← Chapters

မဟုတ်လို့လား

Vol. 49 Ch. 735

မဟုတ်လို့လား

Vol. 49 Ch. 735

"လုံရှားဌာနချုပ်က ဟိမဝန္တာတောင်တန်းတွေကြားမှာ လျှို့ဝှက်တည်ဆောက်ထားတာ။ ဒီလောက်ကောင်းကောင်းလျှို့ဝှက်ထားနိုင်တာ ဘယ်ထူးဆန်းမလဲ"

ကောင်းကင်ယံ၌ လေယာဥ်တစ်စီးက ကျန်းမုန့်လောင်နှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားအယောက်နှစ်ဆယ်ကို တင်ဆောင်လျက် ချောချောမွေ့မွေ့ပျံသန်းလာသည်။

"ကျောင်းအုပ်ကြီး... ကျွန်တော် မိသားစုနဲ့အတူနေတုန်းက လုံရှားဌာနချုပ်က အရမ်းလျှို့ဝှက်ပြီး လုံခြုံတယ်ဆိုတဲ့အကြောင်း အမြဲကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်တိုင်မြင်ခွင့်ရလိမ့်မယ်လို့တော့ တစ်ခါမှမတွေးဖူးဘူး"

"ဒါပေမဲ့ အခုတော့ ဂြိုလ်သားတွေရဲ့အာကာသယာဥ်ဆိုတာကို တွေ့ရဖို့မျှော်လင့်မိတယ်။ အခွင့်အရေးသာရမယ်ဆိုရင် ချက်ချင်းလေ့လာပစ်လိုက်မှာ"

"ဘာ? မင်းက စက်မှုသိပ္ပံဌာနမှာလည်း ဘာသာရပ်တစ်ခု ယူထားသေးတာလား"

"ဟားဟားဟား ဒါတင်ဘယ်ကမလဲ။ ရူပဗေဒဌာနမှာလည်း နတ္ခတ္တဗေဒဘာသာရပ်တွေကို သွားတက်ခဲ့သေးတယ်။ ငယ်ငယ်တုန်းက ငါ့အိပ်မက်က အာသယာဥ်မှူးတစ်ယောက်ဖြစ်ဖို့လေ"

"မင်းအဘိုးသာကြားရင် အရမ်းကျေနပ်နေတော့မှာပဲ။ မင်းပါးစပ်ကိုတောင် နှစ်ချက်လောက် ခပ်နာနာလေးတီးချင်တီးနေဦးမှာ"

"မင်းက ဘယ်လိုလုပ်သိတာလဲ"

"အဓိပ္ပာယ်မရှိတာ။ ငါတို့က ရှေးဟောင်းသိုင်းပညာရပ်ကို ဆက်ခံထားတဲ့ မိသားစုတွေလေ။ တကယ်လို့ မင်းသာ ရှေးဟောင်းသိုင်းပညာရပ်တွေကို ကြိုးကြိုးစားစားမလေ့ကျင့်ဘဲ စကြာဝဠာနဲ့ အာကာသအပြင်ဘက်ကဟာတွေကိုပဲ စွဲလန်းနေမယ်ဆိုရင် မင်းကိုယ်မင်း 'လူသားများကိုအစွဲပြု၍'ဇာတ်လမ်းထဲက စွန်းလျန်ချန်းလို့များ ထင်နေတာလား"

"ဟားဟားဟား.. အသေရယ်ရတယ်။ မင်းတို့တွေ ရူးသွားပြီပဲ။ ငါက အဲ့ဒီစက်ရုပ် ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရုံပါ။ ပြီးခဲ့တဲ့တစ်ခေါက် သိုင်းနတ်ဘုရားနဲ့ ယှဥ်ခဲ့တုန်းကတောင် ငါ့အတွင်းအားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ သုံးလိုက်ရတယ်"

"ငါဆိုရင် ခုနစ်ဆယ်ရာခိုင်နှုန်းပဲ သုံးလိုက်ရတယ်"

"ငါက ၅၀ရာခိုင်နှုန်း"

"မင်းတို့က အဲ့ဒါကို တကယ်ပြိုင်နေကြတာလား"

သိုင်းနတ်ဘုရား : "မင်းတို့ ငါ့ကိုအလျှော့ပေးလိုက်တာပေါ့"

"ကောင်းပြီ။ အားလုံး တိတ်တိတ်နေကြမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျောင်းမှာ ငါတို့ သီအိုရီလေ့ကျင့်ခန်းတွေပဲလုပ်ခဲ့ဖူးတာ။ ဒီနေ့တော့ ပထမဆုံးအကြိမ်အဖြစ် အပြင်လောကရဲ့သင်ခန်းစာတွေနဲ့ ထိတွေ့ရတော့မယ်။ ဒါပေမဲ့ ကျောင်းမှာလောက်တော့ ဘေးကင်းနိုင်မှာမဟုတ်ဘူးဆိုတာ မမေ့ကြနဲ့။ ဘေးကင်းဖို့က အဓိကပဲ။ ဘာလုပ်လုပ် ငါ့ညွှန်ကြားမှုကို လိုက်နာကြ"

"ဟုတ်ကဲ့"

"ကျောင်းအုပ်ကြီး... တကယ်လို့တစ်ယောက်ယောက်က စကားနားမထောင်ခဲ့ရင် ကျူပ် ကိုယ်စားဆုံးမပေးမယ်"

"အိုး... ဟုတ်သားပဲ။ ဒီတစ်ခေါက် ငါတို့ သူငယ်ချင်းအသစ်တွေလည်း ရှိမှာနော်"

ကျန်းမုန့်လောင်က ထပ်ပြောလိုက်သည်။

"အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာ သိကြတယ်မလား"

"မစိုးရိမ်ပါနဲ့ ကျောင်းအုပ်ကြီး... ကျွန်တော်တို့ နိုင်ငံနှစ်နိုင်ငံကြားက ဆက်ဆံရေးကို ထည့်စဉ်းစားပေးမှာပါ"

"ဟုတ်တယ်။ ကျွန်မတို့ အေးအေးဆေးဆေးပဲ နေပါ့မယ်။ တတ်နိုင်သလောက် ဘယ်သူ့ကိုမှ မသတ်မိအောင်ကြိုးစားပါ့မယ်"

"အလွန်ဆုံးရှိလှ သူတို့အမေတွေ မမှတ်မိလောက်တဲ့အထိ ရိုက်နှက်ရုံလောက်ပါပဲ"

"အလွန်ဆုံးရှိလှ သူတို့ဘောင်းဘီတွေကိုချွတ်ပြီး မိုးမန့်မှာ ပို့စ်တင်ရုံပါပဲ"

"ဒါတော့ မင်းတို့များသွားပြီ"

...

"ကျောင်းအုပ်ကြီး ​အရှေ့မှာ ရဟတ်ယာဥ်တစ်စီး ပေါ်လာပါတယ်"

လေယာဥ်မောင်းနေသော ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားက လှမ်းပြောလေသည်။

"လုံရှားတပ်ဖွဲ့က လွှတ်လိုက်တာဖြစ်မယ်"

ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။

"အနောက်ကလိုက်။ အဲဒီလေယာဉ်က ငါတို့ကို လုံရှားဌာနချုပ်ကို ခေါ်သွားလိမ့်မယ်"

"ဟုတ်"

"ဆွဲငင်အားမဲ့အင်ဂျင်ကို ပြောင်းလိုက်"

လုံရှားတပ်ဖွဲ့၏တည်နေရာက နိမ့်စောင်းနေသော တောင်ကြားချိုင့်ဝှမ်းထဲတွင် ဖြစ်သဖြင့် သာမန်လေယာဥ်များဆင်းသက်ရန် မဖြစ်နိုင်ပေ။ ထိန်းချုပ်နိုင်စွမ်းကောင်းမွန်သော ရဟတ်ယာဥ်များသာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပေလိမ့်မည်။

ထို့ပြင် အနီးပတ်ဝန်းကျင်ရှိ နှင်းတောင်တန်းများတွင်လည်း လေဆာလက်နက်ငယ်အပြည့် တပ်ဆင်ထားသည်။ ခွင့်ပြုချက်မရှိဘဲ ချဥ်းကပ်လာသောအရာမှန်သမျှ တစ်မုဟုတ်ချင်း ဖျက်ဆီးခံရမည်သာ။

လုံရှားဌာနချုပ်က နှင်းတောင်တန်းထဲတွင် တည်ရှိသည်။ ကျန်းမုန့်လောင်၏ ဧရာမဆေးဖက်ဝင်စိုက်ခင်းများလိုပင်။ ယခုလိုနေရာမျိုးကို ဖန်တီးနိုင်ရန်အတွက် စိတ်စွမ်းအားရှင်အသင်းက လူအင်အားနှင့် အရင်းအမြစ် ဘယ်လောက်များများသုံး၍ အပင်ပန်းခံပြီး တည်ဆောက်ထားသလဲဆိုသည်ကို မသိနိုင်ပေ။

အထဲတွင်မူ သုတေသနဓာတ်ခွဲခန်းများ၊ လုံရှားအဖွဲ့ဝင်များ နေထိုင်ရာနေရာများ၊ လေ့ကျင့်ရေးကွင်းပြင်များအပြင် ကေတီဗီနှင့် ဘားများပါ အစုံအလင်ရှိပြီး စစ်တပ်နှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများကိုပါ ပေါင်းစပ်ထားပေသည်။

လုံရှားတပ်ဖွဲ့၏ အတွင်းပိုင်းအုပ်ချုပ်ရေးက လျော့တိလျော့ရဲနိုင်သည်ဟု ဆိုကြသည်။ အကြောင်းမှာ လုံရှားအဖွဲ့ဝင်အားလုံးက စိတ်စွမ်းအားရှင်များ ဖြစ်သော်လည်း သူတို့၏ကိုယ်ရည်ကိုယ်သွေးများကို မထုတ်ဖော်ခင်က သူတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများမှာ ကျောင်းဆရာများ၊ ကျောင်းသားများ၊ သားသတ်သမားများ၊ မော်ဒယ်များ၊ ပရိုဂရမ်မာများအပြင် အပြာစာပေတည်းဖြတ်သူများ စသဖြင့် ဆန်းပြားစုံလင်လှသည်။

နယ်ပယ်အစုံမှ လူအများအပြားရှိ၏။ ထိုအရာများကို စစ်တပ်စည်းကမ်းဖြင့် ပုံသွင်းရန် မလွယ်လှချေ။

ထို့ကြောင့် လုံရှားတပ်ဖွဲ့တွင် တိုင်းပြည်နှင့် လူမျိုးအပေါ် အပြည့်အဝသစ္စာစောင့်သိရမည်ဟူသည့် အမိန့်တစ်ခုတည်းသာ ရှိပေသည်။ထို့ကြောင့် တာဝန်ပြီးမြောက်သွားချိန်တွင် သူတို့၏စွမ်းရည်များကို လူရှေ့သူရှေ့ထုတ်ဖော်ပြသခြင်းနှင့် အသိုင်းအဝိုင်းကို ထိခိုက်စေသော လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်းကလွဲ၍ မည်သည့်အရာမဆို လုပ်နိုင်ပေသည်။

"ကျောင်းအုပ်ကြီး... ဌာနချုပ်မှာ စုစုပေါင်းလူဦးရေ ၅၇၂၂၁ယောက်ရှိပါတယ်။ သုံးပုံတစ်ပုံက စိတ်စွမ်းအားရှင်တွေပါ။ ကျန်တဲ့လူတွေကတော့ ထောက်ပံ့ရေးဝန်ထမ်းတွေလို့ သိရပါတယ်။ ပြီးတော့ ဒဏ္ဌာရီလာအဆင့်နဲ့အထက်ရှိတဲ့လူ ၃၇၂၉ယောက်ရှိပြီး ဒဏ္ဍာရီလာအဆင့်ကိုးရှိတဲ့လူကတော့ ၁၈ယောက်ရှိပါတယ်"

ကောထန်က ပတ်ဝန်းကျင်ကို စစ်ဆေးလျက် အခြေစိုက်စခန်း၏ အခြေအနေကို ကျန်းမုန့်လောင်အား အကြမ်းဖျင်းတင်ပြလေသည်။ လူဦးရေတစ်ဘီလီယံကျော်ရှိသော နိုင်ငံတစ်နိုင်ငံတွင် စိတ်စွမ်းအားရှင်သောင်းဂဏန်းမျှသာ ထွက်ပေါ်လာနိုင်ပေသည်။ ဤသည်မှာ အလွန်နည်းပါးလှသော ပမာဏပင်။ ဒဏ္ဍာရီလာအဆင့်ကိုးရှိသော ထိုလူ၁၈ယောက်နှင့်ပက်သတ်၍ လုံရှားတပ်ဖွဲ့က မကြာသေးခင်က သိသိသာသာတိုးတက်ခဲ့သည်ဟု ကောက်ချက်ချနိုင်ပေသည်။

လေယာဥ်က အခြေစိုက်စခန်း၏နယ်နိမိတ်အစွန်တွင် ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။ မုန့်ထျန်းဟယ်က လူတစ်စုနှင့်အတူ စောင့်နေချေသည်။

"မင်္ဂလာနံနက်ခင်းပါ ခေါင်းဆောင်မုန့်"

"မင်္ဂလာနံနက်ခင်းပါ ဆရာကျန်း... ကြိုဆိုပါတယ်..."

မုန့်ထျန်းဟယ်က နှုတ်ဆက်စကားများကို ကြိုပြင်ထားသော်လည်း ကျန်းမုန့်လောင် လေယာဥ်ပေါ်က ဆင်းလာချိန်တွင်မူ ပြောစရာစကားများ ပျောက်ဆုံးသွားပေသည်။

လုံရှားတပ်ဖွဲ့ဝင်များက ဒေါ်လာသိန်းဂဏန်းခန့်တန်ဖိုးရှိသော အဆင့်မြင့်နည်းပညာတိုက်ခိုက်ရေးဝတ်စုံများကို အပြည့်အစုံဆင်မြန်းထားကြပေသည်။

တစ်ဖက်တွင်မူ ကျန်းမုန့်လောင်က ပန်းပွင့်ရိုက်ရှပ်အင်္ကျီ၊ ပန်းပွင့်ရိုက်ဘောင်းဘီတို၊ ကွင်းထိုးဖိနပ်နှင့် နေကာမျက်မှန်ဖြင့် ပျော်ပွဲစားထွက်လာသည့်အလားပင်။

ကျန်းမုန့်လောင်သာမက သူ့အနောက်ရှိ လူငယ်များကလည်း ပုံမှန်အတိုင်းပင် ဝတ်ဆင်လာကြသည်။ ဟူဒီများ၊ ရှပ်အင်္ကျီများ၊ ဂျင်းဘောင်းဘီနှင့် အားကစားဖိနပ်၊ သားရေဖိနပ်၊ ကင်းဗတ်ဖိနပ်တို့ကို ဝတ်စားထားကြသည်။

"ခေါင်းဆောင်ပြောပြောနေတဲ့ ကျန်းမုန့်လောင်ဆိုတာ သူဟုတ်ပါတယ်နော်"

မုန့်ထျန်းဟယ်၏ဘေးနားရှိ လူတချို့က ကျန်းမုန့်လောင်ကို မမြင်ဖူးပေ။ ထို့ပြင် တစ်ဖက်လူ၏ ထသွားထလာဝတ်စုံက သူ့တာဝန်နှင့် ကိုက်ညီပါ့မလားဟု သံသယဝင်မိစေသည်။

"အပေါ်ယံကြည့်ပြီး မဝေဖန်နဲ့"

မုန့်ထျန်းဟယ်က ပြောလိုက်သည်။

"သူ့ခွန်အားက အနည်းဆုံး ထျန်းယွမ်အဆင့်ငါးအထက်ရှိတယ်။ သူ့ကို သာမန်လူတစ်ယောက်နဲ့ သွားယှဉ်တာက ရူးမိုက်တဲ့လုပ်ရပ်တစ်ခုပဲ"

မုန့်ထျန်းဟယ်က ကျန်းမုန့်လောင်တိုက်ခိုက်သည်ကို မမြင်ဖူးပေ။ သို့သော် သူသည် အမေရိက၏ စွမ်းအားရှင်မဟာမိတ်ဌာနချုပ်ကို လက်တစ်ဖက်တည်းနှင့် ဖျက်ဆီးခဲ့သည်ဟု ကြားဖူးသည်။

ထို့ပြင် နောက်ဆုံးတစ်ခေါက် အဂ္ဂိရတ်ပညာကို လေ့ကျင့်ခဲ့စဥ်က သူပြသခဲ့သော မီးတောက်လေးတစ်စက စိတ်စွမ်းအားရှင်တစ်စုလုံးကို အသာလေးလောင်မြိုက်စေခဲ့သည်။

"တခြားလူတွေကရော"

"ခေါင်းဆောင် အဲ့ဒီလူတွေက ကျန်းမုန့်လောင်နဲ့အတူ ခေါ်လာမယ်လို့ပြောထားတဲ့ လူတွေဟုတ်ရဲ့လား"

"သူတို့တွေက ကလေးတွေပဲရှိသေးတယ်မဟုတ်လား"

"သူတို့ရဲ့ဝတ်စုံကိုကြည့်ရသလောက်တော့ ရှေးဟောင်းသိုင်းပညာမျိုးနွယ်ဝင်တွေပဲ။ ရှေးဟောင်းသိုင်းပညာကို ကျင့်ကြံမယ်ဆိုရင် အသက်ခုနစ်ဆယ်ရှစ်ဆယ်မှာ ဒဏ္ဍာရီလာအဆင့်ကို ရောက်နိုင်ရင်တောင် တော်တော်အထင်ကြီးချင်စရာကောင်းနေပြီ။ အသက်နှစ်ဆယ်ကျော်ကလေးတွေဆိုရင် အလွန်ဆုံးမှ အဆင့်သုံး အဆင့်လေးလောက်ပဲ ရှိနိုင်မှာမဟုတ်ဘူးလား"

"ဒါက လုံးဝအဓိပ္ပာယ်မရှိတာ။ သူတို့ကို ဘာလို့ခေါ်လာတာလဲ။ သေချင်လို့လား"

"ခေါင်းဆောင်... ကျွန်တော်တို့ရဲ့အကြီးအကဲတွေ ကျန်းမုန့်လောင်ဆီက အကူအညီတောင်းလိုက်တာ မှားသွားပြီထင်တယ်နော်"

"ငါမေးကြည့်ပါဦးမယ်"

မုန့်ထျန်းဟယ်လည်း နားမလည်နိုင်ချေ။

ကျန်းမုန့်လောင်က သူ့လက်ထောက်အချို့ကို ခေါ်လာလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ရှေးဟောင်းသိုင်းပညာမျိုးဆက်မှ ကလေးတစ်သိုက်ကို ခေါ်လာပြီး အာကာသယာဥ်ကို စူးစမ်းရှာဖွေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

ဒဏ္ဍာရီလာအဆင့်ရှိသော သူတို့ စိတ်စွမ်းအားရှင်များပင် အသက်ရှင်လျက် ပြန်လာနိုင်ရန် မသေချာသည့်ကိစ္စကို ယခုလိုဝန်ထုပ်ဝန်ပိုးများ ပါလာလျှင် မည်သို့လုပ်ရမည်နည်း။ ဤသည်မှာ ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုပင် မဟုတ်လော။

"ခေါင်းဆောင်မုန့် တစ်ခုခုဖြစ်လို့လား။ ဘာလို့စကားတစ်ခွန်းမှ မပြောတာလဲ။ ကျုပ်ရောက်လာတာ ဝမ်းမသာဘူးလား"

"ကျွန်တော်... မရည်ရွယ်ပါဘူးဗျာ။ ခင်ဗျားခေါ်လာတဲ့လူတွေက.... ကျွန်တော်တို့ ထင်ထားသလိုမဟုတ်လို့ပါ"

"သြော်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျုပ်ရဲ့ကျောင်းက ကျောင်းသားတွေလေ။ အကုန်လုံး ဒုတိယနှစ်တွေပေါ့။ ကျောင်းမှာ သီအိုရီပိုင်းဆိုင်ရာ ပညာတွေပဲ လေ့လာထားတာဆိုတော့ လက်တွေ့အတွေ့အကြုံမရှိသေးလို့လေ။ ဒီလိုအခွင့်ရေးမျိုးရဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် သူတို့ကိုအမြင်ကျယ်အောင် ခေါ်လာခဲ့တာ”

"ဒါက ဟာသလုပ်စရာမဟုတ်ဘူးနော် မစ္စတာကျန်း"

မုန့်ထျန်းဟယ်က ခပ်တင်းတင်းပြောလိုက်သည်။

"သူတို့က ကိုယ့်ကိုယ်ကိုယ်တောင် သေချာကာကွယ်နိုင်သေးတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့ကို လိုက်စောင့်ရှောက်ပေးဖို့လည်း အချိန်မရှိဘူး။ လက်‌တွေ့ကွင်းဆင်းလို့ရတဲ့ နည်းလမ်းတွေအများကြီးပါ။ သူတို့ကို ခေါ်လာစရာမလိုပါဘူး"

မုန့်ထျန်းဟယ်က အလေးအနက်ဆိုလာလေ၏။

"မစ္စတာကျန်း.. ဒါက စွန့်စားခန်းတစ်ခုပဲ။ ကျွန်တော်တို့တောင် အဲဒီမှာ သေဆုံးနိုင်ခြေရှိတယ်။ ဒါကို ဂိမ်းတစ်ခုလို့ ထင်နေတာလား"

"မဟုတ်လို့လား"

All Chapters