← Chapters

အခန်း (၄၄၉၆-၄၅၀၀)

Vol. 228 Ch. 4496-4500

အခန်း (၄၄၉၆-၄၅၀၀)

Vol. 228 Ch. 4496-4500

Chapter 4496

"ရှန်လင်းလုံက နောက်ထပ် ဘာတွေဆက်လုပ်ခဲ့လဲဆိုတာ မင်း သိလား..."

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကိုထိန်းချုပ်ရန်အတွက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဤသည်မှာ နက်ရှိုင်းသော သွေးကြွေးရန်ငြိုးတစ်ခုပင်။အကယ်၍ နောင်အနာဂတ်တွင် အခွင့်အရေးတစ်ခု ရှိလာပါက သူသည် ရှန်လင်းလုံအား အကြိမ်ပေါင်းရာနှင့်ချီ၍ ပြန်ပေးဆပ်ရအောင် ပြုလုပ်ပေမည်။

ပဉ္စမဘုရင်က ဆက်လက်၍ပြောဆိုသည်။

"အတိတ်မှာ ရှန်လင်းလုံလုပ်ခဲ့တဲ့ကိစ္စတွေက အရမ်းတရားလွန်တယ်...သူက အရှင့်ရဲ့အနက်ရောင်အသူရာခန်းမကို ဖျက်ဆီးခဲ့တယ်...သူက ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့တာပဲ...တကယ်တော့ ငါတို့ကလည်း သူ့ကို အလွယ်တကူ အလွတ်မပေးခဲ့ဘူး...အဲ့ဒီအချိန်ကနေစပြီးတော့ မြေအောက်လောကမှာရှိတဲ့ ရှန်လင်းလုံရဲ့အင်အားစုတွေကို ငါတို့က ဖယ်ရှားခဲ့တယ်....ဒါကြောင့် သူ့မှာ မြေအောက်လောကနယ်မြေနဲ့ပတ်သက်ပြီးတော့ ဘာအခွင့်အာဏာမှ မရှိတော့ဘူး"

"ဒါပေမဲ့ အဲ့ဒီအချိန်ကနေစပြီးတော့ မြေအောက်လောကနယ်မြေတစ်ခုလုံးက အကန့်အသတ်မရှိတဲ့ အတွင်းရေးပဋိပက္ခတွေကြားကို ကျရောက်သွားခဲ့တယ်"

လုယွီက မျက်မှောင်ကြုတ်ပြီး အေးစက်တင်းမာစွာပြောဆိုသည်။

"မင်ဟူနဲ့တခြားလူတွေက ဘယ်ရောက်နေတာလဲ...သူတို့က ထိုင်ပြီးစောင့်ကြည့်နေတာလား"

မင်ဟူသည် အတိတ်တွင် လုယွီ လက်ခံထားခဲ့သော ဒုတိယမြောက်တပည့်ပင်။

လုယွီ၏ ပထမဆုံးတပည့်သည် မင်ခွမ်ဖြစ်ပြီး ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ခဲ့သဖြင့် လုယွီသည် သူ့အား မြေအောက်လောကနယ်မြေမှ မောင်းထုတ်ခဲ့သည်။ထိုကြောင့် မင်ဟူသည် လုယွီ၏အမွေဆက်ခံသူအဖြစ် ဆက်ဆံခြင်းခံရလေ၏။

လုယွီ၏အတိတ်ဘဝတွင် ကောင်းကင်ဘုံနယ်မြေ၌ မင်ဟူအပြင် တပည့်ခြောက်ယောက်ရှိသည်။

ပဉ္စမဘုရင်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"မြေအောက်လောကကျားဘုရင်မင်ဟူ...သူ.. သူ သေသွားပြီ"

"ဘာ..."

လုယွီ၏စိတ်နှလုံးသားအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

"မင်ဟူကို ဘယ်သူသတ်တာလဲ"

အတိတ်ဘဝတွင် လုယွီထံ၌ မည်သည့်ဆွေမျိုးသားချင်းမျှမရှိသဖြင့် သူ၏နံဘေးတွင်ရှိသောလူများနှင့် အလွန်ရင်းနှီးသည်။

လုယွီသည် သူ၏တပည့်များကို သူ၏ကိုယ်ပိုင်သားသမီးများအလား ဆက်ဆံခဲ့သည်။

ယခုအချိန်၌ သူ၏တပည့် အသတ်ခံရသည်ကိုကြားရသဖြင့် သူ မည်သည်ကြောင့် ဒေါသမထွက်ဘဲနေမည်နည်း။

"အဲ့ဒါက ယန်ဟွမ်ရဲ့လက်ချက်ပါ"

လုယွီ၏မျက်လုံးအတွင်းရှိ ဝေခွဲရခက်သွားသောအရိပ်အယောင်များကိုကြည့်ပြီး ပဉ္စမဘုရင်က အလျင်စလိုရှင်းပြလိုက်၏။

"ယန်ဟွမ်က နံပါတ်ငါးနယ်မြေရဲ့ ယန်မိသားစုကဖြစ်ပြီးတော့ ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ပဲ...သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မြေအောက်လောကမှာ နာမည်တစ်လုံးရအောင် လုပ်နိုင်ခဲ့တယ်...အခုအချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားတာကြောင့် သူ့ရဲ့ပထမဆုံးခြေလှမ်းက မင်ဟူကိုသတ်ပြီး သူ့ရဲ့မဟာတာအိုကို အောင်မြင်ပြီးမြောက်အောင် လုပ်ခဲ့တယ်"

"နံပါတ်ငါးနယ်မြေရဲ့ငရဲဘုရင်က သူ့မှာ အရှင်ရဲ့အမိန့်တော်ရှိတယ်လို့ ပြောခဲ့တယ်...အရှင့်ရဲ့တပည့်တွေက တခြားလူတွေကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တယ်လို့ စွပ်စွဲပြီးတော့ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တယ်"

"အဲ့ဒီကိစ္စပြီးတော့ အရှင်ရဲ့စည်းတံဆိပ်နဲ့ သူက သူ့ကိုယ်သူ ငရဲဧကရာဇ်လို့ သတ်မှတ်ပြီး မြေအောက်လောကတစ်ခုလုံးကို စီမံအုပ်ချုပ်ခဲ့တယ်...ကျိုးမိသားစုကိုကူညီပြီးတော့ ကောင်းကင်ဘုံနယ်မြေကို ကျူးကျော်တာက သူ့ရဲ့အကြံဉာဏ်ပဲ"

လုယွီက အေစက်တင်းမာစွာ ပြောဆိုသည်။

"ငရဲဘုရင်...သူက သေချင်နေတာလား"

မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေတွင် နံပါတ်ငါးနယ်မြေ၏ငရဲဘုရင်သည် အစွမ်းထက်ဆုံးနှင့်အခွင့်အာဏာအကြီးမားဆုံးပင်။

လုယွီသည် မြေအောက်လောကနယ်မြေ၌ နာမည်မကျော်ကြားစဉ်အချိန်ကပင် ယန်မိသားစုသည် မြေအောက်လောက၌ အလွန်ကြီးမားသော နာမည်ဂုဏ်သတင်းရှိသည်။သူတို့သည် နယ်မြေဆယ့်ရှစ်ခုအကြား၌ အစွမ်းထက်ဆုံးတည်ရှိမှုကြီးတစ်ခုပင်။

အကယ်၍ နောက်ပိုင်းတွင် လုယွီထွက်ပေါ်လာခြင်းကြောင့်သာ မဟုတ်ပါက ယန်မိသားစုသည် မြေအောက်လောကနယ်မြေတစ်ခုလုံး၏ အုပ်ချုပ်သူအရှင် ဖြစ်သွားပေမည်။

လုယွီသည် မြေအောက်လောကတာအိုသခင် ဖြစ်လာပြီးနောက် ယန်မိသားစုကို ချိုးနှိမ်ကာ သူ၏ခြေထောက်အောက်၌ ဝတ်တွားနေစေပြီး မည်သည့်အတွေးကို​မျှ မတွေးတောဝံ့အောင် ပြုလုပ်ခဲ့သည်။

မြေအောက်လောကတာအိုသခင် သေဆုံးသွားပြီးနောက် ယန်မိသားစုသည် ငြိမ်သက်နေခြင်းမရှိဘဲ ပုန်ကန်ရန်ဟူသော သူတို့၏ရည်ရွယ်ချက်များ ပေါ်လွင်လာခဲ့သည်။

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာပေ၏။

"ယန်မိသားစု...အရမ်းကောင်းတယ်..ယန်မိသားစုက ဘာမလို့လဲ..."

အတိတ်ဘဝတွင် ယန်မိသားစုသည် သူတို့၏ခေါင်းများကိုငုံ့၍ အညံခံခဲ့ကြသဖြင့် လုယွီသည် သူတို့ကို ကြီးမားသောအကျိုးအမြတ်များ ပေးခဲ့သည်။

နံပါတ်ငါးနယ်မြေ၏ငရဲဘုရင်သည် မြေအောက်လောကအတွင်း၌ သူ၏ကိုယ်ပိုင်ဘုရားကျောင်းကို တည်ထောင်နိုင်ခဲ့သည့် တစ်ဦးတည်းသောလူပင်။မြေအောက်လောကနယ်မြေအတွင်းတွင် မြေအောက်လောကနတ်ဘုရား၏ ကြီးမားသော ဘုရားကျောင်းမှလွဲ၍ ငရဲဘုရင်ကို ဝတ်ပြုကိုးကွယ်ရန် အသုံးပြုသော ဘုရားကျောင်းငယ်တစ်ခုသာရှိသည်။

ဤသည်မှာ လုယွီသည် ယန်မိသားစုကို အလွန်အမင်းချီးမြှောက်ခဲ့ခြင်းပင်။

သို့ရာတွင် ယန်မိသားစုသည် မည်သည့်ကြောင့် သူ့အား ဤကဲ့သို့ ပြန်ပေးဆပ်ခဲ့သနည်း။

သူတို့သည် လုယွီ၏တပည့်များကို သတ်ဖြတ်ရန်အတွက် အတုအယောင်အမိန့်တော်ကိုပင် ထုတ်ပြန်ခဲ့သည်။

ယန်မိသားစုသည် ရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူ၍ မြေအောက်လောကနယ်မြေအား ထိန်းချုပ်ပိုင်ခွင့်ကို သိမ်းပိုက်လိုခြင်းဖြစ်သည်။

"နင်းချူ ဘယ်မှာလဲ...ကျိုးမိသားစုက သူ့ကို ဖမ်းထားတယ် မဟုတ်လား"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကိုထိန်းချုပ်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ဖန်းနင်းချူသည် လုယွီ၏အငယ်ဆုံးတပည့်ပင်။

လုယွီ တော်ဝင်မြို့တော်၌ရှိနေစဉ်တွင် ဖန်းနင်းချူသည် ချီဘုရင်ကြောင့် ဒဏ်ရာရရှိသွားကြောင်း သူ သိရှိထားပြီးဖြစ်သော်လည်း သူမ မည်သည့်နေရာ၌ရှိနေသည်ကို မသိခဲ့ရ​ချေ။

ပဉ္စမဘုရင်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ငရဲဘုရင်က ဖန်းနင်းချူကို ယန်ဟွမ်ရဲ့ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်ပေးဖို့ လုပ်နေတယ်...မင်္ဂလာပွဲအချိန်က နောက်တစ်နှစ်ရဲ့ သတ္တမမြောက်လ ဆယ့်ငါးရက်နေ့ပဲ"

Chapter 4497

ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ်သည် ရုတ်တရက် ပဉ္စမဘုရင်ပေါ်သို့ ကျရောက်လာပေ၏။

ပဉ္စမဘုရင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူ၏ခေါင်းကို ပို၍ငုံလိုက်ပြီး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။လုယွီ၏ဒေါသသည် သူ့အပေါ်သို့ ပုံကျလာမည်ကို သူ ထိတ်လန့်ကြောက်ရွံ့နေမိသည်။

"ယန်ဟွမ်...သူက ဘာကောင်မလို့ ငါ့ရဲ့တပည့်ကို ကိုယ်လုပ်တော်အဖြစ် ယူဝံ့တာလဲ"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

သူ၏အသံသည် တည်ငြိမ်နေသော်လည်း အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ပဉ္စမဘုရင်က သူ၏နှလုံးသားသည် သူ၏ရင်ဘတ်မှ ခုန်ထွက်တော့လုမတတ် ခံစားနေရသည်။ဤကဲ့သို့ခံစားချက်မျိုးကို သူ အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

အတိတ်တွင် သူသည် မြေအောက်လောကတာအိုသခင်၏နံဘေး၌ ရှိနေစဉ်က တာအိုသခင်ဒေါသထွက်သောအချိန်တိုင်း ဤကဲ့သို့ အပြုအမူမျိုးကို ပြသလေ့ရှိသည်။မြေအောက်လောကတာအိုသခင်သည် စကားလုံးအနည်းငယ်ဖြင့် လူတစ်ယောက်၏သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်သည်။

ပဉ္စမဘုရင်က အလျင်စလိုပြောဆိုသည်။

"ယန်ဟွမ်က မြေအောက်လောကရဲ့ ထိပ်သီးပါရမီရှင်တစ်ယောက်ပါ...အတိတ်မှာတုန်းက ယန်မိသားစုက သူ့ကို ကွယ်ဝှက်ထားခဲ့တယ်...သူက အပြင်မှာ အတွေ့အကြုံယူနေပြီးတော့ အိမ်ကိုပြန်ရောက်လာတာ မကြာသေးဘူး...အရှင်သေဆုံးသွားပြီးတဲ့နောက်မှာ ယန်မိသားစုက ယန်ဟွမ်ကို ဘိုးဘေးငယ်လေးရာထူးထိ တွန်းပို့ခဲ့တယ်...အရှင်ရဲ့လက်အောက်မှာရှိခဲ့တဲ့ ထိပ်သီးကျင့်ကြံသူတွေကလည်း သူ့ကိုမှီခိုအားထားနေပြီးတော့ အတိတ်မှာတုန်းက အရှင့်ရဲ့အခွင့်အာဏာထက် မနိမ့်ကျတော့ဘူး"

"ငရဲဘုရင်က ယန်ဟွမ်ရဲ့နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးချင်တယ်...နင်းချူက အရှင်ရဲ့အနှစ်သက်ဆုံးတပည့်ဆိုတာ လူတိုင်း သိထားကြတယ်....တကယ်လို့ ယန်ဟွမ်က နင်းချူကိုလက်ထပ်မယ်ဆိုရင် မြေအောက်လောကနယ်မြေထဲမှာ သူ့ရဲ့အဆင့်အတန်းကို ဘယ်သူကမှ လှုပ်ခတ်လို့ရမှာ မဟုတ်တော့ဘူး"

"ယန်ဟွမ်က လက်ထပ်ပြီးသွားပြီ...ဒါပေမယ့် ယန်မိသားစုက နင်းချူကို ထိန်းချုပ်ချင်တယ်....ယန်ဟွမ်မှာ ရွေးချယ်စရာမရှိတော့တဲ့အတွက် နင်းချူက သူကို သွေးဆောင်းဖြားယောင်းခဲ့တာကြောင့် လက်ထပ်ရမယ်လို့ လူသိရှင်ကြား ထုတ်ပြန်ကြော်ညာခဲ့တယ်....မြေအောက်လောကနယ်မြေရဲ့ သတ္တမမြောက်လ ဆယ့်ငါးရက်နေ့က ကောင်းကင်ဘုံနယ်မြေနဲ့ တထပ်တည်းကျပြီးတော့ ချိတ်ဆက်နေတယ်...အဲ့ဒီအချိန်ကျရင် မင်္ဂလာပွဲကို တက်ဖို့အတွက် အင်အားစုအသီးသီးကလူတွေ ရောက်လာလိမ့်မယ်...ငရဲဘုရင်က မင်္ဂလာပွဲကို အခွင့်ကောင်းယူပြီးတော့ သူက မြေအောက်လောကရဲ့ အုပ်ချုပ်သူအရှင်ဆိုတာကို ထုတ်ပြန်ကြော်ညာလိမ့်မယ်"

ပဉ္စမဘုရင်သည် ထိုစကားများကိုပြောဆိုနေချိန်၌ သူ၏အသံသည် တစတစပို၍တိုးညှင်းသွားပေ၏။

လုယွီ၏ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူ ခံစားမိသည်။

"မင်ဟူ သေဆုံးသွားပေးတဲ့နောက်မှာ...တခြားဘယ်သူတွေ အသက်ရှင်နေသေးလဲ"

လုယွီက အသံနက်ကြီးဖြင့် မေးမြန်းသည်။

ပဉ္စမဘုရင်သည် မြေပြင်ပေါ်၌ ထပ်မံ၍ဒူးထောက်ကာ ပြောဆိုလိုက်၏။

"ဒီငယ်သားက အပြစ်တွေအတွက် အကြိမ်ပေါင်းထောင်သောင်းချီပြီး သေဖို့ထိုက်တန်ပါတယ်...မြေအောက်လောကကျားဘုရင်မင်ဟူ သေဆုံးသွားတဲ့ကိစ္စအပြင် တခြားသခင်လေးတွေ ဘယ်နေရာမှာရှိနေလဲဆိုတာ ငါ မသိပါဘူး"

လုယွီက ပြောဆိုသည်။

"မင်း ပြန်သွားတော့...တခြားလူတွေကို ဘာမှပြောဖို့မလိုဘူး...ငါက ဒီကိစ္စကိုဖြေရှင်းဖို့အတွက် သတ္တမမြောက်လရဲ့ဆယ့်ငါးရက်နေ့မှာ မြေအောက်လောကကို လာခဲ့မယ်"

ပဉ္စမဘုရင်သည် သူ၏ပုခုံးထက်ရှိ လေးလံသောဝန်ထုပ်ကြီး ပျောက်ကွယ်သွားသည့်အလား ခံစားမိလေ၏။ဤသည်မှာ သူသည် ကျိုးမိသားစုဘိုးဘေးကဲ့သို့ သေဆုံးရန်မလိုအပ်ဟု ဆိုလိုခြင်းပင်။

"သတ္တမမြောက်လရဲ့ ဆယ့်ငါးရက်မြောက်နေ့မှာ ဧကရာဇ်ရဲ့ကြွချီလာမှုကို ဒီငယ်သားက စောင့်ကြိုနေပါ့မယ်"

ပဉ္စမဘုရင်သည် လုယွီကို အကြိမ်ရေအနည်းငယ်ခန့် ဦးတိုက်အရိုအသေပြုပြီးနောက် လေဟာနယ်အက်ကွဲကြောင်းမှတဆင့် သူ၏ယင်စစ်သားများနှင့်အတူ ထွက်ခွာသွားတော့သည်။

ပတ်ဝန်းကျင်ရှိ ယင်ချီမြူခိုးများပျက်ပြယ်သွားချိန်၌ မရေမတွက်နိုင်သောမျက်လုံးအကြည်များသည် လုယွီပေါ်သို့ ကျရောက်လာပေ၏။

ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံအတွင်းရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ပျက်ပြယ်သွားပြီဖြစ်ကာ လုယွီ၏မူလပုံပန်းသွင်ပြင် ပေါ်လွင်နေသည်။

သို့ရာတွင် မိုးကောင်းကင်ယံ၌ တိမ်မည်းများလွှမ်းခြုံနေဆဲဖြစ်ကာ မင်ကဲ့သို့ မည်းမှောင်နေသည်။

ကျိုးမိသားစုဘိုးဘေး၏အလောင်းသည် မိုးကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျလာသဖြင့် မြေပြင်ပေါ်၌ ကြီးမားသောကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေ၏။

မျိုးဆက်တခု၏ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့နည်းဖြင့် ကြွေလွင့်သွားလေပြီ။

"ဘိုးဘေး..."

ကျိုးမိသားစုဝင်များအားလုံး ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုယိုလိုက်ကြသည်။

သူတို့အတွက် ကျိုးမိသားစုဘိုးဘေးသည် သူတို့၏ကျောထောက်နောက်ခံဖြစ်ပြီး ကျိုးမိသားစုတစ်ခုလုံး၏ အခြေခံအုတ်မြစ်ပင်။

သူသည် တာအိုသခင်တစ်ယောက်ပင်။မည်သည်ကြောင့် သူသည် လုယွီ၏လက်အတွင်း၌ ဤကဲ့သို့ သေဆုံးသွားရသနည်း။

ကြီးကျယ်ခမ်းနားသော မြေအောက်လောကစစ်တပ်ကြီးသည်လည်း ပျောက်ကွယ်သွားကာ သူတို့သည် လုယွီ၏အနိုင်ယူမှုကို ခံခဲ့ရသည့်အလားပင်

"အရှုံးပေးဖို့ငြင်းဆန်တဲ့ ဘယ်သူမဆို သေရမယ်"

လုယွီ၏အသံသည် ဝေ့ယန်မြို့၏အထက်ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားပေ၏။

ကျိုးမိသားစု ပြိုလဲသွားလေပြီ။

ကျိုးမိသားစုဝင်များအနက်မှ တချို့သည် ဤအချိန်အခိုက်အတန့်၌ ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။အတိတ်တွင် ကျိုးမိသားစုကို ကာကွယ်စောင့်ရှောက်ခဲ့သော ဧည့်အကြီးအကဲများသည်လည်း သူတို့၏ကိုယ်ပိုင်လွတ်လမ်းများကို ရှာဖွေကြလေ၏။

ချီအင်ပါယာ၏တော်ဝင်နန်းတွင်းသည်လည်း ဖရိုဖရဲဖြစ်နေသည်။မိန်းမစိုးများနှင့်အစေခံအမြောက်အများသည် လှည့်ပတ်ပြေးလွှားနေကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေကြသည်။

"တိုက်ခိုက်တာကို ရပ်လိုက်ကြတော့...ငါတို့ အရှုံးပေးတယ်"

"မင်းတို့ အမြန်ဆုံးလက်နက်ချစမ်း...တိုက်ခိုက်နေတာကို ရပ်လိုက်တော့...မင်းတို့က ငါ့ကို သေစေချင်တာလား"

ချီအင်ပါယာ၏ အရာရှိအမြောက်အများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေပေ၏။သူတို့သည် သူတို့၏လက်အောက်ငယ်သားများကို လက်နက်ချရန်အမိန့်ပေးပြီး ပုန်းကွယ်နဂါးစစ်တပ်ထံ၌ အညံ့ခံလိုက်ကြတော့သည်။

ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်လျင်မြန်စွာလှုပ်ရှားခဲ့ကာ မကြာမီမှာပင် မြို့၏အရေးပါသောနေရာများအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

နွေဦးဆောင်းဦးနှစ်သစ်၏ ဆယ့်နှစ်လမြောက် နှစ်ဆယ့်သုံးရက်နေ့တွင် ချီအင်ပါယာ ပျက်စီးသွားလေပြီ။

Chapter 4498

"အဆုံးသတ်ကျတော့ ချီအင်ပါယာ ပျက်စီးသွားခဲ့ပြီ"

"ချီအင်ပါယာကို တည်ထောင်ခဲ့တာ အချိန်တစ်နှစ်တောင် မ​ပြည့်သေးဘူး...ခုလိုမျိုးဆိုးရွားတဲ့အခြေအနေနဲ့ အဆုံးသတ်သွားခဲ့တယ်...ဒီကိစ္စကြောင့် ကောင်းကင်ဘုံနယ်မြေရဲ့ဖရိုဖရဲကိစ္စတွေ အဆုံးသတ်သွားမှာတော့ မဟုတ်ဘူး"

"ချီအင်ပါယာက လုယွီရဲ့ခြေနင်းကျောက်တုံးတစ်တုံး ဖြစ်သွားခဲ့ပြီ...သူက တာအိုသခင်တစ်ယောက်ကို အနိုင်ယူပြီးတော့ အင်ပါယာတစ်ခုကို ဖျက်ဆီးခဲ့တယ်...နောင်အနာဂတ်ကျရင် လုယွီက ကောင်းကင်ဘုံနယ်မြေထဲမှာ ထင်ရှားကျော်ကြားလာတော့မယ်"

နံဘေးမှစောင့်ကြည့်နေသူများအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။လုယွီကိုကြည့်သော သူတို့၏အမြင်များ ပြောင်းလဲသွားလေပြီ။

ဤတိုက်ပွဲအဆုံးသတ်သွားချိန်တွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများအနက်မှ တစ်ယောက်ဟူသော အခြေခံအုတ်မြစ်ကို ရရှိသွားလေပြီ။သူသည်ကိုယ်ပိုင်နယ်မြေတစ်ခုကို တည်ထောင်နိုင်သော အစွမ်းထက်သည့် စွမ်းအားကိုပိုင်ဆိုင်သူဟု ယူဆနိုင်သည်။

....

ပြင်ပရှိ အုတ်အော်သောင်းနင်းနိုင်မှုများနှင့်နှိုင်းယှဉ်ပါက ချီအင်ပါယာ၏တော်ဝင်နန်းတွင်းတွင် သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

မိဖုရားကြီးချီ၏အလောင်းသည် အိမ်တစ်အိမ်၏ထုတ်တန်းမှနေ၍ တွဲလောင်းကျနေကာသုံးပေခန့်ရှည်လျားသော အဖြူရောင်ပိုးစသည် သူမ၏နောက်ဆုံးကံကြမ္မာပင်။

ထိုအလောင်း၏ရှေ့တွင် ချီအင်ပါယာ၏တော်ဝင်မိသားစုဝင်များ ဒူးထောက်နေကြ၏။

သူတို့သည် ချီဘုရင်ကျိုးထုံ၏မိသားစုဝင်များမဟုတ်ဘဲ ကျိုးမိသားစုဝင်များပင်။သူတို့သည် ကျိုးထုံကို ကျိုးမိသားစုအတွင်းသို့ ဝင်ရောက်စေခဲ့သော်လည်း ကျိုးမိသားစု၏တော်ဝင်သွေးမျိုးဆက်သည် သူတို့၏ခန္ဓာကိုယ်များအတွင်း၌ စီးဆင်းနေသည်။

"တကယ်လို့ ငါတို့ ဒီကိစ္စကိုမလုပ်ခဲ့ရင် ငါတို့တွေက ကျိုးတော်ဝင်မိသားစုအဖြစ် ဆက်ပြီးရှိနေနိုင်မှာပဲ"

"အတိတ်မှာတုန်းက ငါတို့တွေ ပုန်ကန်မှုကို မလုပ်ခဲ့သင့်ဘူး...ဘာလို့ ငါတို့က ခုလိုမျိုး အဆုံးသတ်ရတာလဲ"

မရေမတွက်နိုင်သောလူများသည် မလိုလားသောအမူအယာများဖြင့် ငိုကြွေးမြည်တမ်းနေကြ၏။

သူတို့သည် ဤကိစ္စအတွက် နောင်တရနေကာ ဒေါသထွက်ပြီး ကူကယ်ရာမဲ့ဖြစ်နေကြသည်။

အတိတ်တွင် သူတို့၏ချမ်းသာကြွယ်ဝခဲ့မှုများအားလုံးသည် လွင့်မျောသွားသောတိမ်စိုင်များအလား မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားလေပြီ။

"တကယ်လို့ ငါတို့ သေသွားရင်တောင် ငါတို့က အတိတ်ရဲ့တော်ဝင်မိသားစုအနေနဲ့ ဆက်ပြီးရှိနေမှာပဲ....ဘာလို့ ငါတို့က ငိုရမှာလဲ"

လူအုပ်အကြားတွင်ရှိနေသော ကျိုးမိသားစုအကြီးအကဲတစ်ယောက်က ဒေါသတကြီးအော်ငေါက်လိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် ထိုအကြီးအကဲသည် သူ၏ဓားကိုမြှောက်ကာ သူ့၏လည်ပင်းကိုဖြတ်လိုက်၏။

သွေးများမြေပြင်ပေါ်သို့ ဖြာကျသွားကာ ဆယ်နှင့်ချီသော ကျိုးမိသားစုဝင်များနှင့်အစေခံအမြောက်အများ သူတို့ကိုယ်သူတို့ သေကြောင်းကြံစည်လိုက်ကြသည်။

ကျိုးမိသားစုဝင်များအနက်မှ တစ်ယောက်သည်ထိတ်လန့်ကြောက်ရွံသွားကာ ထွက်ပြေးရန်အတွက် နောက်သို့လှည့်လိုက်ကြသည်။သို့ရာတွင် သူတို့ အဝေးသို့ မရောက်သေးမီမှာပင် အမှောင်ထုအတွင်းမှနေ၍ ဓားတစ်လက်ထွက်လာကာ သူတို့အားလုံး သတ်ဖြတ်ခြင်းခံလိုက်ရသည်။

အမှောင်ထုအတွင်းမှာနေ၍ အနက်ရောင်သံချပ်ကာဝတ် စစ်သားတစ်စု ထွက်ပေါ်လာသည်။

ထိုအနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် သွေးအိုင်များထံသို့လျှောက်လှမ်းလာကာ အလောင်းများကိုလှန်ပြီး သူတို့၏ပုံပန်းသွင်ပြင်များကို စစ်ဆေးလိုက်ကြ၏။

"ကျိုးရှင်းချန်....အသက်၃၂နှစ်..."

နံဘေးတစ်ဖက်တွင်ရှိနေသော စာရေးတစ်ယောက်က သေဆုံးသွားသောလူများကို မှတ်တမ်းယူနေသည်။

ထိုမှတ်တမ်းများအားလုံး ပြီးဆုံးသွားချိန်၌ စာရေးက ရုတ်တရက် အံ့အားတသင့်ပြောဆိုသည်။

"ချီအိမ်ရှေ့စံမင်းသား ကျိုးယွမ်မြောင်...သူ့ကို ဒီနေရာမှာ မတွေ့ဘူး"

အနက်ရောင်သံချပ်ကာဝတ်စစ်သားများကို ဦးဆောင်လာသော စစ်ဗိုလ်ချုပ်၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။

"ဆက်ပြီးတော့ စစ်ဆေးကြစမ်း...တကယ်လို့ မင်းတို့က မြေအောက်သုံးပေအထိ တူးထုတ်ရမယ်ဆိုရင်တောင် အဲ့ဒီကောင်ကို ရအောင်ရှာရမယ်"

"ဟုတ်ကဲ့..."

....

တိုက်ပွဲကြီးအဆုံးသတ်သွားပြီးနောက်...

မူလက ကြီးကျယ်ခမ်းနားသော ချီတော်ဝင်နန်းတော်သည် အပျက်အစီးများအဖြစ်သို့ ရောက်ရှိသွားလေပြီ။

လေထုအတွင်း၌ မီးခိုးငွေ့များနှင့်ဖုန်မှုန့်များ မျောလွင့်နေကာ ကျိုးပဲ့သွားသောနံရံများနှင့် အဆောက်အအုံများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်ပေ၏။

လုချင်းရှန့်နှင့်တခြားလူများသည် နောက်ဆက်တွဲကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေစဉ်၌ လုယွီက နျူနျူထံသို့ ချက်ချင်းသွားလိုက်သည်။

လန်ဝူရှင်းသည် နျူနျူ၏မျက်နှာပေါ်ရှိ ဖုန်မှုန့်များကို သုတ်ပေးပြီးနောက် သူမအား ဝေ့ယန်မြို့အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်ထံသို့ ခေါ်ဆောင်သွားကာ ဟင်းလျာများကို စားပွဲအပြည့်မှာလိုက်သည်။

ကလေးမလေးနျူနျူသည် အလွန်အမင်းဆာလောင်နေပေ၏။သူမသည် သူမ၏လက်အတွင်းရှိ ဆန်ပြုတ်ပန်းကန်ကိုကိုင်ကာ အဆက်မပြတ်သောက်နေသည်။

"အစ်ကိုကြီး..."

နျူနျူသည် လုယွီကိုမြင်တွေ့ချိန်တွင် ထိုင်ခုံပေါ်မှ အလျှင်အမြန်ခုန်ဆင်းကာ လုယွီ၏နံဘေးသို့ လျှောက်လှမ်းသွားပြီး ပွေ့ဖက်လိုက်သည်။

လုယွီသည် ရှက်ရွံမှုများပြည့်နှက်နေသောမျက်နှာဖြင့် နျူနျူကို ချီလိုက်သည်။ထို့နောက် သူသည် သူမ၏ခေါင်းငယ်လေးကိုပုတ်ကာပြောဆိုသည်။

"ငါက မင်းကို ထိခိုက်နာကျင့်စေခဲ့မိပြီ"

နျုနျူက သူမ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။

"နျူနျူက ကလေးကြီးတစ်ယောက် ဖြစ်နေပြီ...နျုနျူက အရမ်းသန်မာတယ်"

ထိုစကားကိုကြားချိန်တွင် လုယွီသည် ကြေကွဲဝမ်းနည်းမှုကို ထပ်မံ၍ခံစားရလေ၏။

သူသည် သူ၏မိသားစုကို ကောင်းမွန်သောဘဝတစ်ခုပေးမည်ဟု ကျိန်ဆိုခဲ့သော်လည်း ယခုအချိန်၌ သူ၏မိသားစုသည် သူ့ကြောင့် ထိခိုက်နာကျင်ခဲ့လေပြီ။

နံဘေးတဖက်တွင်ရှိနေသော လန်ဝူရှင်းက ပြောဆိုသည်။

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ တော်ဝင်စုံစမ်းရေးမှူးလျှူယွမ်ချန်းနဲ့ အုပ်ချုပ်ရေးရုံးတော်ထဲမှာရှိတဲ့ အရာရှိတွေအားလုံးကို အကျဉ်းထောင်ထဲမှာ ဖမ်းထားတယ်...အဲ့ဒီအကျဉ်းထောင်ရဲ့ထောင်စောင့်က ခွေးမသားတစ်ကောင်ပဲ...သူ့ကို ငါ သတ်ခဲ့ပြီးပြီ...ဒါပေမဲ့ ကံကောင်းချင်တော့ တခြားလူတွေကလည်း နျုနျူကို စောင့်ရှောက်ခဲ့တာကြောင့် ကလေးမလေးက ဆိုးဆိုးရွားရွားမခံစားခဲ့ရဘူး"

"လျှူယွမ်ချန်း...သူက ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပဲ"

လုယွီက ခေါင်းညိတ်ပြပြီးနောက် လန်ဝူရှင်း၏နဖူးကို သာမန်ကာလျှံကာတို့ထိလိုက်သည်။

Chapter 4499

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်ချီစွမ်းအားများသည် လုယွီ၏အမိန့်ကိုနာခံသော စစ်သားတစ်စုအလား လန်ဝူရှင်း၏ခန္ဓာကိုယ်ပေါ်၌ စုဝေးလာကြသည်။

ရုတ်ချည်းဆိုသလိုပင် လန်ဝူရှင်း၏ခန္ဓာကိုယ်အတွင်း၌ ကျယ်လောင်သောတုန်ခါသံကြီးတစ်သံ မြည်ဟီးသွားသည်။

လန်ဝူရှင်း၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူ့၏မရီဒါန်းများအားလုံးကို ဆုတ်ဖြဲခံနေရသည့်အလား သူ ခံစားမိလေ၏။

သူသည် ပလ္လင်ခွေထိုင်ကာ သူ၏ကိုယ်ပိုင်မှော်စွမ်းအားများကို စတင်၍လှည့်ပတ်ပြီး သူ့၏ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာသည့် ပြင်းထန်သောစွမ်းအားများကို ​ချေဖျက်နိုင်ရန် ကြိုးစားလိုက်သည်။

အမှန်အားဖြင့် လုယွီသည် သူ့အား ထိခိုက်နာကျင်အောင်လုပ်မည်ဟု လန်ဝူရှင်းက တွေးတောမိခြင်းမရှိချေ။

သူသည် ချီတော်ဝင်နန်းတွင်း၏အနက်ပိုင်းသို့ ခိုးဝင်ကာ နျူနျူကိုကယ်တင်ရန်အတွက် သူ၏အသက်ဖြင့် စွန့်စားခဲ့သည်။

ဤသည်မှာ ကြီးမားသောအကျိုးဆောင်မှုကြီးဖြစ်သဖြင့် လုယွီသည် သူ့ကိုဆုလာဘ်ချီးမြှင့်သည်မှာ သဘာဝကျပေ၏။

လုယွီသည် သိုင်းပညာအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် သူ၏စကားတစ်ခွန်းတည်းဖြင့် အရာရာတိုင်းကို ဆုံးဖြတ်နိုင်သည်။

အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော စိတ်ဝိညာဉ်ချီစွမ်းအားများ လန်ဝူရှင်းထံဦးတည်၍ စုဝေးလာသည်။သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့်အရိုးများမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာပေ၏။

သူ၏ကြွက်သားနှင့်အရိုးများ တောက်ပနေကာသူ၏မရီဒါန်းများသည် ပိုးချည်များအလားပင်။

သူ၏နဖူးထက်၌ တောက်ပသောအလင်းတန်းများ စုဝေးလာကာ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို တခြားလူများမြင်တွေ့နိုင်ရန် အလွန်ခက်ခဲသည်။

လန်ဝူရှင်း၏မျက်နှာအမူအယာ သိသိသာသာပြောင်းလဲသွားသည်။သူ၏ကျင့်ကြံဆင့် တိုးတက်လာရုံသာမက သူ့စိတ်ဝိညာဥ်၏ကျင့်ကြံဆင့်သည်လည်း ရူးလောက်ဖွယ်ကျင့်ကြံဆင့်ချိုးဖျက်မှုကို ရင်ဆိုင်နေရကြောင်း နားလည်သဘောပေါက်သွားသည်။

ဤသည်မှာ သူ၏မျှော်လင့်ချက်ထက် များစွာပို၍ ကျော်လွန်နေလေပြီ။

လုယွီသည် ယခင်က သူ့ကို ကူညီခဲ့သည့်တိုင်ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်ပေးရုံသာ တတ်နိုင်ခဲ့သည်။သို့ရာတွင် သူ့အတွက် ကျင့်ကြံဆင့်တစ်ဆင့် မြင့်တက်လာရန်မှာ အလွန်ခက်ခဲနေဆဲပင်။

လန်ဝူရှင်းသည် ယခုအချိန်၌ ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၌ရှိနေကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အလွန်ခက်ခဲနေပေ၏။

ရွှယ်အင်မော်တယ်နယ်ပယ်နှင့် နယ်မြေသခင်နယ်ပယ်အကြားရှိ ကွဲပြားခြားနားမှုသည် မိုးနှင့်မြေတမျှပင်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရွှယ်အင်မော်တယ်နယ်ပယ်၌ လှောင်ပိတ်မိနေကာ သူတို့၏ဘဝတစ်လျှောက်လုံးတွင် နောက်ဆုံးခြေတစ်လှမ်းကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

လန်ဝူရှင်းသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံပါရမီရှင်တစ်ယောက်ပင်။အတိတ်တွင် လက်ဝဲစစ်တပ်နယ်မြေသို့ လုယွီ ရောက်ရှိမလာခင်အချိန်၌ သူ့၏နာမည်ကို ထင်ပေါ်ကျော်ကြားအောင် လုပ်ဆောင်ပြီးဖြစ်သည်။

လက်ဝဲစစ်တပ်နယ်မြေ၏ ထိပ်သီးအင်အားစုကြီးသုံးစုအနက်မှတစ်စုဖြစ်သော အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်လန်ဝူရှင်းသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့သူပင်။သူသည် သူနှင့်မျိုးဆက်တူလူငယ်အမြောက်အများထက် သာလွန်ခဲ့သည်။

လုယွီသည် လန်ဝူရှင်းကို ကျင့်ကြံဆင့်စွမ်းအားသက်သက် မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ထားခြင်းမဟုတ်ချေ။

သူသည် လန်ဝူရှင်းကို နယ်မြေသခင်နယ်ပယ်သို့ တိုက်ရိုက်မြှင့်တင်ပေးလိုခြင်းပင်။

လန်ဝူရှင်း၏နှလုံးခုန်နှုန်း အလွန်အမင်းလျှင်မြန်နေသည်။ဤသည်မှာ အလွန်အမင်းကြီးမားသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

ချမ်းသာကြွယ်ဝမှုများသည် အန္တရာယ်မှလာခြင်းပင်။သူသည် အသက်ဖြင့်ရင်း၍စွန့်စားကာ လုယွီ၏မိသားစုကို ကယ်တင်ခဲ့သဖြင့် နောက်ဆုံး၌ ဆုလာဘ်ကို ရရှိခဲ့လေပြီ။

ထူထပ်သိပ်သည်းသော မှော်စွမ်းအားများသည် လန်ဝူရှင်း၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ ဝင်ရောက်သွားကာ သူ၏ကြွက်သားများနှင့်အရိုးများကို ထပ်ခါတလဲလဲ ဆေးကြောသန့်စင်နေသည်။

ဤကဲ့သို့နာကျင်မှုမျိုးကို သာမန်လူများ တောင့်ခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် ဤအဆင့်ထိကျင့်ကြံပြီးသော မည်သည့်ကျင့်ကြံသူမဆို ခိုင်မာသောစိတ်ဆန္ဒရှိသည်။ထို့ကြောင့် သူတို့သည် ဤကဲ့သို့နာကျင်မှုမျိုးကို တောင့်ခံနိုင်စွမ်းရှိပေ၏။

ဤအချိန်အခိုက်အတန့်တွင် ထူးဆန်းသောပုံရိပ်ယောင်ကြီးသည် စားသောက်ဆိုင်၏အမိုးကိုဖောက်ထွက်ပြီး လေထုအတွင်းသို့ မြင့်တက်သွားသည်။

ဝေါင်း...

လေဟာနယ်အတွင်း၌ ဧရာမနတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

ဤသည်မှာ အထွတ်အထိပ်ဂိုဏ်းမှ ဝတ်ပြုကိုးကွယ်သော ရှေးဟောင်း အရူးနတ်ဆိုးနတ်ဘုရားပင်။ဤနတ်ဆိုးနတ်ဘုရားဆင်းသက်လာသော ကျင့်ကြံနည်းစနစ်များအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ပေ၏။

လန်ဝူရှင်းသည် လေထုအတွင်းသို့ ပျံသန်းသွားကာ လေဟာနယ်အတွင်းသို့ ခြေချလိုက်၏။

သူ၏ကျင့်ကြံဆင့်ချိုးဖျက်မှုအရှိန်အဟုန်သည် အလွန်ကြီးမားသဖြင့် ဝေ့ယန်မြို့အတွင်းရှိ လူအမြောက်အများသည် ဤကျင့်ကြံဆင့်ချိုးဖျက်မှုကို အာရုံစူးစိုက်၍ကြည့်နေကြသည်။

"တစ်ယောက်ယောက်က ကျင့်ကြံဆင့်ချိုးဖျက်နေပြီ"

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အရှိန်အဟုန်လဲ....ဒါက အနည်းဆုံးတော့ နယ်မြေသခင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နေတာပဲဖြစ်မယ်"

"ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ဆင်းသက်လာတော့မယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ...ဝေ့ယန်မြို့ထဲမှာ နယ်မြေသခင်နယ်ပယ်ကို ချိုးဖျက်နိုင်တဲ့ လူတစ်ယောက် ထွက်ပေါ်မလာတာ ဘယ်လောက်တောင် ကြာနေပြီလဲ"

"ငါ သူ့ကို သိတယ်....သူက အထွတ်အထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ် လန်ဝူရှင်းပဲ....သူက ပုန်းကွယ်နဂါးစစ်တပ်နဲ့ ပူးပေါင်းပြီးပြီ...ဘာလို့ သူက ရုတ်တရက်ကြီး ကျင့်ကြံဆင့်ချိုးဖျက်တာလဲ"

လူအများသည် အုတ်အော်သောင်းနင်းဖြစ်သွားကာ အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြ၏။

ယေဘူယျကျကျပြောဆိုရလျှင် နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်မှုသည် အလွန်အမင်းအရေးကြီးသည်။တစ်စုံတစ်ယောက်သည် ဤကိစ္စအတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာကိုရှာဖွေကာ တခြားလူများမှ သူ၏ကျင့်ကြံဆင့်ချိုးဖျက်မှုကို အနောက်အယှက်မပေးနိုင်စေရန် တားဆီးဟန့်တားကြသည်။

ဘုန်း....

မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများပြည့်နှက်သွားကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ စုဝေးနေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ဆင်းသက်လာသည်။ထိုအရာသည် လျှပ်စီး​တန်းများနှင့်အတူယှဉ်တွဲကာ လန်ဝူရှင်းထံဦးတည်၍ ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။

Chapter 4500

ဝုန်း....

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် မိုးကောင်းကင်ယံကိုဆုတ်ဖြဲပြီး ဆင်းသက်လာကာ လန်ဝူရှင်း၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။

ဤအသံသည် အလွန်ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသဖြင့် ဝေ့ယန်မြို့အတွင်းတွင်ရှိသော မည်သူတစ်ဦးတစ်ယောက်မဆို ကြားနိုင်သည်။

လန်ဝူရှင်းသည် ဤစွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိပေ။သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ ဒဏ်ရာအပြင်းအထန်ရရှိသွားပေ၏။

"ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို အတင်းအကြပ်ရင်ဆိုင်တာက အရမ်းအန္တရာယ်များတယ်"

"တကယ်လို့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ဆိုရင် ဒီလောကကြီးထဲမှာ ဘာလို့ နှစ်စဉ်နှစ်တိုင်း လူတွေအများကြီး သေနေတော့မှာလဲ...ဖြစ်နိုင်တာတော့ သူက ကျင့်ကြံရင်းနဲ့ ရူးသွပ်သွားတာများလား...သူက အခုလိုအချိန်မျိုးမှာ ကျင့်ကြံဆင့်ချိုးဖျက်ဖို့ ရွေးချယ်ခဲ့တယ်"

မြို့အတွင်း၌ ပုန်းအောင်းနေသော လူအများ၏မျက်လုံးအကြည့်များအနက် တချို့သည် အေးစက်တင်းမာနေပြီး တချို့လူများသည် စာနာသနားနေကြ၏။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှ ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ခြင်းနှင့် ရွှယ်အင်မော်တယ်နယ်​ပယ်မှ နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ခြင်းတို့တွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရသည်။

ဤသည်မှာ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ ဆင်းသက်လာသည့် မိုးနှင့်မြေ၏ဥပဒေသပင်။

ကျင့်ကြံဆင့်နယ်ပယ်မြှင့်တင်ခြင်းသည် ကောင်းကင်ဘုံ၏ကံကြမ္မာကို လုယက်ခြင်းပင်။ ဤသည်မှာ တစ်စုံတစ်ယောက်သည် လောကကြီးအတွင်းရှိ ဥပဒေသမှစွမ်းအားများကို ခိုးယူပြီး သူ၏ကိုယ်ပိုင်အသုံးပြုခြင်းနှင့် တူညီသည်။

ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်သည် သတ်မှတ်ထားသောအဆင့်တစ်ခုထိ ကြီးပြင်းလာပါက လောကကြီးအတွင်းမှ မိုးမြေ၏ဥပဒေသသည် အပြစ်ဒဏ်ပေးသည့်အနေဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုစေလွှတ်၍ ထိုလူအား ဖျက်ဆီးစေသည်။

ကျင့်ကြံသူအများစုသည် သူတို့၏ကျင့်ကြံဆင့်စွမ်းအားများကို ဖိနှိပ်၍ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ ကျင့်ကြံဆင့်ချိုးဖျက်ခြင်းမပြုရန် ရွေးချယ်ကြသည်။အကြောင်းအရင်းမှာ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက်မရှိသောကြောင့်ပင်။

"ဒါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးရဲ့ ပထမအဆင့်ပဲရှိသေးတယ်...ဒါပေမဲ့ သူက ဒီလိုအခြေအနေမျိုးကို ရောက်နေပြီ...ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှာ သူ ကျရှုံးသွားမှာကို ငါ စိုးရိမ်မိတယ်"

တစ်စုံတစ်ယောက်သည် သူ၏ခေါင်းကိုမော့ကြည့်ပြီးနောက် သက်ပြင်းရှိုက်လိုက်သည်။သူသည် လန်ဝူရှင်းအပေါ်တွင် အထင်ကြီးခြင်းမရှိချေ။

အဆုံးသတ်၌ လန်ဝူရှင်း၏အသက်သည် အလွန်ငယ်ရွယ်သဖြင့် သူ့ထံ၌ ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ် ရှိမည်မဟုတ်ချေ။

မိုးကောင်းကင်ယံမှနေ၍ လျှပ်စီးမိုးကြိုးများသည် ရေတံခွန်တစ်ခုအလား ကျဆင်းနေပေ၏။

မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများသည် ရက်စက်ကြမ်းကြုတ်သော လျှပ်စီးမိုးကြိုးစပါးကြီးမြွေများအလား ဟိန်းဟောက်ကာ လန်ဝူရှင်းထံဦးတည်၍ တိုးဝင်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ထိုလျှပ်စီးမိုးကြိုးများသည် လန်ဝူရှင်းအား လုံးလုံးလျားလျားဝါးမြိုရန် ကြံရွယ်နေပေ၏။

"ဒုတိယအဆင့် ကပ်ဘေးမိုးကြိုး ဆင်းသက်လာပြီ"

တစ်စုံတစ်ယောက်၏မျက်လုံးများ တောက်ပသွားသည်။

ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် ပထမတစ်ကြိမ်ထက် ပို၍အားကောင်းပေ၏။မိုးကောင်းကင်ယံအတွင်း၌ တောက်ပသောအလင်းတန်းများဖြင့် ပြည့်နှက်နေကာ မြင့်မြတ်သောအရှိန်အဝါများကြောင့် လူအများအား မူးဝေမှုကို ခံစားရစေသည်။

လန်ဝူရှင်း၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။

သူသည် ကျယ်လောင်စွာအော်ဟစ်ကာ သူ၏ကျင့်ကြံနည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်သည်။သူ့ထံ၌ အရူးနတ်ဆိုး၏ အလွန်အမင်းရက်စက်ကြမ်းကြုတ်သော ကျင့်ကြံနည်းစနစ်များကို ပိုင်ဆိုင်ထားပေ၏။

လန်ဝူရှင်းက သူ၏ဆေးဘာဓားကို ဆင့်ခေါ်ပြီး လေထုအတွင်းသို့ မြှောက်လိုက်သည်။သူ၏ဆေဘာဓားစိတ်ဆန္ဒသည် လေထုအတွင်းသို့ မြင့်တက်သွားကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုဦးတည်ပြီး ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်၏။

"ဒါက...."

ဤနေရာကိုစောင့်ကြည့်နေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး ကြက်သေသေသွားသည်။

ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရာ၌ ဝင်္ကပါတစ်ခုကိုတည်ဆောက်ကာ အကာအကွယ်မှော်ရတနာအမြောက်အများကို ပြင်ဆင်ပြီး ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ကောင်းချီးပေးမှုကို ရယူရန် ရွေးချယ်ကြသည်။

ရုပ်ခန္ဓာကိုယ်ကျင့်ကြံသော ကျင့်ကြံသူတချို့ကသာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ထိပ်တိုက်ရင်ဆိုင်ပြီး သူတို့၏ရုပ်ခန္ဓာကိုယ်များကိုထိန်းညှိကာ ပို၍အားကောင်းလာစေရန်ရွေးချယ်ကြပေ၏။

သို့ရာတွင် လန်ဝူရှင်းကဲ့သို့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို သူ၏ဆေဘာဓားဖြင့် ခုတ်ပိုင်းသော ကျင့်ကြံသူတစ်ယောက်ကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

ဤသည်မှာ ကောင်းကင်ဘုံကို ရန်စစော်ကားခြင်းပင်။

မိုးကောင်းကင်ယံမှနေ၍ ဒေါသတကြီးဟိန်းဟောက်သံများ ထွက်ပေါ်လာကာ တိမ်မည်းများ တလိမ့်လိမ့်ထနေသည်။ဤသည်မှာ မိုးကောင်းကင်ယံကြီး အချိန်မရွေး ပြိုကျလာတော့မည့်အလားပင်။

စားသောက်ဆိုင်အတွင်း၌ရှိနေသော ကျင့်ကြံသူများအားလုံး ပြေးထွက်လာကြကာ ဤကပ်ဘေးမိုးကြိုးများ၏ သက်ရောက်ခြင်းခံရမည်အား စိုးရိမ်ထိတ်လန့်နေကြသည်။

လုယွီက ဆိုင်ရှင်ကိုခေါ်ကာ ငွေလက်မှတ်တစ်ခုကိုထုတ်ပေးပြီး တည်ငြိမ်စွာပြောဆိုသည်။

"ဒါကို လျော်ကြေးလို့ ယူဆနိုင်တယ်...တကယ်လို့ ဒီငွေက မလုံလောက်ဘူးဆိုရင် မင်းက ပုန်းကွယ်နဂါးစစ်တပ်ကနေ တောင်းလို့ရတယ်"

"ဒါက လုံလောက်တယ်...လုံလောက်ပါတယ်...အရှင့်ကို ကျေးဇူးတင်ပါတယ်"

ငွေလက်မှတ်ကိုမြင်တွေ့ချိန်၌ စားသောက်ဆိုင်ပိုင်ရှင်သည် ပျော်ရွှင်သွားကာ လုယွီကို ထပ်ခါတလဲလဲဦးညွှတ်အရိုအသေပြုလိုက်သည်။

နျူနျူက လုယွီ၏နားနှစ်ဖက်ကိုဖုံးအုပ်ပြီး တီးတိုးပြောဆိုသည်။

"အစ်ကိုကြီး...အဲ့ဒီမိုးကြိုးတွေကို မကြောက်ဘူးလား"

လုယွီက ပြုံးကာ နျုနျူ၏ပါးကို ညှစ်လိုက်သည်။သို့ရာတွင် သူ၏မျက်လုံးအကြည့်သည် လေထုအတွင်းသို့ ကျရောက်နေပေ၏။

သူသည် လန်ဝူရှင်းကို နယ်မြေသခင်နယ်ပယ်သို့တက်လှမ်းကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်နိုင်ရန် ကူညီပေးခဲ့သည်။

ယခုအချိန်၌ လန်ဝူရှင်းသည် ဤအခွင့်အရေးကိုဆုပ်ကိုင်နိုင်မည် မဆုပ်ကိုင်နိုင်မည်မှာ သူ့အပေါ်တွင်သာ မူတည်သည်။

ပတ်ဝန်းကျင်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ပို၍ပို၍စုဝေးလာသည်။

လန်ဝူရှင်းသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ခုတ်ပိုင်းပြီးနောက် ပို၍အစွမ်းထက်လာကာ သူသည် နတ်ဘုရားတစ်ပါး၏ကူညီထောက်ပံ့မှုကို ရရှိလိုက်သည့်အလားပင်။

ဘုန်း...ဘုန်း...ဘုန်း...

ကြိမ်ဖန်များစွာတိုက်ခိုက်ပြီးနောက် လန်ဝူရှင်းသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ မိုးကောင်းကင်ယံထံဦးတည်၍ တိုးဝင်သွားသည်။

သူသည် သူ၏လက်အတွင်း၌ ဆေဘာဓားကိုဆုပ်ကိုင်ထားကာ သူ၏ဆံပင်များ ပြေလျော့ကျနေပြီး သူ၏နံဘေးပတ်လည်၌ နတ်ဆိုးဆန်သောစွမ်းအားများ စီးဆင်းနေသည်။

"သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်တွင်ရှိနေသော လူများ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

All Chapters