← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 23 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 23 Ch. 459-460

အပိုင်း (၄၅၉) အခက်ခဲဆုံး အချိန်ကာလ

အပြန်လမ်းခရီး၌ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်လာပြန်သည်။

ယခုတစ်ကြိမ် ငလျင်မှာ ပြင်းအား ၇ အဆင့်၊ ၈ အဆင့်ခန့် ရှိပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြင့် ဟိုဟိုသည်သည် ပြေးလွှားပုန်းအောင်းနေကြပြီး အော်ဟစ်သံများလည်း ဆူညံသွားလေသည်။

လော်ယွမ်သည် ခြေထောက်ကို မြေကြီးထဲတွင် အမြစ်တွယ်ထားသကဲ့သို့ မြဲမြံစွာ ရပ်တန့်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ တုပ်တုပ်မျှ မလှုပ်ပေ။ ခေါင်းပေါ်မှ ကျဆင်းလာသော ကျောက်မှုန့်များနှင့် အဆက်မပြတ် ကွဲအက်လာသော နံရံများကိုကြည့်ရင်း သူ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေသည်။

ကမ္ဘာပျက်မတတ် ပြင်းထန်သော ဆန့်ကျင်ဘက်ဒြပ်သားဗုံး ပေါက်ကွဲပြီးနောက် လကမ္ဘာ၏ ပတ်လမ်းကြောင်း ဝေးကွာသွားမှုကြောင့် ကမ္ဘာမြေ၏ မြေလွှာချပ်များသည် မတည်မငြိမ်ဖြစ်ကာ လှုပ်ရှားလာခဲ့သည်။

မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားပြီး ငလျင်လှုပ်ခြင်းမှာ ထမင်းစားရေသောက်ကိစ္စပမာ ဖြစ်လာခဲ့သည်။ နေ့စဉ်နှင့်အမျှ ငလျင်အငယ်စားများ လှုပ်ခတ်နေပြီး ပြင်းအား ၅ အဆင့်၊ ၆ အဆင့်ရှိသော ငလျင်များလည်း လှုပ်ခတ်လေ့ရှိသည်။ သို့သော် ယခုကဲ့သို့ ပြင်းထန်သော ငလျင်ကြီးမှာ ကပ်ဘေးဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မြေအောက်မြို့၏ အလွှာတစ်ခုနှင့်တစ်ခု ကြားခံနယ်မှာ အလွန်ထူထဲပြီး ၂၅ ပေခန့် အထူရှိသဖြင့် ငလျင်ဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည်။ သို့သော် မကြာခဏ လှုပ်ခတ်နေသော ငလျင်ဒဏ်ကြောင့် အဆောက်အအုံဖွဲ့စည်းပုံမှာ အနည်းငယ် ကျိုးပဲ့ပျက်စီးနေပြီဖြစ်သည်။ အလွှာတစ်ခုနှင့်တစ်ခုကြားတွင် အက်ကြောင်းများကို နေရာအနှံ့ တွေ့မြင်နေရသည်။

ငလျင်စတင်လှုပ်ခတ်ပြီး စက္ကန့် ၂၀ အကြာတွင် ပြိုကျမှု စတင်လာတော့သည်။ နေရာတစ်ခုမှ "ဝုန်း" ခနဲ မြည်သံနက်ကြီးတစ်ခုနှင့်အတူ မြေအောက်မြို့၏ အစိတ်အပိုင်းတစ်ခု ပြိုကျသွားလေသည်။

ကံဆိုးမိုးမှောင်ကျသည့်ကြားမှ ကံကောင်းသည်ဟု ဆိုရမည်။ ငလျင်မှာ လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ ပြိုကျသံတစ်ခုမှလွဲ၍ အခြားကြီးမားသော ပျက်စီးမှုများ ထပ်မံဖြစ်ပွားခြင်း မရှိတော့ပေ။

လော်ယွမ် မျက်နှာပျက်သွားသည်။ အချိန်ဆွဲမနေတော့ဘဲ မြို့တော်ဝန်ရုံးသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စီစဉ်တော့သည်။

ပြိုကျမှုသည် ပဉ္စမထပ်နှင့် ဆဋ္ဌမထပ် ကြားရှိ ကြားခံအလွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စတုရန်းပေ သန်းချီ ကျယ်ဝန်းသော ကျောက်လွှာပြင်ကြီးတစ်ခုလုံး ပြိုကျလာခဲ့ခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အောက်ဘက်အလွှာမှာ ခိုင်ခံ့မှုရှိသဖြင့် ပြိုကျလာသော ကျောက်လွှာပြင်ကြောင့် ပိမသွားဘဲ ဆင့်ကဲပြိုကျမှု ဖြစ်စဉ်ကို တားဆီးနိုင်ခဲ့သည်။

မျှော်လင့်ချက်မြို့တော် မြေအောက်မြို့၏ ဖွဲ့စည်းပုံအရ ပထမထပ်မှ ပဉ္စမထပ်အထိသည် ပစ္စည်းသိုလှောင်ရုံများ ဖြစ်သည်။

ဆဋ္ဌမထပ်မှ ဒသမထပ်အထိသည် လူနေရပ်ကွက်များနှင့် ညစ်ညမ်းမှုနည်းသော စက်မှုဇုန်များ ဖြစ်ကြပြီး ၁၁ ထပ်မှ ၁၃ ထပ်အထိသည် စိုက်ပျိုးရေးဇုန်များ ဖြစ်ကြသည်။

ယခု ငလျင်ပြိုကျမှုကြောင့် ရပ်နားထားသော စက်ရုံနှစ်ရုံ အပျက်အစီးများအောက် ရောက်သွားသည်မှလွဲ၍ အနီးအနားရှိ လူနေရပ်ကွက်ကြီးတစ်ခုလည်း မမျှော်လင့်ဘဲ ကပ်ဘေးသင့်ခဲ့ရသည်။

ထိုအချိန်၌ လူအများစုကို လုပ်အားပေးရန် စည်းရုံးခေါ်ယူထားပြီး ဖြစ်သဖြင့် ကံကောင်းသွားသည်။ အချို့မှာ ဂိုဒေါင်ပိုင်းတွင် အလုပ်လုပ်နေကြပြီး အချို့မှာ စက်ရုံများထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အိမ်တွင် ကျန်ရစ်သူများမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ဖြစ်ပြီး အရေအတွက် နည်းပါးသည်။ သို့သော် ထိခိုက်ပျက်စီးသွားသော ဧရိယာမှာ အလွန်ကျယ်ဝန်းသဖြင့် အကြမ်းဖျင်း စာရင်းကောက်ယူချက်အရ သေဆုံးသူဦးရေမှာ တစ်ထောင်နီးပါး ရှိခဲ့သည်။ ၂၅ ပေခန့် ထူထဲသော ကျောက်လွှာပြင်ကြီး ပိမိမှတော့ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်ရန် ခဲယဉ်းလှသည်။

ကံဆိုးမသွားရာ မိုးကလိုက်လို့ရွာ ဆိုသကဲ့သို့ ဆက်တိုက်ကြားနေရသော သတင်းဆိုးများကြောင့် လော်ယွမ်ခမျာ ဗျာများနေရတော့သည်။ မူလက ညနေပိုင်းတွင် ချန်ကျားယီကို သွားကြည့်ရန် စိတ်ကူးထားသော်လည်း ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်။

ပြည်သူအများအပြားကို အရေးပေါ် စုစည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်စေသည်။ သို့သော် ကယ်ဆယ်ရေးသည် ဒုတိယဦးစားပေးသာ ဖြစ်သည်။ အရေးအကြီးဆုံးမှာ နောက်ထပ် ပြိုကျမှုများ မဖြစ်ပေါ်စေရန် မြေအောက်အလွှာ ဖွဲ့စည်းပုံကို အမြန်ဆုံး ပြုပြင်မွမ်းမံရန်ပင် ဖြစ်သည်။

မကြာမီကာလတွင် မျှော်လင့်ချက်မြို့တော်ရှိ လူသားအားလုံး ယာဉ်ပျံပေါ်သို့ ပြောင်းရွှေ့ရမည် ဖြစ်သော်လည်း ချက်ချင်း ပြောင်းရွှေ့နိုင်မည် မဟုတ်ပေ။ အနည်းဆုံးတော့ ဒီမှာရှိနေသည့် ကာလအတွင်း မြေအောက်မြို့ ခိုင်ခံ့နေစေရန် အာမခံချက် ရှိရမည်ဖြစ်သည်။

လက်ရှိ ကမ္ဘာ့မြေလွှာချပ်များ၏ လှုပ်ရှားမှု အခြေအနေအရ ဤငလျင်သည် နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည် မဟုတ်ပေ။

နေ့ခင်းပိုင်း တစ်ချိန်လုံး လော်ယွမ်သည် ဘူမိဗေဒပညာရှင် အချို့နှင့်အတူ ဟိုဟိုသည်သည် သွားလာကာ ကျောက်လွှာပြင်များ၏ အားနည်းသော နေရာများကို လိုက်လံစစ်ဆေးနေခဲ့သည်။

လော်ယွမ်သည် သူ၏ 'မြေလှိုင်း' အစွမ်းကို အသုံးပြု၍ မြေပြင်၏ ကြိမ်နှုန်းကွဲပြားမှုမှတစ်ဆင့် ရှိလာနိုင်သော အန္တရာယ်များကို အာရုံခံ စစ်ဆေးခဲ့သည်။

ထို့နောက် သိုလှောင်ထားသော သံချောင်းများနှင့် ဘိလပ်မြေ အမြောက်အမြားကို ထုတ်ယူကာ အလုပ်သမား တစ်သိန်းကျော်ဖြင့် နေရာအနှံ့သို့ စေလွှတ်လိုက်သည်။ နောက်ထပ် လာမည့် ငလျင်များကို ခံနိုင်ရည်ရှိစေရန် ထောက်တိုင်ကြီးများ တည်ဆောက်ပြီး မြေအောက်မြို့ကို အရေးပေါ် မွမ်းမံပြင်ဆင်စေခဲ့သည်။

……

ည ၉ နာရီခန့်တွင် ဒုတိယမြို့တော်ဝန် ထျန်ကျင်းဖိန် ရောက်ရှိလာပြီး လော်ယွမ်ထံသို့ သတင်းကောင်းတစ်ခု ပေးပို့လာသည်။

"မြို့တော်ဝန်... စက်ရုံတွေ အရေးပေါ် အလုပ်ဆင်းပြီး ထုတ်လုပ်လိုက်တာ အခုချိန်ထိ လျှပ်စစ်စောင် အထည်ရေ ၅ သိန်းအထိ ရရှိထားပြီ... ည ၁၂ နာရီလောက်ထိ ဆက်လုပ်ရင် ၆ သိန်းခွဲလောက်အထိ ရမယ်လို့ ခန့်မှန်းရပါတယ်" ဒုတိယမြို့တော်ဝန် ထျန်ကျင်းဖိန်သည် စိုးရိမ်တကြီးဖြင့် သတိထားကာ ပြောလိုက်သည်။ သူ၏ အသံမှာ မီးခိုးမှိုင်းမိထားသကဲ့သို့ အက်ကွဲရှတတ ဖြစ်နေသည်။

ယခင်က ပြောထားသော အထည်ရေ ၈ သောင်းနှင့် နှိုင်းယှဉ်လျှင် ၆ ဆခန့် တိုးတက်လာသော်လည်း လိုအပ်ချက်နှင့် ယှဉ်ပါက နည်းပါးနေသေးသည်။

သို့သော် ထျန်ကျင်းဖိန်၏ မျက်လုံးများတွင် အကြောအမျှင်များ နီရဲနေပြီး နှုတ်ခမ်းတွင်လည်း အပူဖုများ ပေါက်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ အစွမ်းကုန် ကြိုးစားထားကြောင်း သိသာနေသည်။

"ဟုတ်ပြီ... အလုပ်လုပ်တာ တော်တယ်... အရင်ဆုံး ဖြန့်ဝေပေးလိုက်ပါ"

"ဒါဆို ကျွန်တော် သွားလုပ်လိုက်ပါဦးမယ် မြို့တော်ဝန်" လော်ယွမ်၏ ချီးကျူးမှုကို ခံလိုက်ရသဖြင့် ထျန်ကျင်းဖိန်မှာ အမောပြေသွားပြီး စိတ်သက်သာရာ ရသွားကာ အလျင်အမြန် ပြောလိုက်သည်။

သူလှည့်ထွက်ရန် ပြင်လိုက်စဉ် လော်ယွမ်က သူ့ကို လှမ်းတားလိုက်သည်။ လော်ယွမ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"နေဦး... အလကား ဖြန့်ဝေပေးတာ သိပ်မကောင်းဘူး... ပစ္စည်းရှားတာက ပြဿနာမဟုတ်ပေမဲ့ မမျှမတ ဖြစ်မှာကိုတော့ စိုးရိမ်ရတယ်... လူတွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်... ဒါကြောင့် တန်ဖိုးတစ်ခုသတ်မှတ်ပြီး အကန့်အသတ်နဲ့ ရောင်းချတဲ့စနစ်ကို သုံးမယ်... အသံချဲ့စက်ကနေ ကြေညာပေးလိုက်ပါ... တစ်အိမ်ထောင်ကို တစ်ထည်နှုန်းနဲ့ ဈေးသက်သက်သာသာ ရောင်းပေးမယ်လို့ ပြောလိုက်ပါ"

"မြို့တော်ဝန်က တကယ့်ကို အမြော်အမြင် ကြီးမားပါပေတယ်" ထျန်ကျင်းဖိန်က မြှောက်ပင့် ပြောဆိုလိုက်သည်။

လော်ယွမ်က ပြုံးလိုက်ပြီး "နောက်တစ်ခု ထပ်ကြေညာလိုက်ပါ... ဒီတစ်ညတော့ သည်းခံပြီး ဆက်လုပ်ပေးကြပါ... မနက်ဖြန်ကျရင် အားလုံး အလှည့်ကျ နားလို့ရပြီလို့ ပြောလိုက်"

အစိုးရ ဝန်ထမ်းအားလုံးသည် ရက်ပေါင်းများစွာ ဆက်တိုက် အနားမရဘဲ အလုပ်လုပ်နေကြရသည်။ ဒီအတိုင်းသာ ဆက်သွားနေလျှင် လူများ လဲပြိုကုန်ကြပေလိမ့်မည်။

ထျန်ကျင်းဖိန် ထွက်ခွာသွားပြီးနောက် ရုံးခန်းလေးမှာ ပြန်လည်တိတ်ဆိတ်သွားသည်။

လော်ယွမ်သည် မျက်မှောင်ကြောများကို ဖိနယ်ရင်း မတ်တတ်ရပ်လိုက်သည်။ ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

မနက်ဖြန် ကျော်လွန်သွားပါက မျှော်လင့်ချက်မြို့တော်၏ အခက်ခဲဆုံး အချိန်ကာလကို ကျော်ဖြတ်နိုင်ပြီ ဖြစ်သည်။ စားဝတ်နေရေး ပြဿနာ ပြေလည်သွားပါက မျှော်လင့်ချက်မြို့တော်၏ ပြဿနာ ထက်ဝက်ကျော် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

……

ကံကောင်းသည်မှာ နောက်တစ်နေ့တွင် အေးခဲပြီး သေဆုံးသူ မရှိခဲ့ပေ။

လူသားဟူသည် အသိဉာဏ်ရှိသော သတ္တဝါများ ဖြစ်ကြသည်။ လျှပ်စစ်စောင် မရှိလျှင်လည်း မီးဖိုပြီး အနွေးဓာတ်ယူကြသည်။ ရှိသမျှ အဝတ်အစားများကို ထပ်ဝတ်ပြီး အအေးဒဏ်ကို ကာကွယ်ကြသည်။

ဒီနေ့ ကျော်လွန်သွားလျှင် လျှပ်စစ်စောင်နှင့် အခြား အနွေးထည်ပစ္စည်း ထုတ်လုပ်မှု ပိုမိုများပြားလာမည် ဖြစ်ရာ ယနေ့ညတွင် ပြည်သူများ ပိုမို သက်တောင့်သက်သာ ရှိလာကြပေလိမ့်မည်။

တင်းမာနေသော အခြေအနေများ လျော့ပါးသွားပြီဖြစ်၍ လော်ယွမ်လည်း သက်ပြင်းချလိုက်မိသည်။ သူ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အိမ်မပြန်ရသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်၍ ဒီနေ့တော့ အိမ်ပြန်ရန် သူဆုံးဖြတ်လိုက်သည်။

"မင်္ဂလာပါ မြို့တော်ဝန်"

"မင်္ဂလာပါ မြို့တော်ဝန်"

……

မြို့တော်ဝန်ရုံးအတွင်း လူများ ဝင်ထွက်သွားလာကာ အလုပ်များနေကြသည်။

လမ်းတွင် လော်ယွမ်နှင့် ဆုံမိသူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်ကြသည်။

ဒီရက်ပိုင်းအတွင်း လော်ယွမ်သည် ရှေ့တန်းမှ ဦးဆောင်ကာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သဖြင့် ကြီးမားသော ဂုဏ်သတင်းနှင့် ဩဇာအာဏာကို တည်ဆောက်နိုင်ခဲ့သည်။

အထူးသဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သည့် သူ၏ ကြီးမြတ်သော စွမ်းဆောင်ရည်များကို ဝါဒဖြန့်ထားသဖြင့် သူ့ကို အလင်းရောင်ခြည် ဖြာထွက်နေသော သူရဲကောင်းတစ်ဦးအဖြစ် ရှုမြင်နေကြသည်။

လူအများစုမှာ ပင်ပန်းနွမ်းနယ်နေကြသော်လည်း လော်ယွမ်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှား တက်ကြွသွားကြသည်။

ဤသည်မှာ ကြီးမားသော ဩဇာအာဏာပင် ဖြစ်သည်။ လူသားမျိုးနွယ် အခက်အခဲနှင့် ကြုံတွေ့နေရသော အချိန်မျိုးတွင်သာ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ပေါ်ပေါက်လာတတ်သည်။

လော်ယွမ် ခန်းမဆောင်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။ လူအားလုံး အလိုအလျောက် မတ်တတ်ရပ်လိုက်ကြသည်။

သူ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည့် ဝန်ထမ်းများကို ကြည့်ပြီး လော်ယွမ် စိတ်ထဲတွင် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

"မိတ်ဆွေတို့... ဒီရက်ပိုင်း ပင်ပန်းခဲ့ကြပြီ... ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ကျွန်တော်တို့ ကြံ့ကြံ့ခံပြီး အသက်ရှင်နိုင်ခဲ့တယ်... ဒါဟာ ကျွန်တော် တစ်ယောက်တည်းရဲ့ စွမ်းဆောင်ရည် မဟုတ်ပါဘူး... အားလုံးရဲ့ ကြိုးပမ်းမှုကြောင့်ပါ... အခုဆိုရင် အခက်ခဲဆုံး အချိန်ကာလကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ... နောက်ပိုင်းကျရင် အရာအားလုံး ပိုကောင်းလာပါလိမ့်မယ်... အခု အလှည့်ကျ နားမယ့်သူတွေ အနားယူနိုင်ပါပြီ"

ဆူညံသံများကြောင့် အခန်းထဲမှ ထွက်လာသော ရုံးအဖွဲ့မှူးကို လှမ်းခေါ်ပြီး ပြောလိုက်သည်။ "မနက်စာကို ဒီထက်ပိုကောင်းအောင် လုပ်ခိုင်းလိုက်... အဆင့်မြင့် အသားမှုန့် မရှိရင် ကျွန်တော့်ဆီ လာတောင်းလို့ ရတယ်"

"ရှိ... ရှိပါတယ်ခင်ဗျာ... ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်" ရုံးအဖွဲ့မှူးက ပျာပျာသလဲ ပြောလိုက်သည်။

လော်ယွမ် ခေါင်းညိတ်ပြပြီး မြို့တော်ဝန်ရုံး အဆောက်အအုံမှ ထွက်လာခဲ့သည်။

လင်းထိန်နေသော မီးရောင်များကြောင့် မြေအောက်မြို့တစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။ လမ်းမအချို့ရှိ အယ်လ်အီးဒီ မီးလုံးများကို ဖြုတ်ကာ အပူပေးမီးလုံးများဖြင့် အစားထိုး တပ်ဆင်နေသည်ကို လော်ယွမ် တွေ့လိုက်ရသည်။

ဗိုရှင်းဂြိုဟ်သားတို့၏ နျူကလီးယား ပေါင်းစည်းစွမ်းအင် လျှပ်စစ်မီးဖိုမှ အကန့်အသတ်မရှိ စွမ်းအင်များ ထုတ်လုပ်ပေးနေသဖြင့် မျှော်လင့်ချက်မြို့တော်အနေဖြင့် စွမ်းအင်ချွေတာရန် မလိုအပ်တော့ပေ။

အပူပေးမီးလုံးများ တပ်ဆင်ထားသော လမ်းမများအနီးတွင် အပူချိန် ပြန်လည်မြင့်တက်လာသည်ကို သိသာစွာ ခံစားနေရသည်။

သို့သော် အပူပေးမီးလုံး ထုတ်လုပ်မှုမှာ အကန့်အသတ်ရှိပြီး စိုက်ပျိုးရေးဇုန်ကို ဦးစားပေး ဖြန့်ဝေနေရသဖြင့် ယခုလောလောဆယ် လမ်းမ တစ်လမ်း၊ နှစ်လမ်းခန့်သာ တပ်ဆင်နိုင်သေးသည်။ တစ်မြို့လုံး အစားထိုး တပ်ဆင်နိုင်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ဦးမည် ဖြစ်သည်။

မကြာမီ လော်ယွမ် အိမ်သို့ ရောက်ရှိလာသည်။

ဝမ်ရှီရှီက မျက်စိလျင်သည်။ လော်ယွမ်ကို မြင်လိုက်သည်နှင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ "ကိုကြီးယွမ် ပြန်လာပြီ"

ထို့နောက် ပြေးလာပြီး လော်ယွမ်၏ လည်ပင်းကို ဖက်တွယ်ကာ ကိုယ်လုံးဖြင့် လှည့်ပတ်လိုက်သည်။ အမျိုးသမီးများထဲတွင် ဝမ်ရှီရှီသည် အချွဲဆုံးဖြစ်သည်။

လော်ယွမ်က ပြုံးရယ်ရင်း သူမ၏ ကျောပြင်လေးကို ပုတ်ပေးလိုက်သည်။ "ကဲပါ... ဆင်းပါတော့"

ဝမ်ရှီရှီက သူ့ကို တစ်ချက်နမ်းလိုက်ပြီး ကိုယ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမ၏ မျက်လုံးများမှာ ရည်လဲ့နေပြီး လော်ယွမ်ကို ကြည့်မဝ ဖြစ်နေသည်။

ကျန်အမျိုးသမီးများလည်း ဝမ်းသာနေကြသော်လည်း အမူအရာကို ထိန်းသိမ်းထားကြသည်။

"ထမင်းစားပြီးပြီလား" ဟွမ်ကျားဟွေက ပြုံးရွှင်စွာ မေးလိုက်သည်။ သူမသည် အဝါနုရောင် သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားရာ အသက်အနည်းငယ် ပိုငယ်သွားသကဲ့သို့ ထင်ရပြီး တည်ငြိမ်ရင့်ကျက်သော အလှမျိုး ပေါ်လွင်နေသည်။

ဤအဝတ်အစားများသည် မကြာသေးမီကမှ ထုတ်လုပ်ထားသော အအေးဒဏ်ခံ ဝတ်စုံများဖြစ်ပြီး အဆင့် ၅ နှင့်အထက် သန္ဓေပြောင်း သားရဲသားရေများဖြင့် ချုပ်လုပ်ထားခြင်းဖြစ်သည်။

ယခင်က လေသင်္ဘောများ တည်ဆောက်ရာတွင် အသုံးပြုသဖြင့် ဂိုဒေါင်ထဲတွင် ပုံထားခဲ့သော်လည်း ယခုအခါ အအေးဒဏ်ကာကွယ်ရေး ဝတ်စုံများအဖြစ် ထုတ်လုပ်နေခြင်း ဖြစ်သည်။

သို့သော် သားရေအရည်အသွေး မြင့်မားလွန်းသဖြင့် ချုပ်လုပ်ရန် ခက်ခဲကာ ထုတ်လုပ်မှု နှေးကွေးပြီး အထည်အရေအတွက် နည်းပါးနေသေးသည်။

လက်ရှိတွင် ထိုအဝတ်အစားများကို မျှော်လင့်ချက်မြို့တော်၌ ကျန်ရှိနေသော သုတေသီပညာရှင်များကိုသာ ဝေငှပေးထားသည်။

အဆင့်မြင့် အစိုးရအရာရှိကြီးများပင် ပုံရိပ်ကို ထိန်းသိမ်းသောအားဖြင့် တစ်ထည်မှ မယူကြပေ။ သူမတို့ ဝတ်ဆင်ထားနိုင်ခြင်းမှာ တစ်စုံတစ်ယောက်က ဆရာကောင်း လုပ်ပေးလိုက်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့သော် လော်ယွမ်သည် ရှေးရိုးစွဲကြီး မဟုတ်ပေ။ အခွင့်အရေးရှိသူက ဦးစားပေး ခံစားရခြင်းမှာ လူ့သဘာဝပင်ဖြစ်သည်။ လူ့အဖွဲ့အစည်း ပြောင်းလဲသွားသော်လည်း ထိုသဘောတရားမှာ ပြောင်းလဲမည် မဟုတ်ပေ။

"မစားတော့ဘူး... အိမ်မှာ အားလုံး အဆင်ပြေကြရဲ့လား" လော်ယွမ်က အိမ်ကို ဝေ့ဝဲကြည့်လိုက်ရာ ဧည့်ခန်းရှိ ကျောက်တောင်အတု တစ်ပိုင်း ကျိုးပဲ့နေသည်ကို တွေ့လိုက်ရသည်။ မနေ့က ငလျင်လှုပ်တုန်းက ကျိုးကျသွားပုံ ရသည်။

"အားလုံး အဆင်ပြေပါတယ်... ရှင်က အလုပ်များတဲ့သူဆိုတော့ အိမ်ကိစ္စ ပူမနေပါနဲ့" ဟွမ်ကျားဟွေက နားလည်မှုရှိစွာ ပြောလိုက်သည်။

"ကျွန်မတို့ ယာဉ်ပျံပေါ် ပြောင်းရတော့မယ်လို့ ကြားတယ်" ကျိုးယလီက မေးလိုက်သည်။

"ဟုတ်တယ်... ဒါပေမဲ့ အချိန်တစ်ခုတော့ စောင့်ရဦးမယ်... အခု ယာဉ်ပျံကို ပြန်လည်မွမ်းမံနေတယ်... ပြီးရင် ငါတို့ ကမ္ဘာမြေကို စွန့်ခွာရလိမ့်မယ်" လော်ယွမ် ပြောရင်း ကျိုးယလီကို ကြည့်လိုက်မိသည်။ သူမသည် အစိမ်းရောင် သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားရာ ရေဓာတ်ပြည့်ဝသော အသားအရေကို ပိုမိုတောက်ပစေပြီး နူးညံ့သိမ်မွေ့သော ညှို့ဓာတ်တစ်မျိုးကို ဖြစ်ပေါ်စေသည်။

ဘေးနားရှိ ယဲ့ချိုးယွီမှာ ထိတ်လန့်သွားပြီး အာမေဋိတ်သံ တစ်ချက် ထွက်ပေါ်လာသည်။ ချက်ချင်း သတိဝင်လာပြီး ရှက်ရွံ့ကာ မျက်နှာရဲသွားသည်။ ကံကောင်းသည်မှာ အားလုံးက သတင်းဆိုးကြောင့် တုန်လှုပ်နေကြသဖြင့် သူမကို သတိမထားမိကြပေ။

"နေရင်းထိုင်ရင်း ဘာလို့ ကမ္ဘာမြေကို စွန့်ခွာရမှာလဲ" ဝမ်ရှာကွမ်က မေးလိုက်သည်။

လော်ယွမ် သက်ပြင်းချလိုက်ပြီး အကြောင်းစုံကို ရှင်းပြလိုက်သည်။ ကမ္ဘာပျက်ကပ်ဘေး ဖြစ်ပြီးကတည်းက လူသားများသည် ကပ်ဘေးအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး ယခုအခါ ကမ္ဘာမြေကိုပါ စွန့်ခွာရတော့မည် ဖြစ်၍ အားလုံး စိတ်နှလုံး လေးလံသွားကြသည်။

"ကဲပါ... မပျော်ရွှင်စရာတွေ တွေးမနေကြပါနဲ့... လှေရောက်ရင် လှေထိုးလိုက်ပေါ့... လူသားတွေအတွက် အသက်ရှင်ဖို့ လမ်းစတစ်ခုတော့ အမြဲရှိနေမှာပါ" ထို့နောက် လော်ယွမ်က ချန်ကျားယီ၏ အခြေအနေကို ယဲ့ချိုးယွီအား မေးလိုက်သည်။ "ချန်ကျားယီ အခြေအနေ ဘယ်လိုနေလဲ"

လော်ယွမ်က သူမကို ကြည့်လိုက်သဖြင့် ယဲ့ချိုးယွီ တစ်ကိုယ်လုံး တင်းမာသွားပြီး ပြာပြာသလဲ ဖြေလိုက်သည်။ "မြို့... မြို့တော်ဝန်... သူ့အခြေအနေက ကောင်းလာပါတယ်... နာမည်ခေါ်ရင် တုံ့ပြန်မှု ရှိလာပြီ... ဒါ... ဒါပေမဲ့ အချိန်နည်းနည်းတော့ ပေးရဦးမယ်"

လော်ယွမ် ခေါင်းညိတ်လိုက်သည်။ သာမန်လူများအပေါ် သူ၏ သက်ရောက်မှုကို သူ ကောင်းစွာသိသည်။ အရှိန်အဝါ သက်ရောက်မှုသာမက စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုလည်း ပါဝင်သည်။

သူ၏ အရှိန်အဝါကို ထိန်းသိမ်းထားလျှင်ပင် တစ်ဖက်လူမှာ ကြီးမားသော ဖိအားကို ခံစားနေရမြဲဖြစ်သည်။ မြို့တော်ဝန်ရုံး အဖွဲ့ဝင်များပင် ရှောင်လွှဲ၍ မရပေ။ သူနှင့် ရင်းနှီးသော လူအနည်းငယ်သာ ထိုဖိအားဒဏ်ကို ခံနိုင်ရည်ရှိကြသည်။

ထို့နောက် သူ မတ်တတ်ရပ်လိုက်ပြီး "ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

သူသည် ချန်ကျားယီ၏ အခန်းထဲသို့ ဝင်သွားပြီး ကုတင်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ကျန်အမျိုးသမီးများလည်း လိုက်ပါလာကြသည်။ လော်ယွမ်နှင့် စိမ်းသက်နေပြီဖြစ်သော သန္ဓေပြောင်းလူသားမလေးလည်း ခဏမျှ တွေဝေနေပြီးနောက် လူအုပ်နှင့်အတူ လိုက်ပါလာခဲ့သည်။

ချန်ကျားယီသည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ မျက်နှာလေးမှာ သွေးရောင်လွှမ်းနေပြီး အသက်ရှူသံ ပုံမှန်ရှိကာ အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသည်။

လော်ယွမ်သည် တိတ်ဆိတ်စွာဖြင့် ခဏမျှ ကြည့်နေပြီးနောက် နှိုးလိုက်သည်။ "ကျားယီ... နိုးပြီလား... ထလို့ရပြီ"

အသံကြားလိုက်ရသဖြင့် သူမ၏ မျက်လုံးများ လှုပ်ရှားလာသော်လည်း အိပ်မက်ဆိုး မက်နေသကဲ့သို့ မျက်လုံးကို ဖွင့်၍မရ ဖြစ်နေသည်။

"သူ့ရဲ့ အာရုံကြောစနစ်မှာ ပြဿနာတချို့ ရှိနေပုံရတယ်... အပြင်က လှုံ့ဆော်မှုကို တုံ့ပြန်နိုင်တယ်... ကျွန်မတို့ ပြောတာတွေကိုလည်း ကြားပုံရတယ်... ဒါပေမဲ့ လှုပ်ရှားလို့ မရဖြစ်နေတာ" ယဲ့ချိုးယွီက ဘေးနားမှနေ၍ သတိထား ပြောဆိုလိုက်သည်။ သူမ၏ လက်ချောင်းများက အင်္ကျီစကို လိမ်ချိုးနေမိသည်။

လော်ယွမ် စိတ်မကောင်း ဖြစ်သွားသည်။ အကြောင်းရင်းကို သူကောင်းကောင်း သိသည်။ သူ၏ စိတ်ဆန္ဒစွမ်းအား လွှမ်းမိုးမှုကြောင့် သူမ၏ ကိုယ်ပိုင် စိတ်ဆန္ဒအမှတ်အသား ဖယ်ရှားခံလိုက်ရပြီး အာရုံကြောစနစ် ကမောက်ကမ ဖြစ်သွားခြင်းဖြစ်သည်။

သူမ၏ လက်ချောင်းလေးများ လှုပ်ရှားလာသည်ကို တွေ့လိုက်ရသဖြင့် လော်ယွမ်က သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

လက်ချောင်းလေးများမှာ ပျော့အိနေပြီး အားအင်မရှိပေ။ ရုတ်တရက် သူမ၏ လက်ကလေးက ပြန်လည်ဆုပ်ကိုင်လာပြီး အားပိုမို ပြင်းထန်လာကာ မျက်နှာလေးပင် နီရဲလာသည်။

"ကျားယီ... မြန်မြန် နိုးထလိုက်ေတော့" သူမ နိုးထလာမည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် လော်ယွမ် ဝမ်းသာသွားပြီး ထပ်မံ နှိုးဆော်လိုက်သည်။

သို့သော် စက္ကန့်ပိုင်းအကြာတွင် သူမ၏လက် ပြန်လည်ပြေလျော့သွားပြီး ဆက်လက်မတောင့်ခံနိုင်တော့ပေ။ စက္ကန့်ပိုင်းလေးအတွင်း သူမ၏ အားအင်ကုန်ခမ်းသွားပုံရသည်။ မျက်ခွံလေးများ တုန်ခါသွားပြီး မျက်ရည်စီးကြောင်း နှစ်ခု ပါးပြင်ပေါ်သို့ စီးကျလာသည်။

အမျိုးသမီးများအားလုံး စိတ်မကောင်းဖြစ်သွားကြပြီး မျက်ရည်ဝဲလာကြသည်။

ယဲ့ချိုးယွီနှင့် ချန်ကျားယီတို့မှာ မသိကျွမ်းကြဘဲ ဆရာဝန်နှင့် လူနာ ဆက်ဆံရေးသာ ရှိသဖြင့် သူမအနေဖြင့် ဝမ်းနည်းပူဆွေးမှု မရှိပေ။

သူမသည် လော်ယွမ်ကို အံ့သြစွာ ကြည့်လိုက်မိသည်။ လွန်ခဲ့သော နာရီဝက်ခန့်ကမှ သူမသည် ချန်ကျားယီကို ပုံမှန် ကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ထိုစဉ်က ယခုလောက် တုံ့ပြန်မှု မရှိခဲ့ပေ။ အခန်းထဲရှိ မိန်းမလှလေးများနှင့် လူမဟုတ်၊ သားရဲမဟုတ်သော သန္ဓေပြောင်း အမျိုးသမီးကို ကြည့်ရင်း သူမ၏ ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

ဒီရက်ပိုင်း လော်ယွမ် အိမ်မှာ မရှိသဖြင့် အဖြစ်အပျက်များစွာကြားတွင် သူမ ဒီကို စရောက်ကာစက ကျားရဲတစ်ကောင်ကို ကိုယ်ခန္ဓာနှင့် ရင်းရမည်ဟု ဆုံးဖြတ်ထားခဲ့ဖူးသည်ကို မေ့လျော့နေခဲ့သည်။

ရုပ်ရည်နှင့် ပြောမည်ဆိုလျှင်တော့ လော်ယွမ်ကို သူမ မကျေနပ်စရာ အကြောင်းမရှိပေ။

သူ၏ အသားအရေမှာ ချောမွေ့ပြောင်လက်နေပြီး အပြစ်အနာအဆာ ကင်းစင်သည်။ ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး ရုပ်ရည်ချောမောကာ ဆွဲဆောင်မှုရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသဖြင့် မည်သည့်အမျိုးသမီးကိုမဆို ဖမ်းစားနိုင်စွမ်းရှိသည်။

ခန္ဓာကိုယ် အနည်းငယ် ကြီးမားနေသော်လည်း လက်ခံနိုင်သော အနေအထားတွင် ရှိသည်။

လော်ယွမ်ကဲ့သို့ အဆင့်ထိ ရောက်ရှိသွားသော ဆင့်ကဲဖြစ်စဉ်ပြောင်းလဲသူ တစ်ယောက်သည် ဘက်ပေါင်းစုံမှ ပြောင်းလဲသွားပြီဖြစ်ပြီး သာမန်လူများတွင် ရှိတတ်သော မျိုးရိုးဗီဇ အားနည်းချက်များ မရှိတော့ပေ။ ယခင်က ရှိခဲ့လျှင်လည်း သူ့အလိုလို ပြုပြင်ပြီးသား ဖြစ်သွားပေလိမ့်မည်။

သို့သော် လော်ယွမ်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် မကြာသေးမီက ဝမ်ရှီရှီ ကြွားလုံးထုတ်စဉ် ပြောပြခဲ့သော လော်ယွမ်က ထမင်းပေါင်းအိုးကို သံလုံးဖြစ်အောင် လက်ဖြင့် ချေမွပစ်ခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးမိပြီး သူမ ကြောက်လန့်တကြား ဖြစ်သွားသည်။

ထိုအချိန်ကျရင် သူမ တကယ် သေသွားလိမ့်မည်လား။ ဒီမိန်းမတွေ သူ့ဒဏ်ကို ဘယ်လို ခံနိုင်ရည်ရှိကြတာလဲ ဆိုသည်ကို သူမ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိသည်။

ကျောဘက်မှ ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသဖြင့် လော်ယွမ်သည် ယဲ့ချိုးယွီကို လှည့်ကြည့်လိုက်သည်။ သူမ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ခန္ဓာကိုယ်ယိုင်နဲ့ကာ လဲကျလုမတတ် ဖြစ်သွားရှာသည်။

ဆက်ရန်...

အပိုင်း (၄၆၀) မီးတောင်

ချန်ကျားယီ၏ အခြေအနေကို သွားရောက်ကြည့်ရှုပြီးနောက် လော်ယွမ်မှာ ထိုနေရာတွင် ကြာကြာမနေနိုင်ပေ။ ဤကာလတွင် အရေးကိစ္စများစွာက သူ့ကို စောင့်ကြိုနေသဖြင့် ယခုလည်း အလုပ်များနေသည့်ကြားမှ အချိန်လုပြီး ခဏဝင်ကြည့်ရုံသာ ဖြစ်သည်။ အိမ်တွင် ခဏထိုင်ပြီးနောက် မြို့တော်ခန်းမသို့ ကမန်းကတန်း ပြန်လာခဲ့လေသည်။

တာဝန်ကျ ဝန်ထမ်းများမှာ အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။ နံနက်စာအဖြစ် အဆင့်မြင့် အသားမှုန့်များကို စားသောက်ထားကြ၍ မျက်နှာတွင် အနည်းငယ် တက်ကြွနေကြသော်လည်း ပင်ပန်းနွမ်းနယ်နေမှုကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ပေ။

လော်ယွမ်သည် လမ်းတစ်လျှောက်ရှိ ဝန်ထမ်းများကို ခေါင်းညိတ်နှုတ်ဆက်ရင်း ရုံးခန်းသို့ အလျင်အမြန် လျှောက်လာခဲ့သည်။ ရုံးခန်းအပြင်ဘက်တွင်မူ အတွင်းရေးမှူးအဖွဲ့မှ ဝန်ထမ်းအချို့က သူ့ကို စောင့်ကြိုနေကြသည်။

"မင်္ဂလာပါ မြို့တော်ဝန်"

"မင်္ဂလာပါ မြို့တော်ဝန်"

.....

လော်ယွမ်က ခေါင်းအသာညိတ်ပြပြီးနောက် အတွင်းရေးမှူး ချန်ကွမ်းဟွေဘက်သို့ လှည့်ကာ "သူတို့ကို ဝင်ခိုင်းလိုက်ပါ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မြို့တော်ဝန်" ချန်ကွမ်းဟွေက လေးစားသမှုဖြင့် ပြန်ဖြေလိုက်သည်။

လော်ယွမ်သည် ရုံးခန်းထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်သွားလိုက်သည်။ ဦးဆုံး ဝင်ရောက်လာသူမှာ ဒုတိယမြို့တော်ဝန် ထျန်ကျင်းဖိန် ဖြစ်သည်။

ပိကျန့်ဖိန် ထွက်ခွာသွားပြီးနောက် စက်မှုပိုင်းဆိုင်ရာ တာဝန်ယူထားသော ထိုဒုတိယမြို့တော်ဝန်သည် မျှော်လင့်ချက်မြို့တော်၏ နံပါတ် ၂ ခေါင်းဆောင်နေရာကို ယာယီ ရယူထားသူ ဖြစ်သည်။

သူ၏ ရုပ်သွင်မှာ သိပ်ကြည့်ကောင်းလှသည်တော့ မဟုတ်ပေ။ အသားမည်းမည်း၊ ခန္ဓာကိုယ် ပိန်လှီလှီနှင့် အရပ်ကလည်း လော်ယွမ်၏ ရင်ဘတ်လောက်သာ ရှိသည်။

သို့သော် လော်ယွမ်က သူ့အပေါ် အမြင်ကြည်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် နားချိန်ပင်မရှိဘဲ နေရာအနှံ့ သွားလာလှုပ်ရှားကာ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ အခြားမည်သူမျှ သူ့လောက် လုပ်နိုင်မည် မဟုတ်ပေ။

"မြို့တော်ဝန်... လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို တင်ပြပါရစေ... လက်ရှိ အအေးဒဏ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေက အောင်မြင်မှု ရနေပါပြီ... အခုချိန်ထိ လျှပ်စစ်စောင် ၁ သန်းခွဲ နဲ့ အပူပေးမီးလုံး ၃ သောင်းခွဲ ဖြန့်ဝေပြီးပါပြီ... ရေနွေးငွေ့ ပိုက်လိုင်းတွေကိုလည်း မနက် ၅ နာရီကစပြီး လည်ပတ်နေပါပြီ..."

အသံပင် မထွက်နိုင်တော့လောက်အောင် အက်ကွဲနေသော သူ့အသံကို နားထောင်ရင်း လော်ယွမ် သူ့ကို အားနာသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး "မှတ်တမ်းဖိုင်ကို ဒီမှာပဲ ထားခဲ့လိုက်ပါ... ကျွန်တော် ဖတ်လိုက်ပါမယ်... ခင်ဗျား တခြားသူတွေကို တာဝန်လွှဲပေးပြီး သွားနားလိုက်ဦး... ညကျမှ ပြန်လာခဲ့ပါ"

"မြို့တော်ဝန်တောင် မနားသေးတာ ကျွန်တော်က ဘယ်လိုလုပ် နားလို့ရမှာလဲ" ထျန်ကျင်းဖိန်က အားနာဟန်ဖြင့် ပြောရှာသည်။

"ဒါ အမိန့်ပဲ" လော်ယွမ်က ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ကြောင့် လအတန်ကြာ အိပ်မပျော်လျှင်တောင် လန်းဆန်းနေမည် ဖြစ်သော်လည်း သူက မရှင်းပြနေတော့ဘဲ အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

ဤရာထူးကို ရယူပြီးနောက် လော်ယွမ်သည် ယခင်က ဖော်ရွေသောပုံစံကို စွန့်လွှတ်ကာ တင်းမာခက်ထန်ပြီး ချဉ်းကပ်ရခက်သော ပုံစံသို့ ပြောင်းလဲလိုက်သည်။

ဤသည်မှာ သူရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်။ အခြေအနေအချိန်အခါအရ လုပ်သက်ရင့် ဗျူရိုကရက်အရာရှိများကို ထိန်းချုပ်နိုင်ရန်အတွက် သူ၏ သြဇာအာဏာကို ပြသရန် လိုအပ်သောကြောင့်ပင်။

"ဟုတ်ကဲ့ပါ မြို့တော်ဝန်... ဒါနဲ့ လျှပ်စစ်စောင် ထုတ်လုပ်မှု ပမာဏကို ဘယ်လောက်ထားရမလဲ ဆိုတာ သိချင်ပါတယ်" မြို့တော်ခန်းမမှ အရာရှိကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ သူသည် သတင်းသဲ့သဲ့ ကြားထားသည်။

မျှော်လင့်ချက်မြို့တော်သည် လူဦးရေ ရွှေ့ပြောင်းမှု ကြီးမားစွာ ကြုံတွေ့ရနိုင်ခြေ ရှိကြောင်း သူရိပ်မိသည်။ အနီးနားရှိ မြို့များတွင် မျှော်လင့်ချက်မြို့တော်ကသာ အကောင်းဆုံး ပြန်လည်ထူထောင်နိုင်ခြင်းကြောင့် ဖြစ်သည်။

"လူဦးရေ ၆ သန်းအတွက် လုံလောက်အောင် ထုတ်လုပ်ပါ... တခြား အအေးဒဏ် ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ဒီပမာဏအတိုင်းပဲ ထုတ်လုပ်ပါ" လော်ယွမ် ခဏ စဉ်းစားပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့... သဘောပေါက်ပါပြီ"

ထျန်ကျင်းဖိန် ထွက်သွားပြီးနောက် စိုက်ပျိုးရေးပိုင်းဆိုင်ရာ တာဝန်ခံ ဒုတိယမြို့တော်ဝန် ဝင်လာပြန်သည်။ "မြို့တော်ဝန်... ဒါ ခင်ဗျား ပြုစုခိုင်းထားတဲ့ စာရင်းပါ"

လော်ယွမ်က ထိုင်ခုံပင် မပေးတော့ဘဲ စာရင်းကို လှမ်းယူကာ လျင်မြန်စွာ ဖတ်ရှုလိုက်သည်။ စက္ကန့်ပိုင်းအတွင်း အားလုံးကို ဖတ်ရှုပြီးနောက် "စိုက်ပျိုးရေးဇုန်က ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုက လူဦးရေ ၂ သန်းအတွက်ပဲ လုံလောက်တော့တာလား" ဟု မေးလိုက်သည်။

"ဟုတ်ပါတယ် မြို့တော်ဝန်... အရင်က ကြုံခဲ့ရတဲ့ အအေးဒဏ်ကြောင့် အအေးဒဏ်မခံနိုင်တဲ့ အပင်တွေ အများကြီး သေဆုံးကုန်လို့ပါ... ဒါပေမဲ့ ဒါက ယာယီပါပဲ... နောက်တစ်လလောက်ဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်"

မျှော်လင့်ချက်မြို့တော်တွင် စားနပ်ရိက္ခာ ပြတ်လပ်ခြင်း မရှိပေ။ ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာနိုင်သော အကျပ်အတည်းများအတွက် မြို့တော်တိုင်းတွင် အရန်ရိက္ခာများ သိုလှောင်ထားရှိသည်။ စိုက်ပျိုးရေးဇုန်မှ ဘာမျှ မထွက်ရှိလျှင်တောင် အရန်ရိက္ခာဖြင့် လအတန်ကြာ တောင့်ခံနိုင်စွမ်း ရှိသည်။

သို့သော် မျှော်လင့်ချက်မြို့တော်တွင် ဟင်းသီးဟင်းရွက် ရှားပါးနေသည်။ ဟင်းသီးဟင်းရွက်များသည် သိုလှောင်ရန် ခက်ခဲသော ပစ္စည်းများ ဖြစ်သည်။

စစ်တပ်အတွက် သိုလှောင်ထားသော ဟင်းသီးဟင်းရွက်ခြောက် တန်ချိန် အနည်းငယ်မှလွဲ၍ အခြား အရန်သင့် မရှိပေ။ ထိုလက်ကျန်များကိုလည်း အာကာသယာဉ်ဖြင့် ဦးစွာ ရွှေ့ပြောင်းသွားသော လူအုပ်စုက ယူဆောင်သွားကြပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ဟင်းသီးဟင်းရွက် ထောက်ပံ့မှုမှာ အတော်လေး ကျပ်တည်းနေပြီ ဖြစ်သည်။

"တစ်လကတော့ ကြာလွန်းတယ်" လော်ယွမ်က သူ့ဘာသာ ရေရွတ်လိုက်ပြီး မှတ်တမ်းဖိုင်ကို ထပ်မံကြည့်ရှုလိုက်သည်။

"ဒီမှာ တစ်ယောက်ကို ၁ ပေါင် နှုန်း သတ်မှတ်ထားတာ များလွန်းတယ်... အခုချိန်က အခက်ခဲဆုံး အချိန်ပဲ... တစ်ယောက်ကို ဝ.၆ ပေါင် လောက်ပဲ လျှော့ချလိုက်ပါ... ပြီးတော့ ထုတ်လုပ်မှုကို အစွမ်းကုန် တိုးမြှင့်ပါ... နောက်ထပ် လဝက်လောက်ဆိုရင် စိုက်ပျိုးရေးဇုန်ကနေ လူဦးရေ ၆ သန်းစာအတွက် စားနပ်ရိက္ခာနဲ့ ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်တယ်"

ဝ.၆ ပေါင် ဆိုသော ပမာဏသည် နေ့စဉ်လိုအပ်သော ဗီတာမင်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်မှု မရှိနိုင်ပေ။ လူနေမှု အဆင့်အတန်း အနည်းငယ် နိမ့်ကျသွားရုံသာ ရှိမည်။ သို့သော် ယခုလို အခြေအနေမျိုးတွင် အသက်ရှင်နေရသည်ကပင် ကံကောင်းလှပြီ ဖြစ်ရာ အဘယ်သူကများ ပိုမို တောင်းဆိုနေကြဦးမည်နည်း။

"နောက်ပြီး အစားအသောက် ထိန်းချုပ်မှုကို တင်းကြပ်ပါ... ပညာပေး လုပ်ငန်းတွေလည်း သေချာလုပ်ပါ"

"ဟုတ်ကဲ့ပါ မြို့တော်ဝန်" ဒုတိယမြို့တော်ဝန်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ လော်ယွမ်၏ အစွမ်းအစကို သိရှိပြီးနောက် ယခုအခါ မြို့တော်ခန်းမတွင် လော်ယွမ်၏ ဆုံးဖြတ်ချက်ကို မည်သူမျှ မငြင်းဆန်ရဲကြတော့ပေ။

ဤကဲ့သို့သော ကိစ္စရပ်များအတွက် မြို့တော်ခန်းမ အရာရှိများမှာ ကျွမ်းကျင်ပြီးသား ဖြစ်သည်။ ပြန်လည်ထူထောင်ရေးဇုန် စတင်တည်ထောင်စအချိန်က အရာရာ ရှားပါးနေခဲ့သဖြင့် ကုန်စည်ဈေးကွက်ဟူ၍ပင် မရှိခဲ့ဘဲ အပ်တစ်ချောင်း၊ ချည်တစ်မျှင်မှအစ တင်းကြပ်စွာ ထိန်းချုပ်ခဲ့ရဖူးသည်။

ထိုစဉ်က စက်မှုလယ်ယာစနစ် မထွန်းကားသေးသလို သီးနှံအမျိုးအစားသစ်များကိုလည်း ယခုလောက် ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ ထိုအချိန်က အခြေအနေနှင့် ယှဉ်လျှင် ယခုက အများကြီး သာလွန်နေသေးသည်။ အနည်းဆုံးတော့ ဗိုက်ဝအောင် စားနိုင်ကြသေးသည် မဟုတ်ပါလား။

တာဝန်ရှိသူ အသီးသီးက တင်ပြပြီးသွားသောအခါ ရုံးခန်းလေးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ လော်ယွမ်က စားပွဲခုံကို လက်ချောင်းလေးများဖြင့် အသာအယာ ခေါက်ရင်း စဉ်းစားခန်း ဝင်နေလိုက်သည်။

ယခုအခါ အစစအရာရာ အဆင်သင့် ဖြစ်နေပြီမို့ အနီးနားရှိ မြို့ ၃ မြို့မှ လူများကို ရွှေ့ပြောင်းရေး အစီအစဉ် စတင်နိုင်ပြီ ဖြစ်သည်။

မျှော်လင့်ချက်မြို့တော်သည် လော်ယွမ် ဖြုတ်ယူလာခဲ့သော ယာဉ်ပျံ၏ အနုမြူ ပေါင်းစပ်ဓာတ်ပြု ဓာတ်ပေါင်းဖိုကြောင့် အကန့်အသတ်မဲ့ စွမ်းအင် ရရှိနေပြီး ရက်စက်ကြမ်းကြုတ်သော ဆောင်းရာသီကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့သည်။

သို့သော် အခြားမြို့ ၃ မြို့တွင်မူ ထိုကဲ့သို့ အခြေအနေမျိုး မရှိပေ။ ယခုအချိန်ထိ အမှောင်ထုထဲတွင် နစ်မြုပ်နေဆဲ ဖြစ်ပြီး ဤအတိုင်း ဆက်သွားနေပါက လူအများအပြား သေဆုံးကြရပေလိမ့်မည်။

ဤကိစ္စကို စောစောစီးစီး လုပ်ဆောင်လေ ကောင်းလေ ဖြစ်သည်။ နှောင့်နှေးနေပါက အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။

ထိုသို့ တွေးမိသည်နှင့် လော်ယွမ်က ဖုန်းကောက်ကိုင်လိုက်ပြီး "နိုင်ငံရေးနဲ့ ဥပဒေရေးရာ ကော်မတီ အတွင်းရေးမှူး လီဖုန်းကို ကျွန်တော့်ဆီ လာခဲ့ဖို့ ပြောလိုက်ပါ" ဟု အတွင်းရေးမှူးကို လှမ်းပြောလိုက်သည်။

မျှော်လင့်ချက်မြို့တော် ကာကွယ်ရေးတပ်ဖွဲ့သည် မြေပြင်ပေါ်၌ တပ်စွဲထားလေ့ရှိရာ ဘေးဒုက္ခ ကျရောက်လာချိန်တွင် ကံဆိုးစွာဖြင့် အားလုံး ကျဆုံးသွားခဲ့ရသည်။ တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။

ယခုအခါ မျှော်လင့်ချက်မြို့တော်၏ အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်းမှာ မြို့ပြလုံခြုံရေးကို ထိန်းသိမ်းသော စစ်ဘက်ရဲတပ်ဖွဲ့ သာ ဖြစ်တော့သည်။

စစ်ဘက်ရဲတပ်ဖွဲ့ အင်အားမှာ ၂ သောင်းကျော် ရှိသော်လည်း လက်နက် တပ်ဆင်ထားမှုမှာမူ သနားစရာ ကောင်းလှသည်။ လက်နက်ငယ် အချို့မှလွဲ၍ လက်နက်ကြီးဟူ၍ မရှိသလောက်ပင်။ သို့သော် အခြားမြို့ ၃ မြို့တွင်လည်း အခြေအနေမှာ အတူတူပင် ဖြစ်လောက်သည်။

ယခု စစ်ဆင်ရေးသည် လူဦးရေ ရွှေ့ပြောင်းခြင်း သက်သက် မဟုတ်ဘဲ အာဏာလွှဲပြောင်းရယူခြင်းလည်း ပါဝင်သည်။

မြို့တော်သစ် ပျက်စီးသွားပြီး ဆက်သွယ်ရေးများ ပြတ်တောက်သွားသည့်နောက်ပိုင်း ထိုမြို့ ၃ မြို့၏ ရပ်တည်ချက် မည်သို့ပင် ရှိစေကာမူ လက်တွေ့တွင်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေသည့် အခြေအနေ ဖြစ်နေသည်။ သူတို့၏ ခေါင်းဆောင်များ မည်သို့ စဉ်းစားနေကြသည်ကို မည်သူမျှ မသိနိုင်ပေ။

နိုင်ငံရေး ဆိုသည်မှာ ယဉ်ကျေးသိမ်မွေ့သော အရာမဟုတ်ပေ။ လူတို့၏ ရည်မှန်းချက် ကြီးထွားလာပါက မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရ ခက်ခဲသည်။ ထို့ကြောင့် လော်ယွမ် အနေဖြင့် အဆိုးဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သည်။

သူတို့၏ ခုခံမှုသည် လော်ယွမ်အတွက် ပြောပလောက်စရာ မဟုတ်ပေ။ လက်ရှိ သူ၏ စွမ်းအားဖြင့် ဆိုလျှင် အမြောက်ကြီးများဖြင့် ပစ်ခတ်လျှင်ပင် ခြစ်ရာတစ်ခု ထင်မည်မဟုတ်။

သို့သော် သူ မည်မျှပင် စွမ်းအားကြီးပါစေ၊ တစ်ယောက်တည်းသာ ဖြစ်သည်။ ဖျက်ဆီးပစ်ဖို့ လွယ်ကူသော်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ ခက်ခဲသည်။ ယခု စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ဖျက်ဆီးရန် မဟုတ်ဘဲ ကျန်ရှိနေသေးသော လူသားမျိုးနွယ် အကြွင်းအကျန်များကို ကယ်တင်ရန် ဖြစ်သည် မဟုတ်ပါလား။

ထို့ကြောင့် ဤစစ်ဆင်ရေးကို တစ်ယောက်တည်း သွားရောက်၍ မဖြစ်နိုင်ပေ။ စစ်ဘက်ရဲတပ်ဖွဲ့ အမြောက်အမြားကို ခေါ်ဆောင်သွားရမည်။ အကယ်၍ တစ်ဖက်မှ သီးခြားရပ်တည်ရန် ကြိုးပမ်းသည့် အရိပ်အယောင် ပြလာပါက ချက်ချင်း အင်အားသုံး၍ ထိန်းချုပ်ရမည် ဖြစ်သည်။

ဆယ်မိနစ်ခန့် အကြာတွင် လီဖုန်း ရောက်ရှိလာပြီး မကြာမီမှာပင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သော မျက်နှာထားဖြင့် အလျင်အမြန် ပြန်လည်ထွက်ခွာသွားလေသည်။

...

ညနေစောင်းအချိန်တွင် မြေအောက်အလွှာ အသီးသီးမှ ခေါ်ယူစုဆောင်းထားသော စစ်ဘက်ရဲတပ်ဖွဲ့ဝင် သောင်းနှင့်ချီသည် တစ်နေရာတည်းတွင် စုဝေးရောက်ရှိလာကြသည်။ သူတို့သည် အရေးပေါ် ထုတ်လုပ်ထားသော သားရေကုတ် အင်္ကျီထူကြီးများကို ဝတ်ဆင်ထားကြပြီး ညီညာသော စစ်ကြောင်းများဖြင့် မျှော်လင့်ချက်မြို့တော်မှ ထွက်ခွာလာကြသည်။

ကမ္ဘာပျက်ကပ် ကာလမှ စစ်ဘက်ရဲတပ်ဖွဲ့ဝင်များသည် ငြိမ်းချမ်းရေးခေတ်မှ ရဲများနှင့် မတူပေ။ သူတို့၏ လေ့ကျင့်မှုများသည် သာမန် စစ်သားများနှင့် ထပ်တူပင် ဖြစ်သည်။

မြို့ပြ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူရုံသာမက သန္ဓေပြောင်း သတ္တဝါများ၏ ကျူးကျော်မှုကိုလည်း ရှင်းလင်းရသည်။

အန္တရာယ် ကြုံလာပါက စစ်မြေပြင်သို့ ထွက်ရသည်လည်း ရှိသည်။ သူတို့၏ စစ်ချီတက်ပုံကို ကြည့်လျှင် သာမန် စစ်သားများနှင့် ခွဲခြားရန် ခက်ခဲလှပေသည်။

အပြင်ဘက် ရာသီဥတုမှာ ပိုမို အေးစက်လာသည်။ ပါးစပ်မှ မှုတ်ထုတ်လိုက်သော လေငွေ့များသည် ချက်ချင်းဆိုသလို ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားသည်။

မြေပြင်အခြေအနေကို လုံးဝ မမြင်ရတော့ဘဲ နေရာအနှံ့ ထူထဲသော ရေခဲပြင်ကြီး ဖုံးလွှမ်းနေသည်ကိုသာ တွေ့ရသည်။

လော်ယွမ်က ခြေထောက်ဖြင့် "ဖွဖွ" လေး နင်းလိုက်ရာ ရေခဲပြင်ကြီးမှာ ရုတ်ခြည်း အက်ကွဲသွားပြီး "ဂျစ်" ဟူသော အသံနှင့်အတူ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ဘေးပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ပေ ၁၀၀ ခန့် အကွာရောက်မှသာ ရပ်တန့်သွားသည်။

ပြင်းထန်သော အအေးဒဏ်ကြောင့် ရေခဲပြင်မှာ အလွန် မာကျောသော်လည်း အလွန် ကျွတ်ဆတ်လှသည်။ တစ်နေရာ ကွဲသွားသည်နှင့် ကျယ်ပြန့်သော ဧရိယာ တစ်ခုလုံး ထိခိုက်သွားနိုင်သည်။ အက်ကွဲကြောင်း၏ အနက်ကို ကြည့်ခြင်းအားဖြင့် ရေခဲပြင် အထူမှာ ၁၂ လက်မ ခန့် ရှိနေပြီ ဖြစ်သည်။

လက်တွေ့တွင် ဤနေရာ၏ အပူချိန်သည် တောင်နှင့် မြောက် ဝင်ရိုးစွန်းများနည်းတူ ဖြစ်နေပြီ ဖြစ်ရာ ပေ ထောင်ချီ ထူထဲသော ရေခဲပြင်ကြီး ဖြစ်လာဖို့မှာ အချိန်မေးခွန်းသာ ဖြစ်တော့သည်။

ထိုစဉ် လော်ယွမ်သည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားသော မီးခိုးတိုင်ကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်နေပြီး မီးခိုးများထဲတွင် မီးရောင်များ လဲ့နေသည်ကို တွေ့လိုက်ရသည်။

မည်သည့်အချိန်ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည် မသိသော်လည်း အဆုံးအစမဲ့ ကျယ်ပြောသော လွင်ပြင်ကြီးပေါ်တွင် တောင်တစ်လုံး မိုးထိုးထွက်လာခဲ့လေပြီ။

ကြီးမားသော ဖုန်မှုန့်များသည် ဆွဲငင်အားကြောင့် မြေပြင်သို့ ကျဆင်းလာသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် ယှဉ်လျှင် အလင်းရောင် အနည်းငယ် ပိုရလာသည်။ ယခင်ကလို မှောင်မည်းမနေတော့ဘဲ ကိုယ့်လက်ကိုယ် ပြန်မြင်ရရုံလောက် အခြေအနေသို့ ရောက်ရှိလာသည်။ မရှိတာထက်တော့ သာပေသည်။

သို့သော် လော်ယွမ်၏ ညကြည့် အမြင်အာရုံ အတွက်မူ ထိုမျှလောက် အလင်းရောင်သည် နေ့ခင်းဘက်ကဲ့သို့ပင် ထင်ရှားနေသည်။ လေထုထဲတွင် ပျံ့နှံ့နေသော ဖုန်မှုန့်များသည်လည်း သူ၏ လေးဖက်မြင် အမြင်အာရုံကို အနှောင့်အယှက် မဖြစ်စေနိုင်ပေ။

ထိုတောင်သည် မကြာသေးမီကမှ ဖြစ်ပေါ်လာသော မီးတောင်သစ်တစ်လုံး ဖြစ်ကြောင်း သေချာသည်။ တောင်ထိပ်ပိုင်းတွင် အနီရောင် သမ်းနေသည်ကို ကြည့်လျှင် ချော်ရည်များ ဖုံးလွှမ်းနေကြောင်း သိသာသည်။ မနေ့က ဖြစ်ပွားခဲ့သော ငလျင်ကြီးသည် ထိုမီးတောင်ကြောင့် ဖြစ်နိုင်ပေသည်။

ကံကောင်းသည်မှာ လေဆန်နေခြင်းနှင့် မီးတောင်သည် မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာနေခြင်းတို့ကြောင့် မီးတောင်ပြာများသည် ဤနေရာသို့ မရောက်ရှိသေးပေ။ သို့မဟုတ်ပါက ဓာတ်ငွေ့ကာ မျက်နှာဖုံး မပါဘဲနှင့် ခရီးဆက်ရန် မဖြစ်နိုင်ပေ။

"မြို့တော်ဝန်... ဟိုမှာ ဘာဖြစ်တာလဲ" ကိုယ်တိုင် ဦးစီးလိုက်ပါလာသော လီဖုန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... မီးတောင် တစ်လုံးပါပဲ" လော်ယွမ်က ခေါင်းခါရင်း ခရီးဆက်လိုက်သည်။

ဒီနားမှာ မီးတောင် ရှိလို့လား... ကျန်ရစ်ခဲ့သော လီဖုန်းမှာ ကြောင်အအ ဖြစ်သွားသည်။ ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်လာမှ အချမ်းဒဏ်ကြောင့် တုန်တက်သွားပြီး အဖွဲ့နောက်သို့ သုတ်ခြေတင် ပြေးလိုက်ရသည်။ မကြာမီတွင် မျှော်လင့်ချက်မြို့တော် အနီး၌ ရပ်နားထားသော ဧရာမ ယာဉ်ပျံကြီးသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

......

နာရီဝက်ခန့် အကြာတွင် ယာဉ်ပျံကြီးသည် ဖြည်းညှင်းစွာ ကြွတက်လာသည်။ အင်ဂျင်ပေါက်ဝမှ ပလာစမာ မီးတောက်များ ပန်းထွက်လာပြီး စူးရှသော အလင်းတန်းကြီး ဖြစ်ပေါ်လာသည်။

ကြောက်မက်ဖွယ် ကောင်းလှသော အပူရှိန်ကြောင့် အောက်ဘက်ရှိ ရေခဲပြင်ကြီးသည် ချက်ချင်း အငွေ့ပျံသွားသည်။ ထို့နောက် ကြီးမားလှသော ယာဉ်ပျံကြီးသည် စည်းလုံးခြင်းမြို့တော် ရှိရာသို့ ဖြည်းညှင်းစွာ ဦးတည် မောင်းနှင်သွားတော့သည်။

ဆက်ရန်...

All Chapters