အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အခန်း (၅၆၂) - ကွင်းရှင်းလင်းရေး (အပိုင်း ၂)
~ထို့ကြောင့် သူတို့သည် မကျေမနပ် ဖြစ်နေကြသော်လည်း ဘာမှ ပြန်မပြောရဲကြဘဲ ရွှေရောင် ရတနာ ခန်းမထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြရလေ၏။
နောက်ဆုံးတွင် ရွှေရောင် ရတနာ ခန်းမထဲ၌ ကျန်ရစ်သူများမှာ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများမှ ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးများ၊ ပြိုင်ဘက်ကင်း ပါရမီရှင် နင်ချီနှင့် သူ ဦးဆောင်သော အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် အမွေခံ ရှစ်ဦးသာ ဖြစ်ကြ၏။
ရင်ကျုံးနှင့် ဝူတောက်၏ အကြည့်များသည် နောက်ဆုံးတွင် နင်ချီနှင့် အဖွဲ့ထံသို့ ရောက်ရှိလာသည်။ သို့သော် သူတို့ ကိုးယောက်စလုံး စုံလင်စွာ ရှိနေသည်ကို မြင်သောအခါ နှစ်ယောက်စလုံး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကြ၏။
ထို့နောက် သူတို့၏ အကြည့်သည် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း မှ အစစ်အမှန် အမွေခံ အချို့ထံသို့ ရောက်ရှိသွားသည်။
ရင်ကျုံးက မထီမဲ့မြင် ပြောလိုက်သည်။
"မင်းတို့ စီနီယာအစ်ကိုကြီး ချူရှောင်ထျန်း မရောက်သေးဘူးလား"
ပေ့ရွှမ် ဂိုဏ်းသား ခုနစ်ယောက်၏ မျက်နှာများ မည်းမှောင်သွားကြ၏။
အချိန်ကုန် သက်သာစေရန် ချူရှောင်ထျန်းသည် သူတို့နှင့် လူစုခွဲပြီး ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ ဆီသို့ ကြိုသွားခဲ့ခြင်း ဖြစ်သည်။ သို့တိုင်၊ သူတို့ ခုနစ်ယောက် ရောက်လာသော အချိန်ထိ ချူရှောင်ထျန်းရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးပေ။
ရွှေရောင် အုတ်ဂူ အပြင်ဘက်က ချူရှောင်ထျန်းနှင့် နင်ချီ တို့၏ တိုက်ပွဲကို သူတို့ လွဲချော်ခဲ့ကြတာ သဘာဝကျပေသည်။ အဲဒီတုန်းက လူအများကြီး ကြည့်နေကြပေမယ့် တိုက်ပွဲပြီးသည်နှင့် လူတိုင်း အုတ်ဂူထဲ အလုအယက် ဝင်သွားကြသည်လေ။ ဘယ်သူမှ စေတနာ ဗလပွနှင့် လာပြောပေးမည့် သူ မရှိချေ။
ထို့အပြင်၊ ဒီလို သတင်းဆိုးမျိုးကို သွားပြောလျှင် ကိုယ့်ကို ပြန်သတ်မလား မှန်းမရပေ။ ထိုထိပ်တန်း အဆင့်မြင့် ဂိုဏ်းသားတွေထဲမှာ လူကောင်း ဆိုတာ ရှားပါး ပစ္စည်းမျိုးကိုး။
ရင်ကျုံး ဘေးနားရှိ ဝူတောက် ပင်လျှင် နားမလည်နိုင်သော မျက်နှာထား ဖြစ်ပေါ်နေသည်။ ချူရှောင်ထျန်း ပေါ်မလာတာ တကယ် ထူးဆန်းနေသည်။ သူ သေသွားပြီ ဆိုသော ဖြစ်နိုင်ချေကို ဝူတောက် လုံးဝ မစဉ်းစားမိပေ။
ဘာပဲဖြစ်ဖြစ် ရင်ကျုံး ကိုယ်တိုင်တောင် ပြောဖူးသည်။
…သူ ချူရှောင်ထျန်းကို မယှဉ်နိုင်လောက်ဘူး ဟူ၍။ ချူရှောင်ထျန်းက မူလဝိညာဉ် နယ်ပယ် အထွတ်အထိပ်မှာ နှစ်ပေါင်း တစ်ရာ ကြာအောင် နေခဲ့သည်က အလကား မဟုတ်ပေ။
ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အတွက် သာမန် မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖို့ ဆိုတာ လွယ်ကူပေမယ့်၊ အချင်းချင်း ပြန်သတ်ဖို့ ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲလှပေသည်။
"ဖြစ်နိုင်တာက... ချူရှောင်ထျန်းက ဖူချန်ကို တွေ့ပြီး လိုက်သွားတာများလား"
ဝူတောက် ရုတ်တရက် ပြောလိုက်သည်။
ရင်ကျုံး ခဏ ငြိမ်သက်သွားပြီးမှ သဘောပေါက်သွားသည်။
"ဟုတ်မှာပါ... ဒါပဲ ဖြစ်နိုင်တယ်"
သူတို့ ပြောစကားကို ကြားသောအခါ ပေ့ရွှမ် ဂိုဏ်းသား ခုနစ်ယောက်လည်း ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ တကယ်ပဲလား။
ချူရှောင်ထျန်း တစ်ခုခု ဖြစ်သွားပြီဟု မိမိတို့ သံသယ ဝင်နေပေမယ့် ရှိနေသူတွေထဲမှာ ဘယ်သူက စီနီယာအစ်ကိုကြီးကို ယှဉ်နိုင်မှာမို့လဲ။
နင်ချီ လား။
သူတို့က သတင်းစကားပါးပြီး စိန်ခေါ်တုန်းကတောင် နင်ချီက အရိပ်တောင် မပြရဲခဲ့ပါ။
နင်ချီ ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်။ သူတို့က နင်ချီကို သွားပြဿနာ မရှာရင်တောင် ကံကောင်းလိမ့်မည်။
သို့သော်လည်း၊ ဒီ ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူထဲမှာ အချင်းချင်း အာရုံခံ၍ မရတော့ပေ။
စီနီယာအစ်ကိုကြီး ဘယ်ရောက်သွားလဲ ဆိုတာ တကယ် မသိရတော့ချေ။
ပေ့ရွှမ် ဂိုဏ်းသား ခုနစ်ယောက်၏ မျက်နှာထားကို မြင်သောအခါ ရင်ကျုံးနှင့် ဝူတောက် တိတ်တဆိတ် ပြုံးလိုက်ကြသည်။
ချူရှောင်ထျန်း မလာတာ သူတို့အတွက် အကောင်းဆုံးပင်။
ပြိုင်ဘက် တစ်ယောက် လျော့သွားသည်ပေါ့။
ထို့ပြင်၊ သူက ဖူချန်ကို တွေ့၍ လိုက်သွားတာ ဆိုရင်လည်း သူတို့အတွက် အကျိုးရှိသေးသည်။ ဖူချန် ဘယ်မှာလဲ ဆိုတာ သူ့ကို ကြည့်ပြီး ခြေရာခံလို့ ရသည်ကိုး။
ရင်ကျုံး မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။
"ချူရှောင်ထျန်း မရောက်လာမှတော့... မင်းတို့လည်း ရွှေရောင် ရတနာ ခန်းမထဲက ထွက်သွားလိုက်တော့"
"ဘာ"
ချူရှောင်ထျန်းနှင့် ရင်းနှီးသော ကျောက်ဖေး က ရှေ့ထွက်လာပြီး အော်ပြောလိုက်သည်။
"ရင်ကျုံး... ဝူတောက်... ငါတို့က ဟို တစ်သီးပုဂ္ဂလ သမားတွေ၊ ဂိုဏ်းသေးလေးတွေနဲ့ မတူဘူးကွ။ မင်းတို့က ငါတို့ကို သူတို့နဲ့ တန်းတူ ထားရဲတယ်ပေါ့။ မင်းတို့ အရမ်း မာနကြီးလွန်းနေပြီ"
ဝူတောက်၏ ကျဉ်းမြောင်းသော မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး ခန့်မှန်းရခက်သော ပုံစံ ပေါက်နေသည်။
"ချူရှောင်ထျန်း မရှိဘဲနဲ့... မင်းတို့က ငါတို့ကို စကားပြောခွင့် ရှိလို့လား"
ချက်ချင်းပင် ..သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် အခင်းအကျင်း တစ်ခု အသက်ဝင်လာပြီး ထိုခုနစ်ယောက်ကို ပိတ်လှောင်လိုက်သည်။
ခုနစ်ယောက်သား ဒေါပွသွားကြပြီး လက်နက်များ ထုတ်ကာ အခင်းအကျင်းကို ဖျက်ဆီးရန် ကြိုးစားကြ၏။ သို့သော် သူတို့၏ တိုက်ခိုက်မှုများသည် အခင်းအကျင်းပေါ်တွင် လှိုင်းဂယက်လေးများသာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။
ဝူတောက်က မထီမဲ့မြင် ကြည့်လိုက်သော်လည်း သူကိုယ်တိုင် သတ်ဖြတ်ချင်ပုံ မရပေ။ ထိုအစား နင်ချီတို့ ဘက်သို့ လှည့်လိုက်သည်။
"နင်ချီ... မင်းတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းနဲ့ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက ရန်ငြိုး ရှိတယ်လို့ ကြားတယ်။ အခု ငါ မင်းတို့အတွက် ဖမ်းပေးထားပြီ... မင်းတို့ဘာသာ ရှင်းလိုက်ကြပါလား"
နင်ချီနှင့် အဖွဲ့က ပွဲကြည့်နေကြတာ ဖြစ်၏။ ဝူတောက်က သူတို့ကို ဓားစာခံ အဖြစ် အသုံးချဖို့ ကြံစည်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ တကယ့်ကို ပါးနပ်လိုက်သော ကစားကွက်ပင် ဖြစ်သည်။
ကျန်းချင်းရွှယ်နှင့် ကျန်ရှစ်ယောက်က နင်ချီကို ပြိုင်တူ ကြည့်လိုက်ကြ၏။ ခေါင်းဆောင် အဖြစ် လေးစားသမှုဖြင့် ဆုံးဖြတ်ချက်ကို သူ့ထံ လွှဲအပ်လိုက်ခြင်း ဖြစ်သည်။
နျူမန် ဦးဆောင်သော မိစ္ဆာများကလည်း နင်ချီကို ကြည့်နေကြ၏။ နျူမန်ကတော့ "သတ်ရမယ် ဆိုရင် ငါ့ကို ပေးလုပ်ပါ" ဆိုသော အကြည့်ဖြင့် ကြည့်နေသည်။
နင်ချီသည် မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို ရင်ဆိုင်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဒါက သိပ်မကောင်းဘူး ထင်တယ်"
ရင်ကျုံး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
..နင်ချီက သတ္တိနည်းလွန်းတယ်။
ဒီလို လူစားမျိုးက ငါ တို့လို စစ်မှန်တဲ့ ပါရမီရှင်တွေနဲ့ ယှဉ်တွဲ ဖော်ပြခံရတာ ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုတဲ့ နာမည်ကို အသရေ ဖျက်တာပဲ။..
"ဘာ မကောင်းစရာ ရှိလို့လဲ။ အင်မော်တယ် လမ်းစဉ် အတွက် တိုက်ပွဲဝင်တာက အသက်နဲ့ ရင်းရတာပဲ။ ငါတို့ တောင်ပိုင်း နယ်မြေက လူတွေနဲ့ မင်းတို့ ပေ့ရွှမ် နယ်မြေက လူတွေက အရပ်ဒေသ ကွာခြားလို့ သိပ်မဆက်ဆံကြပေမယ့်... ပေ့ရွှမ် ဂိုဏ်းက မင်းတို့ကို သတ်ချင်နေတယ် ဆိုတာ ငါတို့ အသေအချာ သိတယ်။ အနာဂတ်မှာ သူတို့ကို ခြိမ်းခြောက်လာမှာ စိုးလို့လေ"
ရင်ကျုံးက အကြံပေးလိုက်ပြီး၊ အခင်းအကျင်းထဲတွင် ပိတ်မိနေသော ခုနစ်ယောက်ကို ဝေ့ကြည့်ကာ ဆက်ပြောလိုက်သည်။
"ကဲ... ငါ ပြောတာ မှားလား"
ခုနစ်ယောက်သား အေးစက်စွာ နှာမှုတ်လိုက်ကြ၏။
ထိုစဉ်၊ ကျောက်ဖေးက အခင်းအကျင်းထဲမှ အော်ပြောလိုက်သည်။
"ရင်ကျုံး... ဝူတောက်ကို ပြောပြီး ငါတို့ကို လွှတ်ပေးလိုက်ရင် ကောင်းမယ်နော်။ စီနီယာအစ်ကိုကြီး ချူ ရောက်လာရင်... နင်ချီ တစ်ယောက်တည်း ဒုက္ခရောက်မှာ မဟုတ်ဘူး။ မင်းတို့ပါ ပါသွားလိမ့်မယ်"
ရင်ကျုံး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ် တစ်ချက် ဖြတ်ပြေးသွားသော်လည်း ထိန်းချုပ်လိုက်ပြီး နင်ချီဘက်သို့ ပြန်လှည့်ပြောလိုက်သည်။
"တွေ့လား... ငါ ပြောတာ မမှားပါဘူး။ သူတို့မှာ တကယ် ရည်ရွယ်ချက် ရှိနေတာ။ တကယ်လို့ မင်းက ပေ့ရွှမ် ဂိုဏ်းရဲ့ လက်တုံ့ပြန်မှုကို ကြောက်နေတယ် ဆိုရင် စိတ်မပူပါနဲ့။ ဒီမှာ ရှိတဲ့ လူတွေကလွဲရင်... မင်း လုပ်တယ် ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး"
"မင်းတို့တွေက အချင်းချင်းတွေ မဟုတ်ကြဘူးလား"
နင်ချီ ရုတ်တရက် မေးလိုက်သည်။
ရင်ကျုံး ဆွံ့အသွားသည်။
ဝူတောက်နှင့် ရင်ကျုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
နင်ချီက တမင် ဟန်ဆောင်ပြီး မသိချင်ယောင် ဆောင်နေသည်ဟု ခံစားလိုက်ရသည်။
"ထားလိုက်ပါတော့ အစ်ကို ရင်... ငါက အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကူညီချင်လို့ လုပ်ပေးတာပါ။ လူတွေကို ဖမ်းပေးထားတာတောင် ကျေးဇူး မတင်တတ်ကြဘူး။ ငါ့အထင်တော့... ဒီ နင်ချီ ဆိုတဲ့ကောင်က ငါတို့လို ပြိုင်ဘက်ကင်း ပါရမီရှင် စာရင်းဝင်ဖို့ မတန်ပါဘူး။ ဒီ ရွှေရောင် ရတနာ ခန်းမထဲမှာ ရှိနေဖို့လည်း မထိုက်တန်ဘူး”
အခန်း (၅၆၃) - ကွင်းရှင်းလင်းရေး (အပိုင်း ၃)
~ရင်ကျုံး သည် နဖူးကို လက်ဖြင့် အသာအုပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"မင်းပြောတာ ဟုတ်တယ်... ငါက လူမိုက်တွေနဲ့ စကားပြောရင်း အချိန်တွေ အများကြီး ဖြုန်းမိတာပဲ"
သူ စကားဆုံးသည်နှင့် တပြိုင်နက် ဝူတောက် အသက်သွင်းထားသော အခင်းအကျင်း အတွင်းမှ စူးရှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။
လူတိုင်း အလျင်အမြန် လှမ်းကြည့်လိုက်ကြရာ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းမှ အစစ်အမှန် အမွေခံ (၇) ဦးစလုံး အသက်ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
ရင်ကျုံးနှင့် ဝူတောက်တို့၏ ပုံရိပ်များသည် ကျန်းချင်းရွှယ်နှင့် အခြားသူများ၏ မျက်လုံးထဲတွင် အလွန် အရုပ်ဆိုး အကျည်းတန်နေသကဲ့သို့ ထင်ဟပ်နေသည်။ ဤလူနှစ်ဦးသည် အပြင်ပန်းတွင် ဂုဏ်သရေရှိသယောင် ဟန်ဆောင်ထားသော်လည်း အတွင်းစိတ်မှာမူ မြွေပွေး မြွေဟောက်များကဲ့သို့ ကောက်ကျစ် စဉ်းလဲပြီး ရက်စက် ကြမ်းကြုတ်လှပေသည်။
"ကဲ... အခု အကန့်အသတ်မဲ့ ဓားဂိုဏ်းပဲ ကျန်တော့တယ်။ မင်းတို့ဘာသာ ထွက်သွားမလား... ဒါမှမဟုတ် ငါ မောင်းထုတ်ပေးရမလား"
အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဝူတောက်သည် ရွှေရောင် ရတနာ ခန်းမထဲတွင် ရပ်လျက် ရင်ကျုံးနှင့် အချိတ်အဆက်မိမိ ပူးပေါင်း လှုပ်ရှားနေသည်။ သူတို့ နှစ်ဦးစလုံးထံမှ ယုံကြည်မှု အပြည့်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ယူဆနေပုံ ရ၏။
ရင်ကျုံးသည် နင်ချီနှင့် အဖွဲ့ကို ဂရုမစိုက်တော့ပေ။ အခြေအနေက ပြောင်းလဲစရာ မရှိတော့ဟု သူ တွက်ဆထားသောကြောင့် ဖြစ်သည်။
ထိုအစား သူက အံ့သြဟန်ဆောင်ကာ မေးလိုက်သည်။
"ညီအစ်ကို ဝူ... မင်းက ပေ့ရွှမ် ဂိုဏ်းက ခုနစ်ယောက်လုံးကို နှိမ်နင်းပြီးပြီပဲ။ ဘာလို့ ဒီလူတွေကို အသက်ချမ်းသာ ပေးချင်နေရတာလဲ"
ဝူတောက်က ချက်ချင်း ပြန်လှန် ချေပလိုက်သည်။
"ညီအစ်ကို ရင် ရဲ့ ဉာဏ်ပညာနဲ့... ငါ့ ရည်ရွယ်ချက်ကို နားမလည်ဘူးလား"
ရင်ကျုံး ပြုံးလိုက်ပြီး ဘေးနားတွင် မည်သူမျှ မရှိသကဲ့သို့ ပြောဆိုလိုက်လေ၏။
"ဩော်... ငါ သဘောပေါက်ပြီ။ ညီအစ်ကို ဝူ က ဗျူဟာခင်းတဲ့ နေရာမှာ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။ မင်းက ပေ့ရွှမ် နယ်မြေက ဂိုဏ်းနှစ်ခုလုံးကို 'ဓားစာခံ' အဖြစ် အသုံးချပြီး ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းရဲ့ တိုးတက်မှုကို ဟန့်တားချင်တာကိုး။ ငါ ခန့်မှန်းတာ မှန်ရဲ့လား"
"ညီအစ်ကို ရင် က ငါ့အကြောင်း တကယ် နားလည်တာပဲ"
ရင်ကျုံး ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။
"ညီအစ်ကို ဝူ လို လူမျိုးသာ ငါတို့ 'ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း' ကို ဝင်ရောက် ပူးပေါင်းမယ် ဆိုရင်... အနာဂတ်မှာ ငါတို့ဂိုဏ်းက နောက်ထပ် 'ပေါင်းစည်းခြင်း နယ်ပယ်' မဟာ စွမ်းအားရှင်ကြီး တစ်ပါးကို ပိုင်ဆိုင်ရမှာ သေချာသလောက်ပါပဲ"
"ညီအစ်ကို ရင် က မြှောက်ပြောလွန်းပါပြီဗျာ။ မင်းက အရင်ဆုံး ဝင်ရောက်နိုင်မှာ သေချာပါတယ်။ အဲဒီကျရင် ငါ့ကို လမ်းညွှန်ပေးပါဦး"
"ဟားဟား... ညီအစ်ကို ဝူ က သိပ် ယဉ်ကျေးလွန်းနေပြီ"
ထိုစကားများကို ကြားလိုက်ရသောအခါ အားလုံး သဘောပေါက် နားလည်သွားကြသည်။
တကယ်တော့ ဝူတောက်နှင့် ရင်ကျုံး တို့သည် တိတ်တဆိတ် သဘောတူညီမှု ရယူထားပြီး ဖြစ်လေ၏။ ဝူတောက်သည် သူ၏ မူလဂိုဏ်းကို သစ္စာဖောက်ပြီး ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း သို့ ဝင်ရောက်ရန် ကြံစည်ထားခြင်း ဖြစ်သည်။
သူတို့ နှစ်ဦး ဤမျှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမှာ မဆန်းတော့ချေ။
ရွှေရောင် ရတနာ ခန်းမ တံခါးဝတွင်...၊ ထိုစကားသံများသည် ဝူတောက်၏ မူလဂိုဏ်းမှ လူများ၏ နားထဲသို့လည်း သဘာဝကျစွာပင် ရောက်ရှိသွားသည်။
သူတို့သည် မယုံကြည်နိုင်သော မျက်နှာထားများဖြင့် ခေါင်းများကို လှည့်ကာ ဝူတောက်ကို ကြည့်လိုက်ကြလေ၏။
လူတို့၏ စိတ်ကို နားလည် ကျွမ်းကျင်သော ဝူတောက်သည် သူတို့၏ အတွေးများကို အလွယ်တကူ ခန့်မှန်းမိလိုက်သည်။
"ဂျူနီယာ ညီလေးတို့... မင်းတို့လည်း ထွက်သွားကြတော့။ ဒီအခွင့်အရေးကို သုံးပြီး အောက်ဘက်က ရတနာတွေကို များများ ရှာဖွေကာ ဂိုဏ်းကို ပြန်သယ်သွားကြ။ ပြီးတော့ ဆရာ့ကို ပြောလိုက်ပါ... ငါ ဂိုဏ်းမှာ ဆက်နေရင် ငါ့လမ်းဆုံးသွားလိမ့်မယ် လို့လေ။ ဒါကြောင့် အနာဂတ် တိုးတက်မှုအတွက် ငါ ဒီလို လုပ်ရတာပါလို့"
ထိုလူစုသည် ဝိညာဉ် လွင့်ပါးသွားသကဲ့သို့ ဖြစ်သွားကြရသည်။ ဂိုဏ်း၏ အရင်းအမြစ် အားလုံးကို အသုံးပြုပြီး ပြုစုပျိုးထောင်ပေးခဲ့သော စီနီယာညီအစ်ကို ဝူ က ဤ လျှို့ဝှက်နယ်မြေ အတွင်း၌ သူတို့ကို သစ္စာဖောက်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ကြချေ။
ထိုအထဲမှ တစ်ယောက်က အလျင်အမြန် တုံ့ပြန် ပြောဆိုလိုက်သည်။
"စီနီယာညီအစ်ကို ဝူ... ကျွန်တော်တို့လည်း အစ်ကို့နောက်လိုက်ပြီး ကောင်းကင် ကြယ်တာရာ ဂိုဏ်းကို လိုက်ခဲ့မယ်လေ။ တစ်ယောက်တည်း ပြန်သွားရင် ဆရာက ကျွန်တော်တို့ကို အပြစ်တင်လိမ့်မယ်ဗျ"
ထိုအခါ၊ မျှော်လင့်မထားဘဲ ဝူတောက် ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
"မင်းတို့က ကောင်းကင် ကြယ်တာရာ ဂိုဏ်း ဆိုတာ ဘယ်လို အဆင့်အတန်း ရှိတယ် ထင်နေလဲ။ လမ်းဘေးက ခွေးတွေ ကြောင်တွေ အကုန်လုံးကို သူတို့က လက်ခံမယ် ထင်နေလား။ ကိုယ့်အရည်အချင်း ကိုယ် နားမလည်ကြဘူးလားကွ"
ထိုလူသည် ချက်ချင်း လက်မှိုင်ချသွားရသည်။ ဝူတောက်သည် သူ့ကိုယ်ကျိုးအတွက် သူတို့အားလုံးကို စွန့်ပစ်ရန် ရည်ရွယ်ထားကြောင်း သဘောပေါက်သွားသောကြောင့် ဖြစ်၏။
သူတို့ ဆက်ပြီး မပြောရဲတော့ချေ။ ဝိညာဉ်မဲ့နေသော လူများကဲ့သို့ ကောင်းကင် တက်လမ်း၏ ကျောက်စိမ်း လှေကားထစ်များ အတိုင်း ပြန်ဆင်းသွားကြရသည်။
ဆက်ပြီး နှောင့်နှေးနေပါက သူတို့၏ စီနီယာအစ်ကို ဆိုသူသည် သူတို့ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ပစ်ပေလိမ့်မည်။
ရွှေရောင် ရတနာ ခန်းမ တစ်ခုလုံးတွင် အင်အားစု လေးခုသာ ကျန်ရှိတော့သည်။
ရင်ကျုံးသည် ဝူတောက်က ဂိုဏ်းတူ ညီငယ်များကို မောင်းထုတ်လိုက်သည်ကို မြင်သောအခါ ရုတ်တရက် ပြောလိုက်သည်။
"ညီအစ်ကို ဝူ... သူတို့ကို အခု မောင်းထုတ်လိုက်တာ စောလွန်းတယ် မထင်ဘူးလား။ သူတို့ မရှိရင် တံခါးပေါက်ကို စောင့်ဖို့ ငါတို့ ကောင်းကင် ကြယ်တာရာ ဂိုဏ်းက ဂျူနီယာ မောင်နှမတွေပဲ ကျန်တော့မှာ။ ငါတို့နောက်မှာ လူတွေ အများကြီး ထပ်ရောက်လာဦးမှာ ဆိုတော့... သူတို့ တောင့်ခံနိုင်ပါ့မလား"
ထိုစကားကို ကြားသောအခါ ဝူတောက် စုတ်သပ်လိုက်မိသည်။
" အဲဒါကို မေ့သွားတယ်ဗျာ။ ကံဆိုးတာက ဒီ ရွှေရောင် ရတနာ ခန်းမထဲက အခင်းအကျင်း လည်ပတ်ပုံကို ယာယီ နားမလည်သေးတာပဲ။ မဟုတ်ရင် ခန်းမတံခါးကို ပိတ်ချလိုက်ရုံနဲ့ ဘယ်သူမှ ဝင်လာလို့ မရတော့ဘူး"
ရင်ကျုံး အင်္ကျီလက်စကို ခါလိုက်ပြီး ပြောလိုက်သည်။
"ငါ့အထင်တော့ ညီအစ်ကို ဝူ က သံယောဇဉ် မပြတ်နိုင်သေးဘဲ သူတို့ကို တမင် သက်သက် ဝေးရာကို ပို့လိုက်တာများလား။ ဒါပေမဲ့ ထားလိုက်ပါတော့... ညီအစ်ကို ဝူ.. ငါတို့ဆီ ရောက်လာမှတော့ ငါ့ ဂျူနီယာ မောင်နှမတွေ နည်းနည်း ပိုပင်ပန်းရတာ ဘာမှ မဖြစ်ပါဘူး"
ဝူတောက် ရင်ကျုံးကို တစ်ချက် စောင်းကြည့်လိုက်သည်။ မကျေနပ်မှု အရိပ်အယောင် တစ်ခု သူ၏ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။ ရင်ကျုံးက သူ့အာဏာကို စိန်ခေါ်နေခြင်း ဖြစ်ပြီး၊ ကောင်းကင် ကြယ်တာရာ ဂိုဏ်းတွင် မည်သူက အဆုံးအဖြတ် ပေးသူ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်၏။
"စိတ်ချပါ ..ညီအစ်ကိုရင်..မင်းကို ရတနာတွေ တတ်နိုင်သမျှ အများဆုံး ရအောင် ကူညီပေးပါ့မယ်"
"အင်း"
ရင်ကျုံးသည် ထို့နောက် နင်ချီနှင့် အဖွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းတို့က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ အမှန်တရားကို လက်ခံဖို့အတွက် ညီအစ်ကို ဝူ က လူနည်းနည်းလောက် ထပ်သတ်ပြဖို့ လိုသေးတာလား"
နင်ချီ ပြုံးလိုက်ပြီး လက်ခုပ်တီးကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြဇာတ် ကလို့ ပြီးပြီလားဗျ။ ဂျူနီယာ မောင်နှမတို့... ဒီ ပွဲကြီး ပွဲကောင်းကို မြင်လိုက်ကြတယ် မဟုတ်လား"
ထိုအခါ၊ ကျန်းချင်းရွှယ်က ပြန်ဖြေလိုက်သည်။
" တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲပါပဲ။ စီနီယာအစ်ကိုနင်ရယ်… တောင်ပိုင်း အစစ်အမှန် နယ်မြေက ဂိုဏ်းတွေရဲ့ ပြိုင်ဆိုင်မှုက ဒီလောက်ထိ နက်ရှိုင်းမယ်လို့ မထင်ထားခဲ့ဘူး။ ဗဟုသုတ ရလိုက်ပါတယ်ရှင်"
ရှဲ့ချောင်လုမှာ ခါးသက်သော မျက်နှာပေးလေး လုပ်လိုက်ပြီး သူမ၏ တောက်ပသော မျက်ဝန်းများတွင် မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။
သူမ တီးတိုး ရေရွတ်လိုက်သည်။
"စီနီယာအစ်မ... ကျွန်မတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းက တော်တော် ကံကောင်းတယ်လို့ ခံစားရတယ်။ စီနီယာအစ်ကိုနင် ရှိနေသရွေ့ ကျွန်မတို့ ဒီလို အခြေအနေမျိုး ဘယ်တော့မှ မကြုံရဘူးလေ"
သူမစကားအား ကြားတော့၊ ကျန်းချင်းရွှယ် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
ယဲ့ချင်းထျန်နှင့် ယဲ့ချန် တို့ ထွက်မသွားခင်က ဘာတွေ လုပ်ခဲ့လဲ ဆိုတာ ဒီကောင်မလေး မသိရှာဘူးလေ။
ကျန်း မိသားစုဝင် တစ်ယောက် အနေနှင့် သူမ အတိအကျ မသိရသော်လည်း (၇၀)၊ (၈၀) ရာခိုင်နှုန်းလောက်တော့ ခန့်မှန်းမိပေသည်။
"အစ်ကိုကြီး နျူ... ခင်ဗျားရော ဒီပြဇာတ်ကို ဘယ်လိုမြင်လဲ"
ထိုအခါ၊ နျူမန်က အူကြောင်ကြောင် ရယ်လိုက်ပြီး ပြောလိုက်သည်။
"ညီလေး နင်... သူတို့ လုပ်ရပ်ကို တောင်ပိုင်း နယ်မြေက ဂိုဏ်းတွေ အကုန်လုံးနဲ့ သွားမနှိုင်းပါနဲ့ကွာ။ ငါတို့ နွားမိစ္ဆာ ဂိုဏ်းမှာ အဲဒီလို လှည့်ကွက်တွေ မရှိပါဘူး။ အဲဒီလို ရှုပ်ထွေးတဲ့ အကွက်တွေက ပင်ပန်းစရာကြီးပါ။ ရိုးရိုးသားသား ပြောရရင်... ငါ နွားကြီး အမြင်ကတော့ တိုက်ရိုက် ရှင်းပစ်လိုက်ပြီး ဘယ်သူ နိုင်မလဲ ကြည့်လိုက်တာက ပိုကောင်းပါတယ်"
တစ်ဖက်တွင် ရင်ကျုံး မျက်လုံးကို မှေးစင်းလိုက်သည်။ သူ၏ မျက်ဝန်းမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။
ဝူတောက် လည်း ထိုနည်းတူပင် ဖြစ်သည်။
"မင်းတို့က ငါတို့ကို လှောင်ပြောင်နေတာလား"
"လူကြီးမင်းတို့... ရှင်းရှင်းလင်းလင်း ပြောပါရစေ။ အမှန်တရားကို ပြောတာက လှောင်ပြောင်တာ မဟုတ်ပါဘူးဗျာ"
ရင်ကျုံး အေးစက်စွာ ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ... ညီအစ်ကို ဝူ၊ ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်ပြီ"
ဝူတောက်၏ မျက်လုံးများထဲတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ ပုံရိပ်များ ထင်ဟပ်နေပြီး၊ လူသေများကို ကြည့်နေသကဲ့သို့ အေးစက်နေသည်။
"အစ်ကိုကြီး နျူ ကို ပေးရှင်းခိုင်းလိုက်ရင် မကောင်းဘူးလား။ ငါတို့က စောစောက လူတွေ အများကြီးကို မောင်းထုတ်ပေးခဲ့ပြီးပြီလေ။ အဲဒါ နွားမိစ္ဆာ ဂိုဏ်း အတွက်လည်း အကျိုးရှိတာပဲ။ အခု အစ်ကိုကြီး နျူ ပြန်ပေးဆပ်ရမယ့် အလှည့် ရောက်ပြီပေါ့။ ငါတို့ချည်းပဲ လူဆိုး လုပ်လို့ ဘယ်ဖြစ်မလဲဗျာ... ဟုတ်တယ်မလား”
အခန်း (၅၆၄) - ကွင်းရှင်းလင်းရေး (အပိုင်း ၄)
~ရင်ကျုံး ပြန်ပြောလိုက်သည်။
"ဒါပေါ့ဗျာ... အစ်ကိုကြီး နျူမန်၊ ခင်ဗျားနဲ့ ကျုပ်နဲ့က တောင်ပိုင်း အစစ်အမှန် နယ်မြေရဲ့ ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးတွေက ပထမ အစစ်အမှန် အမွေခံတွေလေ... ပါရမီရှင် အချင်းချင်းတွေပဲဟာ။ ရွှေရောင် ရတနာ ခန်းမထဲက ရတနာတွေကို ခင်ဗျားတို့လည်း ဝေစုရသင့်တာပေါ့"
"သီသီလေး လွတ်သွားတာပဲ... ငါ နွားကြီးက မင်း.. ငါတို့ကိုပါ မောင်းထုတ်တော့မလို့ ထင်နေတာ"
နျူမန်သည် သက်ပြင်းချလိုက်သကဲ့သို့ ပြောဆိုလိုက်သည်။
ရင်ကျုံး၏ မျက်နှာတွင် အပြုံးတစ်ခု ပြန်လည် ပေါ်ပေါက်လာပြီး ပြောလိုက်၏။
"အစ်ကိုကြီး နျူ... ပွင့်ပွင့်လင်းလင်း ပြောကြကြေးဗျာ။ ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် မောင်းထုတ်ချင်နေကြတာပဲ။ ဒါပေမဲ့ နောက်ကွယ်က အင်အားစုတွေကို ထောက်ထားရတော့ လက်တွေ့မကျဘူးလေ"
"ဒီလိုလုပ်... ခင်ဗျား သူတို့ထဲက နည်းနည်းလောက်ကို သတ်ပေး၊ ပြီးရင် ကျန်တဲ့လူတွေကို မောင်းထုတ်ပေး။ အဲဒါဆိုရင် ကျုပ်.. အာမခံတယ်... အလယ်အလတ် အဆင့် ဝိညာဉ် ရတနာ တစ်ခုနဲ့ ဝိညာဉ် သွေးစက် နည်းနည်း ပေးမယ်။ ဘယ်လိုလဲ"
နျူမန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ၏ အနောက်ဘက်ရှိ မိစ္ဆာ အချို့လည်း ထို့အတူပင်။
ဝိညာဉ် သွေးစက် နည်းနည်း တဲ့လား။
မိစ္ဆာ တစ်ရာ နန်းတော် အတွင်း၌ နင်ချီက သူတို့ကို ဝိညာဉ် သွေးစက် ဒါဇင်နှင့်ချီပြီး စုဆောင်းပေးခဲ့သည် မဟုတ်ပါလော။
ရင်ကျုံး ပြောသော "နည်းနည်း" ဆိုသည်မှာ ဟာသ တစ်ခုလို ဖြစ်နေသည်။
..အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ ဆိုတာကတော့ နားထောင်လို့ ကောင်းပါရဲ့။
ဒါပေမဲ့ ဒီကောင် နှစ်ကောင်က ကတိတည်ပါ့မလား။
နင်ချီဆီကနေ ဝိညာဉ် ရတနာတွေ၊ စည်းမျဉ်း ကျောက်စိမ်းတွေ အများကြီး ရထားပြီးသား ဖြစ်နေတာကို ထည့်မတွက်ရင်တောင်မှပေါ့လေ..
ရင်ကျုံး၏ စကားထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်ကို နျူမန် ရိပ်မိလိုက်သည်။
ရွှေရောင် ရတနာ ခန်းမထဲရှိ ဤမျှ များပြားသော ရတနာများထဲမှ နျူမန် ဦးဆောင်သော မိစ္ဆာ အဖွဲ့သည် အလယ်အလတ်အဆင့် ရတနာ တစ်ခုနှင့် သွေးစက် အနည်းငယ်သာ ရရှိရန် ထိုက်တန်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
သို့သော် ဤခန်းမထဲတွင် ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ တစ်ခု၊ အလယ်အလတ်အဆင့် ရတနာ အများအပြားနှင့် အခြား ရတနာပေါင်းများစွာ ရှိနေသည်ကို အထင်အရှား မြင်နေရသည်။ အလယ်အလတ်အဆင့် ရတနာလေး တစ်ခုတည်းဖြင့် သူ့ကို ကျေနပ်စေချင်သည် တဲ့လား။
ရင်ကျုံးနှင့် ဝူတောက် တို့သည် နျူမန်နှင့် မိစ္ဆာများ ကြောင်အမ်းနေသော မျက်နှာထားကို မြင်သောအခါ သဘောတူလိုက်ပြီဟု ထင်မှတ်လိုက်ကြ၏။
သို့သော် မည်သူ ထင်မှတ်ထားပါမည်နည်း။
နျူမန်သည် အသိပြန်ဝင်လာသည်နှင့် တပြိုင်နက် နင်ချီ ရှိရာဘက်သို့ လျှောက်သွားပြီး တဲ့တိုးပင် ပြောချလိုက်သည်။
"ညီလေး နင်... ငါကတော့ မင်းနဲ့ ပူးပေါင်းရတာကိုပဲ အစိတ်ချဆုံးပါကွာ။ ငါတို့ကိုရော ခေါ်သွားပေးလို့ ရမလားဟင်"
နျူမန်၏ အမူအရာသည် အလွန် လေးစားသမှု ရှိလှပြီး၊ သူ၏ နွားခန္ဓာကိုယ်ကြီးကို ကိုင်းညွှတ်လျက် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
ထိုမြင်ကွင်းကြောင့် တဖက်ရှိ ရင်ကျုံးနှင့် ဝူတောက် တို့သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ကြရ၏။
ဒါက နျူမန် လေ...။ ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးရဲ့ ပထမ အစစ်အမှန် အမွေခံ၊ ရင်ကျုံးနှင့် တန်းတူ ရပ်တည်နိုင်သော ပါရမီရှင် တစ်ဦး ဖြစ်သည်။ ယုံကြည်မှု လွန်ကဲနေသော ဝူတောက် ပင်လျှင် သူ့အောက် နိမ့်ကျကြောင်း ဝန်ခံထားရသူ ဖြစ်သည်။
အခုတော့... နျူမန် က ပေ့ရွှမ် နယ်မြေ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းက နင်ချီကို ဒီလောက်ထိ လေးစားမှု ပြနေသည် လား။ နင်ချီမှာ ဘာတန်ဖိုး ရှိလို့လဲ။
ပါရမီရှင် စာရင်းမှာ နင်ချီ ပါလာတာကလည်း ဖူချန်က ရှောင်ဖယ်ပေးလိုက်လို့သာ နေရာရလာတာ မဟုတ်လား။
ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးမှ လာသော ရင်ကျုံး အတွက်မူ... ဖူချန် တို့၊ နင်ချီ တို့လို သာမန် ဂိုဏ်းသားများကို ဘယ်တုန်းကမှ အထင်ကြီးခဲ့ခြင်း မရှိချေ။
"ညီလေး နင်... ငါ တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါရစေကွာ။ ဝိညာဉ် သွေးစက် တစ်ပုလင်းလောက် ပေးရင်ပဲ ကျေနပ်ပါပြီ"
နျူမန် ထပ်လောင်း ပြောဆိုလိုက်ပြန်သည်။
ရင်ကျုံးနှင့် ဝူတောက် တို့၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချား သွားကြလေ၏။
နျူမန် ရူးသွားပြီလား။
နင်ချီ၏ စိတ်ထဲတွင် အတွေးများ လည်ပတ်သွားပြီး မေးစေ့ကို ပွတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... အစ်ကိုကြီး နျူ က ဒီလောက်ထိ တောင်းဆိုမှတော့... လုပ်ကြတာပေါ့"
..နျူမန် က ဟိုဘက်က နှစ်ယောက်ကို သတ်ဖြတ်ဖို့ တာဝန်ယူချင်နေတာပဲလေ။ နွားမိစ္ဆာ ဂိုဏ်းကို ပင်လယ်ဓားပြ သင်္ဘောပေါ် ဆွဲခေါ်ပြီး အာရုံလွှဲဖို့ အသုံးချလိုက်တာ အကောင်းဆုံးပါပဲ။..
.. ဒါမှ အနာဂတ်မှာ ပေ့ရွှမ် ဂိုဏ်းနဲ့ ကောင်းကင် ကြယ်တာရာ ဂိုဏ်းတို့ရဲ့ လက်တုံ့ပြန်မှုကို တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့။..
ထို့ကြောင့် နင်ချီသည် ရှောင်ယန် နန်းတော်မှ ရရှိထားသော ရွှေရောင် သော့ကို အင်္ကျီလက်စ အတွင်း၌ တိတ်တဆိတ် လှုပ်ရှားလိုက်သည်။
သူ စကားဆုံးသည်နှင့် တပြိုင်နက်... ရုတ်တရက်... လူတိုင်း၏ နောက်ကျောဘက်ရှိ ရွှေရောင် ရတနာ ခန်းမ တံခါးကြီးသည် "ဝုန်း" ခနဲ ပိတ်ကျသွားတော့သည်။
ဤ ရွှေရောင် သော့သည် ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ အတွင်းရှိ နေရာ အများအပြားကို ထိန်းချုပ်နိုင်ကြောင်း နင်ချီ ယခုမှ ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်ပေသည်။
တံခါး အပြင်ဘက်တွင် အခြားသူများ မဝင်ရောက်နိုင်ရန် စောင့်ကြပ်နေကြသော ကောင်းကင် ကြယ်တာရာ ဂိုဏ်းမှ တပည့်များသည် တံခါးကြီး ပိတ်သွားသည်ကို မြင်သောအခါ အားလုံး လန့်ဖျပ်သွားကြလေ၏။
"ဝူတောက်က တကယ် စွမ်းရည် ရှိတာပဲဟေ့... ရွှေရောင် ရတနာ ခန်းမရဲ့ အခင်းအကျင်းကို ဒီလောက် မြန်မြန် ဆန်းစစ်နိုင်ပြီး ပင်မ တံခါးကြီးကိုတောင် ပိတ်လိုက်နိုင်တယ်"
"ဟုတ်ပါ့... စောစောက တခြားလူတွေ တိုးဝင်လာမှာကို ငါ စိတ်ပူနေတာ။ အခုတော့ အေးဆေး ဖြစ်သွားပြီ။ ပင်မ တံခါးကြီး ပိတ်သွားပြီ ဆိုတော့ ငါတို့ စိတ်အေးလက်အေး နေလို့ ရပြီ"
ရွှေရောင် ရတနာ ခန်းမ အတွင်း၌...၊
ရုတ်တရက် ပိတ်သွားသော တံခါးကြီးကို မြင်လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ရင်ကျုံးသည် ဝူတောက်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ချက်ချင်း ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာပြီး အသံလွှင့် စကားပါးလိုက်လေ၏။
"မထင်မှတ်ထားဘူးဗျာ... ညီအစ်ကို ဝူ က ခန်းမ အခင်းအကျင်းကို တိတ်တဆိတ် ထိန်းချုပ်ထားတာကိုး။ အခု တံခါးလည်း ပိတ်သွားပြီ ဆိုတော့... ငါတို့ သူတို့ကို အကုန် သတ်ပစ်ပြီး ရတနာတွေ အကုန် သိမ်းလို့ ရပြီ။ သူတို့ သေရတာကို ဒီ ကောင်းကင် အုတ်ဂူကြီးအပေါ် ပုံချလိုက်ရုံပဲ"
ရင်ကျုံးသည် သဘာဝကျစွာပင် ကျေနပ်နေမိသည်။ ဝူတောက်က အခင်းအကျင်းကို ထိန်းချုပ်နိုင်ပြီ ဆိုတော့ ရတနာ အားလုံး သူတို့လက်ထဲ ရောက်ပြီဟု ယူဆလိုက်ခြင်း ဖြစ်သည်။
သို့သော် ဝူတောက်မှာမူ ထုံထိုင်းနေလေ၏။
… သူ့အနေနဲ့ ခန်းမ အခင်းအကျင်းကို ဘယ်တုန်းက တိတ်တဆိတ် ထိန်းချုပ်လိုက်မိပါလိမ့်။
အကယ်၍ သူ့မှာသာ အဲဒီလောက် စွမ်းရည် ရှိခဲ့လျှင်... ဖူချန် ထွက်ပြေးတုန်းက "သဟဇာတဖြစ်ခြင်း နယ်ပယ် နက်ရှိုင်းသော စွမ်းရည်" ကို သိမ်းပိုက်ခဲ့မည်လေ။
ဒါ့အပြင် ရတနာတွေ အကုန်ယူပြီး ရင်ကျုံးကိုပါ ရှင်းထုတ်ပစ်လိုက်မှာပေါ့။…
သို့သော် ဝူတောက်သည် အမှန်တရားကို ထုတ်မပြောခဲ့ပေ။ ရင်ကျုံး ဒီလို ထင်သွားတာ သူ့အတွက် ကောင်းသည်။
ဒါက ရင်ကျုံး သူ့အပေါ် လေးစားမှု ပိုတိုးလာစေရုံသာမက၊ ကောင်းကင် ကြယ်တာရာ ဂိုဏ်းကို ဝင်ရောက်တဲ့အခါ ပိုပြီး မျက်နှာပန်း လှစေလိမ့်မည်။
သူ ချက်ချင်း အသံလွှင့် ပြန်ပြောလိုက်လေ၏။
"အစ်ကို ရင်... ကျုပ် အခင်းအကျင်းကို အစပျိုးပေးလို့ ရပေမယ့်... အရင်ဆုံး ပူးပေါင်းပြီး သူတို့ကို သတ်ကြတာပေါ့။ ပြီးမှ ရတနာတွေ ယူကြမယ်လေ"
"ကောင်းပြီ"
ခန်းမ အတွင်း၌ တံခါး ပိတ်သွားသော်လည်း ဂိုဏ်းစုံ ရတနာ အသီးသီးမှ ထွက်ပေါ်နေသော အလင်းရောင်များကြောင့် ခန်းမ တစ်ခုလုံး လင်းထိန်နေဆဲပင် ဖြစ်သည်။
ရင်ကျုံးနှင့် ဝူတောက် တို့သည် ပြိုင်ဘက်ကင်းသော ညီညွတ်မှုဖြင့် ပူးပေါင်း လှုပ်ရှားလိုက်ကြလေ၏။
စကားပြောပြီးသည်နှင့် တပြိုင်နက် နှစ်ယောက်စလုံး ချက်ချင်း တိုက်ခိုက်လိုက်ကြ၏။
ဝူတောက်၏ လက်များသည် စောင်းတီးနေသကဲ့သို့ ရှေ့တွင် လှုပ်ရှားလိုက်သည်။
လှုပ်ရှားမှု တစ်ခု ပြုလုပ်လိုက်တိုင်း တောက်ပသော အလင်းတန်းများသည် လေထုထဲတွင် ပျံသန်းသွားပြီး နင်ချီနှင့် အခြားသူများ၏ ပတ်လည်တွင် ကျရောက်သွားသည်။
တစ်ခဏချင်း အတွင်းမှာပင်... အိပ်မက်ဆန်သော အခင်းအကျင်း အရိပ်တစ်ခုသည် လူတိုင်းကို လွှမ်းခြုံသွားတော့သည်။
ထို အခင်းအကျင်း အတွင်း၌ ကမ္ဘာတစ်ခု သီးသန့် ဖြစ်တည်လာသကဲ့သို့ ရှိပြီး၊ "ယင် နှင့် ယန်" ပြောင်းပြန် ဖြစ်သွားကာ ကောင်းကင်နှင့် မြေကြီး အရောင် ပြောင်းလဲသွားလေ၏။
မူလ အထက်နှင့် အောက် နေရာများသည် ဘယ်နှင့် ညာ ဖြစ်သွားကြ၏။ မူလ ရေပြင်ညီ နေရာများသည် ဒေါင်လိုက် ဖြစ်သွားကြ၏။
ဘယ်ဘက်ခြမ်းသည် လူတိုင်း ရပ်နေသော မြေကြီး ဖြစ်လာပြီး၊ ညာဘက်ခြမ်းသည် လူတိုင်း မော့ကြည့်ရသော ကောင်းကင် အဖြစ် ပြောင်းလဲသွားသည်။
မြေကြီးမှ "ယင် စွမ်းအင်"များ ထွက်ပေါ်လာပြီး၊ ကောင်းကင်မှ "ယန် စွမ်းအင်"များ ထွက်ပေါ်လာသည်။
ယင် တစ်ခု၊ ယန် တစ်ခု စွမ်းအင် နှစ်မျိုးသည် "ကောင်းကင်နှင့် မြေကြီး ကြိတ်ဆုံကျောက် ပြားကြီး" နှစ်ခု အသွင် ပြောင်းလဲသွားကာ... အလယ်ရှိ လူများကို ကြိတ်ချေရန် ဝင်ရောက်လာတော့သည်။
အကယ်၍ သာမန် "မူလဝိညာဉ် နယ်ပယ်" ကျင့်ကြံသူ တစ်ဦးသာ ဤအထဲတွင် ပိတ်မိသွားပါက ကမ္ဘာကြီး ဇောက်ထိုး မှောက်ခုံ ဖြစ်သွားသလို ခံစားရပြီး၊ မြောက်၊ တောင်၊ အရှေ့၊ အနောက်ကို ခွဲခြားနိုင်မည် မဟုတ်တော့ချေ။