အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း (၅၆၅) - ကွင်းရှင်းလင်းရေး (အပိုင်း ၅)
~သို့သော် ထိုအကျပ်အတည်း ကာလတွင် နင်ချီ၏ ခန္ဓာကိုယ်မှ "အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း" တစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာပြီး၊ နေရာလပ် တစ်ခုလုံးကို ချက်ချင်း တည်ငြိမ်သွားစေလေ၏။
ချင်မင်ဟောက် သည် အခင်းအကျင်း အတွင်းရှိ ယင်နှင့် ယန် စွမ်းအင်များမှ မွေးဖွားလာသော "ကောင်းကင်နှင့် မြေကြီး ကြိတ်ဆုံကျောက် ပြားကြီး" အား စူးစိုက် ကြည့်ရှုလိုက်ရာ ရုတ်တရက် ဉာဏ်အလင်း တစ်ချက် ပွင့်သွားသည်။
သူသည် ချက်ချင်းပင် ဓားချက်တစ်ချက် ထုတ်ဖော်လိုက်တော့၏။
အမည်းနှင့် အဖြူ စွမ်းအင်များသည် အံ့သြဖွယ် ကောင်းလောက်အောင်ပင် ထိုကြိတ်ဆုံကျောက် ပြားကြီး နှစ်ခုကို ယာယီအားဖြင့် ထိန်းချုပ်လိုက်နိုင်သည်။
"ရင်ကျုံးနဲ့ ဝူတောက်... မင်းတို့ သိပ်လွန်လွန်းနေပြီ... သတ္တိကလည်း မခေပါလား"
နျူမန်၏ လက်အောက်ရှိ မိစ္ဆာ သားရဲများသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ နန်းတော် တံခါး ပိတ်သွားသည်နှင့် တပြိုင်နက် ရင်ကျုံးနှင့် ဝူတောက် တို့သည် ချက်ချင်း လက်ဝါးချင်းရိုက်ကာ သူတို့ကိုပါ အခင်းအကျင်း အတွင်းသို့ ဆွဲသွင်းပြီး ဝါးမြိုရန် ကြံစည်ခဲ့သည် မဟုတ်ပါလော။
ပြန်စဉ်းစားကြည့်လျှင် ထိုလူယုတ်မာ နှစ်ဦးသည် အစကတည်းက ဤရည်ရွယ်ချက် ရှိနေခဲ့ခြင်း ဖြစ်ပေမည်။ ပူးပေါင်းမည်ဟု ပြောခဲ့ခြင်းမှာ ဟာသ သက်သက်သာ ဖြစ်ချေ၏။
..ပူးပေါင်းတယ်တဲ့လား... မင်းဘိုးအေ..
နျူမန်၏ လက်အောက်ရှိ မိစ္ဆာ သားရဲများသည် ၎င်းတို့၏ "ဓမ္မ ခန္ဓာကိုယ်"များ အဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။ မိုးကောင်းကင်ကို ထိုးဖောက်မတတ် ကြီးမားလှသော ဧရာမ မိစ္ဆာ အရိပ်ကြီးများသည် အခင်းအကျင်း ကမ္ဘာ အတွင်း၌ ချက်ချင်း ပေါ်ထွက်လာကြပြီး၊ ချင်မင်ဟောက်နှင့် ပူးပေါင်းကာ သတ်ဖြတ်ခြင်း အခင်းအကျင်း၏ ကြိတ်ဆုံကျောက် ပြားကြီးကို တွန်းလှန်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ယဲ့ သည်လည်း သူ၏ "ခေါင်းသုံးလုံး လက်ခြောက်ဖက် ပေတစ်ရာ စစ်သည်တော် မိစ္ဆာ ခန္ဓာကိုယ်" ကို ထုတ်ဖော်ကာ စိန်ခေါ်မှုကို အတူတကွ ရင်ဆိုင်လိုက်လေ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အခြား အစစ်အမှန် အမွေခံများသည်လည်း သူတို့၏ သီးသန့် စွမ်းရည်များကို တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်ကြ၏။ တိုက်ခိုက်မှုများသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဤ အခင်းအကျင်း ကမ္ဘာ ကို ဖြိုခွင်းရန် သစ္စာဆို တိုက်ခိုက်ကြတော့သည်။
နင်ချီ သည် ကမ္ဘာကြီး တည်ငြိမ်မှုကို ထိန်းသိမ်းထားရုံသာ ပြုလုပ်ပြီး ချက်ချင်း ဝင်ရောက် တိုက်ခိုက်ခြင်း မပြုသေးပေ။
သူသည် နျူမန်နှင့် အခြား မိစ္ဆာများ မည်မျှအထိ ခံနိုင်ရည် ရှိသည်ကို ကြည့်ရှုလိုသေး၏။
အမှန်တကယ်ပင် ဝူတောက်၏ အခင်းအကျင်း နည်းစနစ် ကျွမ်းကျင်မှုသည် အထင်ကြီးဖွယ်ရာ ကောင်းလှပေသည်။ သူ ဝင်ရောက် မစွက်ဖက်ပါက လူသားများရော မိစ္ဆာများပါ အခင်းအကျင်းကို ဖျက်ဆီးရန် နည်းလမ်း ရှာတွေ့နိုင်မည် မဟုတ်ဘဲ၊ အတွင်းထဲတွင် ခုခံကာကွယ်ရုံသာ တတ်နိုင်ကြပေလိမ့်မည်။
သူတို့သည် ယာယီအားဖြင့် ခုခံနိုင်နေသော်လည်း... အပြင်ဘက်တွင် နောက်ထပ် လူတစ်ယောက် ရှိနေသေးသည် မဟုတ်ပါလော။
နင်ချီ ထိုသို့ တွေးလိုက်မိစဉ်မှာပင်...
ရုတ်တရက်... "မြောက်ဘက် ကြယ်တာရာ ခုနစ်ပွင့် အခင်းအကျင်း" ကို ဖွဲ့စည်းထားသော ဧရာမ ကြယ်ကြီး ခုနစ်လုံးသည် အခင်းအကျင်း၏ အထက် ကောင်းကင်ယံတွင် ဘာမှမရှိရာမှ ပေါ်ထွက်လာတော့သည်။ ရောင်စုံ ကြယ်ရောင်ခြည်များသည် အခင်းအကျင်း အတွင်းရှိ လူတိုင်းကို အကျပ်အတည်းထဲသို့ ထပ်မံ တွန်းပို့လိုက်ပြန်လေ၏။
“အူး”
နျူမန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ အပြာရောင် နတ်ဘုရား အလင်းတန်း တစ်ခုသည် သူ၏ ဧရာမ နွားသားရေ ခန္ဓာကိုယ်ကြီး ပေါ်တွင် ဝေဝါးစွာ ပေါ်ထွက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
သူသည် အလိုအလျောက်ပင် လူတိုင်း၏ အပေါ်မှ မိုးကာပေးလိုက်ပြီး၊ ဥက္ကာပျံ ဓားများအလား အဆက်မပြတ် ကျဆင်းလာသော ကြယ်ရောင်ခြည် တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံလိုက်သည်။
"ရွှပ်... ရွှပ်..."
မျက်တောင် တစ်ခတ်အတွင်း ကောင်းကင်မှ သွေးမိုးများ ရွာကျလာသော်လည်း နျူမန်သည် နှုတ်ဆိတ်နေဆဲပင် ဖြစ်၏။
အခြား မိစ္ဆာများသည် ထိုမြင်ကွင်းကို မြင်သောအခါ အနားသို့ တိုးကပ်လာကြပြီး၊ သူတို့၏ သန်မာသော ခန္ဓာကိုယ်များကို အသုံးပြုကာ "ကြယ်တာရာ ဉာဏ်ပညာ ဓား" များကို စုပေါင်း ခုခံကြသည်။
သို့သော် သူတို့၏ ဓမ္မ အရိပ်အယောင်များသည် နျူမန်နှင့် ယှဉ်လျှင် လုံးဝ ပြိုင်ဘက် မဟုတ်ကြပေ။ အချို့မှာ နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်သွားကြပြီး၊ အချို့မှာ ခြေလက်များ ပြတ်တောက်ကုန်ကြလေ၏။
"မင်းတို့ ဖယ်နေကြ... ရင်ကျုံးရဲ့ တိုက်ခိုက်မှုကို ငါပဲ ခံနိုင်မှာ"
နျူမန် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်ပြီး၊ သူ၏ ပါးစပ်ထဲမှ "တောင်တံဆိပ်တော်" တစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုတံဆိပ်တော်သည် ဖရိုဖရဲ ဖြစ်နေသော "ချီ မြူခိုးများ" ထုတ်လွှတ်ပြီး ကောင်းကင်ယံ အထက်မှ ကျဆင်းလာသမျှသော ကြယ်တာရာ ဉာဏ်ပညာ ဓား အားလုံးကို ပိတ်ဆို့ တားဆီးလိုက်တော့သည်။
ဖရိုဖရဲ ချီ မြူခိုးများသည် ပြင်းထန်စွာ တုန်ခါနေလေ၏။
နျူမန်၏ နည်းဗျူဟာကို ကြိုတင် တွက်ဆထားသည့်အလား၊ အခင်းအကျင်း အပြင်ဘက်ရှိ ရင်ကျုံးနှင့် ဝူတောက် တို့သည် သူတို့၏ အဆုံးစွန် တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြပြန်သည်။
နောက်ထပ် ကြယ်တာရာ ပုံရိပ်ယောင် အများအပြားသည် အခင်းအကျင်း ကမ္ဘာ ၏ ကောင်းကင်ယံ အထက်တွင် ပေါ်ထွက်လာကြ၏။ ရင်ကျုံးသည် "ကောင်းကင် ကြယ်တာရာ စွမ်းအား" ကို ဆင့်ခေါ်ပြီး ဖိနှိပ်လိုက်ခြင်း ဖြစ်ပေသည်။
ထို့အပြင် ဝူတောက် သည်လည်း မူလ အခင်းအကျင်း အတွင်း၌ နောက်ထပ် သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခုကို ထပ်ဆင့် တည်ဆောက်လိုက်ပြီး ယခင် တစ်ခုနှင့် ယှက်နွယ် ပေါင်းစပ်လိုက်သည်။
အတွင်းထဲတွင် "ကောင်းကင်နှင့် မြေကြီး ကြိတ်ဆုံကျောက် ပြားကြီး" သည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ဟင်းလင်းပြင်ကိုပင် ချေမှုန်းဖျက်ဆီးပစ်တော့မည့်အလား တင်းကျပ်လာလေ၏။
ဂုဏ်သတ္တိ အမျိုးမျိုးရှိသော ငရဲမီးများသည် အခင်းအကျင်း ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အတွင်းရှိ လူတိုင်း၏ ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များကို လောင်ကျွမ်းစေတော့သည်။
ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေသည်ကို မြင်လိုက်ရပြီး၊ လူတိုင်း ခံနိုင်ရည် ရှိတော့မည် မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် နင်ချီ နောက်ဆုံးတွင် ဝင်ရောက် စွက်ဖက်လိုက်သည်။
အရောင်ငါးမျိုး သက်တန့် အလင်းတန်း တစ်ခုသည် နင်ချီ၏ ကျောဘက်မှ ထွက်ပေါ်လာပြီး အဆက်မပြတ် ကြီးထွားလာသည်။ ၎င်းမှာ ချူရှောင်ထျန်းနှင့် တိုက်ခိုက်စဉ်က သူ အသုံးပြုခဲ့သော "ကျောက်စိမ်း နွေးထွေးသော မီးခိုးငွေ့ နည်းစနစ်" ပင် ဖြစ်၏။
အရောင်ငါးမျိုး သက်တန့် အလင်းတန်းသည် ယခင်ကထက် ပိုမို အဆင့်မြင့်လာပြီး၊ အချင်းချင်း ယှက်နွယ်ကာ စက်ဝိုင်းပုံသဏ္ဌာန် အကာအကွယ် အဖုံးတစ်ခု အဖြစ် ဖွဲ့စည်းလိုက်သည်။ ပုံရိပ်ယောင် လိုလို၊ အစစ်အမှန် လိုလို ဖြစ်နေသော ထို အကာအကွယ်သည် မျက်တောင်တစ်ခတ် အတွင်း ကြီးထွားလာပြီး အခင်းအကျင်း အတွင်းရှိ လူတိုင်းကို လွှမ်းခြုံထားလိုက်တော့သည်။
လူတိုင်း ချက်ချင်း စိတ်သက်သာရာ ရသွားကြလေ၏။ တိုက်ခိုက်မှု အားလုံးသည် အရောင်ငါးမျိုး သက်တန့် အလင်းတန်း အကာအကွယ်၏ အပြင်ဘက်တွင် ပိတ်ဆို့ ခံလိုက်ရသောကြောင့် ဖြစ်သည်။
မရေမတွက်နိုင်သော "ကြယ်တာရာ ဉာဏ်ပညာ ဓား" များ ဝင်ရောက် ရိုက်ခတ်သော်လည်း အကာအကွယ် ပေါ်တွင် လှိုင်းဂယက် အနည်းငယ်သာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။
ကျဉ်းမြောင်းလာသော ယင်နှင့် ယန် စွမ်းအင် "ကောင်းကင်နှင့် မြေကြီး ကြိတ်ဆုံကျောက် ပြားကြီး" မှာမူ တွန်းထုတ်ခံလိုက်ရလေ၏။
အတွင်း၌ လောင်ကျွမ်းနေသော အမျိုးမျိုးသော ငရဲမီးများ ဆိုလျှင်လည်း... ကျဆင်းလာသော "အရောင်ငါးမျိုး မိုးစက်များ" အောက်တွင် အလွယ်တကူ ငြိမ်းသတ် ခံလိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မေးရိုးများ မြေကြီးပေါ် ပြုတ်ကျမတတ် ဖြစ်သွားကြရသည်။ စီနီယာအစ်ကိုနင် ဒီလောက်ထိ ကြမ်းတမ်းမည်ဟု ဘယ်သူ ထင်ထားမည်လဲ။
တူညီသော တိုက်ခိုက်မှုများကို ကိုယ်တိုင် မကြုံတွေ့ရသမျှ ကာလပတ်လုံး နင်ချီ မည်မျှ သန်မာကြောင်း သူတို့ ဘယ်သောအခါမျှ သိရှိနိုင်မည် မဟုတ်ပေ။
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူများသည် ချူရှောင်ထျန်းနှင့် နင်ချီ၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသော်လည်း၊ ချူရှောင်ထျန်း၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မခံစားခဲ့ရပေ။
ယခုမူ သူတို့သည် ရင်ကျုံးနှင့် ဝူတောက် တို့၏ စွမ်းအားကို ကိုယ်တိုင် ခံစားလိုက်ရပြီး၊ ငရဲပြည် ရောက်သွားသကဲ့သို့ နက်ရှိုင်းသော အားငယ်မှုကို ခံစားခဲ့ရသည်။
သို့သော် နင်ချီ ကတော့ သူတို့ကို ငရဲမှ အလွယ်တကူ ဆွဲတင်ပေးလိုက်လေ၏။
နျူမန်နှင့် အခြား မိစ္ဆာများ အနေဖြင့်မူ... သူတို့၏ ကိုယ်ခန္ဓာများပေါ်ရှိ မရှုမလှ.. သွေးသံရဲရဲ ဒဏ်ရာများကို ငုံ့ကြည့်လိုက်ကြ၏။ အလွန် သန်မာသော ရုပ်ခန္ဓာ ခံနိုင်ရည် ပိုင်ဆိုင်ထားသည့် မိစ္ဆာ သားရဲများ ဖြစ်ပါလျက်၊ ပါရမီရှင် နှစ်ဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို မခံနိုင်ခဲ့ကြပေ။
သို့သော် နင်ချီသည် သက်တန့် အလင်းတန်း တစ်ခု ထုတ်လွှတ်လိုက်ရုံမျှဖြင့် သူတို့ကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို တားဆီးပေးလိုက်သည် မဟုတ်ပါလော။ အိပ်မက် မက်နေရသကဲ့သို့ပင်။
သူတို့ အံ့သြ၍ မဆုံးခင်မှာပင်... မျက်စိရှေ့မှ မြင်ကွင်းများ ဝေဝါးသွားသည်။ အမြင်အာရုံ ပြန်လည် ကြည်လင်လာသောအခါ သူတို့သည် ရွှေရောင် ရတနာ ခန်းမ အတွင်းသို့ ပြန်လည် ရောက်ရှိနေကြသည်ကို တွေ့လိုက်ရလေ၏။
တကယ်တော့ နင်ချီသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝူတောက်၏ သတ်ဖြတ်ခြင်း အခင်းအကျင်း နှစ်ခုစလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘာတွေ ဖြစ်သွားတာလဲ... ဘာလို့ ငါ့ အခင်းအကျင်း ပျက်သွားရတာလဲ"
ရင်ကျုံးနှင့် ဝူတောက် တို့သည် ဖြစ်ပျက်သွားသည်များကို နားမလည်နိုင်ဘဲ လုံးဝ မယုံကြည်နိုင် ဖြစ်နေကြသည်။
လွန်ခဲ့သော ခဏလေး အထိ သူတို့သည် နျူမန်နှင့် အခြား မိစ္ဆာများ၏ နာကျင်စွာ အော်ဟစ်သံများကို ကြားနေခဲ့ရသည် မဟုတ်လော။ ဘယ်လိုလုပ်ပြီး မျက်တောင်တစ်ခတ် အတွင်း အပြင်ကို ပြန်ရောက်လာကြတာလဲ။
သူတို့နှစ်ဦးသည် လူတိုင်းကို မူလဝိညာဉ် အာရုံဖြင့် အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ... နင်ချီ မှလွဲ၍ ကျန်လူ အားလုံးတွင် အနည်းနှင့် အများ ဒဏ်ရာများ ရရှိထားကြသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူတို့၏ အာရုံသည် နင်ချီ့ထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။ ယခုအချိန်တွင် ဒဏ်ရာ အနာတရ ကင်းမဲ့နေသော နင်ချီ တစ်ယောက်တည်းသာလျှင် သူတို့ သိလိုသော အဖြေကို ပေးနိုင်သူ ဖြစ်ပေသည်။
အခန်း (၅၆၆) - ပြိုလဲခြင်း
~"မင်းတို့ ဒဏ်ရာတွေကို အရင် ကုစားထားလိုက်ကြ။ လိုအပ်ရင် ဆေးလုံးတွေ ထုတ်သုံး... ကျန်တာ ငါ့တာဝန်ထား"
နင်ချီသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပြောလိုက်သည်။ သူ၏ အသံသည် ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပြီး၊ အဖြူရောင် ဝတ်စုံနှင့် လူငယ်လေးသည် လေထုကို နင်းဖြတ်ကာ လျှောက်လှမ်းသွားလေ၏။
"မောက်မာလိုက်တာ"
ရင်ကျုံးနှင့် ဝူတောက် တို့၏ မျက်နှာထားများ မည်းမှောင်သွားကြပြီး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
သူတို့ရှေ့မှ ဤကောင်လေးသည် ပါရမီရှင်များ ဖြစ်ကြသော သူတို့နှစ်ဦးစလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြံရွယ်နေသည် ဟုတ်လား။
နင်ချီက လူတိုင်းကို မည်သို့ ကယ်တင်လိုက်သည် ဆိုခြင်းကို သူတို့ မသိကြသော်လည်း၊ နင်ချီတွင် အလွန် အစွမ်းထက်သော "လျှို့ဝှက် ရတနာ" း တစ်ခု ရှိနေသည်ဟုသာ သူတို့နှစ်ဦး မှတ်ယူလိုက်ကြ၏။
ဒီတစ်ကြိမ်တွင် ရင်ကျုံးက ဦးဆောင် တိုက်ခိုက်လိုက်သည်။ ကြယ်တာရာ အရိပ်အယောင် ရာပေါင်းများစွာသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး၊ ကြယ်တာရာ ကောင်းကင်ယံ ကုလားကာကြီးကို ခြုံလွှမ်းထားသကဲ့သို့ ဖြစ်နေလေ၏။
အကန့်အသတ်မဲ့သော ကြယ်တာရာ စွမ်းအားများသည် ဝေဝါးသော ကြယ်ရောင်ခြည်များကို ထုတ်လွှတ်နေသည်။ ရင်ကျုံးသည် လေးကို ငင်ပြီး မြှားကို ရွယ်လိုက်သကဲ့သို့ ပုံစံဖြင့် နင်ချီကို ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။
ချက်ချင်းပင်... မြူခိုးများ ရစ်ပတ်နေသော အလင်းရောင် မြှားတစ်စင်းသည် နင်ချီထံသို့ တစ်ရှိန်ထိုး ပျံသန်းသွားတော့သည်။ ကြည့်ရသည်မှာ ရင်ကျုံးသည် ညဉ့်ကောင်းကင်ယံမှ "နဂါးငွေ့တန်း" တစ်ပိုင်းတစ်စကို ဖြတ်တောက်ပြီး ပစ်လွှတ်လိုက်သကဲ့သို့ ထင်မှတ်ရသည်။
သူတို့၏ "ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း" တွင် "ကောင်းကင် ကြယ်တာရာကျင့်စဉ်" ကို လေ့ကျင့်ကြရသည်။ ထိုကျမ်း၏ အထွတ်အထိပ်သို့ ရောက်ရှိပါက နေ၊ လ နှင့် ကြယ်များကို လက်ဝါးပေါ်တွင် ဆုပ်ကိုင်ထားနိုင်သည်ဟု ကောလာဟလများ ရှိသည်။ ယခုကဲ့သို့ စွမ်းအားကို ငှားရမ်း အသုံးပြုခြင်းမျိုး မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ရင်ကျုံး၏ တိုက်ခိုက်မှုသည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရင်ကျုံး ကိုယ်တိုင်ပင်လျှင် ဤတိုက်ကွက်သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အကျွမ်းကျင်ဆုံး တိုက်ကွက် ဖြစ်သည်ဟု ခံစားနေရ၏။
နင်ချီသည် ဟင်းလင်းပြင်ကို ဖြတ်သန်း လာနေပြီး၊ ဝင်ရောက်လာသော အလင်းရောင် မြှားတံသည် ရုတ်တရက် ကြီးမား ကျယ်ပြန့်လာကာ နဂါးငွေ့တန်းကြီး တစ်ခုလုံး ပြိုကျလာသကဲ့သို့ ဖိစီး ဝင်ရောက်လာတော့သည်။
သို့သော် သူသည် ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ပေါ့ပါးစွာပင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
နင်ချီ၏ ပတ်လည်တွင် စောစောက လူတိုင်းကို ကာကွယ်ပေးခဲ့သော "အရောင်ငါးမျိုး သက်တန့် အလင်းတန်း" ကိုပင် မထုတ်ဖော်ထားချေ။
သူ ဂုဏ်ယူရသော တိုက်ကွက်ကို နင်ချီက ဤသို့ တုံ့ပြန်သည်ကို မြင်သောအခါ ရင်ကျုံး၏ မျက်နှာထား အလွန် အေးစက်သွားပြီး သွားကြားထဲမှ ထွက်သော အသံဖြင့် ရှုတ်ချလိုက်မိသည်။
"ဒီကောင် သေလမ်းရှာနေတာပဲ"
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရလေ၏။
အလင်းရောင် မြှားတံကြီး နင်ချီ့အနားသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်... သာမန်ဟု ထင်ရသော နင်ချီ၏ လက်ဝါးရိုက်ချက်သည် စကြဝဠာ၏ အနက်ရှိုင်းဆုံး အမှောင်ထုအလား ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ မရေမတွက်နိုင်သော ကြယ်ရောင်ခြည်များကို ချက်ချင်း ဝါးမြို ဖျက်ဆီးပစ်လိုက်တော့သည်။
မှေးမှိန်သွားသော ကြယ်ရောင်ခြည်များကြားတွင် သူ၏ အဖြူရောင် ဝတ်စုံသည် တဖျပ်ဖျပ် လှုပ်ရှားနေပြီး "နိယာမ ဟူသမျှ မတိုးနိုင်" သော အခြေအနေသို့ ရောက်ရှိနေသကဲ့သို့ ရှိသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် နင်ချီသည်.. သူတို့နှစ်ဦး၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး၊ ကောင်းကင် ဖုံးလွှမ်းသော လက်ဝါးကြီးသည် သူတို့အပေါ်သို့ ကျရောက်တော့မည် ဖြစ်သည်။
ဝူတောက် လက်ဝါးကို လှန်လိုက်ရာ တိမ်တိုက်လွှာ တစ်ခုသည် သူနှင့် ရင်ကျုံး၏ ခြေဖဝါးအောက်တွင် ချက်ချင်း ပေါ်ပေါက်လာတော့သည်။
ခဏချင်းမှာပင် သူတို့၏ ပုံရိပ်များသည် နင်ချီနှင့် ဝေးရာသို့ ချက်ချင်း ရွေ့လျားသွားလေ၏။
ဝေးကွာသွားသော သူတို့၏ ပုံရိပ်များသည် အလွန် ခမ်းနားထည်ဝါနေပြီး၊ အခြားသူများ၏ အမြင်တွင် သူတို့သည် မသေမျိုး ဘဝသို့ တက်လှမ်းသွားကြပြီး အောက်ဘက်ရှိ လူများသည် လောကီရွှံ့နွံထဲတွင် ကျန်ရစ်ခဲ့ရသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
သို့သော် ကံဆိုးစွာပင်..၊ သူတို့ ရင်ဆိုင်နေရသည်မှာ နင်ချီ ဖြစ်နေခြင်းပင်။
အခင်းအကျင်းကို အသုံးပြုပြီး နေရာရွှေ့ပြောင်းလိုက်သော သူတို့နှစ်ဦးသည် တိမ်တိုက်များပေါ်တွင် ရပ်လျက် နင်ချီကို မထီမဲ့မြင် ငုံ့ကြည့်လိုက်ကြ၏။
ရုတ်တရက်... ခြေချော်သွားသကဲ့သို့ ဖြစ်သွားပြီး တိမ်တိုက်လွှာကြီးသည် ချက်ချင်း ကွဲကြေသွားရာ သူတို့နှစ်ဦးစလုံး တိမ်တိုက်ပေါ်မှ ပြုတ်ကျလာကြတော့သည်။
သူတို့သည် ကိုယ်ကို မနည်း ထိန်းလိုက်ရပြီး၊ ရင်ကျုံးသည် အလွန် အရှက်ရသွားသလို ခံစားလိုက်ရသည်။ သူ ဝူတောက်ကို ကြည့်ပြီး မေးလိုက်သည်။
"ညီအစ်ကို ဝူ... မင်းရဲ့ နေရာရွှေ့ပြောင်းတဲ့ အခင်းအကျင်းက ဘာလို့ ပျက်သွားတာလဲ"
ဝူတောက် ကိုယ်တိုင်လည်း ကြောင်အမ်းအမ်း ဖြစ်နေလေ၏။ အခင်းအကျင်း လမ်းစဉ်တွင် ပြိုင်ဘက်ကင်းသူ ဖြစ်သော်လည်း၊ ယခု ဘာဖြစ်သွားလဲ ဆိုတာ သူ ရိုးရိုးသားသား မသိပေ။
ရင်ကျုံး၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ သူ၏ မသိနားမလည်မှုကို ထုတ်မပြောရဲသဖြင့် ဆင်ခြေတစ်ခု ဖန်တီးလိုက်ရသည်။
"ညီအစ်ကို ရင်... တောင်းပန်ပါတယ်ဗျာ။ ဒီ ရတနာ ခန်းမထဲမှာ တားမြစ်ချက်တွေ ရှိနေတာ မေ့သွားလို့ပါ"
ထိုစကားကို ကြားသောအခါ ရင်ကျုံး စဉ်းစားလိုက်ပြီး ဆက်လက် စစ်ဆေးမေးမြန်းခြင်း မပြုတော့ပေ။ ထို့အပြင် နင်ချီ၏ တိုက်ခိုက်မှု ထပ်မံ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် သူတို့ အများကြီး တွေးချိန်မရတော့ချေ။
ရင်ကျုံး သတိပေးလိုက်သည်။
"ဒီကောင့်ရဲ့ ရုပ်ခန္ဓာက ကြောက်စရာကောင်းလောက်အောင် သန်မာတယ်။ အနီးကပ် မတိုက်မိစေနဲ့"
ဝူတောက် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ...ငါ့ရဲ့ အမြတ်နိုးဆုံး 'ကွင်းဆက် အခင်းအကျင်း' ကို သုံးပြီး ရှင်းပစ်မယ်။ ဖမ်းချုပ်တာ၊ ကန့်သတ်တာ၊ ကုန်ခမ်းစေတာ၊ အဆိပ်သင့်စေတာ နဲ့ သတ်ဖြတ်တာ... အကုန်ပါတယ်ဗျာ။ အခုချိန်ထိ ဒါကို သုံးဖို့ ထိုက်တန်တဲ့သူ မရှိခဲ့ဖူးဘူး"
ပြောပြီးသည်နှင့် နင်ချီ ဝင်ရောက်လာသည်ကို ရင်ဆိုင်လျက် ဝူတောက်၏ ပုံရိပ်သည် ရုတ်တရက် ဝေဝါးသွားသည်။
သူသာမက ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးပါ ဝေဝါးပြီး ပုံရိပ်ယောင်များ ဖြစ်ပေါ်လာတော့သည်။
အခင်းအကျင်း ပညာရပ်တွင်... အခင်းအကျင်း တည်ဆောက်သည်ကို သူတပါး သတိမထားမိအောင် ပြုလုပ်နိုင်ခြင်းသည် အထွတ်အထိပ် အဆင့်ပင် ဖြစ်သည်။
သာမန် အခင်းအကျင်း ဆရာများသည် တည်ဆောက်ရာတွင် ခြေရာလက်ရာ ကျန်ရစ်တတ်သော်လည်း ဝူတောက်၏ လှုပ်ရှားမှုများသည် အဆင့်မြင့်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
နင်ချီသည် ရှေ့တိုးနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်လေ၏။
သူ လိုက်လံ ကြည့်ရှုလိုက်သော နေရာတိုင်းတွင် ဝူတောက်၏ မျက်နှာသည် တစ်ဆင့်ပြီး တစ်ဆင့် သွေးရောင် ဖျော့သွားရသည်။
နောက်ဆုံးတွင် ဝူတောက်၏ တစ်ကိုယ်လုံး၌ ချွေးများ ရွှဲနစ်သွားပြီး ရင်ဘတ်များ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်ကာ သွေးအန်မတတ် ဖြစ်သွားရလေ၏။
ဘေးနားရှိ ရင်ကျုံး အလွန် လန့်ဖျပ်သွားပြီး ဝူတောက် အသက်လုပြီး ကြိုးစားနေသည်ဟု ထင်မှတ်လိုက်သည်။
အံ့သြစရာ ကောင်းသည်မှာ ဝူတောက်၏ မျက်လုံးများထဲရှိ စူးရှသော အလင်းရောင်များထဲတွင် ထိန်းချုပ်၍ မရနိုင်သော ကြောက်ရွံ့မှုများ ရောထွေးနေခြင်းပင် ဖြစ်သည်။
သူ့စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်နေမိသည်။
'မဖြစ်နိုင်ဘူး... ငါ အခင်းအကျင်း တည်ဆောက်နေတဲ့ နေရာတိုင်းကို နင်ချီက ဘယ်လိုလုပ် မြင်နေရတာလဲ။ အမှတ်အသား တစ်ခုချင်းစီကိုတောင် တိတိကျကျ လိုက်ကြည့်နေတာလား'
အခင်းအကျင်း ဆရာတစ်ယောက် အနေဖြင့် ကြောက်စရာ အကောင်းဆုံး အရာမှာ ပြိုင်ဘက်က ကိုယ့် အခင်းအကျင်းကို ဖျက်ဆီးပစ်တာ မဟုတ်ဘဲ... မတည်ဆောက်ခင် ကတည်းက အကုန်လုံးကို ဖောက်ထွင်း မြင်နေရခြင်းပင် ဖြစ်သည်။
မတရားလေခြင်း။
သို့သော် ဝူတောက်သည် ခေါင်းမာစွာဖြင့် လက်မခံနိုင် ဖြစ်နေဆဲပင်။
မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ တစ်ခုလုံးတွင် သူ ဝူတောက် တစ်ယောက်တည်းသာ အခင်းအကျင်း ပညာရပ်၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
သူ့ထက်သာသူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ထို့ကြောင့် မျှော်လင့်ချက် လေးစားမျှကို ဆုပ်ကိုင်ထားရင်း... သူ မြင်နေရတာတွေ အစစ် ဟုတ် မဟုတ် အတည်ပြုရန်အတွက် "ကွင်းဆက် အခင်းအကျင်း" ကို အဆုံးသတ် တည်ဆောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
နင်ချီ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် တွန့်လိမ် ရှုံ့တွသွားပြီး၊ ဝူတောက်က နောက်ဆုံး "အခင်းအကျင်း ဆုံမှတ်" ချလိုက်သည်နှင့် တပြိုင်နက် အခင်းအကျင်းကြီး ချက်ချင်း အသက်ဝင်လာတော့သည်။
"ဝီ...!"
ရုတ်တရက် ရောင်စုံ "အတားအဆီး အကာအကွယ်"က ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာပြီး နင်ချီကို အတွင်းထဲ၌ လွှမ်းခြုံ ပိတ်လှောင်လိုက်သည်။
၎င်း၏ အတွင်းပိုင်းတွင် လှုပ်ရှားမှုကို ကန့်သတ်မည့် "ဖမ်းချုပ်ခြင်း အခင်းအကျင်း"၊ မှော်စွမ်းအင်နှင့် မူလဝိညာဉ် စွမ်းအားများကို လျော့နည်းစေမည့် "ကန့်သတ်ခြင်း အခင်းအကျင်း" ၊ စိတ်ကို ညှိုးနွမ်းစေမည့် "ကုန်ခမ်းခြင်း အခင်းအကျင်း" ၊ အဆိပ်ငွေ့များ ထုတ်လွှတ်မည့် “အဆိပ် အခင်းအကျင်း”နှင့် သေစေနိုင်သော "သတ်ဖြတ်ခြင်း အခင်းအကျင်း"တို့ ပါဝင်နေသည်။
ဤ အခင်းအကျင်းများ ပေါင်းစပ်မှုသည် ဝူတောက်၏ လက်ရာမွန် တစ်ခု ဖြစ်ပေသည်။
ရင်ကျုံး ပင်လျှင် ဤ ကွင်းဆက် အခင်းအကျင်းကို မြင်လိုက်ရသောအခါ အလွန် ထိတ်လန့်သွားပြီး၊ အကယ်၍ သူသာ အတွင်းထဲတွင် ပိတ်မိပါက သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်ကြောင်း သိလိုက်ရသည်။
ရှိနေသော သူများထဲတွင် လူအများစုသည် နင်ချီကို ယုံကြည်ကြသော်လည်း စိုးရိမ်ပူပန်နေကြဆဲပင်။
ဘာပဲဖြစ်ဖြစ်... စောစောက ဝူတောက်က "သတ်ဖြတ်ခြင်း အခင်းအကျင်း" နှစ်ခုတည်းနှင့်တင် သူတို့ အားလုံးကို အပိုင်းပိုင်း ပြတ်မတတ် ဖြစ်အောင် လုပ်ခဲ့သည် မဟုတ်ပါလော။
အခုဟာက ပိုတောင် ကြောက်စရာ မကောင်းဘူးလား။
ဝမ်ယဲ့ သည် အပြန်အလှန် အားဖြည့်ပေးနေသော အခင်းအကျင်းများကို အာရုံစိုက် ကြည့်ရှုနေရင်း... လွန်ခဲ့သော (၁၀) နှစ်ခန့်က "ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာကိုယ်" လမ်းစဉ်နှင့် ပတ်သက်ပြီး နင်ချီကို မေးမြန်းခဲ့ဖူးသည်ကို ရုတ်တရက် ပြန်လည် သတိရလိုက်မိလေတော့သည်။
အခန်း (၅၆၇) - ပြိုလဲခြင်း (အပိုင်း ၂)
~ထိုအချိန်က နင်ချီသည် မည်သည့် လမ်းစဉ်ကို လျှောက်လှမ်းသည်ဖြစ်စေ ဤစကားလုံး ခြောက်လုံးကို ဘယ်သောအခါမျှ မမေ့သင့်ကြောင်း ပြောကြားခဲ့ဖူးသည်။
"တိုက်ခိုက်ခြင်း၊ အမြန်နှုန်း၊ ကာကွယ်ခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ အကန့်အသတ် သတ်မှတ်ခြင်း၊ လျှော့ချခြင်း... ခြောက်သွယ် ပေါင်းစည်းခြင်း"
စီနီယာအစ်ကိုနင် သည် ဤသဘောတရားကို ယခင်ကတည်းက ရှင်းပြခဲ့ဖူး၏။ ယခု ဝမ်ယဲ့သည် ဝူတောက်၏ အခင်းအကျင်းထဲတွင် ပိတ်မိနေသော်လည်း ဝူတောက်၏ နည်းလမ်းများကို သတိမထားမိဘဲ နေပါမည်လော။
ဝမ်ယဲ့၏ သွေးများသည် ဦးခေါင်းထိပ်သို့ ဆောင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ နင်ချီကို ယုံကြည်သည်။ ဝူတောက်၏ ခြောက်သွယ် ပေါင်းစည်းထားသော အခင်းအကျင်းကို နင်ချီ မည်သို့ ချိုးဖျက်မည်နည်း ဆိုသည်ကို သူ အလွန် သိချင်နေမိတော့သည်။
မျက်စိကျိန်းမတတ် တောက်ပနေသော အခင်းအကျင်း အတွင်း၌ နင်ချီ၏ မျက်နှာထားသည် ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေဆဲ ဖြစ်လေ၏။
ဝူတောက်သည် နင်ချီ၏ မျက်နှာထားကို စူးစိုက်ကြည့်ရှုနေပြီး သူ၏ နှလုံးခုန်သံများသည် စည်တီးသကဲ့သို့ ဒိန်းဒိန်းဒိုင်းဒိုင်း မြည်ဟီးနေတော့သည်။
နင်ချီက သူ့အကြောင်း အရာအားလုံးကို ဖောက်ထွင်းမြင်နေပြီလောဟု သူ ကြောက်ရွံ့လာမိသည်။ အခင်းအကျင်း လမ်းစဉ်တွင် သူ့ထက် ပိုမို ပါရမီပါသော သူတစ်ယောက် ရှိနေသည်ကို သူ အလွန် ကြောက်ရွံ့နေမိခြင်း ဖြစ်ပေသည်။
ဝူတောက် အံကို တင်းတင်း ကြိတ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်ကို ရုတ်တရက် ပေါင်းစည်းလိုက်သည်။
သူ့ရှေ့ရှိ အခင်းအကျင်းသည် မြန်ဆန်စွာ လည်ပတ်လာပြီး နင်ချီ၏ ပုံရိပ်ပင်လျှင် ဝေဝါး ပျောက်ကွယ်လုနီးပါး ဖြစ်သွားရလေ၏။
ထိုအခိုက်အတန့်တွင်... ချိတ်ဆက်ထားသော အခင်းအကျင်းကြီး တစ်ခုလုံးသည် မှန်တစ်ချပ် ကွဲကြေသွားသကဲ့သို့ ရုတ်တရက် ပျက်စီးသွားပြီး နင်ချီသည် မီးခိုးငွေ့များကြားမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာသည်။
ရင်ကျုံး မျက်လုံးများ ပြူးကျယ်သွားရ၏။ ဝူတောက်သည် ခြေလှမ်းများ နောက်ဆုတ်မိသွားပြီး နင်ချီကို လက်ညှိုးထိုးကာ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ချေ။
"မင်းက အခင်းအကျင်းနဲ့ ကစားရတာ ဒီလောက် ကြိုက်မှတော့... ငါ့အလှည့်ကို စမ်းကြည့်ပါဦး"
နင်ချီ၏ အေးစက်သော အသံသည် ရွှေရောင် ရတနာ ခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
သူ၏ စကားသံ ဆုံးသည်နှင့် တပြိုင်နက် ခန်းမဆောင်ကြီး တစ်ခုလုံး တုန်ခါသွားတော့၏။
ထို့နောက် ရင်ကျုံး၊ ဝူတောက် နှင့် ရှိသမျှ လူတိုင်း မြင်တွေ့လိုက်ရသော မြင်ကွင်းသည် တစ်သက်တာ မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။
ရွှေရောင် ရတနာ ခန်းမ အတွင်းရှိ မိုးမျှော်မတတ် မြင့်မားသော ရုပ်တုကြီးများသည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာကြသည်။
၎င်းတို့သည် လေထဲသို့ မြောက်တက်သွားပြီး ဥက္ကာခဲများအလား တစ်ရှိန်ထိုး ပျံသန်းကာ ရင်ကျုံးနှင့် ဝူတောက် တို့ကို ဝိုင်းရံလိုက်ကြသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ... ထိုရုပ်တုများ ကိုင်ဆောင်ထားသော ရတနာဆန်း အမျိုးမျိုးတို့သည် ကိုယ်ပိုင် အလင်းရောင်များ ထုတ်လွှတ်ကာ ထိုနှစ်ယောက်ကို လွှမ်းခြုံ ပိတ်ဆို့ထားလိုက်ခြင်းပင် ဖြစ်သည်။
အကယ်၍ ဝူတောက်၏ အခင်းအကျင်း ပညာသည် ကိုယ်ပိုင် နည်းလမ်းများဖြင့်သာ ကန့်သတ်ထားခြင်း ဖြစ်ပါက၊ နင်ချီ၏ အခင်းအကျင်း ပညာမှာမူ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စိတ်တိုင်းကျ အသုံးချနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
"ညီအစ်ကို ဝူ... ဘာဖြစ်တာလဲ။ မင်းက ရွှေရောင် ရတနာ ခန်းမရဲ့ အခင်းအကျင်းနဲ့ ချိတ်ဆက်ထားတယ် ဆို။ ခန်းမ တံခါးကို ပိတ်လိုက်တာ မင်းပဲ မဟုတ်ဘူးလား"
ရင်ကျုံး၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့် ကြောက်ရွံ့မှုများ ပေါ်လာသည်။
ရုပ်တုများ၏ ဝိုင်းရံခြင်းကို ခံရသောအခါ သူသည် ဖောက်ထွက်ရန် အစွမ်းကုန် ကြိုးစားသော်လည်း ရွှေရောင် ရတနာ ခန်းမ အတွင်းရှိ ရုပ်တုများ ဖန်တီးထားသော အခင်းအကျင်းမှ မလွတ်မြောက်နိုင်ခဲ့ချေ။
သူသည် ပြီးပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ တစ်ခုကို ထုတ်ယူပြီး မှော်စွမ်းအင်နှင့် မူလဝိညာဉ် စွမ်းအားများကို အပြင်းအထန် ထည့်သွင်းကာ ပြိုင်ဘက်ကင်း တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့သော်လည်း အခင်းအကျင်း ပေါ်တွင် လှိုင်းဂယက် အနည်းငယ်သာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။
ဝူတောက်သည် ရင်ကျုံး၏ မေးခွန်းကို လုံးဝ ပြန်မဖြေခဲ့ပေ။
ရွှေရောင် ရတနာ ခန်းမ တံခါးကို ပိတ်လိုက်သူမှာ မည်သူဖြစ်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
နင်ချီ….။
ဝူတောက် နှုတ်ဆိတ်နေသည်ကို မြင်ရပြီး ရုပ်တုများ လက်ထဲမှ ရတနာဆန်း အမျိုးမျိုးသည် စွမ်းအင်များ စုစည်းလာသည်ကို တွေ့လိုက်ရသောအခါ နောက်တစ်စက္ကန့်တွင် တိုက်ခိုက်တော့မည်ကို ရင်ကျုံး သိလိုက်သည်။
ရင်ကျုံး၏ မျက်နှာထားသည် အမျိုးမျိုး ပြောင်းလဲသွားပြီး ရုတ်တရက် သူ၏ ဒူးများ ပျော့ခွေသွားကာ အခင်းအကျင်း အတွင်း၌ ဒူးထောက် ချလိုက်သည်။ သူသည် အပြင်ဘက်ရှိ နင်ချီကို ကြည့်ကာ အသနားခံလိုက်တော့သည်။
"နင်ချီ... ငါ မှားသွားပါတယ်။ မင်းကသာ စစ်မှန်တဲ့ နံပါတ်တစ် ပါရမီရှင်ပါ။ အရင်တုန်းက ငါက မြင့်မြတ်မှုကို မသိမြင်ခဲ့မိဘူး။ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ"
သို့သော် နင်ချီ၏ ချောမောသော မျက်နှာပေါ်တွင် စိတ်ပြောင်းသွားမည့် အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ရချေ။
နင်ချီသည် ပုရွက်ဆိတ် တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့၊ မျောက်တစ်ကောင် ကပြနေသည်ကို ကြည့်နေသကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေသည်။
အသက်ချမ်းသာ ရရန်အတွက် ရင်ကျုံးက နင်ချီအား ဒူးထောက် အသနားခံနေသည်ကို မြင်သောအခါ ဝူတောက်၏ မျက်နှာပေါ်တွင် နောင်တရသော အရိပ်အယောင်များ ပေါ်လာသည်။
ဤ နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ ခရီးစဉ်သည် သူ့ကို ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း သို့ ဝင်ရောက်စေပြီး ကိုယ်ပိုင် လမ်းကြောင်းကို ဖောက်လုပ်နိုင်စေလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ သူ၏ ဘဝ ဤနေရာတွင် အဆုံးသတ်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။
သို့သော် ဝူတောက်သည် ရင်ကျုံး ကဲ့သို့ ဒူးထောက် အသနားမခံခဲ့ပေ။
..ဒူးထောက်ရုံနဲ့ အသက်ချမ်းသာရာ ရနိုင်မယ် ဆိုရင်... သူတို့ သတ်ဖြတ်ခဲ့တဲ့ လူတွေက ဒူးထောက်နေကြတာ ကြာလှပြီပေါ့။
သူတို့ကရော အဲဒီလူတွေကို လွှတ်ပေးခဲ့လို့လား။ လုံးဝ မလွှတ်ပေးခဲ့ဘူးလေ။..
ရင်ကျုံးလည်း ဒါကို သိနေသည်ပါပဲ။ သို့ရာတွင်၊ သူ့စိတ်က တွက်ချက်မှု များလွန်းသည်။
အသက်ရှင်ဖို့ အရင်ကြိုးစားပြီးမှ နောက်ကျမှ စာရင်းရှင်းမည် ဆိုသော အတွေးမျိုး ဝင်နေတာ ဖြစ်လောက်၏။
ဝူတောက် သက်ပြင်းချလိုက်မိသည်။
သူ နင်ချီကို ကြည့်ပြီး ပြောလိုက်သည်။
"တောမုဆိုးထက် တော်တဲ့သူ ရှိသလို၊ ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင် ရှိသေးတာပဲ။ ငါ့ကိုယ်ငါ မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေရဲ့ တစ်ဦးတည်းသော အခင်းအကျင်း ပါရမီရှင် ဆိုပြီး ထင်ခဲ့တာ ရယ်စရာ ကောင်းလိုက်တာ"
နျူမန်နှင့် အခြားသူများ ဘာမျှ ဝင်မပြောကြချေ။
ဝူတောက်သည် တကယ်ကို ဉာဏ်ကြီးရှင်၊ ပါရမီရှင် တစ်ယောက် ဖြစ်သည်ကို သူတို့ ဝန်ခံကြ၏။ သို့သော် သူသည် "အင်မော်တယ် မျိုးစိတ်" နင်ချီ နှင့် လာတွေ့နေခြင်း ဖြစ်သည်။
ပါရမီရှင် အချင်းချင်းတောင် အဆင့်အတန်း ကွာခြားမှု ရှိသေးသည် မဟုတ်လော။
"မင်း ငါ့ကို ပြောပြနိုင်မလား... ရွှေရောင် ရတနာ ခန်းမရဲ့ အခင်းအကျင်းကို ဘယ်အချိန်တုန်းက နားလည် သဘောပေါက်သွားတာလဲ"
နင်ချီ အေးစက်စွာ ပြန်ဖြေလိုက်သည်။
"မင်း ပေ့ရွှမ် ဂိုဏ်းသား ခုနစ်ယောက်ကို အခင်းအကျင်းနဲ့ ဖမ်းချုပ်လိုက်တုန်းကပေါ့"
"ဩော်... အဲဒီတုန်းကကိုး"
ဝူတောက် နှုတ်ခမ်းကို တင်းတင်း စေ့လိုက်ပြီး စကားဆက်မပြောလိုတော့သည့် ပုံစံ ပေါက်နေသည်။ သို့သော် ခဏအကြာတွင် ပါးစပ်ကို ပြန်ဟမိသည်။
သူ၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် ထူးခြားသော အလင်းရောင်များ တောက်ပလာပြီး အခြား မည်သူ့ ပုံရိပ်မျှ မရှိတော့ဘဲ နင်ချီ၏ အရိပ်တစ်ခုတည်းသာ ကျန်ရှိတော့သည်။
"အင်မော်တယ် မျိုးစိတ် နင်ချီ... ငါ မင်းကို မှတ်မိနေတော့မှာပါ"
"ဘုန်း...!"
အဆုံးမရှိသော တိုက်ခိုက်မှုများသည် ထိုနှစ်ယောက်ကို ဝါးမြိုသွားပြီး ရွှေရောင် ရတနာ ခန်းမကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ သူတို့နှစ်ဦး ရုတ်ချည်းပင်. ပျက်စီး သေဆုံးသွားကြလေတော့သည်။
နင်ချီ၏ နောက်ကျောဘက်ရှိ လူတိုင်း၏ နှလုံးခုန်သံများသည် ဗုံတစ်လုံးလို မြည်ဟီးနေကြ၏။
မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ၏ ပါရမီရှင်ကြီး ငါးဦးအနက် သုံးဦးသည် သူတို့၏ စီနီယာအစ်ကိုနင် လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး၊ အလွန် ပြတ်သားစွာ ရှုံးနိမ့်သွားခဲ့ကြတော့၏။
လူတိုင်း၏ စိတ်ထဲတွင် ခံစားချက်များ လှိုင်းထန်နေကြ၏။ ဂုဏ်ယူမှုနှင့် စိုးရိမ်မှုများ ရောထွေးနေကြ၏။
သို့သော် သူတို့အားလုံး သေချာနေသည့် အရာတစ်ခု ရှိသည်။ နင်ချီ ရှိနေသမျှ ကာလပတ်လုံး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အနာဂတ်သည် သူ့ကြောင့် သေချာပေါက် တောက်ပလာပေလိမ့်မည်။
အကြောင်းကတော့၊ သူတို့သည် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းအောင် ပါရမီပါသော သူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ကြသောကြောင့်ပင်။
မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေတွင် ခေတ်အဆက်ဆက် ဂိုဏ်းဆက်ခံသူများနှင့် ပေါင်းစည်းခြင်း နယ်ပယ် မဟာ စွမ်းအားရှင်ကြီးများ၏ မှတ်တမ်းများ အတိအကျ ရှိသည်။
နင်ချီ၏ အသက်အရွယ်တွင် နင်ချီကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သူ မည်သူမျှ မရှိခဲ့ဖူးချေ။
နျူမန်နှင့် အခြား မိစ္ဆာများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ သဘောထားကို တစ်ယောက် နားလည်လိုက်ကြ၏။ ဤ အားကိုးရာကြီးကို မြဲမြံစွာ ဆုပ်ကိုင်ထားရပေမည်။
တိုက်ပွဲ ပြီးဆုံးသွားသောအခါ ဝူတောက်နှင့် ရင်ကျုံး တို့၏ ပိုင်ဆိုင်မှုများကို နင်ချီ၏ အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက် နင်ချီသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ လူတိုင်း၏ နှလုံးကို ထပ်မံ တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာပြန်သည်။
ရွှေရောင် ရတနာ ခန်းမ အတွင်းရှိ ရုပ်တုများ ကိုင်ဆောင်ထားသော ရတနာများ အားလုံးသည် မျက်လုံး ပါနေသကဲ့သို့ နင်ချီ ရှိရာဆီသို့ ပျံသန်း ရောက်ရှိလာကြတော့သတည်း..။