက ကီလိုမီတာနှစ်ထောင်ကျော်ဝေးတဲ့ ရုရှားရေခဲမြစ်ရဲ့ အနက်ပိုင်းကနေ လွင့်လာတာ"
"ထပ်စုံစမ်းကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သောင်းကျော်က အဲ့ဒီနေရာမှာ ဥက္ကာခဲဝင်တိုက်မိသလိုမျိုး ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ဥက္ကာခဲအပိုင်းအစတွေကို ရှာမတွေ့ခဲ့ဘဲ ကမ္ဘာ့မြေလွှာအောက်ဘက်က အနက်ပိုင်းတစ်နေရာမှာ အရမ်းထူးခြားတဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ်"
"ဘာပစ္စည်းလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"အာကာသယာဉ်တစ်စင်းလေ"
"ဪ"
ကျန်းမုန့်လောင်၏ မျက်နှာထားမှာ ရုတ်တရက်ဆိုသလို တည်ကြည်လေးနက်သွားသည်။
"ဒီတော့ တခြားဂြိုဟ်က လူယုတ်မာလေးတွေက ကျွန်တော့်နောက်ဖေးခြံဝင်းထဲကို ခိုးဝင်လာကြတယ်ပေါ့လေ"