← Chapters

လူမှုလေ့ကျင့်ရေးသင်တန်းစာရင်းသွင်းမှုစတင်ခြင်း

Vol. 49 Ch. 734

လူမှုလေ့ကျင့်ရေးသင်တန်းစာရင်းသွင်းမှုစတင်ခြင်း

Vol. 49 Ch. 734

"ခင်ဗျားတို့မိသားစုရဲ့ နောက်ဖေးခြံဝင်းတဲ့လား"

မုန့်ထျန်းဟယ်ခမျာ မျက်ခုံးလှုပ်သွားရသည်။ ကမ္ဘာကြီးကို လူသားအားလုံး ပိုင်ဆိုင်သည် မဟုတ်ပါလော။

အဲဒါက ဘယ်တုန်းကများ မင်းတို့မိသားစုရဲ့ နောက်ဖေးခြံဝင်း ဖြစ်သွားတာလဲ...

သို့သော် ထပ်စဉ်းစားကြည့်ပြန်လျှင်လည်း ကျန်းမုန့်လောင်က မယုံနိုင်လောက်အောင် ချမ်းသာသည့်အပြင် ရူပဗေဒပညာရပ်တွင်လည်း ပြိုင်ဘက်ကင်းသည်။ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသည့် အမွေအနှစ်များနှင့်သာဆိုလျှင် သူတို့သာ ဧကရာဇ်လုပ်ချင်ပါက ယခုအချိန်တွင် တစ်ကမ္ဘာလုံးကို ကျန်းမိသားစုအမည်အောက်တွင် သိမ်းပိုက်ထားပြီးလောက်ပြီဖြစ်၏။

ဤအတိုင်းသာဆိုလျှင် ကျန်းမုန့်လောင်၏စကားကလည်း မမှားပါချေ။ သို့သော် အခြားလူများက ပြန်ပက်မည်ကို မစိုးရိမ်ဘူးလား။

မုန့်ထျန်းဟယ်က ထိုနေရာတွင် အံ့ဩမှင်တက်လျက် ရပ်နေချိန်တွင် ကျန်းမုန့်လောင်ကမူ ထိုကိစ္စကို သေချာစဉ်းစားနေပေသည်။

ကျယ်ပြောလှသော စကြဝဋ္ဌာကြီးထဲတွင် မျိုးနွယ်စုနှစ်ခု တွေ့ဆုံကြခြင်းမှာ အလွန်ရှားပါးလှသော ဖြစ်ရပ်တစ်ခုပင်။ ကမ္ဘာမြေက မျိုးနွယ်စုနှစ်ခုနှင့် တွေ့ဆုံမိရန်မှာ ဖြစ်နိုင်ခြေပိုနည်းပါးလှသည်။

"အဲဒီကိစ္စနဲ့များ ပတ်သက်နေမလား"

ကျန်းမုန့်လောင်လည်း ပါမောက္ခလျိုသုန်းရှန်း ရှာဖွေတွေ့ရှိထားသည့် ဂြိုလ်သားမျိုးနွယ်စုထံမှ သတင်းစကားအကြောင်း မတွေးမိဘဲ မနေနိုင်ချေ။

"ခေါင်းဆောင်မုန့်.. အသေးစိတ်ရှင်းပြပါဦး"

"အင်း"

မုန့်ထျန်းဟယ် ခေါင်းညိတ်ပြလိုက်သည်။

"တကယ်တော့ ဒီအာကာသယာဉ်အကြောင်းကို နိုင်ငံတကာကသိနေတာ ကြာပါပြီ။ စစ်တိုက်ရတာကို ဝါသနာပါတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဟောင်းတွေက အရင်ဆုံးရှာတွေ့ခဲ့တာ။ အစတုန်းက သူတို့က သိပ္ပံသုတေသနအဖွဲ့တစ်ခုကို စေလွှတ်ခဲ့ပေမဲ့ လူအယောက်တစ်ရာကျော်ပါတဲ့ အဲဒီအဖွဲ့က အထဲကိုဝင်သွားတဲ့နေ့မှာတင် ပျောက်ဆုံးသွားပြီး လုံးဝပြန်ထွက်မလာတော့ဘူး"

"အဲဒီလိုဖြစ်သွားတာလား"

"ဟုတ်တယ်။ သူတို့ရဲ့အသက်ဓာတ်လက္ခဏာတွေအားလုံး ပျောက်သွားတာ။ အဲဒီအာကာသယာဉ်ထဲမှာ ကျူးကျော်သူတွေကို တိုက်ခိုက်ဖို့ ကိုယ်ပိုင်ခုခံရေးစနစ်တစ်ခုရှိနေတယ်လို့ သူတို့ကတော့ သံသယရှိနေကြတယ်"

"စိတ်စွမ်းအားရှင်တွေကို မလွှတ်ကြည့်ဘူးလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"လွှတ်တာပေါ့"

မုန့်ထျန်းဟယ်က ပြန်ဖြေသည်။

"သူတို့ အဖွဲ့ငယ်လေးတစ်ခု စေလွှတ်ခဲ့တယ်။ ဘေးကင်းအောင်လို့ အဆင့်တစ်စိတ်စွမ်းအားရှင်တွေအများကြီးကိုတောင် ထည့်ပေးလိုက်သေးတယ်။ နောက်ဆုံးကျတော့ တစ်ယောက်ပဲ ပြန်ရောက်လာတယ်။ သူကလည်း လက်နှစ်ဖက်စလုံးဆုံးရှုံးပြီး ရင်ဘတ်တစ်ခြမ်းလုံး ကြေမွသွားတယ်။ ဒါပေမဲ့ သူက အချက်အလက်တချို့ကိုတော့ ယူလာနိုင်ခဲ့တယ်"

"အဲဒါက ဘာလဲ"

"အရမ်းအစွမ်းထက်တဲ့ စက်ရုပ်ပဲ"

မုန့်ထျန်းဟယ်က ဆိုသည်။

"သူယူလာတဲ့ ဓာတ်ပုံတွေအရတော့ အဲဒီကောင်ရဲ့အရှိန်၊ ခွန်အားနဲ့ လှုပ်ရှားမှုတွေက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး နည်းပညာမြင့်လက်နက်မျိုးစုံ တပ်ဆင်ထားတာကိုလည်း တွေ့ရတယ်။ ရုရှားစိတ်စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုက အဲဒီစက်ရုပ်ပေါ်မှာ မီးပွားတွေထွက်ရုံလောက်ပဲ လုပ်နိုင်ခဲ့တယ်"

"အဲဒီလောက်တောင် အစွမ်းထက်တာလား"

အဆင့်တစ်စိတ်စွမ်းအားရှင်ဆိုသည်မှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားရှိသည်ဟု သတ်မှတ်ခံထားရသည်။ ကမ္ဘာပေါ်ရှိ သာမန်သတ္တုများက သူတို့၏အစွမ်းကို မခံနိုင်ကြပေ။ တိုက်တေနီယမ်သတ္တုစပ်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် ချိုင့်ဝင်သွားအောင် လုပ်နိုင်ကြသည်။

"သူတို့က အသက်နဲ့ရင်းပြီး သတ္တုစလေးတစ်ခုကို ယူလာနိုင်ခဲ့တယ်။ ဒီသတ္တုရဲ့ကြံ့ခိုင်မှုက တိုက်တေနီယမ်ထက် သုံးဆမက ပိုခိုင်မာပြီး အရည်ပျော်မှတ်ကလည်း အရမ်းမြင့်တယ်။ ကျွန်တော်တို့ရဲ့ လက်ရှိနည်းပညာနဲ့ မထုတ်လုပ်နိုင်သေးတဲ့ အရာမျိုးပေါ့"

မုန့်ထျန်းဟယ်က ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။ ထိုဗီဒီယိုမှာ အလွန်တုန်ခါနေသော်လည်း ကျန်းမုန့်လောင်ကတော့ အထဲရှိ အကြောင်းအရာများကို မြင်နေရသည်။

ထိုစက်ရုပ်မှာ အရှည်နှစ်မီတာခန့်ရှိပြီး ခန္ဓာကိုယ်သွယ်လျသည်။ သိပ်မကြီးသော ဦးခေါင်းကို ချန်ထားလျှင် သိပ္ပံရုပ်ရှင်များထဲရှိ "ဂြိုဟ်သား"များနှင့် ဆင်တူပြီး ကိုယ်ပေါ်တွင်လည်း လက်နက်များဖြင့် ပြည့်နှက်နေသည်။ အဆင့်တစ်စိတ်စွမ်းအားရှင်ဆယ်ယောက်၏ တိုက်ခိုက်မှုကို ခံရချိန်မှစ၍ တိုက်ပွဲပြီးဆုံးသည်အထိ စက္ကန့်သုံးဆယ်ပင် မကြာလိုက်ပေ။

"အမလေး... သူတို့က ကြယ်တာရာသွားလာရေးနည်းပညာကို ကျွမ်းကျင်ထားတာ မဆန်းပါဘူး။ တကယ်ထူးခြားတာပဲ"

ကျန်းမုန့်လောင်က ရေရွတ်လိုက်သည်။

"ဒါဆို ဒီတစ်ခါ ကျွန်တော့်ဆီက ဘာအကူအညီလိုချင်တာလဲ"

"ဒီမစ်ရှင်က အရမ်းအရေးကြီးတယ်"

မုန့်ထျန်းဟယ်က ပြောသည်။

"ဂြိုဟ်သားမျိုးနွယ်စုရဲ့ ပစ္စည်းတစ်ခုက ကျွန်တော်တို့ရဲ့ဂြိုဟ်ပေါ်မှာ ပေါ်လာခဲ့တာဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သောင်းက ဖြစ်ခဲ့တာဆိုပေမဲ့ အဲဒီအချိန်က သတင်းတွေ အပြင်ကိုမပျံ့သွားဘူးလို့လည်း မပြောနိုင်သလို ကျွန်တော်တို့ကမ္ဘာမြေရဲ့ အချက်အလက်တွေ ပေါက်ကြားမသွားဘူးလို့လည်း အာမမခံနိုင်ဘူး။ အဲဒီအာကာသယာဉ်ထဲကနေ အချက်အလက်တွေကို ထပ်ရှာဖို့လိုတယ်"

"ဒါတင်မကသေးဘူး။ အဲဒီယာဉ်ရဲ့စွမ်းအင်စနစ်၊ အသက်ကယ်စနစ်နဲ့ တခြားစက်ပစ္စည်းတွေကလည်း ကျွန်တော်တို့လူသားတွေရဲ့ သုတေသနအတွက် အရမ်းတန်ဖိုးရှိလို့ အထဲကို မဖြစ်မနေဝင်ရမယ်"

"နားလည်ပြီ"

ကျန်းမုန့်လောင်၏ ကျယ်ပြန့်သောဗဟုသုတများအရ ထိုအာကာသယာဉ်ထက် ပိုကောင်းမွန်သော ယာဉ်များစွာအကြောင်း သိထားပြီးဖြစ်သဖြင့် ထိုယာဉ်အကြောင်း စိတ်မဝင်စားသော်ငြား အထဲတွင် စာသားအချက်အလက်များနှင့် ဆက်သွယ်ရေးမှတ်တမ်းများရှိမရှိဆိုသည်ကိုမူ အရေးကြီးလှသည်။

"ဒီတစ်ခါ ကမ္ဘာပေါ်က ထိပ်တန်းအဆင့်တစ်စိတ်စွမ်းအားရှင်အကုန်လုံးကို စုစည်းပြီး အဲဒီယာဉ်ကို စူးစမ်းဖို့ ပြင်ဆင်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိပ်မသေချာသေးလို့ ခင်ဗျားဘက်က ကူညီပေးနိုင်ဖို့ မျှော်လင့်တာပါ"

မုန့်ထျန်းဟယ်က လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်တော်တို့သိထားရသလောက်ဆိုရင် ခင်ဗျားရဲ့ခွန်အားက အနည်းဆုံးတော့ ထျန်းယွမ်အဆင့်အထွတ်အထိပ်ရှိတယ်။ ခင်ဗျားရဲ့အစွမ်းကို ကျွန်တော်တို့လိုအပ်တယ်"

"ကျွန်တော် စဉ်းစားကြည့်လိုက်ပါ့မယ်"

"ကောထန်"

ကျန်းမုန့်လောင်က စိတ်ထဲမှတစ်ဆင့် ထူးရှယ်နတ်ဘုရားကျောင်းတော်၏စနစ်ကို ခေါ်လိုက်သည်။

"မင်း ဒီအကြောင်းသိလား"

[သိပါတယ်။ ကျွန်တော့်ရဲ့အချက်အလက်တွေအရ ဒီအာကာသယာဉ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀၀က ကမ္ဘာမြေပေါ်ကို ဆင်းသက်ခဲ့တာပါ။ ဒါက Bogut-7ZNSအမျိုးအစား ထောက်လှမ်းရေးယာဉ်ဖြစ်ပြီး ဒုတိယအဆင့်မျိုးနွယ်စုက ဖြစ်ဖို့များပါတယ်]

"အဆင့်နှစ်မျိုးနွယ်စု ဟုတ်လား"

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်သည်။

မျိုးနွယ်စုအတန်းအစားများအရ လူသားမျိုးနွယ်စုက အဆင့်တစ်ကိုပင် မရောက်သေးချေ။ အဆင့်တစ်မျိုးနွယ်စုက မိမိဂြိုဟ်၏စွမ်းအင်ကို အပြည့်အဝအသုံးချနိုင်ပြီး အာကာသအတွင်း ခရီးတိုသွားလာနိုင်သူများပင်။

အဆင့်နှစ်မျိုးနွယ်စု၏ စံနှုန်းမှာမူ မိမိတို့၏ ကြယ်စုစနစ်တစ်ခုလုံးကို အသုံးချနိုင်ပြီး အာကာသအတွင်း ခရီးရှည်သွားလာနိုင်ကြသည်။

ဤအဆင့်နှစ်ခုကြားရှိ ကွာဟချက်မှာ နှစ်ပေါင်းသောင်းချီကြာမြင့်သော အချိန်ကာလအထိ ကြာရှည်ပြီး အဆင့်အတန်းအရလည်း သိသိသာသာကြာရှည်သည်။

[ကျောင်းအုပ်ကြီး အခုလေးတင်ကြည့်လိုက်တဲ့ ဗီဒီယိုထဲက အရာက အဆင့်နှစ်မျိုးနွယ်စုကလာတဲ့ ဉာဏ်ရည်တုဖြစ်ပြီး စူးစမ်းလေ့လာရေးအတွက်ပဲ အဓိကသုံးတာပါ။ တိုက်ခိုက်ရေးစက်ရုပ်မဟုတ်ပါဘူး]

"သေစမ်း... စူးစမ်းလေ့လာရေးအာကာသယာဉ်ရဲ့ စက်ရုပ်လေးက နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တစ်စုလုံးကို အပြတ်ရှင်းပစ်လိုက်တာလား"

[ဒါက စူးစမ်းလေ့လာရေးစက်ရုပ်ဆိုပေမဲ့ ကမ္ဘာပေါ်က အခေါ်အဝေါ်အရဆိုရင်တော့ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တွေနဲ့ ဒဏ္ဍာရီလာအဆင့်ရှိတဲ့ သိုင်းပညာရှင်တွေကို ဟင်းသီးဟင်းရွက်လှီးသလို အသာလေးနှိမ်နင်းနိုင်တယ်။ ဘယ်လောက်ပဲလွှတ်လွှတ် အလကားပဲ။ ထျန်းယွမ်အဆင့်၃နဲ့အထက်ရှိတဲ့ သိုင်းပညာရှင်ဆိုရင်တော့ သူ့ကို ဒဏ်ရာကြီးကြီးမားမားရအောင် လုပ်နိုင်လိမ့်မယ်]

"ဒါဆို မင်းပြောချင်တာက ဒီအာကာသယာဉ်ကို သွားစူးစမ်းနေတဲ့ ဒုတိယကမ္ဘာအဖွဲ့ချုပ်က နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တွေက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ သွားနေသလိုပဲပေါ့ ဟုတ်လား"

[အဲဒါက မှန်ကန်တိကျတဲ့ နားလည်မှုပါပဲ]

"ဒီကိစ္စကို ငါ့မိဘတွေရော သိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

[ကျောင်းအုပ်ကြီးရဲ့ဘိုးဘေးတွေက ဒီအကြောင်းကို သိကြပါတယ်။ ဒါပေမဲ့ သူတို့က ဒီလိုအဆင့်နှစ်မျိုးနွယ်စုရဲ့ အာကာသယာဉ်တွေကို စိတ်မဝင်စားကြဘူး။ အများဆုံးရှိလှ သံရည်ကျိုရုံလောက်ပဲ သဘောထားမှာ။ ဒါပေမဲ့ အဲဒီခေတ်က ထုတ်လုပ်မှုစွမ်းအားက အရမ်းနိမ့်တော့ ဒီလောက်ကြီးတဲ့သံရည်ကျိုစက်တွေ မရှိလို့ လျစ်လျူရှုထားခဲ့တာ]

"အထဲမှာ အန္တရာယ်ရှိတဲ့ တခြားအရာတွေ ရှိသေးလား"

[ပုံမှန်လက်နက်တွေတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုစူးစမ်းလေ့လာရေးယာဉ်တွေမှာ ခုခံရေးလက်နက်တချို့တော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ အကုန်ဆွေးမြည့်နေလောက်ပါပြီ။ အများဆုံးမှ ထျန်းယွမ်အဆင့် သိုင်းပညာရှင်တွေကိုပဲ ဒုက္ခပေးနိုင်မှာပါ။ ကျောင်းအုပ်ကြီးအတွက်တော့ ပြဿနာမရှိပါဘူး]

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့"

"အဟမ်း အဟမ်း အဟမ်း"

ကျန်းမုန့်လောင်က ချောင်းဟန့်လိုက်သည်။

"ကူညီပေးဖို့ကတော့ မဖြစ်နိုင်တာမဟုတ်ပါဘူး"

"တကယ်လား"

မုန့်ထျန်းဟယ်က ဝမ်းသာအားရပြောလေသည်။

"ဒီမစ်ရှင်က အရမ်းအန္တရာယ်များလိမ့်မယ်။ ကျွန်တော်တို့အားလုံး ပြန်မလာနိုင်တော့မယ့် အခြေအနေအတွက် ပြင်ဆင်ထားရမယ်။ ခင်ဗျား သေချာစဉ်းစားသင့်တယ်"

"ကျွန်တော် သေချာစဉ်းစားပြီးပါပြီ"

ကျန်းမုန့်လောင်က ဆို၏။

"ဒါပေမဲ့ ကျွန်တော့်လူတချို့ကို ခေါ်လာလို့ရမလား"

"အဲဒါဆိုရင် ပိုကောင်းတာပေါ့"

မုန့်ထျန်းဟယ် အလွန်ဝမ်းသာသွားသည်။ ကျန်းမုန့်လောင်တွင် ထျန်းယွမ်အဆင့်ထက် ပိုမြင့်သော လက်အောက်ငယ်သားများစွာ ရှိကြောင်း ယင်ဝူယီထံမှ ကြားထားသည်။ အကယ်၍ ထိုလူများသာ ပါဝင်လာမည်ဆိုပါက ဤစူးစမ်းလေ့လာရေးခရီးစဉ်၏ အောင်မြင်မှုနှုန်းမှာ သိသိသာသာမြင့်တက်လာပေလိမ့်မည်။

"ဒါဆို ခင်ဗျားတို့ဘက်က ပြင်ဆင်ထားပါ။ နောက်သုံးရက်နေရင် ကျွန်တော်တို့ ထွက်ကြမယ်။ မြောက်ဘက်ကော့ကေးဆပ်တောင်တန်းမှာ ဆုံကြတာပေါ့"

"ကောင်းပါပြီ"

...

မုန့်ထျန်းဟယ်လည်း ကျေနပ်သွားသည်။ ဤမစ်ရှင်က လုံရှားတပ်ဖွဲ့အတွက် အတွေ့အကြုံကောင်းများ ရနိုင်ရုံသာမက အာကာသယာဉ်ကို စူးစမ်းရန်အတွက်လည်း အကူအညီကောင်းများ ရခဲ့ပြီဖြစ်၏။

ကျန်းမုန့်လောင်လည်း ဖုန်းဖွင့်ပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းသားဂရုချက်ထဲသို့ ချက်ချင်းဝင်လိုက်သည်။

"လူမှုလက်တွေ့လေ့ကျင့်မှုသင်တန်းအတွက် စာရင်းပေးသွင်းခြင်းစတင်ပါပြီ။ သတ်မှတ်ချက် : ဒုတိယနှစ်နဲ့အထက်ကျောင်းသားများသာ။ လူဦးရေကန့်သတ်ထားသည်။ ဦးရာလူစနစ်"

All Chapters